(Chapter 1)
” ကိုကိုတို့ လမ်းခွဲရအောင် ။ “
မေ့မရတဲ့ ဗယ်လင်တိုင်းဒေးလေးမှာပေါ့။ ထိုနေ့က မျက်နှာညိုးလေးနှင့် ဆိုလာခဲ့သော အနှီလူသား၏ စကားတစ်ခွန်းကို မှတ်မိနေပါသေးသည်။ ထိုစကားလေးတစ်ခွန်းက ကျွန်တော့်၏ ရင်ဘတ်တစ်ခုလုံးကို အစိတ်စိတ်အမြွာမြွာဆုတ်ဖြဲဖို့လုံလောက်နေပါ၏ ။ အင်မတန်ချစ်ရတဲ့သူအဖို့ သူ၏နှလုံးသားဟာ ကုန်းကောက်စရာမရှိအောင် ကြေကွဲရလေသည်။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အဆိုးဆုံးနဲ့ အနာကျင်ရဆုံးနေ့လို့ပြောရင်လည်းမှားမည်မထင်။ ထိုနေ့က ကျွန်တော်မှလွဲ၍ ကျန်သောသူတွေအားလုံးဟာ အပြုံးကိုယ်စီ အနမ်းကိုယ်စီ အပျော်ကိုယ်စီတွေနဲ့ပါလား။
ယင်းအချင်းအရာကို ပြန်လည်တွေးတောရင်း ကျွန်တော်အတွေးနယ်ချဲ့နေမိသည်။ ဝရန်တာရှိပြတင်းပေါက်ဘောင်၌ ကိုယ်ကိုမှီ၍လက်တစ်ဖက်မှ ဖန်အိုးဖြူတစ်လုံးကိုပိုက်ထားပြီး နောက်လက်တစ်ဖက်မှ ဆေးလိပ်တစ်လိပ်ကိုဖွာကာရှိုက်နေခဲ့၏။
အရင်တုန်းက ဆေးပေါ့လိပ်တောင်မသောက်တတ်ခဲ့ဖူးသည့် ကျွန်တော့်ကို ထိုလူဆိုးကြီးကပဲ သောက်တတ်အောင်သင်ပေးသွားခဲ့၏။
ကျွန်တော်အရာအားလုံးကို ခဏတာ မေ့ပျောက်ဖို့အတွက် မျက်လုံးကိုမှိတ်လိုက်ပြီးတဲ့နောက်ကောင်းကင်ကြီးကိုမော့လိုက်သည်။ ဘယ်လောက်တောင်လတ်ဆတ်လွန်းတဲ့ လေထုလေးပါလိမ့်။ နှုတ်ခမ်းနားမှ ဆေးလိပ်ကို တစ်ကာ တစ်ဝကြီးရှူသွင်းလိုက်ပြီးနောက် နူးညံ့ဖြည်းညှင်းစွာပဲ ရှူထုတ်လိုက်သည်။ဆေးလိပ်ကြောင့်ထွက်ပေါ်လာသော အခိုးအငွေ့တွေက ကျွန်တော့်ရှေ့ကမြင်ကွင်းတစ်ချို့ကိုဖုံးကွယ်နေပြီး တစ်ချို့အငွေ့အသက်တွေကတော့ ကျွန်တော့်နားရွက်နားကို လေစိုင်တွေနှင့်အတူ ကျီစယ်ဖြတ်ပြေးသွားလေ့ရှိသည်။ ထိုအရာကိုမြင်ပြီး အကြောင်းအရင်းမရှိပဲ ကျွန်တော်ခပ်ဖွဖွလေးရယ်မိလိုက်သေး၏။လေစိုင်တွေကလည်းကျီစားတတ်ကြသေးသည်လား။ ကျွန်တော်အဲ့တာကိုတွေးရင်းခဏလောက်ဆက်ရယ်နေမိသည်။
အချိန်ကားညနေစောင်းနေလေပြီ။ မကြာမီက အနည်းငယ်သာယာလှပနေသော ကောင်းကင်ကြီးလည်း မှောင်မှိက်စပြုလာတော့သည်။ သို့သော်ဝရန်တာ၌ လူငယ်လေးတစ်ယောက်ဟာ လှုပ်ရှားပြောင်းလဲခြင်းမရှိပဲ အပြင်ဘက်ကမ္ဘာကြီးကိုသာ ဆက်လက်ငေးမျှော်နေခဲ့သည်။
* တီ တီ (ဖုန်းမြည်သံ)
” ဟယ်လို “
” ဟယ်လို ။ ပင်းပင်းရေ။ မင်း လျှံမင်း နဲ့ပတ်သက်ပြီး ဘာမှမကြားဘူးလား။ “
” ဟင့်အင်း အစ်ကို ။ ကျွန်တော်သူ့ကိုဖုန်းဆက်တိုက်ခေါ်ပေမဲ့ သူတစ်ချက်မှမကိုင်ဘူး။ “
” အာ ခက်တော့ခက်တာပဲ။ အခုသူ့မိဘတွေစိတ်ပူနေကြတယ်။ ဒီကောင်လေး ဗယ်လင်တိုင်းဒေး နေ့ကတည်းက အခုအချိန်ထိပြန်မလာသေးဘူး။ ဘယ်တွေသွားနေတာလဲမသိဘူး။ “
” သူပြန်လာမှာပါ ။ ခဏစောင့်ကြည့်လိုက်ပါဦး အစ်ကိုရယ်။ “
” အင်းအင်း ။ သူကမင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းဆိုတော့ မင်းဆီများ ဆက်သွယ်မလားလို့။ အေး အေး ဒါပဲနော် ။ တစ်ခုခုသိရင် အကြောင်းကြားနော်။ “
” ဟုတ် အစ်ကို ။ ကောင်းသောနေ့လေးဖြစ်ပါစေ။ “
ထိုသို့ တိုတိုတုတ်တုတ်နဲ့ ပင်ပြီးသွားလေ၏။ ပင်းပင်းသည် ဖုန်းကိုချလိုက်ပြီးနောက် သူ၏ဘယ်လက်ဖြင့်တယုတယပိုက်ထားသော အရိုးပြာအိုးဖြူအသစ်စက်စက်ကို နူးညံ့စွာကြည့်ရင်း ခပ်ရေးရေးလေးပြုံးသည်။ ထို့နောက် ခပ်တိုးတိုးလေးရွတ်လိုက်၏ ။
” ချစ်တယ် ကိုကို “