အပိုင်း (၁၄)
သျှင်မိုးနွယ် သူ၏ မေမေနှင့် စကားပြောနေစဉ်တွင် သူ၏ အခန်းတူ သူငယ်ချင်းများရောက်လာကြသည်ပင်။ သျှင်မိုးနွယ်တစ်ယောက် ထိုရောက်လာသော အုပ်စုကို ကြည့်ကာ အံ့ဩနေမိသည်။ သူထွက်လာချိန်တွင် အနှီအုပ်စု မနိုးသေးပါ။ ထို့အတူ သူသည်လည်း သူတို့ကို မပြောမဆိုနှင့် ဒီရောက်လာသည်လေ။
ခင်ကြည်ပြာတို့တစ်သိုက်သည်လည်း သျှင်မိုးနွယ်ကို တွေ့သည်နှင့် ကပ်ကပ်လန်ရန်တွေ့မည်ဟု တေးထားသော်လည်း သွေးလှူနေသော သျှင်မိုးနွယ်ကို တွေ့ရသည်က တစ်ကြောင်း၊ သျှင်မိုးနွယ်၏ အမေဖြစ်ဟန်တူသူကို တွေ့ရသည်ကတစ်ကြောင့် ပြောမည့်စကားများ ရင်ဝတွင်တစ်သွားရပေ၏။
ဒေါ်အေးသီတာနွယ်သည်တော့ အခန်းထဲရောက်လာသော အုပ်စုကိုကြည့်ကာ ပြုံးမိ၏။ တံခါးပွင့်လာသည်နှင့် ကပ်ကပ်လန်အောင်ရန်တွေ့မည်ဟု ပြင်ထားသော ထိုအုပ်စုမှာ သူတို့သားအမိကို တွေ့သည်နှင့် တန့်သွားကြသည်။ ထိုအုပ်စုကို ကြည့်ကာ ငယ်ဘဝကို သတိရသွားသကဲ့သို့ရှိ၏။
အခန်းတွင်းရှိလေထုမှာ တိတ်ဆိတ်လျက်ရှိ၏။ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းသည့်အနေဖြင့် ခင်ကြည်ပြာတစ်ယောက် စကားစသည်။
“မင်္ဂလာပါ အန်တီရှင့်။ သမီးတို့က သျှင်မိုးနွယ်ရဲ့သူငယ်ချင်းတွေပါ။ သမီးနာမည်က ခင်ကြည်ပြာပါရှင့်။ ဘေးက သူငယ်ချင်းနှစ်ယောက်ကတော့ အေးချမ်းမေနဲ့ ပွင့်ဖူးသစ်ပါရှင့်။”
ဒေါ်အေးသီတာနွယ် ခေါင်းညိတ်ပြုံးပြလိုက်ပြီးသည်နှင့် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်ပင်
“အန်တီ့နာမည်က ဒေါ်အေးသီတာနွယ်ပါ။ သမီးတို့သူငယ်ချင်း သျှင်မိုးနွယ်ရဲ့ မေမေပေါ့။ သမီးတို့ လူငယ်ချင်းစကားပြောကြနော်။ အန်တီရှောင်ပေးမယ်။”
“ဟုတ်ကဲ့ပါရှင့်။”
ဒေါ်အေးသီတာနွယ်ထွက်သွားသည်နှင့် ထိုသုံးယောက်စလုံး၏ မျက်စောင်းမှာ သျှင်မိုးနွယ်ဆီသို့ ဒိုင်းခနဲ။ ခင်ကြည်ပြာကစ၍
“ကဲ ပြောစမ်းပါဦးကွယ်။ ကျွန်မတို့ကိုတောင် အသိမပေးဘဲ ဒီကို ရောက်နေရတဲ့ အကြောင်းလေး။”
သျှင်မိုးနွယ်သည်လည်း ဖြီးပြလိုက်ကာ အဖြစ်အပျက်ကို ရှင်းပြလိုက်တော့သည်။ ထိုအခါ ပွင့်ဖူးသစ်ကနေ၍
“ဪ အဲလိုကိုး။ မယ်မင်းကြီးမရယ် တစ်ခုခုဆို ငါတို့ကို အသိပေးပါဦးဟဲ့။ ဆရာမသန္တာက ငါ့ကို စာပို့ထားလို့ တော်သေးတာပေါ့ အမိရယ်။ မဟုတ်ရင် ငါတို့သုံးယောက် နင့်ကို ဘယ်ရှာလို့ရှာရမှန်းမသိ။”
ထိုအခါ အံ့ဩရသူက သျှင်မိုးနွယ်။ ‘သူ ဘယ်တုန်းက ဆရာမမြနဲ့ အဲလောက်ရင်းနှီးသွားရတာတုန်း’ ဟူသော အတွေးဝင်လာရ၏။
သူ့အတွေးကို သိနေသည့်အလား ပွင့်ဖူးသစ်က ဆို၏။
“ငါက နင်နဲ့မတူဘူးလေ။ စစတွေ့ကတည်းက ငါသူ့ကို ထားတဲ့စိတ်က ဘယ်သူ့နဲ့မှ မတူဘူးဆိုတာ ရိပ်မိပြီးသား။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ပြီး သိလာရတာက ငါသူ့ကို ချစ်မိနေပြီဆိုတာပဲ။ အဲတော့ 528 ပဲ ဆိုရင်တောင် ငါပဲ သူနဲ့ အရင်းနှီးဆုံးဖြစ်ချင်တော့ ကြံဆရတာပေါ့ကွာ။”
“အေးပါဟယ်။ ဒါနဲ့ နင်တို့နှစ်ယောက်ရော ပွင့်ဖူးအကွက်ရွှေ့နေတာကို သတိထားမိကြလား။”
စကားဦးက အေးချမ်းမေနှင့် ခင်ကြည်ပြာတို့ဘက် လှည့်လာပေပြီ။ နှစ်ဦးစလုံး ခေါင်းတစ်ခါခါဖြင့်ရှိ၏။ သူတို့လဲ သတိမထားမိလိုက်ဆိုသည့်ပုံ။
နောက်တွင် လာရင်းကိစ္စကို အေးချမ်းမေက ပြောလာ၏။
“ဆရာမယွန်းရော ဘယ်လိုနေသေးလဲ။”
“ဆေးထိုး ဆေးသွင်းထားတော့ အဖျားတော့ ကျသွားပါပြီ။ ပုလင်းချိတ်ထားတဲ့ အရှိန်နဲ့ အိပ်ပျော်နေတယ်ထင်တယ်။”
“အွန်း ငါတို့လဲ နင့်ကို ရှာချင်တာနဲ့ ဆရာမလေးကိုတောင် သေချာမကြည့်လိုက်မိဘူး။ အခုက နင်ဆရာမလေးအတွက် သွေးလှူပေးမလို့မလား။”
“ဟုတ်တယ်”
“ချစ်တတ်ပါကော။ မိသျှင်မိုးနွယ်ရယ်။ ဒါနဲ့ နင်က သွေးလှူပေးနေရတာဆိုတော့ ဆရာမလေးသွေးကရှားပါးသွေးအမျိုးအစားမို့လို့လား။”
“ဟုတ်တယ် သူလဲ ငါ့လိုပဲ A- ။”
“ဪ ဪ အတွဲတွေများ။ သွေးအမျိုးအစားကစ အတွဲလိုက်လေး။”
ဤသည်ကို ဆိုလာသူကတော့ ခင်ကြည်ပြာဖြစ်၏။ ထိုစကားကြောင့် သျှင်မိုးနွယ်၏မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲနေကာ ကျန်နှစ်ယောက်မှာတော့ အူခွေ့လျက်။
“သူ့သဘောကို မသိရသေးပါဘူးဟာ။ အတင်းပေးစားမနေနဲ့။”
“နင်မို့ သတိမထားမိတာကွာ။ ဆရာမကလေ နင်ရှိနေချိန်ဆို နင့်နားကကို အကြည့်တွေက မခွာဘူး။ စာသင်ချိန်ဆိုရင်ကိုပဲကြည့်။ သူ့မျက်လုံးက နင့်ဆီမှာချည်း။” ဟု ပြောပြီးနောက် အေးချမ်းမေကိုကြည့်ကာ
“ငါတို့ ဆရာမထိပ်ထားစံနှစ်ယောက်နား နေမိတာ မှားတာဟေ့။ စာသင်ချိန်ဆို မဟုတ်တာလုပ်မရဘူး။ ငြိမ်ကုပ်နေရတာ။ သူတို့နှစ်ယောက်ကျေးဇူးနဲ့။”
“လူပေါင်းမှားပြီးလို့ တွေးပြီး နောင်တရလို့ မထူးတော့ဘူးနော်။ ငါတို့နှစ်ယောက်က ငါတို့နှလုံးသားဆန္ဒကို လိုက်ရုံပါကွာ။”
ပွင့်ဖူးသစ်၏ ချွဲနွဲ့နွဲ့အပြောကြောင့် ဆေးရုံခန်းတွင် တစ်ဝါးဝါးပွဲကျနေလျက်။
သူတို့ပွဲကျနေစဉ်ပင် ရောက်လာသော ဒေါ်အေးသီတာနွယ်။ ပွဲကျနေသော စကားဝိုင်းမှာ တိတ်ဆိတ်သွား၏။ သျှင်မိုးနွယ်သည်တော့ သူငယ်ချင်းတို့၏ အဖြစ်ကို ကြည့်ကာ ရယ်ချင်ချင်။ ပွင့်ဖူးသစ်နှင့် ခင်ကြည်ပြာတို့မှာ သျှင်မိုးနွယ်ကို မျက်စောင်းတထိုးထိုးဖြင့်။
ဒေါ်အေးသီတာနွယ် ‘ဆရာမထိပ်ထားစံနှစ်ယောက်နား နေမိတာ မှားတာပဲ’ ခင်ကြည်ပြာပြောနေစဉ်တွင် အခန်းရှေ့သို့ ရောက်နေပြီဖြစ်သည်။ ကလေးတွေပြောနေကြပုံလေးမှာ ချစ်စရာကောင်းလှသည်ဟု တွေးမိသောကြောင့် အသာပြုံးမိ၏။ တံခါးဖွင့်ရန်လက်လှမ်းစဉ် ပွင့်ဖူးသစ်အပြောကို ကြားမိသောကြောင့် အသံထွက်ကာပင် ရယ်မိသွားသေး၏။
အထဲဝင်လာသော် တိတ်ဆိတ်သွားသော ထိုကလေးတစ်သိုက်ကို ကြည့်ကာ ပြုံးမိသွားပြန်သည်။ နောက် သွေးအိတ်ကို စစ်ဆေးကြည့်တော့ သွေးများလုံလောက်ပြီဖြစ်သောကြောင့် လိုအပ်သည်များလုပ်ဆောင်ကာ သွေးအိတ်များ ယူသွားတော့၏။ သျှင်မိုးနွယ်ကိုလည်း ဆယ်မိနစ်လောက် ထိုအတိုင်းလှဲနေရန်ပြောကာ ထွက်သွားတော့သည်။
ဒေါ်အေးသီတာနွယ် ထွက်သွားသည်နှင့် ခင်ကြည်ပြာကနေ၍
“နင့်အမေကြားသွားပြီလား မသိဘူးနော်။”
ထိုအခါ သျှင်မိုးနွယ်က
“ကြားလဲ ကိစ္စမရှိပါဘူး။ အမေက ငါ့ကို ပြောထားတယ်။ ငါဘာကြီးဖြစ်ဖြစ် ငါ့ဘက်မှာ သူ့ရှိနေမယ်တဲ့။”
“ဝါး သျှင်မိုးနွယ် အမေတို့ မိုက်ချက်ဟေ့။ ဆရာမယွန်းတော့ ယောက္ခမ ရ ကံကောင်းတော့မယ်ထင်တယ်။”
“ဟဲ့ ပေါက်ကရ အာချောင်မနေနဲ့။”
ရှက်ရမ်းရမ်းကာ ပြောလာသော သျှင်မိုးနွယ်ကို ကြည့်ကာ သုံးယောက်စလုံးရယ်မိသွားသည်ပင်။ နောက်အေးချမ်းမေက
“ဆိုတော့ နင်ဆရာမဆေးရုံက မဆင်းမချင်း ဆေးရုံမှာ နေမယ်ပေါ့။”
“ဟုတ်တယ်။”
“ငါတို့ သုံးယောက်လဲ ညနေမှပြန်ကြမလား။ လိုတာရှိ ကူပေါ့ဟယ်။”
ထိုအခါ ပွင့်ဖူးသစ်က
“မကူဘဲ အရှုပ်ထုပ်ဖြစ်မှာဟေ့။ ဟိုက သူ့ဆရာမနဲ့ နှစ်ယောက်တည်းနေချင်နေမဲ့ဟာ။”
“ဟုတ်သား။ ပွင့်ဖူးသစ်လဲ အချစ်နဲ့တွေ့တော့ ကိုယ်ချင်းစာတတ်သွားပြီပေါ့။ ငါငါ့ရည်းစားက အဖြေပြန်ပေးတုန်းကတော့ ရည်းစားကို နင်တို့ထက် အချိန်ပေးရင် တွေ့မယ်လေး ဘာလေးနဲ့။”
ဟုတ်သည်။ ပထမနှစ်တုန်းက အေးချမ်းမေ သူချစ်ရပါသော ကိုကြီးကို အဖြေပြန်ပေးရန် တိုင်ပင်စဉ်တွင် ပွင့်ဖူးသစ်က အူတိုစွာဖြင့် ဤသို့ဆိုဖူး၏။ အေးချမ်းမေ၏ ရည်းစားဆိုသည်မှာ တနယ်တည်းသားဖြစ်ကာ အေးချမ်းမေကို ဆယ့်နှစ်တန်းကတည်းက ကြိုက်နေသော်လည်း သူ့ကြောင့် စာမလုပ်နိုင်မည်ကို စိုးရိမ်သဖြင့် ပထမနှစ်ရောက်သည်မှ အတည်ပိုးခြင်းသာ။ အေးချမ်းမေသည်လည်း ထိုကိုကြီးကို စိတ်ထဲတွင် ရှိနေသောကြောင့် လက်ခံလိုက်သဖြင့် အခုဆိုလျှင် တွဲနေကြသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်လေ။
ပွင့်ဖူးသစ်တစ်ယောက်မှာတော့ ဟုတ်မှန်နေသောကြောင့် ဘာမျှမပြောနိုင်ပါပေ။ သျှင်မိုးနွယ်သည် ဤသူငယ်ချင်းတစ်သိုက်ကို ကြည့်ကာ ရင်ထဲနွေးရ၏။
“နင်တို့ သွားလိုရာဆီကိုသာ သွားပါ။ ငါက ကိစ္စမရှိဘူး။ ဒီမှာ ငါ့အမေရော ငါ့အစ်မရော ရှိနေမှာပဲဟာ။ ပြီးတော့လဲ အဆောင်မှူးနဲ့ ဆရာမမြက လာကြည့်မှာပဲလေ။”
ထိုသုံးယောက်သည်လည်း ခေါင်းငြိမ့်ကာ လက်ခံသည့်ဟန်ပင်။ သူတို့ သူငယ်ချင်း ဆရာမနှင့် ပိုရင်းနှီးစေရန်အလို့ငှာ ရှောင်ပေးလိုက်ခြင်းလဲ ဖြစ်၏။ ပြန်တော့မည်ပြင်နေစဉ်တွင် ခင်ကြည်ပြာက တစ်ခုကို သတိရကာ
“အာ့ဆို ငါတို့ကို နင့်ဆီလမ်းပြလိုက်တာ နင့်အစ်မပဲနေမှာ။ အရပ်ရှည်ရှည်နဲ့ ဆရာမလေးနဲ့ ရွယ်တူလောက်ရှိရင်ရှိ မရှိရင် ပိုကြီးလောက်တယ်။ မျက်မှန်နဲ့ နင့်လိုမျက်နှာပေါက်မျိုး။”
“အေး အာ့ဆို ငါ့အစ်မဖြစ်ဖို့များတယ်။ တွေ့ရင် သေချာမိတ်ဆက်ပေးပါမယ်။ ဆရာမတို့အသက်တော့ မသိပေမဲ့ ငါ့အစ်မအသက်ကတော့ ၃၀ ။”
“ဟယ် ငါတို့နဲ့ ဆယ်နှစ်တောင် ကွာတာ။”
နောက် တိတ်ဆိတ်သွားပြန်၏။ ဒေါ်အေးသီတာနွယ်ပြောသော ဆယ်မိနစ်မပြည့်သေးသောကြောင့် သျှင်မိုးနွယ်ကို စောင့်ပေးနေကြ၏။ ဆယ်မိနစ်ပြည့်သည်နှင့် ထိုလေးယောက် လမ်းခွဲလိုက်ကြ၏။ ခင်ကြည်ပြာ၊ ပွင့်ဖူးသစ်နှင့် အေးချမ်းမေတို့သည်တော့ အဆောင်ပြန်ကြကာ သျှင်မိုးနွယ်သည်တော့ ဆရာမလေးရှိရာ ဆေးရုံခန်းဆီသို့။