Chapter 10
Volume 1 (သေမျိုးနယ်မြေ ၀၁၀)
Chapter 10 (လရောင်အောက်ကဓားဖြောင့်)
ချွန်ထက်ကျိုးပဲ့နေသောတုတ်သည် မကောင်းဆိုးဝါး၏ ဦးနှောက်ကို ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏ အသက်အားလုံးကို သုတ်သင်လိုက်သော်လည်း ထိုကဲ့သို့ပင် ၎င်း၏ ခုန်ပေါက်ခြင်း အရှိန်သည် တည်ရှိနေဆဲ ဖြစ်သည်။
၎င်း၏ကြီးမားသောကိုယ်ထည်သည် အမြောက်ကျည်တစ်လုံးကဲ့သို့ ပြုတ်ကျကာ တုတ်အကျိုးကိုကိုင်ဆောင်ထားသည့် လင်ချီးယဲ့ကို မြေပြင်ပေါ်သို့ ပစ်လဲချလိုက်သည်။
အဆုံးတွင် လင်ချီးယဲ့သည် သူ၏သာလွန်သော ရွေ့လျားအမြင်အာရုံနှင့် ကောင်းကင်တမန်တော်နတ်စွမ်းအားဖြင့် ဤမကောင်းဆိုးဝါးကို သတ်နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကတော့ မတိုးလာတာကြောင့် ဤမကောင်းဆိုးဝါးသည် အနည်းဆုံး ၂၀၀ ကီလိုဂရမ်အလေးချိန်ရှိပြီး သူ၏ ခွန်အားဖြင့် အချိန်တိုအတွင်း ဖယ်ရှားရန် နည်းလမ်းမရှိပေ။
ထို့အပြင် လင်ချီးယဲ့သည် ကောင်းကင်တမန်တော် နတ်စွမ်းအားကို ပြင်းပြင်းထန်ထန် အသုံးချပြီးနောက် လူတစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားပုံရပြီး ခွန်အားမရှိတော့ဘဲ အနည်းငယ် မူးဝေသွားသည်။
သို့သော် ယခုအချိန်တွင် တစ်ဖက်မှာ ပုန်းအောင်းနေသည့် ဒုတိယမကောင်းဆိုးဝါးက ရွေ့သွားသည်။
အဝေးမှာ လျှို့ဝှက်ပုန်းအောင်းနေသော ဒီမုဆိုးက နောက်ဆုံးမှာ ၎င်း၏ကြောက်စရာကောင်းသော အစွယ်များကို ပြသခဲ့သည်။
၎င်း၏ ခြေလက်များသည် လျင်မြန်စွာ ပြေးသွားကာ မှိန်ဖျော့ဖျော့ လမ်းမီးများအောက်တွင် ပြေးလွှားနေပြီး အရိပ်က ယိမ်းနွဲ့နေသည့် သရဲတစ္ဆေသဖွယ်ဖြစ်ကာ နီမြန်းသောလျှာသည် ထူးထူးခြားခြား လိမ်သွားလေသည်။
လင်ချီးယဲ့သည် ၎င်း၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း ယခုအခါ ၎င်းကို လုံးဝ မရှောင်နိုင်တော့ဘဲ သူ့မျက်လုံးများရှေ့တွင် လျင်မြန်စွာ ကြီးထွားနေသော အစွယ်များကိုသာ စောင့်ကြည့်နေနိုင်သည်။
လင်ချီးယဲ့နှင့် နှစ်မီတာသာဝေးသည့်အချိန်တွင် လင်ချီးယဲ့၏မျက်လုံးအိမ်များက ရုတ်တရက်ကျုံ့သွားသည်။
သူ၏ စိတ်အာရုံခံစားမှုအကွာအဝေးတွင် မကောင်းဆိုးဝါးထက် ပိုမြန်သော အရာဝတ္ထုတစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာသည်။
အဲဒါက လူဖြစ်ပုံရသည်။
တကယ်လူဖြစ်သည်။
ဝှီး…
လင်ချီးယဲ့သည် သူ့မျက်လုံးရှေ့တွင် မှုန်ဝါးဝါးကို ခံစားလိုက်ရပြီး ညကောင်းကင်မှ အသွင်အပြင်တစ်ခု ပြုတ်ကျကာ ခြေထောက်များက မြေပြင်ပေါ်သို့ ခိုင်မြဲစွာ ဆင်းသက်လာပြီး ပြင်းပြင်းထန်ထန် တိုက်ခတ်လာသော လေသည် သူ့ခန္ဓာကိုယ်မှ အနီရင့်ရောင်ဝတ်ရုံကို လွင့်ထုတ်လိုက်ကာ လူလတ်ပိုင်းအရွယ်အမျိုးသား၏ ဘေးတိုက်မျက်နှာကို ထုတ်ဖော်လိုက်သည်။
သူသည် ရုပ်ချောသည်မဟုတ်၊ ရုပ်ဆိုးသည်မဟုတ်၊ လမ်းဘေးရှိ နေရာတိုင်းတွင် မြင်နေရသော ဦးလေးကဲ့သို့ပင် သူ့ဖြစ်တည်မှုကို မသိစိတ်မှ လူများအား လျစ်လျူရှုထားနိုင်စေသည်။
သို့သော် သူ့မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းရည်ရွယ်ချက်က ဓားတစ်လက်လို တောက်ပနေသည်။
သူသည် တစ်ဝက်တစ်ပျက်ငုတ်တုတ်ထိုင်နေပြီး သူနှင့်တစ်မီတာအောက်သာဝေးသော မကောင်းဆိုးဝါးကို မျက်လုံးများက စိုက်ကြည့်နေပြီး သူ့ညာလက်က သူ့အနောက်ဘက်ရှိ ဓားရိုးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။
“ချွင်…”
ဓားမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး အပြာဖျော့ဖျော့ ဓားသွားသည် လရောင်ကို ရောင်ပြန်ဟပ်ကာ မှုန်မှိုင်းသော လေကို ဖြတ်ကျော်ပြီး ရှေ့သို့ တိတ်တဆိတ် ဖြတ်သွားသည်။
အဲဒါက ဆန်းကြယ်မှုမရှိသော ဓားဖြောင့်တစ်လတ်ဖြစ်သည်။
ဓားဖြောင့်သည် လခြမ်းကို ဖြတ်သွားကာ မကောင်းဆိုးဝါး၏လက်သည်းများနှင့် တိုက်မိကာ မီးပွားများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ကျောက်ခုန်းချိန်သည် နှိမ့်ကျသောဟိန်းသံကို ထုတ်လိုက်ကာ သူ့ကြွက်သားများ တင်းကျပ်လာပြီး ရှေ့ကို ခြေတစ်လှမ်း တစ်ဝက်လောက် လှမ်းလိုက်သည်။
ဝက်ဝံညိုထက်မကြီးသော မကောင်းဆိုးဝါးတစ်ကောင်သည် အနောက်ကို ခြေလှမ်းအနည်းငယ် တွန်းထုတ်ခံလိုက်ရသည်။
လင်ချီးယဲ့၏ မျက်လုံးများသည် မယုံနိုင်စရာများ ပြည့်နှက်နေသည်။ သူသည် ဤမကောင်းဆိုးဝါးကို တိုက်ခိုက်ခဲ့ပြီး ၎င်း၏ စွမ်းအားသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို သူကောင်းကောင်းသိသော်လည်း သူ့ရှေ့မှ ဤလူက ၎င်းကို ပြန်တွန်းလှန်နိုင်သည်။
သူက ဘယ်သူလဲ။
ကျောက်ခုန်းချိန်သည် မကောင်းဆိုးဝါးကို ခြေလှမ်းအနည်းငယ် နောက်သို့ တွန်းလိုက်ပြီးနောက် သူ့ခြေအောက်မှ ခြေလှမ်းများသည် အရှေ့က မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်တွင် အရိုးမှာတက်နေသော လောက်ကဲ့သို့ တမူထူးခြားသော နည်းလမ်းဖြင့် လျှောက်သွားခဲ့သည်။ လက်ထဲကဓားဖြောင့်သည် မကောင်းဆိုးဝါး၏ခန္ဓာကိုယ်တွင် ကြောက်စရာကောင်းသော ဓားအမှတ်အသားကို ချန်ထားခဲ့သည်။
မကောင်းဆိုးဝါးသည် ကျောက်ခုန်းချိန်၏ မျက်လုံးများကို မုန်းတီးမှုဖြင့် စိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ရင်း လှံကဲ့သို့ ၎င်း၏သေးသွယ်သော လက်မောင်းများကို မြှောက်လိုက်ကာ ၎င်းကရှေ့က ရွံရှာဖွယ်ကောင်းသော လူသားကို သတ်ရန် ကြိုးစားခဲ့သည်။
သို့သော် ဓားအလင်းရောင်နှစ်ခု လင်းလက်သွားပြီး ၎င်း၏ ရှေ့ခြေလက်များကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။
မကောင်းဆိုးဝါးမအော်ခင် ကျောက်ခုန်းချိန်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်တစ်ခုအဖြစ် ထွက်ပေါ်လာကာ သူ့လက်ထဲက ဓားဖြောင့်သည် လျှပ်စီးကြောင်းကဲ့သို့ မကောင်းဆိုးဝါး၏လည်ပင်းဆီသို့ ရွေ့လျားသွားသည်။
အပြာနုရောင်ဓားသည် မကောင်းဆိုးဝါး၏အသွေးအသားကို အလွယ်တကူဖြတ်သွားကာ နောက်အခိုက်အတန့်တွင် မကောင်းဆိုးဝါး၏ဦးခေါင်းက အပေါ်မှ ပြုတ်ကျလာသည်…
၎င်းက မြေပြင်ပေါ်သို့ လှိမ့်သွားသည်။
“ဘုတ်…”
အနီရင့်ရောင်ဝတ်ရုံသည် မကောင်းဆိုးဝါးသွေးဖြင့် ဖုံးအုပ်နေပေမယ့် အနီးကပ်မကြည့်ပါက ဝတ်ရုံအရောင်ကြောင့် ပျောက်ကွယ်နေလိမ့်မည်။
ကျောက်ခုန်းချိန်သည် မြေပြင်ပေါ်ရှိ မကောင်းဆိုးဝါးအလောင်းကို မကြည့်ဘဲ အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိပြီး ပြင်းပြင်းထန်ထန်ဖွာလိုက်ရင်း walkie-talkie ကို ထုတ်ယူလိုက်သည်။
“ထွက်ပြေးလွတ်မြောက်သွားတဲ့ တစ္ဆေနှစ်ကောင်ကို ရှင်းလင်းပြီးပြီ။ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကို စစ်မြေပြင်ကို ရှင်းလင်းခိုင်းလိုက်တော့။”
စကားပြောပြီးနောက် သူသည် walkie-talkie ဖယ်လိုက်ပြီး လွတ်မြောက်သွားသော လင်ချီးယဲ့ထံ တည့်တည့်လျှောက်သွားသည်။
လင်ချီးယဲ့သည် သူ့ကို တိတ်တိတ်လေး ကြည့်နေပြီး သူကလည်း လင်ချီးယဲ့ကို တိတ်တိတ်လေး ကြည့်နေသည်။
ညအမှောင်အောက်တွင် သွေးအိုင်ဘေးတွင် လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် စိုက်ကြည့်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ကျောက်ခုန်းချိန်သည် သည်းမခံနိုင်တော့ဘဲ ပထမဆုံးစကားပြောခဲ့သည်။
“ငါ အခု မိုက်လား။”
လင်ချီးယဲ့: “…”
လင်ချီးယဲ့သည် သူ့မျက်လုံးများကို ခဏလောက် စိုက်ကြည့်ကာ သူက အလေးအနက်ဆိုနေကြောင်း တွေ့လိုက်ရသောကြောင့် တိတ်တဆိတ် ပါးစပ်ဖွင့်လိုက်သည်။ “မိုက်တယ်။”
“မိုက်တာ ကောင်းတယ်။” ကျောက်ခုန်းချိန်က ပြုံးလိုက်သည်။ “မင်းငါ့လို မိုက်ချင်လား။”
“မမိုက်ချင်ဘူး။”
“…” ကျောက်ခုန်းချိန်၏ ပါးစပ်က အနည်းငယ် လှုပ်သွားပြီး “ဘာလို့လဲ။”
“သေဖို့လွယ်လို့။”
လင်ချီးယဲ့၏ အမူအရာက လေးနက်နေသည်။
ကျောက်ခုန်းချိန်သည် ခဏတာ ပြောစရာပျောက်ရှသွားခဲ့သည်။ “ဒါပေမယ့် မင်းမှာ သာမန်လူတွေ အိမ်မက်မက်နေတဲ့ သဘာဝလွန်စွမ်းအားတွေ ရှိနေတာကို မင်းတွေ့လိုက်တာပဲ။ မင်းက ရုပ်ရှင်ထဲကလို စူပါဟီးရိုး မဖြစ်ချင်ဘူးလား။”
“မဖြစ်ချင်ဘူး။”
“…သေဖို့လွယ်လို့လား။”
“ဟုတ်တယ်။”
ကျောက်ခုန်းချိန်သည် သူ့မျက်လုံးထောင့်များကို ပွတ်သပ်လိုက်သည်။ သူ့ရှေ့က လူငယ်လေးသည် ဆက်ဆံရတာ သိပ်လွယ်ပုံမပေါ်ပေမယ့် သူက ရွှံ့ရေထဲတွင် ရောနှောနေပြီး သူ့မှာ အစွမ်းထက်သောခွန်အားတွေ ရှိနေသည်။
“အင်း၊ ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး။ နေရာပြောင်းပြီး စကားကောင်းကောင်းပြောကြရအောင်။” ကျောက်ခုန်းချိန်သည် ခဏလောက်စဉ်းစားပြီး “စကားမစပ် ငါ့နာမည်က ကျောက်ခုန်းချိန်ပါ ပြီးတော့ ငါက လူဆိုးမဟုတ်ဘူး။”
“လင်ချီးယဲ့။” လင်ချီးယဲ့သည် မျက်ခုံးပင့်ပြီး ခေါင်းညိတ်ပြသည်။ “ကျွန်တော် ခင်ဗျားကို ယုံတယ်။ ဒီမှာစောင့်နေဦး။ ကျွန်တော် လွယ်အိတ်သွားယူဦးမယ် အထဲမှာ ကျွန်တော့်သင်ကြာရေးပစ္စည်းတွေ ရှိသေးတယ်။”
“…သွား သွား သွား” ကျောက်ခုန်းချိန်သည် သူ့လက်များကို ကူကယ်ရာမဲ့ ဝှေ့ယမ်းကာ လမ်းဘေးသို့ လျှောက်သွားပြီး ထိုင်ချကာ သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။
သာမာန်လူတွေသာ ဒီကိုရောက်လာရင် သတိလက်လွတ်ကြောက်ရွံကြမှာဖြစ်ပြီး ဒီကလေးက သင်ကြာရေးပစ္စည်းတွေကိုတောင် တွေးနိုင်သေးတယ်…
အရေးကြီးဆုံးက… သူတကယ်ပဲ သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့တာမလား။
လခွမ်း ငါ တတ်နိုင်သမျှ ကြိုးစားပြီးပြီ။ ဒီဓားချက်အနည်းငယ်က ကြော့မော့နေဖို့ မလွယ်ဘူး။
ငါ ခေါင်ဆောင်နဲ့ လေ့ကျင့်တုန်းက ဒီလောက်တောင် အလုပ်မလုပ်ဖူးဘူး။
ပြောကာမှ ခေါင်းဆောင်ရော ဘယ်လိုနေလဲမသိဘူး။ တစ္ဆေမျက်နှာဘုရင်က ကိုင်တွယ်ဖို့ မလွယ်ဘူး…
ကျောက်ခုန်းချိန်သည် အမူအရာမဲ့စွာ လမ်းဘေးတွင် ထိုင်နေကာ ပါးစပ်ထဲတွင် ဆေးလိပ်တစ်လိပ်သောက်ရင်း မှိန်းနေသည်။
အတွေးထဲနစ်မျောသွား၏။
ဟမ်…
တစ်ခုခုမှားနေသလိုပဲ။
ကျောက်ခုန်းချိန်သည် ရုတ်တရက် သတိပြန်လည်လာကာ စက္ကန့်ဝက်လောက် တုံ့ပြန်ပြီး မတ်တတ်ရပ်ကာ ပတ်၀န်းကျင်ကို အမြန်ကြည့်လိုက်သည်။
အဲဒီကလေး အရိပ်အယောင်မရှိတော့ဘူး။
ကျောက်ခုန်းချိန်သည် ဆယ်စက္ကန့်ကျော်ကြာအောင် နေရာတွင် လှုပ်ရှားမှုမဲ့နေပြီး ပါးစပ်ကိုဖွင့်ကာ သူတွေ့ကြုံခဲ့ရသည့်အရာကို မယုံနိုင်စွာ ဖြစ်နေသည်။
“ဘာလဲဟ။ ဒီကောင်လေးက ထွက်ပြေးသွားတာလား။”
…
“အစ်ကို ဒီနေ့ ဘာလို့နောက်ကျမှ ပြန်လာတာလဲ။”
ယန်ကျင့်သည် ပင်ပန်းနေသောမျက်နှာနဲ့ လင်ချီးယဲ့ကို ကြည့်ပြီး မေးလိုက်သည်။ “အစ်ကို့လမ်းပြတုတ်က ဘယ်မှာလဲ။”
လင်ချီးယဲ့သည် သူ့မျက်နှာကို အတင်းအကျပ်ပြုံးလိုက်ပြီး အိမ်စီးဖိနပ်စီးလိုက်သည်။ “လမ်းမှာ တစ်ခုခုကြုံလာလို့ မတော်တဆ ပျောက်သွားတာ။”
သူ့နားထင်ဘေးရှိ အမာရွတ်ကို ယန်ကျင့်မမြင်ရအောင် ရှောင်ရှားရန် လင်ချီးယဲ့သည် အနက်ရောင်ဖဲကြိုးတစ်ဝက်ဖြင့် ရစ်ပတ်ထားသော်လည်း လမ်းပြတုတ်သည် အမှန်တကယ်ပင် ကျိုးသွားခဲ့ကာ မိသားစုထံ ပြန်ယူလာပြီး ကြောက်ရွံ့စေမည့်အစား ပစ်ထားရန် ရွေးချယ်ခဲ့သည်။
“ရပါတယ်။ ပျောက်သွားလည်း အစားထိုးလိုက်ပေါ့… ပြေလည်သွားပြီမလား။”
“အင်း။ ပြေလည်သွားပြီ။”
ရှောင်ဟေးသည် လသာဆောင်မှ ပြေးလာကာ လင်ချီးယဲ့၏ ခြေသလုံးကြွက်သားအား ခေါင်းဖြင့်ပွတ်ပြီး ဗိုက်ကို ထုတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
လင်ချီးယဲ့သည် တုံ့ဆိုင်းစွာ ကူကယ်ရာမဲ့ ထိုင်ချလိုက်ပြီး ၎င်း၏ဗိုက်ကို သူ့လက်ဖြင့်ပွတ်ကာ မေးလိုက်သည်။ “ဒေါ်လေး ပြန်မလာသေးဘူးလား။”
“အမေက ဒီည ညဆိုင်းအလုပ်လုပ်ပြီး မနက်ဖြန်မနက်အထိ ပြန်မလာဘူး။”
“ကောင်းပြီ မင်းအိမ်စာတွေပြီးပြီလား။”
“နည်းနည်းကျန်သေးတယ်။”
“အလယ်တန်းကျောင်းက အိမ်စာတွေ အများကြီးပဲ… အဲဒါ တကယ်ကိုများလွန်းတယ်။” လင်ချီးယဲ့သည် မတ်တတ်ရပ်ပြီး စနောက်ရင်း ယန်ကျင့်ကို ပြောလိုက်သည်။ “ကောင်းပြီ။ မင်းပင်ပန်းရင် စာမရေးနဲ့။ ဆရာက မင်းကိုဆူရင် အစ်ကို့ကိုပြောလိုက်၊ အစ်ကို သူနဲ့ သွားဆွေးနွေးလိုက်မယ်။”
ယန်ကျင့်၏နှုတ်ခမ်းထောင့်က မြင့်တက်လာပြီး ပြောလိုက်သည်။ “မကြာခင် ပြီးသွားမှာပါ။”
လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။ “ငါနည်းနည်းပင်ပန်းလာလို့ အရင်အိပ်ရာဝင်ပြီ။ မင်းစာရေးပြီးတာနဲ့ စောသောအိပ်ရာဝင်တော့။”
“ကောင်းပြီ။”
လင်ချီးယဲ့သည် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သူ့အခန်းထဲသို့ ဆွဲသွင်းလိုက်ပြီး တံခါးပိတ်ခါနီးတွင် ယန်ကျင့်၏အသံက တဖန်ထွက်လာပြန်သည်။
“အစ်ကို…တကယ်အဆင်ပြေရဲ့လား။”
“အဆင်ပြေပါတယ်။ စောစောအိပ်နော်… စကားမစပ် နို့က ရေခဲသေတ္တာထဲမှာရှိတယ်။ မနက်ဖြန် မင်းစောစောထရင် နွေးလိုက်နော်။”
“သိပြီ အစ်ကို။”
“ကောင်းသောညပါ။”
“ကောင်းသောညပါ။”
တံခါးကို ညင်သာစွာပိတ်လိုက်ပြီး ယန်ကျင့်သည် ရှောင်ဟေးကို ပွေ့ပြီး အိမ်အပြင်ဘက်တွင် ရပ်ကာ လင်ချီးယဲ့၏အခန်းကို တိတ်တဆိတ်ကြည့်နေသည်။
ယန်ကျင့်သည် ရှောင်ဟေး၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ကာ “မင်းလည်း ခံစားရတယ်မလား။”
“ဝုတ်…”
သူသည် ပြတင်းပေါက် အပြင်ဘက်ရှိ လရောင်မှိန်မှိန်ကို မော့ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“သူ့ခန္ဓာကိုယ်ကနေ… သွေးနံ့တွေထွက်နေတယ်။”
TK Team (Chapter 10)