Chapter 13
Volume 1 (သေမျိုးနယ်မြေ ၀၁၃)
Chapter 13 (သူထွက်ပြေးသွားတယ်)
ချန်းနန်မြို့ အထပ်မြင့် အဆောက်အအုံတွင်
ကျွီး…
တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်ပြီး ကျောက်ခုန်းချိန်သည် ရံဖန်ရံခါ သက်ပြင်းချကာ ရှုံ့တွစွာ ဝင်လာခဲ့သည်။
“လောင်ကျောက် မင်းဘာဖြစ်နေတာလဲ။”
အခန်းထဲမှာထိုင်နေသော လူငါးယောက်သည် ကျောက်ခုန်းချိန်၏ အသွင်အပြင်ကိုတွေ့တော့ အံ့ဩတကြီးမေးကြသည်။
“မနေ့ညက ဒဏ်ရာရသွားသလား။”
“ဒီပုံစံကိုကြည့်လိုက် ဒါက ချစ်မိသွားတဲ့ဖြစ်နိုင်ခြေ တော်တော်များတယ်…”
“လခွမ်း လောင်ကျောက် ခင်ဗျားမိန်းမ ခင်ဗျားကို ကွာရှင်းမှာတော့ မဟုတ်ပါဘူးနော်”
“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။”
လူငါးယောက်သည် အချင်းချင်း ခန့်မှန်းနေကြပြီး သိပ်မကြာခင်မှာပဲ တိတ်ဆိတ်နေသော ကျောက်ခုန်းချိန်က သက်ပြင်းချလိုက်သည်။
“ငါက တကယ်ကို ဆွဲဆောင်မှုမရှိတာလား။”
“…”
သူတို့ငါးယောက်က ဒီစကားကို မကြားချင်ယောင်ဆောင်ကာ တစ်ချိန်တည်းမှာ မျက်ဆံလှန်လိုက်ကြပြီး လက်ထဲက အလုပ်များကို ဆက်လုပ်ကြသည်။ တချို့က သူတို့ဓားများကို သွေးပြီး တချို့က သူတို့သေနတ်များကို သန့်ရှင်းနေကာ သူတို့က သူတို့ဖုန်းဖြင့် ကစားနေပြီး တချို့က အိပ်ပျော်နေသည်…
“မဟုတ်ဘူး ငါမင်းတို့ကို အလေးအနက်မေးနေတာ။” ကျောက်ခုန်းချိန်က စိုးရိမ်နေသည်။
ကျောက်ခုန်းချိန်သည် အချိန်အတော်ကြာ လျစ်လျူရှုခံထားရသည်ကို မြင်လိုက်ရသဖြင့် သူမ၏သေနတ်ကို သန့်ရှင်းရေးလုပ်နေသော ဟုန်ယင်းက သက်ပြင်းချလိုက်သည်။ “အစ်ကိုခုန်းချိန် ရှင် အရမ်းတက်ကြွနေတာလား။”
“မှန်တယ်။” ကျောက်ခုန်းချိန်သည် ခေတ္တရပ်လိုက်ပြီး “မနေ့ညက ရွှေရောင်တားမြစ်အပျက်အစီးပိုင်ရှင်ကို ငါတွေ့ခဲ့တယ်။”
နောက်ဆုံးစာကြောင်းကိုကြားတော့ လူတိုင်းသည် ရုတ်တရက် ခေါင်းမော့လာကာ သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြပြီး သူတို့မျက်လုံးများ စတင်တောက်ပလာသည်။
“အဲဒီလူက ကောင်းကင်တမန်တော်ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်လို့ သံသယရှိနေသူလား။”
“အင်း”
“သူက အရမ်းသန်မာလား။ သူက ဘယ်သူလဲ။”
“မင်းတို့တွေက အရမ်းအတွေးလွန်နေပြီ။” ကျောက်ခုန်းချိန်က ခေါင်းယမ်းလိုက်သည်။ “သူက သာမန်အထက်တန်းကျောင်းသားဖြစ်ပြီး ‘ခဲ့လိုင်ယင်း’နယ်ပယ် စွမ်းအားအတက်အကျတွေက သူ့အပေါ်ထားခဲ့တဲ့ ကောင်းကင်တမန်တော်ရဲ့ စွမ်းအားအကြွင်းအကျန်တွေပဲ ဖြစ်လောက်တယ်။ သူက ‘ကျန်’နယ်ပယ်ကို ခြေချလာတဲ့ လူသစ်ကလေးတစ်ယောက်ပဲရှိသေးတယ်။”
ဒါကိုကြားတော့ လူတော်တော်များများ၏ မျက်လုံးများက စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
“ချန်းနန်မြို့မှာ ‘ခဲ့လိုင်ယင်း’အဆင့်ရှိတဲ့ စွမ်းအားရှင် ရှိတယ်လို့ ငါထင်ခဲ့တာ…”
“ဒါပေမယ့်လည်း အဲဒီအရမ်းအန္တရာယ်ကြီးတဲ့ နတ်ဘုရားက ကိုယ်စားလှယ်ကို တကယ်ရွေးချယ်လိုက်ပြီး ‘ခဲ့လိုင်ယင်း’အဆင့်ကို တိုးတက်လာတယ်ဆိုရင် အထက်လူကြီးတွေမသိဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
ဆိုဖာပေါ်တွင်ထိုင်နေသောလူသည် မျက်လုံးကို။အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး “ဘာပဲဖြစ်ဖြစ် ကောင်းကင်တမန်တော်က ကိုယ်စားလှယ်ရွေးလိုက်ပြီး နတ်ဘုရားအပျက်အစီးအပ်နှင်းလိုက်ပြီ။ ဒါက အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး အထက်အရာရှိတွေကို မြန်မြန် သတင်းပို့ရမယ်။”
“စကားမစပ် လောင်ကျောက် မင်းသူ့ကိုတွေ့ခဲ့တာဆိုတော့ တခြားသူတွေရော။ မင်း ဒီလောက်အရေးကြီးတဲ့လူကို ပြန်မခေါ်ဘူးလား။”
“သူထွက်ပြေးသွားတယ်…” ကျောက်ခုန်းချိန်သည် တိတ်တဆိတ် ပြောလိုက်၏။ “သူက ကျောင်းလွယ်အိတ် သွားယူဦးမယ်ပြောပြီး ငါကြောင်တောင်တောင်ဖြစ်နေတုန်း ထွက်ပြေးသွားတယ်။”
“…” အားလုံးမှင်တက်သွားသည်။
လူအနည်းငယ် အပြစ်တင်ရန် အဆင်သင့်ဖြစ်သောအခါတွင် အခန်းတံခါးကို ပြန်ဖွင့်လိုက်သည်။
အနီရင့်ရောင်ဝတ်ရုံကို ဝတ်ထားဆဲ အမျိုးသားတစ်ဦးသည် သူ့မျက်နှာပေါ်တွင် သွေးစွန်းထင်းနေပြီး သူ့ခြေလှမ်းများက ခဲကဲ့သို့ လေးလံနေသည်။
ဒီလူကိုမြင်တော့ ကျောက်ခုန်းချိန် အပါအဝင် အားလုံးက ချက်ချင်းထရပ်လိုက်သည်။
“ခေါင်းဆောင်။”
“ခေါင်းဆောင်အဆင်ပြေရဲ့လား။”
ခေါင်းဆောင်သည် လက်ဝှေ့ယမ်းကာ သွေးစွန်းနေသော ဝတ်ရုံကို ချွတ်ပြီး တံခါးဘေးရှိ ခွေးခြေခုံပေါ်တွင် ထိုင်ချလိုက်ကာ သူ့မျက်ခုံးများပေါ်တွင် ဖော်မပြနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်မှုရှိနေသည်။
“ငါအဆင်ပြေပါတယ် ဒါပေမယ့်… တစ္ဆေမျက်နှာဘုရင်က ထွက်ပြေးသွားတယ်။”
လူအများအပြား၏ မျက်နှာများသည် ရုတ်ချည်း တင်းမာလာသည်။
ခေါင်းဆောင်က ဆက်ပြောသည်။ “မနေ့ညက တစ္ဆေမျက်နှာဘုရင်ကို မြို့မြောက်ဘက် ဆင်ခြေဖုံးအထိ ငါ လမ်းတစ်လျှောက်လုံး လိုက်ဖမ်းပြီး သူနဲ့ တိုက်ခဲ့တယ်။ သူက ဒဏ်ရာအပြင်းအထန်ရသွားပြီး သူ့ကိုယ်သူဒဏ်ရာရအောင်လုပ်ဖို့ တုံ့ဆိုင်းခြင်းမရှိဘဲ အတင်းအကျပ် လွတ်မြောက်သွားခဲ့တယ်။”
“ဒါဆို တစ္ဆေမျက်နှာဘုရင်က အခု ချန်းနန်မြို့ကနေ ထွက်ပြေးသွားနိုင်လား။”
“မဟုတ်ဘူး။ သေချာပေါက်မထွက်ပြေးနိုင်ဘူး။” ဆိုဖာပေါ်မှာထိုင်နေသောလူက ရုတ်တရက်ပြောလိုက်သည်။
အားလုံးသည် သူ့ကိုကြည့်လာပြီး ခေါင်းဆောင်က သူ့မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ “ငါ့ကိုပြောပြ ရှန်းနန်”
ဝူရှန်းနန်သည် ဖြည်းညှင်းစွာထရပ်လိုက်ပြီး ဆိုဖာအောက်မှ ချန်းနန်မြို့၏ ပတ်ပတ်လည်မြေပုံကို ထုတ်ကာ မြေပြင်ပေါ်တွင် ဖြန့်ချလိုက်သည်။
“ချန်းနန်မြို့ရဲ့တည်နေရာက အတော်လေးအစွန်အဖျားကျပြီး အနီးနားမြို့တွေနဲ့ ဝေးတယ်။ ခေါင်းဆောင်နဲ့ တစ္ဆေမျက်နှာဘုရင်တို့က မနေ့ညက မြောက်ဘက် ဆင်ခြေဖုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ချန်းနန်မြို့အပြင် အနီးဆုံးမြို့နဲ့ ကီလိုမီတာ ဒါဇင်ပေါင်းများစွာဝေးတဲ့ နေရာလည်း ရှိတယ်။” ဝူရှန်းနန်က မြေပုံပေါ်မှာ စက်ဝိုင်းပုံဆွဲလိုက်သည်
“ဒီတော့ ဘာဖြစ်တာလဲ။” ဟုန်ယင်း၏ မျက်လုံးများသည် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင် ခေါင်းဆောင်၏ မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာကာ “တစ္ဆေမျက်နှာဘုရင်က ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားပြီး ခွန်အားမပြည့်မချင်း အဲဒီအဝေးကြီးကို သူမသွားနိုင်ဘူး။”
ဝူရှန်းနန်သည် ခေါင်းဆောင်၏စကားကို ဆက်ပြီး ပြောလိုက်သည်။ “တစ္ဆေမျက်နှာဘုရင်က သူ့ခွန်အားကို ပြန်ဖြည့်ချင်ရင် လူသားစားတာကိုပဲ အားကိုးလို့ရတယ်။ တစ်နည်းပြောရရင်…”
“သူ သေချာပေါက် ချန်းနန်မြို့ကို ပြန်လာမှာပဲ။”
“မှန်တယ်။”
ကျောက်ခုန်းချိန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ “ဒါပေမယ့် ချန်းနန်မြို့က အရမ်းကြီးတယ် သူ ဘယ်ကလာမယ်ဆိုတာ ငါတို့မသိနိုင်ဘူး။”
“ရေမြောင်း။” ဝူရှန်းနန်သည် သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး အနီရောင်ဘောပင်ဖြင့် မြေပုံပေါ်မှာ မျဉ်းကွေးလေးဆွဲလိုင်သည်။ “တစ္ဆေမျက်နှာလူသားတွေက မြောင်းတွေထဲကို ဖောက်ဝင်ရတာ ကြိုက်သလို တစ္ဆေမျက်နှာဘုရင်ကလည်း အရင်က မြောင်းတွေထဲက ပြေးထွက်ခဲ့ဖူးတယ်။ မြောက်ဘက်ဆင်ခြေဖုံးကို ဆက်သွယ်ထားတဲ့ ရေမြောင်းတစ်ခုပဲရှိတယ်။ ပြောရမယ်ဆိုရင် တစ္ဆေမျက်နှာဘုရင် ပေါ်လာတဲ့ နေရာဟာ ဒီရေမြောင်း ဖြတ်သန်းရာ နေရာတစ်ခုပဲ ရှိတယ်။”
“ဒီရေမြောင်းကို ချက်ချင်းရှာဖွေဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ ဒီတစ်ခါတော့ ငါတို့ မလွတ်စေရဘူး။” ခေါင်းဆောင်၏ မျက်လုံးများသည် အေးစက်စက်အလင်းတန်း ဖြတ်သွားကာ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ။”
“စကားမစပ် နောက်ထပ်တစ်ခုရှိသေးတယ်။” ဝူရှန်းနန်သည် ကျောက်ခုန်းချိန်ကို လှည့်ကြည့်ပြီး “ငါတို့ ကောင်းကင်တမန်တော်ကိုယ်စားလှယ်ကို ပြန်ခေါ်ရမယ်။ သူ့ရဲ့စွမ်းရည်က အရမ်းကြီးတယ်။ ပြီးတော့ သူက ရှေးနတ်ဘုရားကျောင်းရဲ့ လက်ထဲကို ကျရောက်သွားလို့မဖြစ်ဘူး။ တစ်နည်းအားဖြင့်ပြောရရင် ဒီကိစ္စက တစ္ဆေမျက်နှာဘုရင်ကို ဖယ်ရှားခြင်းထက် ပိုအရေးကြီးတဲ့ ဦးစားပေးကိစ္စပဲ။”
ကျောက်ခုန်းချိန်သည် ချက်ချင်း သူ့ရင်ဘတ်ကို မြှောက်လိုက်ပြီး “ဒါကို ငါ့ဆီ ထားလိုက်ပါ။ ဒီကလေးကို ငါ့လက်နဲ့ ပြန်ဖမ်းခေါ်လာခဲ့မယ်။”
“သူထွက်ပြေးသွားတယ်မဟုတ်ဘူးလား။ ရှင်ရှာနိုင်သေးလို့လား။” ဟုန်ယင်းက တိုးတိုးလေးပြောသည်။
“သူက အမှတ် ၂ အထက်တန်းကျောင်းရဲ့ ကျောင်းဝတ်စုံကို ဝတ်ထားတာ။ ငါ ဒီနေ့ သူ့ကို ကျောင်းတံခါးမှာ ပိတ်ထားလိုက်မယ်။ ငါသူ့ကိုမတားနိုင်ဘူးဆိုတာ မယုံဘူး။”
ကျောက်ခုန်းချိန်၏ပါးစပ်ထောင့်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုပေါ်လာသည်။
…
“အစ်ကို ဒီနေ့ဘာလို့ကျောင်းမသွားတာလဲ”
ကျောင်းဝတ်စုံလည်း မဝတ်သလို၊ ကျောင်းလွယ်အိတ်ကို မကိုင်ထားသော လင်ချီးယဲ့ကို ကြည့်ကာ ယန်ကျင့်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါဒီနေ့လုပ်စရာရှိလို့ မသွားတော့ဘူး။” လင်ချီးယဲ့သည် သူ့ဖိနပ်ကိုစီးရင်း တံခါးဖွင့်လိုက်ပြီး “ဒေါ်လေး အိပ်နေသေးတာလား။”
“လွန်ခဲ့တဲ့တစ်နာရီကပဲ သူမပြန်လာခဲ့တာ။”
“ငါသိပြီ။ ကျောင်းစောစောသွားနော်။ ငါ့ဆီက မသင်ယူနဲ့။”
“ကောင်းပြီ။”
လင်ချီးယဲ့သည် တံခါးကိုပိတ်ပြီး မျက်လုံးပေါ်မှ အနက်ရောင်ဖဲကြိုးကို တိတ်တဆိတ်ချွတ်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
သူ့မျက်လုံးများ ပြန်လည်ကောင်းမွန်လာသော်လည်း သူ့ဒေါ်လေးနှင့် ယန်ကျင့်ကို မပြောရသေးပေ။ ပထမအချက်က ဒေါ်လေးသည် မနေ့ညက ညဆိုင်းဆင်းထားရပြီး နှစ်ယောက်သား လုံးဝမဆုံရသေးပေ။
ဒုတိယအချက်ကတော့ လင်ချီးယဲ့သည် ဒီမျက်လုံးများကို အခုမှရရှိခဲ့ပြီး သူ့မျက်လုံးထဲက စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး။ တစ်ခါတစ်ရံ ရွှေရောင်အလင်းတန်းများသည် သူ့မျက်လုံးမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သိပ်မသိသာပေမယ့် ဒေါ်လေးနှင့် တခြားသူများမြင်ရင် သူ့မျက်လုံးကို ပြန်စစ်ဆေးရန် ပိုက်ဆံကို အချည်းနှီးသုံးဖို့ တွန်းအားပေးလိမ့်မည်။
မပြောပြခင် သူ့မျက်လုံးများကို အပြည့်အဝ ထိန်းချုပ်နိုင်သည်အထိ စောင့်ချင်နေခဲ့သည်။
သို့သော် သူ အိမ်မှထွက်လာကတည်းက လင်ချီးယဲ့သည် သူ၏အနက်ရောင်ဖဲကြိုးကို ထပ်မံပတ်ထားရန် မလိုအပ်တော့သဖြင့် အလွန်ဆွဲဆောင်မှုကောင်းလွန်းလှသည်။
လင်ချီးယဲ့သည် အိတ်ကပ်ထဲမှ ယန်ကျင့်ဝယ်ခဲ့သော နေကာမျက်မှန်ကို ထုတ်ယူကာ မျက်မှန်တပ်ပြီး ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်သွားသည်။
တစ်နာရီကျော်ကြာ စီးသွားပြီးနောက် လင်ချီးယဲ့သည် နောက်ဆုံးတွင် သူ၏ဦးတည်ရာသို့ ရောက်ရှိလာသည်။
ယန်ကွမ်းစိတ်ကျန်းမာရေးဆေးရုံ။
လင်ချီးယဲ့ ဒီကိုနောက်ဆုံးရောက်ခဲ့တာ လွန်ခဲ့သောဆယ်နှစ်ကဖြစ်သည်။
ဆယ်နှစ်အတွင်း လင်ချီးယဲ့သည် များစွာပြောင်းလဲခဲ့ပြီး စိတ်ကျန်းမာရေးဆေးရုံသည်လည်း များစွာပြောင်းလဲခဲ့သည်။
နံရံဟောင်းများအားလုံးကို ပြန်လည်မွမ်းမံထားပြီး တံခါးသည် ယခင်ကထက် နှစ်ဆပိုကျယ်လာကာ ခေတ်မီသော အထပ်မြင့်အဆောက်အအုံနှစ်ခုသည် မူလသုံးထပ်အဆောက်အအုံကို အစားထိုးခဲ့ပြီး ‘ယန်ကွမ်းစိတ်ကျန်းမာရေးဆေးရုံ’ ၏ စကားလုံးပင် ရွှေရောင်ဖြင့်ရေးထိုးထားခဲ့သည်။
တံခါးဝတွင်ရပ်နေသော လင်ချီးယဲ့သည် သူ့ရှေ့ရှိ ခေတ်မီဆေးရုံကို သူ့မှတ်ဉာဏ်ထဲတွင်ရှိသော အဆောက်အအုံငယ်လေးနှင့် မချိတ်ဆက်နိုင်တော့ပါ။
မပြောင်းလဲသည့် တစ်ခုတည်းသောအရာမှာ တံခါးစောင့်ဖြစ်သော အဘိုးအိုဖြစ်ကောင်းဖြစ်နိုင်သည်။
သူ့ခန္ဓာကိုယ်က ပို၍ခါးကုန်းလာပြီး ဆံပင်များ ပိုဖြူလာသည်။
အဘိုးအိုသည် လင်ချီးယဲ့ကို မြင်ပုံရပြီး မျက်လုံးကျဉ်းမြောင်းကာ ညာလက်ကိုမြှောက်ပြီး လင်ချီးယဲ့ကို ညွှန်ပြလိုက်သည်…
အဘိုးအိုက သူ့ကို မှတ်မိနေသေးတယ်လို့ လင်ချီးယဲ့ထင်ပြီး နှုတ်ဆက်တော့မည်အချိန်မှာ…
ဦးလေးက ကျယ်လောင်စွာအော်လိုက်သည်။
“ဟိုနားက ငတုံးကောင်။ မင်းနောက်က ကားကိုလမ်းပိတ်ထားတယ်။”
TK Team (Chapter 13)