Chapter 4
အပိုင်း ၄ | အမဲသားစွပ်ပြုတ် ခေါက်ဆွဲ
ဘယ်ဘက်နားကြပ်ကို လက်တဖက်ဖြင့် ဖိရင်း တခြားတဖက်ဖြင့် သူမရင်ဘတ်ကို ကုရှန်း ပွတ်သပ်လိုက်သည်။
နှလုံးခုန်သံက အကြမ်းပတမ်းဖြစ်နေဆဲပင်။
ဘာမဟုတ်တဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်သည်ဟု သူမကို ပြော၍ မရပေ။ တစ်စုံတစ်ယောက်က သူမအား ‘ကိုယ်မင်းကို ချစ်တယ်’ ဟူသော စကားကို ပြောခဲ့သည်မှာ ဘဝတစ်လျှောက်လုံးတွင် ဤအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပြီး ရုတ်တရက် ပြောလာခြင်းလဲဖြစ်သည်။ ထိုမျှသာမက ပြောလာသည့်သူမှာ သူမအတွက် သဘောအကျဆုံး အသံဖြစ်နေပြန်သည်။ ခပ်ဖွဖွသက်ပြင်းချလိုက်ကာ သူမ မြည်တမ်းလိုက်သည်။
“ဘုရားရေ! ဘုရားရေ! ငါတော့ ရူးတော့မှာပဲ၊ ငါတော့ ရူးတော့မှာပဲ! စိတ်အေးအေးထား… စိတ်အေးအေးထား…”
အစောပိုင်းနှစ်တွေ၌ သူနှင့်အတူ အသံသွင်းခဲ့သော အမျိုးသမီး CV များအပေါ် ကုရှန်း လေးစားကြည်ညိုစိတ်ဖြစ်ပေါ်လာသည်။ ဇာတ်ညွှန်းစာသားအရ ချစ်စကား၊ ကြိုက်စကားများအပြင် ချစ်ခွင့်ပန်သည်များအား သူတို့ ဘယ်လိုများ သည်းခံနိုင်ခဲ့သလဲ။ သူမသာဆိုလျှင် တကိုယ်တော် အသံသွင်းထားသည်များကိုသာ ပို့နိုင်ပေလိမ့်မည်။ သူမ သေချာပေါက် လုံးဝဥဿုံ သူနှင့် တွဲဖက်ကာ တိုက်ရိုက် live အသံသွင်းနိုင်မည်မဟုတ်ပေ။
သိပ်မကြာခင်မှာပင် ချန်းချင်းစီ အပြင်ထွက်ဖို့ ရှိလာသည်။ ကျွဲ့မေ သု့ကို စကားအနည်းငယ်ဆိုကာ စနောက်လိုက်ပြီးနောက် သွားခွင့်ပြုလိုက်သည်။
****
နှစ်သစ်ကူးပြီးသည့်နောက် သူမ ကျောင်းပြန်လာချိန်က နှစ်ပတ်တာမျှ ကြာရှည်သော နောက်ဆုံးဆင့် စာမေးပွဲအချိန်ဖြစ်သည်။
ကန်းရှောင်ရှင်းရော ကုရှန်းပါ တခြားကိစ္စများဖြင့် အလုပ်မများရဲပဲ နှစ်ပတ်ကြာပြီးမှသာ တွင်းအောင်းနေရာမှ ပြန်ထွက်လာမည်ဖြစ်ကြောင်း သဘောတူလိုက်သည်။ နေ့စဉ်နေ့တိုင်း သူတို့နှစ်ယောက်လုပ်သော အလုပ်မှာ စာလေ့လာပြီး စာမေးပွဲဖြေခြင်းနှင့် စာလေ့လာပြီး စာမေးပွဲဖြေခြင်းသာဖြစ်သည်။ ထိုပုံစံဖြင့် ဆယ့်လေးရက်လုံး ဖြတ်ကျော်လာကာ နောက်ဆုံးနေ့တွင် သူတို့ အဆောင်ကို ပြန်ရောက်လာသည်။ နောက်ဆုံးတွင် သူတို့ဘဝထဲ အားသစ်ပြန်လောင်းလိုက်သည်ဟု ခံစားရကာ သေရွာမှ ပြန်ရှင်လာသလိုပင်။
နှစ်ရာကျော်မျှရှိသော ဖန်တွေကို ဂရုစိုက်ဖို့ ကုရှန်း သူမ၏ Weibo ထဲ ဝင်လိုက်သည်။
လူမသိသော အညတရကာဗာအဆိုတော်ဖြစ်တာနှင့်အညီ နှစ်နှစ်ကြာပြီးမှသာ သူမ Weibo အကောင့်ကို Follow သူ ဤမျှ ရှိလာခြင်းဖြစ်သည်။ သို့သော် နှစ်ပတ်တာ သူမ အွန်လိုင်းမတက်ပြီးနောက် သူမတွင် ထပ်တိုး Follower နှစ်ထောင်ကျော်ရှိနေကြောင်း သတိပေးစာရလိုက်သည်။
ဒါဘယ်လိုဖြစ်တာလဲ? Sina က ရုတ်တရက် စိတ်ကောင်းဝင်ကာ သူမထံ ဇွန်ဘီးဖန်များ ပို့လိုက်လေသလား။
စိုးရိမ်စွာ စိတ်လှုပ်ရှားလာရပြီး ကုရှန်း နိုတီအားဖွင့်ကာ တစ်ခုပြီးတစ်ခု အသေအချာ စစ်ဆေးလိုက်သည်။ သူမ နောက်ဆုံးနိုတီထံ ရောက်ချိန်တွင်တော့ ထိတ်လန့်သွားရသည်။
ချန်းချင်းစီ။
သူမ မှားကြည့်မည်ကို စိုးရိမ်ကာ နာမည်ပေါ်တွင် မောက်စ်ထောက်လိုက်သည်။ ထိုနာမည်တွင် အဝါရောင် ‘V’ သင်္ကေတ ရှိနေသည်။ သူမ အကြည့်မမှား။ ဒါက သေချာပေါက် ထိုပိုင်း DaRen ပင်။
သူမကို မည်သည့်နေ့က သူငယ်ချင်းအဖြစ် သူ add ခဲ့မှန်း မသိချေ။ သူမ ငါးရက်တိတိ အွန်လိုင်းမတက်ဖြစ်ခဲ့။
ကုရှန်း အကြောင်းပြချက်များစွာ စဉ်းစားလိုက်ပေမဲ့ အဆုံးထိအောင် သူ ရုတ်တရက် သူမကို ဘာလို့ follow လုပ်လာမှန်း စဉ်းစားမရပေ။ သူ့ Weibo ကို သူမ follow လုပ်ခဲ့သည်မှာ ကြာမြင့်လှပြီးဖြစ်ကာ သူ့ဘက်က တစ်စုံတစ်ယောက်ကို စတင် follow လုပ်ခြင်းမှာ ရှားပါးမှန်း သူမ သိသည်။ အနားယူနှင့်ပြီးဖြစ်သော အစောပိုင်းကာလများမှ CV အနည်းအကျဉ်း၊ ဇာတ်ညွှန်းရေးသူ၊ စီစဉ်သူနှင့် အဆိုတော်အချို့မှ လွဲကာ သူနှင့် ရင်းနှီးသူများပင် အကောင့်ထဲ မရှိပေ။
သို့သော် သူ့အတွေးကို သူမ နားလည်သည်။ ဖန်အများစုမှာ အတင်းအဖျင်းတူးဖော်ရာတွင် ဝါသနာပါကြပြီး သူ့တကိုယ်ရည်အချက်အလက်များ မပေါက်ကြားစေရန်အလို့ဌာ 2D လောကနှင့် 3D လောကကို အပြည့်အဝ ခွဲခြားထားခြင်းဖြစ်သည်။
ထို့ကြောင့်…. ယခုအချိန်ထိတိုင်အောင် သူ Follow လုပ်ခဲ့သည့် အကောင့်အရေအတွက်မှာ တစ်ရာမကျော်သည့်အပြင် တစ်စုံတစ်ယောက်ကို သူနောက်ဆုံး add ခဲ့သည်မှာ တစ်နှစ်ကျော်ကြာလေပြီ။
ဒီတော့ ဒါတွေက ဇွန်ဘီးဖန်တွေ မဟုတ်ပေ။ သိသိသာသာကို ဒီလူတွေက ထိုပိုင်း DaRen ၏ အမာခံပရိတ်သတ်များဖြစ်သည်။
သူမ၏ ကွန်ပျူတာ စကရင်ကို ကုရှန်း ကြောင်တောင်တောင် ကြည့်နေမိသည်။
‘ပေါင်လုံးအား ပွေ့ဖက်ခြင်း’ ၏ အားအင်ကိုညသုမ အပြည့်အဝ ခံစားနေရသည်။ သူ လုပ်သမျှက သူမအား follow လိုက်ခြင်း။ သူ့ဘက်မှ မည်သည့်စကားမှ မဆိုသလို မည်သည့်post ကိုမှ Re-tweet မလုပ်ထားသည့်တိုင်အောင် သူက မင်းကို ဖန် 2000 ယူဆောင်ပေးလိမ့်မည်။ ထိုမျှသာမက ထိုအရေအတွက်က အရူးအမူး ထပ်တိုးနေဆဲဖြစ်သည်။
သူမနောက်တွင် ကန်းရှောင်ရှင်းက ဖရုံစေ့ကို ပျော်ပျော်ပါးပါးစားနေကာ အမှိုက်ခြင်းကိုပင် သူမရှေ့ ဆွဲယူလိုက်သေးသည်။ သူမလုပ်နေသောကိစ္စကို အာရုံစိုက်ကာ ကြိုးစားပမ်းစား လုပ်ဆောင်နေသည်။
“နင် ရုတ်တရက်ကြီး ဘာလို့ တိတ်သွားတာလဲ?”
ကုရှန်း သူမ မေးသည်ကို မကြားချေ။
ပဟေဠိဖြစ်စွာပင် ကန်းရှောင်ရှင်း ခေါင်းတိုးဝင်လာကာ ကြည့်လိုက်သည်။
“အိုးမိုင်ဂေါ့!! နင့်ကို ထိုပိုင်း follow လုပ်ထားတယ်!!”
‘ထိုပိုင်း’ ဟူသော စကားလုံးနှစ်လုံးကြောင့် ကုရှန်း အသိပြန်ဝင်လာပြီး လှည့်ကြည့်လာသည်။
“အင်း…. သူ တစ်ယောက်ယောက်ကို အသစ် မ add တာ တစ်နှစ်ကျော်ပြီ။ သူ့ဖန်တွေ ငါ့ကို လာရိုက်မှာ စိတ်ပူနေပြီ”
“အာ… ငါထင်တာ နင် ကွန်မန့်တွေ ပိတ်ထားသင့်တယ်၊ ဒါမှ တချို့လူတွေ ရှာလကာရည်သောက်ပြီး ဆိုးဆိုးဝါးဝါး လာမမန့်နိုင်မှာ”
ကုရှန်း သဘောတူလိုက်ကာ သူမပို့စ်တွင် ကွန်မန့်မမန့်နိုင်အောင် ပိတ်ထားလိုက်သည်။
သူမ တချက်တွေးလိုက်ကာ နေမထိထိုင်မသာဖြစ်စွာဖြင့် သူမ Weibo တခုလုံးတွင် ချန်းချင်းစီ Dada ရဲ့ မျက်လုံးထဲ၌ အကျိုးမရှိပဲ မျကိစိဆံပင်မွှေးစူးစရာများ တင်ထားမိသလား ပြန်စစ်လိုက်သည်။
ကံကောင်းစွာနှင့်ပင် သူမက ပါးစပ်ဖွာတတ်သူမဟုတ်ပဲ စာတင်သည်မှာ ရှားလှသည်။ သူမ၏ ပို့စ်အများစုမှာ ဒီနေ့ သူမ ဘာစားခဲ့ပြီး မနက်ဖြန် ဘာစားမည်ဖြစ်ကာ အနာဂါတ်တွင် စားလိုသည့် စားစရာများအကြောင်းသာဖြစ်သည်။
အစားသရဲဖြစ်သည်မှာ သံသယဝင်စရာမလို။ သို့သော် အနည်းဆုံးတော့ သူမက ကိုယ်ပိုင်အတွေးအမြင်ရှိကာ ရိုးသားဖြောင့်မတ်သည့် အစားသရဲဖြစ်ကာ ခပ်တုံးတုံးမဟုတ်ပေ။
ကုရှန်း သက်ပြင်းတချက်ချလိုက်ကာ သူမရဲ့ private message ထဲ ဝင်ကြည့်လိုက်သည်။ ထိုထဲမှ တစ်ခုမှာ သူမကိုယ်ပိုင်သီချင်းအဖွဲ့အစည်း၏ အသံပိုင်းဆိုင်ရာ ခေါင်းဆောင်ထံမှ ဖြစ်သည်။ ချုံ့ပြောရလျှင် အဖွဲ့အစည်း လူသိများစေဖို့အတွက် သူက သူမအား အသိအမှတ်ပြု အဝါရောင် ‘V’ သင်္ကေတ လျှောက်စေလိုခြင်းဖြစ်သည်။
ဒီလူမသိသူမသိကုရှန်းမှာ စတင်ဖွဲ့စည်းခဲ့သည်မှာ တလမျှသာ ရှိသေးသော အဖွဲ့အစည်း၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ အသံနှင့် စာသားဌာနတွင် လူတစ်ချို့ရှိကာ ထုတ်လုပ်မှုပိုင်းနှင့် ဒီဇိုင်းပိုင်းတွင် တစ်ယောက်စီရှိပြီး ပြင်ပဆက်ဆံရေးအတွက်ကိုမူ အဖွဲ့အစည်း၏ ဥက္ကဌ ကိုယ်တိုင် တာဝန်ယူထားသည်။
ကုရှန်းက နာမည်ကြီး သီချင်းရေးသူနှစ်ယောက်နှင့် ကံကောင်းထောက်မစွာ အလုပ်တွဲလုပ်ဖူးတာမို့ ဥက္ကဌမျက်လုံးထဲတွင် သူမက တန်ဖိုးရှိသည့် ဆုလာဘ်ပမာဖြစ်သည်။
ချန်းချင်းစီကြောင့် ဖြစ်ပေါ်လာသော အခြေအနေအားတွေးတောနေသည်ကို ရပ်တန့်လိုက်ကာ ‘V’ သင်္ကေတ လျှောက်ထားခြင်းအတွက် ဖောင်ဖြည့်ဖို့ အာရုံစိုက်လိုက်သည်။ အားလုံးဖြည့်ပြီးချိန်တွင် အဖွဲ့အစည်း၏ ဥက္ကဌ သူမအားပေးထားသော တံဆိပ်ခတ်နှိပ်ထားသည့် စာရွက်ကို တွဲကာ ဖောင်ပို့လိုက်သည်။
Web စာမျက်နှာက နောက်တရွက်သို့ ကူးပြောင်းသွားပြီး ‘V’ သင်္ကေတရှိနှင့်ပြီးဖြစ်သော သူငယ်ချင်းများထံ request ပို့ကာ ကူညီအတည်ပြုချက် တောင်းနိုင်ကြောင်း ဖော်ပြထားသည်။
တကယ်လို့ ဒီသူငယ်ချင်းတွေသာ ကူညီအတည်ပြုပေးလျှင် သင်္ကေတရမည့်အခွင့်အရေး ပိုများပေသည်။
Mm…
ကျိုးကြောင်းဆီလျော်မှုရှိကြောင်း ကုရှန်းတွေးလိုက်သည်။
System မှ အကြံပြုလာသော သူငယ်ချင်းစာရင်းကို မျက်လုံး ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံးက သူမ အရင်က သိနှင့်ပြီးသား လူများဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် သူမ ရွေးလိုက်ကာ နောက်ဆုံးတွင် တစ်ယောက်သာ လိုတော့သည်။ hmm… တစ်ယောက်သာ လိုနေခြင်း။
သူမ ‘ချန်းချင်းစီ’ ဟူသောနာမည်ကို ကြည့်လိုက်ကာ အချိန်အတော်ကြာအထိ ဝေခွဲမရဖြစ်နေမိသည်။
ဖိတ်ခေါ်ရမလား… မဖိတ်ခေါ်ရဘူးလား..
****
သူ သူမကို follow ပြီးမှတော့ reference အနေနဲ့ ထည့်ခြင်းကို စိတ်မရှိလောက်ဘူးမလား။
စက္ကန့်အနည်းငယ်လောက် တိတ်တဆိတ် တကိုယ်တည်း ငြင်းလိုက်ပြီးနောက် အံကြိတ်ကာ သူ့ကို ရွေးလိုက်သည်။
သူမ ဖိတ်ခေါ်ချက်ပို့ပြီးတဲ့နောက် စိတ်ပူပန်လာသည်။ ထိုပိုင်းအတွက် စိတ်အနှောက်အယှက်များ ဖြစ်သွားလေမလား?
သို့သော် သူမကိုယ်သူမ ပြန်တွေးကာ စိတ်ဒုက္ခမပေးနိုင်ခင်မှာပင် မက်ဆေ့ချ် တစ်စောင်ဝင်လာခဲ့သည်။
ဖွင့်ဖတ်လိုက်ချိန်တွင် ချန်းချင်းစီရဲ့ အတည်ပြုပေးခြင်း မက်ဆေ့ချ်ဖြစ်နေခဲ့သည်။ ထို့ပြင် ထို မက်ဆေ့ချ်ရဲ့နောက်တွင် နောက်ထပ်စာတစ်ကြောင်းပါ ပါသေးသည်။
‘မင်း ကိုယ့်ကို ပထမဆုံး ပို့တဲ့ မက်ဆေ့ချ်က အတည်ပြုဖို့ အကူအညီတောင်းတဲ့ မက်ဆေ့ချ်ဖြစ်မယ်မှန်း တခါမှ မတွေးဖူးဘူး’
ထိုစကားကို မြင်ပြီး ကုရှန်း ပို၍ပင် ရှက်ရွံ့သွားကာ စာလုံးအချို့ကို ရုတ်ခြည်းရိုက်လိုက်သည်။
‘ကျေးဇူး အများကြီး၊ အများကြီးတင်ပါတယ် ချန်းချင်းစီ Dada’
ချန်းချင်းစီ – ‘ကိစ္စမရှိပါဘူး’
ကုရှန်း တုံ့ဆိုင်းသွားကာ ခဏမျှ တွေးတောပြီးနောက် စာပြန်လိုက်သည်။
‘DaRen, အရင်က အမဲသားစွပ်ပြုတ်ခေါက်ဆွဲ စားဖူးလား?’
ချန်းချင်းစီ ပြန်မဖြေပေ။
သူမအနည်းငယ် စိတ်အားလျော့သွားပေမဲ့ သူ စိတ်ဝင်စားသည်ကို ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။ မြန်မြန်ဆန်ဆန်ပင် သူမ အကောင်းဆုံးချက်နိုင်သည့်ဟင်းကို ချရေးလိုက်သည်။
‘အမဲသားအတွက်က ခပ်သေးသေးလှီးပြီး စင်အောင်ဆေး၊ ပြီးရင် မသန့်တာတွေ ဖယ်ထုတ်ဖို့ ရေနွေးဆူဆူထဲ ထည့်ပြုတ်၊ ခေါက်ဆွဲ လက်တဆုပ်စာကို ပြုတ်ပြီးသား ရေအေးထဲ ထည့်၊ ပြီးရင် အိုးထဲကို ရေထည့်ပြီး အမဲသား၊ ဂုံး၊ ဂျင်းနဲ့ ကရဝေးရွက်ထည့်၊ မီးပြင်းပြင်းနဲ့ ဆူအောင်တည်။ အမြုပ်တွေ ထွက်လာရင် ခပ်ပြီး ဖယ်ပစ်။ အနံ့မနံအောင် ဟင်းချက်အရက်နည်းနည်းထည့်၊ ဆူလာပြီဆိုရင် မီးလျှော့ပြီး မီးအေးအေးနဲ့ ဖြည်းဖြည်းချင်းချက်။ နှစ်နာရီလောက်ကြာရင် ဆားနည်းနည်းထည့်ပြီး မြည်းကြည့်။ နောက်ဆုံးကျရင် အမဲသားကို ခပ်ပြီး ဟင်းချိုထဲထည့်။ ဟင်းချိုမှုန့်ထည့်ပြီးရင် ၅မိနစ်လောက်ချက်လိုက်။
ခေါက်ဆွဲထည့်ပြီး တချက်နှစ်ချက်ပေးဆူပြီးရင် စားလို့ ရပြီ
အိုး၊ နံနံပင် ထည့်ဖို့ မမေ့နဲ့နော်။ အရမ်းစားကောင်းတယ်။ အကြိုက်ဆုံးဟင်းချိုပဲ’
မက်ဆေ့ချ်ပို့ပြီးတဲ့နောက် ကုရှန်းတွေးလိုက်သည်။ သူ့ကို ပြန်ကျေးဇူးဆပ်ပြီးပြီလို့ ယူဆလို့ရသည်။
အချိန်အတော်ကြာသည်အထိ ချန်းချင်းစီ စာမပြန်လာသည်မို့ ထိုပိုင်း DaRen အလုပ်များနေခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ ကွန်ပျူတာပိတ်ကာ ထမင်းသွားစားဖို့ ပြင်နေချိန်တွင် သူ့ထံမှ မက်ဆေ့ချ်ပြန်ဝင်လာသည်။
ချန်းချင်းစီ – ‘ဒီဟင်းက ကိုယ် တကယ်ကောင်းကောင်းချက်တတ်တဲ့ ဟင်းတမျိုးပဲ’
ကုရှန်း – ‘…….’
ချန်းချင်းစီ – ‘Mm-hmm, တကယ်ပြောတာ’
ကုရှန်း – ‘အစက ငါ နင့်ကို ကျေးဇူးပြန်ဆပ်ချင်လို့၊ ဒါဆို နောက်ထပ်ဟင်းချက်နည်း နည်းနည်းထပ်စုပြီး ပြန်ကြိုးစားရမှာပေါ့’
ချန်းချင်းစီ – ‘ကျေးဇူးဆပ်မယ်?’
ကုရှန်း – ‘Y(^_^)Y ဒါပေါ့။ ထိုပိုင်း DaRen ကို ငါ့အတွက် အတည်ပြုဖို့ ဒုက္ခပေးမိတာ၊ ကျိန်းသေပေါက် ကျေးဇူးပြန်ဆပ်ရမှာပေါ့’
ချန်းချင်းစီ – ‘မင်းတကယ်ပဲ ကိုယ့်ကို ကျေးဇူးဆပ်ချင်တာလား?’
သူမထံ ပြန်မေးလာတဲ့ သူ့မေးခွန်းကြောင့် ကုရှန်း နှလုံးသားတစ်ခုလုံး ဒရမ်တီးသလို နှလုံးခုန်မြန်လာသည်။ DaRen က ထူးဆန်းပြီး ခက်ခဲတဲ့ တောင်းဆိုမှုတွေတော့ မလုပ်လောက်ဘူးမလား? သို့သော် ကုရှန်း DaRen ၏ ကိုယ်ကျင့်တရားအပေါ် ယုံကြည်မှု အပြည့်အဝရှိသည်မို့ အံကြိတ်ကာ ပြန်စာပို့လိုက်သည်။
‘Uh huh! ကျိန်းသေပေါ့! (လက်သီးဆုပ်လျက်)’
ချန်းချင်းစီ – ‘ကိုယ့်ကို သီချင်းဆိုပြ’
***
Note
Weibo – Twitter နဲ့ ပုံစံတူပြီး Twitter မှာ သုံးတဲ့ function ပုံစံမျိုး သုံးပါတယ်။ နာမည်အပြည့်အစုံက Sina Weibo ပါ။ Weibo လို့ပဲ သုံးတာများပါတယ်။ တရုတ်မှာ အသုံးအများဆုံး ဆိုရှယ်မီဒီယာပါ။
အဝါရောင် ‘V’ သင်္ကေတ – facebook က ပေးတဲ့ အပြာရောင် အမှန်ခြစ်နဲ့ သဘောတူတူပါပဲ။
ရှာလကာရည်သောက် – ဒါတော့ ရင်းနှီးမယ် ထင်ပါတယ်။ သဝန်တိုတာ၊ မနာလိုတာကို ပြောတာပါ။
***
အပေါ်က ပြောထားတဲ့ ဟင်းပါ။
***