Padduk Oo - 72
“ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူကစဉ်
လက်ခုပ်သံစည်းချက်လိုက်မှာလား~
ညီညီညာညင်းသွဲ့သွဲ့ အတာရေသဘင်ပွဲရက်မှာ ယှဉ်ပြိုင်ရင်းကကွက်မျိုးစုံနဲ့ ~
ဖော်ရွေစွာပင်ဆီးလို့ကြိုနေမယ် ~ အလို…”
ခြံဝိုင်းအတွင်း လှုပ်လဲ့လှုပ်လီဖြင့် ရေလောင်းနေသည့် မရွှေယဉ်မေ ဆိုလက်စသီချင်းလေး တန့်သွားသည်။ ခြံဝိုင်းတံခါးရွက်အနားရပ်နေသည့် ဆရာ့ကို မြင်တော့ အလျင်သွားလိုက်ကာ အပေါ်က သစ်သားချိတ်ကို ဖယ်လိုက်၏။
“အသံမပေး၊ဘာမပေး ဆရာရယ်။
လန့်လိုက်တာရှင်”
“မယဉ်မေရဲ့ သီချင်းဆိုတာကို နားထောင်နေတာပါဗျာ”
သူ,နောက်လိုက်တော့ မယဉ်မေရဲ့မျက်နှာက ခပ်တွန့်တွန့်ဖြစ်သွားပြီးမှ အသံထွက်ကာ ရယ်တော့သည်။ ထို့နောက် သူ့အား
ကွပ်ပျစ်မှာ နေရာချပေးရင်း ရေနွေးကြမ်းခွက်ကလေးကို ကျင်းပေး၏။
“ဒီကနေ့ ဆေးခန်းပိတ်စောတာလား တော့”
“ဆေးခန်းက ပုံမှန်ပဲပိတ်တာပါ မယဉ်မေ။
ဒီဘက်ကို မရောက်တာကြာလို့ လှည့်လာတာ”
မိုးမြင့်ကြယ် ဆိုသည့် သူ့ခမျာ ပြောပြီးမှ ကိုယ့်လိပ်ပြာကိုယ်မလုံ၍ ချောင်းဟမ့်လိုက်မိသည်။ သူ့အား ဧည့်ထောက်ခံနေသော
မယဉ်မေ့မျက်နှာကို တစ်ချက်ကြည့်ပြီး အသင့်ထည့်ပေးထားသော ရေနွေးကြမ်းခွက်ကို တစ်ကျိုက်သောက်လိုက်သည်။
“အခြားလူတွေရော မရှိကြဘူးလား မယဉ်မေ”
“အယ်…အမတော့ရှိတယ်။ ဟုတ်သား ခေါ်ပေးဖို့မေ့နေတာ ဆရာရေ… တောင်းပန်ပါတယ်တော်”
မယဉ်မေက ပြောလည်းပြော၊ ကွပ်ပျစ်ဘေးမှ ခြေတံရှည်အိမ် လှေကားပေါ်သို့ သွက်လက်စွာတက်သွားတော့သည်။ မိုးမြင့်ကြယ်မှာသာ
တစ်ယောက်တည်း ထိုင်ကျန်ခဲ့လျက် အကြည့်တို့က ကွပ်ပျစ်ပေါ်အုပ်မိုးထားသော သစ်ပင်ဆီသို့ ရောက်သွားလေသည်။
ဝါထိန်နေသော ပိတောက်တို့သည် တမြန်နေ့က
မိုးစွတ်သောကြောင့် ဝေဝေဆာဆာ ဖူးပွင့်ကြပေပြီ။ တန်ခူးနှင့်အတာသည် ခွဲခြားမရသကဲ့သို့ ပိတောက်နှင့်အတာသည်လည်း ခွဲခြား၍မရနိုင်ပေ။ တန်ခူးလ၏ အတာမိုးစွတ်သည်နှင့် အသင့်စောင့်နေသော ပိတောက်ဖူးတို့က အစွမ်းကုန်ပွင့်ကာ အတာသင်္ကြန်ကို ဆီးကြိုထွေးပွေ့ကြလေသည်။
ဤကဲ့သို့ အစွမ်းကုန်ဖူးပွင့်လန်းနေသော ပိတောက်ဦးများကိုကြည့်လျက် သူသည် သက်မ,ကို ဖြည်းညှင်းစွာ ချလိုက်မိသည်။ ထို့အတူ ဝဲဘက်ရင်အုံပေါ်မှ အိတ်ထောင်လေးကိုပါ လက်ဖြင့် စမ်းသပ်မိလိုက်၏။
ဗုဒ္ဓေါ! သူဘာကိုစမ်းနေတာပါလိမ့်။
သူ့စိတ်ကိုယ်သူ ရုန်းကန်ကာ ခေါင်းခါ၊ ခေါင်းညိတ်လုပ်နေချိန်မှာပဲ အိမ်ပေါ်ထပ်မှ မယဉ်မေနှင့်အတူ မယဉ်မေ၏ အမေ ဒေါ်ယဉ်အေးက လိုက်ပါလာ၏။
“ဆရာမိုးမြင့် ရောက်နေတာပဲ။ ယဉ်မေ သွား လက်ဖက်သွားသုပ်ချည်။ ဟိုးတစ်နေ့က မြို့တက်ထားလို့ ဝယ်လာတဲ့ ဒုံးကျောက်ကောင်တွေပါ ထည့်ခဲ့နော်”
“ရပါတယ် အရီး။ ကျွန်တော့်အတွက် အထူးတလည်မလုပ်ပါနဲ့။ မရောက်တာကြာလို့ လာခဲ့တာပါ”
“ဘယ်ဟုတ်ပါ့မလဲ ဆရာရယ်။ ဧည့်ဝတ်တော့ ကျေရမှာပေါ့ တော့။ မဟုတ်ဘူးလား”
ကွပ်ပျစ်ပေါ်သို့ ထိုင်ချလာပြီး အရီးယဉ်အေး အပြောကို သူလက်သင့်သာခံလိုက်ရသည်။
သူလက်သင့်မခံလည်း ဧည့်ဝတ်ကျေဖို့ အသင့်ဖြစ်နေသူတို့ကို မည်သို့မျှ တားဆီးရမည်မဟုတ်။
“အိမ်က ကိုကျော်ရွှေကတော့ ဟိုဘက်ရွာသွားတယ်လေ။ အတာနီးပြီဆိုတော့ မဏ္ဍပ်လုပ်ဖို့၊ အဆိုတော်ငှားဖို့ဆိုလား မသိဘူး ဆရာရယ်။ သွားလေရဲ့”
“ဒါဖြင့်ရင် အရီးတို့ နှစ်ယောက်ထဲပေါ့”
“ဟုတ်ပါရဲ့။ ဟိုသင်း…ဆရာ့ညီ ကိုဖြိုးလင်းစံကလည်း ပြန်မလာဘူးတဲ့လေ။ ကျောင်းပိတ်တာတောင် ပြန်မလာပုံထောက် ကြည့်ရတာ…မြို့ပေါ်က သူ့ရောင်းရင်းတွေနဲ့ ပျော်ကြပါးကြမယ် ထင်ပါရဲ့”
ရေနွေးခွက်ကို ပင့်,မထားသည့် သူ့လက်များ တင်းကြပ်သွားသည်။ ရင်ဘတ်ထဲတွင်လည်း အလိုမကျမှုများ ပေါက်ဖွားလာကာ ခန္ဓာကိုယ်အနှံ့သို့ လျှောက်ပြေးကုန်ကြ၏။ မျက်မှောင်ကိုပင် မသိမသာကြုတ်လိုက်သလားမသိ။ ဝေဆာနေသော ပိတောက်ပင်၏အောက်မှ မိုးမြင့်ကြယ်သည် မွှေးအီသော ပိတောက်ရနံ့ကိုပင် နှာခေါင်းရှုံ့မိသွားလေသည်။
သည်အိမ်ကို လာရသည့်အကြောင်းအရင်းက သူ့တွင် မြောက်များစွာမရှိ။ မရောက်တာကြာ၍ဟု ခေါင်းစဉ်တပ်ခဲ့သော်လည်း သူ့ကိုယ်သူတော့ ညာ၍မရပါ။ တစ်နှစ်တာလုံးနီးပါး မျက်စိအရှေ့မှ ပျောက်သွားသူကို မြင်ချင်လွန်း၍သာ လာခဲ့ခြင်းဖြစ်ပေသည်။ ခုတော့ သင်းကလေးက သူ့ကို ရှောင်ပြေးနေခြင်းမဟုတ်ဘဲ ပျော်ချင်၊ပါးချင်နေခြင်းကြောင့်တဲ့လေ။
သူဝုန်းခနဲ မတ်တပ်ထရပ်တော့ အရီးယဉ်အေးက မျက်လုံးပြူး၍ကြည့်သည်။ သူ့လက်ထဲမှ အကြမ်းခွက်ကို အသံမမြည်အောင် အသာချပြီး လုပ်ပြုံးကြီးကြီးဖြင့် အရီးကို ပြုံးပြလိုက်၏။
“ပြန်ဦးမယ် အရီး”
“ဟောတော်…နေပါဦး ခဏလောက်။ ဟဲ့ ယဉ်မေ… ဒီမယ် ဆရာက ပြန်တော့မယ်။ ညည်း လက်ဖက်သုပ်က မရတော့ဘူးလား အေ့”
အရီးယဉ်အေးသည် သူ့သမီးဖြစ်သူကိုလည်း အော်၊ သူ့ကိုလည်း တားချင်သည့်မျက်လုံးများဖြင့်ကြည့်၍ ဗျာများနေတော့သည်။ သို့သော် သူကတော့ သည်နေရာမှာ တစ်စက္ကန့်လေးမှ မနေချင်တော့ပါ။ ထိုပိတောက်တွေ၊ ထိုဝါဝါထိန်ထိန်တွေ၊ ထိုမွှေးမွှေးအီအီတွေကိုလည်း မတွေ့ချင်၊ မမြင်ချင်၊ မရှုချင်တော့ပါလေ။
အရီးယဉ်အေးတားမရသည့်အဆုံး ပြန်ခွင့်ရသွားသော မိုးမြင့်ကြယ်သည် အိမ်ပြန်လမ်းတစ်လျှောက်တွင်တော့ မကြုတ်ဖူးသော
မျက်မှောင်တို့ကို အစွမ်းကုန်ကြုတ်၍ မအီမသာဖြစ်နေသောရင်ဘတ်ကိုပင် လက်ဖြင့် အသာထုနေမိတော့သည်။ မှောင်ရီပျိုးစ
ညနေခင်းနေရောင်သည် မိုးမြင့်ကြယ်၏ မြည်တွန်တောက်တီးကာ မှောင်ကုပ်နေသည့် မျက်နှာပေါ် ဖြာကျလျက် တိုးတိတ်စွာ တိမ်လွှာတို့ကြား ကွယ်ပျောက်သွားလေတော့သည်။
တောက်! လင်းစံ…လင်းစံ!
•••
ဖြိုးလင်းစံ ဆိုသည့် ငဆိုး၊ငပေ၊ငတေ၊ငလည်ကောင်နှင့် တွေ့ဆုံမှုက ဆန်းတော့မဆန်းလှ။ ချောင်းအေး ဟူသည့် သည်ရွာကို ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ချခံရသူ မိုးမြင့်ကြယ်က ချောင်းအေးရွာအတွက် ပထမဦးဆုံးဆရာဝန်ပင်ဖြစ်ပါလေသည်။ ချောင်းအေးရွာအပြင် အခြားဘေးပတ်ပတ်လည်မှ ရွာများကိုလည်း ကြည့်ကြပ်ပေးရပြီး သူ့ဆေးပေးခန်းကတော့ ချောင်းအေးရွာမှာသာ အခြေပြု၏။
ထိုနေ့က ပိတောက်တို့ပင် မဖူးပွင့်သေးသောကာလ၊ မိုးမြင့်ကြယ် ချောင်းအေးရွာသို့ရောက်ပြီး သုံးလအကျော်တွင် ဖြစ်သည်။ ငြိမ်သက်နေသော နွေနေ့လယ်တွင် ဆေးပေးခန်းအနားရှိ အရိပ်ရသစ်ပင်အပေါ်မှ ဥဩငှက်များ၏ တွန်ကြူးသံကသာ ကြီးစိုးလျက်ရှိသည်။ ပူနွေးသော လေပြည်တို့သည်လည်း အစိမ်းနုရောင် လိုက်ကာစလေးများ လွင့်အောင် တဖျတ်ဖျတ်တိုက်ခတ်လျက်ပင်။
“ဆရာရေ! ဆရာ!”
ကျယ်လောင်စွာ အော်ခေါ်သောအသံနှင့် ရှုပ်ထွေးသော ခြေသံတို့သည် တိတ်ဆိတ်ငြိမ်သက်နေသော နွေနေ့လယ်ခင်းထဲသို့ တွန်းထိုးဝင်ရောက်လာခဲ့၏။ မိုးမြင့်ကြယ် နေရာမှထလိုက်သည်နှင့် နှာခေါင်းထဲသို့ ဝင်ရောက်လာသော သွေးညှီနံ့ပြင်းပြင်း။
“ဘယ်လို ဖြစ်လာကြတာလဲ ကိုစိုးသန်း။ လူနာကို ဒီကုတင်ပေါ်အရင်တင်လိုက်ပါ”
ရုတ်ချည်းလှုပ်ရှားဗျာဆန်မှုတို့ကြောင့် ဥဩငှက်တို့ပင် ဆက်တွန်ကြူးနေသေးလား သူမသိတော့။ သူ့အာရုံအလုံးစုံမှာ အဝတ်ဖြူကြီးဖြင့် ဦးခေါင်းပတ်ပတ်လည် စည်းနှောင်ခံလာရသော လူရွယ်ထံမှာသာ။ ထိုလူရွယ်သည် ကုတင်ထောင့်၌ မှီနေပြီး သတိတော့ ကောင်းကောင်းရှိသေး၏။
“ကိုကျော်ရွှေသားဗျာ။ ကြည့်ပေးပါဦးဆရာရယ်”
“ဘာဖြစ်ကြတာလဲ”
“ထန်းတောမှာ ရန်ဖြစ်တာပေါ့ဗျာ။ ဟိုဘက်ကလူအုပ်နဲ့ကို သူက တစ်ယောက်တည်းလေ။ အဲ့မှာသာကြည့်တော့”
ကိုစိုးသန်းက ‘ဘာမှမပြောနိုင်တော့ပြီ’ ဆိုသော သဘောဖြင့် သက်ပြင်းချ၍ သူတို့အနားမှထွက်သွားသည်။ ကုတင်အနားတွင် သူနှင့် လူနာသာ ကျန်နေခဲ့၏။ သူသည် လူနာခေါင်းမှ အင်္ကျီဖြူအစကို ဖြည်းညှင်းစွာဖြည်လိုက်သည်နှင့် သူ့လက်ကောက်ဝတ်သို့ ဖိလာသော ထိုလူနာ၏ လက်နွေးနွေး။
“အစိမ်းပဲ ချုပ်မယ်”
“ဟမ်”
“ဒေါက်တာ နားမကောင်းဘူးလား။
အစိမ်းပဲချုပ်မယ်လို့”
ထိုသို့ဖြင့် ဦးကျော်ရွှေ ဟူသော ရွာမျက်နှာဖုံးသူဌေးကြီး၏ သားအငယ် ငဆိုး၊ငပေ၊ငတေ၊ငလည်ကောင် ဖြိုးလင်းစံသည် ဒေါက်တာမိုးမြင့်ကြယ်၏ ဘဝထဲသို့ ဤသို့ဤပုံ ဆိုးပေတေမှုများနှင့် ဝင်ရောက်လာခဲ့ပါတော့သည်။ ဒါကိုလည်း ဘဝပိုင်ရှင် မိုးမြင့်ကြယ်ခမျာ ခြေလွန်လက်လွန်ကာမှ သိရသည့် ဖြစ်အင်ပါလေ။
~
~
~
“ဒေါက်တာ…ဒေါက်တာ ဗျို့! ဒေါက်တာ”
သူ့အနောက်သို့ ဆက်တိုက်လိုက်လာသူ မမှီအောင် မိုးမြင့်ကြယ် ခြေလှမ်းတွေကို အရှိန်တင်ပစ်လိုက်သည်။ ကျဲနိုင်သမျှ ကျဲကျဲလှမ်းရလွန်းလို့လည်း သူ့ခြေဖဝါးများ ကျိန်းစက်နေပြီဖြစ်၏။ သို့သော် သူမရပ်နိုင်။ အနောက်မှ တစ်ဖဝါးမကွာ လိုက်လာသော ထိုလူ မမှီမှဖြစ်မည်။
“ဒေါက်တာ ခေါ်နေတာမကြားဘူးလားဗျာ”
ရွာကန်သင်းရိုးသို့ အကွေ့ သူ့လက်ကို ဆုပ်ကိုင်လာသော လက်ဖဝါးနွေးနွေးတို့ကြောင့် သူကြောက်လန့်တကြား ရုန်းလိုက်မိသည်။ တစ်ပြိုင်နက်တည်း တစ်ဖက်လူ၏မျက်နှာကို မကြည့်မိအောင် ဝင်နေစ,နေလုံးဖက်သို့ပါ မျက်နှာမူပစ်လိုက်၏။
“ဒေါက်တာ ဘာလို့ အဲ့လောက် အလန့်တကြား လျှောက်နေရတာလဲ ဟမ်! ကျုပ်ခေါ်နေတာကို မကြားဘူးလား”
အသံမာမာနှင့်အတူ ဆုပ်ကိုင်ခံထားရသော သူ့လက်ဖဝါးကိုလည်း ပိုသာသောဖိအားတို့က သက်ရောက်လာ၏။ သူမျက်နှာကိုတတ်နိုင်သမျှလွှဲနေတော့ လက်ဖဝါးပူနွေးနွေးတစ်ဖက်က သူ့ပါးပြင်နှစ်ဖက်ကို အကြမ်းပတမ်းဆွဲညှစ်ကိုင်ကာ လှည့်စေလိုက်သည်။
ဘုရားရေ! ဒါ ဘယ်လိုဝဋ်ကြွေးလဲ။
ဟုတ်သည်။ ဒါ ဘယ်လိုဝဋ်ကြွေးလဲ။ သည်ငဆိုး၊ငပေ၊ငတေကောင် ဖြိုးလင်းစံဆိုသည့် လူရွယ်နှင့် တွေ့ပြီးကတည်းက သူ့ဘဝကြီးထဲ ဘာတွေဖြစ်လို့ ဖြစ်မှန်းကိုမသိတော့။ ညတိုင်းလိုလို မယ်ဒလင်တစ်လက်နှင့် အိမ်မျက်စောင်းထိုးသို့ ရောက်လာသော ခြေသံတွေ၊ မနက်တိုင်းလိုလို ဆေးပေးခန်းအရှေ့ မတ်မတ်ကြီးရပ်လို့ မှောင်ကုပ်ကုပ်မျက်နှာထားနဲ့လူ၊ နေ့လယ်ခင်းဆိုလည်း မရှိ၊ရှိရာ လူနာကို ဇွတ်အတင်းဆွဲခေါ်ကာ သူ့ဆီသို့ ရောက်လာတတ်သည့် အနှီပုဂ္ဂိုလ်။
ငြိမ်သက်နေသော သူ့ဘဝကန်ရေပြင်ထဲသို့ ကျောက်ခဲလုံးတွေ ဆက်တိုက်ပစ်ဝင်နေသကဲ့သို့ သူ့တစ်နေ့တာတွေက ယောက်ယက်ခတ်ကုန်တော့သည်။ တစ်နေ့တစ်နေ့ မနက်မိုးလင်းကတည်းက ညမိုးချုပ်ထိ မြင်နေရသော မျက်ခုံးထူထူ၊ အသားလတ်လတ်၊ နားထင်စောင်း၌ အမာရွတ်တစ်ခုနှင့် အနှီလူရွယ်သည် သူ့ထံမှ ဘာလိုချင်နေမှန်းလည်း သူနားမလည်နိုင်။
“ဘာဖြစ်လို့ ကျုပ်ကိုအဲ့လောက်မတွေ့ချင်နေရတာလဲ”
ဗုဒ္ဓေါ!
“မင်း…မင်းကရော ဘာလို့ ကျုပ်နောက် တကောက်ကောက် လျှောက်နေတာလဲ”
ရွာနီးစပ်ချုပ်အပြင် ချောင်းအေးရွာကပါ လက်မြှောက်ထားရသော သည်လူရွယ်ကို သူမကြောက်ဘူးဆိုလျှင် လိမ်ရာကျမည်။ သူ့ထက် ခန္ဓာကိုယ် ပိုထွား၍ အရပ်ပိုမြင့်သော ထိုပုဂ္ဂိုလ် တစ်ချက်ကိုင်လိုက်လျှင်ပင် သူဘယ်နေရာမှာ
အသက်ပျောက်မည်မသိ။
“ဟား…ဒေါက်တာရာ”
ခပ်ကျယ်ကျယ်ရယ်သံက သူ့ရင်တုန်နှုန်းကို ပိုတိုးစေပါသည်။ အကိုင်ခံထားရသော လက်ဖျားများပင် တဆတ်ဆတ်တုန်လာခဲ့သည်။ မတ်မတ်ရပ်ထားသော သူ့ခြေဖဝါးများမှာလည်း မခိုင်ချင်တော့။
“အိမ်အတူပြန်မယ်”
ငြင်းဆန်ခြင်း၊ လက်ခံခြင်းမရှိစွာ ထိုနေ့အိမ်ပြန်လမ်းတွင်လည်း တစ်ပါးသူ အတင်းအကြပ်ဝင်ရောက်စွတ်ဖတ်ခြင်းကို ခံထားရလေသည်။ မိုးမြင့်ကြယ် သက်မ,ကို ရှိုက်၍ခပ်ပြင်းပြင်းချလိုက်တော့သည်။ ထိုအခိုက်တွင် အရှေ့မှ လျှောက်နေသူသည် သူ့ထံသို့ တဖန်ပြန်လှည့်ကြည့်လာသည့်အတွက် အောက်သို့သာ ငုံ့ကိုင်းလိုက်ရပါလေသည်။
သက်ပြင်းချတာတောင် မလွတ်လပ်တဲ့ဘဝ။
အတာမိုးရွာရန် စိုင်းပြင်းနေသည့် မိုးသားတိမ်လိပ်တို့နှင့်အတူ မိုးမြင့်ကြယ်သည်လည်း ထိုခဏတွင် မှောင်မဲ၍သာ ပျောက်ကွယ်သွားချင်မိပါတော့သည်။
~
လတ်ဆတ်သောလေညှင်း။
ယိမ်းနွဲ့သော စိမ်းရောင်ခြယ်။
တိုးတိုက်သော ရနံ့မွှေး။
ညခင်းမှ ရုတ်ချည်းရွာချသော မိုးကြောင့် ဤဖုန်ပေါသော အညာမြေတွင် ရွှံ့ဗွက်တွေက ကြီးစိုးလာပြန်၏။ သို့သော် ယခင်နေ့များနှင့်မတူစွာ လတ်ဆတ်၍အေးမြနေသော လေပြည်ညှင်းတို့ကြောင့် ဒေါက်တာမိုးမြင့်ကြယ်၏ စိတ်နှလုံးမှာ လွန်စွာ ပေါ့ပါးနေချေသည်။
ထို့အပြင် ညခင်းမှရွာသောမိုးကြောင့် မကြားရတော့သော မယ်ဒလင်အသံနှင့် အနောက်သို့ပါမလာသော ခြေသံတို့ကြောင့် ပို၍ စိတ်လက်ကြည်သာနေရခြင်းဆို ပိုမှန်မည်။ လမ်းမှာတွေ့သည့် ကလေးအစ၊ ခွေးအဆုံး အကုန်လိုက်ပြုံးပြနေသော ဒေါက်တာမိုးမြင့်ကြယ်၏ စိတ်အခြေအနေက ကျန်သူများအတွက်တော့ ထူးဆန်းနေသည်သာ။
“ဆရာမိုးမြင့်”
အသံတိမ်တိမ်ဖြင့် ခေါ်လိုက်သဖြင့် သော့ဖွင့်နေသော သူ့လက်ဖျားလေးတွန့်သွားသည်။ အနောက်သို့ လှည့်ကြည့်ပါမှ မယဉ်မေကို တွေ့လိုက်ရသဖြင့် စိတ်အနည်းငယ်သက်သာသွား၏။
“အစောကြီးပါလား မယဉ်မေ။ ဘာကိစ္စရှိလို့လဲ”
“မဟုတ်ပါဘူးတော်။ အမက ဒီနေ့ ကောက်ညှင်းပေါင်းလို့။ ဆရာ့ဆီလာပို့ပေးတာ”
“တစ်ယောက်တည်းလား။ ဝင်ပါဦးဗျ”
မယဉ်မေ (ခေါ် ) ရွှေယဉ်မေသည် သူ့အနောက်သို့ တကောက်ကောက်လိုက်နေသော ငဆိုးငတေ၏ တစ်ဦးတည်းသော အစ်မလည်းဖြစ်သည်။ သူ အထဲသို့ခေါ်တော့ မယဉ်မေက ပြုံးလျက်ဝင်လာ၏။ သူတစ်ယောက်တည်းတော့မဟုတ်ပေ။ အနောက်မှ ကပ်ဝင်လာသော မယဉ်မေနှင့် တတွဲတွဲမြင်နေကျ မအိမ့်ငွေကိုတွေ့ပါမှ သူသက်ပြင်းကလေးကြိတ်ချလိုက်သည်။
“ဟော မငွေရောပါလား”
“ဟို…အိမ်ကအပင်ကလေ ပိတောက်ပန်း…
ပိတောက်ပန်းတွေ ပွင့်နေတာနဲ့….”
စကားမဆက်တော့သော မအိမ့်ငွေကို သူသေချာကြည့်တော့ ပိတောက်ပန်းခက်ကိုကိုင်ကာ ဟိုထိုး၊သည်ထိုးလုပ်နေလေသည်။ စိတ်မရှည်သည့် မယဉ်မေကပဲ ပိတောက်ပန်းခက်ကို ဖျတ်ခနဲယူလျက် သူ့စားပွဲပေါ်သို့ တင်ပေးလာတော့သည်။
“ဆရာရေ…ညက မိုးကျတော့ ပိတောက်တွေပွင့်ပြီလေတော့။ အဲ့ဒါ မအိမ့်ငွေက ဆရာက တစ်ခါတစ်ခါဆို အိတ်ထောင်ထဲ ပန်းခက်လေးတွေ ထည့်ထည့်ထားတာမြင်လို့ လာပေးတာ။ အဲ့ဒါကို ဘာဖြစ်နေမှန်းမသိဘူး တဟိုဟိုနဲ့”
မယဉ်မေက ပြောပြီးပြီးချင်း ဆေးပေးခန်းထဲရှိ ရေအိုးစင်မှ ရေတစ်ခွက်ကိုယူသောက်လိုက်သည်။ ထို့နောက် ဟင်းခနဲသက်ပြင်းချ၍ မအိမ့်ငွေလက်ကို ဆွဲလျက် ပြန်တော့မည့်ဟန်ပြင်လေသည်။
“ပြန်ပြီ ဆရာရေ။ အိမ်မှာ လုပ်စရာတွေရှိသေးတော့လေ”
“ဟုတ်…ဟုတ်ကဲ့ပါခင်ဗျ။ ကျေးဇူးလည်းတင်ပါတယ်လို့ အရီးကိုပြောပေးပါဦး။ မအိမ့်ငွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ”
သူပိတောက်ပန်းခက်ကိုကိုင်ကာ အိတ်ထောင်ထဲထိုးထည့်လိုက်ပြီးပြောတော့ မအိမ့်ငွေမျက်နှာက အနည်းငယ် နီရဲသွားလေသည်။ မအိမ့်ငွေတို့နှစ်ယောက် ထွက်ခွာသွားတာ သေချာပြီဆိုမှ ထိုပိတောက်ပန်းခက်ကို အိတ်ထောင်ထဲမှထုတ်လိုက်ချိန်၌ တစ်စုံတစ်ရာသည် သူ့လက်ထဲမှ အနှီပန်းခက်အား အကြမ်းပတမ်းဆွဲယူသွားချေသည်။
“ဘာ…ဘာလုပ်တာလဲ”
ကြည်သာနေသော မနက်ခင်းကောင်းကင်နောက်ခံနှင့် ဆန့်ကျင်စွာ မှောင်ညို့နေသော မျက်နှာထားတစ်ခုသည် အစိမ်းနုရောင်လိုက်ကာစကို ဖြတ်၍ သူ့မြင်ကွင်းထဲ ဝင်ရောက်လာချေသည်။ ပြတင်းပေါက်ဘေးမှ ကိုယ်တစ်ပိုင်းဝင်လျက် သူ့အား မှုန်ကုပ်စွာကြည့်နေသူကြောင့် စကားတွေတောင် ထစ်ကုန်ရသည်။
သည်နေ့တော့ သူ့ကို အလွတ်ပေးမယ်ထင်နေတာ။
“သူများပေးတဲ့ပန်းတိုင်း ယူတာပဲလား ခင်ဗျားက”
“မအိမ့်ငွေက ဒီတိုင်းပေးတာပဲ…”
“ကျွတ်စ်!”
သူ့အား မလိုတမာပြုသံကြောင့် သူ့မျက်ခုံးများပင် ကြုတ်မှောင်သွားသည်။ သက်သက်မဲ့ လာဟိန်းဟောက်နေတာကိုတော့ မခံနိုင်ပါ။ တဖန်မျက်မှောင်ကြုတ်ကာ ပိတောက်ခက်ကို ပြန်ဆွဲယူလိုက်ပြီး တမင်တကာ အိတ်ထောင်ထဲကို ထိုးထည့်လိုက်သည်။
“ကျုပ်ကို ဘယ်သူပေးပေး ဒီဘက်က ကိုဖြိုးလင်းစံ အပူ တပြားတချပ်မှမပါဘူး။ ကျုပ်ဘာသာ ယူချင်ယူမယ်။ မယူချင်မယူဘူး။ ခင်ဗျားနဲ့ဆိုင်တဲ့…”
သူ့စကားပြောလို့မဆုံးသေးခင်မှာပဲ ပျောက်သွားသူသည် သူ့ဆေးပေးခန်း အပေါက်ဝမှ ဝင်လာကာ သူ့အိတ်ကပ်ထဲမှ ပိတောက်ပန်းကို ကြမ်းတမ်းစွာဆွဲဖယ် ချေမွပစ်လိုက်၏။ ထိုပန်းအစား သူ့လက်ထဲမှပါလာသော ပိတောက်ပန်းခက်ကို အိတ်ထောင်ထဲ သေချာစွာထည့်ပေးလျက်…
“ခင်ဗျားအိတ်ထောင်ထဲကို ထည့်မဲ့ ပိတောက်ဦးကို ပေးမဲ့သူက ကျုပ်ပဲဖြစ်ချင်တာကို ဒေါက်တာ သိထားဖို့ကောင်းတယ်”
“…”
အနိမ့်အမြင့်ခပ်မြန်မြန်ဖြစ်နေသော ရင်ဘတ်ကို သူကြည့်လိုက်မိရင်း စကားတို့ပျောက်ရှ၍ ငြိမ်သက်နေမိ၏။ နွေလေပြည်နှင့်မတူစွာ မိုးရိပ်ပါသော လေပြည်တို့က ပြတင်းပေါက်ဆီမှ တိုးဝင်လာချေသည်။ အစိမ်းနုရောင်လိုက်ကာစလေးသည် ပိတောက်ပန်းရနံ့တို့နှင့်အတူ သူ့မြင်ကွင်းအရှေ့သို့ ခဏတာ ဖုံးကွယ်သွားသည့်အခိုက်…
“ဒေါက်တာနဲ့ဆိုင်ချင်တယ်။ ဒေါက်တာ့ကိုကျုပ် သဘောကျတယ်”
“…”
အစိမ်းနုရောင် လိုက်ကာစတို့ ခြယ်လှယ်ခံထားရသော သူ့မြင်ကွင်းထဲမှ ခက်ထန်သောမျက်နှာပေးနှင့် ဖြိုးလင်းစံသည် သူ့အားကျောခိုင်းကာ ပျောက်ကွယ်သွားလေတော့၏။ တစ်စတစ်စ သူ့နေရာသူ ပြန်ရောက်သွားသော လိုက်ကာစလေးမှာလည်း သူမဟုတ်သလို ငြိမ်သက်သွားပြီး ပိတောက်ပန်းရနံ့တို့သည်လည်း သူ့မူအတိုင်း ထုံအီမွှေးပျံ့စွာ တည်ရှိနေခဲ့လေသည်။
ဒေါက်တာမိုးမြင့်ကြယ်၏ စားပွဲထက်တွင်တော့
ချေမွခံထားရသော ပိတောက်ပန်းခက်လေးတစ်ခက်မှာ သူနှင့်တူစွာ နွမ်းလျတိတ်ဆိတ်နေတော့၏။
ဟား…သူ့ကို ယောက်ျားတစ်ယောက်က
သဘောကျတာတဲ့လေ။
•••
ရက်တို့သည် လကိုစား၊ လတို့သည် နှစ်ကိုစား၍ အချိန်တို့သည် ပုံမှန်ဆန်စွာ လျင်လျင်မြန်မြန် ကုန်ဆုံးနေခဲ့လေသည်။ ထိုနေ့ရက်များအတွင်း ဒေါက်တာမိုးမြင့်ကြယ်၏ ဘဝရေပြင်မှာလည်း ပုံမှန်ဆန်စွာ အေးစက်ငြိမ်သက်နေခဲ့၏။
ထိုကာလများအတွင်း၌ တည်ရှိခဲ့သော ပျော်ရွှင်စရာ ရွာအတာသင်္ကြန်ကို မဆင်နွှဲနိုင်စွာ
သူ့စိတ်နှင့် သူ့ခန္ဓာကိုယ်မှာ အရိပ်တစ်ခု ကြီးစိုးနေခဲ့လေသည်။ ယောက်ျားတစ်ယောက်၏ သဘောကျခြင်းကို ခံရမှုသည် အံ့ဩဖွယ်ရာ၊ ရယ်မောဖွယ်ရာ၊ နွမ်းလျဖွယ်ရာ၊ စိတ်ရှုပ်ဖွယ်ရာ အဖုံဖုံဖြင့် သူ့နေရက်များထဲ တိုက်စားနစ်ဝင်နေခဲ့ပြီး ထိုစကားပြောသွားသူမှာတော့ နောက်တစ်နေ့မိုးလင်းသည်နှင့် မြို့သို့တက်သွားသည်ဟု ပြောသံကလွဲ သူ့ထံသို့ ယနေ့တိုင် ထပ်ပေါ်လာခြင်းမရှိစွာ ပုံရိပ်ယောင်ဆန်ဆန် ပျောက်ဆုံးသွားခဲ့၏။
သူကသာ…မိုးမြင့်ကြယ်ဆိုသည့် အသက်သုံးဆယ်နီးပါး သူကသာ ထို နှစ်ဆယ်ကျော် လူရွယ်စကားကိုယုံစားပြီး နေ့မအိပ်၊ ညမအိပ် စိတ်ရှုပ်ထွေးခဲ့၊ စိတ်လှုပ်ရှားခဲ့ရတာ။ ထိုလူရွယ်ကတော့ စကားကို ပေါ့ပေါ့တန်တန်သဘောဖြင့် စနောက်သွားဟန်တူပါသည်။ ဒါကလည်း တစ်ဖက်လူအပြစ်တော့ မဟုတ်တန်ရာ။ သူကိုယ်တိုင်ကိုက ငယ်ငယ်ကတည်းက အစခံ၊ အနောက်ခံရသော လူသားပေ မဟုတ်ပါလား။
အတွေးများက ပို၍ပို၍ တိုးလာသည့်အခါ ရေးနေကျ ဗလာစာအုပ်ကိုထုတ်လျက် စိတ်ထဲရှိသမျှ ကုန်စင်အောင် ချရေးပစ်လိုက်၏။ ထို့နောက် မိုးမြင့်ကြယ်တစ်ယောက် ကြိတ်မှိတ်၍သာ အိပ်စက်လိုက်ပါတော့သည်။ ထိုအရာကသာ တကယ်ဟာသဆိုလျှင်၊ တကယ်စနောက်ခဲ့တာဆိုလျှင်၊ သူသည်လည်း ထိုပုဂ္ဂိုလ်နှင့်အတူ လိုက်ရယ်မောပေးလိုက်မည်သာ။
ဘာမှမခက်…ဘာမှမခက်ဘူးမလား။
~
~
~
ရွာ၏ အတာသင်္ကြန်ပွဲသည် ပို၍စည်ကားပြီး ရက်စောကျင်းပကြသည့် ဓလေ့ထုံးတမ်းလည်းရှိသည်။ သင်္ကြန်အကြိုမကျခင်တစ်ရက်အလိုကတည်းက ရေတွေပက်ကြ၊ စတုဒိသာတွေကျွေးကြဖြင့် စည်ကားနေကြလေပြီ။ တစ်နိုင်တစ်ပိုင်မဏ္ဍပ်များကိုလည်း ပလုံစီစွာထိုးထားကြပြီး အဆိုတော်ငှားထားသော ချောင်းအေးရွာနှင့်ဘေးချင်းကပ် အောင်သာရွာကို သွားကြသူများကလည်း အလုအယက်။
သင်္ကြန်ငါးရက်၊ခြောက်ရက်တာလုံး ရွာများအတွင်း အကြားရဆုံးအသံမှာ သင်္ကြန်သီချင်းများပင်ဖြစ်လေသည်။
သူကတော့ ဆေးပေးခန်းတွင်သာ ထိုင်လျက် မည်သူမှဘာမှမဖြစ်ဖို့ ဆုတောင်းနေရလေသည်။ မနက်ကပင် မယဉ်မေတို့အိမ်ဘက် ရောက်ခဲ့သော်လည်း တကယ်ပင် မြို့မှ ပြန်မလာသူကို အရိပ်အယောင်မျှ မတွေ့ခဲ့ရ။ အခုချိန်လောက်ဆိုလျှင်တော့ သူလည်း မဏ္ဍပ်တစ်ခုခုမှာ ရေပက်ရင်း… ရေပက်ရင်း…အင်း…မသိတော့ပါဘူးလေ။
သည်နေ့ပိတောက်ဦးသည် ပွင့်ဖူးသွားပြီဖြစ်သော်ငြား သူ့အိတ်ထောင်ထဲတွင်တော့ မည်သည့်ပန်းခက်မှ ထိုးထားခြင်းမရှိပေ။
“ဗျို့ ဆရာရေ”
ကိုစိုးသန်းက ရေစက်လက်ဖြင့် ဝင်လာပြီး သူ့လက်ထဲမှ ချိုင့်တစ်ခုကို ထိုးပေးလေသည်။
“ဘာတွေတုံး ကိုစိုးသန်း”
“ဘာကမှာလဲ။မုန့်လုံးရေပေါ်ပေါ့ဗျာ။ ပြီးတော့
မုန့်လက်ဆောင်းတွေလည်းပါတယ်ဗျ”
“ကျေးဇူးပါဗျာ။ တကူးတကကြီး လာပို့ပေးတာ”
“မလိုပါဘူး ကိုယ့်ဆရာရယ်။ ဒါထက် ကျုပ်တို့ နက်ဖြန်ဆို နှစ်ဆန်းတစ်ရက်နေ့ရောက်ပြီဗျ။ ရွာဦးဘုန်းကြီးကျောင်းမယ် အာရုံဆွမ်းကပ်ဖို့ရှိတာ သိတယ်မို့လား”
ကိုစိုးသန်း က တုံတုံချိချိနှင့်ပြောတော့ ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါ တို့ဆရာလိုက်မယ်မလား။ ကျုပ်မနက်လာခေါ်လှည့်မယ်လေ”
“ကျွန်တော်ပဲ လာပါ့မယ် ကိုစိုးသန်း။ ရွာဦးဘုန်းကြီးကျောင်းက အိမ်နဲ့ သိပ်မဝေးဘူးလေ”
“ကျုပ်လည်း ဆရာ့အိမ်ဘက်ကသွားရမှာပဲ။
ဝင်ခေါ်လှည့်ပါမယ်ဗျာ”
သူ့ဆီမှ တုံ့ပြန်စကားကိုပင်မစောင့်တော့ဘဲ တုံချိချိဖြင့် ပြေးထွက်သွားသော ကိုစိုးသန်းကို သက်မ,သာချမိပါတော့သည်။ သည်ရွာကလူတွေအကုန်လုံးက လုပ်ချင်တာလုပ်၊ ပြောချင်တာသာပြောနေကြတော့တာပဲ။
ထိုအချင်းအရာအတွက်လည်း သူ့ထံတွင်
တတ်နိုင်မှုက ဘာမှမရှိပါလေ။
–
–
–
အရုဏ်ဆွမ်း ဆိုတာနှင့် မနက်ဝေလီဝေလင်းထကပ်ရတာဖြစ်ပြီး ကူစရာရှိတာကူရန် နေရောင်မပျခင်ကတည်းက တစ်ရွာလုံး အလုပ်ရှုပ်ကြလေသည်။ မိုးမြင့်ကြယ်သည်လည်း သည်ရွာကို တာဝန်ကျတာ တစ်နှစ်ရှိပြီဖြစ်တာကြောင့် ရွာသူ၊ရွာသားများနှင့် တစ်သားတည်းဖြစ်ရန် လိုအပ်သည်များ ကူညီဖို့ စောနိုင်သမျှ စောစောထလိုက်သည်။
သို့သော် ကိုစိုးသန်းသည် သူစောင့်နေတာပဲ စော၍လားမသိ။ တော်တော်နှင့်ရောက်မလာ။ ရွာ၏မနက်ခင်းအပူချိန်သည် နေရောင်မကျသေး၍ အနည်းငယ်အေးသည့်အတွက် အနွေးထည် ခပ်ပါးပါးကို သူ့ကိုယ်ပေါ်ထပ်ထားရသည်။ အနွေးထည်အိတ်ထောင်များထဲ လက်များကို ထည့်၍ ကိုစိုးသန်းလာမည့်အခြမ်းသို့ သူလည်တဆန့်ဆန့်ဖြင့် မျှော်နေမိ၏။
“အ့!”
အနောက်ဖျားမှ တစ်စုံတစ်ရာသည် သူ့အား ဆောင့်ဆွဲလိုက်ပြီး ထိုအရာဆီသို့ သူ့ခန္ဓာကိုယ်လေး ဦးခိုက်မိသွားချေသည်။
သူ့ဦးခေါင်းထက်မှ အသက်ရှူသံပြင်းပြင်း။
သူ့နားရွက်ဖျားနားမှ နှလုံးခုန်သံမှန်မှန်။
သူ့လက်မောင်းတစ်ဝိုက်မှ အပူငွေ့နွေးနွေး။
ထိုအရာမှာ လူတစ်ယောက်သာဖြစ်၏။
မိုးမြင့်ကြယ် ဟန်ချက်ပြန်ထိန်းနိုင်သည်နှင့် ရုန်းဖယ်တော့ မည်သူမည်ဝါမှန်းမသိသူက ပို၍တင်းကြပ်လာခဲ့သည်။ သူ အသံတိတ်ရုန်းကန်နေရင်းမှ မရုန်းနိုင်သည်ကို အားမလိုအားမရဖြစ်နေသည့်အချိန် ရင်းနှီးသော ရယ်သံအချို့မှာ သူ့နားရွက်ဖျားအထက်မှ ပေါ်ပေါက်လာခဲ့သည်။
သည်ရယ်သံ။
ကန်သင်းရိုးနားက ရယ်သံ။
သူမျက်မှောင်ကြုတ်တိုင်း ထွက်တဲ့ရယ်သံ။
သူမမျှော်လင့်ထားသော ရယ်သံ။
မိုးမြင့်ကြယ် ရုတ်တရက် မတွန်းလှုပ်တော့ပေ။ ထိုရယ်သံ ပျောက်ရှသွားသည်အထိ ငြိမ်သက်နေရင်းမှ ဆန်တက်လာသော ဝမ်းနည်းမှုကိုလည်း တံတွေးတို့ဖြင့် ရောပြွန်ကာ မြိုချနေရ၏။ သူဘာကြောင့် ဝမ်းနည်းလာရတာလဲ။ သူဘာကြောင့် ငိုချင်ရတာလဲ။
ဘာကြောင့်မှန်းမသိသည့် စိုးထိတ်မှု၊ ဝမ်းနည်းမှု၊ မလိုအပ်မှု ပေါင်းများစွာက သူ့နောက်ကျောဆီသို့ အားနှင့်ပစ်တိုက်ကာ ပြေးဝင်လာသလို။
“ဒေါက်တာ…”
ကာဆီးထားသော တံတိုင်းဖြိုချခံလိုက်သည့်နှယ် မျက်မှန်ထူထူအောက်မှ မြစ်ရေစီးကြောင်းတစ်ခုသည် ဘယ်ဘက်မျက်ဝန်းကို မြစ်ဖျားခံလာခဲ့သည်။ မိုးမြင့်ကြယ် အသံမထွက်ဘဲ မျက်ရည်များကို ဖိသုတ်နေခဲ့သည့်အခိုက် လင်းလဲ့လာသော ဓာတ်မီးနှင့်အတူ သူ့မျက်နှာသည် အရင်ကအတိုင်း အကြမ်းပတမ်းဆန်စွာ ပင့်မ,ခံလိုက်ရ၏။
“ဒေါက်တာငိုနေတာလား။ ဘာလို့ ငိုနေတာလဲ…။ ကျုပ်စလိုက်တာ…”
ဘာလို့ ဆိုတဲ့စကားကို ဖြေဖို့ သူ့တွင် စကားလုံးတို့မရှိပါ။ ထိုအစား တစ်ဖက်လူဆီမှ လွတ်ထွက်ဖို့သာ ကြိုးစားနေမိ၏။
“မင်းစလို့ဝရင်လည်း ကျုပ်ကိုလွှတ်ပါတော့ ကိုဖြိုးလင်းစံ။ အရုဏ်ဆွမ်းကပ်ဖို့ သွားရဦးမယ်”
အားပျော့သွားသော သူ့ထံမှ ရုန်းထွက်ကာ ရွာဦးဘုန်းကြီးကျောင်းဆီသို့ အရောက်လှမ်းလိုက်သည်။ သို့သော် ထိုလူသည် သူ့ကို မည်သည့်အခါတွင်မှ တစ်ကြိမ်နှင့် လွှတ်ပေးဖူးသည်မရှိ။ အမြဲတမ်းပင် သူ့ဆော့စရာအရုပ်နှယ် သဘောထားလေသည်။
“ဘာဖြစ်လို့ငိုနေတာလဲလို့ ကျုပ်မေးနေတယ်လေ”
“ကျုပ်ဘာသာ ဘာလို့ငိုငို ခင်ဗျားအပူဘာပါသလဲ။ လွှတ်ပါဗျာ။ စချင်လည်း နောက်မှ စ,ပါတော့”
တိုးတိမ်သွားသော အသံကို နောက်ဆုံးအကြိမ် ညှစ်ထုတ်၍ ဆိုလိုက်သည်။ သူသည် မနက်ခင်းဝေလီဝေလင်းမှာပင် တစ်ပါးသူဟာသကို မရယ်နိုင်စွာ မျက်ရည်ကျခဲ့ရလေသည်။ ယောက်ျားတစ်ယောက်ရှေ့ ယောက်ျားတစ်ယောက် ငိုကြွေးသည်ကို ရှက်စရာဟု သတ်မှတ်မထားသည့် သူ့စိတ်ထဲ၌ ယခုအချိန် ကိန်းအောင်းနေသည်က ရှက်စိတ်များသာ ဖြစ်ပါလေသည်။
ဖြိုးလင်းစံ ဆိုသည့် နာမည်သုံးလုံးကပင် သူ့ကိုဗြောင်းဆန်သွားအောင် လုပ်လိုက်နိုင်တာ ဖြစ်ပါလိမ့်မည်။ ဘယ်လောက်တောင် ပျော့ညံ့လိုက်ပါသလဲ မိုးမြင့်ကြယ်။
•••
“ဒေါက်တာ ကျုပ်တို့ စကားပြောရအောင်”
အရုဏ်ဆွမ်းကပ်အပြီး အိမ်သို့အပြန်လမ်း၌ ကာဆီးကာ တစ်ဖက်လူက ဆိုလာချေသည်။ ထုံးစံအတိုင်း သူ့တုံ့ပြန်မှုကို မမေး။ ဇွတ်တရွတ် ခေါ်သွားသူနောက်သို့ သူဘာမှမပြောနိုင်စွာ လိုက်လာခဲ့ရတော့သည်။ တစ်နှစ်တာနီးပါး ပျောက်သွားခဲ့သော်လည်း ထိုဇွတ်တရွတ် အကြမ်းပတမ်းအကျင့်ကတော့ မပျောက်သွား။
“ဒေါက်တာ…”
ပုံမမှန်သော အသံကြောင့် သူလန့်ဖြန့်သွားရသည်။ ခပ်တောင့်တောင့်၊ မာဆတ်ဆတ်ဖြစ်နေတတ်သော တစ်ဖက်လူ အသံနှုန်းထားသည် ယခုတွင်တော့ ဖျော့တော့၍ တိုးညှင်းနေသည်။ သူ့လက်တစ်ဖက်တွင်လည်း ဘယ်ကရမှန်းမသိသည့် ပိတောက်ပန်းတစ်ခက်။
“ကျွန်တော် နားထောင်နေတယ်”
“ကျုပ်ကို စိတ်ဆိုးသလား”
မိုးမြင့်ကြယ် ဘာမှမပြောနိုင်ပါ။ မနက်ခင်းသည် အတိအလင်း လင်းသွားပြီဖြစ်၍ နေရောင်သည်ပင် တဖြည်းဖြည်း ပူပြင်းလာခဲ့သည်။ နွေနှင့်တူစွာ၊ အညာနှင့်တူစွာ ပူပြင်းနေသော ရာသီဥတုကိုသာ အကြည့်လွှဲထားလျက် သူ ဘာမှမပြောနိုင်။
“ကျုပ် ပျောက်သွားတာကို စိတ်ဆိုးသလား
ဖြေပါဦး ဒေါက်တာ”
ရုန်းကန်ခဲ့ရသော အချိန်ကာလတွေကို အနှီပုဂ္ဂိုလ်က ဘာကြောင့်များ ပြန်အစဖော်ချင်နေရတာလဲ။ သို့သော် သူ့ထံတွင် တတ်နိုင်သည်က တစ်ခုသာ။
ထပ်မံ၍ မပျော့ညံ့ဖို့သာ ဖြစ်သည်။ သူအနားသို့ တရွေ့ရွေ့တိုးကပ်လာသူကို မိုးမြင့်ကြယ် သက်ပြင်းချစွာကြည့်လိုက်ပြီး ရယ်သံခပ်တိုးတိုးကို ပေါ်လွင်စေလိုက်သည်။
“ခင်ဗျားနဲ့ ကျွန်တော်က ဘာဆိုင်တာမှတ်လို့ ကိုဖြိုးလင်းစံရယ်။ ဘာကြောင့် စိတ်ဆိုးရမှာလဲဗျာ။ မနက်ကကိစ္စကလည်း ကျွန်တော် အိမ်လွမ်းနာကျနေလို့ပါ။ တောင်းပန်ပါတယ်ဗျာ…”
“ဒါဆို ကျုပ်တို့ တစ်လှမ်းချင်းတိုးရအောင်”
အဆုံးအစမရှိသောစကားကြောင့် သူမှင်သက်သွားသည်။ လေပြည်ကြောင့် ယိမ်းနွဲ့သွားသော သစ်ရွက်လှုပ်သံများနှင့် ကျေးငှက်တွန်ကြူးသံတို့က သူတို့ပတ်ဝန်းကျင်ကို ကြီးစိုးထားသည်။ အသက်ရှူသံပြင်းပြင်းပြပြ နှစ်ခုက တစ်ခုနှင့်တစ်ခု တွန်းတိုက်နေကြပြီး ကာယကံရှင်နှစ်ကတော့ အကွာအဝေးတို့နီးကပ်စွာ ငြိမ်သက်နေကြသည်။
“ကျုပ်… ကျုပ် ဘာနဲ့တိုင်တည်ပြောရမလဲမသိလောက်အောင် စမ်းစစ်ခဲ့ပြီးပြီ။ ကျုပ်စိတ်ကစားတာမဟုတ်ဘူး။ လက်လွတ်စပယ်ပြောတာလည်း မဟုတ်ရဘူး ဒေါက်တာ။ ကျုပ် ခင်ဗျားကို ဒီစကားပြောလို့ ထိုးချင်ထိုး။ ရိုက်ချင်ရိုက်။ ကျုပ် ခင်ဗျားအပေါ်မှာ ပိတောက်နဲ့တူတဲ့ သစ္စာထားပြီး မြတ်နိုးတယ်။ ကျုပ် ခင်ဗျားနဲ့ ဆိုင်သူဖြစ်ချင်တယ်။
ဒါ…ဒါ…ကျုပ်ပြောချင်တဲ့စကား။”
“ခံစားချက်ဆိုတာ ကြာရင်မေ့သွားမဲ့အမျိုးပါ ကိုလင်းစံ။ ခင်ဗျားပြောနေတဲ့ ကျွန်တော်က ယောက်ျားဆိုတာကိုရော သိပါသေးရဲ့လား”
မိုးမြင့်ကြယ်ဘက်မှ ထွက်လာသောစကားကြောင့် ဖြိုးလင်းစံ ငြိမ်သက်သွားသည်။ ထို့နောက် သူ့လက်ဖဝါးနွေးနွေးအတွင်းမှ ပိတောက်ပန်းတစ်ခက်ကို ဒေါက်တာ၏ အနွေးအိတ်ထောင်ထဲ ဂရုတစိုက်ထည့်ပေးလိုက်ရင်း ခပ်ဖွဖွပြုံးလိုက်၏။
“ဒေါက်တာက ယောက်ျားဆိုတာကို ကျုပ်မသိဘဲနေပါ့မလား။ မမြင်ဘဲနေပါ့မလား။ ဒေါက်တာ့လက်ဖဝါးကိုသာ ကျုပ်ကို အပိုင်စားပေးမယ်ဆို ဘယ်လမ်းဖြစ်ဖြစ် ကျုပ်လျှောက်ရဲတယ်။ သက်သေပြရအောင် ခင်ဗျားလက်ဖဝါး ကျုပ်ကို အပိုင်စားပေးမလား”
ထိုအခါ၌ အသံထွက်သည်အထိ ရယ်လာသော မိုးမြင့်ကြယ်၏ ရယ်သံသည် သစ်ရွက်လှုပ်သံ၊ အသက်ရှူသံတို့တွန်းတိုက်သံ၊ ကျေးငှက်တွန်ကြူးသံတို့ထက် သာလွန်စွာ ထွက်ပေါ်လာခဲ့၏။ ထို့နောက် အိတ်ထောင်ထဲမှ ပိတောက်ပန်းခက်ကို ခပ်ဖွဖွ နမ်းရှုံ့ကာ ထပ်မံ ရယ်သောလိုက်ပြန်သည်။
“တော်တော်စကားတတ်တာပဲဗျ”
“ကျုပ်ကစကားမတတ်ဘူး။ ရင်ထဲရှိတာကိုပဲ ပြောတတ်တာ”
ထပ်မံရယ်လိုက်မိပြန်သည်။ အရုဏ်ဉီးမှ ဝမ်းနည်းမှုတို့နှင့် ဆတူသော ရယ်မောမှုတို့သည် သူ့ထံသို့ လေပြည်ပမာ ညှင်းသွဲ့စွာ တီးတိုးဝင်ရောက်လာခဲ့၏။
“ကျုပ်က ယောက်ျားမို့ တည်နိုင်မဲ့ကတိကိုပဲပေးတယ်။ ဒေါက်တာ့လက်ဖဝါးကို ကျုပ်ဆီပေးရင် ဒေါက်တာ နောင်တမရအောင် ကျုပ်ထိန်းသိမ်းပေးပါ့မယ်။ ဘယ်လိုလဲ ဒေါက်တာ။ ကျုပ်ကို ခင်ဗျားဆီမှာ တစ်သက်စာချုပ်နှောင်ဖို့ အဆင်ပြေရဲ့လား”
မိုးမြင့်ကြယ် သူ့အရှေ့မှ သူမတူစွာ စကားအရှည်ကြီးတွေပြော၊ စိတ်ရှည်နေသူကို ငဲ့ကြည့်မိသည်။ မျက်ဝန်းအိမ်နက်နက်ထဲသို့ ခုန်ဝင်လိုက်သည့်အခါ ထိုအရာ မျက်ဝန်းမဟုတ်။ ပြန်မထွက်နိုင်သောနွံသာဖြစ်ချေသည်။ သူပြန်ရုန်းမထွက်နိုင်သော်လည်း ချစ်ခြင်းမေတ္တာသည် အနာတရများသော လမ်းခရီးဖြစ်၏။ ဆယ်ကျော်သက်မဟုတ်သော သူ့တွင် ရဲတင်းမှုများက ငြိမ်ဝပ်သွားကြပြီသာ။ ထို့ကြောင့်….
“အချိန်ယူကြရအောင် ဖြည်းဖြည်းချင်း”
မိုးမြင့်ကြယ်၏ အပြုံးလှိုင်းလေးကမ်းကပ်ရာသည် လင်းစံ၏ နှုတ်ခမ်းပါးတို့ဖြစ်လေရာ အပြုံးလှိုင်းတို့မှာ သူတို့အကြား ခေါက်လာလူးလွင့်နေလေသည်။ သူ့၏လက်ဖျားတို့ပေါ်သို့ ထပ်လျက်တင်လာသော အပူငွေ့နွေးနွေးနှင့် လက်ဖဝါးတစ်ဖက်သည် မိုးမြင့်ကြယ်၏ နောက်ထပ်သက်တမ်းတစ်လျှောက်၌ ဆက်လက်တည်ရှိနေဦးမည်လား ဆိုတာ မသေချာပါ။
သို့သော်…အိတ်ထောင်ထဲမှ
ပိတောက်ဦးတို့သည်တော့ ပြင်ပတွင်ပါမက
သူ့ရင်တွင်းတွင်ပါ မွှေးပျံ့ထုံအီနေခဲ့လေပြီ။
ရယ်သံတို့လွှမ်းစေ။
ပိတောက်တို့မွှေးစေ။
မေတ္တာတို့…။
-ပြီးပါပြီ-
ဖတ်ရှုပေးသူများအားလုံးကို
ကျေးဇူးတင်ပါတယ်။
-72-