အပိုင်း (၁၃)
ဆေးရုံသို့ရောက်သော်….
ဆေးရုံသို့ တစ်ခါမျှမရောက်ဖူးသော သျှင်မိုးနွယ်တစ်ယောက် ဆေးရုံကြီး၏ လှုပ်ရှားမှုအဖုံဖုံကိုကြည့်ကာ ဆရာဝန်တို့၏ဘဝကို စာနာလာမိသလို။ မနက်စောစောအချိန်သာ ဖြစ်သော်လည်း ဆေးရုံကြီးသို့ လူနာများ တဖွဲဖွဲရောက်လာကာ ဆရာဝန်များ သူနာပြုများသည်လည်း မအားမလပ် လှုပ်ရှားနေကြပေ၏။
ဆေးရုံရောက်သည်နှင့် ဒေါက်တာအေးသီတာနွယ်လည်း သူနာပြုများကို မှာစရာရှိသည်များမှာရင်း ဆရာမယွန်းကို ဆေးရုံခန်းတွင်နေရာချထားရန် ပြင်ဆင်တော့၏။ ဒေါ်အေးမြတ်သစ္စာသည် ကောင်တာတွင် စာရင်းပေးဖို့ရာ ကျန်နေခဲ့ရင်း ဆရာမမြနှင့် သျှင်မိုးနွယ်သည်တော့ အခန်းထဲသို့ လိုက်သွားကာ ဒေါက်တာအေးသီတာနွယ်လုပ်သမျှ မျက်တောင်မခတ်တမ်းကြည့်နေပေ၏။
သျှင်မိုးနွယ်၏အမေသည် သူနာပြုများကို ခိုင်းလျှင်ရသားနှင့် သူကိုယ်တိုင်ပင် ဆေးထိုးပေးနေကာ ပုလင်းချိတ်ပေးသည်ကို ကြည့်ရင်း ဒေါ်မြသန္တာတစ်ယောက် အတော်ကိုပင် ကျေးဇူးတင်မိသည်ပင်။ သျှင်မိုးနွယ်သည်လည်း သူ့မေမေ၏ ကျွမ်းကျင်စွာလုပ်နေပုံကိုကြည့်ကာ ပြုံးမိသည်။ စိတ်ထဲတွင်လည်း ‘မေမေ ဆေးကုပေးနေတဲ့ပုံစံကို အခုမှပဲ မြင်ဖူးတော့တယ်။ မေမေ ဒီလိုဆေးကုပေးနေပုံကိုသာ မြင်ဖူးရင် သမီးကို ဂရုမစိုက်ပေးရကောင်းလားဆိုပြီး မေမေ့ကို စိတ်ခုမိမှာ မဟုတ်ဘူး မေမေရဲ့’ ဟု ပြောမိသည်။
စာရင်းပေးပြီး၍ ရောက်လာသော ဒေါ်အေးမြတ်သစ္စာသည်လည်း သူ့ရှေ့ရှိ အမျိုးသမီး၏ သူတပည့်ကို စေတနာပါပါ ကုသပေးနေပုံကို ကြည့်ကာ မျက်နှာမလွှဲမိ။ ထိုအမျိုးသမီး၏မျက်နှာကို သေချာကြည့်မိသော် မျက်လုံးမျက်ခုံးကောင်းလှကာ အတော်လေးကိုပင်လှ၏။ အလှတရားတို့နှင့် ပြည့်စုံလှသော အမျိုးသမီးတစ်ဦးဖြစ်ကာ ကျက်သရေရှိလှသော ဟန်ပန်အမူအရာတို့မှာ ရင်သက်ရှုမောဖွယ်ပင်။ ဤမျှလှပသူ၏သမီးဖြစ်သူသျှင်မိုးနွယ်သည်လည်း အချောအလှလေး ဖြစ်သည်မှာ မဆန်းတော့။
တစ်ဖန် သူ၏တပည့်ငယ် ယွန်းလဲ့သုန္ဒြေကို ကြည့်မိသည်ပင်။ ထိုကလေးသည် စတွေ့စဉ်ကတည်းက အမြဲတည်ငြိမ်နေကာ ပြဿနာတစ်ခုရှိလျှင် အကူအညီတောင်းရန် မတွေးဘဲ ကြိတ်ခံစားကာ ဖြေရှင်းတတ်၏။ မျက်နှာအမူအရာပြောင်းလဲမှုမှာ မရှိလုနီးနီးပင်။ အမူအရာတွင် အရိပ်တစ်ချို့ဖြတ်ပြေးသွားတတ်သော်လည်း ထိုအမူအရာမှာလဲ ဖမ်းဆုပ်၍ မရအောင်ပင် လျင်မြန်လွန်းလှသည်။
အကြည့်များက တပည့်လေးမြသန္တာဆီသို့ တစ်ဖန်ကြည့်မိပြန်တော့ သူငယ်ချင်းကို စိုးရိမ်ပူပန်နေသည့်ဟန်။ တပည့်အားလုံးတွင် ထိုကလေးနှစ်ယောက်ကို မသိလိုက်မသိဘာသာဖြင့် ပိုသံယောဇဉ်တွယ်မိသည်မှာ အမှန်။ နှစ်ယောက်စလုံး၏ တူညီသောအချက်မှာကား ပြဿနာများကို တစ်ကိုယ်တည်းပိုက်ထွေးကာ ဖြေရှင်းတတ်ခြင်း။ တစ်ယောက်က မပြောင်းမလဲ တည်ငြိမ်သော ပုံစံနှင့် ခံစားချက်ကို ဖုံးကွယ်ထားသကဲ့သို့ နောက်တစ်ယောက်မှာမူ အပြုံးကလေးများကို ပန်ဆင်ကာ သူ၏ပူပန်မှုများကို ဖုံးကွယ်တတ်၏။
ထိုကလေးနှစ်ယောက် အထူးအဖြင့် မြသန္တာလေးကို မြင်တိုင်း မြင်တိုင်းပင် လောကကြီးထဲ၌ ရှင်သန်ခွင့်မရလိုက်သော သမီးကလေးကို သတိရမိသည်။ သမီးလေးသာ အသက်ရှင်လျှင် မြနှင့် ယွန်းတို့နှင့် သက်တူရွယ်တူလောက်ပင် ရှိလိမ့်မည်ဖြစ်၏။
သို့သော် ဒေါ်အေးသီတာနွယ်၏ စကားကြောင့် သူ၏ အတွေးများ ပျက်ပြယ်သွားရ၏။
“ဒီသမီးလေးရဲ့ သွေးအမျိုးအစားကို သိကြလား”
ထိုသို့မေးလာသော် ခေါင်းခါပြလာသော လူသုံးယောက်။ သို့နှင့် ဒေါ်အေးသီတာနွယ်ကပင် သွေးအမျိုးအစားစစ်ရင်း တစ်ခါတည်း သွေးပါစစ်ရန်ပြင်ဆင်တော့၏။
မကြာသောအချိန်တွင် ဒေါ်ယွန်းလဲ့သုန္ဒြေ၏ သွေးအမျိုးအစားကို သိရ၏။ ထိုမိန်းကလေး၏ သွေးအမျိုးအစားမှာ A- ဖြစ်၏။ ရှားပါးလှသော သွေးအမျိုးအစားဖြစ်သောကြောင့် ဆေးရုံတွင်မရှိပါ။ အလှူရှင်ရှာရပေမည်။
ဒေါ်အေးသီတာနွယ်တစ်ယောက် သွေးအမျိုးအစားတူသူကို ရှာဖွေရန်ပြင်နေစဉ် သူ၏သမီးငယ်သွေးသည်လည်း ဆရာမလေးနှင့် အတူတူပင် ဖြစ်ကြောင်းသတိရသွား၏။ သို့သော် မဖြစ်သေးပါဘူးဟု ခေါင်းခါနေသည့် အချိန်တွင်ပင် သမီးဖြစ်သူသျှင်မိုးနွယ်သည် အနားသို့ရောက်လာပြီး
“မေမေ ဆရာမရဲ့ သွေးအမျိုးအစား သိရပြီလားဟင်”
“သိရပြီ သမီး” ဟုပြောကာ တုံ့ဆိုင်းနေသော မိခင်ဖြစ်သူကို ကြည့်ကာ သျှင်မိုးနွယ် တစ်ခုခုကို သဘောပေါက်သလို ပြောလိုက်မိသည်။
“ဆရာမသုန္ဒြေရဲ့ သွေးအမျိုးအစားက သမီးလို A- လားဟင်။”
“ဟင်” အံ့ဩသွားရသူမှာ ဒေါ်အေးသီတာနွယ်ပင်။
“မအံ့ဩပါနဲ့ မေမေရယ်။ သမီးက မေမေ့မျက်နှာ အရိပ်အကဲကို တကြည့်ကြည့်ကြည့်လာသူပါ။ မေ့မေ့အမူအရာကို ကြည့်ပြီး ရိပ်မိတာပေါ့။ မေမေ သမီးကို ဆေးရုံမလိုက်စေချင်တာလဲ ရိပ်မိတယ်။ အခုလဲ သွေးမလှူစေချင်ဘူးမလား။”
ဒေါ်အေးသီတာနွယ် သမီးဖြစ်သူကို ဘာမျှမပြောနိုင်စွာဖြင့် မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ နောက် သျှင်မိုးနွယ်က ဆက်ပြောလာ၏။
“သမီးလေ ငယ်ငယ်တုန်းက သူများအမေတွေ သူတို့သမီးကို ဂရုစိုက်ပေးနေတာကိုကြည့်ပြီး အားကျခဲ့ရတာ။ မေမေလဲ သမီးကို အဲလိုလေး ဂရုစိုက်ပေးရင်ကောင်းမှာပဲဆိုပြီး။ ဒါပေမဲ့ မေမေက လူနာတွေနဲ့ချည်း အလုပ်ရှုပ်နေတာ။ လူနာတွေကိုဆေးကုပေးပြီး ပင်ပန်းနေတဲ့မေမေက ဆေးရုံက ပြန်လာတာနဲ့ သမီးကို အချိန်မပေးဘဲ အိပ်ရာထဲဝင်သွားတာကို သမီး နားမလည်ခဲ့ဘူး။ အာ့ကြောင့် မေမေ့ကို စိတ်ခုမိခဲ့တယ်။ အနားက လူတွေက မေမေက သမီးကို ချစ်ပါတယ် ပင်ပန်းနေလို့ပါ သမီးရယ် လို့ပြောလဲ သမီး မေမေ့ကို နားမလည်နိုင်ခဲ့ဘူး။ ဟင့်အင်း နားမလည်ပေးချင်ခဲ့တာဆိုပိုမှန်မယ်။ ဟိုးငယ်ငယ်ကတည်းကလေ သမီးက မေမေ့ကို အရိပ်တကြည့်ကြည့် ကြည့်နေခဲ့တာ။ မေမေရဲ့ ပြောပုံဆိုပုံ အမူအရာတွေကို မျက်တောင်မခတ်တမ်းငေးခဲ့တာ။ တစ်ခါမှ မေမေအလုပ်လုပ်တဲ့နေရာကို သမီးကို လိုက်မပြဖူးဘူးနော်။ အခုမြင်လိုက်ရတဲ့အတွက် သမီးကျေနပ်တယ် မေမေရဲ့။ အခုမေမေ့ သမီးကို အချိန်မပေးနိုင်တာကို နားလည်ပေးဖို့ ကြိုးစားမှာပါ။ သမီး မေမေ့ကို အချိန်ပေးပြီး ဖုန်းမခေါ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် မေမေရယ်။ နောက်ဆို နေ့တိုင်း ဖုန်းခေါ်မယ်နော်။”
“သမီးရယ်” ဒေါ်အေးသီတာနွယ် ကြီးပြင်းလာသော သမီးဖြစ်သူကို ကြည့်ပြီး ပြုံးမိ၏။ “သမီးရယ် မေမေ့ဆီလာပါဦး။” ဟုဆိုတော့ သူ့ကို တင်းကြပ်စွာဖက်လာသော သျှင်မိုးနွယ်ဖြစ်၏။ အိပ်မပျော်၍ ထလာသော မေလင်းနွယ်သည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးမိသည်။ ညီမလေးသည်လည်း မိမိကဲ့သို့ မေမေ့ကို နားလည်ပေးနိုင်ခဲ့ပြီမဟုတ်လား။
ခဏကြာသော် သျှင်မိုးနွယ် မေမေ့ကို ဖက်ထာသည်က လွှတ်ပေးလိုက်၏။ နောက် စိတ်ဆုံးဖြတ်ချက်ချပြီးသည်နှင့် မေမေ့ကို မျက်နှာငယ်လေးနှင့် ပြောလာသည်ပင်။
“မေမေ သမီးမေမေ့ကို တစ်ခု ပြောပြချင်တာရှိတယ်။ မေမေ စိတ်မခုသွားပါနဲ့နော်။”
“ပြောပါ သမီးရဲ့။ မေမေစိတ်မခုပါဘူး။”
“မေမေ သမီးလေ…..”
သို့ရာတွင် သျှင်မိုးနွယ်တစ်ယောက် ဆက်ပြောရန် တုံ့ဆိုင်းနေမိ၏။ စိတ်ထဲတွင်လည်း အတွေးပေါင်းစုံတို့ လွန်ဆွဲနေရ၏။ ညက တစ်ညလုံး ထိုကိစ္စနှင့်သာ လွန်ဆွဲနေရသလို ကိုယ့်ကိုယ်ကိုယ်လည်း ခက်ခက်ခဲခဲလက်ခံလိုက်ရသည် မဟုတ်လား။ ယခုအချိန်တွင် သူတွေးမိသည်မှာ တတ်နိုင်သလောက် သူ့နှလုံးသားပိုင်ရှင်အမျိုးသမီးကို ဂရုစိုက်ပေးဖို့ပင်။
ဒေါ်အေးသီတာသည်လည်း သူ့သမီး ဆက်ပြောရန် တုံ့ဆိုင်းနေသည်ကို ကြည့်ကာ
“သမီး အဆင်သင့် မဖြစ်သေးရင် မပြောပါနဲ့။ ဒါပေမဲ့ တစ်ခုတော့ မမေ့လိုက်နဲ့။ မေမေ့သမီး ပျော်ရာကိုသာ လုပ်ပါ။ ဘယ်ချိန်ဖြစ်ဖြစ် မေမေသမီးဘက်မှာ ရှိနေမယ်။”
ထိုစကားကြောင့် သျှင်မိုးနွယ်တစ်ယောက် ပြုံးမိသွားရ၏။ ပြီးပါလျှင် အသာခေါင်းငြိမ့်ကာဖြင့်
“ဟုတ်ကဲ့ မေမေ”
“ကဲ သမီး သူ့ကို သွေးလှူပေးချင်နေတာမလား။ လှူလိုက်ပါ မေမေ မတားရက်ပါဘူး။ တစ်ခါမှ အိမ်ကို ဖုန်းမဆက်ဖူးတဲ့ မေမေ့သမီးလေးက တကူးတကကြီး ဖုန်းဆက် အကူအညီတောင်းလာရတဲ့သူလေးဆိုတော့လဲ တားရမှာမှ မဟုတ်တာ။”
“မေမေနော်” ဟုဆိုကာ မျက်စောင်းလေးထိုးလာပါသော သျှင်မိုးနွယ်။
“မေမေက စတာပါ သမီးရယ်။ ဆေးစစ်ပြီး သွေးလှူဖို့ ပြင်တာပေါ့ရှင်။ မေမေ့သမီးကို မေမေကိုယ်တိုင်ပဲ လုပ်ပေးပါမယ်ကွယ်။ ဟုတ်ပြီလား”
“ဟုတ်”
သျှင်မိုးနွယ်၏ ဆေးစစ်ချက်အဖြေထွက်လာသောအခါ သွေးလှူဖို့ရာ အဆင်ပြေသည်ဖြစ်၍ သွေးလှူရာအခန်းသို့သွားကာ သွေးလှူဖို့ရန် ပြင်လိုက်တော့၏။
သျှင်မိုးနွယ် တစ်ယောက် အပ်ကြောက်သော်လည်း ဆရာမလေးအတွက်ဟု တွေးကာ အံတင်းတင်းကြိတ်ထား၏။ ဒေါ်အေးသီတာနွယ်လည်း သမီးဖြစ်သူ၏ ပုံစံကို ကြည့်ကာ ခေါင်းခါမိ၏။ အကြောက်ပြေရန် အလို့ငှာ အာရုံလွှဲပြီး အပ်ကို ထိုးသွင်းလိုက်ပေ၏။ သွေးလှူချိန်တွင် သမီးဖြစ်သူ အဆင်ပြေရန်အလို့ငှာ ဒေါ်အေးသီတာနွယ် စကားပြောပေနေမိ၏။ ဤသို့ဖြင့် ဆရာမယွန်း၏ ကျေးဇူးနှင့် စကားသေချာမပြောဖြစ်ပါသော သားအမိတို့သည် စကားဖောင်ဖွဲ့နေကြလေတော့သည်။