Chapter 21-25
Volume 1 (သေမျိုးနယ်မြေ ၀၂၁)
Chapter 21 (တောင်းပန်ပါတယ်)
စင်္ကြံအပြင်ဘက်တွင်
“တောင်းပန်ပါတယ် ချီးယဲ့ ငါတကယ်တောင်းပန်ပါတယ်။” လီယိဖေးသည် ထိုနေရာတွင်ရပ်ကာ ခေါင်းငုံ့ပြီး သူ့အမှားများကို ဆက်လက်ဝန်ခံခဲ့သည်။ “အဲဒီအချိန်တုန်းက ငါတကယ်ကြောက်နေခဲ့လို့ ငါ… ငါ သိပ်မစဉ်းစားမိဘဲ ထွက်ပြေးခဲ့တယ်…
ငါ မင်းနဲ့ ကျန်ချန့်ကို အဲဒီနေရာမှာချန်ထားခဲ့ပြီး သူမကို…
မင်းငါ့ကို ခွင့်လွှတ်ဖို့ ငါမမျှော်လင့်ပါဘူး ဒါပေမယ့် ငါတို့က အတန်းဖော်တွေဖြစ်ပြီး မင်းကို တောင်းပန်ဖို့ ငါမျှော်လင့်နေတုန်းပဲ။
တောင်းပန်ပါတယ်။”
လီယိဖေးသည် လင်ချီးယဲ့၏မျက်လုံးများကို မကြည့်ရဲသော်လည်း သူ့စကားများက အလွန်ရိုးသားသည်။
သူပြောပြီးသည်နှင့် လင်ချီးယဲ့က ဖြည်းညှင်းစွာပြောလိုက်သည်။
“အန္တရာယ်ကြုံရင် မင်းအသက်အတွက် ထွက်ပြေးတာက လူ့သဘာဝပဲ ကိစ္စမရှိပါဘူး။” လင်ချီးယဲ့က သူ့ပခုံးကို ပုတ်လိုက်သည်။ “အဲအချိန်တုန်းက ငါသာဆိုရင် မင်းထက် ပိုမြန်မြန်ပြေးမိမှာပဲ။”
လီယိဖေး: “…”
လီယိဖေးသည် တစ်စုံတစ်ခုကို တွေးနေသလိုမျိုး ခေါင်းကို ကုတ်လိုက်သည်။ “စကားမစပ် မင်းလည်း အဲဒီ NDA မှာ လက်မှတ်ထိုးခဲ့ရလား။”
လင်ချီးယဲ့သည် ခဏတာ အံ့အားသင့်သွားပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ကျောက်ခုန်းချိန်က သူ့ကို မလိမ်ခဲ့ပုံရသည်။ သူတို့သည် မျက်မြင်သက်သေများကို အမှန်တကယ် ဘာမှမလုပ်ပေ။ လီယိဖေးသည် ထိုနေ့ညက မကောင်းဆိုးဝါးဆီမှ လွတ်မြောက်ခဲ့ပြီး သူတို့တွေ ရှာဖွေတွေ့ရှိပြီးနောက် NDA တွင် လက်မှတ်ရေးထိုးခဲ့ရသည်။
သူ မှန်ကန်စွာ ခန့်မှန်းနိုင်ရင် လျှိုယွမ်လည်း အလားတူ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရမည်။
သူကိုယ်တိုင်က လက်မှတ်မထိုးရသေးပေမယ့် အချိန်ယူရမည့်ကိစ္စဖြစ်သည်။ သူလက်မှတ်မထိုးရသေးဘူးလို့ လီယိဖေးကိုပြောလိုက်ပါက ရှင်းပြရခက်လိမ့်မည်။
“တကယ်တော့ သူတို့ငါ့ကို လက်မှတ်မထိုးခိုင်းရင်တောင် ငါမပြောပါဘူး။” လီယိဖေးက သက်ပြင်းချရင်း “အဲဒီမြင်ကွင်း ငါ့တစ်သက် မမှတ်မိချင်တော့ဘူး…
ဒါ့အပြင် သဘောတူညီချက်မှာ လက်မှတ်ရေးထိုးပြီးနောက် ဖောက်ဖျက်ရင် ထောင်ကျမှာ။ ငါ့ဘဝကို ငါ့လက်နဲ့မမြုပ်ချင်ဘူး။”
လီယိဖေးသည် စင်္ကြံ၏လက်ရန်းပေါ်တွင် လက်ကိုတင်ကာ အောက်ဘက်ရှိ သက်ဝင်လှုပ်ရှားနေသော ကျောင်းဝင်းကြီးကို တောင့်တသောအကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
“တကယ်တော့ ငါသူတို့နဲ့ ပူးပေါင်းချင်တယ်။”
လင်ချီးယဲ့က အံ့အားသင့်သည်။ “မင်းသူတို့နဲ့ပူးပေါင်းချင်တာလား။”
“ဟုတ်တယ် သဘောတူညီချက်မှာ ငါလက်မှတ်ထိုးတုန်းက သူတို့နဲ့ပူးပေါင်းဖို့ ငါ့ရဲ့စာလေ့လာမှုတွေကို စွန့်လွှတ်နိုင်တယ်လို့ တောင်းဆိုခဲ့ပေမယ် ကံဆိုးစွာပဲ… သူတို့ကငါ့ကို မလိုချင်ဘူး။”
“ဘာလို့ပူးပေါင်းချင်တာလဲ။ မင်းရဲ့အဆင့်တွေက သိပ်မကောင်းပေမယ့် ခြွင်းချက်အနေနဲ့ အားကစားကောလိပ်ကို ဝင်ခွင့်ရမှာ မဟုတ်ဘူးလား။”
“အားကစားကျောင်းသားတစ်ယောက်ဖြစ်ရတာ ပျင်းစရာကောင်းတယ် မဟုတ်ဘူး… သာမန်လူတစ်ယောက်ဖြစ်ရတာ ပျင်းစရာကောင်းတယ်လို့ ဖြစ်ရမှာ။” လီယိဖေး၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။
“လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့အဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းပြီးတော့ လူ့အဖွဲ့အစည်းအတွင်း ပုန်းအောင်းနေတဲ့ ရန်သူတွေကို တိတ်တဆိတ် တိုက်ခိုက်ပြီး မရေမတွက်နိုင်အောင် စွမ်းဆောင်မှုတွေ လုပ်တယ်။ ဒါတွေအားလုံး ပေါ်လာတဲ့အခါ ကမ္ဘာကြီးက ငါ့နာမည်ကို မှတ်မိနေလိမ့်မယ်။”
လီယိဖေးသည် သူ့လက်သီးများကို ဆုပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါက လူတော်တော်များများရဲ့ အိပ်မက်ပါပဲ၊ ဒါက အဓိပ္ပါယ်ရှိတဲ့ ဘဝပဲ။”
“မင်းက အရမ်းကောင်းကောင်းတွေးတတ်တာပဲ။” လင်ချီးယဲ့သည် သူ၏စိတ်ကူးယဉ်မှုကို အညှာအတာမဲ့စွာ ချိုးဖျက်လိုက်သည်။ “မင်းရဲ့ ပထမဆုံးမစ်ရှင်မှာ မကောင်းဆိုးဝါးတွေကြောင့် တစ်စစီကိုက်စားခံရတာ၊ အမည်မသိလူကြောင့် အသတ်ခံရပြီး စတေးခံရတာမျိုးဖြစ်နိုင်တယ်။ နက်နဲတဲ့တောင်တန်းတွေမှာ မြုပ်နှံခံရပြီး မင်းမိဘတွေက မင်းသေဆုံးမှုကို မသိနိုင်တာကြောင့် ဒီကမ္ဘာကြီးကနေ တစ်ယောက်တည်းပဲ ထွက်သွားရနိုင်တယ်။”
လီယိဖေး: “…”
“ချီးယဲ့ မင်းရဲ့စိတ်ကူးယဉ်မှုက အရမ်းသွေးသံတရဲရဲဖြစ်နေပါလား။”
“ဒါက စိတ်ကူးယဉ်တာမဟုတ်ဘူး။” လင်ချီးယဲ့က ခေါင်းခါလိုက်ပြီး “မင်းအခုပြောတာကမှ စိတ်ကူးယဉ်တာ။”
လီယိဖေးသည် ကူကယ်ရာမဲ့ သက်ပြင်းချရင်း “ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ကို မလိုချင်တာကြောင့် ငါ အများကြီး စဉ်းစားနေဖို့ မလိုဘူး။ အနာဂတ်မှာ ဒီလျှို့ဝှက်ချက်ကို အခေါင်းထဲအထိ ရိုးရိုးသားသား ယူဆောင်သွားဖို့ပဲ လိုတာပါ။”
“အင်း” လင်ချီးယဲ့သည် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “အထဲဝင်ဖို့ အချိန်ရောက်ပြီ။ အတန်းစတော့မယ်။”
နှစ်ယောက်သား စာသင်ခန်းဆီသို့ ပြန်သွားသောအခါ လီယိဖေး၏ အခြေအနေသည် ယခင်ကထက် များစွာ ပေါ့ပါးသွားသည်ဟု လင်ချီးယဲ့ ခံစားလိုက်ရသည်။ လင်ချီးယဲ့နှင့် ကျန်ချန့်အပေါ် သူ့အပြစ်ရှိမှုက သူ့အား ဖိအားများစွာ ပေးပုံရသည်။
ထွက်ပြေးတာခြင်း တူညီသော်လည်း လီယိဖေးနှင့် လျှိုယွမ်တို့တွင် လုံးဝခြားနားသော ရွေးချယ်မှုများရှိသည်။
လျှိုယွမ်အတွက်တော့ လင်ချီးယဲ့သည် သူ့ကို ဒုက္ခပေးဖို့ စိတ်မဝင်စားပေမယ့် အနာဂတ်မှာ အခွင့်အရေးရှိရင် သူ့ကို သင်ခန်းစာပေးဖို့ သူစိတ်မရှိပေ။
အတန်းပြီးနောက် လင်ချီးယဲ့သည် သူ့ကျောင်းလွယ်အိတ်ကို ကောက်ကိုင်ပြီး အိမ်ပြန်ခဲ့သည်။
လွန်ခဲ့သောနှစ်ရက်က ဝမ်းရှောက်နှင့် ကျန်ချန့်တို့၏သေဆုံးမှုသည် ကျောင်းကိုပြဿနာများစွာပေးခဲ့သည်။ ဖိအားများအောက်တွင် ကျောင်းသည် နောက်ကျမှ ကိုယ်တိုင်စာလေ့လာခြင်းစနစ်ကို ဖျက်သိမ်းပြီး ကျောင်းသားများကို စောစောအိမ်ပြန်ခွင့်ပေးခဲ့ရသည်။
သို့သော် လင်ချီးယဲ့ မထင်မှတ်ထားသည့်အရာမှာ ညကင်းစောင့်၏ အခွင့်အာဏာသည် အမှန်တကယ်မြင့်မားနေပုံရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ကျောင်းသားနှစ်ဦး ဆက်တိုက်သေဆုံးသွားပြီးနောက် သေဆုံးသူနှင့်အတူ သွားခဲ့သည့် လင်ချီးယဲ့နှင့် လီယိဖေးတို့ကဲ့သို့ လူများကို ရဲများက သေချာပေါက် စစ်ဆေးမေးမြန်းမည်ဖြစ်သည်။
သို့သော် မတော်တဆမှုသည် နှစ်ရက်ကြာသွားခဲ့ပြီး ဘယ်သူမှ သူတို့ဆီ ရောက်မလာခဲ့ပေ။
ညကင်းစောင့်သည် အမှုကို လုံးလုံးလျားလျား ကိုင်တွယ်လိုက်ပုံရပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကို နှုတ်ပိတ်ရန် သူတို့၏ အခွင့်အာဏာက မြင့်မားသည်။
လမ်းလျှောက်ရင်း ကောင်းကင်က တဖြည်းဖြည်း မှောင်လာပြီး မိုးဖွဲဖွဲလေး ကျလာသည်။
သို့သော် ခြောက်နာရီထိုးတော့ ကောင်းကင်က မှောင်နေပြီ။
လင်ချီးယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထီးမဆောင်ထားသောကြောင့် ခြေလှမ်းကြီးများဖြင့် အိမ်ဆီသို့ လျှောက်လှမ်းခဲ့သည်။
မိုးကလည်း ပိုသည်းလာပြီး လင်ချီးယဲ့ အိမ်ကို အမြန်ပြန်လာသောအခါတွင် သူသည် ကြွက်စုတ်ဖြစ်နေသော်လည်း သူတံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော အသီးအရွက်၏ရနံ့သည် သူ့မျက်နှာဆီသို့ ပြေးဝင်လာကာ သူ့စိတ်ထဲက အဆိုးမြင်မှုခံစားချက်အားလုံးကို ငြိမ်းသတ်သွားစေခဲ့သည်။
“အား… ရှောင်ချီး ဒီကလေးတော့ ဘာလို့ မိုးရေစိုခံပြီး ပြန်လာရတာလဲ။” လင်ချီးယဲ့၏ အသွင်အပြင်ကို မြင်လိုက်ရသဖြင့် မီးဖိုချောင်ထဲတွင် အလုပ်များနေသော ဒေါ်လေးဖြစ်သူက ရှေ့သို့ ကမန်းကတန်း လျှောက်လာသည်။
“အပြင်မှာ မိုးနည်းနည်းကြီးနေပြီး ဒီနေ့ ထီးမယူလာမိလို့ပါ။” လင်ချီးယဲ့က ပြုံးလိုက်သည်။
“နင်ထီးမယူသွားဘူးဆိုရင်လည်း မိုးခိုဖို့နေရာရှာလေ ဒါမှမဟုတ် ဒေါ်လေးကို ဖုန်းခေါ်လိုက်ပြီး ဒေါ်လေးနင့်ကို လာကြိုမှာပေါ့။ မိုးမိပြီး အအေးမိရင် ဘယ်လိုလုပ်မလဲ။” ဒေါ်လေးက ဒေါသထွက်ဟန်ဆောင်လိုက်သည်။
လင်ချီးယဲ့သည် ဝမ်းသာအားရ ခေါင်းကုတ်လိုက်သော်လည်း ဘာမှမပြောပေ။
“မြန်မြန် သွားသုတ်ချေ။ အိုး ဟုတ်သား… အခုလေးတင် နင့်ဆရာက နင့်ကိုလာရှာတာကြောင့် ငါသူ့ကို နင့်အခန်းထဲမှာ စောင့်ခိုင်းထားတယ်။” ဒေါ်လေးက တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
“ဆရာလား။” လင်ချီးယဲ့ အံ့သြသွားသည်။
“ဟုတ်တယ်၊ အဲဒါက နင့်ရဲ့ကာယဆရာဖြစ်ပြီး နင်နဲ့ တစ်ခုခုလုပ်စရာရှိတယ်လို့ ပြောတယ်။ ဒီတော့ မြန်မြန် သူ့ကို သွားတွေ့လိုက်ပါ။ နင့်ဆရာကို အချိန်အကြာကြီး မစောင့်ခိုင်းနဲ့။”
လင်ချီးယဲ့သည် မျက်နှာသုတ်ပုဝါကို ကိုင်လိုက်ပြီး သူ့ဆံပင်များကို ကြောင်တောင်တောင် သုတ်လိုက်သည်။
ဘာလဲဟ။ ကာယဆရာက သူ့ဆီရောက်လာတယ်လား။ သူကျောင်းပြောင်းလာတာ ရက်ပိုင်းပဲရှိသေးပြီး ကာယအတန်းကိုတောင် သူမတတ်ရသေးဘူး။ သူက ဘာလို့ သူ့ကို လာရှာတာလဲ။
မဟုတ်မှလွဲရော…
လင်ချီးယဲ့သည် စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပြီး မျက်နှာသုတ်ပုဝါကို ချလိုက်ကာ တံခါးကို အမြန်ဖွင့်ပြီး သူ့အခန်းထဲ ဝင်သွားသည်။
လက်ဖက်ရည်ခွက်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် မှီနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပြုံးလျက် သူ့အား ကြည့်နေတာကို မြင်လိုက်ရသည်။
လင်ချီးယဲ့က အနည်းငယ် မျက်မှောင်ကြုတ်ကာ “ခင်ဗျားပါလား။ ကျွန်တော့်အိမ်ကို ဘယ်လိုရှာတွေ့တာလဲ။”
ကျောက်ခုန်းချိန်က ခပ်ရေးရေးပြုံးကာ စားပွဲပေါ်ရှိ တံဆိပ်ကို ကောက်ကိုင်ပြီး ခါယမ်းပြလိုက်သည်။ “မင်းငါ့ကို လှည့်စားသွားတဲ့ညကတည်းက ငါသတိထားလာတယ်။ မနေ့ညက ငါဒါကို မင်းရဲ့အိတ်ကပ်ထဲထည့်ခဲ့ပြီး နေရာရှာလို့ရတယ်။”
လင်ချီးယဲ့သည် တံခါးကို သော့ခတ်ပြီး ကုတင်ဆီသို့ တည့်တည့်သွားကာ ဝင်ထိုင်လိုက်သည်။ “ကျွန်တော် မပူးပေါင်းဘူးလို့ ခင်ဗျားကို ပြောပြီးပြီလေ။”
“ငါသိတယ် ဒီတစ်ခေါက် အဲဒါကြောင့် ရောက်လာတာမဟုတ်ဘူး။”
“ဒါဆို ခင်ဗျား ကျွန်တော့်ကို NDA မှာ လက်မှတ်ထိုးခိုင်းဖို့ ရောက်လာတာလား။”
“အဲဒါလည်း မဟုတ်ဘူး။” ကျောက်ခုန်းချိန်သည် သူ့ခေါင်းကို ခါလိုက်ပြီး “မင်းပျောက်သွားပြီလို့ ငါ တခြားသူတွေကို သတင်းပို့ထားတယ်။ ငါမင်းကို လွှတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီမို့ သဘောတူညီချက်မှာ လက်မှတ်ထိုးခိုင်းလို့ မရတော့ဘူး။ မဟုတ်ရင် သူတို့က မင်းမပျောက်သွားကြောင်းသိပြီး တခြားသူတွေကို စည်းရုံးခိုင်းဖို့ လွှတ်လိမ့်မယ်။
“သူတို့က… ငါ့လောက် ဆက်ဆံရမလွယ်ဘူး။”
လင်ချီးယဲ့က အံ့အားသင့်သွားသည်။ “ဒါဆို ခင်ဗျားဒီကိုရောက်နေတာက…”
ကျောက်ခုန်းချိန်သည် သူ့အိတ်ကပ်ထဲမှ အညိုရောင်စက္ကူလိပ်ကို ထုတ်ကာ လင်ချီးယဲ့၏ စားပွဲပေါ်တင်ပြီး ဖြည်းညှင်းစွာဖွင့်လိုက်သည်…
“ညကင်းစောင့်ရဲ့ အခကြေးငွေက မင်းထင်ထားတာထက် အများကြီး ပိုကောင်းတယ်။ နှစ်အတော်ကြာအောင် ငါအလုပ်လုပ်ပြီး စုဆောင်းငွေတွေ အများကြီးရှိခဲ့တယ်။” ကျောက်ခုန်းချိန်က အညိုရောက်စက္ကူကို ဖွင့်ရင်း ပြောလိုက်သည်။
အညိုရောင်စက္ကူကို ဖွင့်လိုက်သည့်အခိုက်အတန့်တွင် လင်ချီးယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အထဲမှာ ပိုက်ဆံအထပ်လိုက်ရှိနေသည်။
TK Team (Chapter 21)
Volume 1 (သေမျိုးနယ်မြေ ၀၂၂)
Chapter 22 (ဗိုလ်ချုပ်ကျောက်)
လင်ချီးယဲ့က မျက်မှောင်ကြုတ်ကာ “ခင်ဗျား ဘာကိုဆိုလိုတာလဲ။”
ကျောက်ခုန်းချိန်က အနည်းငယ်ပြုံးပြီး သူ့အိတ်ကပ်ထဲက ဆေးလိပ်တစ်လိပ်ကို အေးအေးဆေးဆေး ထုတ်လိုက်သည်။ “မင်းစိတ်အနှောင့်အယှက်ဖြစ်လို့လား။”
“ဖြစ်တယ်။”
ကျောက်ခုန်းချိန်: “…”
ကျောက်ခုန်းချိန်သည် ဆေးလိပ်ကို ကူကယ်ရာမဲ့ ဖယ်လိုက်ပြီး ထိုင်ခုံပေါ်မှီကာ သူ့မျက်လုံးထဲတွင် အမှတ်တရာများပေါ်လာသည်။
“ငါငယ်ငယ်တုန်းက မင်းလိုပဲ။”
“တကယ်ပြောရရင် ဒီအဖွင့်စကားက နည်းနည်းတော့ ခေတ်နောက်ကျနေပြီ။”
“…”
“အဆင်ပြေပါတယ် ခင်ဗျားဆက်ပြောပါ။”
“ငါ ခြောက်နှစ်သားမှာ ငါ့အဖေက ရောဂါနဲ့ ဆုံးသွားပြီး ငါ့အမေက ငါ့ကို ပျိုးထောင်နိုင်ဖို့ အလုပ်နှစ်ခုလုပ်ခဲ့တယ်။” ကျောက်ခုန်းချိန်သည် သူ့လက်ထဲက ဆေးလိပ်ဘူးကို ပွတ်နေပြီး သူ့အသံမှာ အလွန်ငြိမ်သက်နေသည်။
“အဲဒီခေတ်ရဲ့ စည်းချက်က အရမ်းနှေးကွေးတယ်။ အဲဒီတုန်းက ငါ့အမေရဲ့မျှော်လင့်ချက်ဟာ ငါ့ကို အလယ်တန်းကျောင်း ကောင်းကောင်းပြီးအောင် ထားပြီးနောက် ရွာကေဒါဖြစ်ဖို့၊ ချွေးမငယ်ငယ်နဲ့ အိမ်ထောင်ပြု၊ ကလေးယူပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ထောင်ဖို့ပဲ။
မင်းသိလား၊ လူငယ်တွေမှာ ခြေစုံကန်တဲ့အချိန်တစ်ခုရှိတယ်။
ငါ အလယ်တန်းကျောင်းပြီးတဲ့အခါ ငါ့အဆင့်တွေက တော်တော်ကောင်းတယ်။ ငါသာ ရွာကေဒါအဖြစ် ပြန်လုပ်ရင် ခက်ခဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါသူမကို ကန့်ကွက်ပြီး စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
တကယ်တော့ သူမက မကန့်ကွက်ခဲ့လဲ နည်းနည်းတော့ စိတ်မချမ်းသာဖြစ်ခဲ့တယ်။ ငါအိမ်ကထွက်တဲ့နေ့မှာ သူမက တံခါးရှေ့မှာရပ်ပြီး ငါ့ကို တိတ်တိတ်လေး ကြည့်နေခဲ့တယ်။ ငါ အိမ်နောက်ဖက်ကို လှမ်းကြည့်လိုက်တော့ သူမက ငါ့ကို ကြည့်နေတယ်။ ငါ ရွာတံခါးကို လျှောက်သွားတော့ သူမက ငါ့ကို ကြည့်နေတုန်းပဲ…
နောက်တော့ ငါ မြို့ထဲက ဘူတာရုံကို လျှောက်သွားတဲ့အခါ ငါလက်မလွှတ်နိုင်တာကြောင့် ငါခိုးကြောင်ခိုးဝှက် ပြန်လှည့်ကြည့်လိုက်တယ်… သူမက အဲဒီနေရာမှာ ရပ်နေဆဲဖြစ်ပြီး ငါလျှောက်နေတဲ့ ဦးတည်ရာကို ကြောင်တောင်တောင် ကြည့်နေတာကို ငါတွေ့လိုက်ရတယ်။
ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက ဒီအတိုင်းနေပြီး ထွက်မသွားဖို့ ငါတကယ်စဉ်းစားခဲ့ပေမယ့် နောက်ဆုံးတော့ ငါက ရက်စက်ပြီး စစ်သားဖြစ်လာခဲ့တယ်။”
ကျောက်ခုန်းချိန်သည် သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ “နောက်တော့ ငါ့ရာထူးက ပိုမြင့်လာတယ်။ ငါ အထူးတပ်ဖွဲ့တွေထဲ ဝင်ခဲ့ပြီး ငါက အနီးကပ် တိုက်ခိုက်ရတာ ကောင်းတယ်ဆိုတော့ ပြောင်းရွှေ့ခံရပြီး ညကင်းစောင့်လုပ်ဖို့ တာဝန်ပေးခံရတယ်။
နောက်တော့ ငါလည်း အားလပ်ရက်ကို အခွင့်ကောင်းယူပြီး ငါ့အမေ့ကိုတွေ့ဖို့ အိမ်ပြန်သွားတဲ့အခါ တွေ့လိုက်ရတာက…”
ကျောက်ခုန်းချိန်သည် ဒီလိုပြောသောအခါ ရုတ်တရက် ရပ်သွားသည်။
လင်ချီးယဲ့က သိချင်စိတ်ဖြင့် ပြောသည်။ “ခင်ဗျားအမေ… ဆုံးသွားတာလား။”
“မဟုတ်ဘူး။ သူမ နောက်အိမ်ထောင်ပြုသွားတာ။”
လင်ချီးယဲ့: “…”
“ငါ့အမေက သူမငယ်ငယ်ကတည်းက အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရပြီး သူမကျန်းမာရေးက မကောင်းဘူး။ အစကတော့ သူမက ငါ့ကို ကေဒါအဖြစ် ရွာပြန်ခိုင်းစေချင်ပေမယ့် အဲဒါမှ ငါသူမကို စောင့်ရှောက်နိုင်မှာလေ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ငါအဲဒါကို မတွေးခဲ့မိဘဲ စစ်တပ်ထဲဝင်ဖို့ ရွေးချယ်ခဲ့တယ်။
နောက်ပိုင်းမှာ သူမတစ်ယောက်တည်း မနေနိုင်တာကြောင့် သူမ နောက်အိမ်ထောင်ပြုခဲ့ပြီး အနည်းဆုံးတော့ သူမ အသက်ကြီးလာတဲ့အခါ သူမကို ပြုစုစောင့်ရှောက်ဖို့ တစ်ယောက်ယောက်ရှိမယ်လေ။
အဲဒီအချိန်တုန်းက ငါ ညကင်းစောင့်ထဲ ဝင်ပြီးသားဖြစ်နေပြီဆိုတော့ ဝမ်းနည်းစရာပဲ။ ငါ သူမဘေးနားမှာ အချိန်အကြာကြီးနေပြီး မစောင့်ရှောက်နိုင်ဘူး။ ရိုးရိုးသားသားပြောရရင် သူမလက်ထပ်သွားတဲ့သတင်းကို ကြားလိုက်ရတုန်းက ငါတကယ် စိတ်သက်သာရာရသွားတယ်။”
လင်ချီးယဲ့က ခဏလောက်စဉ်းစားလိုက်သည်။ “ဒါဆို ခင်ဗျားကျွန်တော့်ကို ဒါပြောပြရတဲ့ရည်ရွယ်ချက်က ဘာလဲ။”
ကျောက်ခုန်းချိန်သည် ဖြည်းညှင်းစွာထရပ်ပြီး လင်ချီးယဲ့၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ငါတို့အားလုံးမှာ ငါတို့မြတ်နိုးတဲ့အရာတွေရှိတယ် ဒါပေမယ့် ငါတို့ကြီးပြင်းလာတာနဲ့အမျှ အလေ့အကျင့်ကြောင့် သူတို့ရဲ့ဖြစ်တည်မှုကို မသိစိတ်ကနေ လျစ်လျူရှုပြီး ငါတို့ရဲ့အာရုံစူးစိုက်မှုတွေအားလုံးက တခြားအရာတွေဆီ ပြောင်းသွားခဲ့တယ်…
အရင်တုန်းက ငါက အဲဒီလိုပဲ။ ဒါပေမယ့် မင်းကတော့ မတူဘူး လင်ချီးယဲ့။
မင်းက ငါ့တုန်းကထက် ပိုဉာဏ်ကောင်းပြီး ပိုစဉ်းစားတတ်တယ်။ မင်းမှာ မင်းရဲ့ကိုယ်ပိုင်စိတ်ကူးတွေရှိပြီး မင်းမိသားစုနဲ့ အတူနေပြီး သူတို့ကို အဖော်ပြုပေးချင်တယ်။
ဒါက တကယ်ကောင်းပါတယ်။
အခု ဒီလမ်းကို မင်းရွေးချယ်ပြီးပြီဆိုတော့ ရှေ့ဆက်သွားပါ။
ကမ္ဘာကြီး ဒါမှမဟုတ် တစ်ခုခုကို ကာကွယ်ဖို့ ငါတို့လိုလူတွေလက်ထဲ အပ်ထားခဲ့လိုက်ပါ။”
သူသည် လှည့်ပြီး စားပွဲပေါ်ရှိ စာအိတ်ကို ကောက်ကိုင်ပြီး လင်ချီးယဲ့ကို ပေးလိုက်သည်။
“ငါ မင်းဒေါ်လေးနဲ့ တွေ့ခြဲတယ်။ ဒီခေတ်မှာ ဒီလိုမျိုး လူတွေအများကြီးမရှိဘူး။ မင်းမိသားစုရဲ့ လက်ရှိအခြေအနေကို ငါသိတယ်။ ဒီပိုက်ဆံကို မင်းယူလို့ရတယ်။”
လင်ချီးယဲ့က လုံးဝတုံ့ဆိုင်းခြင်းမရှိပေ။ “ကျွန်တော် မလိုချင်ဘူး။”
“ငါက ညကင်းစောင့်ပါ ပိုက်ဆံပြတ်လပ်တာမျိုး မရှိပါဘူး။”
“အဲဒါဆိုရင်လည်း ကျွန်တော် မလိုချင်ဘူး။”
“ဒါက မင်းဒေါ်လေးအတွက် ငါပေးတာပါ။ မင်းယူရမယ်။”
“ကျွန်တော့်ဒေါ်လေးလည်း မလိုချင်ဘူး။”
ကျောက်ခုန်းချိန်၏နှုတ်ခမ်းထောင့်က အနည်းငယ် လှုပ်ယမ်းသွားပြီး သူနှင့် လင်ချီးယဲ့သည် တစ်ယောက်ကိုတစ်ယောက်က အချိန်အတော်ကြာ ကြည့်နေကာ မည်သူမျှ အလျှော့မပေးပေ။
အချိန်အတော်ကြာပြီးနောက် ကျောက်ခုန်းချိန်က ထပ်ပြောလိုက်သည်။ “လင်ချီးယဲ့… ငါအသက်ကြီးနေပြီ။ ပြီးတော့ ငါ့မှာဖြစ်ခဲ့တဲ့နောင်တတွေကို ငါ့အရှေ့မှာ ထပ်ဖြစ်မှာကို ငါမကြည့်ရက်ဘူး။ တခြားသူတွေဆီမှာ ဖြစ်ရင်တောင်မှပေါ့။”
“ဒါဆို ခင်ဗျားမျက်စိမှိတ်ပြီး မကြည့်နဲ့ပေါ့။” လင်ချီးယဲ့၏သဘောထားက အလွန်ပြတ်သားသည်။ “ကျွန်တော်တို့မိသားစုက ဆင်းရဲပေမယ့် ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်အဓိကအချက်ရှိတယ်။ ကျွန်တော်က စစ်သားတွေဆီက ပိုက်ဆံမယူဘူး။
ဒါတင်မကဘူး။ ကျွန်တော့်မျက်လုံးတွေက ပြန်ကောင်းသွားပြီး ကျွန်တော့်မှာစွမ်းရည်ရှိတယ်။ ကျွန်တော် နောင်တတွေ မဖြစ်စေရဘူး။”
ကျောက်ခုန်းချိန်သည် ပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောချင်နေပုံရသော်လည်း နောက်ဆုံးမှာ သူဘာမှမပြောဘဲ ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
“ခင်ဗျား ဒီပိုက်ဆံကို ပြန်ယူသွားပြီး ခင်ဗျားမိန်းမနဲ့ ကလေးတွေကို ပေးလိုက်တာ မကောင်းဘူးလား။” လင်ချီးယဲ့က ထပ်ပြောလိုက်သည်။
“ငါပြောသလို ညကင်းစောင့်တွေရဲ့ ထောက်ပံ့ရေးက အရမ်းကောင်းတယ်။ တိုက်ပွဲမှာ ငါသေသွားရင်တောင် မိန်းမနဲ့ ကလေးတွေက အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်မပူရဘဲနဲ့ အနာဂတ်မှာ တက္ကသိုလ်ကောင်းကောင်းတက်နိုင်ပြီး အနာဂတ်က တောက်ပနေမှာပါ။” လင်ချီးယဲ့ကို သူဖျောင်းဖျလို့မရတာကြောင့် ကျောက်ခုန်းချိန်သည် ရွေးချယ်စရာမရှိဘဲ နွားသားရေအိတ်ထဲကို ပြန်ထည့်လိုက်သည်။
“ဒါဆို ခင်ဗျားမှာ အိပ်မက်တွေ မရှိဘူးလား။”
“ငါ့အိမ်မက်လား။” ကျောက်ခုန်းချိန်သည် ထိုင်ပေါ်ပြန်ထိုင်ပြီး မျက်ခုံးပင့်ကာ “ငါ့မှာ အိမ်မက်ရှိပြီး ငါငယ်ငယ်လေးကတည်းက ရှိခဲ့တာ။”
“အဲဒါဘာလဲ။”
“စစ်တပ်ထဲမှာ ဗိုလ်ချုပ်ဖြစ်ဖို့ပဲ။ ပြီးရင် စစ်ယူနီဖောင်းကို ဝတ်ဆင်ပြီး ရင်ဘတ်ပေါ်မှာ ပြိုးပြိုးပျက်ပျက် ဂုဏ်ပြုဆုတံဆိပ်တွေကို တပ်ထားပြီး ရွာကို ပြန်သွားတဲ့အခါ ငါ့အမေအပေါ် အထင်သေးခဲ့တဲ့လူတွေကို အမေ့ရဲ့သားက… ဗိုလ်ချုပ်ဖြစ်လာပြီဆိုတာ သိစေချင်တယ်။”ကျောက်ခုန်းချိန်၏မျက်လုံးများတွင် စူးရှတောက်ပမှုတစ်ခု ပေါ်လာသည်။
လင်ချီးယဲ့က မှင်တက်သွားသည်။ အကြောင်းတစ်ခုခုကြောင့် သူ့ရှေ့က ကျောက်ခုန်းချိန်ကိုကြည့်ရင်း လီယိဖေးကို ပြန်တွေးမိလိုက်သည်…
သူတို့သည် တူညီသည့် လူစားမျိုးဖြစ်ပုံရသည်။
“ဒါဆို ခင်ဗျား အခုဖြစ်ပြီမလား။”
“မဟုတ်ဘူး။ အဲဒါက အဝေးကြီးလိုသေးတယ်။” ကျောက်ခုန်းချိန်က ခနဲ့တဲ့တဲ့ပြုံးကာ “ညကင်းစောင့်တစ်ယောက်အနေနဲ့ ဂုဏ်ပြုဆုတံဆိပ်နဲ့ အပြင်ထွက်လို့မရဘူး။ ဒီအိမ်မက်… အိပ်မက်တစ်ခုပဲဖြစ်နိုင်တယ်။”
လင်ချီးယဲ့က တိတ်ဆိတ်နေ၏။
“ကောင်းပြီ ဒါဆို ငါလည်း သွားသင့်ပြီ။” ကျောက်ခုန်းချိန်သည် မတ်တတ်ထရပ်ကာ လင်ချီးယဲ့ရှေ့ကို လျှောက်သွားပြီး ညာလက်ကို ဆန့်ထုတ်လိုက်သည်။
“တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ် လင်ချီးယဲ့။”
လင်ချီးယဲ့သည် ကျောက်ခုန်းချိန်၏မျက်နှာကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း ညစ်ပတ်ပေရေမှု မရှိပုံရသည်…
သူသည် လက်ကို ဆန့်ထုတ်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ “တစ်နေ့မှာ ခင်ဗျား ဂုဏ်ပြုဆုတံဆိပ်ရပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ် ဗိုလ်ချုပ်ကျောက်။”
ကျောက်ခုန်းချိန်သည် ပြုံးပြီး အိမ်အပြင်ကို လှည့်ထွက်သွားခဲ့သည်။
“နေဦး ခင်ဗျားရဲ့တံဆိပ်” လင်ချီးယဲ့သည် သူ့ကို ရပ်တန့်ကာ စားပွဲပေါ်ရှိ တံဆိပ်ကို ကောက်ကိုင်ပြီး ပစ်ပေးလိုက်သည်။
ကျောက်ခုန်းချိန်က သူ့မျက်နှာကို ရိုက်လိုက်သည်။ “ငါ့မှတ်ဉာဏ်ကို ကြည့်ဦး။ ငါမေ့တော့မလို့။ ဒါက ငါ့ဘဝပဲ။”
ကျောက်ခုန်းချိန်သည် တံဆိပ်ကို ယူကာ ၎င်းကို တစ်ချက်ကြည့်ပြီး တစ်ခုခုကို တွေးနေပုံပေါ်သည်။ “စကားမစပ် စာကြောင်းတွေကို မင်းမြင်လိုက်လား။”
“မြင်တယ်။”
“ဘယ်လိုလဲ။ မိုက်တယ်မလား။”
“မိုက်တယ်။ ခင်ဗျားရေးထားတာလား။”
“မဟုတ်ဘူး။ ဒါက ညစောင့်တပ်ထဲဝင်တုန်းက ငါတို့တွေ ကျိန်ဆိုရတဲ့ ကျမ်းသစ္စာပဲ။” ကျောက်ခုန်းချိန်သည် ဒင်္ဂါးပြားကဲ့သို့ တံဆိပ်ကို ပစ်မြှောက်ပြီး တင်းတင်းကျပ်ကျပ် ဖမ်းကာ သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ “ဒါပေမယ့်… ငါ ဒါကို အရမ်းသဘောကျတယ်။”
“နေဦး။”
“ဘာဖြစ်တာလဲ။”
“အပြင်မှာ မိုးအရမ်းရွာနေတော့ ခင်ဗျား ထီးယူသွားလိုက်ပါ။”
“ကျေးဇူးပဲ။ ဒီထီးကို ငါပြန်မပေးတော့ဘူး။”
“ယူသွားလိုက်ပါ။ အဲဒါကို… ကမ္ဘာကြီးကို ကာကွယ်တဲ့အတွက် ဆုတစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။”
“စိတ်ဝင်စားစရာပဲ။ ကောင်းပြီ ငါသွားတော့မယ်။”
“နှုတ်ဆက်ပါတယ်။”
ကျောက်ခုန်းချိန်သည် အနက်ရောင်ထီးကို ကိုင်ထားပြီး တံခါးဖွင့်ကာ ထွက်သွားခဲ့ပြီး လင်ချီးယဲ့သည် ပြတင်းပေါက်မှာ ရပ်နေပြီး သူထွက်သွားတာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
မိုးရေထဲမှာ သူ့အိတ်ကပ်ထဲရှိ တံဆိပ်ကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်ရင်း တိုးတိုးလေး ရွတ်ဆိုနေသည်။
“ညအမှောင်တွေရောက်လာရင်
သောင်းချီတဲ့လူတွေရှေ့မှာ ငါရပ်နေမယ်
ဓားနဲ့ ချောက်နက်ကို ဖြတ်ပြီး
ကောင်းကင်ကို သွေးရောင်လွှမ်းစေမယ်။”
…
မိုးကပို၍သည်းလာသည်။
ကျောက်ခုန်းချိန်သည် လက်ထဲတွင် ထီးကိုင်ထားရင်း အနက်ရောင် ဗင်ကားထဲသို့ အေးအေးဆေးဆေး တက်လိုက်ကာ အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်ပြီး ခဏတာ တိတ်ဆိတ်မှုကို ခံစားရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ့နားကြပ်က ရုတ်တရက်မြည်လာသည်။
လူတစ်ယောက်၏ အသံထွက်လာသည်။
ဆေးလိပ်ကို ကိုင်ထားသည့် သူ့လက်က ရုတ်တရက် တုန်ခါသွားပြီး သူ့မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့သွားသည်။
TK Team (Chapter 22)
Volume 1 (သေမျိုးနယ်မြေ ၀၂၃)
Chapter 23 (တစ္ဆေမျက်နှာဘုရင်)
“ရှောင်ချီး၊ နင့်ဆရာ သွားပြီလား။”
ကျောက်ခုန်းချိန် ထွက်သွားတာကို မြင်ပြီးနောက် သူ့ဒေါ်လေးသည် မီးဖိုချောင်ထဲက အလျင်အမြန်ထွက်လာခဲ့သည်။ “အိုး မထွက်သွားခင် ညစာစားဖို့ ဘာလို့ ခဏလောက် မနေခိုင်းလိုက်တာလဲ။ ဒီကလေးကတော့…”
လင်ချီးယဲ့က ခေါင်းခါလိုက်သည်။ “သူလုပ်စရာရှိလို့ ညစာစားဖို့ မနေတော့ဘူးတဲ့။”
“နင့်ဆရာက ဘာပြောတာလဲ။”
“ဘာမှမဟုတ်ပါဘူး။ အားကစားစစ်ဆေးမှုတစ်ခုရှိတယ်လို့ ပြောခဲ့ပြီး ကျွန်တော့်မျက်လုံးအခြေအနေကိုမေးဖို့ လာခဲ့တာ။”
“ဒီဆရာကျောက်က တကယ့်ကို လူကောင်းပဲ။ ကျောင်းသားရဲ့အိမ်ကို လူကိုယ်တိုင်လာပြီး အခြေအနေကို မေးမြန်းခဲ့တယ်။ စကားမစပ် နင်ပြန်မရောက်ခင်က သူက မီးဖိုချောင်ထဲမှာ ဟင်းသီးဟင်းရွက်တွေကို ဆေးကူညီခဲ့ပေးသေးတယ်။ သူက ခန္ဓာကိုယ်ကြီးပြီး သန်မာပေမယ့် အလုပ်လုပ်တဲ့အခါ အရမ်းအသေးစိတ်မယ်လို့ ငါမထင်ထားဘူး။”
ဒေါ်လေးသည် သူမလက်ကို ခါးစည်းဖြင့် သုတ်ကာ တဟုန်ထိုးဆူနေသော မီးဖိုကို ပိတ်လိုက်ပြီး လင်ချီးယဲ့ကို ပြောလေသည်။
“ဟင်းရတော့မယ် ညစာအတူတူစားဖို့ နင့်ညီကို ခေါ်လိုက်တော့။”
“ကောင်းပြီ။”
ခဏအကြာတွင် မိသားစုသုံးယောက်ဝိုင်းဖွဲ့ကာ စားပွဲဝိုင်းတွင် စုရုံးကြသည်။ စားပွဲပေါ်တွင် ဟင်းပွဲခုနစ်မျိုးရှိပြီး အားလုံးက အရသာရှိသောအရောင်၊ အနံ့အသက်များဖြင့် လူတို့၏လက်ကို လှုပ်ယမ်းစေသည်။
“ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်၊ ကြက်စွပ်ပြုတ်၊ ပဲသီးစိမ်းကြော်… နဲ့ ဝက်နံရိုးချိုချဉ်လား။” ယန်ကျင့်သည် စားစရာတွေပြည့်နေသော စားပွဲကိုကြည့်ရင်း တံတွေးမျိုချကာ “အမေ့ ကျွန်တော်တို့ မိသားစုတွေ ဒီလောက်များပြားတဲ့ဟင်းလျာတွေ မကြုံရတာ ဘယ်လောက်ကြာပြီလဲ။”
“ရှောင်ချီးရဲ့မျက်လုံးက ကောင်းလာပြီလေ ဒါက တရုတ်နှစ်သစ်ကူးပွဲထက် ပိုကြီးကျယ်ခမ်းနားတဲ့ ပွဲဖြစ်မှာ သေချာတယ်။” ဒေါ်လေးက ကိစ္စတစ်ခုအနေနဲ့ပြောသည်။
လင်ချီးယဲ့သည် ခေါင်းငုံ့ကာ အပြင်းအထန် အမြီးတွန့်နေသော ရှောင်ဟေးလိုက်ကို ကြည့်လိုက်ကာ ပြုံးလျက် ပြောသည်။
“ကြည့်ရတာ ဒီညတော့ ရှောင်ဟေးလိုက်လည်း စားကောင်းသောက်ကောင်း စားရတော့မယ်။”
“ဒါက ဈေးသက်သာတယ်။” ဒေါ်လေးသည် ပြုံးပြီး သူမရှေ့က လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ကာ “ရှောင်ချီးရဲ့မျက်လုံးတွေ ပြန်ကောင်းလာလို့ ဂုဏ်ပြုလိုက်ရအောင်။”
“ချီးယား”
“ချီးယား”
…
မှိန်ဖျော့သောတိမ်တိုက်များအောက်တွင် နေဝင်ရီတရော၏ ဆည်းဆာသည် အချိန်အတော်ကြာ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးကို အနက်ရောင် ဖုံးအုပ်ထားပုံရသည်။
မိုးရွာက လေထဲမှာ လှုပ်ယမ်းနေသည်။
အဝေးက မြို့ပြမှာ အလင်းရောင်တွေ လင်းလက်တောက်ပနေသည်။
တိုတောင်းပြီး ဟောင်းနွမ်းနေသည့် ဤလူနေရပ်ကွက်တွင် အနီရင့်ရောင် ဝတ်ရုံဝတ်ထားသည့် လူတစ်ဦးသည် လက်ထဲတွင် ခရီးဆောင်သေတ္တာကြီးတစ်လုံးကို ကိုင်ဆောင်ကာ မိုးရေထဲတွင် ပြေးလွှားနေသည်။
ကျောက်ခုန်းချိန်၏ ပါးပြင်ကို မိုးများကျဆင်းနေသည်။ နွေရာသီ မိုးရွာပေမယ့် နားမလည်နိုင်သော အအေးဓာတ်များ ရှိနေသည်။
“တစ္ဆေမျက်နှာဘုရင်က ဒီဘက်ကို ဦးတည်နေတာ သေချာရဲ့လား။” ကျောက်ခုန်းချိန်က မျက်မှောင်ကြုတ်လိုက်သည်။
နားကြပ်ထဲတွင် ဝူရှန်းနန်၏ အသံထွက်လာသည်။
“မသေချာဘူး။ လွန်ခဲ့တဲ့ဆယ်မိနစ်က ငါတို့ရဲ့ရှာဖွေရေးအဖွဲ့က အနီးနားမြောင်းပိုက်မှာ တစ္ဆေမျက်နှာဘုရင်ရဲ့ သွေးတွေကို တွေ့ရှိခဲ့တယ်။ သူနေထိုင်ရာနေရာကနေ ဆုံးဖြတ်ကြည့်မယ်ဆိုရင် ဦးတည်ရာက လူနေရပ်ကွက်ဟောင်း ဒါမှမဟုတ် မြို့လယ်ခေါင်သာ ဖြစ်နိုင်တယ်။”
“ဦးတည်ရာနေရာ နှစ်ခုရှိတာလား။”
“မှန်တယ်။”
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ။ စောင့်ရှောက်ဖို့ အဖွဲ့နှစ်ဖွဲ့ခွဲမှာလား။”
“သီအိုရီအရပြောရရင် ဒီလိုအခြေအနေမျိုးပဲ၊ ဒါပေမယ့် မြို့လယ်ခေါင်မှာ လူတွေ အများအပြား သွားနေပြီး လူစုလူဝေးကို ငါတို့လွယ်လွယ်ကူကူ ကယ်ထုတ်လို့ မရဘူး။ မြို့လယ်ခေါင်မှာ တစ္ဆေမျက်နှာဘုရင် ပေါ်လာတာနဲ့ အသေအပျောက် အများအပြားဖြစ်စေရုံသာမက ထိတ်လန့်လွယ်စေတဲ့အတွက် တပ်ဖွဲ့ဝင်အများစုကို မြို့လယ်မှာ စခန်းချထားတယ်။”
“လူနေရပ်ကွက်ဟောင်းကရော။ တစ္ဆေမျက်နှာဘုရင်က ဒီမှာပေါ်လာရင် ဒီကလူတွေလည်း အန္တရာယ်ရှိလာလိမ့်မယ်။”
“လူနေရပ်ကွက်ဟောင်းမှာ နေထိုင်သူနည်းပြီး နေထိုင်မှုက အတော်လေးကျဲတယ်။ မြို့လယ်ခေါင်ထက် ရွှေ့ပြောင်းရတာ ပိုလွယ်တယ် ပြီးတော့…”
“ပြီးတော့ တစ္ဆေမျက်နှာဘုရင်က ဒီကို လာရင်တောင် အကြီးအကျယ် ပျက်စီးသွားမှာပဲ မဟုတ်ဘူးလား။” ကျောက်ခုန်းချိန်၏ အသံတွင် ဒေါသအရိပ်အယောင်များ ပါဝင်နေပြီး “ဒီမှာနေတဲ့လူတွေကလည်း သက်ရှိလူသားတွေပဲ။”
“လောင်ကျောက် စိတ်အေးအေးထားပါ။” ဝူရှန်းနန်၏အသံက အလွန်လေးနက်နေသည်။ “လူနေရပ်ကွက်ဟောင်းကို စွန့်လွှတ်ဖို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ အခု ဟုန်ယင်းက လူတွေကို ထွက်သွားခိုင်းနေပြီ။ မင်းရဲ့တာဝန်က လူနေရပ်ကွက်ဟောင်းက နေထိုင်သူတွေကို ခေါ်ထုတ်ဖို့ပဲ။ မြန်လေပိုကောင်းလေပဲ။”
ပြီးတော့ တစ္ဆေမျက်နှာဘုရင်က မင်းရဲ့နေရာကို တကယ်သွားတယ်ဆိုရင်တောင် ထိပ်တိုက်မရင်ဆိုင်နဲ့။ တစ္ဆေမျက်နှာဘုရင်က မင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမဟုတ်ဘူး။ လိုအပ်ရင် သူ့ကိုထောင်ချောက်ဆင်ဖို့ [ဝူကျဲ့လေဟာနယ်] ကို ဖွင့်လိုက်ပါ။”
ကျောက်ခုန်းချိန်သည် ဆုပ်ထားသော လက်သီးကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်ပြီး သူ သက်ပြင်းချလိုက်သည်။
“နားလည်ပြီ။”
ကျောက်ခုန်းချိန်သည် သူ့စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ခံစားရသော်လည်း ဤသည်မှာ အမှန်ကန်ဆုံး လုပ်ရပ်ဖြစ်သည်ကို သူကောင်းကောင်း သိသည်။
ထို့အပြင် တစ္ဆေမျက်နှာဘုရင်သည် ကားအသွားအလာအလွန်ထူထပ်သော မြို့ပြကို တကယ်သွားမယ်ဆိုရင် အမှောင်ထောင့်မှာ ပုန်းအောင်းပြီး လူအနည်းငယ်ကို သတ်လိုက်ရုံနဲ့ သူ့ဒဏ်ရာများကို ပျောက်ကင်းရန် လုံလောက်ပြီး လူမြင်ကွင်းမှာ ပေါ်လာသည်နှင့် အများပြည်သူ မလွဲမသွေ အထိတ်တလန့်ဖြစ်စေလိမ့်မည်။
ထို့ကြောင့် မြို့ပြဒေသသို့ လူမည်မျှ စေလွှတ်သည်ဖြစ်စေ မလုံလောက်ဟုသာ ခံစားရလိမ့်မည်။
သို့သော် လူနေရပ်ကွက်ဟောင်းတွင် ဤနေရာ၌ နေထိုင်သူ အနည်းငယ်သာရှိပြီး ဝေးကွာလှသည်။ တစ္ဆေမျက်နှာဘုရင်က ဒီကိုလာရင်တောင် သူ့ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ အချိန်ယူရမှာဖြစ်ပြီး ထိတွေ့နိုင်ခြေက အလွန်နည်းပါသည်။
ဒီလိုအခြေအနေမျိုးမှာ ဝူရှန်းနန်သည် လူများကို လူနေရပ်ကွက်ဟောင်းဆီ ပို့ပေးနိုင်ပြီး အလွန်မှန်ကန်သော စဉ်းစားတွေးခေါ်မှုဖြစ်သည်။
ယခုအခါ လူနေရပ်ကွက်ဟောင်းတွင် နေထိုင်သူများကို သူ အမြန် ကယ်ထုတ်ရမည်ဖြစ်သည်။
ဒါဟာ အချိန်နဲ့ ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်သည်။
ကျောက်ခုန်းချိန်၏အသွင်အပြင်သည် အံ့ဩလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် မိုးရေထဲ ဖြတ်သန်းသွားသည်။ ကြွေကျလာသော မိုးရေစက်များသည် သူ့လက်ထဲကခရီးဆောင်အိတ်ကို ထိမှန်ကာ ကြည်လင်သော ရေမှုန်ရေမွှားများ ဖြစ်ပေါ်လာခဲ့သည်။
မနီးမဝေးတွင် အုံ့ဆိုင်းနေသော ရေခိုးရေငွေ့များကြားမှာ ရင်းနှီးနေသော အိမ်နိမ့်လေးက ပိုမိုရှင်းလင်းလာသည်။
လွန်ခဲ့သည့် မိနစ်ပိုင်းလောက်ကမှ သူထွက်လာခဲ့သည်။
ကျောက်ခုန်းချိန်၏ရင်ထဲတွင် ရှုပ်ထွေးမှုများနှင့် ပြည့်နေသည်။ အချိန်ကိုရေတွက်ကြည့်ရင် မိသားစုလိုက် ညစာစားနေလောက်ပြီမလား။ ဝက်နံရိုးချိုချဉ်၊ ခရမ်းချဉ်သီးနဲ့ကြက်ဥမွှေကြော်နှင့် ပဲသီးစိမ်းကြော်တို့ ရှိနေတာကို သူမှတ်မိသည်…
စကားမစပ် ပဲသီးစိမ်းများကို သူဆေးကြောပေးခဲ့သေးသည်။
သူသည် ဒီကလေးရှေ့မှာ ကမ္ဘာကြီးကို ကာကွယ်ဖို့ ငါ့ဆီထားခဲ့လိုက်ပါဟု ခပ်မိုက်မိုက်ပုံစံဖြင့် ပြောခဲ့ပြီး ယခုအခါ သူတို့ကို ဘေးကင်းရာသို့ အလျင်အမြန် ထွက်သွားခိုင်းရန် တံခါးကို ခေါက်ရတော့မည်…
ဒါက သူ့ကို အလွန်အရှက်ရစေသည်မလား။
သို့သော် ယခုအချိန်သည် ဂုဏ်သိက္ခာအတွက် စိုးရိမ်ရမည့်အချိန်မဟုတ်ပေ။
ကျောက်ခုန်းချိန်သည် မိုးရေကို နင်းပြီး ရှေ့သို့ ပြေးသွားသော်လည်း ဤအခိုက်အတန့်တွင် အလွန်ရွံရှာဖွယ်ကောင်းသော အပုပ်နံ့တစ်ခု သူ့နှာခေါင်းထဲသို့ ရုတ်တရက် ဝင်လာသည်။
သူ့မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့သွားကာ ရုတ်တရက် ရပ်တန့်သွားသည်။
ဝေါ… ဝေါ… ဝေါ…
မိုးသံက ကျောက်ခုန်းချိန်၏ စိတ်ထဲမှာ ပြည့်သွားသည်။ သူ သတိထားပြီး လည်ပင်းကို ဖြည်းညှင်းစွာ လှည့်ကာ အသေးစိတ်အချက်အလက်များ ပျောက်ဆုံးမည်ကို စိုးရိမ်သောကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။
ထို့နောက် မလှမ်းမကမ်း ရေဆိုးပိုက်ပေါ်သို့ သူ့မျက်လုံးများ ကျရောက်သွားသည်။
အနံ့က ပိုပြင်းလာသည်။
ကျောက်ခုန်းချိန်၏လက်သည် ခရီးဆောင်အိတ်လက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ အသက်ပြင်းပြင်းရှူပြီး အနည်းငယ်ငုံ့ကာ ခရီးဆောင်အိတ်ကို မြေကြီးပေါ်တင်လိုက်သည်။
အပုပ်နံ့က ဘာကိုဆိုလိုသည်ကို သူ အတိအကျ သိသည်။
“သတင်းပို့တယ်။ ကင်းစောင့် ကျောက်ခုန်းချိန် လူနေရပ်ကွက်ဟောင်းမှာ တစ္ဆေမျက်နှာဘုရင်ကို တွေ့ပြီ…” သူသည် နားကြပ်ကိုဖွင့်လိုက်ပြီး သူ့အသံမှာ အလွန်ငြိမ်သက်သွားသည်။
စကားပြောနေရင်း ခရီးဆောင်အိတ်ပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
တက်…
ခရီးဆောင်အိတ်သည် ပွင့်လာကာ အတွင်းတွင် သပ်ရပ်ပြီး သစ်လွင်သော ဆိုင်းဘုတ် ၃ ခု ထွက်ပေါ်လာသည်။
ကျောက်ခုန်းချိန်သည် ဆိုင်းဘုတ်သုံးခုကို ကောက်ကိုင်လိုက်ပြီး တစ်နေရာကို ချလိုက်ပြီးနောက် တစ်ဖက်ကို ပြေးသွားသည်။
ကျောက်ခုန်းချိန် စကားပြောပြီးခါနီးအခိုက်အတန့်တွင် ဝူရှန်းနန်၏ အသံသည် နားကြပ်၏ အခြားတစ်ဖက်တွင် ထွက်ပေါ်လာသည်။
“လက်ခံရရှိတယ်။ ငါပြောလိုက်ပြီး ညကင်းစောင့်တွေက လူနေရပ်ကွက်ဟောင်းကို သွားနေကြပြီ။ ဟုန်ယင်းနဲ့ တခြားသူတွေက ဆယ်မိနစ်အတွင်း မကြာမီ ရောက်ရှိလာလိမ့်မယ်။
ဆယ်မိနစ်ပဲ။ လောင်ကျောက် [ဝူကျဲ့လေဟာနယ်]ကို တည်ဆောက်ပြီး သူ့ကို ခဏထောင်ဖမ်းထားပါ။”
ကျောက်ခုန်းချိန်သည် ဒုတိယဆိုင်းဘုတ်ကို ချလိုက်ပြီး တြိဂံ၏တခြားအစွန်းဖက်သို့ ပြေးသွားစဉ်တွင် သူက ကူကယ်ရာမဲ့ပြောလိုက်သည်။
“ရှန်းနန် [ဝူကျဲ့လေဟာနယ်] က လူတွေကို ထောင်ချောက်ဆင်ဖို့ မဟုတ်ဘဲ တိုက်ပွဲတွေကို ဖုံးကွယ်ဖို့ အသုံးပြုတာ။ အဲဒါက တစ္ဆေမျက်နှာဘုရင်ကို ဆယ်မိနစ်လောက် ထောင်ဖမ်းလို့ မရဘူး။”
ဂူ… ဂူ… ဂူ…
မိုးရေများသည် မြေပြင်၏ တိမ်းစောင်းမှုတစ်လျှောက် အပေါက်ထဲသို့ စီးဝင်သွားသော်လည်း ရုတ်တရက် ရေဆိုးပိုက်အဖုံးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ၎င်းထဲသို့ စိမ့်ကျလာသော မိုးရေများသည် ပွက်ပွက်ဆူနေသော စမ်းရေတွင်းတစ်ခုကဲ့သို့ အရူးအမူး တဟုန်ထိုး တက်လာခဲ့သည်။
“ဘာပဲဖြစ်ဖြစ် မင်း တစ္ဆေမျက်နှာဘုရင်နဲ့ ထိပ်တိုက်မရင်ဆိုင်နဲ့။” ဝူရှန်းနန်၏အသံက သိသိသာသာကို စိုးရိမ်နေသည်။ “လောင်ကျောက် လူနေရပ်ကွက်ဟောင်းက အရမ်းကြီးတယ်။ တစ္ဆေမျက်နှာဘုရင် ထွက်လာရင်တောင် ခဏလောက်တော့ ဆုံးရှုံးစရာမရှိပါဘူး။
ဒီဆယ်မိနစ်အတွင်းမှာ လူအနည်းငယ်သေရင်တောင် သူ ခွန်အားတွေ အများကြီးပြန်ရလာမှာ မဟုတ်ဘူး။
‘လျှို့ဝှက်ဆန်းကြယ်မှု’ ကြောင့် အရပ်သား သေဆုံးဒဏ်ရာရမှုတွေက အချိန်တိုင်း ဖြစ်ပျက်နေတာ။ ငါတို့ ညကင်းစောင့်တွေက နတ်ဘုရားတွေမဟုတ်တာကြောင့် အသေအပျောက်အားလုံးကို မတားဆီးနိုင်ဘူး။ အပြင်းအထန်း ဒဏ်ရာရနေတဲ့ တစ္ဆေမျက်နှာဘုရင်ကြောင့် အဓိကအဖွဲ့ဝင်တစ်ဦးကို ဆုံးရှုံးသွားရင် ဆုံးရှုံးရကျိုးနပ်မှာမဟုတ်ဘူး။
လောင်ကျောက် လောင်ကျောက် မင်းငါပြောတာကြားလား။”
ဗုန်း…
ရေဆိုးပိုက်အဖုံးသည် အမြောက်ကျည်တစ်ခုလို ခုန်ထွက်သွားပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ အနက်ရောင် မြောင်း၏ အဝင်ဝတွင် ကြမ်းကြုတ်သော လက်မောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မူလ တစ္ဆေမျက်နှာလူသားထက် အဆပေါင်းများစွာ ပိုကြီးသော မကောင်းဆိုးဝါးတစ်ကောင် ခုန်ထွက်လာသည်။
ကျောက်ခုန်းချိန်သည် ဤမြင်ကွင်းကို အေးအေးဆေးဆေးကြည့်ကာ သူ့လက်ထဲတွင် နောက်ဆုံးဆိုင်းဘုတ်ကို ဖြည်းညှင်းစွာချပြီး သူ့လက်ချောင်းထိပ်များကို ကိုက်ကာ ဆိုင်းဘုတ်ပေါ် တင်လိုက်သည်။ သွေးအလျားလိုက်ကို သုတ်လိမ်းလိုက်သည်။
“ရှန်းနန် မင်း ကျမ်းသစ္စာကို မှတ်မိသေးလား…”
ကျောက်ခုန်းချိန်သည် သူ့ရှေ့က တစ္ဆေမျက်နှာဘုရင်ကို စိုက်ကြည့်ကာ အနည်းငယ် ထိုင်ချလိုက်ပြီး သူ၏မျက်လုံးထောင့်က မဝေးလှသော တိုတောင်းသည့် လူနေအဆောက်အအုံကြီးပေါ်သို့ ရောက်သွားသည်။
“ညအမှောင်တွေရောက်လာရင် သောင်းချီတဲ့လူတွေရှေ့မှာ ငါရပ်နေမယ်
ဒီတစ်ခါ ငါ့နောက်မှာ သောင်းချီတဲ့လူတွေမရှိဘူး
ဒါပေမယ့်
ငါ့နောက်မှာ…
အဲဒီကလေးရဲ့ကမ္ဘာတစ်ခုလုံးရှိတယ်။”
သူ့လက်များကို ရုတ်တရက် အတူတူယှက်လိုက်သည်။
မမြင်နိုင်သောကင်းဗတ်စသည် သေးငယ်သောတြိဂံကို ဖုံးအုပ်ထားသည်။
“တားမြစ်အပျက်အစီး… [ဝူကျဲ့လေဟာနယ်]”
TK Team (Chapter 23)
Volume 1 (သေမျိုးနယ်မြေ ၀၂၄)
Chapter 24 (မိုးသည်းထန်စွာရွာခြင်း)
“ရှောင်ချီး အသီးအရွက်တွေပဲ မစားနဲ့ နံရိုးတွေလည်း စားဦး။” ဒေါ်လေးသည် နံရိုးတစ်တုံးကို ကောက်ယူပြီး လင်ချီးယဲ့၏ပန်းကန်ထဲသို့ ထည့်လိုက်သည်။
လင်ချီးယဲ့က ပြုံးလိုက်သည်။ “ကျေးဇူးပါ ဒေါ်လေး။”
“ဒီနေ့က ပျော်စရာကောင်းတဲ့နေ့လေ များများစားပါ ဒေါ်လေးအတွက် ပိုက်ဆံချွေတာမနေနဲ့။”
“နားလည်ပါပြီ ဒေါ်လေး အားကျင့် မင်းလည်း များများစားသင့်တယ်။ အခု မင်းရဲ့ခန္ဓာကိုယ်က ဖွံ့ဖြိုးမယ့်အချိန်ရောက်နေပြီ…
အားကျင့်…
အားကျင့်…”
လင်ချီးယဲ့သည် ကြောင်တက်တက် ဖြစ်နေသော ယန်ကျင့်ကို ကြည့်ကာ နှစ်ကြိမ် အော်လိုက်သည်။
“အာ… အိုး ကျွန်တော် အခု စားလိုက်မယ်။” ယန်ကျင့်သည် အာရုံပြန်ရလာပြီး ဆံပင်ကို ကုတ်လိုက်သည်။
“ဒီကလေးကတော့ ဘာလို့ စိတ်လွင့်နေတာလဲ။ အခု သူအရမ်းချေးများနေတာလား။ အသားတောင် မစားဘူး။” ဒေါ်လေးသည် ယန်ကျင့်ကို ကြောင်တောင်တောင်ကြည့်ပြီး သူ့ပန်းကန်ထဲသို့ အသားအနည်းငယ် ထည့်လိုက်သည်။
“အားကျင့်က အိမ်စာတွေကြောင့် ဖိအားနေတာဖြစ်နိုင်ပါတယ်။” လင်ချီးယဲ့သည် အပြုံးဖြင့် ပြောကာ သူဝါးထားသော အရိုးကိုကောက်ယူပြီး လှည့်ကြည့်လိုက်ရာ သူ့မျက်နှာတွင် သံသယ အနည်းငယ် ပေါ်လာသည်။
ဒေါ်လေးလည်း သတိပြန်ဝင်လာပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ “ရှောင်ဟေးလိုက်က ဘယ်မှာလဲ။ သူက အစာစားတဲ့အခါ အတက်ကြွဆုံးကို ဒါပေမယ့် အခုတော့ အရိုးစားနေတဲ့ ခွေးအရိပ်ကို မတွေ့တော့ဘူး။”
တစ်စုံတစ်ယောက်ခေါ်သံကိုကြားလိုက်ရသလို ရှောင်ဟေးလိုက်သည် လသာဆောင်မှ ခေါင်းထွက်ကာ အော်ဟစ်လိုက်လေသည်။
“ဝုတ်…”
လင်ချီးယဲ့သည် သူ့လက်ထဲက အရိုးကို လေထဲတွင် လှုပ်ယမ်းကာ ရှောင်ဟေးလိုက်ကို လာစားရန် လှုံ့ဆော်လိုက်သော်လည်း ရှောင်ဟေးလိုက်သည် အရိုးကိုကြည့်ပြီး ပြတင်းပေါက်ကို ပြန်ကြည့်ကာ အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
“ဒီကောင်လေးက ဒီနေ့ ဘာဖြစ်နေတာလဲ။” ဒေါ်လေးက သံသယဖြင့် မေးသည်။
လင်ချီးယဲ့သည် တခဏမျှ တုံ့ဆိုင်းသွားပြီး လက်ထဲက အရိုးဖြင့် မတ်တတ်ထရပ်ကာ လသာဆောင်သို့ လျှောက်သွားပြီး ရှောင်ဟေစလိုက်ဟ ဦးခေါင်းကို ထိကာ တိုးတိုးလေးပြောလိုက်သည်။
“မင်းဘာဖြစ်နေတာလဲ ဟမ်။ အပြင်မှာ တစ်ခုခုရှိလို့လား။”
လင်ချီးယဲ့သည် အရိုးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ရှောင်ဟေးလိုက်က အရိုးကိုကိုက်နေစဉ် မတ်တတ်ထရပ်ကာ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
မှောင်မိုက်သောညတွင် မိုးသည်းထန်စွာရွာနေရုံမှတပါး ဘာမျှမရှိပေ။
အကွာအဝေးရှိ တခြားသော အဆောက်အအုံများတွင်ပင် အလင်းရောင် လုံးဝမရှိပေ။ ကမ္ဘာကြီးသည် အဆုံးမရှိ မိုးရွာနေသကဲ့သို့ တိတ်ဆိတ်နေသည်။
“ထူးဆန်းတာ ဘာမှမရှိပါဘူး…”
လင်ချီးယဲ့သည် ရေရွတ်ရင်း ခေါင်းကို လှည့်ကာ ရုတ်တရတ် ထွက်သွားတော့မည့်အချိန် တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို လာရိုက်နေသလို ပြတင်းပေါက် အပြင်ဘက်မှ အသံတချို့ ထွက်လာသည်။
လင်ချီးယဲ့သည် ပြတင်းပေါက်အပြင်ဘက်မှ လင်းနို့သေးသေးလေးတစ်ကောင်ကို ပြန်ကြည့်လိုက်သည်။
လင်းနို့သည် မိုးရေကြောင့် စိုစွတ်နေပုံရပြီး မိုးရေထဲတွင် ခိုအောင်းရန် နေရာကို ရှာရသကဲ့သို့ ပြတင်းပေါက်နှင့် ဆက်တိုက်တိုက်နေပုံရသည်။
လင်ချီးယဲ့၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။
ပြောရမည်ဆိုလျှင် ညကောင်းကင်အကမှ သူ့အတွက် ယူဆောင်လာပေးသော ညသတ္တဝါများဖြင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းကို အသုံးမချရသေးပေ။ လင်းနို့ကို တွေ့ရန် ရှားပါးပြီး သူကြိုးစားလို့ရသည်…
ထို့ကြောင့် လင်ချီးယဲ့သည် ပြတင်းပေါက်နားတွင် ငြိမ်သက်စွာ ရပ်နေပြီး လင်းနို့ကို စိုက်ကြည့်နေသည်။
“ရှောင်ချီး အဲမှာဘာလုပ်နေတာလဲ။ ညစာစားဖို့ ပြန်လာတော့ ဟင်းတွေ အေးကုန်တော့မယ်။” လင်ချီးယဲ့ ကြောင်တက်တက်ဖြစ်နေတာကိုမြင်တော့ ဒေါ်လေးက အော်လိုက်သည်။
သို့သော် လင်ချီးယဲ့သည် မလှုပ်ရှားဘဲ ရုပ်တုကဲ့သို့ အကြာကြီးရပ်နေသည်။
ဒေါ်လေး တစ်ခုခုပြောခါနီးတွင် လင်ချီးယဲ့သည် သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး မျက်လုံးများ တုန်ယင်နေသည်။
သူသည် တံခါးကို အမြန်ပြေးပြီး ဖိနပ်စီးလိုက်သည်။
“ရှောင်ချီး ဘာတွေလုပ်နေတာလဲ။”
“ရုတ်တရက် လုပ်စရာတစ်ခုခုရှိတာကို သတိရလို့ ကျွန်တော် ခဏလောက် အပြင်ထွက်ဦးမယ်။”
“ငတုံးလေး နင် ဘာတွေပြောနေတာလဲ။ အပြင်မှာ မှောင်နေပြီး မိုးအရမ်းရွာနေတာကို ဘာလို့အပြင်ထွက်ဦးမှာလဲ။”
“အရမ်းအရေးကြီးတဲ့ လုပ်စရာတစ်ခုခုရှိလို့ပါ။”
“ဒါဆို ဟင်းတွေကရော။”
“ကျွန်တော်ပြန်လာပြီး စားမယ့်အချိန်ကို စောင့်နေပါ။”
သူ့ဒေါ်လေး၏ စိတ်ရှုပ်ထွေးနေသော အကြည့်အောက်တွင် လင်ချီးယဲ့သည် သူ့ဖိနပ်ကို ပြောင်းလိုက်ပြီး တံခါးကို အလျင်အမြန် ဖွင့်ကာ အပြင်ထွက်တော့မည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယန်ကျင့်၏အသံက ရုတ်တရက် ထွက်လာသည်။
“အစ်ကို အပြင်မှာ မိုးအရမ်းသည်းနေတယ် မသွားနဲ့တော့။”
“မဟုတ်ဘူး ငါသွားရမယ်။”
“အဲဒါက ဘယ်လောက်ပဲ အရေးပါနေပါစေ အဲဒါကိုလုပ်မယ့် တချို့လူတွေရှိတယ်။ ကမ္ဘာကြီးက အစ်ကို့ကို ထားခဲ့ရင်တောင် လှည့်ပတ်နေဦးမှာပဲ။”
“ဒါပေမယ့် ငါလုပ်စရာတွေရှိတယ်။” လင်ချီးယဲ့သည် အသက်ပြင်းပြင်းရှူပြီး သူ့နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။ “အရမ်းစိတ်မပူပါနဲ့။ ဒါက အသေးအမွှားကိစ္စပါ အဲဒါပြီးရင် ငါပြန်လာခဲ့မယ်။
ဒါ့အပြင် ဒီလိုအရသာရှိတဲ့ အစားအစာတွေစားရတာက ရှားပြီး ငါမဖြုန်းတီးချင်ပါဘူး။
သွားပြီ။”
လင်ချီးယဲ့သည် တံခါးကို အမြန်ပိတ်ပြီး အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။
လင်ချီးယဲ့ အဝေးကိုလျှောက်သွားပြီးနောက် သူ့ဒေါ်လေးသည် ရုတ်တရက် သဘောပေါက်ပြီး တံခါးဆီသို့ အမြန်လျှောက်သွားကာ အော်လိုက်သည်။
“ငတုံးလေး အပြင်မှာ မိုးအရမ်းရွာနေတာကို ထီးယူသွားလေ။”
စင်္ကြံတွင် လင်ချီးယဲ့၏ခြေရာများသည် ဝေးသထက် ဝေးလာခဲ့ပြီး မည်သူမျှ တုံ့ပြန်ခြင်းမရှိပေ။
ဒေါ်လေးသည် ကူကယ်ရာမဲ့ သက်ပြင်းချကာ သူမထိုင်ခုံဆီသို့ ပြန်ထိုင်လိုက်ရာ သူမရှေ့က ဟင်းသည် မမွှေးတော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ယန်ကျင့်သည် ပြတင်းပေါက်အပြင်ဘက်တွင် သည်းထန်စွာရွာသွန်းနေသောမိုးကို တိတ်တဆိတ် ထိုင်ကြည့်နေသည်။
…
မိုးရေထဲတွင်
ခြစ်… ခြစ်… ခြစ်…
ကျောက်ခုန်းချိန်သည် မီးခြစ်ကို အကြိမ်ပေါင်းများစွာ ဖိလိုက်ပြီး မိုးရွာသဖြင့် မီးငြိမ်းသွားချိန်တွင် မီးပွားများ လောင်ကျွမ်းသွားခဲ့သည်။
သူ့ပါးစပ်ထဲက ဆေးလိပ်တစ်လိပ်ဖြင့် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
ဒီနေ့ကံက… တကယ်ဆိုးတာပဲ။
“ကျဲ——”
သူနှင့်မဝေးလှသောနေရာတွင် တစ္ဆေမျက်နှာဘုရင်သည် မိုးရေထဲတွင် နတ်ဆိုးကဲ့သို့ ရပ်နေကာ သူ၏ပုံသဏ္ဌာန်သည် လူတို့ကို ကြီးစွာသော ဖိအားကို ခံစားရစေသည်။
တစ္ဆေမျက်နှာဘုရင်သည် သာမာန်တစ္ဆေမျက်နှာလူသားများနှင့် အလွန်ကွာခြားသည်။ ကိုယ်ထည်အရွယ်အစားသည် သာမန်စက်ဝိုင်းနှစ်ခုထက် ပိုကြီးသည်။ အဝေးကကြည့်လျှင် တောင်ကုန်းတစ်ခုလိုဖြစ်နေသည်။
ဒါတင်မကဘဲ သာမာန်တစ္ဆေမျက်နှာလူသားများသည် တိရစ္ဆာန်များလို ခြေလေးချောင်းထောက်၍ သွားပြီး တစ္ဆေမျက်နှာဘုရင်သည် ခြေထောက်ဖြင့် မြေပြင်ပေါ်တွင် ရပ်နေပြီး သူ့ခေါင်းကို မတ်မတ်မြှောက်ထားသည်။ ဖြူဖျော့ဖျော့တစ္ဆေမျက်နှာနှင့် နီမြန်းသောလျှာရှည်ကို လျစ်လျူရှုလိုက်ပါက သူသည် လူသားများနှင့် အလွန်တူနေသေးသည်။
သို့သော် ဒီလောက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသော တစ္ဆေမျက်နှာဘုရင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာများဖြင့် ဖုံးလွှမ်းထားကာ ဓားချက်တိုင်းက အသွေးအသားကို လှီးဖြတ်ထားပြီး သူ့ခန္ဓာကိုယ်မှ သွေးများစီးကျနေသည်။
ကျောက်ခုန်းချိန်သည် တစ္ဆေမျက်နှာဘုရင်၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကိုကြည့်ပြီး နှုတ်ခမ်းသပ်လိုက်သည်။
“ခေါင်းဆောင်က ကြမ်းနေတုန်းပဲ… သူဒီလောက်အထိ ဒဏ်ရာရထားတာကိုကြည့်ရင် ခေါင်းဆောင် ငါနဲ့လေ့ကျင့်ခဲ့တုန်းက အလျှော့ပေးခဲ့ပုံပဲ…
‘ချွမ်း’ နယ်ပယ်ရှိတဲ့ မကောင်းဆိုးဝါးတွေက ဒဏ်ရာအပြင်းအထန်ရနေရင်တောင် ပုံမှန်မဟုတ်တဲ့အဆင့်မှာ ရောက်နေတုန်းပဲ။
သူ့အောက်က လှည့်ကွက်ဘယ်လောက်နဲ့ ငါအသက်ရှင်နိုင်မလဲမသိဘူး။”
ကျောက်ခုန်းချိန်သည် ရေရွတ်ရင်း သူ့လက်ကို သူ့ပခုံးပေါ် ဆန့်တန်းကာ ဖြောင့်စင်းသော ဓားလက်ကိုင်ကို ကိုင်ကာ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်…
အပြာနုရောင်ဓားသွားသည် မိုးရေကို ဖြတ်ပြီး အနည်းငယ် အသံထွက်လာသည်။
မိုးသည်းထန်စွာရွာနေရင်း ဆေးလိပ်တစ်လိပ်
ဝတ်ရုံတစ်ထည်၊ ဓားဖြောင့်တစ်လက်…
တစ္ဆေမျက်နှာဘုရင်သည် ကျောက်ခုန်းချိန်ကို ကြည့်ရင်း သူ့နီမြန်းသောလျှာကိုသပ်ပြီး သွေးဆာနေသောဆန္ဒများ သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
တခဏချင်းမှာပဲ နှစ်ယောက်လုံး တပြိုင်နက် လှုပ်ရှားသွားသည်။
ကျောက်ခုန်းချိန်သည် သူ့လက်ထဲတွင် ဓားဖြောင့်ကို ကိုင်ထားပြီး ညာဘက်လက်မှ မြားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်ရာ သူ့မျက်လုံးများက အေးစက်ပြီး သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
သူက မြန်ပေမယ့် တစ္ဆေမျက်နှာဘုရင်က ပိုမြန်သည်။
သူ၏ကြီးမားသောကိုယ်ထည်သည် မိုးကိုရိုတ်ခတ်နေပြီး သူ၏ဖြူဖျော့သောမျက်နှာသည် ကြမ်းကြုတ်စွာ တွန့်လိမ်သွားကာ သားကောင်ကိုသာမြင်သော မုဆိုးကဲ့သို့ သူ့စိတ်ထဲက တက်ကြွမှုကို မထိန်းထားနိုင်ပေ။
ချွင်… ချွင်… ချွင်…
အသွင်အပြင်နှစ်ခု တိုက်မိသည့်အခိုက်တွင် ဓားအလင်းရောင်သည် စူးရှကာ ရွှေနှင့် သံတို့ သုံးကြိမ်ဆက်တိုက် တိုက်မိသည့်အသံသည် မိုးကန့်လန့်ကာကို ဖြတ်သွားပြီး ချွန်ထက်သောလက်သည်းများက ဓားသွားနှင့် တိုက်မိကာ ပြိုးပြိုးပြက်ပြက်တောက်ပနေသည်။
ကျောက်ခုန်းချိန်သည် အနီးကပ်တိုက်ခိုက်ရေးကျွမ်းကျင်သူ ဖြစ်ထိုက်သည်။ တစ္ဆေမျက်နှာဘုရင်၏ အဓိကအချက်ကို ဓားဖြင့် သုံးကြိမ်ဆက်တိုက် တိတိကျကျ သူခုတ်ဖြတ်ခဲ့သော်လည်း တစ္ဆေမျက်နှာဘုရင်က ပိုမိုမြန်ဆန်သော အရှိန်ဖြင့် တားဆီးခဲ့သည်။
ကျောက်ခုန်းချိန်သည် သုံးကြိမ်သာ ခုတ်ဖြတ်ခဲ့ပြီး သုံးကြိမ်မြောက်ပြီးသည့်နောက်တွင် တစ္ဆေမျက်နှာဘုရင်၏ ကြောက်စရာကောင်းသော စွမ်းအားကြောင့် သူလွင့်ထွက်သွားကာ ရွှံ့မြေပေါ်သို့ အရှက်တကွဲ လဲကျသွားခဲ့သည်။
သူတို့ကြားက ကွာဟချက်က အလွန်ကြီးသည်။
တစ်ယောက်က ‘ချွမ်း’ နယ်ပယ်ကို ရောက်ရှိနေပြီး တားမြစ်အပျက်အစီးနှင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာအရည်အသွေးများကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာသတ္တဝါဖြစ်သည်။
တစ်ယောက်က ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများသာရှိသော သေမျိုးခန္ဓာကိုယ်ရှိသည့် သာမန်လူတစ်ယောက်ဖြစ်သည်။
ကျောက်ခုန်းချိန်သည် ရွှံ့ထဲမှ ထလာပြီး စိုစွတ်သော အခိုးအငွေ့များကို သူ့ပါးစပ်ထဲကနေ ထွေးထုတ်ကာ ဆဲဆိုလိုက်သည်။
“လခွမ်း ဒဏ္ဍာရီလာ သတ္တဝါတွေက အံ့သြစရာပါလား။ ဘယ်လောက်တောင် အစွမ်းထက်တာလဲ။”
တစ္ဆေမျက်နှာဘုရင်သည် မျှတစွာထိပ်တိုက်ရင်ဆိုင်ရန် လုံးဝစိတ်ကူးမရှိဘဲ ကျောက်ခုန်းချိန်ကို ဟိန်းလိုက်ရာ သူ့အသံမှာ မိုးခြိမ်းသံလိုပင်။
“ဟူး… ဟူး… ဟူး… ဟူး…
အလယ်ဗဟိုအဖြစ် တစ္ဆေမျက်နှာဘုရင် ချဉ်းကပ်လာသည်နှင့်အမျှ ကြီးမားပြီး ကြမ်းကြုတ်သော တစ္ဆေမျက်နှာသည် မြေပြင်ပေါ်တွင် တဖြည်းဖြည်း ထွက်ပေါ်လာသည်…
ကျောက်ခုန်းချိန်၏အမူအရာက ချက်ချင်းပြောင်းသွားသည်။
“တားမြစ်အပျက်အစီး နံပါတ်စဉ် ၁၇၆ [တစ္ဆေမျက်နှာနယ်ပယ်]”
TK Team (Chapter 24)
Volume 1 (သေမျိုးနယ်မြေ ၀၂၅)
Chapter 25 (တစ္ဆေမျက်နှာ)
ဤရှုံ့မဲ့သည့်အခိုက်အတန့် ပေါ်လာသောအခါတွင် ကျောက်ခုန်းချိန်သည် ကမ္ဘာကြီး ဇောက်ထိုးကျသွားသည်ဟုသာ ခံစားလိုက်ရပြီး မကြုံစဖူး မူးဝေနေသည့် ခံစားချက်တစ်ခု သူ့နှလုံးသားထဲသို့ ရောက်ရှိလာသည်။
မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားခဲ့သည်။
သူ၏အမြင်အာရုံနယ်ပယ်တွင် သူ့ရှေ့ရှိအရာအားလုံးသည် လှည့်ပတ်နေသော ရုပ်စုံမှန်ပြောင်းကဲ့သို့ ရှုပ်ပွနေပြီး ခြေရာခံ၍မရပေ။
“အရမ်းဆိုးတာပဲ… ဒီကောင်က တားမြစ်အပျက်အစီးကို သုံးနိုင်တုန်းပဲ အခု ငါတော့ သစ်ငုတ်တိုဖြစ်ပြီ…” ကျောက်ခုန်းချိန်သည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး တိုက်ပွဲမစခင် ဝူရှန်းနန်ပြောခဲ့တာက သူ့စိတ်ထဲကို ရောက်လာခဲ့သည်။
“…တားမြစ်အပျက်အစီး နံပါတ်စဉ် ၁၇၆ [တစ္ဆေမျက်နှာနယ်ပယ်]၊ တားမြစ်အပျက်အစီးအတွင်း အဲဒါက မိမိထက်အားနည်းတာ ဒါမှမဟုတ် ညီမျှတဲ့ နယ်ပယ်ရှိတဲ့ သတ္တဝါအားလုံးရဲ့ အမြင်ကို လှည့်စားနိုင်ပြီး နေရာသဘောတရားကို ပြောင်းပြန်လှန်နိုင်တယ်။
တစ္ဆေမျက်နယ်ပယ်ထဲမှာ အပေါ်အောက်၊ ဘယ်ညာ၊ ရှေ့နောက်က တစ္ဆေမျက်နှာဘုရင်ရဲ့အလိုအရ အချိန်မရွေး ပြောင်းလဲသွားမှာ။ အတိုင်းအတာတစ်ခုအထိ ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ပိုင်အသိဉာဏ်နဲ့ အတွေ့အကြုံကို အားကိုးနိုင်ပေမယ့် ဒီတားမြစ်အပျက်အစီးက ကိုယ့်ရဲ့ကိုယ်ပိုင်တိုက်ခိုက်ရေးနည်းလမ်းတွေအားလုံးကို သက်ရောက်မှုရှိမှာဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားတွေ အရမ်းလျော့ကျသွားမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။
ဒါကြောင့် ‘ချွမ်း’ နယ်ပယ်ရှိတဲ့ ခေါင်းဆောင်ကလွဲလို့ ကျန်အဖွဲ့ဝင်တွေအားလုံးက တစ္ဆေမျက်နှာဘုရင်ကို ထိပ်တိုက်မတိုက်ခိုက်သင့်ဘူး မဟုတ်ရင် သေခြင်းတရားပဲ ဖြစ်လိမ့်မယ်…”
ဒါက တကယ့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသော တားမြစ်အပျက်အစီးတစ်ခုဖြစ်သည်… ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံရှိသူ ကျောက်ခုန်းချိန်သည် ဒီတားမြစ်အပျက်အစီး၏ ပုံမှန်မဟုတ်မှုကို အမှန်တကယ် နားလည်ပါသည်။
ဒီတော့ ခေါင်းဆောင်သည် တစ္ဆေမျက်နှာဘုရင်ကို ဒဏ်ရာအပြင်းအထန်ရအောင် ခုတ်ထစ်ရန် ဒီတားမြစ်အပျက်အစီးထဲ ရောက်နေခဲ့တာလား။
သူလည်း ပုံမှန်မဟုတ်ပေ။
ကျောက်ခုန်းချိန်သည် အသက်ပြင်းပြင်းရှူပြီး မျက်လုံးကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
“ဟူး… ဟူး… ဟူး… ဟူး…”
ဟိန်းသံသည် အရပ်ရပ်မှ ထွက်ပေါ်လာပြီး တစ္ဆေမျက်နှာဘုရင်၏တည်နေရာကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ မြေကြီး အနည်းငယ် တုန်ခါသွားပြီး ကျောက်ခုန်းချိန်သည် တစ္ဆေမျက်နှာဘုရင်က လျင်မြန်စွာ ချဉ်းကပ်လာတာကို ခံစားလိုက်ရသည်။
ဘယ်ကလာနေတာလဲ။
လက်တွေ့မှာ။
ထူးဆန်းပြီး ရုပ်ဆိုးသော တစ္ဆေမျက်နှာထက်မှာ ကျောက်ခုန်းချိန်သည် သူ့မျက်လုံးများကို မှိတ်ထားပြီး ရုပ်တုကဲ့သို့ ရပ်နေကာ ဓားကို လက်နှစ်ဖက်နဲ့ကိုင်ပြီး မျက်မှောင်ကြုတ်လျက် အရှေ့ကို ညွှန်ပြထားသည်။
တစ္ဆေမျက်နှာဘုရင်က သူ့နောက်ကနေ တိတ်တဆိတ် ရွေ့သွားသည်ကိုပင် သူ သတိမထားမိလိုက်ပေ။
ကျောက်ခုန်းချိန်၏ အာရုံခံစားမှုတွင် အမြင်၊ အကြား၊ အနံ့၊ ထိတွေ့မှု အားလုံးသည် အလွန်အစွမ်းထက်သော အဝတ်လျှော်စက်ထဲသို့ ထည့်ထားသလိုမျိုး လျှင်မြန်စွာ ပြောင်းလဲနေသည်။ အချက်အလက်အမှားက သူ့စိတ်ထဲကို စီးဝင်နေပြီး လက်တွေ့ကမ္ဘာမှာ သူ့ကို အရာအားလုံး ခွဲခြားသိမြင်နိုင်စွမ်းမရှိအောင် ပြုလုပ်နေသည်။
တစ္ဆေမျက်နှာဘုရင်၏မျက်လုံးများက ကျောက်ခုန်းချိန်အား စိုက်ကြည့်နေသည်ကို သတိမထားမိဘဲ သူ၏ဖြူဖျော့ဖျော့မျက်နှာပေါ်တွင် သွေးဆာနေသော အပြုံးတစ်ခု ပေါ်လာသည်။
သူသည် အောက်ကို အနည်းငယ် ငုံ့လိုက်ပြီး ကြီးမားသော အမြောက်ကျည်ကဲ့သို့ မိုးကန့်လန့်ကာကို ဝင်တိုးသွားသည်။ သူသည် ပုံရိပ်ထပ်နေလောက်အောင် အလွန်လျင်မြန်ပြီး သူ၏ချွန်ထက်သော လက်သည်းများက အအေးဓာတ်အနည်းငယ်ကို ဆွဲယူကာ ကျောက်ခုန်းချိန်၏လည်ပင်းဆီသို့ ဖြတ်ပစ်လိုက်သည်။
နွေးထွေးသော သွေးများ ထွက်လာပြီး သူ့ခန္ဓာကိုယ်အား ဖုံးအုပ်သွားမည်ကို ကြိုတင်သိနေပုံရသည်။
သို့သော် သူ၏ချွန်ထက်သော လက်သည်းများသည် ကျောက်ခုန်းချိန်၏ခန္ဓာကိုယ်ကိုထိခါနီးတွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်ခဲ့သည်။
ကျောက်ခုန်းချိန်၏ နောက်ကျောသည် မျက်လုံးများရှိပုံရပြီး တစ္ဆေမျက်နှာဘုရင်၏ လက်သည်းများကို အနီးကပ် ရှောင်ရှားလိုက်ကာ အဝေးသို့ ယိမ်းထိုးသွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် သူ့လက်ထဲက ဓားဖြောင့်သည် မိုးရေထဲတွင် ရှည်လျားစွာ ကွေးညွှတ်သွားကာ တစ္ဆေမျက်နှာဘုရင်၏ ဦးခေါင်းကို ယူလိုက်သည်ာ
ချွင်…
စူးရှသော တိုက်မိမှုတစ်ခု ထွက်ပေါ်လာပြီး တစ္ဆေမျက်နှာဘုရင်၏လက်သည် ကျောက်ခုန်းချိန်၏ဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ကျောက်ခုန်းချိန်၏တစ်ကိုယ်လုံးကို သဲအိတ်ကဲ့သို့ တိုက်ရိုက်ကန်ထုတ်လိုက်လေသည်။
သို့သော်ငြားလည်း သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပေ။
ကျောက်ခုန်းချိန်က သူ့တိုက်ခိုက်မှုကို ဘယ်လိုအာရုံခံနိုင်သွားလဲ နားမလည်နိုင်ဖြစ်ခဲ့သည်။
ကျောက်ခုန်းချိန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ထသွားခဲ့သော်လည်း သူ့ပါးစပ်ထောင့်များက ထိန်းမနိုင်သိမ်းမရ မြှောက်တက်နေသည်။
“မင်းအံ့ဩသွားလား။”
ကျောက်ခုန်းချိန်သည် သူ့ခန္ဓာကိုယ်ကို ဓားဖြောင့်ဖြင့်ထောက်ကာ ပြုံးလိုက်ပြီး သူ့အပြုံးက လှောင်ပြောင်မှုအပြည့်ရှိနေသည်။
“မင်းရဲ့တားမြစ်အပျက်အစီးက တကယ်ပုံမှန်မဟုတ်ဘူး။ ပုံမှန်ဆိုရင် ငါမင်းရဲ့လမ်းအတိုင်း လျှောက်လှမ်းပြီး မင်းလက်ထဲမှာ သေသွားလောက်ပြီ။ ဒါပေမယ့် ဝမ်းနည်းစရာကတော့…”
ကျောက်ခုန်းချိန်သည် ကောင်းကင်ကို လက်ညိုးထိုးပြပြီး “ဒီနေ့ မိုးရွာနေတယ်။”
“မင်းက သက်ရှိသတ္တဝါတွေရဲ့ အာရုံခံစားမှုကို လှည့်စားနိုင်ပေမယ့် ဆွဲငင်အားကြောင့် မိုးရေတွေကျဆင်းလာတာကို မင်းမတားနိုင်ဘူး။ မိုးရေတွေ ငါ့အသားအရေပေါ်ကျဆင်းလာတာက ထိတွေ့မှုအာရုံကို ယူဆောင်လာလိမ့်မယ်။
မင်းက ငါ့ရဲ့ထိတွေ့မှုအာရုံကို ပြောင်းလဲနိုင်ပြီး အရပ်ရပ်ကနေ ငါ့အပေါ် မိုးရွာနေသလို ခံစားစေနိုင်တယ်… ပြီးတော့ ဒီကနေ စစ်မှန်တဲ့ ဦးတည်ရာကို ငါကောက်ချက်ချနိုင်ခဲ့တယ်။
စံဦးတည်ချက်ကို မင်းသိတာနဲ့ ကျန်တဲ့အရာတွေက ပိုလွယ်ကူလာတယ်။”
ကျောက်ခုန်းချိန်သည် ပြုံးကာ သူ့ပါးစပ်က သွေးတစ်လုပ်ကို ထွေးထုတ်လိုက်သည်။ သူ့လက်ထဲတွင် ဓားဖြောင့်ကို မြှောက်လိုက်ပြီး ဓားသည် တစ္ဆေမျက်နှာဘုရင်ကို ညွှန်ပြထားသည်။
“ငါကြွားတာမဟုတ်ပေမယ့် ငါ့မှာ တားမြစ်အပျက်အစီးသာရှိရင် မင်းသေသွားတာ အကြိမ် ၈၀၀ လောက်ရှိပြီ။”
“ဟူး… ဟူး… ဟူး… ဟူး…”
ကျောက်ခုန်းချိန်ကြောင့် တစ္ဆေမျက်နှာဘုရင်သည် အောင်အောင်မြင်မြင် ဒေါသထွက်ကာ သူ့ဆီသို့ အရူးအမူး ပြေးသွားခဲ့သည်။ ကျောက်ခုန်းချိန်သည် သူ့မျက်လုံးများကို ဆက်၍မှိတ်ထားပြီး တစ္ဆေမျက်နှာဘုရင် ရောက်ရှိလာမည့် လမ်းကြောင်းကို ခန့်မှန်းနေသည်။
တင်း… တင်း… တင်း…
ကျောက်ခုန်းချိန်နှင့် တစ္ဆေမျက်နှာဘုရင်တို့က အချင်းချင်း တိုက်ခိုက်ကြသည်။ သူ၏ကြောက်မက်ဖွယ်ကောင်းသော ထိုးထွင်းသိမြင်ခြင်းတိုက်ခိုက်မှုနှင့် အတွေ့အကြုံအရ ကျောက်ခုန်းချိန်သည် တစ္ဆေမျက်နှာဘုရင်ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။
သို့သော် ဒီလောက်ပါပဲ။
တစ္ဆေမျက်နှာဘုရင်၏ တိုက်ခိုက်မှုအင်အားအပြည့်အောက်တွင် သေမျိုးကျောက်ခုန်းချိန်က ကြာကြာ မထိန်းနိုင်တော့ပေ။ သူသည် သူ့ရင်ဘတ်ကို ထိုးရန် အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး နံရိုးနှစ်ချောင်း ကျိုးသွားကာ နောက်သို့ လွင့်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် ကျောက်ခုန်းချိန်သည် မတ်တတ်ရပ်ရန် ငါးစက္ကန့်ကြာခဲ့သည်။
ထိခိုက်ပျက်စီးမှုတချို့ကို ပိတ်ဆို့နေသော ဓားဖြောင့်ကြောင့်မဟုတ်ပါက ဒီထိုးချက်သည် သူ့ကိုသတ်ရန် လုံလောက်ပေလိမ့်မည်။
“အဟွတ် အဟွတ် အဟွတ်…” သူ ချောင်းဆိုးလိုက်တိုင်း ပါးစပ်က သွေးများစွာ စီးကျလာပြီး မျက်နှာက အလွန်ဖြူဖျော့သွားသည်။
တစ္ဆေမျက်နှာဘုရင်၏အသွင်အပြင်သည် မိုးရေထဲတွင် မတ်မတ်ရပ်နေပြီး အံ့ဖွယ်မျက်လုံးများဖြင့် သူ့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာနေသည်…
ထိုအချိန်တွင် ကျောက်ခုန်းချိန် အနောက်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
“ကျောက်ခုန်းချိန် ကျောက်ခုန်းချိန်
——ကျောက်ခုန်းချိန်”
ကျောက်ခုန်းချိန် ခဏလောက် ထိတ်လန့်သွားပြီး အသံကို အနည်းငယ် ရင်းနှီးနေသလို… ယောင်ဝါးဝါး ခံစားလိုက်ရသည်။
ခဏနေဦး… ဒါကမဟုတ်သေးပါဘူး…
သူပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောချင်ပုံပေါ်ပေမယ့် ခဏလောက် တုံ့ဆိုင်းနေပြီးမှ နှုတ်ဆိတ်နေဖို့ ရွေးချယ်လိုက်သည်
သူ့မျက်လုံးများက ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
…
ဤအခိုက် [ဝူကျဲ့လေဟာနယ်] အပြင်ဘက်တွင်
လင်ချီးယဲ့သည် ပွင့်လင်းသောနေရာအနီးတွင် ရပ်နေကာ မိုးရွာနေသဖြင့် သူ့ဆံပင်များ စိုစွတ်နေသော်လည်း ၎င်းကို မသိသဖြင့် အော်ဟစ်လိုက်သည်။
“ကျောက်ခုန်းချိန် ပုန်းမနေနဲ့။ ခင်ဗျားအနားမှာရှိနေမှန်း ကျွန်တော်သိတယ်။”
လင်ချီးယဲ့ အော်လိုက်ပြီးနောက် သူ ငြိမ်သက်ပြီး ခဏလောက်နားထောင်နေပေမယ့် မိုးသံကလွဲလို့ ဘာမှမရှိပေ။
“လခွမ်း၊ ဝတ်ရုံလူတစ်ယောက်နဲ့ မကောင်းဆိုးဝါးတစ်ကောင်က ဒီနားမှာ ရုတ်တရက် ပျောက်ကွယ်သွားတာကို လင်းနို့က ရှင်းရှင်းလင်းလင်း မြင်လိုက်တာကို ဘာလို့မရှိနေတာလဲ… အဲဒါက အမြင်မှားတာများလား။”
လင်ချီးယဲ့က မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။
ရုတ်တရက် သူ့မျက်လုံးများ အေးခဲသွားသည်။
သူနဲ့ မီတာတစ်ဒါဇင်အကွာမှာ ထောင်မတ်နေသော ထူးဆန်းသည့် ဆိုင်းဘုတ်သုံးခုကို တွေ့လိုက်သည်။
လင်ချီးယဲ့သည် ရှေ့သို့ တိုးလာကာ ဆိုင်းဘုတ်ပေါ်မှ မိုးရေများကို လက်ဖြင့် သုတ်ကာ စာလုံးများကို တိုးတိုးလေးဖတ်လိုက်သည်။
“ရှေ့မှာ တားမြစ်ထားသည်လား။ ဒီဆိုင်းဘုတ်က ဘယ်တုန်းက ရောက်နေတာလဲ။ ပြီးတော့… ဒီအစီအစဉ်က ထူးဆန်းလွန်းတယ်။”
လင်ချီးယဲ့သည် ခေါင်းငုံ့ကာ စဉ်းစားနေလေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။
“သူ့ရဲ့တားမြစ်အပျက်အစီးတွေက တိုက်ပွဲကို ဖုံးကွယ်ဖို့ အရန်တားမြစ်အပျက်အစီးလို့ ပြောခဲ့ပုံရတယ်။ အဲဒါကို… [ဝူကျဲ့လေဟာနယ်]လို့ ခေါ်တာလား။”
လင်ချီးယဲ့သည် သူ့ရှေ့ရှိ ဆိုင်းဘုတ်သုံးခုကို ဂရုတစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး သူ့အမြင့်ဆုံးအသံဖြင့် ထပ်မံအော်လိုက်သည်။
“ကျောက်ခုန်းချိန်။ ခင်ဗျား ဝူကျဲ့လေဟာနယ်ထဲမှာ ရှိနေမှန်း ကျွန်တော်သိတယ်။ တံခါးဖွင့်ပြီး ကျွန်တော့်ကို ဝင်ခွင့်ပြုပါ။”
တစ်စက္ကန့်၊ နှစ်စက္ကန့်…
ကျောက်ခုန်းချိန်၏ အသံသည် ဆိုင်းဘုတ်နောက်ကွယ်မှ ထွက်လာသည်။
“မင်းက ညစာမစားဘဲ လမ်းလျှောက်ထွက်လာတယ်။ ငါ့လမ်းကနေ ထွက်သွား။”
TK Team (Chapter 25)