Chapter 3
အပိုင်း ၃ | အမဲသားစွပ်ပြုတ် ခေါက်ဆွဲ (၁)
ဒီနေ့က နှစ်သစ်ကူးအားလပ်ရက် နောက်ဆုံးရက်ဖြစ်သည်။
အမေနှင့် အဖေက အဘွားအိမ်သွားနှင့်ပြီးဖြစ်သည်။ သူမ၏ ဝမ်းကွဲအစ်ကိုကို ကူညီကာ ကုန်စုံဆိုင်ပိတ်ဖို့ ကုရှန်းရောက်သွားချိန်တွင် ဆယ်နာရီရှိပြီဖြစ်ကာ ဒီနေ့ညတွင် သူမသွားစရာ ရှိကြောင်းဆိုလိုက်သည်။ သူမဝမ်းကွဲအစ်ကိုဖြစ်သူမှာ အွန်လိုင်းဂိမ်း Sword 3 ကစားဖို့ကလွဲကာ 2-D လောကအကြောင်း နားမလည်သူဖြစ်သည်။ နေ့စဉ်နေ့တိုင်း သူမ အခန်းတံခါးပိတ်ကာ တစ်ကိုယ်တည်း ရေရွတ်နေသည်ကိုရော တံခါးမှဖြတ်ပြီးသည်နှင့် ဆော့ဖ်ဝဲမျိုးစုံကို သုံးကာ တီးလုံးမျိုးစုံ ချိန်ညှိနေသည်ကိုပါ နားမလည်နိုင်သူဖြစ်သည်။
ရှင်းပြဖို့ ကုရှန်း မကြိုးစားတော့ပဲ တနေ့တာ ရောင်းစာရင်း ပေါင်းဖို့သာ ပြင်ဆင်လိုက်သည်။
သူမ Cash Register ကို ဖွင့်လိုက်ချိန်မှာပင် ‘တင်း တောင်’ အသံမြည်ကာ ဝယ်သူရောက်လာပြီဖြစ်ကြောင်း အသံပေးလာသည်။ အနက်ရောင်ဂျက်ကတ်နှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသူ လူရွယ်တစ်ယောက်ဖြစ်သည်။ စကားတခွန်းမဆိုပဲ အထဲဝင်လာပြီးနောက် ဝယ်သူထပ်မဝင်လာအောင် တားထားသည့်အနေဖြင့် ဝမ်းကွဲအစ်ကိုရွှေ့ထားသည့် ပုံးတွေကို ကွေ့ပတ်လျှောက်လာသည်။ အနက်ရောင် လက်အိတ်ကို ဝတ်ဆင်ထားရာမှ ချွတ်လိုက်ပြီးနောက် အိတ်ကပ်ထဲ ထိုးထည့်ကာ ရေခဲသေတ္တာမှ ရေတပုလင်းထုတ်ယူလိုက်သည်။
ကုရှန်း အိမ်မှ ခေါ်လာတဲ့သူမခွေးက အားတက်သရော ပြေးသွားကာ ထိုလူစိမ်းအား စူးစမ်းလာသည်။
(T/N: အိမ်က ကိုယ့်သမီးလိုပဲ၊ လူစိမ်းကို သွားနှုတ်ဆက်တာ)
သူမ ဝမ်းကွဲအစ်ကိုဆီ လှမ်းကြည့်လိုက်သည်။ ပုံမှန်အားဖြင့် အနည်းဆုံး ပုံးခွံ ခုနစ်ခု၊ ရှစ်ခုရွှေ့ကာ တံခါးရှေ့ ပိတ်ထားလေ့ရှိပေမဲ့ ယခုတွင် သူမနှင့်စကားပြောနေတာမို့ နှစ်ခွံသာ ရွှေ့ရသေးသည်။ ထို့ကြောင့်ပင် ဒီလူက ဆိုင်ဖွင့်နေသေးသည်ဟု တွေးထင်ခဲ့ခြင်းဖြစ်ဟန်တူသည်။ ဝမ်းကွဲအစ်ကိုလဲ ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်ပြီး သူ့ထက်ခေါင်းတလုံးစာ ပိုမြင့်တဲ့ ထိုလူကို လှမ်းပြောလိုက်သည်။
“ကျွန်တော်တို့ ဆိုင်ပိတ်နေပြီ၊ မြန်မြန်လေးဝယ်ပြီး ရှင်းပေးလို့ ရမလား?”
သူစကားပြောပြီးနောက် လက်လှမ်းကာ ကုရှန်းရှေ့က Cash Register ကို ဘန်းခနဲ ပိတ်လိုက်သည်။
လူရွယ်က ခပ်မြန်မြန်ပူးပေါင်းလာကာ သူ့လက်ထဲက ပစ္စည်းတွေကို ကောင်တာပေါ်တင်လာသည်။ ရေတဘူး၊ ဘီစကစ်တထုပ်နှင့် ဒိန်ချဉ်တဘူး။ ဒိန်ချဉ်က အသီးမျိုးစုံပါဝင်သော အမျိုးအစားဖြစ်သည်။
“13.60 ယွမ်”
ဝမ်းကွဲအစ်ကိုက ကျသင့်ငွေကို အလျှင်အမြန်တွက်ချက်လိုက်ကာ ပိုက်ဆံလှမ်းယူပြီးနောက် ပိုငွေ ပြန်အမ်းလိုက်သည်။
ကုရှန်း ကောင်တာဘေးသွားကာ သူမခွေးကို ပွေ့ယူလိုက်ပြီး သစ်သီးစိတ်တွေ ပါဝင်သည့် ဒိန်ချဉ်သောက်ရတာ ကြိုက်သည့် ထိုလူရွယ်ကို စပ်စပ်စုစုကြည့်လိုက်သည်။ သန့်သန့်ပြန့်ပြန့်လူရွယ်တစ်ယောက်ဖြစ်ကာ သူ့မျက်လုံးတွေက အံ့အားသင့်ဖွယ် လှပပြီး အဖျားနားတွင် အနည်းငယ်ကော့တက်ကာ မျက်ပေတုံးဖြစ်သည်။
သူမဖတ်ခဲ့ဖူးသော ရုပ်လက္ခဏာဖတ် စာအုပ်ကို ကုရှန်း အမှတ်မထင် သတိရသွားသည်။ ဒီလိုမျက်ဝန်းမျိုးရှိသည့် ယောကျာ်းတွေက အာရုံစူးစိုက်မှုကောင်းလေ့ရှိပြီး သူတို့ တခုခုကိုလိုချင်ပြီဆိုလျှင် လွယ်လင့်တကူ အလျှော့မပေးတတ်ပေ။ ဒီအရာက အလုပ်ရော အချစ်ရေးတွင်ပါ မှန်လေ့ရှိကာ ထိုသူများကား ခေါင်းမာကာ ဇွဲကြီးလေ့ရှိသည်။
သူမ သူ့ကို ကြည့်နေချိန်တွင် သူက ပြန်အမ်းငွေကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်နေသည်။ သူရုတ်တရက် တစုံတခုကို တွေးမိသွားပုံရကာ မျက်မှောင် အနည်းငယ်ကြုတ်လိုက်ပြီး ထိုလှုပ်ရှားမှုက မျက်ဝန်းထောင့်တွေကို အပေါ်သို့ ပို၍ ကွေးညွတ်သွားစေသည်။
သူ့ကို အနီးကပ်စိုက်ကြည့်နေမိမှန်း သူမ သတိထားမိသွားပြီးနောက် ခပ်မြန်မြန်ခေါင်းငုံ့လိုက်ကာ သူမခွေးကို ပွတ်သပ်ပေးလိုက်သည်။
တံခါးက ‘တင်းတောင်’ အသံတချက်ပြုကာ ပွင့်သွားသည်။ ဝယ်သူကား ပြန်ထွက်သွားလေပြီ။
နေ့တိုင်း လူများစွာက ကုန်စုံဆိုင်ဆီ လာလေ့ရှိကာ ပြည်နယ်ဆေးရုံရှေ့ မျက်နှာချင်းဆိုင်တွင် တည်ရှိတာမို့ အလုပ်အကိုင်ကောင်းလှသည်။ သူမ ဆိုင်စောင့်နေချိန်တွင် တနေ့ထဲ၌ပင် ထိုကဲ့သို့ လူမျိုး မြောက်များစွာ ကြုံတွေ့ရလေ့ရှိသည်။ သို့သော် ဒီယောကျာ်းတစ်ယောက်ထဲကသာ လုံးဝဥဿုံ အသံချစ်သူဖြစ်သော ကုရှန်းကို ထိုသူ စကားပြောလာလျှင် မည်ကဲ့သို့ဖြစ်မည်နည်းဟု စူးစမ်းစေလိုလာသည်။
ဒါက အတွေးသက်သက်မျှသာဖြစ်သည်။
ကုရှန်း အိမ်ပြန်ရောက်ချိန်တွင် ကန်းရှောင်ရှင်းက QQ တွင် အွန်လိုင်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ကုရှန်း စကားစုအချို့ကို ခပ်မြန်မြန်ရိုက်ကာ ပို့လိုက်သည်။
“Y(^_^)Y ညသန်းခေါင်ကြီး မအိပ်သေးဘူး၊ နင် ဘယ်ကောင်ချောလေးကို စောင့်နေတာလဲ?”
ကန်းရှောင်ရှင်း – “^O^ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ ကျွဲ့မေရှယီ DaRen အသံအစမ်းကျင့်တာ နားထောင်နေတာ”
…..
ကုရှန်း – “Eh? နင် ကျွဲ့မေ ဆိုတဲ့ စာလုံးရိုက်ရင် စာလုံးက ပန်းရောင် ဖဲကြိုးနဲ့ ဘောင်ခတ်ထားတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ?”
ကန်းရှောင်ရှင်း – “……. ငါက ဒီတိုင်း DaRen ရဲ့ အမာခံပရိတ်သတ်သက်သက်ပဲ”
ကုရှန်း – “အို့၊ ဘယ်ချန်နယ်အခန်းလဲ?”
ကန်းရှောင်ရှင်း နံပါတ်အတွဲလိုက်ကို ခပ်မြန်မြန်ပို့လာကာ password ပါ ပို့လာသည်။
သူမ လာနေပြီဖြစ်ကြောင်း အတွင်းရှိ လူတွေကို သတင်းပို့ဖို့ ကုရှန်းမှာလိုက်သည်။ သို့သော် သူမ ချန်နယ်အခန်းထဲ ရောက်ချိန်တွင် အကြည့်တချက်ဝေ့ဝဲလိုက်ပေမဲ့ ကန်းရှောင်ရှင်း နာမည်ကို ရှာမတွေ့ပေ။ ထူးဆန်းသည်ဟု ခံစားရကာ ကန်းရှောင်ရှင်းထံ QQ message ပို့လိုက်သည်။
“နင် ဘယ်မှာလဲ? ငါ နင့်ကို မတွေ့ဘူး”
ကန်းရှောင်ရှင်း – “ရှူး… ငါ ခိုးနားထောင်နေတာ… ငါ ကျွဲ့မေနဲ့ QQ voice chat မှာ စကားပြောနေတာ၊ သူက ကွန်ပျူတာပေါ်မှာ အသံတည်းဖြတ်တဲ့ ပရိုဂရမ်ကို ဖွင့်ပြီး သူတို့အုပ်စု လူသစ်တွေအတွက် ထရိန်နင်ပေးတာကို ပေးနားထောင်နေတာ”
……
…..
ဒီပရော်ဖက်ရှင်နယ်စကားလုံးတွေနဲ့ သံသယဖြစ်ဖွယ် အပြုအမူတွေကို ကန်းရှောင်ရှင်း အလုံးစုံနားလည်နေသည်။
သူမ စိတ်လှုပ်ရှားစရာကိစ္စအချို့ လွတ်သွားသည်ဟု ကုရှန်း ခံစားလိုက်ရသည်။
ချန်နယ်အခန်းထဲတွင် လူအများကြီး မရှိပေ။ ကုရှန်း ခဏနားထောင်လိုက်ပြီးနောက် ဒါက ဝမ်းမေ၏ ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြစ်မှန်း နားလည်လိုက်ကာ လူသစ်တွေကို စာသား ဘယ်လို live လွှင့်ရမလဲ သင်ကြားနေခြင်းဖြစ်သည်။ ကျွဲ့မေရှယီက စိတ်အခြေအနေအလွန်ကောင်းနေပုံရကာ လူသစ်တွေကို အဖြစ်အပျက်တခုအပေါ် ဘယ်လို ခံစားချက်ထည့်ရမလဲ ကိုယ်တိုင်သင်ပေးနေသည်။
လူသစ်အချို့တွင် ဆိုးရွားတဲ့ မျက်နှာအကြောသေသည့်ပြဿနာရှိပုံရသည် – ဘယ်လိုပဲ စာသားရွတ်ရွတ်၊ စာသားထဲတွင် စိတ်ခံစားချက် မထည့်နိုင်ပေ။
ချန်နယ်လူစာရင်းတွင် ချန်းချင်းစီ မပါဝင်ချေ။
နောက်ဆုံးအကြိမ် ချန်းချင်းစီ စကရင်ပေါ် ချန်ထားခဲ့သော နှုတ်ဆက်စကားစုကို သူမ ပြန်တွေးလိုက်သည်။ ထိုစကားစုက အနည်းငယ် ထူးခြားနေသည်။
သူမခွေးက ပြန်လာကာ ခြေထောက်နား တိုးဝှေ့ပွတ်သပ်လာသည်။ ကုရှန်း ခပ်ပြုံးပြုံးဖြင့် ခွေးကို ပွေ့ယူလိုက်ကာ ခပ်တိုးတိုးဆိုလိုက်သည်။
“ချောကလက်၊ နင့်ဗိုက်က ဒီနေ့ည သိပ်မကောင်းသလိုပဲ၊ အဘွားက စတော်ဘယ်ရီတွေ ခိုးကျွေးလိုက်ပြန်ပြီလား..ဟမ်?”
သူမ သူ့ကို ခပ်တိုးတိုးဆိုနေချိန်တွင် ချောကလက်က ခပ်နောက်နောက်ဖြင့် သူမကိုယ်ပေါ် ရှေ့တိုးနောက်ဆုတ် ပွတ်သပ်နေသည်။
သူမနားကြပ်ထဲတွင် ခဏနားချိန်၌ စကားပြောနေသံကို ကြားနေရသည်။
“ဖုန်းယာစုန် ဒီလောကထဲဝင်လာတုန်းကလဲ သူ့ရဲ့ အမှတ်သညာက မျက်နှာကြောသေတာပဲ”
ကျွဲ့မေရှယီ သက်ပြင်းချလိုက်သည်။
“လူသစ်တွေကို မင်း ဘယ်လိုတောင် အဆဲခံရလဲ ပြောပြလိုက်ပါလား?”
ဖုန်းယာစုန် အသံထွက် ရယ်မောလိုက်သည်။
“ဒီဇာတ်ညွှန်းအတွက် ဘာခံစားချက်မှ ငါမကြားရဘူး၊ ကြည့်ရတာ ဘယ်သူမှ ကောင်မလေးတွေနဲ့ ချိန်းမတွေ့ဖူးဘူး ထင်တယ်”
သူစကားပြောချိန်တွင် အသံက အနည်းငယ် လှိုဏ်သံပါနေသည်။ ဉာဏ်ကောင်းသူဖြစ်တာနဲ့အညီ တန်းရယ်မောတော့သည်။
“ဟေး… ဘယ်သူက အသံဖမ်းပရိုဂရမ် မပိတ်ထားဘူးလဲ?”
ထိုစကားကြောင့် ကုရှန်း ရုတ်ချည်း ဝမ်းသာသွားသည်။
သူမ ကန်းရှောင်ရှင်းဆီ ခပ်မြန်မြန်စာရိုက်လိုက်သည်။
“လျို့ဝှက်ချက်ပေါ်သွားပြီလား? နင်တို့ ကိစ္စတော့ ပေါ်သွားပြီ”
ကန်းရှောင်ရှင်း – “………………….”
“ငါ ဒီနေ့ တခြားကွန်ပျူတာ သုံးနေတာ”
ကျွဲ့မေ ချောင်းဟန့်လိုက်သည်။
“ပိတ်လို့မရလို့”
“အိုး…”
ဖုန်းယာစုန်က စာကြောင်းတစ်ကြောင်းဖြင့် တုံ့ပြန်လာသည်။
“ငါက ဒီမှာ ဘယ်သူကများ သူတို့ကောင်မလေးကို တိတ်တိတ်လေး ပေးနားထောင်နေတာလဲလို့”
“ခံစားချက်ပေါ်အောင် လုပ်တဲ့အကြောင်း ပြောစမ်းပါ”
“ငါပြောပြမယ်၊ အရမ်းလွယ်တယ်”
ဖုန်းယာစုန် ဟာသဆိုလိုက်သည်။
“မင်းတို့ ခံစားချက်ပေါ်စေချင်ရင် ကောင်လေး၊ ကောင်မလေးတွေနဲ့ နည်းနည်းအရောဝင်လိုက်၊ မင်းတို့ ခံစားချက် တခါတည်း ရသွားမယ်၊ အထူးသဖြင့် အချစ်ခန်းတွေမှာ”
လူတိုင်းက သဘောတကျ နားထောင်နေကြသည်။
သို့သော် ကျွဲ့မေကမူ သက်ပြင်းရှည်တချက် ချလိုက်သည်။
“မင်း ပြောသလိုသာဆို ကောင်မလေးတခါမှ မထားဖူးတဲ့ ချန်းချင်းစီ ဘယ်လိုလုပ်လဲ? သူက စီးပွါးဖြစ်ကြော်ငြာသရုပ်ဆောင်နေတဲ့ အသံသရုပ်ဆောင်၊ အထူးသဖြင့် နှစ်လိုဖွယ်ကောင်းပြီး စိတ်ကူးယဉ်တတ်တဲ့ အမျိုးသားနေရာမှာ၊ နူးညံ့နွေးထွေးတဲ့ လူပုံစံမျိုး”
ကုရှန်းက ထိုအချိန်တွင် သူမခွေးကို ပွတ်သပ်ပေးနေကာ သူမလက် ချက်ချင်းရပ်သွားသည်။ သူမ မှားကြားသည်ဟုပင် ထင်လိုက်မိသည်။
ချန်းချင်းစီ ပါဝင်ခဲ့သော ဇာတ်ရုပ်တွေကြောင့် အကြိမ်ပေါင်းများစွာ သူမ စိတ်လှုပ်ရှားခဲ့ရပြီး အထူးသဖြင့် ‘ဖရဲသီးချန်နယ်’ မှထုတ်လွှင့်ခဲ့သော နာမည်ကြီးဒရာမာမှ ဖြစ်သည်။ ထိုကားကို သူမ မျက်စိစုံမှိတ်ကာ ‘ကြည့်’ ခဲ့ခြင်းဖြစ်ပြီး ထိုမှသာ အသံကို သူမ အာရုံစိုက် နားထောင်နိုင်ပြီး ဆွဲဆောင်မှုမရှိတဲ့ အမျိုးသားသရုပ်ဆောင်ကြောင့် အာရုံမထွေပြားမည်ဖြစ်သည်။
(T/N: တရုတ်ကားကြည့်တဲ့သူတချို့ဆို သိတယ်။ တချို့ကားတွေမှာ မင်းသား၊ မင်းသမီးက သူတို့နဂိုအသံကို မသုံးထားဘူး။ အဲ့လိုမျိုးကျရင် အသံသရုပ်ဆောင်ကို ဌားသုံးတာ၊ ချန်းချင်းစီက အဲ့လိုမျိုး အသံသရုပ်ဆောင်ပါ)
‘ထွီ’ ခနဲ တချက်နဲ့အတူ ဖုန်းယာစုန်က ပြန်ဖြေလာသည်။
“ငါတို့ ထိုပိုင်းအကြောင်း မေ့ထားလိုက်။ သူ့မှာ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး အလိုအလျှောက်နားလည်နိုင်စွမ်းရှိတယ်၊ သွားယှဉ်လို့ မရဘူး”
သူတို့ ထိုစကားပြောနေချိန်တွင် လူသစ် ၁၂ယောက်ခန့်မှာ အလွန်အမင်း စိတ်လှုပ်ရှားလာသည်။
သိသင့်သည်မှာ ယခုရှိနေသည့် လူတွေထဲမှ တဝက်ခန့်သည် ချန်းချင်းစီရဲ့ ဂုဏ်သတင်းကြောင့် အသံသရုပ်ဆောင်လောကထဲ ဝင်လာခြင်းဖြစ်သည်။
ဝမ်းမေ နာမည်ကို ခြောက်နှစ်၊ ခုနစ်နှစ်တိုင်အောင် ချစ်ခင်မြတ်နိုးကာ ကျော်ကြားစေသည်မှာ ချန်းချင်းစီကြောင့်ဖြစ်သည်။
အမှန်တကယ်တွင်တော့ ဝမ်းမေ၏ အနုပညာရှင်အများစုက မကြာခဏဆိုသလို စီးပွါးဖြစ်ကြေငြာတွေတွင် သရုပ်ဆောင်ရလေ့ရှိပြီး သူတို့က ဝမ်းမေ အသံသရုပ်ဆောင်အုပ်စုမှ ဖြစ်ကြောင်း ထုတ်ပြောလိုက်သည်နှင့် အသံသွင်း အင်ဂျင်နီယာတစ်ယောက်က ရယ်ရယ်မောမောဆိုလာလိမ့်မည်။
“ချန်းချင်းစီ ရှိနေတဲ့ အုပ်စုလား? အဲ့ကောင်လေးက အခုထိ အွန်လိုင်းလောကက အနားမယူသေးဘူးလား?”
နာမည်ကြီးအများစုမှာ အလွတ်တမ်းလုပ်ကိုင်သူများဖြစ်သည်။ အတိုချုပ်ပြောရရင် ဘယ်သူကများ အပျော်တမ်း အဖွဲ့အစည်းရဲ့ ချုပ်နှောင်မှုကို ခံချင်မည်နည်း။
ထိုကိစ္စအတွက် သူ့ရဲ့အကြောင်းပြချက်အပေါ် ကုရှန်း နားမလည်ပေ။ သို့သော် သူမရဲ့ တကိုယ်ရည်သုံးသပ်မှုအရ ထိုပိုင်း DaRen တွင် မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာရှိကာ သူ ဘယ်လောက် နာမည်ကြီးသည်ဖြစ်စေ မူလစတင်ရာနေရာကိုတော့ မမေ့ခြင်းဖြစ်သည်။
ကျွဲ့မေရှယီက သူ့အကြောင်းပြောလာပြီးတဲ့နောက် ချန်းချင်းစီ DaRen က တိုက်ရိုက် live သရုပ်ပြနိုင်မလားဟု လူတိုင်းက မေးမြန်းလာကြသည်။ နောက်ကျသည်အထိ နေရမည်ဆိုလျှင်တောင် သူတို့အားလုံး သေချာပေါက် စောင့်နိုင်ပေသည်။ ကျွဲ့မေ ချက်ချင်း ပြန်မဖြေပဲ တခုခုကို တွေးတောနေသည်။
ထိုအချိန်ခဏလေးတွင် သူမလဲ အဖြေကို စောင့်ရင်း ကုရှန်း အသက်ပင် မရှူရဲပေ။
ဘယ်လိုပဲပြောပြော အပျော်တမ်းအစီအစဉ်အတွက် သူ တိုက်ရိုက် live သရုပ်ပြသည်မှာ မရှိသလောက်ရှားသွားခဲ့လေပြီ။
“ရှန်းရှန်းမန်?”
ချန်းချင်းစီရဲ့ အသံက သူမနားကြပ်ထဲ ရုတ်တရက် ထွက်ပေါ်လာသည်။
သူမ လန့်သွားကာ နှလုံးခုန်သံ မြန်လာသည်။
သူ အမှန်တကယ် ရှိနေသည်။
ထို့ပြင် သူက ကျွဲ့မေရှယီရဲ့ မိုက်ကို ထပ်သုံးလာပြန်သည်။
သက်သောင့်သက်သာလေသံဖြင့် ချန်းချင်းစီက သူမကို မေးလာသည်။
“ကိုယ် မင်းကို မိုက်ကမ်းပေးလို့ ရမလား?”
အလွန်တရာ ယဉ်ကျေးကာ အလွန်တရာ မမျှော်လင့်ထားသလို အလွန်တရာ ရင်းနှီးဟန်လဲ ပေါက်သည်။
သူမက တကယ်ပဲ ဒီစကားကို တွေးလိုက်သလား? အခုမှ ဒီလောကထဲ စဝင်လာတဲ့ လူသစ်လို။
Admin တစ်ယောက်အနေနဲ့ လူတစ်ယောက်ကို မိုက်ကမ်းပေးပြီး မိုက်ပြန်ယူလိုက်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ရုတ်တရက်ကြီး ကိုယ်သဘောအကျဆုံး အသံက ထိုကဲ့သို့ မေးလာခဲ့ရင်…. ကုရှန်း နားရွက်တွေပင် အနည်းငယ် ပူနွေးလာရသည်။ သူမကိုယ်သူမ လှောင်လိုက်ပြီးနောက် စိတ်အေးလက်အေး ရှိဟန်ဖြင့် စာရိုက်လိုက်သည်။
“ရတာပေါ့”
သူမ အခက်အခဲမရှိ မိုက်ဖွင့်လိုက်သည်။
ခဏမျှ တိတ်ဆိတ်နေကာ နှစ်ယောက်လုံး စကားမဆိုချေ။
“အမှန်တော့ အချစ်ခန်းတွေက ရိုးရှင်းပါတယ်”
ချန်းချင်းစီက ပို၍ တည်တံ့လာပြီးနောက် သူ့အသံက အဓိပ္ပါယ်မဲ့လောက်အောင်ပင် နားထောင်ကောင်းလှသည်။
သူ ဘယ်လိုဇာတ်ဝင်ခန်းမျိုး သူမနှင့် သရုပ်ဆောင်ချင်မှန်း ကုရှန်း မသိပေ။
ဇာတ်ညွှန်းစာသားဘုတ် ကိုသာ သူမ ဂရုတစိုက် ကြည့်နေနိုင်သည်။ သူမတခြားအဖွဲ့တွေရဲ့ ဇာတ်ညွှန်းဖတ်ချိန်ကို စောင့်ကြည့်ရချိန်များတွင် စာသားအားလုံးကို ဇာတ်ညွှန်းစာသားဘုတ်ပေါ်တွင် ရေးထားနှင့်ပြီးဖြစ်ကာ ရေးထားသည်ကို ရွတ်ပြရန်သာ လိုသည်။
သို့သော် သူ သူမကို ဘာကြောင့်ရွေးမှန်း မသိချေ။
သို့ပေသိ လူသစ်တွေက လွဲလျှင် တခြားယောကျာ်းနှစ်ယောက်သာ ဒီထဲ ရှိနေတာမို့ သူ သူမနှင့်သာ သရုပ်ဆောင်၍ ရပေမည်။
ကုရှန်း သူမကိုယ်သူမ ဖြေရှင်းချက်ထုတ်လိုက်သည်။
သူမ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းရှိုက်မြဲပင်။ ကာဗာသီချင်းအဆိုတော်ကို ဇာတ်ညွှန်းစာသားရွတ်ခိုင်းသည်မှာ ရေထဲရှိ ဘဲကို ကုန်းပေါ် ထိုင်ခိုင်းသည်နှင့် တူပေသည်။
“ရှန်းရှန်းမန်?”
ချန်းချင်းစီက ရုတ်ခြည်းခေါ်လာသည်။
“Hm?”
ကုရှန်း စာသားဘုတ်ပေါ် အာရုံစိုက်လိုက်သည်။ မည်သည့်စာသားမျှ မရှိချေ။
“ကိုယ် မင်းကို ချစ်တယ်”
ရုတ်ခြည်းထွက်ပေါ်လာသော ဒိုင်ယာလော့စကား။
ရိုးရှင်းပြီး တဲ့တိုးဆန်ပေမဲ့ နင့်နဲတဲ့ နူးညံ့မှုအပြင် ကြင်နာမှုတို့ ရောပြွမ်းနေသည်။
သူမ ရုတ်တရက် ကြောင်အမ်းသွားသည်။ လုံးဝဥဿုံပင်။
“မင်း….”
သူ့အသံက အနည်းငယ်တိုးဖျော့သွားကာ မန္တန်ရွတ်ဆိုလိုက်သလို နွေးထွေးမှုတို့ဖြင့်….
“…..ကိုယ့်ကို ချစ်လား?”
“ငါ…”
သူမနှုတ်ခမ်းကိုက်လိုက်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ မည်သည့်ဇာတ်ညွှန်းစာသားမှ မရှိချေ။ သူမ ဘယ်လို ပြန်ဖြေရမလဲ?
ချစ်တယ်? မချစ်ဘူး? ချစ်လား မချစ်ဘူးလား?
စက္ကန့်အနည်းငယ်လောက် သူမ တစ်ယောက်တည်း လွန်ဆွဲနေကာ အဆုံးတွင် ဝန်ခံလိုက်သည်။
“သဘောကျ… ငါ နင့်အသံကို … သဘောကျတယ်”
“ကျေးဇူးတင်ပါတယ်”
ချန်းချင်းစီ ခပ်သာသာပြန်ဖြေသည်။
“ကိုယ် အခု မင်းဆီက မိုက် သိမ်းလိုက်မယ်”
သူ တချက်ရယ်မောလိုက်ကာ ပုံမှန်အသံ ပြန်ဖြစ်သွားသည်။
“ဒါက မင်းတို့ ရှိရမဲ့ ခံစားချက်ပဲ၊ များများလေ့ကျင့်၊ များများ ပြန်စဉ်းစား”
****
Note:
2-D လောက – အွန်လိုင်းလောကကို ပြောတာပါ။ Liz တို့ wattpad က ဆက်သွယ်တာ၊ fb ကဆက်သွယ်တာအားလုံးကို 2-D world လို့ ခေါ်ပါတယ်။ တကယ့်ပြင်ပဘဝကိုတော့ 3-D world လို့ ခေါ်ပါတယ်။
DaRen – ဆရာကြီးလို့ ခေါ်တာပါ။
QQ – Wechat လိုမျိုး ဆိုရှယ်မီဒီယာတခုပါ။
YY channel ကို အနီးစပ်ဆုံးရှင်းပြရရင် livestream နဲ့ zoom ပေါင်းထားသလိုမျိုးပဲ။ Zoom လိုမျိုး လူသုံးလေးယောက်၊ စကားပြောလို့ရမယ်၊ ပြီးရင် livestream လိုမျိုး ကြည့်နေတဲ့သူတွေက ကွန်မန့်ပေးလို့ရမယ်။ ဒါပေမဲ့ သူက password ခံထားလို့ရတော့ password မသိတဲ့သူတွေ ဝင်ကြည့်လို့မရဘူး။ ကိုယ်ရှင်းမှ ပိုရှုပ်သွားသလားမသိ။ 😂
နောက်တခုက ဒီဇာတ်လမ်းက Series ရိုက်ပြီးသားရှိပါတယ်။ Tencent က လွှင့်မှာပါ။ Missing You နာမည်နဲ့။ မင်းသားက TanJianCi နဲ့ မင်းသမီးက ZhouYe ပါ။ ဘယ်တော့ လွှင့်မလဲတော့ မသိသေးဘူး။
****