အပိုင်း (၁၅)
သျှင်မိုးနွယ် ဆေးရုံခန်းသို့ရောက်သော် ဆရာမမြနှင့် အစ်မဖြစ်သူ မေလင်းနွယ်ကို တွေ့လိုက်ရ၏။ ဆရာမမြလဲ သူ့ကို တွေ့သည်နှင့် နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။ ထိုအခါ ဆေးရုံခန်း၌ သျှင်မိုးနွယ်တို့ ညီအစ်မသာကျန်၏။
တိတ်ဆိတ်နေသော အခန်းတွင် ပြုံးကာ စတင် စကားဆိုလာသူကတော့ မေလင်းနွယ်ပင်။
“ညီမလေး ဆရာမက အချောလေးပဲ။ မမညီမလေး သတိထားမိတာတော့ မဆန်းပေဘူး။”
“အာ မမကလဲ”
ရှက်သွားရသူမှာတော့ သျှင်မိုးနွယ်ပင် ဖြစ်၏။ အခန်းကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သော် စားပွဲပေါ်တွင် ရှိသော အိုးလေးတစ်လုံးကို တွေ့သည်။ သူဆရာမလေးကို ပွေ့သယ်လာတုန်းက မတွေ့၊ သူအခန်းထဲ မရှိချိန်၌ လာထားထားသည်မှာ ဖြစ်နိုင်ပေ၏။
“မမ ဟိုအိုးက?”
ရှက်ရမ်းရမ်းကာ စကားလမ်းကြောင်းလွှဲသွားသော ညီမဖြစ်သူကို ကြည့်ကာ မေလင်းနွယ်ပြုံးမိတော့သည်။ သူ သူ့ညီမလေးကို များများလည်း မစလိုပါ။ ရှေ့တွင် ညီမလေး၏အချစ်ဆုံးဆရာမလေးရှိနေသည်လေ။
“အခုလေးပဲ မေမေတင်သွားတာ။”
မေမေတင်သွားတာဆိုသော စကားသံကြောင့် ပြုံးမိသွားသော သျှင်မိုးနွယ်။ ဆရာမလေးအခန်း၌ ပန်းအိုးတင်ထားသည်ကို မေမေသတိထားမိသည် ဖြစ်ရမည်။ မေမေက အိုးထားပေးသွားမှတော့ သျှင်မိုးနွယ်က ပန်းထိုးပေးရမှာပေါ့။
“ဪ ပန်းမထိုးရသေးဘူးပဲ။ ညီမလေး ပန်းသွားဝယ်လိုက်ဦးမယ်။ ဒီနားမှာ ပန်းဆိုင်ရှိလား မမ။”
“ဆေးရုံရဲ့ ဘယ်ဘက်ခြမ်း နှစ်အိမ်ကျော်မှာ ပန်းဆိုင်ရှိတယ်။”
“မမရေ ဆရာမကို တစ်ချက်ကြည့်ပေးထားဦး။ ညီမလေး ပန်းအပြေးသွားဝယ်လိုက်ဦးမယ်။”
ဟုပြောကာ မေလင်းနွယ် တားချိန်ပင် မရလိုက် အပြေးထွက်သွားတော့၏။ မေလင်းနွယ်သည်တော့ ညီမငယ်ကိုကြည့်ကာ ခေါင်းခါမိတော့သည်။
သျှင်မိုးနွယ် အစ်မပြောသည့်အတိုင်း အပြေးထွက်သွားတော့ ပန်းဆိုင်လေးတစ်ဆိုင်တွေ့၏။ ဆိုင်ထဲသို့ ဝင်ကြည့်လိုက်သော် ပန်းမျိုးစုံကိုကြည့်ရင်း စိတ်ထဲ ကြည်နူးမိသွားရ၏။ ဆိုင်ရှင်က “ဘယ်ပန်းလေးလိုချင်ပါသလဲ” ဟု အမေးပြုတော့ သျှင်မိုးနွယ်မျက်စိထဲ ရောက်သွားသည်မှာ နေကြာပန်းစည်းကိုပင်။ ထို့အတူ ဆရာမလေးခေါင်းတွင် ပန်းလေ့ရှိသော နှင်းဆီဖြူကိုလဲ သတိရသွားပြန်၏။ အတွေးလွန်ဆွဲနေသော သျှင်မိုးနွယ်ကို ကြည့်ကာ ဆိုင်ရှင်က
“ညီမလေး ဘယ်ပန်းလိုချင်ပါလဲရှင့်”
နောက်ဆုံးတွင်တော့ သျှင်မိုးနွယ်လည်း နှင်းဆီဖြူပန်းစည်းကို သာဝယ်လာလိုက်တော့သည်။ သျှင်မိုးနွယ်၏ အပြုအမူကိုကြည့်ကာ ဆိုင်ရှင်က “ချစ်ရသူအတွက်လား” ဟုမေးတော့ “ဟုတ်ပါတယ်ရှင့်” ဟုသာ ပြုံးလျက်ဖြေရင်း ပန်းရသည်နှင့် ငွေချေကာ “များများရောင်းရပါရစေ” ဟု ဆုမွန်ကောင်းတောင်းပေးပြီးသည်နှင့် ဆေးရုံသို့ အမြန်နှုန်းဖြင့် ပြန်သွားတော့၏။
……
ဒေါ်မြသန္တာ ဆေးရုံမှ အထွက် အဝင်ကောလ်တစ်ခုကို လက်ခံရရှိခဲ့သည်။ ထိုဖုန်းကို ကိုင်ပြီးသည်နှင့် အရုပ်ကြိုးပြတ်လဲကျမလို ဖြစ်သွားသောသူ။ နောက် ဒေါ်မြသန္တာဖုန်းခေါ်ကာ စကားပြောအပြီးတွင်တော့ မျက်ရည်များဝဲတက်လာရင်း ကားလမ်းမပေါ်သို့ အပြေးဝင်သွားတော့၏။
ဆေးရုံ၏ကားလမ်းတစ်ဖက်ခြမ်း အကြော်ဆိုင်၌ အကြော်အဝတီးနေကြသော ပွင့်ဖူးသစ်၊ ခင်ကြည်ပြာနှင့် အေးချမ်းမေတို့သုံးယောက်မှာ ဆေးရုံဘက်မှ လမ်းကူးလာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုချိန်တွင် မီးနီနေသောကြောင့် သူတို့သုံးဦးစလုံးအသာနေနေကြသည်ပင်။ သို့သော် ထိုပုံရိပ်လမ်းတစ်ဝက်ရောက်သော် အမျိုးသမီးတစ်ဦးဖြစ်သည်မှန်းသိလိုက်ရကာ ပွင့်ဖူးသစ်သည်တော့ ထိုအမျိုးသမီး၏ ပုံရိပ်မှာ သူ၏တစ်ဦးတည်းသောနှင့် ဆင်နေသလိုရှိသည်ဟု ခံစားလိုက်ရ၏။ နောက် သူတို့သတိထားကြည့်မိသော် နီရာမှ စိမ်းလာသော မီးနှင့် ထိုမီးစိမ်းကို အတင်းဝင်တိုးမည်လုပ်နေသော ထိုအမျိုးသမီး၏ ပုံရိပ်။ ထို့အတူ ပွင့်ဖူးသစ်တစ်ယောက် ထိုအမျိုးသမီးပုံရိပ်ကို မှတ်မိသွားရကား ထိုအမျိုးသမီးကို အတင်းဝင်ဆွဲလိုက်တော့ ထိုအမျိုးသမီးမှာ ဆွေ့ခနဲနှင့် သူ့ရင်ခွင်သို့ ဝင်ရောက်လာသည်။
ပွင့်ဖူးသစ်လည်း တစ်ဖက်မှ ကားလာသည်ကို တွေ့သောကြောင့် ဆွေ့ခနဲ ပွေ့ချီတော့ ပေါ့ပါးစွာ သူ့ရင်ခွင်ထဲရောက်လာသော အမျိုးသမီး။ သူလည်း ထိုအမျိုးသမီးကို ပွေ့ချီကာဖြင့် တစ်ဖက်ကားလမ်းသို့ အပြေးကူးလာတော့၏။ အဖြစ်အပျက်တို့မှာ မြန်ဆန်လွန်းလှသောကြောင့် အေးချမ်းမေနှင့် ခင်ကြည်ပြာတို့မှာ ဆိုင်မှနေ၍သာ မျက်တောင်မခတ်တမ်းကြည့်နေမိသည်လေ။
ဒေါ်မြသန္တာတစ်ယောက် မီးစိမ်းသည်ကို ဂရုမစိုက်ဘဲ ကားလမ်းကူးရန် ပြင်နေချိန်တွင် တစ်စုံတစ်ဦးက သူ့ကို ဆွဲလာကြောင့် ပြာဝေသွားရ၏။ နောက် သူသည် နွေးထွေးသောရင်ခွင်တစ်ခုထဲသို့ ရောက်သွားရသည်။ ဘာလုပ်ရမှန်းမသိ ကြောင်အနေချိန်တွင်ပင် ဆွေ့ခနဲ ပွေ့ချီခံရလိုက်ရပြန်၏။ ကားလမ်းတစ်ဖက်ရောက်၍ သူ့ကို ပိုင်စိုးပိုင်းနင်း ပွေ့ခေါ်သွားသူကို ရန်တွေ့မည်ဟုပြင်ကာ မော့ကြည့်လိုက်တော့ မျက်ရည်ဝဲနေသော မျက်ဝန်းတစ်စုံနှင့် ဆုံ၏။
ထိုမျက်ဝန်းထဲတွင် သူ့ကို ဆုံးရှုံးရမည်ကို ကြောက်နေသော အရိပ်အယောင်ကို မြသန္တာတစ်ယောက် မြင်တွေ့လိုက်ရသည်။ ထိုအခါ ကားလမ်းမပေါ်တွင် ရှိစဉ်က အတွေးကို သတိရသွားသောအခါ မိမိကိုယ်ကိုယ် မိမိ ထိတ်လန့်သွားရ၏။ ထိုကလေးသာ မတွေ့လျှင် သူဘယ်လိုများဖြစ်နေမလဲ။ သူ့နောက်တွင် တပည့်ကလေးများရှိနေသေးသည်ကို ခဏမေ့သွားခဲ့သည်။ အထူးသဖြင့် သူ့ကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေသောထိုကလေးလေး။ ဖူးသစ်လေး၏ မျက်နှာကို လက်ဖဝါးဖြင့် အသာထိတွေ့မိတော့ ဝဲတက်နေသော မျက်ရည်များမှာ မထိန်းနိုင်စွာ ပါးပြင်သို့ စီးကျလာ၏။
‘ကလေးရယ် ဆရာမအတွက်နဲ့ မျက်ရည်မကျပါနဲ့ကွယ်။ မတန်ပါဘူး သမီးရဲ့။’
ဤသည်မှာ မြသန္တာစိတ်ထဲတွင်သာ ပြောမိသော စကားတစ်ခွန်းပင်။ သူသည်ပင် ဖူးသစ်လေးကို ကြည့်ကာ မျက်ရည်များ ဝဲတက်လာ၏။
အနှီဆရာတပည့်နှစ်ယောက်၏ ဒရမ်မာကို အကြော်စားရင်း ကြည့်နေကြသူမှာတော့ ခင်ကြည်ပြာနှင့် အေးချမ်းမေပင်ဖြစ်သည်။ ပွင့်ဖူးသစ်၏ မျက်ဝန်းထဲတွင် ဆရာမမြကို ပြောချင်သော စကားများ ရှိနေသည်ကို သတိထားမိသောကြောင့်သာ ထိုနှစ်ယောက် ထမလာကြခြင်းဖြစ်၏။
ပွင့်ဖူးသစ်တစ်ယောက် ဆရာမမြသန္တာမျက်ရည်ဝဲတက်လာသည်ကို မြင်သောအခါ သတိဝင်လာကာ ဆရာမကို အသာချပေးလိုက်၏။ ဆရာမမြ၏မျက်နှာတစ်ဖက်ကို အသာကိုင်ပေးထားရင်း ပါးစပ်မှလဲ “မငိုပါနဲ့နော်” ဟု တဖွဖွရေရွတ်နေသည်ပင်။
သူ့ရှေ့၏ ကလေးမလေး၏ အပြုအမူကို မြင်သောအခါ မြသန္တာသည် ကလေးမလေး၏ သူ့အပေါ်တွယ်တာမှုကို ကြည့်ကာ ရင်ထဲမွန်းသိပ်လာရ၏။ သူသည် သူရှေ့ရှိ ဖူးသစ်ကလေး၏မေတ္တာတွေနှင့် မတန်ဟုလည်း ခံစားနေရသည်ပင်။ သူ့ပါးပေါ်တင်ထားသော ထိုကလေး၏ လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်ထားပေးရင်း “ဆရာမ မငိုပါဘူးကွယ်။ သမီးစိတ်မပူပါနဲ့။” ဟု ပြောလိုက်သော အခါမှ မျက်ဝန်းထဲရှိ စိတ်ပူနေမှုမှာ ကျသွားသလိုရှိ၏။ ကလေး၏ လက်လေးကို ဆုတ်ကိုင်ကာ သွားကြရအောင်ဟု ဆိုလိုက်တော့ သူ့ထက်ခေါင်းတစ်လုံးမြင့်နေသော ထိုကလေးမှာ ခေါင်းငြိမ့်ကာ ပါလာပါသည်။
အကြော်စားနေသော နှစ်ယောက်မှာ ပွင့်ဖူးသစ် ဆရာမမျက်နှာ တစ်ကမ္ဘာလုပ်ကာ သူတို့ကို မေ့သွားပြီမှန်း သိလျှင်သိချင်းတွင် ပိုက်ဆံရှင်းကာ အူးယားဖားယား ထွက်လာကြတော့၏။ ခင်ကြည်ပြာကတော့ ပြေးလည်းပြေး ပါးစပ်ကလဲ “ဆရာမမြရေ သမီးတို့ကို စောင့်ပါဦး” ဟု အော်လေတော့သည်။
ဆရာမမြလည်း ခင်ကြည်ပြာ၏ အသံကို ကြားသောအခါ ရပ်ကာ နောက်လှည့်ကြည့်တော့ အူးယားဖားယားပြေးလာသော နှစ်ယောက်ကို မြင်သဖြင့် ပြုံးမိသွား၏။ နှုတ်ကလည်း ပွင့်ဖူးသစ်ကို စရန်မမေ့ပါ။
“ဒီကလေးတော့ ဆရာမမျက်နှာ တစ်ကမ္ဘာလုပ်နေတာနဲ့ သူငယ်ချင်းကိုတောင် မေ့သွားပြီပေါ့” ဟု ပြောလိုက်သော် ရှက်သွားဟန်နှင့် မျက်နှာလွှဲသွားသော ပွင့်ဖူးသစ်ကို ကြည့်ကာ ပြုံးမိပြန်ပါသည်။
ခင်ကြည်ပြာနှင့် အေးချမ်းမေတို့နှစ်ယောက် ဆရာတပည့်နှစ်ယောက် အနားသို့ ရောက်သော် ဆရာမမြရှိနေသည်ကိုပင် မကြည့်တော့ဘဲ ပွင့်ဖူးသစ်ကို ရန်တွေ့နေတော့၏။ ပွင့်ဖူးသစ်သည်လည်း မခံ၊ ထိုနှစ်ယောက်ကို ပြန်စွာနေပါသည်။ ဤသို့ဖြင့် ဒေါ်မြသန္တာသည် ဖုန်းထဲက အကြောင်းအရာတို့ကို ခဏမေ့သွားရကာ ကလေးတို့နှင့်သာ ပြုံးပြုံးရွှင်ရွှင်ဖြင့် အဆောင်သို့ ပြန်လာတော့၏။
တပည့်လေးတွေက ဒေါ်မြသန္တာ၏ အားဆေးအဖြစ်ရှိနေမည်မှာ အတိတ်အရ၊ ပစ္စုပ္ပန်အရတင်မက အနာဂတ်အတွက်ပါ မှန်ပေသည်။ အထူးသဖြင့် ပွင့်ဖူးသစ်ဆိုသည့် သူ့မျက်နှာ တစ်ကမ္ဘာတည်သော ကလေးမလေးဖြစ်၏။