Chapter 17-20
Volume 1 (သေမျိုးနယ်မြေ ၀၁၇)
Chapter 17 (ကျွန်တော့်အိမ်)
“ဝူကျဲ့လေဟာနယ်လား။”
“ပိုင်နက်ရဲ့အတွင်းနဲ့အပြင်ကို ခွဲထုတ်နိုင်တဲ့ တားမြစ်အပျက်အစီးဖြစ်ပြီး ငါတို့နဲ့ ရန်သူရဲ့တိုက်ပွဲတွေကို သာမန်လူတွေအပေါ် မထိခိုက်စေဖို့ တားဆီးနိုင်တယ်။ မြို့တိုင်းက ညကင်းစောင့်မှာ [ဝူကျဲ့လေဟာနယ်] ကို ချနိုင်တဲ့ ဆိုင်းဘုတ်သုံးခု တပ်ဆင်ထားပြီး လူတစ်ယောက်က တာဝန်ယူမှာဖြစ်တယ်။ ယေဘုယျအားဖြင့် ငါက တိုက်ပွဲမှာ တိုက်ရိုက်မပါဝင်တာကြောင့် ငါ့လိုလူတွေကို ‘ကင်းစောင့်’ လို့လည်း ခေါ်ကြတယ်။”
လင်ချီးယဲ့က မျက်ခုံးပင့်လိုက်သည်။ “တစ်နည်းအားဖြင့် ခင်ဗျားက အပေါ်အင်္ကျီလေးပေါ့။”
“…စကားကို ဘယ်လိုပြောရမလဲ မင်းမသိရင် စကားနည်းနည်းပဲပြော” ကျောက်ခုန်းချိန်က မျက်ဆံလှန်လိုက်သည်။
“တားမြစ်အပျက်အစီးတွေကို ယူဖို့ နည်းလမ်းသုံးမျိုးရှိတယ်လို့ ခင်ဗျားပြောခဲ့တယ်လေ။ နောက်ဆုံးတစ်မျိုးက ဘာလဲ။”
“နောက်ဆုံးတစ်ခုကတော့ မင်းရဲ့အခြေအနေဖြစ်တဲ့ နတ်ဘုရားအပ်နှင်းတာပဲ။” ကျောက်ခုန်းချိန်၏မျက်နှာက လေးနက်လာသည်။ “တချို့နတ်ဘုရားတွေက သူတို့ရွေးချယ်ထားတဲ့လူသားကို သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားတချို့ပေးပြီး ကမ္ဘာပေါ်မှာ သူတို့ရဲ့ကိုယ်ပိုင် ကိုယ်စားလှယ်အဖြစ် ပြုလုပ်တယ်။ နတ်ဘုရားတွေ အပ်နှင်းတဲ့ ဒီလိုမျိုးတားမြစ်အပျက်အစီးကို ‘နတ်ဘုရားအပျက်အစီး(ရှန်ရွှီး)’ လို့လည်းခေါ်တယ်။
ဒါပေမယ့် စွမ်းအားရလာတဲ့အခါ ကိုယ်စားလှယ်တွေကလည်း နတ်ဘုရားတွေဆီက ညွှန်ကြားချက်တွေ လက်ခံရရှိတယ်။ တချို့က လူ့အဖွဲ့အစည်းကို ဖျက်ဆီးခိုင်းတယ်၊ တချို့က လူ့အဖွဲ့အစည်းကို ကာကွယ်ခိုင်းတယ်၊ တချို့က နတ်ဘုရားတွေကို ရှာဖွေဖို့ ကူညီခိုင်းတယ်… အကျဉ်းချုံးပြောရရင် သာမန်အခြေအနေတွေအောက်မှာ နတ်ဘုရားတစ်ပါးမှာ ကိုယ်စားလှယ်တစ်ယောက်သာရှိပြီး သူက နတ်ဘုရားရဲ့ဆန္ဒကို ကိုယ်စားပြုတယ်။
အခုချိန်အထိ မွေးဖွားလာတဲ့ ဒါဇင်ပေါင်းများစွာထဲက နတ်ဘုရားတွေရဲ့ ကိုယ်စားလှယ်အများစုဟာ လူသားမျိုးနွယ်ရဲ့ အစီအစဉ်သစ်ကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို ပရမ်းပတာအဖြစ်ကို ပြန်ရောက်အောင် ကြိုးပမ်းနေကြတဲ့ နတ်ဆိုးတွေရဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ သူတို့က ရှေးနတ်ဘုရားကျောင်းလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားတယ်။
နတ်ကောင်းတွေရဲ့ ကိုယ်စားလှယ်တွေလည်း ရှိပေမယ့် အရေအတွက်က အရမ်းနည်းတယ်။ ကြားနေနတ်ဘုရားတွေရဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ပတ်သက်ပြီး ငါတို့မသိသေးဘူး။”
ကျောက်ခုန်းချိန်သည် မတ်တတ်ထရပ်ပြီး လင်ချီးယဲ့ဆီသို့ လျှောက်သွားကာ သူ့မျက်လုံးများကို စိုက်ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။
“လင်ချီးယဲ့၊ မိုက်ကယ်က မင်းကို ဘာအမိန့်ပေးခဲ့တာလဲ။ မင်းက… ဘယ်ဘက်ကလဲ။”
လင်ချီးယဲ့၏ မျက်လုံးများသည် ရှုပ်ထွေးမှုများ ပြည့်နှက်နေပြီး “ကျွန်တော်မသိဘူး။ သူ မပြောဘူး။”
လင်ချီးယဲ့ ပြောသည့်စကားက အမှန်ပင်။ ထိုအချိန်တုန်းက မိုက်ကယ်သည် အဝေးရှိ လပေါ်ကနေ သူ့လှမ်းကြည့်ပြီး သူသတိလစ်သွားခဲ့သည်။ တစ်ဖက်က တကယ် စကားတစ်ခွန်းမှ မပြောခဲ့ဘူး။
ကျောက်ခုန်းချိန်သည် မျက်မှောင်ကြုတ်ကာ “သူ ဘာမှ မပြောဘူးလား။ မင်းစိတ်ထဲကနေ အသံကို မကြားရဘူးလား။”
“မကြားဘူး။ တကယ်မကြားဘူး။”
ကျောက်ခုန်းချိန်သည် လင်ချီးယဲ့ကို သံသယစိတ်ဖြင့် အချိန်အတော်ကြာအောင် ကြည့်နေပြီး လိမ်ညာနေသည့် အရိပ်အယောင်ကို မြင်ချင်နေပုံရသည်။ အချိန်အတော်ကြာတော့ သူ့မျက်လုံးများကို အဝေးသို့လွှဲလိုက်ပြီး ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
“ငါတို့ခန့်မှန်းခြေအရ မိုက်ကယ်က ကြားနေ ဒါမှမဟုတ် နတ်ကောင်းဖြစ်လောက်တယ်။ မဟုတ်ရင် ငါတို့မင်းကို သတ်ခဲ့တာကြာပြီ ဒါပေမယ့်… သူမင်းကို နတ်ဘုရားအပျက်အစီးပေးပြီး ဘာလို့ ဘာမှမပြောတာလဲ။
သူ ဘာလုပ်ချင်တာလဲ။”
လင်ချီးယဲ့သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ “သူ ဘာလုပ်ချင်လဲ ကျွန်တော်မသိဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို အမိန့်ပေးရင်တောင် ကျွန်တော် မလုပ်ဘူး။ ဒီအရှုပ်အထွေးမှာ ကျွန်တော် မပါဝင်ချင်ဘူး။ အဆိုးဆုံးမှ ဒီမျက်လုံးတွေကို ကျွန်တော် သူ့ဆီ ပြန်ပေးရုံပဲ။”
သူပြောပြီးတော့ မတ်တတ်ရပ်ပြီး “အဆင်ပြေမယ်ဆိုရင် ကျွန်တော်အရင်ပြန်တော့မယ်။”
ကျောက်ခုန်းချိန် စကားပြောတာကို မစောင့်ဘဲ သူသည် ခေါင်းလှည့်ပြီး တံခါးဖွင့်လိုက်သည်။
“မဟုတ်သေးဘူး။ မင်းနေဦး။” ကျောက်ခုန်းချိန်သည် ရုတ်တရက် မတ်တတ်ရပ်ကာ တံခါးကိုပိတ်ပြီး လင်ချီးယဲ့၏မျက်လုံးများကို စိုက်ကြည့်နေသည်။ “မင်းက မေးခွန်းတွေမေးပြီး ထွက်သွားတော့မှာလား။ ငါကရော။”
“ခင်ဗျားကလား။ ခင်ဗျားတစ်ယောက်တည်း ဒီမှာ အချစ်ဇာတ်လမ်းခင်းလို့ရတယ်လေ။” လင်ချီးယဲ့က လေးနက်စွာ ပြန်ဖြေသည်။
“မဟုတ်ဘူး၊ ငါဆိုလိုတာက … မင်းငါ့ကိုမမေးဘူးလား။ ငါဘယ်သူလဲဆိုတာ” ကျောက်ခုန်းချိန်သည် ဒီကလေးနဲ့ စကားပြောရတာ ပင်ပန်းတယ်လို့ ခံစားရသည်
“ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။” လင်ချီးယဲ့သည် တံခါးကို ဆက်ဖွင့်သည်။
ကျောက်ခုန်းချိန်သည် တံခါးလက်ကိုင်ကို ဆွဲကိုင်လိုက်ပြီး “ငါဘာလို့ ဒီလောက်သိနေတာလဲ။ ငါ့နောက်ကွယ်မှာ ဘယ်လိုအဖွဲ့အစည်းမျိုးရှိတာလဲ။ ငါတို့ဘာလုပ်ကြတာလဲ… မင်း ဒီကိစ္စတွေကို မသိချင်ဘူး။”
“မသိချင်ဘူး။”
“ဘာလို့လဲ။”
“ရုပ်ရှင်ထဲက ဇာတ်လမ်းဇာတ်ကွက်အရ ခင်ဗျားရဲ့ဖြစ်တည်မှုကို ကျွန်တော်သိလိုက်တဲ့အခါ ရွေးချယ်စရာနှစ်ခုပဲ ကျန်တော့တယ်။” လင်ချီးယဲ့သည် လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး “ပူးပေါင်းမှာလား ဒါမှမဟုတ် လျှို့ဝှက်ချက်ကို ဘယ်တော့မှ ထုတ်ဖော်တာမျိုးမလုပ်အောင် အသတ်ခံရတာ၊ ပိတ်လှောင်ခံရတာ၊ ဦးနှောက်ဆေးတာမျိုး ဖြစ်လာလိမ့်မယ်…”
“… မင်း တီဗီလျှော့ကြည့်သင့်တယ်။” ကျောက်ခုန်းချိန်သည် ခဏတာ မှင်တက်သွားပြီး “ဒါ့အပြင် မင်းငါတို့ကို မသိဘူး။ ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်မှုတာ ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုတာ မင်းဘယ်လိုသိလဲ။”
လင်ချီးယဲ့ မျက်ခုံးပင့်လိုက်ပြီး “ဒါဆို ခင်ဗျားတို့အကြောင်း ကျွန်တော်သိပြီး မပူးပေါင်းဖို့ ရွေးချယ်လိုက်ရင်တောင် ကျွန်တော်အန္တရာယ်မဖြစ်နိုင်ဘူးလား။”
“သေချာပါက် အန္တရာယ်မဖြစ်ဘူး။ ငါတို့က စစ်သားတွေပဲ။ အများဆုံးမှ ငါတို့မင်းကို နှုတ်ပိတ်နေဖို့သဘောတူညီချက်မှာ လက်မှတ်ရေးထိုးဖို့ တောင်းဆိုမှာ။ မင်းပြောခဲ့တာတွေက လုံးဝအဓိပ္ပါယ်မရှိဘူး။”
“ဒါဆို ကျွန်တော်နားထောင်နိုင်တယ်…” လင်ချီးယဲ့သည် ထိုစကားကိုကြားပြီးနောက် ပြန်ထိုင်လိုက်သည်။
ကျောက်ခုန်းချန်က သက်ပြင်းချလိုက်သည်။ ဒီကလေးနဲ့ မိနစ်အနည်းငယ်လောက် စကားစမြည်ပြောပြီးနောက် တစ်နေ့လုံး အပြင်မှာ ထိုင်ရတာထက် ပိုပင်ပန်းတယ်လို့ ခံစားရသည်။
“၁၉၂၂ ခုနှစ်မှာ ငါတို့ရဲ့စူးစမ်းရှာဖွေရေးအဖွဲ့က ပထမဆုံး ဒဏ္ဍာရီလာသတ္တဝါ ဟွမ့်တွမ့်နဂါး၊ လဗိုင်ယာသန်ကို ရှာဖွေတွေ့ရှိပြီးနောက် သာ့ရှရဲ့ ထိပ်တန်းအရာရှိတွေက ဒဏ္ဍာရီလာသတ္တဝါတွေ ကျူးကျော်တိုက်ခိုက်ခြင်းကို ရင်ဆိုင်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့အတွက် စစ်တပ်အဖွဲ့အစည်းတစ်ခုကို အရေးပေါ်ဖွဲ့စည်းခဲ့ပြီး အထူးဇီဝတုံ့ပြန်ရေးတပ်ဖွဲ့ ၁၃၉ လို့သိကြတယ်။
အဲဒီအချိန်က ငါတို့ရဲ့နည်းပညာဟာ အတော်လေးနောက်ကျကျန်ခဲ့ပြီး ငါတို့ရှေ့မှောက်က ကမ္ဘာကြီးအကြောင်းကို ငါတို့ဘာမှမသိတာကြောင့် အထူးဇီဝဗေဒတုံ့ပြန်ရေးတပ်ဖွဲ့လို့ခေါ်ဆိုခြင်းက အတုအယောင်မျှသာဖြစ်ပြီး လုံးဝအသုံးမဝင်ဘူး။
နောက်ပိုင်းမှာ အချိန်တွေကြာလာတာနဲ့အမျှ ဒဏ္ဍာရီလာသတ္တဝါတွေကို ပိုပိုပြီးမြင်လာရပြီး သူတို့ထဲက တချို့နဲ့ အဆက်အသွယ်ရဖို့အတွက် ကြိုးစားခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ တားမြစ်အပျက်အစီးတွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ငါတို့ရှာဖွေတွေ့ရှိခဲ့ပြီး အထူးတိုက်ခိုက်ရေးစွမ်းရည်တွေကို စတင်လေ့ကျင့်ခဲ့တယ်။
တားမြစ်အပျက်အစီးပိုင်ရှင်တွေ ပိုများလာနေတာကို ငါတို့ ရှာဖွေတွေ့ရှိတဲ့အခါ တားမြစ်အပျက်အစီးပိုင်ရှင်တွေရဲ့ ကျပန်းလုပ်ဆောင်မှုကြောင့် စစ်တပ်မှာလူတိုင်းပါဝင်ဖို့ မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့တယ်။ ဒါကြောင့် ၁၃၉ အထူးဇီဝတုံ့ပြန်ရေးတပ်ဖွဲ့က စစ်တပ်တစ်ပိုင်း၊ အရပ်သားတစ်ပိုင်းအသွင်ပြောင်းမှုရဲ့ အထူးပုံစံအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။
အခု ငါတို့ အဲဒီအထူးအဖွဲ့အစည်းကို… ‘ညကင်းစောင့်’ လို့ခေါ်ကြတယ်။”
လင်ချီးယဲ့က တွေးဆလိုက်သည်။ “ဒါဆို ခင်ဗျားတို့ရဲ့တည်ရှိမှုက အဲဒီနတ်ဆိုးတွေဆီက သာ့ရှကို ကာကွယ်ဖို့လား။”
“အတိအကျပြောရရင် ဒဏ္ဍာရီလာသတ္တဝါအားလုံးပဲ။”
“ဘာကွာခြားလို့လဲ။”
“ကွာခြားတာပေါ့။ ငါအရှေ့မှာပြောခဲ့သလိုပဲ ဒဏ္ဍာရီလာသတ္တဝါတွေရဲ့အသွင်အပြင်က ကျပန်းဖြစ်ပြီး ခွန်အားနဲ့ဘာမှမဆိုင်ဘူး၊ ဒါကြောင့် ဆင်းသက်လာတဲ့ဒဏ္ဍာရီလာသတ္တဝါတွေက လူသားတွေနဲ့ရင်းနှီးတဲ့ အစွမ်းထက်တဲ့နတ်ဘုရားတွေတင်မကဘဲ ကျေးလက်ဒဏ္ဍာရီတွေ ဒါမှမဟုတ် အတ္ထုပ္ပတ္တိတွေမှာသာ တည်ရှိနေတဲ့ အသေးစားသတ္တဝါတချို့လည်း ရှိတယ်။ မနေ့ညက မင်းတွေ့ခဲ့တဲ့ တစ္ဆေမျက်နှာလူသားဟာ ကျေးလက်ထိတ်လန့်ဖွယ်ဒဏ္ဍာရီတွေထဲက တစ်ကောင်ပဲ။
ဒီလိုဒဏ္ဍာရီလာသတ္တဝါမျိုးက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းမရှိပေမယ့် လူ့အဖွဲ့အစည်းကို ထိခိုက်စေမှာဖြစ်တာကြောင့် ငါတို့က ‘လျှို့ဝှက်ဆန်းကြယ်မှု’လို့ စုစည်းခေါ်ဝေါ်ကြတယ်။”
“နားလည်ပြီ။” လင်ချီးယဲ့သည် ခေါင်းညိတ်ပြပြီး မနေ့ညက သူကြုံတွေ့ခဲ့ရသည့် ပုံရိပ်ကို နည်းနည်းရင်းနှီးသွားသလို ခံစားလိုက်ရသည်။ ၎င်းက ကျေးလက်ဇာတ်လမ်းကနေ မွေးဖွားလာခဲ့တာ ဖြစ်သည်။
“ဒီတော့ ငါတို့လည်း စစ်သားတွေပါ၊ မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်သားတွေပါ။ ငါတို့ရဲ့တည်ရှိမှုက သာ့ရှရဲ့လူတွေကို အန္တရာယ်ကနေ ကာကွယ်ပေးဖို့ပဲ။ ဒါက မွန်မြတ်တာပဲမဟုတ်ဘူးလား။ ဒါက မမိုက်ဘူးလား။” ကျောက်ခုန်းချိန်သည် မတ်တတ်ရပ်ပြီး စိတ်အားထက်သန်စွာ သွေးဆောင်လိုက်သည်။
“အရမ်းမွန်မြတ်ပြီး အရမ်းမိုက်သလို ကျွန်တော်ခင်ဗျားကို တကယ့်ကို အရမ်းလေးစားပါတယ်။” လင်ချီးယဲ့၏အမူအရာသည် လေးနက်လာပြီး သူ့မျက်လုံးများက နောက်ပြောင်ခြင်းမရှိဘဲ နက်ရှိုင်းသောလေးစားမှုကို တကယ်မြင်ရနိုင်သည်။
ကျောက်ခုန်းချိန်၏ မျက်နှာပေါ်တွင် အပြုံးခပ်ရေးရေးတစ်ခု တဖြည်းဖြည်း ပေါ်လာပြီး “ဒါဆို မင်း…”
“ကျွန်တော်မသွားဘူး။”
“…” ကျောက်ခုန်းချိန်၏ အပြုံးသည် ရုတ်တရက် တောင့်တင်းသွားပြီး “ဘာလို့လဲ။”
“ကျွန်တော် အဝေးကို မသွားနိုင်ဘူး။” လင်ချီးယဲ့၏မျက်လုံးများသည် လေးနက်မှုအပြည့်ဖြင့် “ကျွန်တော့်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်…”
“တိုင်းပြည်ကို ကာကွယ်တာထက် ဘာက ပိုအရေးကြီးလို့လဲ။”
“ကျွန်တော့်မှာ ဒေါ်လေးတစ်ယောက်နဲ့ ညီဝမ်းကွဲတစ်ယောက်ရှိတယ်။” လင်ချီးယဲ့သည် အလွန်အေးဆေးသောအမူအရာဖြင့် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ “ကျွန်တော့်ဒေါ်လေးက အသက်အရမ်းမကြီးသေးပေမယ့် သူမက အားကျင့်နဲ့ ကျွန်တော်လို့ အသုံးမဝင်တဲ့လူအတွက် ဆယ်နှစ်လောက် စက်ရုံမှာ နေ့ရောညပါ အလုပ်လုပ်နေခဲ့တာ။ အခု သူမခန္ဓာကိုယ်က အိုစာနေပြီ…
သူမက အရမ်းခေါင်းမာတာ။ ဧည့်ခန်းထဲက ခွေးခြေခုံပေါ် သားအိမ်ခေါင်း ကျောရိုးကို ပွတ်လိုက်မိတုန်းက မျက်ရည်တွေကျလာတာတောင် ယောဂကျင့်ပြီး အရမ်းကျန်းမာတယ်လို့ အခိုင်အမာပြောခဲ့တယ်…
ကျွန်တော်က သူမဘေးမှာ ထိုင်နေပြီး သူမက ကျွန်တော်မမြင်နိုင်ဘူးလို့ ထင်နေခဲ့တယ်။
သူမက အရမ်းဂရုတစိုက်နေထိုင်ပြီး အရမ်းပင်ပန်းရတယ်။
ကျွန်တော့်ညီဝမ်းကွဲက အရမ်းဉာဏ်ကောင်းပြီး ဝတ်ကြီးဝတ်ငယ်တွေ လုပ်တတ်ပေမယ့် ကံမကောင်းစွာပဲ… သူက ဒီမိသားစုကို စောင့်ရှောက်ကို ငယ်လွန်းတယ်။
ကျွန်တော့်မှာလုပ်စရာတွေ အများကြီးကျန်သေးတယ်။
ကျွန်တော့်မိသားစုကို ထောက်ပံ့ဖို့ ငွေရှာချင်တယ်။ ကျွန်တော့်ဒေါ်လေးနဲ့ ဝမ်းကွဲအတွက် အိမ်ကြီးတစ်လုံးဝယ်ချင်တယ်။ ပြီးတော့ ဒေါ်လေးက အဲဒီမှောင်ခိုစက်ရုံဆီသွားပြီး ခံစားနေရတာကို ကျွန်တော်မလိုချင်ဘူး။
ကျွန်တော့်ညီဝမ်းကွဲကို ကောလိပ်တက်စေချင်ပြီး သူ့ကို ကျွန်တော့်ဒေါ်လေးနဲ့အတူ ကောင်းမွန်တဲ့ဘဝမျိုးမှာ နေထိုင်ခိုင်းစေချင်တယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူတို့တွေ ကျွန်တော့်အပေါ် ဘယ်တော့မှ မစွန့်ပစ်ခဲ့ဘူး။ အခု နောက်ဆုံးတော့ ကျွန်တော် လူကောင်းအတိုင်း ပြန်ဖြစ်လာပြီး ကျွန်တော် သူတို့ကို ဘယ်လိုလုပ် စွန့်ပစ်ရက်မှာလဲ။
ခင်ဗျားတို့က မွန်မြတ်ပြီး ကြီးမြတ်တယ်။ အခြေအနေတွေသာ ခွင့်ပြုရင် ကျွန်တော် ခင်ဗျားတို့နဲ့ ပူးပေါင်းနိုင်လောက်တယ်…
ဒါပေမယ့် အခုတော့ ကျွန်တော် သူတို့ဘေးမှာပဲနေချင်တယ်…
ဒီအိမ်ကို စောင့်ရှောက်ဖို့။”
TK Team (Chapter 17)
Volume 1 (သေမျိုးနယ်မြေ ၀၁၈)
Chapter 18 (ကြိုဆိုပါတယ်)
ကျောက်ခုန်းချိန်က အံ့အားသင့်သွားသည်။
သူ့ရှေ့က သာမန်အထက်တန်းကျောင်းသားသည် ဒီလိုစကားမျိုးပြောပြီး ရင့်ကျက်သော အတွေးမျိုးရှိလိမ့်မယ်လို့ သူတကယ်ကို မမျှော်လင့်ထားမိဘူး…
လူငယ်များ၏ သာမာန်အထက်တန်းကျောင်းသားအရွယ်နှင့် စိတ်အားထက်သန်သော စိတ်ပိုင်းဆိုင်ရာ စည်းရုံးရန် သူကြိုးစားခဲ့သည်မှာ ရယ်စရာကောင်းကြောင်း သူသဘောပေါက်သွားခဲ့သည်။
လင်ချီးယဲ့က သာမန်အထက်တန်းကျောင်းသားမဟုတ်ပေ။
လင်ချီးယဲ့သည် မတ်တတ်ထရပ်ပြီး တံခါးဆီသို့ တည့်တည့်လျှောက်သွားကာ ခဏမျှ တွန့်ဆုတ်ပြီး ရပ်လိုက်သည်။
“အခုလိုပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ NDA(Non-disclosure agreement) မှာ ကျွန်တော် လက်မှတ်ထိုးလိုက်ပါ့မယ်”
စကားပြောပြီးနောက် သူ တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့သည်။
ယခုတစ်ကြိမ်တွင် ကျောက်ခုန်းချိန်သည် ကုတင်ဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ့ခန္ဓာကိုယ်က သူ့ကို ထိန်းထားလိုသည့်အတိုင်း အနည်းငယ် မတ်တတ်ရပ်လိုက်ပြီး ခဏရပ်တန့်ပြီးနောက်တွင် ပျော့ညံ့စွာ ပြန်ထိုင်လိုက်သည်။
ဒီလူငယ်က ဘာကိုဆိုလိုတယ်ဆိုတာ သူသိပြီး ဒီလူငယ်ကို ပြန်ခေါ်လာရန် တာဝန်ရှိတယ်ဆိုတာလည်း သူသိပေမယ့်…
သူ မလုပ်နိုင်ဘူး။
…
“ရှောင်ချီး နောက်ဆုံးတော့ နင်ပြန်လာပြီလား။ ဒီနေ့ ကျောင်းဝတ်ရုံကို ဘာလို့ မဝတ်တာလဲ။”
“ဒေါ်လေး ဒီမနက် ကျွန်တော် အမြန်အိပ်ရာထတာနဲ့ ဝတ်ဖို့ မေ့သွားတာ။”
“ဒီကလေးကတော့… နင် ကျောင်းဝတ်စုံမဝတ်တော့ ဆရာက နင့်ကို မဆူဘူးလား။”
“စကားနည်းနည်းပဲ ပြောတာပါ။ အဆင်ပြေပါတယ်။”
“ဟေ့ ရှောင်ချီး၊ နင်က အခုမှ ကျောင်းပြောင်းလာတာ ဆရာက နင့်အပေါ် မကောင်းမြင်အောင် လုပ်လို့မရဘူး။ ဒီလိုအရာတွေမှာ မင်းပိုပြီးဂရုစိုက်ရမယ်။”
“နားလည်ပါပြီ ဒေါ်လေး။”
“ကျောင်းမှာ နင့်အတန်းဖော်တွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံသလဲ။ သူတို့က နင့်ကို မပစ်ပယ်ထားဘူးမလား။”
“မပစ်ပယ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းပေါင်းသင်းဆက်ဆံပါတယ်။ သူတို့က ကျွန်တော့်ကို အိမ်တောင်လိုက်ပို့ပေးပြီး ကျွန်တော်လည်း သူတို့ကို အိမ်ပြန်ပေးလိုက်တယ်။”
“ကောင်းတယ် ကောင်းတယ်။”
“ကျွန်တော် အခန်းထဲပြန်တော့မယ် ဒေါ်လေး။”
“ကောင်းပြီ စောစောအိပ်နော်။”
ဗုန်း…
လင်ချီးယဲ့သည် တံခါးကိုပိတ်လိုက်ပြီး ကုတင်ပေါ်တွင် ပက်လက်အိပ်ကာ ပြတင်းပေါက်အပြင်ဘက်က ညကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
ဒီကမ္ဘာကြီးက သူထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးသည်…
ဒါပေမယ့် အဲဒါက သူနဲ့ ဘာမှမသက်ဆိုင်ဘူး။
ခဏလောက် အနားယူပြီးနောက် လင်ချီးယဲ့သည် ထထိုင်လိုက်ပြီး သူ့အိတ်ကပ်ထဲက မာကျောသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာချိန်မှာ အဝတ်အစားများ ချွတ်တော့မည်ဖြစ်သည်။
တောက်… တောက်…
လင်ချီးယဲ့သည် ခေါင်းငုံ့ပြီး မျက်ခုံးများကြားတွင် သံသယများဖြင့် ထိုအရာကို ကောက်ယူလိုက်သည်။
၎င်းသည် ဒေါ်လာဒင်္ဂါးတစ်ပြားထက် ပိုကြီးသော တံဆိက်ကဲ့သို့ သတ္တုအဆင်တန်ဆာတစ်ခုဖြစ်သည်။ ဘာပစ္စည်းနဲ့လုပ်ထားလဲ သူမသိဘဲ ၎င်းကိုကောက်ယူပြီးနောက် အေးမြသော အထိအတွေ့ ထွက်လာသည်။
ဒီတံဆိပ်၏ အရှေ့ဘက်မှာ ဖြောင့်စင်းသော ဓားနှစ်ချောင်း ရောယှက်ထားကာ ဓားသည် အပြာနုရောင် အလင်းတန်းတောက်ပစွာ ထွက်ပေါ်လာပြီး ဓားများနောက်ခံက ညကောင်းကင်သည် ကြယ်များစုံနေ၍ လက်ရာက အလွန်သိမ်မွေ့ပါသည်။
ပုံစံအောက်တွင် “ကျောက်ခုံးချိန်” စာလုံးအသေးသုံးလုံးကို ရေးထွင်းထားသည်။
“ဒါက…” လင်ချီးယဲ့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ကျောက်ခုန်းချိန်သည် သူ့ကို ဟိုတယ်ထဲသို့ ဆွဲခေါ်သွားသောအခါ သူ့အိတ်ကတ်ကို ထိလိုက်ပုံရသည်ဟု လင်ချီးယဲ့မှတ်မိသည်။
သူ မတော်တဆ ပြုတ်ကျခဲ့တာလား။
လင်ချီးယဲ့သည် တံဆိပ်ကို ကလိရင်း တစ်ဖက်ကို လှန်လိုက်ပြီး နောက်ကျောတွင် စာလုံးသေးသေးလေးများဖြင့် ရေးထိုးထားသည်။
“ညအမှောင်တွေရောက်လာရင်
သောင်းချီတဲ့လူတွေရှေ့မှာ ငါရပ်နေမယ်
ဓားနဲ့ ချောက်နက်ကို ဖြတ်ပြီး
ကောင်းကင်ကို သွေးရောင်လွှမ်းစေမယ်။”
“ဒါက အရမ်းရဲရင့်တာပဲ… ဒါက ကျောက်ခုန်းချိန် ကိုယ်တိုင် ရေးခဲ့တာလား။ ဒါမှမဟုတ် သူတို့ညကင်းစောင့်ရဲ့ ညွှန်ကြားချက်လား။” လင်ချီးယဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ “သူ့ရဲ့ခပ်တုံးတုံးပုံစံနဲ့ ဒီလိုစကားတွေ ရေးတတ်ပုံမပေါ်ဘူး…”
အချိန်အတော်ကြာ ၎င်းကိုကစားပြီးနောက် လင်ချီးယဲ့သည် စားပွဲပေါ်တင်ကာ အဝတ်အစားလဲပြီး ကုတင်ပေါ်သို့ တက်လိုက်သည်။
ဒီညတော့ သူ့မှာ အရေးကြီးတာတွေ လုပ်စရာရှိသည်။
သူမျက်စိမှိတ်ပြီး သူ့စိတ်ထဲတွင် သူ့အသိစိတ်က နတ်ဘုရားများစိတ်ကျန်းမာရေးဆေးရုံသို့ နစ်မြုပ်သွားခဲ့သည်။
ထိုအချိန်တွင် စိတ်ကျန်းမာရေးဆေးရုံ၏ ခြံကျဉ်းလေးမှာ နက်စ်သည် သူမရင်ခွင်ထဲတွင် ပုလင်းများနှင့် အိုးများနှင့်အတူ လှုပ်နေသောကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူမက တစ်စုံတစ်ခုကို ရေရွတ်နေပြီး သူမနှုတ်ခမ်းထောင့်တွင် အချိန်တိုင်းလိုလို အပြုံးတစ်ခုပေါ်လာသည်။
သူမ၏မျက်လုံးများထဲက မှုန်မှိုင်းနေမှုနှင့် သူမ၏လက်ထဲက ထူးဆန်းသည့်အရာများကို လျစ်လျူရှုထားမည်ဆိုလျှင် သူမ၏အမူအရာများတွင် ပေါ်လွင်နေသော မြင့်မြတ်သည့်စိတ်သဘောထားအပေါ် အမှီပြုလိုက်ရုံဖြင့် ဤအရာက လှပသောရုပ်ပုံတစ်ပုံဖြစ်မည်မှာ သေချာပါသည်။
ခဏကြာတော့ ကုတ်အင်္ကျီဖြူဝတ်ထားသော လင်ချီးယဲ့က ဖြည်းညှင်းစွာ လျှောက်လာသည်။
စိတ်ရောဂါကုဆရာဝန်၏ အခန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရန်အတွက် လင်ချီးယဲ့သည် ဌာနမှူး၏ရုံးခန်းတွင် အဖြူရောင်ကုတ်အင်္ကျီကို အထူးရှာဖွေတွေ့ရှိခဲ့ပြီး ကော်လာပေါ်တွင် မျက်မှန်အပြားတစ်လက်ကိုပင် တင်ထားခဲ့သည်။
ပထမအကြည့်တစ်ချက်မှာ ဒီလိုပုံစံဖြစ်နေရမည်။
လင်ချီးယဲ့သည် လှုပ်နေသော ကုလားထိုင်ဆီသို့ လျှောက်သွားကာ နက်စ်၏ မှုန်မှိုင်းသော မျက်လုံးများကို တိတ်တဆိတ် စိုက်ကြည့်ပြီး သက်ပြင်းကို တိုးတိုးလေးချလိုက်သည်။
သူဖတ်ဖူးသော ဒဏ္ဍာရီစာအုပ်များမှ သုံးသပ်ကြည့်လျှင် နက်စ်သည် အမှန်တကယ်ပင် ဂရိဒဏ္ဍာရီတွင် ရှေးအကျဆုံးနှင့် အစွမ်းထက်ဆုံး နတ်ဘုရားများထဲမှ တစ်ပါးဖြစ်ပြီး သူမ၏ အဆင့်အတန်းနှင့် စွမ်းအားက ထိပ်တန်းဖြစ်သည်။
ဒါပေမယ့် တခြားနတ်ဘုရားများနဲ့ ယှဉ်ရင် သူမမှာ အကြီးမားဆုံးသော ထူးခြားသည့်လက္ခဏာရှိပါသည်…
ကလေးမွေးရတာ ကြိုက်သည်။
လင်ချီးယဲ့၏စာရင်းဇယားများအရ နက်စ်တွင် သေမင်းနတ်ဘုရား တန်းနာထို့စ်၊ အိပ်စက်ခြင်းနတ်ဘုရား ဟစ်နို့စ်၊ ကောင်းကင်နတ်ဘုရား၊ ကံကြမ္မာနတ်ဘုရားမ၊ ကံဆိုးခြင်းနတ်ဘုရား စသည်ဖြင့် နာမည်ကြီးနတ်ဘုရားများအပါအဝင် အနည်းဆုံး ကလေးအယောက်နှစ်ဆယ်ရှိသည်။
အနည်းငယ်မှလွဲ၍ နက်စ်၏သားသမီးအများစုသည် မကောင်းသောနတ်ဘုရားများဖြစ်ကြပြီး သူတို့မွေးဖွားပြီးနောက်တွင် သူတို့သည် ကမ္ဘာပေါ်သို့ ဘေးဥပဒ်များဆောင်ကြဉ်းလာကာ ကြေကွဲဖွယ်အဆုံးသတ်သွားသော နတ်ဘုရားများအနည်းငယ်ပင် မကပေ။
ဒဏ္ဍာရီထဲက စကားလုံးအနည်းငယ်တွင် လင်ချီးယဲ့သည် ညနတ်ဘုရားမနဲ့ ပတ်သက်သော အသေးစိတ်အချက်အလက်ကို မရယူနိုင်ခဲ့ပေမယ့် နက်စ်၏ လက်ရှိအခြေအနေဟာ သူမကလေးများနဲ့ ဆက်စပ်နေနိုင်တယ်လို့ ထင်ကြေးပေးခဲ့သည်။
ယန်ကွမ်းစိတ်ကျန်းမာရေးဆေးရုံမှ ဆရာဝန်သည် လူနာအမျိုးသားတစ်ဦးက ဇနီးဖြစ်သူအား အလွန်လွမ်းဆွတ်မိသောကြောင့် ဇနီးသည်ကို စိတ်ကူးယဉ်မိကြောင်း ပြောကြားခဲ့သည်။ ၎င်းက နက်စ်၏ရောဂါနှင့်အတူတူပဲမလား။
အဘယ်ကြောင့်ဆိုသော် သူမသည် သူမသားသမီးများကို အလွန်လွမ်းဆွတ်နေသောကြောင့် ထိုပုလင်းများနှင့် အိုးများကို သူမကလေးများကဲ့သို့ ဆက်ဆံနေလေသလား။
ဒါပေမယ့် သူမသားစဥ်မြေးဆက်တွေက ဘာဖြစ်သွားတာလဲ။ နက်စ်ကို ဘယ်လိုပြင်းထန်သော တုံ့ပြန်မှုမျိုး ဖြစ်ပေါ်စေခဲ့တာလား။
နတ်စွမ်းအားနဲ့ ရှေးနတ်ဘုရားတစ်ပါးအနေဖြင့် သူမက တကယ်ပဲ ဤမျှပြင်းထန်သော စိတ်ခံစားမှုများ ရှိနိုင်ပါသလား။ ဒါမှမဟုတ်… သူမ နေမကောင်းမဖြစ်ခင် သူမသည် သူမ၏နတ်ဘုရားခန္ဓာကိုယ်နဲ့ သူမ၏နတ်ဘုရားအဆင့်အတန်းကို ဆုံးရှုံးခဲ့ရသလား။
လင်ချီးယဲ့မသိပေ။
“ဟစ်နို့စ် စိတ်မပူပါနဲ့။ နင့်အစ်ကိုက မကြာခင်ပြန်လာတော့မှာပါ။ သူက ခဏလောက် သွားကစားနေတာ…
အဲဒီကလေး တန်းနာထို့စ်ကတော့ ငယ်ငယ်ကတည်းက ပြဿနာရှာရတာ အရမ်းကြိုက်တယ်။ သူပြန်လာတဲ့အခါ သူ့ကို သင်ခန်းစာကောင်းကောင်း ပေးရမယ်။”
နက်စ်သည် သူမလက်ထဲက ပန်းအိုးကို ကိုင်လိုက်ပြီး အဝေးကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း သူမမျက်လုံးထဲမှာ မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာပြီး နောက်တော့ မှုန်မှိုင်းသွားပြန်သည်။
သူမ ခေတ္တရပ်လိုက်ပြီး သူမ၏အသံက အနည်းငယ် တုန်ရီနေသည်။
“အ…
အနှစ်သုံးထောင်ရှိနေပြီကို သူဘာလို့ ပြန်မလာသေးရတာလဲ…”
လင်ချီးယဲ့သည် ဤမြင်ကွင်းကိုကြည့်ကာ အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးသားထဲတွင် အချဉ်ပေါက်သွားသည်။
တစ်ချိန်က အမြင့်တွင်နေခဲ့သော ညနတ်ဘုရားမသည် ယခုအခါ အလွန်အားကိုးရာမဲ့ပြီး နိမ့်ကျသူဖြစ်မည်ဟု မည်သူထင်မည်နည်း။
သူမသည် ညနတ်ဘုရားမဖြစ်သလို သူမသားပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် မိခင်လည်းဖြစ်သည်။
“မင်း သူမရောဂါကို ကုသချင်ရင် မူလဇစ်မြစ်ကနေ စရမယ်…” ဆရာဝန်၏စကားသည် လင်ချီးယဲ့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး သူ့ခေါင်းကိုငုံ့ကာ ပြင်းပြင်းထန်ထန် စဉ်းစားလိုက်သည်။
မူလဇစ်မြစ်… နက်၏ရောဂါဇစ်မြစ်က သူမကလေးကို ဆုံးရှုံးရလို့ဖြစ်သည်။
သူမကို သူကုသချင်လျှင် သူမကလေးတွေနဲ့သာ စတင်လို့ရသည်။ သို့ပေမယ့် သူမကလေးများသည် နာမည်ကြီး ဂရိနတ်ဘုရားများဆိုတာ သူသိသောကြောင့် သူတို့ကို တစ်ယောက်ချင်းစီရှာပြီး နက်စ်ဆီခေါ်လာဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူးမလား။
သို့သော် လင်ချီးယဲ့သည် မြူခိုးများကြောင့် သူတို့တွေ ဒီကမ္ဘာထဲကို ခေါ်သွင်းခံရသလားဆိုတာတောင် မသိပါဘူး။ ထို့ကြောင့် ဤမျှလောက်များသော နတ်ဘုရားများကို ဘယ်မှာသွားရှာရမှာလဲ။
သူတို့တွေ့လျှင်တောင် ထိုနတ်ဆိုးများသည် သူ့နောက်ကို နာခံမှုရှိစွာ လိုက်လာမည်လား။
လင်ချီးယဲ့က မျက်မှောင်ကြုတ်ပြီး စဉ်းစားနေသည်။ ထိုအချိန်တွင် သူ့စိတ်ထဲမှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အဲဒါက… အလုပ်ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်မလား။
လင်ချီးယဲ့သည် မတ်တတ်ထရပ်ပြီး နက်စ်ကို အချိန်အကြာကြီး စိုက်ကြည့်ရင်း နောက်ဆုံးတွင် ရှေ့ကိုတိုးဖို့ သူ့စိတ်ကို ဆုံးဖြတ်လိုက်သည်။
နက်စ်၏ မှိုင်းညို့နေသော မျက်လုံးများအောက်တွင် လင်ချီးယဲ့သည် သူမဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်…
ဖြည်းညှင်းစွာ ထိုင်ချလိုက်ရင်း
နက်စ်ကို ပွေ့ဖက်ရန် သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး
သူမ၏နားထဲတွင် တိုးတိုးလေးပြောလိုက်သည်။
“အမေ သားပြန်လာပြီ။”
ဤအခိုက်အတန့်တွင် နက်စ်၏ မျက်လုံးများသည် မကြုံစဖူးသော အကြည့်များဖြင့် ရုတ်တရက် တောက်ပသွားသည်။
သူမသည် သူမ၏တုန်တုန်ယင်ယင်လက်ကို ဆန့်ထုတ်လိုက်ပြီး လင်ချီးယဲ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ အချိန်အတော်ကြာပြီးနောက် သူမသည် တုန်ယင်နေပြီး ပြီးပြည့်စုံသော စာကြောင်းကို ပြောလိုက်သည်။
“ကြိုဆိုပါတယ် တန်းနာထို့စ် ငါ့သားလေး…”
『Thanatos(Death God) – တန်းနာထို့စ်(သေမင်းနတ်ဘုရား)က ဟစ်နို့စ်(အိပ်စက်ခြင်းနတ်ဘုရား)နဲ့ အမြွှာညီအစ်ကိုတွေဖြစ်ပါတယ်။』
TK Team (Chapter 18)
Volume 1 (သေမျိုးနယ်မြေ ၀၁၉)
Chapter 19 (ညကောင်းကင်အက)
နက်စ် ဒါကိုပြောလိုက်သည်နှင့် လင်ချီးယဲ့၏မျက်လုံးများထဲတွင် ပါးလွှာသောလေထုထဲက virtual ဘောင်ကွက်တစ်ခုပေါ်လာသည်။
“နက်စ်ကုသခြင်းတိုးတက်မှု: ၃ ရာခိုင်နှုန်း
ဆုရရှိရန်အခြေအနေများ ပြည့်မီပြီး နက်စ်၏နတ်စွမ်းရည်ကို ကျပန်းရွေးချယ်မှုစတင်မည်…”
ထို့နောက် ချက်ချင်းပင် virtual ရွေးချယ်မှုဘီးတစ်ခု ထွက်ပေါ်လာပြီး လျှင်မြန်စွာ လှည့်ပတ်လာသည်။
လင်ချီးယဲ့သည် ဤဆုံလည်ပေါ်တွင် ပိုင်းခြားထားသော ဧရိယာ အနည်းဆုံး နှစ်ဆယ်ရှိကြောင်း တွေ့နိုင်ပြီး ဧရိယာတစ်ခုစီ၏ ဧရိယာသည် အခြေခံအားဖြင့် တူညီသည်။ ဆိုလိုသည်မှာ ဤနတ်စွမ်းရည်များကို ထုတ်ယူရန် သူ၏ဖြစ်နိုင်ခြေမှာ အတူတူပင်ဖြစ်သည်။
“ညကောင်းကင်ရောက်လာခြင်း၊ အမှောင်မျက်လုံး၊ ကြွေကျသောကြယ်တစ်ထောင်၊ ကြယ်များခွဲထွက်ခြင်း၊ အမှောင်ညလင်းလက်ခြင်း၊ အမှောင်ညမှီခိုစရာ၊ ထူးခြားသောမွေးဖွားခြင်း…”
လင်ချီးယဲ့သည် လှည့်နေသော ဆုံလည်ပေါ်ရှိ စွမ်းရည်ကြောင့် မှင်တက်သွားသော်လည်း ထူးဆန်းသော အရာတစ်ခု ရောထွေးနေသည်ဟု သူအမြဲတမ်း ခံစားရသည်…
ထူးခြားသောမွေးဖွားခြင်းက ဘာလဲ။ အဲဒါကလည်း နတ်စွမ်းရည်လို့ ယူဆသလား။
ငါ ဒီစွမ်းရည်ကိုရရင် မိန်းမမယူဘဲ နတ်ဘုရား ကလေးတစ်သိုက်ကို မွေးနိုင်မှာလား။
အင်း… မဆိုးဘူးထင်တာပဲ…
တစ်ချိန်တည်းမှာပင် လင်ချီးယဲ့သည် ဆုံလည်၏ ထောင့်တစ်နေရာတွင် တခြားစွမ်းရည်များထက် ဧရိယာ ၁ ရာခိုင်နှုန်းခန့်ရှိသော ရှည်လျားကျဉ်းမြောင်းသည့် အနက်ရောင်ဧရိယာတစ်ခု ရှိနေတာ သတိပြုမိသည်။
ဤနတ်စွမ်းရည်၏အမည်ကို “အမည်မသိ” ဟုခေါ်သည်။
အမည်မသိလား။ ဘာကိုဆိုလိုတာလဲ။
သို့သော် အရေးမကြီးပါ။ လင်ချီးယဲ့သည် သူ့ကံတရားကို ယုံကြည်ပြီး သူအကြိမ်တစ်ထောင်လောက် လှည့်ရင်တောင် ‘အမည်မသိ’ကို ကျမှာမဟုတ်ပေ။
လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး သူ့ရှေ့က ဆုံလည်ကို စိုက်ကြည့်နေသည်။ သူ့စိတ်တွေ လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် ဆုံလည်က နှေးကွေးလာသည်။
လက်တံသည် စွမ်းရည်များကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ကာ နောက်ဆုံးတွင် စွမ်းရည်ဧရိယာတစ်ခုပေါ်မှာ ရပ်သွားသည်။
“ညကောင်းကင်အက…” လင်ချီးယဲ့သည် ထိုစကားများကို မြင်သောအခါ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
နာမည်ကို နားထောင်ရင်း ဒီစွမ်းရည်အဆင့်က ကြယ်များခွဲထွက်ခြင်း၊ ကြွေကျသောကြယ်တစ်ထောင်ထက် အများကြီး ပိုဆိုးပါသည်။ သို့သော် ကံကောင်းစွာပဲ… အဲဒါက ထူးခြားသောမွေးဖွားခြင်းမဟုတ်ပေ။
ဒီကံတရားက ငါနဲ့ထိုက်တန်ပါတယ်။
လက်တံရပ်လိုက်သည်နှင့် လင်ချီးယဲ့၏ ရှေ့မှ ဆုံလည်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ‘ညကောင်းကင်အက’ ဟူသော စကားလုံးကသာ လေထဲတွင် တိတ်တဆိတ် ပျံဝဲလာကာ အရောင်သည် ပို၍ ရင့်လာသည်။
လင်ချီးယဲ့က သူ့လက်ကို ဆန့်လိုက်ပြီး ၎င်းကို ဆုပ်ကိုင်လိုက်သည်။
ချက်ချင်းပင် ထိုစကားလုံးလေးလုံးသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လင်ချီးယဲ့၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။
လင်ချီးယဲ့သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး သူ့ဝိညာဉ်မှ သူ့ခန္ဓာကိုယ်သို့ ဆေးကြောခြင်းခံရပုံရပြီး သူအလွန်အမင်း သက်သောင့်သက်သာဖြစ်နေသည်။
ဒါက တကယ်ကို အံ့သြဖွယ်ခံစားရသည်။
ဤအခြေအနေသည် ငါးစက္ကန့်ခန့်ကြာပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီးနောက် လင်ချီးယဲ့သည် သူ့ခန္ဓာကိုယ်က ကွဲပြားသွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူ့မျက်လုံးများရှေ့တွင် နောက်ထပ် စာလုံးသေးသေးလေးများ တဖြည်းဖြည်း ပေါ်လာသည်။
“ညကောင်းကင်အက:
အမှောင်ညထဲတွင် သင်၏အမြန်နှုန်း၊ ခွန်အား၊ ခံနိုင်ရည်နှင့် ပြန်လည်ကောင်းမွန်မှုသည် ပုံမှန်ထက်ငါးဆဖြစ်လာမည်။
အမှောင်ညထဲတွင် သင်၏တည်ရှိမှုကို ဖော်ထုတ်ရန် မလွယ်ကူပါ။
အမှောင်ညထဲတွင် သင်သည် တခြားသတ္တဝါများကို ပိုမိုပြင်းထန်စွာ အဟန့်အတားဖြစ်စေသည်။
သင့်တွင် တခြားညသတ္တဝါများနှင့် ဆက်သွယ်နိုင်စွမ်းရှိသည်။”
ဒါကိုမြင်တော့ လင်ချီးယဲ့သည် မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူလိုက်သည်။
အရည်အချင်းမရှိဟုထင်ရသော ဤစွမ်းရည်သည် အလွန်အမင်း အစွမ်းထက်ပုံပေါ်သည်… တခြားအရာများထက် အမြန်နှုန်း၊ ခွန်အားနှင့် ခံနိုင်ရည်သည် ပုံမှန်ထက် ငါးဆရှိတာက သာမန်မဟုတ်ဘူးလို့ ပြောလို့ရနေပါပြီ။
သူ၏သာမန်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပင် ညဘက်မှာ Triathlon အားကစားပြိုင်ပွဲမှာ ပါဝင်နေသရွေ့ သူ ဂင်းနစ်ကမ္ဘာ့ စံချိန်တင်မှာ သေချာပါသည်။
『TK: Triathlon = ရေကူး၊ စက်ဘီးနှင့် အပြေးပြိုင်ပွဲ။』
အပိုဆုသည် သူ့ခန္ဓာကိုယ်ကို လူသားများ၏ကန့်သတ်ချက်သို့ တိုက်ရိုက်ချဉ်းကပ်ရန် ငါးဆဖြစ်စေနိုင်သည်။
ဒါက သူ့ကိုယ်ပိုင်သာမာန်အရည်အသွေးနဲ့သာ သက်ဆိုင်ပါသည်။ သူသည် စနစ်တကျ လေ့ကျင့်မှု ခံယူထားရင် သူဘယ်လိုအခြေအနေမျိုး တိုးတက်လာမလဲဆိုတာ လင်ချီးယဲ့ တွေးကြည့်လို့မရပေ။
နောက်ကွယ်မှ တိတ်တဆိတ်လှုပ်ရှားတာနှင့် လူသားများ၏ အတိုင်းအတာထက် လုံးဝကျော်လွန်သည့် ညအချိန် တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်မှု စွမ်းရည်တို့ကို ပြောစရာပင်မလိုချေ။
လင်ချီးယဲ့သည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းကာ အသက်ပြင်းပြင်းရှူလိုက်သည်။
သူသည် ညကင်းစောင့်တွင် ပါဝင်ရန် အမှန်တကယ် စိတ်ကူးမရှိသလို ထိုဒဏ္ဍာရီလာ သတ္တဝါများကို တိုက်ခိုက်ရန်လည်း မလိုလားသော်လည်း သူသည် မည်သို့ပင်ဖြစ်စေ အထက်တန်းကျောင်းသားတစ်ဦးသာဖြစ်ပြီး သဘာဝလွန် စွမ်းအားအတွက် အမျှော်အမြင်မရှိဟုဆိုရန် မဖြစ်နိုင်ပေ။
ထို့အပြင် သန်မာလာမှသာ သူ့မိသားစုကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။
လင်ချီးယဲ့ငည် နောက်ဆုံးတွင် သူ့စိတ်ထဲဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ရှေ့က နက်စ်ကို စိုက်ကြည့်နေသည်။
ဤအခိုက်အတန့်တွင် နက်စ်သည် သူ့အား ညင်သာစွာကြည့်နေပြီး သူ၏ဆံပင်ကို လက်ဖြင့် ပွတ်သပ်ပေးကာ တိုးတိုးလေးပြောနေသည်။ “တန်းနာ့ထို့စ်၊ နင် ဒီအနှစ်သုံးထောင်လုံးလုံး ဘယ်ရောက်နေတာလဲ။ ငါဘယ်လောက် နင့်ကိုလွမ်းနေသလဲ သိရဲ့လား…”
လင်ချီးယဲ့သည် ရှုပ်ထွေးသောမျက်လုံးများဖြင့် နက်စ်ကိုကြည့်ရင်း တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလိုက်သည်။
သူမှန်းဆထားသည့်အတိုင်း လက်ရှိ နက်စ်အတွက် သူမသည် သူမကလေးနှင့် ပန်းအိုးကြားက ခြားနားချက်ကိုပင် မပြောနိုင်ပေ။ ထို့ကြောင့် လင်ချီးယဲ့က သူမကလေးမဟုတ်ကြောင်း မည်သို့သိနိုင်မည်နည်း။
သူမ၏တောင့်တမှုကြောင့် နေမကောင်းဖြစ်နေပြီး သူမသည် သူမ၏သားသမီးများအဖြစ် သူအပတ်ဝန်းကျင်ရှိ အရာအားလုံးကို စိတ်ကူးယဉ်နေသော်လည်း… ထိုပုလင်းများနှင့် အိုးများသည် တကယ့်လူအစစ်မဟုတ်တော့ဘဲ နက်စ်ကို တုံ့ပြန်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် အသက်ရှု၊ လှုပ်ရှားပြီး အမေလို့ခေါ်နိုင်သည့် လင်ချီးယဲ့ ပေါ်လာသောအခါ နက်စစ်သည် အသက်ဝင်လာပုံရပြီး နောက်ဆုံးတွင် သူ့စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ကို တွေ့ရှိခဲ့သည်။
၎င်းသည် သူမ၏နှလုံးသားကိုဖွင့်ရန် ပထမဆုံးခြေလှမ်းဖြစ်ပြီး ကုသခြင်းတိုးတက်မှုသည် ၃ ရာခိုင်နှုန်းသို့ တိုက်ရိုက်ခုန်တက်သွားသည့် အကြောင်းရင်းလည်းဖြစ်သည်။
“တန်းနာထို့စ်၊ နင့်ညီလေးက နင့်ကို ဘယ်လွမ်းနေတယ်ဆိုတာ သိရဲ့လား။ သူ့ကို မြန်မြန်ဖက်လိုက်။” နက်စ်သည် အပြုံးတစ်ခုဖြင့် သူမလက်ထဲမှ ပန်းအိုးကို လင်ချီးယဲ့ဆီသို့ မြှောက်လိုက်သည်။
လင်ချီးယဲ့: “…”
စိတ်ပျက်အားငယ်စွာဖြင့် လင်ချီးယဲ့သည် ပန်းအိုးကိုယူကာ ဂရုစိုက်ဟန်ဆောင်ခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် နက်စ်၏လက်မောင်းများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အခြား “ညီအကိုမောင်နှမများ” ကိုတွေ့လိုက်သည်…
သူ ထိတ်လန့်သွားသည်။
နက်စ်၏လက်ထဲတွင် တံဆိပ်များပါသော ပုလင်းများနှင့် ဘူးများစွာကို ကိုင်ဆောင်ထားတာ သူမြင်လိုက်ရပြီး အရောင်များလည်း ကွဲပြားသည်။
ပုလင်းများထဲမှ တစ်ခု၏ တံဆိပ်တွင် လင်ချီးယဲ့သည် စာလုံးအမြောက်အမြားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
——Haloperidol (နတ်ဘုရားအတွက်)
လင်ချီးယဲ့သည် ၎င်းကို စိုက်ကြည့်ရင်း သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်…
Haloperidol လား။ ဒီနာမည်က ဘာကြောင့် ဒီလောက်ရင်းနှီးနေရတာလဲ။
ဒီနေ့ စိတ်ရောဂါကုဆရာဝန် သူ့ကို ပေးခဲ့တဲ့ ဆေးစာရင်းထဲက ဆေးမဟုတ်ဘူးလား။ ပြီးတောါ အနောက်မှာ စာလုံးနှစ်လုံးပါသေးတယ်… နတ်ဘုရားအတွက်လား။
ထိုအခိုက်အတန့်တွင် လင်ချီးယဲ့သည် တစ်စုံတစ်ခုကို တွေးနေပုံရပြီး သူ့တစ်ကိုယ်လုံး ရုတ်တရတ် စိတ်လှုပ်ရှားလာသည်။
သူသည် သူ့လက်ထဲက ပန်းအိုးကို နက်စ်အား ပေးလိုက်ပြီး အလျင်စလို ပြောလိုက်သည်။ “ကျွန်တော် အမြန်ဆုံးပြန်လာခဲ့မယ်။”
ထို့နောက် သူသည် စိတ်ကျန်းမာရေးဆေးရုံ၏ ဒုတိယထပ်ကို လေပြင်းတိုက်သလို တက်သွားပြီး လှေကားအဆုံးတွင် အခန်းတစ်ခန်းကို တွေ့ရှိခဲ့သည်။
ဆေးသိုလှောင်ခန်းဖြစ်သည်။
အခန်းတံခါးက ပွင့်နေပြီး ယခင်က နက်စ်ဝင်လာသင့်သည်။ မဟုတ်လျှင် သူမသည် ဤမျှလောက်သော “ညီအစ်ကို မောင်နှမများ” ကို ယူဆောင်သွားလိမ့်မည် မဟုတ်ပေ။
လင်ချီးယဲ့သည် ထိုထဲသို့ လျင်မြန်စွာ လျှောက်သွားကာ ခဏမျှ ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် ကြီးမားသော သတ္တုဗီရိုကြီးတစ်ခုရှေ့တွင် ရပ်သွားကာ သူ့မျက်လုံးထဲက အလင်းရောင်သည် ပို၍တောက်ပပြီးရင်း တောက်ပလာသည်။
သူ့မျက်စိရှေ့တွင် ဆေးတံတိုင်းတစ်ခု ရှိသည်။
ဤဆေးအမျိုးအစားများစွာရှိပြီး အများစုမှာ haloperidol၊ chlorpromazine စသည်တို့အပါအဝင် စိတ်ရောဂါကုသမှုများအတွက် အသုံးပြုကြသည်။ သူမြင်လိုက်ရတာက ဆေးဝါးအများအပြားနှင့် စိတ်ငြိမ်ဆေးများစွာတို့ဖြစ်သည်။
ဤဆေးများ၏နောက်ကျောတွင် ‘နတ်ဘုရားအတွက်’ ဟူသော စကားလုံးနှစ်လုံးရှိသည်။
လင်ချီးယဲ့၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာကာ သူ အရင်ကတည်းက စဉ်းစားခဲ့သင့်သည်။ ဒါက နတ်ဘုရားများကို ကုသပေးသည့် စိတ်ကျန်းမာရေးဆေးရုံဖြစ်သည်။ ဆေးရုံဖြစ်သောကြောင့် သဘာဝအတိုင်း ဆေးဝါးများသိုလှောင်ရန် အခန်းတစ်ခုရှိပြီး ၎င်းရှိ ဆေးများအားလုံးသည် နတ်ဘုရားများ၏ ရုပ်ပိုင်းဆိုင်ရာအတွက် အထူးဆေးများပင် ဖြစ်သည်။
သူသည် ဆေးဝါးအစစ်အမှန်ကို ဆေးရုံသို့ ယူဆောင်လာ၍ မရသော်လည်း ဤနေရာ၌ နတ်ဘုရားများကို တိုက်နိုင်သော ဆက်စပ်ဆေးဝါးများကို သူတွေ့နိုင်သည်။
ဒီနည်းက ကိစ္စများကို ပိုမိုလွယ်ကူစေသည်။
လင်ချီးယဲ့သည် တစ်နေ့တာ ဆရာဝန်မှဖော်ပြထားသော ဆေးပုလင်းတချို့ကို ကောက်ယူလိုက်ပြီး နက်စ်ရှိရာ အောက်ထပ်သို့ ပြေးသွားခဲ့သည်။
“ဒါနဲ့ဒါက တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို နှစ်လုံး… ပြီးတော့ ဒါနဲ့ဒါက တစ်နေ့ကို သုံးကြိမ်၊ တစ်ကြိမ်ကို တစ်လုံး… သောက်ဖို့မမေ့နဲ့နော်။”
နက်စ်သည် လင်ချီးယဲ့၏စကားကို လုံးဝမကြားသလို သူ့မျက်နှာပေါ်တွင် ပန်းပွင့်လေးတစ်ပွင့်ရှိနေသကဲ့သို့ လင်ချီးယဲ့ကို စေ့စေ့ကြည့်နေသည်။
“အိုး… ထားလိုက်ပါတော့ ကျွန်တော်ပဲ ခင်ဗျားကို နေ့တိုင်းတိုက်တော့မယ်။”နက်စ်၏တုံ့ပြန်မှုကို မြင်သောအခါ လင်ချီးယဲ့က သက်ပြင်းတစ်ချက်ချလိုက်သည်။
စိတ်ရောဂါရနေသူတစ်ဦးသည် သူမကိုယ်ပိုင်ဆေးသောက်ရန် သတိရလာဖို့ မျှော်လင့်ခြင်းက သူမအတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။
လင်ချီးယဲ့၏ စကားကိုကြားတော့ နက်စ်၏မျက်နှာက ပြုံးရွှင်သွားသည်။
သူမ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
TK Team (Chapter 19)
Volume 1 (သေမျိုးနယ်မြေ ၀၂၀)
Chapter 20 (ကျွန်တော်အဆင်ပြေသွားပြီ)
လင်ချီးယဲ့သည် နက်စ်ကို ဆေးတိုက်ပြီးနောက် သူ့စိတ်ထဲမှ ထွက်သွားကာ အိပ်မက်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
ဒီတစ်ခါတော့ တံခါးလာခေါက်ရန် ပျင်းစရာကောင်းသော အိပ်မက်မျိုး သူ့မှာမရှိတော့ဘူး။ နတ်ဘုရားများစိတ်ကျန်းမာရေးဆေးရုံသည် သူနှင့် ပေါင်းစည်းပြီးကတည်းက သူသည် ထိုအိပ်မက်၏ ချည်နှောင်မှုမှ သူ့ကိုယ်သူ လုံးဝလွတ်မြောက်ပြီး အမှန်တကယ် အိပ်စက်လို့ပုံရသည်။
သူ အိပ်မက်ကောင်းကောင်းမက်ခဲ့သည်။ သူ တက္ကသိုလ်တက်ပြီး အောင်မြင်သော အသက်မွေးဝမ်းကြောင်းကို ရပြီး သူ့ဒေါ်လေးနှင့် ယန်ကျင့်နှင့်အတူ အိမ်ကြီးတစ်လုံးတွင် နေထိုင်နေခဲ့သည်။ တီဗီမှာမြင်ဖူးသော တောင်တန်းများနှင့် ရေများဆီသို့ နောက်ဆုံးတွင် သုံးယောက်သား ခရီးသွားနိုင်မယ်လို့ သူအိပ်မက်မက်ခဲ့သည်…
ယခင်က သူသည် ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်ပြီး သူ့မိသားစု၏ စရိတ်စကက တင်းကျပ်နေတာကြောင့် သူ့မှာ အပိုငွေမရှိဘူး။ တစ်ယောက်တည်း ခရီးသွားဖို့မဆိုထားနှင့် လွန်ခဲ့သည့် ၁၇ နှစ်အတွင်း လင်ချီးယဲ့သည် ချန်းနန်မြို့တစ်ခုလုံးကိုပင် ခရီးမထွက်ဖူးချေ။
သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း ပြင်ပကမ္ဘာကို တောင့်တဆဲဖြစ်သည်။
နှိုးစက်သံမြည်လာသောအခါ လင်ချီးယဲ့သည် တွန့်ဆုတ်စွာထကာ အဝတ်အစားလဲပြီး ကျောင်းသွားရန် ပြင်ဆင်သည်။
တံခါးဖွင့်လိုက်တာနဲ့ သူ့ဒေါ်လေးသည် တံခါးမှာ ဖိနပ်များ ကမန်းကတန်း ပြောင်းစီးပြီး အပြင်ထွက်ရန် ပြင်ဆင်နေတာကို သူတွေ့လိုက်ရသည်။
“ဒေါ်လေး ဘာလို့ ဒီလောက်အစောကြီး အလုပ်သွားနေရတာလဲ။”
“စက်ရုံမှာ ပစ္စည်းအသစ်တွေ ထပ်ရောက်လာတယ်။ အဲဒါတွေကို ငါတို့တွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမှာ။ ဒေါ်လေး အရင်သွားမယ်။ နင့်ညီနဲ့အတူ နင် မနက်စာ ဆက်စားလို့ရတယ်။ နောက်မကျစေနဲ့နော်။” ဒေါ်လေးက စိတ်ညစ်စွာ ပြောသည်။
“ကောင်းပြီ။”
ဒေါ်လေး တံခါးပိတ်ခါနီးမှာ လင်ချီးယဲ့က ထပ်ပြောလိုက်သည်။
“ဒေါ်လေး”
“ဘာဖြစ်တာလဲ။”
ဒေါ်လေးက ရပ်လိုက်ပြီး လင်ချီးယဲ့ကို သံသယနဲ့ ကြည့်လာသည်။
“ဘာမှ… မဟုတ်ပါဘူး။” လင်ချီးယဲ့သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းလိုက်ကာ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ဒေါ်လေးပြန်လာရင် သတင်းကောင်းပြောပြမယ်။”
ဒေါ်လေးသည် သူ့ကို မယုံသင်္ကာနဲ့ ကြည့်ပြီး အပြုံးဖြင့် ကြိမ်းမောင်းလိုက်သည်။ “ဒီကလေးတော့ ငါနဲ့ဒီမှာ ဟန်လုပ်တမ်းကစားနေသေးတယ်။ ကောင်းပြီ ဒေါ်လေးအခု အလျင်လိုနေလို့၊ ညကျမှ ငါ့ကိုပြောလိုက်။”
ပြောပြီးနောက် သူမသည် တံခါးကို အမြန်ပိတ်ပြီး အောက်ထပ်ကို ပြေးသွားသည်။
လင်ချီးယဲ့သည် တံခါးဝတွင် တိတ်တဆိတ် ရပ်နေပြီး ခေါင်းငုံ့ကာ သူဘာတွေတွေးနေလဲ သိချင်နေသည်…
ရုတ်တရက် သူသည် စိတ်ဆုံးဖြတ်လိုက်သလို သူ့ခေါင်းကိုမော့လိုက်ပြီး ဖိနပ်တစ်ရံစီးရင်း တံခါးကိုဖွင့်လိုက်သည်။
သူသည် စင်္ကြံအဝင်ဝမှာ ရပ်ပြီး လှေကားအောက်ကို အော်လိုက်သည်။
“ဒေါ်လေး။ ကျွန်တော်မြင်ရပြီ။”
နောက်အခိုက်အတန့်တွင် အောက်ထပ်မှ ဆင်းသံသည် ရုတ်တရက် ရပ်တန့်သွားတာကို လင်ချီးယဲ့ ကြားလိုက်ရပြီးနောက် သူ့ဒေါ်လေး၏အသံသည် ငါးထပ်မှ တုန်တုန်ယင်ယင် ထွက်ပေါ်လာသည်။
“နင်… နင်ထပ်ပြောလိုက်စမ်း။”
“ကျွန်တော်မြင်ရပြီ။ ကျွန်တော်နေကောင်းသွားပြီ။ ဒေါ်လေး”
ခဏရပ်ပြီးနောက် အောက်ထပ်သို့ ဆင်းသွားသည်ထက် ပို၍အလျင်လိုနေသော ခြေသံများက ထွက်ပေါ်လာသည်။ သိပ်မကြာခင် မောဟိုက်နေသော ဒေါ်လေးက လင်ချီးယဲ့ရှေ့တွင် ရပ်နေခဲ့သည်။
သူမ၏နှုတ်ခမ်းများ အနည်းငယ် တုန်ယင်သွားသော်လည်း သူမ၏ပါးစပ်ထောင့်များက ထိန်းမနိုင်သိမ်းမရ မြင့်တက်လာသည်…
“နင်မြင်ရတယ်။ တကယ်လား။”
“တကယ်”
“မှုန်ဝါးနေလား။ နှစ်ထပ်ဖြစ်နေလား။ နာသလား။ အလင်းရောင်နဲ့ထိတွေ့ရင် မျက်စိကျိန်းလား။”
“ဘာမှမဖြစ်ဘူး ဒေါ်လေး။” လင်ချီးယဲ့သည် သူ့ပါးစပ်ထောင့်ကို မြှောက်လိုက်ပြီး မျက်လုံးပေါ်ရှိ အနက်ရောင်ဖဲကြိုးကို ဖယ်ရှားရန် လက်ကို ဆန့်ထုတ်လိုက်ကာ အလွန်လှပသော မျက်လုံးတစ်စုံကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ “ကျွန်တော်တကယ် နေကောင်းသွားပြီ ဒေါ်လေး”
ဒေါ်လေးသည် ထိုမျက်လုံးများကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်ရင်း သူမမျက်လုံးများမှ ထိန်းမနိုင်သိမ်းမရ မျက်ရည်များ စီးကျလာသည်။
သူမ ပြုံးလိုက်ပြီး သူမမျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ပန်းပွင့်များကဲ့သို့ ပွင့်သွားသည်။ သူမသည် အသက်လေးဆယ်ကျော်နေပြီး ကလေးတစ်ယောက်လို ပြုံးနေခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သူမ ဒီလိုပြုံးတာမျိုး လင်ချီးယဲ့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဒေါ်လေးသည် လင်ချီးယဲ့ကို သူမရင်ခွင်ထဲကို ပွေ့ဖက်လိုက်ပြီး သူမခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေတယ်ဆိုတာ လင်ချီးယဲ့ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“ကောင်းပြီ ကောင်းပြီ…ငါတို့ရှောင်ချီးက နောက်ဆုံးတော့ ဖြတ်ကျော်နိုင်သွားပြီ။” ဒေါ်လေးသည် လင်ချီးယဲ့ကို လွှတ်ပေးလိုက်ပြီး သူမမျက်ရည်များကို သုတ်ကာ အပြုံးဖြင့် ဆိုသည်။ “ရှောင်ချီး၊ ဒေါ်လေး အခု အလုပ်သွားရတော့မယ်။ ဒေါ်လေး ညကျရင် ပြန်လာမယ်နော်။ အစားအသောက်တွေ များများဝယ်ပြီး နင့်ကို ဂုဏ်ပြုရမယ်။”
“ကျေးဇူးပါ ဒေါ်လေး။”
“ဒါဆို ဒေါ်လေး အရင်သွားပြီ။ နင်လည်း ကျောင်းကို ကောင်းကောင်းသွားနော်။”
“အင်း။”
ဒေါ်လေးသည် လှေကားထစ်မှ အမြန်ဆင်းလာရင်း ပါးပြင်ပေါ်မှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာကာ သူမမျက်နှာကို သုတ်လိုက်ရာ ခြေလှမ်းများက ယခင်ကထက် ပေါ့ပါးသွားခဲ့သည်။
လင်ချီးယဲ့သည် သူ့ဒေါ်လေးထွက်သွားတာကို ကြည့်ရင်း မျက်လုံးနီရဲရဲဖြင့် လှည့်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။
တကယ်တော့ သူက ဒီကိစ္စကို တရားဝင်မကြေညာခင် ညဘက် သူ့ဒေါ်လေးပြန်လာတာကို စောင့်ချင်ခဲ့ပေမယ့် ရုပ်ရှင်ထဲမှာ ဒီလိုသရုပ်ဆောင်သည့်သူများက များသောအားဖြင့် အဆုံးသတ်မကောင်းဘူးလို့ သူတွေးခဲ့သည်…
နားမလည်နိုင်သော ရုပ်လွန်ပညာ ယုတ္တိဗေဒမျှသာဖြစ်လျှင်ပင် သူ့ဒေါ်လေးကို မတော်တဆမှု မဖြစ်စေလိုသောကြောင့် သူမစွန့်စားချင်ပေ။
ထိုကြောင့် သူက ဒါကို ရိုးရိုးရှင်းရှင်းဆွဲထုတ်ပြီး ဆွဲဖြဲပြီးတော့ ပစိဖိတ်သမုဒ္ဒရာထဲကို ပစ်ချခဲ့သည်။
လင်ချီးယဲ့ လှည့်လိုက်တော့ ယန်ကျင့်သည် ရှောင်ဟေးလိုက်ကို ပွေ့ထားရင်း သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရပြီး သူ့မျက်လုံးများ နီရဲနေသည်။
ညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် နှစ်စက္ကန့်ကြာ စိုက်ကြည့်ရင်း တစ်ချိန်တည်း ရယ်မောလိုက်ကြသည်။
“အစ်ကို ဂုဏ်ယူပါတယ်။”
“အင်း။ မင်းငါ့ကိုပေးခဲ့တဲ့ နေကာမျက်မှန်က နောက်ဆုံးတော့ အသုံးပြုမယ့်အချိန်ရောက်လာပြီ။” လင်ချီးယဲ့သည် ယန်ကျင့်၏ ခေါင်းကို ပွတ်သပ်ပြီး ပေါ့ပါးသောအပြုံးဖြင့် ပြောလိုက်သည်။
“ညီလေး စားရအောင်။ ဒီည ဒေါ်လေးပြန်လာတာကို စောင့်လိုက်ပြီး ငါတို့ကောင်းကောင်းစားရမှာ။”
“ကောင်းတယ်။”
ရှောင်ဟေးလိုက်သည် ယန်ကျင့်၏လက်မောင်းကြားမှ ခေါင်းထွက်လာပြီး လင်ချီးယဲ့၏လက်ကို လျှက်လိုက်သည်။ “ဝုတ်…”
…
အမှတ် ၂ အထက်တန်းကျောင်း…
လင်ချီးယဲ့ စာသင်ခန်းထဲသို့ လျှောက်သွားသောအခါ အတန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
ထိုအတန်းဖော်များသည် အချိန်အတော်ကြာအောင် စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်ပြီးနောက် သူတို့က မဝံ့မရဲဖြင့် ပြောကြသည်။
“မင်းက… လင်ချီးယဲ့လား။”
အနက်ရောင်ဖဲကြိုးကို ချွတ်ထားသော လင်ချီးယဲ့သည် မျက်ခုံးပင့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စာသင်ခန်းသည် ဆူညံလာကာ ဆွေးနွေးမှုမှာ ယခင်ကထက် ပိုမိုတက်ကြွလာခဲ့သည်။
“သူ့မျက်လုံးတွေ ကောင်းသွားတာလား။”
“ကောင်းသွားတာဖြစ်မယ်။ သူက အရာအားလုံးကို မြင်နိုင်ပြီ။”
“သူ့မျက်လုံးတွေက အရမ်းလှတာပဲ။”
“ဟုတ်တယ် ဟုတ်တယ်။ သူ အရမ်းချောတာကို ငါဘာလို့ အရင်ကမသိရတာလဲ…”
လင်ချီးယဲ့ကိုကြည့်နေသော ထိုမိန်းကလေးများ၏ မျက်လုံးများသည် ပြောင်းလဲသွားသည်။ သူတို့သည် အတူတူစုစည်းကာ တစ်စုံတစ်ခုကို တီးတိုးရေရွတ်ပြီး လင်ချီးယဲ့ကို ရံဖန်ရံခါ ကြည့်လိုက်ကြသည်။
လင်ချီးယဲ့နှင့် ပိုရင်းနှီးသော ကောင်လေးများက လင်ချီးယဲ့ကို ချဉ်းကပ်ပြီး သူ့မျက်လုံးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးကြသည်။ လင်ချီးယဲ့က အမှန်တကယ် ပြန်လည်ကောင်းမွန်လာကြောင်း အတည်ပြုလိုက်သောအခါတွင် သူ အလွန်အံ့အားသင့်သွားခဲ့သည်။
“ငါအစကမြင်နိုင်ပေမယ့် မျက်လုံးက အလင်းရောင်ကို မခံနိုင်လို့ပါ။ မနေ့က ငါဆေးရုံသွားပြီးတော့ သက်သာလာတာ။” လင်ချီးယဲ့က ပြန်ဖြေသည်။
လင်ချီးယဲ့ မနေ့က အတန်းပျက်သွားတာကို အတန်းဖော်က သတိရပြီး ရုတ်တရက် သဘောပေါက်သွားသည်။
ဆူညံနေသော ဤစာသင်ခန်းတွင် လူနှစ်ယောက်သာ နေရာကနေကွဲထွက်၍ ငြိမ်သက်နေခဲ့သည်။
လျှိုယွမ်သည် ထောင့်စွန်းမှာ သူ့ခေါင်းကိုငုံ့ကာ လင်ချီးယဲ့ကို သူ့မျက်လုံးထောင့်မှ ကြည့်ပြီး သူ့မျက်နှာမှာ အလွန်ရှက်ရွံ့သောအမူအရာရှိနေသည်။
ထိုနေ့တွင် သူ့ဘဝအတွက် ပြေးလာသောအခါ လင်ချီးယဲ့ကို အပြင်းအထန် တွန်းခဲ့ကြောင်း သူ ရှင်းရှင်းလင်းလင်း သတိရမိသည်။ လွတ်မြောက်ပြီးနောက် မျက်မမြင် လင်ချီးယဲ့သည် မကောင်းဆိုးဝါးထံမှ လုံးဝ မလွတ်မြောက်နိုင်ကြောင်း သူ ခံစားခဲ့ရသည်။ သူ ခဏတာ အပြစ်ရှိတယ်လို့ ခံစားမိပေမယ့် သိပ်အလေးအနက်မထားခဲ့ဘူး။
သို့သော် သူမမျှော်လင့်ထားသည့်အရာကတော့ ကျန်ချန့်က သေဆုံးသွားပြီး သူ့ကြောင့် တွန်းထုတ်ခဲ့သော လင်ချီးယဲ့က… တကယ်ပဲ အသက်ရှင်လွတ်မြောက်ခဲ့သည်။
ပြီးတော့ မျက်လုံးက အဆင်ပြေသွားသည်။
ခဏကြာတော့ လျှိုယွမ်သည် သူ့ခံစားချက်ကို မပြောနိုင်တော့ပေ။ ရှက်နေတာလား။ အပြစ်ရှိနေတာလား။ စိတ်ပျက်နေတာလား။ ဒါမှမဟုတ်… နောင်တရနေတာလား။
လင်ချီးယဲ့သည် လျှိုယွမ်ဘက်သို့ လှည့်သွားသော်လည်း တစ်ဖက်လူ၏ အံ့သြဖွယ်အမူအရာ ပြောင်းလဲမှုများကို သူ၏စိတ်အာရုံခံစားမှုဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့မျက်လုံးများ တဖြည်းဖြည်း ကျဉ်းလာခဲ့သည်။
ထိုအချိန်တွင် တခြားလူက လင်ချီးယဲ့ရှေ့သို့ လျှောက်လာခဲ့သည်။
လီယိဖေးသည် လင်ချီးယဲ့၏ စားပွဲဘေးတွင် သူ့မျက်နှာပေါ်က ကိုးရိုးကားရားအမူအရာဖြင့် ဘာပြောရမှန်းမသိဘဲ ရပ်နေသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်ကာ သူ့ခန္ဓာကိုယ်ကို ငုံ့ပြီး လင်ချီးယဲ့၏ နားထဲကို ပြောလိုက်သည်။
“ချီးယဲ့… မင်း… မင်းငါနဲ့လိုက်ခဲ့လို့ရမလား။ ငါပြောစရာရှိလို့။”
လင်ချီးယဲ့သည် ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။
TK Team (Chapter 20)