Chapter 32-35
Volume 1 (သေမျိုးနယ်မြေ ၀၃၂)
Chapter 32 (ညကင်းစောင့်လူသား)
လင်ချီးယဲ့က ဝမ်းချီမော့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။
ဝမ်းချီမော့သည် ပေါ့ပေါ့ပါးပါးရယ်ကာ “နောက်တာပါ။ မင်းရဲ့အတွင်းထဲမှာ အရမ်းစိတ်ညစ်နေမယ်ဆိုတာ ငါမြင်တာကို မင်းကိုစိတ်သက်သာရာရအောင်လုပ်ပေးတာ။*
သူသည် လင်ချီးယဲ့၏မျက်လုံးများကို ကြည့်လိုက်ရာ သူ့မျက်လုံးများက တဖြည်းဖြည်း ပျော့ပြောင်းလာသည်။ “ဒါ့အပြင် ဒီလိုကြေကွဲစရာကောင်းတဲ့တိုက်ပွဲကို မြင်ဖူးသူတိုင်း လွယ်လွယ်နဲ့ ရုန်းထွက်နိုင်မှာမဟုတ်သလို မင်းလိုအထက်တန်းကျောင်းသားဆိုရင် ပြောစရာတောင်မလိုဘူး။”
လင်ချီးယဲ့က ထိတ်လန့်သွားသည်။
သူက နှုတ်ခမ်းကိုက်ပြီး နှုတ်ဆိတ်နေသည်။
ဝမ်းချီမော့ပြောတာမှန်သည်။ လင်ချီးယဲ့သည် ယခုအခါ သူ့စိတ်အခြေအနေဘယ်လောက်ဆိုးနေသလဲဆိုတာ သူ့ကိုယ်တိုင်ပင် သတိမထားမိပေ။
တိုက်ပွဲတွင် ကျောက်ခုန်းချိန်သေဆုံးခြင်းကို မျက်မြင်တွေ့ပြီး တစ္ဆေမျက်နှာဘုရင်ကို သူတစ်ယောက်တည်း အပြင်းအထန်တိုက်ခိုက်ကာ သူဆယ်နှစ်ကျော်နေထိုင်ခဲ့သောအိမ်မှ ထွက်ခွာခဲ့ပြီး ထူးဆန်းပြီး အန္တရာယ်များသော ညကင်းစောင့်လူသားတွင် ပါဝင်ခဲ့သည်…
သူသည် အတော်လေး ရင့်ကျက်သော်လည်း သူသည် ဆယ်ကျော်သက်နှလုံးသားမျှသာ ရှိသေးသည်။
ဤမျှကြီးမားသောပြောင်းလဲမှုအောက်တွင် သူ့ကျောပေါ်ရှိဖိအားများက သူ့ကို အသက်ရှူကျပ်စေခဲ့သည်။
“အခုလေးတင် ငါအဲဒီမှာထိုင်နေတော့ မင်းရဲ့အခြေအနေက အရမ်းဆိုးနေတယ်ဆိုတာ ငါသိလိုက်ရတယ်။ တကယ်တော့ ငါတင်မကဘူး ဟုန်ယင်းလည်းမြင်ခဲ့တယ်။ မဟုတ်ရင် သူမရဲ့အိမ်မှာ ယာယီနေထိုင်ဖို့ မင်းကိုအစပြုပြီး ဖိတ်ခေါ်မှာမဟုတ်သလို သူမရင်ထဲကဝမ်းနည်းမှုကိုထိန်းချုပ်ပြီး ခေါင်းဆောင်နဲ့ လက်ထောက်ခေါင်းဆောင်တို့ကို ရယ်ရယ်မောမောနဲ့ ရန်ဖြစ်နေမှာမဟုတ်ဘူး။
မင်းအခုမှရောက်တာဆိုတော့ သူမနဲ့မရင်းနှီးသေးဘူး။ မင်းသူမနဲ့ရင်းနှီးလာတဲ့အခါ မင်းသိလာလိမ့်မယ်…
သူမကအရမ်းကြင်နာတတ်တယ်ဆိုတာ။”
လင်ချီးယဲ့က အံ့ဩသွားသည်။ မိုးရေထဲမှာ သူ့လက်မောင်းထဲက ကျောက်ခုန်းချိန်နှင့်အတူ လမ်းလျှောက်ထွက်လာသောအခါ ဟုန်ယင်းမျက်ရည်ကျနေသည့်မြင်ကွင်းကို သူမှတ်မိနေသေးသည်။ ဒီအခိုက်အတန့်တွင် အခုလေးတင် ဟုန်ယင်း၏တိမ်မြုပ်သောအပြုံးကို ပြန်သတိရကာ သူမလည်း ပြင်းထန်သောဝမ်းနည်းမှုကို ဖုံးကွယ်ထားပုံရသည်။
ဒါပေမယ့်… သူမက အရမ်းဝမ်းနည်းနေတာကို ဘာလို့ ငါ့ခံစားချက်ကို ဂရုစိုက်နေသေးတာလဲ။
“တကယ်တော့ ဟုန်ယင်းနဲ့ ငါသာမက ရှန်းနန်၊ ရေခဲတုံးလန်ရွှမ်း၊ ရှိနေတဲ့လူအားလုံး မြင်နိုင်ပေမယ့် ခေါင်းဆောင်က နည်းနည်းမာနကြီးတာကြောင့် လေထုကိုတက်ကြွအောင်လုပ်ဖို့ ဟုန်ယင်းရဲ့အကူအညီကိုပဲ တိတ်တဆိတ် အသုံးချနိုင်တယ်။ ရှောင်နန်က အရမ်းရှက်တတ်ပြီး စကားပြောဖို့ ရှက်ရွံ့နေတတ်တယ်။”
ဝမ်းချီမော့သည် လှည့်ပြီး လှေကားကို ဆက်တက်ကာ အေးအေးဆေးဆေး ပြောသည်။
“မင်းမလာခင် ညကင်းစောင့်လူသားတွေ စက်ရုပ်လိုသွေးအေးတဲ့ သတ်ဖြတ်ခြင်းစက်အုပ်စုလို့ မင်းထင်လောက်ပေမယ့် မင်းဒီမှာအချိန်အကြာကြီးနေပြီးရင် အဲဒီလိုမဟုတ်ဘူးဆိုတာ မင်းသိလာလိမ့်မယ်…”
လင်ချီးယဲ့သည် ပထမထပ်သို့ ဝမ်းချီမော့နောက်ကနေလိုက်သွားပြီး ဖုံးကွယ်ရန် အသုံးပြုသည့် ရုံးခန်းကို ဖြတ်သွားကာ တံခါးကို တွန်းထုတ်လိုက်သည်။
ဒီအချိန်မှာ ညနက်နေပြီဖြစ်သည်။
စည်းကားနေသာ ဟယ်ဖျင်တံတားသည် တိတ်ဆိတ်နေပြီး အခုလေးတင် မိုးရွာပြီးနောက် မြေပြင်ပေါ်တွင် မိုးရေများရှိနေသေးသည်။ ဟယ်ဖျင်တံတားလမ်းတစ်ခုလုံးတွင် ဟယ်ဖျင်ရုံးတစ်ခုတည်းသာ ဖွင့်နေဆဲဖြစ်သည်။
“ကျွန်တော်မလာခင် ညကင်းစောင့်လူသားဟာ အရမ်းကြီးမားတဲ့အဖွဲ့အစည်းတစ်ခုလို့ ထင်ခဲ့တယ်။ ဘယ်သူမှဂရုမစိုက်တဲ့ စစ်တပ်ရဲ့ကန့်သတ်နယ်မြေထဲမှာရှိပြီး အဲဒီထဲမှာ လေယာဉ်တွေနဲ့ တင့်ကားတွေ ရပ်ထားလိမ့်မယ်။ အမြဲတမ်းစစ်ရေးလေ့ကျင့်မှုတွေရှိလိမ့်မယ်။” လင်ချီးယဲ့သည် တိတ်ဆိတ်သော လမ်းမြင်ကွင်းကို ကြည့်ရင်း ဖြည်းညှင်းစွာ ပါးစပ်ဖွင့်လိုက်သည်။
ဝမ်းချီမော့သည် ခဏလောက် ထိတ်လန့်သွားပြီး လင်ချီးယဲ့ကို လှည့်ကြည့်ကာ မရယ်ဘဲမနေနိုင်ပေ။ “တိုက်ဆိုင်လိုက်တာ၊ ငါညကင်းစောင့်လူသားကို မဝင်ခင်တုန်းကလည်း အဲဒီစိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေလို ပြုလုပ်ထားတာလို့ မင်းလိုမျိုးငါတွေးဖူးတယ်။”
သူသည် ကောင်းကင်တွင် မှေးမှိန်နေသောလရောင်ကို မျှော်ကြည့်ကာ “ဒါပေမယ့် အဲဒီမှာ စစ်တပ်ကန့်သတ်နယ်မြေတွေ၊ လေယာဉ်တွေနဲ့ တင့်ကားတွေမရှိပေမယ့် ညကင်းစောင့်လူသားက အရမ်းကြီးမားတဲ့အဖွဲ့အစည်းတစ်ခုပါ။”
“ဘာလို့ ဒီမှာ လူခြောက်ယောက်ပဲ ရှိနေတာလဲ။”
“ညကင်းစောင့်လူသားက စစ်တပ်နဲ့မတူဘူး။” ဝမ်းချီမော့က ခေါင်းယမ်းလိုက်သည်။ “မင်းပြောခဲ့တဲ့ စစ်တပ်ကန့်သတ်နယ်မြေရဲ့ ဗဟိုချုပ်ကိုင်ရေးစီမံခန့်ခွဲမှုဟာ စီမံခန့်ခွဲရလွယ်ကူပြီး ထိရောက်မှုရှိပေမယ့် အကျိုးသက်ရောက်မှုမှာ ဆိုးဝါးတဲ့အားနည်းချက်တစ်ခုရှိတယ်… သွားရလာရအရမ်းနှေးတာပဲ။”
ဥပမာအားဖြင့် အခု ငါတို့ရဲ့ချန်းနန်မြို့မှာ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင် ပေါ်လာတယ်။ ဒေသခံရဲတပ်ဖွဲ့က အဲဒါကိုအတည်ပြုပြီးနောက် ရှန့်ကျင်းမြို့က အခြေစိုက်စခန်းကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး အခြေစိုက်စခန်းကနေ အဲဒါကိုပြန်လည်စစ်ဆေးပြီးတော့ စုံစမ်းစစ်ဆေးဖို့ ချန်းနန်မြို့ကို လူတွေစေလွှတ်တယ်။ အနည်းဆုံး စုံစမ်းစစ်ဆေးမှုစတင်ဖို့ နှစ်ရက်ကြာလိမ့်မယ်။
အဲဒီနှစ်ရက်အတွင်း လူများစွာသေနိုင်တယ်။
ဒါကြောင့် အကောင်းဆုံးဖြေရှင်းချက်က မြို့တိုင်းမှာ ညကင်းစောင့်လူသားအဖွဲ့တစ်ဖွဲ့ကို အစောင့်ချထားဖို့ပဲ။ မြို့ထဲမှာ သံသယရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကို တွေ့ရှိတဲ့အခါ မြို့စောင့်တပ်က တိုက်ရိုက်စုံစမ်းစစ်ဆေးပြီး ဖြေရှင်းလိမ့်မယ်။
ပြီးတော့ ငါတို့က ချန်းနန်မြို့မှာ တပ်စွဲထားတဲ့ ညကင်းစောင့်လူသားတွေပဲ။”
လင်ချီးယဲ့က တွေးဆလိုက်သည်။ “ဒါကြောင့် ခင်ဗျားတို့က ရှင်းလင်းတဲ့တာဝန်ခွဲဝေမှုရှိပြီး တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အားသာချက်တွေရှိတာ အံ့သြစရာ မဟုတ်ဘူးပဲ။”
“ဟုတ်တယ်၊ အဓိကတိုက်ခိုက်ရေးအင်အားကနေ၊ တိုက်ခိုက်ရေးပံ့ပိုးဖို့၊ အဝေးထိန်းပံ့ပိုးဖို့၊ အခြေအနေတစ်ခုလုံးကိုဦးဆောင်ဖို့… လူတိုင်းမှာ ကိုယ်ပိုင်အားသာချက်တွေရှိပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်တယ်။ အဲဒါက မြို့စောင့်တပ်တိုင်းရဲ့ စံပုံစံပဲ။”
“မြို့ထဲမှာ ဒေသခံညကင်းစောင်းအဖွဲ့ မဖြေရှင်းနိုင်တဲ့ ဒဏ္ဍာရီလာသတ္တဝါပေါ်လာရင်ရော။”
“အဲဒါဆိုရင် အထက်အရာရှိတွေကို အထူးတပ်ဖွဲ့ရဲ့ ပံ့ပိုးကူညီမှုပေးဖို့ လျှောက်ထားရတယ်။” ဝမ်းချီမော့က သူ့လက်လေးချောင်းကို ဆန့်လိုက်သည်။ “သာ့ရှမှာ မြို့တစ်မြို့စီမှာ ညကင်းစောင့်လူသားတွေ တပ်စွဲထားတာအပြင် အထူးတပ်ဖွဲ့လေးဖွဲ့လည်းရှိပြီး သူတို့က မြို့တိုင်းမှာမရှိပေမယ့် ဒေသခံညကင်းစောင့်လူသားတွေ ဖြေရှင်းလို့မရတဲ့အကျပ်အတည်းမျိုးရှိလာတဲ့အခါ သူတို့က အဲဒီကိုသွားလိမ့်မယ်။
သူတို့မှာ အထူးတပ်ဖွဲ့ရဲ့ ဂုဏ်ကျက်သရေဖြစ်တဲ့ သူတို့ရဲ့ကိုယ်ပိုင် ‘ကုဒ်အမည်’ တစ်ခုတည်းသာရှိပြီး အဖွဲ့နံပါတ်မရှိဘူး။”
“အထူးတပ်ဖွဲ့ကို…” လင်ချီးယဲ့က စိတ်ဝင်တစား မေးလိုက်သည်။ “တွေ့ဖူးလား။”
“ငါ့မျက်လုံးနဲ့ကိုယ်တိုင်မမြင်ဖူးပေမယ့် လွန်ခဲ့တဲ့နှစ်နှစ်က ဟွိုင်ဟိုင်မြို့ဘေးမှာ ‘ဟိုင်’ နယ်ပယ်ရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါသုံးကောင် တစ်ချိန်တည်းပေါ်လာခဲ့ပြီး ကပ်ဘေးဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။
နောက်တော့ ‘ကျာမြန့်'(မျက်နှာဖုံး)လို့ ကုဒ်နာမည်ပေးထားတဲ့ အထူးတပ်ဖွဲ့ အဖွဲ့ဝင်ခြောက်ယောက်က ရုတ်တရက်ပေါ်လာပြီး သူတို့ကို တစ်ညတည်း အပြတ်ရှင်းခဲ့တယ်။”
ဝမ်းချီမော့၏မျက်လုံးများတွင် တောင့်တသောအကြည့်မျိုး ရှိနေသည်။ “နောက်တစ်နေ့နေထွက်တော့ ဒဏ္ဍာရီလာသတ္တဝါတွေရဲ့ သွေးတွေဟာ ပင်လယ်အော်ကို အနီရောင်စွန်းထင်းသွားပြီး ‘ကျာမြန့်’အဖွဲ့က နောက်မြို့ကို တိတ်တဆိတ် ထွက်သွားတယ်လို့ပြောတယ်။”
“နည်းနည်းမိုက်မယ့်ပုံပဲ။”
“ဟုတ်တယ်မလား။”
“လူသစ်တွေခေါ်ယူဖို့ သူတို့မှာ လိုအပ်ချက်တွေရှိလား။”
“သေချာပေါက်ရှိတာပေါ့၊ ပြီးတော့ လိုအပ်ချက်က အရမ်းတင်းကျပ်တယ်။” ဝမ်းချီမော့က သက်ပြင်းချလိုက်သည်။ “ပထမဆုံးအနေနဲ့ အထူးတပ်ဖွဲ့ရဲ့အဖွဲ့ဝင်တွေမှာ အနည်းဆုံး ‘ချွမ်း’ နယ်ပယ် အထွတ်အထိပ်ရှိရမှာ။”
“‘ချွမ်း’နယ်ပယ် အထွတ်အထိပ်လား… ဒါဆို ခင်ဗျားတို့ခြောက်ယောက်ထဲမှာ အမြင့်ဆုံးနယ်ပယ်က ဘာလဲ။”
“အဲဒါကခေါင်းဆောင်ပဲ၊ ပြီးတော့ သူလည်း ‘ချွမ်း’ နယ်ပယ်ဖြစ်ပြီး ဒါပေမယ့် အထွတ်အထိပ်ရောက်ဖို့ မိုင် ၁၀၈,၀၀၀ အကွာလိုသေးတယ်။” ဝမ်းချီမော့က ဆက်ပြောသည်။ “ပြီးတော့ မင်းအနေနဲ့ အထူးတပ်ဖွဲ့မှာ ပါဝင်ချင်တယ်ဆိုရင် နယ်ပယ်တစ်ခုတည်းရှိရုံနဲ့ မလုံလောက်ဘူး၊ ထူးခြားဖို့လည်းလိုတယ်။”
“ဘာထူးခြားရမှာလဲ။”
“အဲဒါက တခြားညကင်းစောင့်လူသားတွေနဲ့မတူဘဲ အထူးအန္တရာယ်များတဲ့ တားမြစ်အပျက်အစီးနံပါတ်စဉ်ဖြစ်တဲ့ ထိပ်တန်း ၈၀ ထဲမှာပါဝင်တာ၊ ဒါမှမဟုတ် ဓားရေးကျွမ်းကျင်သူ၊ ဓားမြောင်ကျွမ်းကျင်သူလိုမျိုး နယ်ပယ်တစ်ခုခုမှာ အထွတ်အထိပ်ကိုရောက်နေတာ၊ ဒါမှမဟုတ်… သူက နတ်ဘုရားရဲ့ကိုယ်စားလှယ်နေတာပဲ။”
“နတ်ဘုရားရဲ့ကိုယ်စားလှယ်လား။ အဲဒါကလည်း ထူးခြားတာလား။”
“…မင်းဘာတွေပြောနေတာလဲ။” ဝမ်းချီမော့က လင်ချီးယဲ့ကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် မနာလိုမှုများပြည့်နေသည်။ “မင်းက ကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်ဖြစ်ပြီး နတ်ဘုရားရဲ့ကိုယ်စားလှယ်ဆိုတာ လမ်းတလျှောက်ရနိုင်တဲ့ ဂေါ်ဖီထုပ်လိုပဲလို့ မင်းထင်နေလား။”
“မဟုတ်ဘူးလား။” လင်ချီးယဲ့က ကြောင်တောင်တောင် မေးလိုက်သည်။
“ဘယ်ဟုတ်မလဲ။” ဝမ်းချီမော့သည် ဒီလိုအရှက်မဲ့သောလူကို တစ်ခါမှမမြင်ဖူးချေ။ “လူသားတွေဘက်မှာရပ်တည်နေတဲ့ နတ်ဘုရားကိုယ်စားလှယ်တွေက အရမ်းရှားပါးတဲ့မျိုးစိတ်တွေဖြစ်ပြီး ညကင်းစောင့်လူသားတစ်ခုလုံးမှာ ရှစ်ယောက် ကိုးယောက်ပဲရှိတယ်။ သူတို့ကို အခြေခံအားဖြင့် အမျိုးမျိုးသော အထူးတပ်ဖွဲ့တွေ ဒါမှမဟုတ် မြို့ကြီးက ညကင်းစောင့်လူသားခေါင်းဆောင်အဖြစ် ဖြန့်ထားကြတယ်။ သူတို့အရမ်းအရေးကြီးတဲ့ပုဂ္ဂိုလ်တွေပဲ။”
လခွမ်း၊ ငါမင်းကို တကယ်မနာလိုမိတယ်။”
ဝမ်းချီမော့သည် ရှားရှားပါးပါး ညစ်ညမ်းသောစကားကိုပြောပြီး ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ “မင်းမှာ အရမ်းမြင့်မားတဲ့အလားအလာရှိပြီး မင်းတိုးတက်လာတဲ့အခါ ချန်းနန်မြို့ငယ်လေးက မင်းကို နေရာပေးလို့မရတော့ဘူး…
အနာဂတ်မှာ မင်းက ရှန့်ကျင်းမြို့မှာ တပ်စွဲထားတဲ့ ညကင်းစောင့်လူသားခေါင်းဆောင် ဖြစ်လာနိုင်တယ်၊ ဒါမှမဟုတ် အထူးတပ်ဖွဲ့ကိုဝင်ပြီး ကမ္ဘာအနှံ့ပတ်နေနိုင်တယ်။ အထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ဘူး။
တိုတိုပြောရရင် မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး။”
TK Team (Chapter 32)
Volume 1 (သေမျိုးနယ်မြေ ၀၃၃)
Chapter 33 (ကျောက်စာ)
“အိုး။” လင်ချီးယဲ့၏အမူအရာမှာ တည်ငြိမ်သွားသည်။
ဝမ်းချီမော့သည် သူ့ကို အံ့အားသင့်စွာ ကြည့်ကာ “‘အိုး’ပဲလား။ မရှိတော့ဘူးလား။”
“ဘာရှိရဦးမှာလဲ။”
“စိတ်လှုပ်ရှားပြီး သွေးဆူနေတဲ့ခံစားချက်မျိုး လုံးဝမရှိဘူးလား။”
“နည်းနည်းပေါ့ ဒါပေမယ့် နည်းနည်းပဲ…” လင်ချီးယဲ့က ပေါ့ပါးစွာ ပြန်ဖြေသည်။ “ကျွန်တော်က ရာထူးတိုးတာတွေ ဘာတွေ စိတ်မဝင်စားဘူး။”
ဝမ်းချီမော့က သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ‘မင်းက ဆယ်နှစ်ကြာရင် ညကင်းစောင့်လူသားကို သစ္စာဖောက်မယ့် ‘မိစ္ဆာဒိဋ္ဌိ’ ဆိုတာ ငါမေ့သွားတယ်။”
လင်ချီးယဲ့သည် မှတ်ချက်မပေးဘဲ ဆက်မေးခဲ့သည်။ “ခင်ဗျားရဲ့စကားအရ အဲဒီအထူးတပ်ဖွဲ့လေးဖွဲ့က သာ့ရှရဲ့တိုက်ခိုက်ရေးစွမ်းအား ထောက်တိုင်ပေါ့။”
“ဘယ်ဟုတ်မလဲ သူတို့က ညကင်းစောင့်လူသားထဲမှာ အဖွဲ့ရဲ့တိုက်ခိုက်ရေးစွမ်းအား ထောက်တိုင်ဖြစ်နိုင်ပေမယ့် သူတို့က သာ့ရှရဲ့တိုက်ခိုက်ရေးစွမ်းအား ထောက်တိုင်မဟုတ်ဘူး။”
“ခင်ဗျားဆိုလိုတာက သာ့ရှမှာ ညကင်းစောင့်လူသားလို အဖွဲ့အစည်းတွေရှိတာလား။”
“မဟုတ်ဘူး၊ သာ့ရှမှာ ညကင်းစောင့်လူသားတစ်ဖွဲ့တည်းရှိတာ ဒါပေမယ့် ညကင်းစောင့်လူသားအထက်မှာ လူသားထျန်းဟွားပန်ငါးယောက်ရှိတယ်။”
“လူသားထျန်းဟွားပန်လား။”
“နာမည်အရတော့ အဲဒါက လူသားတွေအောင်မြင်နိုင်တဲ့ အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားပဲ။ အင်အားက ဒဏ္ဍာရီထဲက ရှေးနတ်ဘုရားတွေနဲ့ နီးကပ်တာကြောင့် သူတို့ကို ‘နတ်ဘုရားတစ်ပိုင်း’ လို့လည်း ခေါ်ကြတယ်။”
“သေမျိုးခန္ဓာကိုယ်နဲ့ နတ်ဘုရားကိုယှဉ်နိုင်တာလား။”
“မင်းက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဆီက စာသားတွေကိုသုံးနေမှန်း ငါသိပေမယ့် အဲဒါကအမှန်ပဲ။” ဝမ်းချီမော့သည် ညကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများက လေးစားမှုအပြည့်ရှိနေသည်။
“အဲဒီလူငါးယောက်က လူသားတွေရဲ့ထောက်တိုင်တွေဖြစ်ပြီး ဒီမြူခိုးထဲမှာ လူသားတွေမြင်နိုင်တဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ပဲ။”
“သူတို့ကဘယ်သူတွေလဲ။”
“ငါမသိဘူး၊ သူတို့က ငါတို့နဲ့အရမ်းအလှမ်းဝေးပြီး သူတို့ရဲ့အသွင်အပြင်နဲ့နာမည်ကို လူအနည်းငယ်သာမြင်ဖူးတယ်၊ ဒါပေမယ့်… စိတ်ဝင်စားစရာကောင်းတဲ့ ကောလဟာလတွေတော့ ရှိတယ်။”
“ဘာကောလဟာလလဲ။”
“အဲဒီလူသားထျန်းဟွားပန်ငါးယောက်ကို ယိကျန့်၊ ယိချီ၊ ယိစွမ်း၊ ယိရွှီးဝူ၊ ယိဖူးကျီ လို့ခေါ်ကြတယ်။”
“ယိကျန့်၊ ယိချီ၊ ယိစွမ်း၊ ယိရွှီးဝူ၊ ယိဖူးကျီ… ဒါကဘယ်လိုကောလဟာလလဲ။ အသုံးဝင်တဲ့အချက်အလက် လုံးဝမရှိဘူးမဟုတ်လား။”
“ငါတို့ညကင်းစောင့်လူသားရဲ့ အမြင့်ဆုံးတပ်မှူးက လူသားထျန်းဟွားပန်ငါးယောက်ထဲက ‘တစ်ယောက်’ လို့ ပြောကြတယ်၊ ဒါပေမယ့်… ဘယ်သူမှ သူ့လှုပ်ရှားတာကို မတွေ့တာ အချိန်အတော်ကြာပြီ။”
“ကျွန်တော်မေးစရာရှိတယ်။”
“မေးလေ။”
“လူသားတွေက… အခုအချိန်မှာ နတ်ဘုရားတွေကို သတ်နိုင်ပြီလား။” လင်ချီးယဲ့သည် ကောင်းကင်ကို လက်ညှိုးထိုးပြပြီး “အဲဒါက ဒဏ္ဍာရီလာ ထူးဆန်းတဲ့သတ္တဝါမျိုးမဟုတ်ဘဲ ဒဏ္ဍာရီထဲမှာတည်ရှိနေတဲ့ တကယ့်ရှေးနတ်ဘုရားလေ။”
ဝမ်းချီမော့သည် တခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။ “ငါမသိဘူး၊ ဒါပေမယ့် မရှိလောက်ဘူးလို့ ငါထင်တယ်…
မြူခိုးတွေကြားထဲမှာ လူသားတွေက မျက်စိကန်းထားတဲ့ သိုးငယ်လိုပဲ။ ဒီကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ ငါတို့မသိသလို အဆုံးသတ်က ဘယ်တော့ရောက်လာမလဲ ငါမသိဘူး။
နတ်ဘုရားတွေ တည်ရှိမှုကို အတည်ပြုပြီးတဲ့ ဒီခေတ်မှာ လူသားတွေက နတ်ဘုရားတစ်ပါးကို အမှန်တကယ်သတ်နိုင်ရင် တခြားနတ်ဘုရားတွေအားလုံးကို မလွဲမသွေ ထိတ်လန့်စေမှာ။ ဒီနည်းနဲ့ သူတို့က လူသားတွေကို အရင်ဆုံးဖျက်ဆီးဖို့ လက်တွဲသွားရင် အခြေအနေက ပိုပြီးပြင်းထန်လာလိမ့်မယ်။”
လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်နားလည်ပြီ။”
“မေးစရာရှိသေးလား။”
လင်ချီးယဲ့သည် ခဏလောက် စဉ်းစားပြီး “ယာယီအဖွဲ့ဝင်တွေအတွက် ထောက်ပံ့ကြေးတွေ ရှိလား။”
“…ရှိတယ်။”
“ဒါဆို မေးစရာမရှိတော့ဘူး။”
“ဒါဆို မင်းမေးခွန်းတွေ အများကြီးမေးပြီး နောက်ဆုံးတစ်ခုကို အစိုးရိမ်ဆုံးလား။”
“ဟုတ်တယ်။” လင်ချီးယဲ့က သဘာဝကျကျ ခေါင်းညိတ်လိုက်သည်။ “အထူးတပ်ဖွဲ့တွေ၊ လူသားထျန်းဟွားပန်တွေ… အဲဒီအရာတွေက ကျွန်တော်နဲ့ အရမ်းအလှမ်းဝေးပြီး ကျွန်တော်က လက်တွေ့ကျတဲ့လူပဲဖြစ်ချင်တယ်။”
“ကောင်းပြီ…” ဝမ်းချီမော့က ခေါင်းလှည့်ပြီး မေးလိုက်သည်။ “မင်းအိပ်ချင်နေပြီလား။”
“မအိပ်ချင်ဘူး။”
“ဒါဆို ငါ မင်းကို တစ်နေရာ ခေါ်သွားမယ်။”
“ညဉ့်နက်သန်းခေါင်မှာ… အလေးအနက်ပြောနေတာလား။”
“…အလေးအနက်ပါ။” ဝမ်းချီမော့နှုတ်ခမ်းက လှုပ်ယမ်းသွားသည်။
“ကောင်းပြီ။” လင်ချီးယဲ့က သတိပေးလိုက်သည်။ “မမေ့နဲ့ဦး၊ ကျွန်တော်က အသက်မပြည့်သေးဘူး။”
ဝမ်းချီမော့: “…”
…
မိနစ်အနည်းငယ်ကြာတော့ ကားသည် တိတ်ဆိတ်ပြီး လူသူမရှိသော တောထဲမှာ တဖြည်းဖြည်း ရပ်သွားသည်။
လင်ချီးယဲ့သည် တံခါးဖွင့်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ သူသည် ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ဝမ်းချီမော့ကို သတိနှင့် ကြည့်နေသည်။
“ခင်ဗျား ကျွန်တော့်ကို ဘာလို့ဒီကိုခေါ်လာတာလဲ။”
ဝမ်းချီးမော့သည် သူ့မျက်ဆန်ကိုလှန်ပြပြီး မဝေးလှသော သင်္ချိုင်းကုန်းကို လက်ညှိုးထိုးပြလိုက်သည်။ “ဟိုမှာ”
လင်ချီးယဲ့သည် သူ့လက်ချောင်းများ၏ ဦးတည်ရာကို လိုက်ကာ တိတ်ဆိတ်သွားခဲ့သည်။
ဝမ်းချီမော့သည် သူ့ကို ဘာလို့ ဒီကိုခေါ်လာတာလဲ ဆိုတာကို သူ ခပ်ရေးရေး နားလည်နိုင်သည်။
သူတို့နှစ်ယောက်သည် ရှည်လျားကျဉ်းမြောင်းသော လမ်းတလျှောက် လျှောက်လာခဲ့ကြပြီး မကြာမီ သင်္ချိုင်းကုန်း၏ ပတ်ဝန်းကျင်သို့ ရောက်လာကြသည်။
ဒီသင်္ချိုင်းကုန်းက သိပ်မကြီးပေ။ မြို့အစွန်ရှိ သင်္ချိုင်းနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်သော်လည်း အုတ်ဂူများ၏လက်ရာ သို့မဟုတ် သင်္ချိုင်းဂူများကြား အကွာအဝေးသည် သာမန်သင်္ချိုင်းကုန်းများနှင့် ဝေးကွာသည်။
ဤနေရာရှိ သင်္ချိုင်းဂူများသည် ပို၍မွမ်းမံထားပြီး ပို၍စနစ်ကျပုံရသည်။
“ဒါက…”
“ချန်းနန်မြို့မှာ တပ်စွဲထားတဲ့ ညကင်းစောင့်လူသားရဲ့သင်္ချိုင်းကုန်းပဲ။” ဝမ်းချီမော့က တည်ငြိမ်စွာပြောသည်။ “၁၉၃၆ ခုနစ် သာ့ရှအထူးဇီဝတုံ့ပြန်မှုအဖွဲ့ဆီကနေ မြို့တစ်မြို့နဲ့အဖွဲ့တစ်ဖွဲ့ရဲ့ စီမံခန့်ခွဲမှုပုံစံကိုယူပြီးနောက် ‘ညကင်းစောင့်လူသား’ အဖြစ်ကို တရားဝင်ပြောင်းလဲသွားတယ်။ ဒီနေရာက တိုက်ပွဲမှာ ကျဆုံးပြီးနောက် ချန်းနန်မြို့ ညကင်းစောင့်လူသားတွေရဲ့ နောက်ဆုံးနေရာပဲ။
သေချာပေါက် ဒါက မူရင်းနောက်ဆုံးနေရာသာဖြစ်တယ်။ လူတိုင်းက ညကင်းစောင့်လူသားတပ်ဖွဲ့ကို တရားဝင်ဝင်ရောက်တဲ့အခါ သေဆုံးပြီးနောက် သူတို့က ညကင်းစောင့်လူသားရဲ့သင်္ချိုင်းမှာမြုပ်မယ်၊ မီးသင်္ဂြိုဟ်မယ်၊ ဒါမှမဟုတ် သူတို့မွေးရပ်မြေမှာ သင်္ဂြိုဟ်မယ် စသဖြင့် အဆိုပြလို့ရတယ်…
အဲဒီအချိန်က ကျောက်ခုန်းချိန်က ညကင်းစောင့်သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ခန္ဓာကိုယ်မှာ သွေးတွေအရမ်းများနေပြီး ဘိုးဘေးသင်္ချိုင်းကို ပြန်သွားရင် ဘိုးဘေးတွေကို ထိတ်လန့်စေလိမ့်မယ်လို့ ပြောခဲ့တယ်။”
သူစကားပြောနေစဉ်တွင် ကျောက်ခုန်းချိန်သည် ဒီနှလုံးသားမရှိသောစကားကို ပြောသောအခါ မြင်ကွင်းကို သူမြင်လိုက်ရသကဲ့သို့ ဝမ်းချီမော့၏နှုတ်ခမ်းထောင့်က မြင့်တက်သွားသည်။
လင်ချီးယဲ့သည် ပတ်ဝန်းကျင်ရှိ သင်္ချိုင်းဂူများကို တိတ်တဆိတ်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “အများကြီးပဲ…”
ဤသင်္ချိုင်းတွင် အနည်းဆုံး အုတ်ဂူခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်ရှိပြီး အများစုမှာ အသစ်ဖြစ်သည်။
“၁၉၃၆ ခုနစ်ကနေ ဒီနေ့အထိ ၈၅ နှစ်ရှိပြီ။” ဝမ်းချီမော့က ခံစားချက်ဖြင့် ပြောသည်။ “အစတုန်းကတော့ ငါတို့ရဲ့စတေးမှုက သိပ်မများဘူး။ ဒါ့အပြင် မြို့တိုင်းမှာ နှစ်တိုင်း ဒဏ္ဍာရီလာသတ္တဝါအနည်းငယ်တောင် မရှိဘူး။ ရှိနေရင်တောင် အဆင့်သိပ်မမြင့်ဘူး။
ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ဒဏ္ဍာရီလာသတ္တဝါတွေဟာ ပိုမြန်လာပြီး သူတို့ရဲ့အင်အားက ပိုပိုပြီး ကြောက်စရာကောင်းလာပြီးတော့ ငါတို့ရဲ့ အသေအပျောက်တွေလည်း တိုးများလာတယ်။
မင်းမြင်ရသော သင်္ချိုင်းဂူတွေရဲ့ ထက်ဝက်နီးပါးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း စတေးခဲ့တာတွေပဲ။
ခေါင်းဆောင်ချန်မုရယ်က ချန်းနန်မြို့ကို စောင့်ကြပ်ဖို့မရောက်လာခင် နှစ်တိုင်း အဖွဲ့ဝင်နှစ်ယောက်သေလေ့ရှိတယ်လို့ ပြောကြတယ်။ ခေါင်းဆောင်ရောက်လာတော့ သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းသွားတယ်။”
အနက်ရောင်ဝတ်ထားသော နှုတ်ဆိတ်သည့်ရုပ်သွင်သည် လင်ချီးယဲ့၏စိတ်ထဲတွင် ပေါ်လာပြီး သူ့ကိုမချီးကျူးဘဲမနေနိုင်ပေ။
“ဒါပေမယ့် ကျောက်ခုန်းချိန်က ဒီညမှ သေသွားတာ သူ့အုတ်ဂူက အဆင်သင့်ဖြစ်နေပြီလား။” လင်ချီးယဲ့သည် ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“မဖြစ်သေးဘူး။
“ဒါဆို သွားရအောင်။”
ဝမ်းချီမော့သည် သူ့လက်ကို မြှောက်လိုက်ပြီး အဝေးကို ညွှန်ပြလိုက်သည်။ “ကြည့်လိုက်။”
လင်ချီးယဲ့သည် သူ့လက်ညွှန်ပြရာကိုကြည့်ပြီး သင်္ချိုင်းကုန်း၏ အမှောင်ထဲတွင် အလင်းရောင် အနည်းငယ် တောက်ပနေတာကို တွေ့လိုက်ရသည်။
မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် ဟုန်ယင်းသည် မျက်လုံးနီများဖြင့် ဟင်းလင်းပြင်မှာထိုင်နေကာ သူမလက်ထဲတွင် စကားလုံးမပါသော ကျောက်တိုင်ကို ကိုင်ထားပြီး ညာလက်ထဲတွင် ထွင်းထုခြင်းဘောပင်ဖြင့် ဖြည်းဖြည်းချင်း ထွင်းထုနေသည်။
အထိမ်းအမှတ်ကျောက်တိုင်ပေါ်သို့ သူမပါးပြင်ပေါ်မှ မျက်ရည်များစီးကျလာပြီး သူမက အလျင်အမြန် သုတ်ပစ်လိုက်သည်။
ယခုအခိုက်အတန့်တွင် သူမသည် ယခင်ကလောက် တက်ကြွမှုတစ်ဝက် ဘယ်လိုလုပ်ရှိမည်နည်း။
“သူမ… သူမက သေနတ်ပစ်လေ့ကျင့်မယ်လို့ ပြောသွားတာမဟုတ်ဘူးလား။” လင်ချီးယဲ့သည် ဤမြင်ကွင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။
“သူမလိမ်ခဲ့တာ။” ဝမ်းချီမော့က ခေါင်းယမ်းလိုက်သည်။ “ညကင်းစောင့်လူသားရဲ့ အုတ်ဂူကို သေဆုံးသူရဲ့ အဖွဲ့ဝင်တွေက ထွင်းထုရတယ်။ ဒါက မရေးထားတဲ့ စည်းကမ်းပဲ။ မူလက ဒီအထိမ်းအမှတ်ကျောက်တိုင်ကို ငါထွင်းထုရမှာ။
သူမ မပြောခဲ့ပေမယ့် သူမက ကျောက်ခုန်းချိန်ရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို ထွင်းထုဖို့ ကူညီချင်ဆုံးဆိုတာ ငါ့ရင်ထဲကနေ ကောင်းကောင်းသိနေတယ်။
သူတို့မှာ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးပဲ။
ဒါကြောင့် သူမ လိမ်ညာပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေရင်တောင် ငါမျက်ကွယ်ပြုထားပြီး သူမကို အထိမ်းအမှတ်ကျောက်တိုင်ကို တိတ်တဆိတ် ထွင်းထုခိုင်းလိုက်တယ်။”
လင်ချီးယဲ့နှင့် ဝမ်းချီမော့တို့သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး စကားတစ်လုံးမှ မပြောဘဲ အကြာကြီး ထွင်းထုနေသည့် ဟုန်ယင်းကို စိုက်ကြည့်နေသည်။
မှိန်ပျပျ လရောင်အောက်တွင်
တိတ်ဆိတ်သောသင်္ချိုင်းမှာ
ဟုန်ယင်း၏လက်ထဲက ထွင်းထုခြင်းဘောပင်သာ အသံအနည်းငယ်ထွက်နေသည်။
“ခင်ဗျားသွားပြီး မနှုတ်ဆက်ဘူးလား။” အချိန်အတော်ကြာပြီးနောက် လင်ချီးယဲ့က ဝမ်းချီမော့ကို မေးလိုက်သည်။
“အခု သွားနှုတ်ဆက်လိုက်ရင် သူမကိုအရှက်ရစေလိမ့်မယ်။ သူမက အရေမထူဘူး။”
“ဒါပေမယ့် ကျွန်တော်တို့ ဒီလိုမျိုး… တခြားသူရဲ့လျှို့ဝှက်ချက်တွေကို ချောင်းကြည့်နေတာက မကောင်းတဲ့လူတွေလို ခံစားရတယ်။” လင်ချီးယဲ့က အနည်းငယ်ကိုးရိုးကားရားဖြစ်သလို ခံစားလိုက်ရသည်။
ဝမ်းချီမော့သည် သူ့ကို လှည့်ကြည့်လာပြီး သူ့မျက်လုံးတွင် အပြုံးဖြင့်
“ဘေးကနေ ချောင်းကြည့်နေတဲ့ ‘မကောင်းတဲ့လူတွေ’ က ငါတို့နှစ်ယောက်ပဲလို့… မင်းထင်လား။”
TK Team (Chapter 33)
Volume 1 (သေမျိုးနယ်မြေ ၀၃၄)
Chapter 34 (နင် ဘာလုပ်ချင်လို့လဲ။)
သင်္ချိုင်းကုန်း တောအုပ်တခြားဖက်တွင်
“ရှန်းနန်”
“…”
မြေပြင်ပေါ်တွင် တွားသွားနေသော ဝူရှန်းနန်သည် ထိတ်လန့်သွားကာ သူ့ခေါင်းကိုလှည့်လိုက်ပြီး လူတစ်ယောက်လာတာကိုမြင်သောအခါ သူသက်ပြင်းတစ်ချက်ချလိုက်သည်။
“ခေါင်းဆောင် ညဉ့်နက်သန်းခေါင် သင်္ချိုင်းကုန်းမှာ တိတ်တိတ်လေး လမ်းမလျှောက်ပါနဲ့၊ ကျွန်တော်လန့်သေတော့မယ်။” ဝူရှန်းနန်သည် သူ၏လှုပ်ခတ်နေသောနှလုံးကိုထိပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ချန်မုရယ်သည် ဝူရှန်းနန် နံဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး မဝေးလှသောနေရာတွင် တစ်ယောက်တည်း အထိမ်းအမှတ်ကျောက်တိုင် ထုလုပ်နေသော ဟုန်ယင်းကိုကြည့်ပြီး တိုးတိုးလေး ပြောသည်။
“မင်းရဲ့ငတုံးခေါင်းမှာ နည်းဗျူဟာတွေပဲရှိမယ်လို့ထင်ခဲ့တာ၊ ဒါပေမယ့် မင်းလည်းလာမယ်လို့ ငါမထင်ထားဘူး။”
ဝူရှန်းနန်သည် သူ့ကို ကြောင်တောင်တောက်ကြည့်ကာ “ညဉ့်နက်သန်းခေါင်မှာ သူမသေနတ်ပစ်လေ့ကျင့်မယ်လို့ ဘယ်သူယုံမှာလဲ။ ကျွန်တော်က အဲဒီလောက်တုံးလို့လား။”
“တုံးတယ်။”
ဝူရှန်းနန်: “…”
“ချီမော့ဘယ်မှာလဲ။ သူဒီမှာရှိသင့်တယ်မလား။”
“သူက လင်ချီးယဲ့နဲ့ တစ်ဖက်ကလျှိုမြောင်ထဲမှာ လဲလျောင်းနေတယ်။”
“လန်ရွှမ်းနဲ့ ရှောင်နန်ရော ဘယ်မှာလဲ။”
“လန်ရွှမ်းကတော့ ဘယ်သွားသလဲမသိတာကြာပြီ၊ ရှောင်နန်က အမှောင်ကြောက်လို့ မလာရဲဘူး။”
“အိုး”
လူနှစ်ယောက် တိတ်သွားသည်။
အချိန်အတော်ကြာပြီးနောက် ချန်မုရယ်က ထပ်ပြောပြန်သည်။
“မင်းလာလို့ ငါဝမ်းသာပါတယ်။”
“…ဘာအတွက်လဲ။”
“ဘာအတွက်လဲဆိုတော့…” ချန်မုရယ်သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး “မင်းက သေခြင်းကနေ လွတ်မြောက်လာတဲ့ ဝူရှန်းနန်မဟုတ်တော့ဘူးဆိုတာ ပြသနေပြီး မင်းဘယ်လောက်ပဲငြင်းနေပါစေ မင်းက… ပြောင်းလဲသွားပြီ။”
“ကျွန်တော်က ဘာလို့ငြင်းရမှာလဲ။” ဝူရှန်းနန်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။ “‘အပြာရောင်မိုး’တပ်ဖွဲ့ ပျက်စီးသွားတာ ခြောက်နှစ်နီးပါးရှိပြီ။ ကျွန်တော့်လို အသုံးမဝင်တဲ့လူက အဲဒီကနေထွက်ရမှာပေါ့။ ကျွန်တော် ဝူရှန်းနန်က ခင်ဗျားနဲ့တွေ့တာ ကံကောင်းတယ်။”
ချန်မုရယ်က သက်ပြင်းချရင်း “သူတို့မျက်လုံးထဲမှာတော့ မင်းက မင်းမျက်လုံးထဲမှာ စည်းမျဉ်းစည်းကမ်းတွေပဲ ဂရုစိုက်တဲ့လူပဲ။ နောက်ဆုံးအကြိမ် ဟုန်ယင်းနဲ့ ရှောင်နန်တို့စကားပြောတာကို ငါခိုးနားထောင်တော့ မင်းက တစ်သက်လုံး မိန်းမရမှာမဟုတ်ဘူးလို့ သူတို့ပြောကြတယ်။”
“…”
“မင်းက နာမည်ကြီး ‘အပြာရောင်မိုး’ အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်မှန်း သူတို့သိရင် လန့်သွားလောက်တယ်။”
“ကျွန်တော်က အသက်ရှင်လွတ်မြောက်လာတဲ့ အသုံးမဝင်တဲ့လူပါ၊ အဲဒီနာမည်ကို ထပ်ပြီးခံယူဖို့ မထိုက်တန်ပါဘူး။” ဝူရှန်းနန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “အခု ကျွန်တော်က ၁၃၆ တပ်ဖွဲ့ရဲ့ သာမန်အဖွဲ့ဝင်ပဲဖြစ်ချင်တယ်။”
ချန်မုရယ်သည် ဝူရှန်းနန်၏ပခုံးကို ပုတ်လိုက်သော်လည်း ဘာမှမပြောပေ။
“ခင်ဗျားဘယ်လိုထင်လဲ။” ဝူရှန်းနန်က ရုတ်တရက် ပြောလိုက်သည်။
“ဘာလဲ။”
“အဲဒီလူသစ် လင်ချီးယဲ့လေ။”
“လူကောင်းလေးပဲ။”
“သူ့ရဲ့အရည်အချင်းကို ပြောနေတာမဟုတ်ဘူး၊ သူ့ရဲ့ပင်ကိုယ်စရိုက်ကို ပြောနေတာ။”
“ငါလည်း ပင်ကိုယ်စရိုက်ကို ပြောနေတာပါ။”
ဝူရှန်းနန်သည် ခေတ္တရပ်ပြီး ဆက်ပြောလိုက်သည်။ “တစ္ဆေမျက်နှာဘုရင်ကို သူသတ်ပစ်လိုက်တာ။ ကျွန်တော်ခန့်မှန်းတာမှန်ရင် ကျောက်ခုန်းချိန်က သူ့ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပေမယ့် မသတ်နိုင်ခဲ့ဘူး။”
“အဲဒါကအရေးကြီးလို့လား။”
“အဲဒါကအရေးမကြီးဘူးလား။”
ချန်မုရယ်သည် ဝူရှန်းနန်၏မျက်လုံးများကို ကြည့်ပြီး ဖြည်းညှင်းစွာပြောသည်။ “အဲဒီကလေးက ကျောက်ခုန်းချိန်ကို ဂုဏ်ပြုဖို့ ဆန္ဒရှိခဲ့တာကြောင့် ဒါက သူ့ရွေးချယ်မှုပဲ။ မင်းက ဘာလို့အလျှော့မပေးနေရတာလဲ။
မင်း လောင်ကျောက်နဲ့နေလာတာကြာပြီ၊ သူ့အိမ်မက်က ဘာလဲဆိုတာ မင်းမသိဘူးလား။”
“‘ချွမ်း’ နယ်ပယ်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို သတ်ပစ်တာက ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲ။ အဲဒါက ဒီကလေးရဲ့အနာဂတ်အတွက် အရမ်းအသုံးဝင်တယ်။”
“အဲဒါကို သူဂရုစိုက်တယ်လို့ မင်းထင်လား။”
ဝူရှန်းနန်က မှင်တက်သွားသည်။
ချန်မုရယ်သည် ဟုန်ယင်းဆီမှ သူ့အကြည့်ကိုရွှေ့လိုက်ကာ အဝေးကလမ်းဆီသို့ ဆင်းသက်ပြီး တည်ငြိမ်စွာ ပြောခဲ့သည်။
“ငါပြောသလို အဲဒီကလေးက ကောင်းတယ်။”
…
အခုအချိန်တွင်
သင်္ချိုင်းနှင့် မိုင်ဒါဇင်များစွာအဝေး၌
တောင်ထိပ်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသော လန်ရွှမ်းသည် သူ့လက်ထဲက မှန်ပြောင်းကိုချလိုက်ပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်လာသည်။
“တစ်ယောက်ပြီးတစ်ယောက် ဖုံးကွယ်ထားတဲ့ နည်းပညာအကြောင်းအရာ လုံးဝမရှိဘူး။ ဒီတစ်ခါတော့ ငါဓာတ်ပုံတွေထပ်ရိုက်လို့ရပြီ…”
ချက်… ချက်… ချက်…
လန်ရွှမ်း၏လက်ထဲက မှန်ပြောင်းသည် ဆူညံသံအနည်းငယ်ထွက်ပြီး အရည်အသွေးမြင့်သော ဓာတ်ပုံအများအပြား အောက်ကိုပြုတ်ကျသွားသည်။ ဟုန်ယင်းတစ်ယောက်တည်း အထိမ်းအမှတ်ကျောက်တိုင်အား ထွင်းထုနေခြင်း၊ ဝမ်းချီမော့နှင့် လင်ချီးယဲ့တို့ စကားစမြည်ပြောနေခြင်းနှင့် တောအုပ်ထဲတွင် လူကြီးနှစ်ယောက် စကားပြောနေတာတို့ပါဝင်ခဲ့သည်။
သူသည် ဓာတ်ပုံများကို ရတနာများကဲ့သို့ ကောက်ယူပြီး သော့ခတ်ထားသော သေတ္တာထဲမှာ သေသေချာချာ ထည့်ထားလိုက်သည်။
သေတ္တာထဲတွင် ဓာတ်ပုံများ ပြည့်နေသည်။
ဤသည်မှာ တပ်ဖွဲ့ ၁၃၆ နဲ့ သက်ဆိုင်သည့် ရယ်စရာ၊ ရှက်စရာ၊ နွေးထွေးသောဓာတ်ပုံများဖြစ်သည်။
…
နှစ်နာရီကြာပြီးနောက်
လင်ချီးယဲ့သည် ဇိမ်ခံအိမ်ကြီးရှေ့တွင်ရပ်ကာ အံ့အားသင့်သွားသည်။
သူသည် ခေါင်းငုံ့ကာ မှတ်စုပေါ်ရှိ လိပ်စာကို ထပ်မံအတည်ပြုပြီး ဗီလာကို တစ်ချက်ပြန်ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
“ဒါဆို သူမက ချမ်းသာတဲ့မိန်းမလား။”
လင်ချီးယဲ့သွားတာမှန်ကန်လျှင် သူ့ရှေ့ကအိမ်သည် သေချာပေါက် ဟုန်ယင်း၏အိမ်ဖြစ်သည်။
လင်ချီးယဲ့၏စိတ်ထဲတွင် ယောင်ဝါးဝါးဖြင့် သူမစကားများကို ထပ်ကာထပ်ကာ ကြားနေသည်။ “ငါ့အိမ်က အတော်လေးကြီးတယ်…”
ဒါကကြီးရုံတင်မကဘူး။
လင်ချီးယဲ့သည် ဗီလာတံခါးတွင် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် သူ့စိတ်ဆုံးဖြတ်ကာ အရှေ့တိုးပြီး တံခါးကိုခေါက်လိုက်သည်။
ယခင်က သူနှင့် ဝမ်းချီမော့တို့သည် သင်္ချိုင်းတွင်းရှိ ဟုန်ယင်း အထိမ်းအမှတ်ကျောက်တိုင် ထွင်းထုနေတာကို တိတ်တဆိတ်ကြည့်ရှုခဲ့ကြပြီး အထိမ်းအမှတ်ကျောက်တိုင်မပြီးမချင်း မထွက်သွားခဲ့ကြပေ။ ဟုန်ယင်းသံသယမဖြစ်အောင် သူ ဒီကို နာရီဝက် နောက်ကျပြီးမှ ရောက်လာပြီး အချိန်ကွာခြားချက် ပေးလိုက်သည်။
တံခါးကို နှစ်ချက်ခေါက်လိုက်ပြီးနောက် လင်ချီးယဲ့က သူ့လက်ကို ရုတ်သိမ်းလိုက်သည်။
ဖိနပ်တစ်ရံ၏အသံသည် တံခါးနောက်မှ ထွက်ပေါ်လာပြီးနောက် ဗီလာတံခါးပွင့်သွားခဲ့သည်။
တံခါးနောက်တွင် ညအိပ်ဝတ်စုံဝတ်ထားသော ဟုန်ယင်းသည် ထိုနေရာတွင်ရပ်နေကာ သူမ၏မျက်လုံးများသည် အနည်းငယ်နီနေပြီး လင်ချီးယဲ့ကိုမြင်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
“မောင်လေးချီယဲ့ အမြန်ဝင်လာလေ၊ နင်ဘာလို့နောက်ကျနေတာလဲ။”
“ချီမော့က ကျွန်တော့်ကို အခုအချိန်အထိ စကားပြောဖို့ ဆွဲထားလို့။” လင်ချီးယဲ့က လိပ်ပြာမလုံစွာ ပြောလိုက်သည်။
အခန်းထဲကို လျှောက်လာရင်း လင်ချီးယဲ့ခေါင်းငုံ့လိုက်တော့ ဟုန်ယင်းက သူ့အတွက် ဖိနပ်တစ်ရံကို ပြင်ဆင်ထားမှန်း သိလိုက်ရသည်။
“ဒီ… ဒီအိမ်က ဒီနေ့ မသန့်ရှင်းရသေးတော့ နည်းနည်းရှုပ်ပွနေတာ စိတ်ထဲမထားနဲ့။” ဟုန်ယင်းသည် သူမ၏ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဆံချည်မျှင်များကို သူမလက်ချောင်းထိပ်များတွင် အကြိမ်အနည်းငယ် ရစ်ပတ်ကာ အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
“ဒါက အရမ်းသန့်နေပါပြီ။” လင်ချီးယဲ့သည် လှည့်ပတ်ကြည့်ရင်း ကူကယ်ရာမဲ့ ပြောလိုက်သည်။ “ကျွန်တော် နေစရာရှိသရွေ့ အရမ်းပျော်နေပါပြီ။”
ဟုန်ယင်း၏အိမ်သည် အလှဆင်သည်ဖြစ်စေ ပရိဘောဂဖြစ်စေ သပ်ရပ်သောလေထုနှင့် ကျက်သရေရှိမှုကို ထင်ရှားစေပြီး ဗီလာတွင်မနေထိုင်ဖူးသော လင်ချီးယဲ့ကို အနည်းငယ် တောင့်တင်းသွားစေသည်။
ပြီးတော့… သူက မိန်းကလေးအိမ်မှာ တစ်ခါမှ မနေဖူးဘူး။
“အစ်မဟုန်ယင်း၊ ချီးယဲ့ရောက်ပြီလား။”
ဒုတိယထပ်မှ အသံတိုးတိုးလေး ထွက်ပေါ်လာပြီး အိပ်ငိုက်နေသော စစ်းရှောင်နန်သည် နံရံကို မှီကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။” ဟုန်ယင်းက ခေါင်းညိတ်လိုက်သည်။
လင်ချီးယဲ့သည် ခဏလောက် ထိတ်လန့်သွားပြီး ဟုန်ယင်းကို လှည့်ကြည့်လိုက်သည်။
ဟုန်ယင်းက သူ့ကို ပြုံးပြသည်။ “ငါက အဆောင်မှာ မကြာခဏ နေလေ့မရှိတာကြောင့် ရှောင်နန်တစ်ယောက်တည်း အဆောင်မှာနေရင် ငါစိတ်မသက်မသာဖြစ်ပြီး သူမကို ငါနဲ့အတူ ဒီမှာနေခိုင်းတာ။”
နားလည်ပြီ…
ဒီအခိုက်အတန့်တွင် လင်ချီးယဲ့သည် တစ်စုံတစ်ခုကို တွေးနေပုံရသည်။ “ဦးလေးနဲ့ဒေါ်လေးတို့က ဘယ်မှာလဲ။ ကျွန်တော် ဒီမှာနေရင် သူတို့ကို အနှောင့်အယှက်မဖြစ်စေဘူးလား။”
“မဖြစ်ဘူး။” ဟုန်ယင်းက ခေါင်းခါလိုက်သည်။ “လွန်ခဲ့တဲ့ငါးနှစ်လောက်က သူတို့တွေ မြူခိုးတွေထဲမှာ ပျောက်ကွယ်သွားတာ။ ရှောင်နန်မလာခင်အထိ ငါတစ်ယောက်တည်း ဒီမှာနေတာ။”
“သူတို့က စူးစမ်းရှာဖွေရေးအဖွဲ့ကလား။”
“ဟုတ်တယ်။”
လင်ချီးယဲ့သည် ပါးစပ်ကို ဖွင့်လိုက်ကာ မေးခွန်းမှားမေးမိကြောင်း သူသိသော်လည်း နှစ်သိမ့်ရန် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
ထိုအချိန်တွင် ဟုန်ယင်းက ဒုတိယထပ်ရှိ အခန်းတစ်ခုကို ညွှန်ပြလိုက်သည်။
“နင် အဲဒီအခန်းမှာနေရမှာ၊ ငါထုပ်ပိုးပြီးပြီ၊ ရေချိုးခန်းထဲ အပြာရောင်မျက်နှာသုတ်ပဝါနဲ့ သွားပွတ်တံတွေက နင့်ဟာတွေပဲ၊ မရောထွေးနဲ့။” ဟုန်ယင်းသည် ဖိနပ်တစ်ရံစီးပြီး လှေကားထစ်များကို တစ်ထစ်ချင်းတက်ကာ
ထို့နောက် သူမသည် တစ်ခုခုကို တွေးနေသလိုမျိုး လင်ချီးယဲ့ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
“စကားမစပ် နင် ငါနဲ့ရှောင်နန်အခန်းထဲကိုဝင်ချင်ရင် တံခါးကို အရင်ခေါက်ရမယ်။ နင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ ငါသိရင်တော့… ဟန့်”
ဟုန်ယင်းသည် သူမ၏ညအိပ်အင်္ကျီလက်ကိုမတင်ပြီး သူမ၏နှင်းလိုဖြူသောလက်မောင်းကိုထုတ်ဖော်ကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
“မမေ့နဲ့၊ ငါက အဖွဲ့ရဲ့ ရှေ့တန်းအင်အားပဲ၊ ခေါင်းဆောင်ကလွဲလို့ ဘယ်သူမှ ငါ့ကိုအနိုင်ယူနိုင်မှာ မဟုတ်ဘူး။
ဒီအစ်မရဲ့လှံမှာ မျက်စိမပါဘူး။”
ပြောပြီးနောက် သူမသည် ခေါင်းကိုချောမောစွာလှည့်ရင်း သူမ၏ရှည်လျားသောအနက်ရောင်ဆံပင်သည် သဘာဝအတိုင်း ကောက်ကွေးနေကာ ခြေလှမ်းကျယ်များဖြင့် အခန်းထဲသို့ ဝင်သွားခဲ့သည်။
လင်ချီးယဲ့: “…”
ဘေးတွင်အိပ်ငိုက်နေသော စစ်းရှောင်နန်သည် သမ်းဝေပြီး လင်ချီးယဲ့အား လက်ပြလိုက်သည်။ “ကောင်းသောညပါ။”
ဗုန်း…
တံခါးနှစ်ပေါက်ပိတ်သွားသည်နှင့် စင်္ကြံက တဖန်တိတ်ဆိတ်သွားသည်။
လင်ချီးယဲ့သည် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ဟုန်ယင်း၏တံခါးဆီကို အမြန်လျှောက်သွားပြီး တံခါးကို အကြိမ်အနည်းငယ် ခေါက်လိုက်သည်။
ကျွီ…
တံခါးသည် ဖြည်းညှင်းစွာပွင့်လာပြီး လှံကိုင်ထားသောဟုန်ယင်းသည် မဖော်ရွေသောအမူအရာဖြင့် တံခါးနောက်မှာရပ်နေပြီး မေးစေ့ကို မြှောက်လိုက်သည်။
“နင် ဘာလုပ်ချင်လို့လဲ။”
TK Team (Chapter 34)
Volume 1 (သေမျိုးနယ်မြေ ၀၃၅)
Chapter 35 (ကျွန်တော်တို့က ပုံမှန်စစ်တပ်)
ပူနွေးသောအလင်းရောင်အောက်တွင် လှံထိပ်ဖျားမှ အေးစက်သောအလင်းရောင် အနည်းငယ် ထွက်ပေါ်လာသည်။
ဘာကြီးလဲ… သူမက အခန်းထဲမှာ လှံတစ်ချောင်းကို ဝှက်ထားတာလား။
လင်ချီးယဲ့သည် တံတွေးမျိုချလိုက်ပြီး “မဟုတ်ပါဘူး၊ အစ်မဟုန်ယင်း… ကျွန်တော်မေးချင်တာရှိလို့… ခင်ဗျားမှာ စာရွက်နဲ့ ဘောပင်ရှိလား။”
ဟုန်ယင်းက လန့်သွားပြီး “ညဉ့်နက်နေပြီကို နင်က ဘောပင်နဲ့စာရွက်ကို ဘာလို့လိုချင်တာလဲ။”
“စာတစ်စောင်ရေးမလို့။”
“အမ်… ရှိမယ်ထင်တယ်၊ နင်ခဏစောင့်နေဦး။” ဟုန်ယင်းသည် သူမ၏လက်ထဲကလှံကို ဘေးဖယ်လိုက်ပြီး ဗီရိုထဲက သေတ္တာများကို မွှေနှောက်ရန် အခန်းထဲသို့ ပြန်ဝင်သွားသည်။
တံခါးဝမှာရပ်နေသော လင်ချီးယဲ့သည် ဟုန်ယင်း၏အခန်းထဲက အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
မမျှော်လင့်ဘဲ ဟုန်ယင်း၏အခန်းသည် အလွန်ရိုးရှင်းပြီး အခြေခံကျကျပင်။
ဒီအခန်းထဲမှာ မာကျောသောကုတင်တစ်လုံး၊ မီးအိမ်တစ်လုံး၊ စားပွဲခုံတစ်လုံနှင့် ကုတင်ဘေးမှာ အရုပ်တစ်ရုပ်သာရှိသည်။
အပိုအလှဆင်ခြင်းလည်းမရှိ၊ စျေးကြီးသောမွေ့ရာကုတင်မရှိ၊ ဆိုဖာမရှိ၊ လေအေးပေးစက်မရှိ… လင်ချီးယဲ့သည် ဤကဲ့သို့ ဇိမ်ခံအိမ်ကြီးတွင် ဟုန်ယင်း၏အခန်းက ဤမျှရိုးရှင်းသည်ဟု စိတ်ကူးကြည့်ရန်ခက်လှသည်။
ဗီလာ၏ မာစတာအိပ်ခန်းထက် ၎င်းသည် ခြိုးခြံသောဘုန်းကြီး၏ သက်ငယ်အမိုးတစ်ထပ်အိမ်လေးဖြစ်သည်ဟု ဆိုခြင်းက ပိုသင့်လျော်သည်။
ချစ်စရာကောင်းသော အရုပ်လေးတစ်ရုပ်သာ ဟုန်ယင်းအသက်အရွယ်နဲ့ လိုက်ဖက်သော ဒီအခန်းထဲမှာ တစ်ခုတည်းသောအရာဖြစ်သည်။
“စာရွက်… စာရွက်… စာရွက်… တွေ့ပြီ။” ဟုန်ယင်း၏မျက်လုံးများ တောက်ပလာပြီး တံခါးဆီသို့ သွားကာ ဘောပင်တစ်ချောင်းနှင့် စာရွက်အနည်းငယ်ကို လင်ချီးယဲ့အား ပေးလိုက်သည်။
“အစ်မဟုန်ယင်း၊ ခင်ဗျားက… ဒီမှာအိပ်လေ့ရှိလား။”
ဟုန်ယင်းသည် နောက်ပြန်လှည့်ကြည့်ကာ ခေါင်းညိတ်ပြသည်။ “ညကင်းစောင့်တစ်ယောက်အနေနဲ့ နင်က ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးတွေကို သိပ်ပြီးမနှစ်မြို့သင့်ဘူး၊ နင့်ရဲ့ဆန္ဒကို အမြဲလိုက်နာရမယ်… ဒီဗီလာက ငါ့မိဘတွေရဲ့ အမွေအနှစ်သာမဟုတ်ရင် ငါ မကြာခဏ ဂရုစိုက်မှာမဟုတ်သလို ရောင်းပြီးတော့ အဆောင်မှာပဲ သွားနေလိုက်ပြီ။”
လင်ချီးယဲ့သည် ခဏမျှ နှုတ်ဆိတ်နေပြီး “နားလည်ပြီး၊ ကျေးဇူးတင်ပါတယ်… ကောင်းသောညပါ။”
“ကောင်းသောညပါ နင်လည်း စောစောအိပ်ရာဝင်တော့။” ဟုန်ယင်းသည် ပြုံးပြီး သူ့ကိုလက်ပြကာ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။
လင်ချီးယဲ့သည် အောက်ထပ်သို့ ဆင်းကာ ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ခေါင်းပေါ်မှ တောက်ပသောမီးကို ဖွင့်လိုက်သည်။
စားပွဲပေါ်တွင် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းရှိသည်။
ပြတင်းပေါက်အပြင်ဘက်မှာ အထီးကျန်သော ပုစဉ်းရင်ကွဲများ တဖျပ်ဖျပ် အသံပြုနေရင်း နွေည၏ပူလောင်သော အပူဒဏ်က မိုးရွာပြီးနောက် လွင့်စင်သွားသလို သစ်ရွက်များ၏ ပုံသဏ္ဌာန်က လရောင်ကြောင့် စားပွဲပေါ်ကျနေသည်။
လင်ချီးယဲ့သည် မလှုပ်မယှက် ဘောပင်တစ်ချောင်းကိုင်ကာ စားပွဲတွင် ထိုင်လိုက်သည်။
အချိန်ဘယ်လောက်ကြာသွားသလဲမသိဘဲ သူက ပေါ့ပါးစွာရေနေသည်။
စာရွက်ပေါ်တွင် ပထမစာကြောင်းကို ရေးလိုက်သည်။
“ဒေါ်လေးနှင့် ယန်ကျင့်ဆီသို့…”
…
“အမေ”
ယန်ကျင့်သည် ထမင်းစား စားပွဲပေါ်တွင် အိပ်ပျော်နေသော ဒေါ်လေးကို ခါယမ်းကာ တိုးတိုးလေး အော်လိုက်သည်။
ဒေါ်လေးဖြစ်သူသည် သူမ၏မှုန်ဝါးနေသောမျက်လုံးများကိုဖွင့်ကာ ခေါင်းကိုဖြည်းညှင်းစွာမော့ပြီး နာနေသောလည်ပင်းကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ မေးလိုက်သည်။ “ဘာဖြစ်တာလဲ။ နင့်အစ်ကိုပြန်လာပြီလား။”
ယန်ကျင့်က ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး၊ ဒါပေမယ့် တံခါးအောက်မှာ စာတစ်စောင်ရောက်နေတယ်။”
“စာလား။”
“အင်း။ ကျွန်တော့်အစ်ကိုရေးထားတာဖြစ်မယ်။”
“ရှောင်ချီးလား။ မြန်မြန်ဖွင့်ပြီးဖတ်ကြည့်ရအောင်။” ဒေါ်လေးသည် စိုးရိမ်စွာပြောပြီး စာဖွင့်နေသော ယန်ကျင့်ကိုကြည့်နေစဉ် ပြောလိုက်သည်။ “ဒီကလေးကတော့ တစ်ညလုံးအိမ်မပြန်လာသလို နှုတ်လည်းမဆက်ဘူး။ သူက တံခါးနားကိုရောက်လာတာတောင် ဝင်မလာဘူး။
သူ… သူစာထားခဲ့တာက ဘာကိုဆိုလိုတာလဲ။”
ယန်ကျင့်သည် စာကိုဖွင့်ပြီး ဒေါ်လေးကယူကာ နှစ်ယောက်သားအတူတူ သေသေချာချာဖတ်ကြည့်သည်။
ခဏကြာတော့ ဒေါ်ဘေးသည် တုန်ယင်သောလက်များဖြင့် စာကိုချပြီး ကြောင်တောင်တောင် ထိုင်နေသည်။
“အမေ့ အစ်ကိုက သူစစ်တပ်ထဲဝင်မယ်လို့ပြောတယ်။” ယန်ကျင့်သည် စာကိုကောက်ကိုင်လိုက်ပြီး ဒေါ်လေးကို လှည့်ကြည့်လိုက်သည်။
“စစ်တပ်ထဲ… စစ်တပ်ထဲကိုဝင်မှာလား။ သူ… သူဘာလို့ ရုတ်တရက် စစ်တပ်ဝင်သွားရတာလဲ။” ဒေါ်လေးက သူမကိုယ်သူမ ရေရွတ်နေသည်။ “သူဒီအကြောင်းပြောတာကို ငါတစ်ခါမှမကြားဖူးဘူး…”
“မဟုတ်ဘူး အစ်ကိုပြောတယ်။” ယန်ကျင့်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“သူပြောတယ်လား။”
“အရင်တုန်းက သူ့ရဲ့အကြီးမားဆုံးအိမ်မက်က စစ်တပ်ထဲဝင်ဖို့ဆိုပြီး ကျွန်တော့်ကိုပြောပြလေ့ရှိပေမယ့် သူ့မျက်လုံးမကောင်းတာကြောင့် အခြေအနေအရ ဒီအိမ်မက်ကို သူစွန့်လွှတ်ခဲ့တာ။” ယန်ကျင့်သည့် ခေတ္တမျှရပ်ပြီးနောက် စာပေါ်ရှိ စကားလုံးတချို့ကို ညွှန်ပြသည်။
“တွေ့လား၊ အစ်ကိုက သူ့မျက်စိပြန်ကောင်းသွားတော့ စစ်တပ်ထဲဝင်ဖို့ တိတ်တဆိတ် သူသတင်းပို့ခဲ့ပေမယ့် အမေက သူ့ကိုတားမှာစိုးလို့ သူမပြောခဲ့တာကို ရေးထားတယ်။ မနေ့ညက သူ ချီချီဟားကို တိတ်တဆိတ် ရထားစီးသွားခဲ့တာ…”
“ဒါမဖြစ်နိုင်ဘူး။”
“ဘာဖြစ်လို့လဲ။”
“နင် ဒီစာကို ဒီမနက်မှရတာလေ။ စာအရ သူရထားပေါ်မှာပဲ ရှိလောက်သေးတယ်။” ဒေါ်လေး၏ခေါင်းက ရုတ်တရက် ကြည်လင်လာသည်။
“အာ…” ယန်ကျင့်သည် ခေါင်းကုတ်လိုက်ပြီး “တကယ်တော့ ဒီစာကို ကျွန်တော် ဒီမနက်မှ ရှာတွေ့ခဲ့တာ။ မနေ့ညကတည်းက ရှိနေပြီး ကျွန်တော်မတွေ့တာလည်း ဖြစ်နိုင်တာပဲ။”
“ဒါပေမယ့်၊ ဒါပေမယ့် ဒါက ရုတ်တရက်ဆန်လွန်းတယ်။” ဒေါ်လေးက ဒီအချက်ကို လက်မခံနိုင်ပေ။ “ပြီးတော့ ဒီကလေး ချီးယဲ့ရဲ့မျက်လုံးတွေက အခုမှကောင်းတာ။ သူ စစ်တပ်ထဲသွားလို့ ပြန်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။
မဖြစ်ဘူး… မဖြစ်ဘူး။ ငါစိတ်ပူတယ်။
ငါ အစိုးရရုံးဆီသွားမယ်၊ ငါ့တူကိုငါပြန်လိုချင်တယ်။”
ဒေါ်လေးသည် စိုးရိမ်တကြီးထကာ ကွင်းထိုးဖိနပ်စီးထားတာကို လျစ်လျူရှုရင်း တံခါးဖွင့်ပြီး အမြန်ထွက်လာခဲ့သည်။
ရုတ်တရက် သူမ ရပ်တန့်သွားသည်။
အိမ်အပြင်ဘက်မှာ စစ်ယူနီဖောင်းဝတ်ထားသော လူနှစ်ယောက်သည် တံခါးလာခေါက်တော့မည့်ပုံဖုင့် ကြောင်တောင်တောင်တောင် ရပ်နေသည်။
လင်ချီးယဲ့သာ ဒီမှာရှိနေလျှင် ဒီလူနှစ်ယောက်က ချန်မုရယ်နှင့် ဝမ်းချီမော့ဆိုတာ ချက်ချင်းမှတ်မိလိမ့်မည်။
“ရှင်တို့ကဘယ်သူတွေလဲ။” ဒေါ်လေးက မျက်မှောင်ကြုတ်ကာ မေးသည်။
ချန်မုရယ်နှင့် ဝမ်းချီမော့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်းချီမော့၏မျက်နှာတွင် ရုတ်တရက် နူးညံ့သောအပြုံးတစ်ခုပေါ်လာပြီး ဒေါ်လေးအား သိပ်ပြီးစံနှုန်းမမီသော စစ်တပ်အလေးပြုခြင်းဖြင့် အလေးပြုလိုက်သည်။
“မင်္ဂလာပါ၊ ဒါကလင်ချီးယဲ့ရဲ့အုပ်ထိန်းသူ၊ မစ္စဝမ်ဖန်းလား။”
“ဟုတ်ပါတယ်။”
“ကျွန်တော်တို့က ချန်းနန်စစ်ဘက်နှင့်နိုင်ငံရေးဗျူရိုကဖြစ်ပြီး လင်ချီးယဲ့က စစ်တပ်ထဲဝင်ရောက်ခြင်းအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ ထောက်ပံ့ကြေးတချို့ကို ခင်ဗျားဆီပေးပို့ဖို့ ဒီနေရာမှာရှိနေတာပါ။”
“စစ်ဘက်နှင့်နိုင်ငံရေးဗျူရိုလား။” ဒေါ်လေးက သံသယဖြင့် မေးလိုက်သည်။ “အဲဒီနေရာကဘာလဲ။”
“အဲဒါက… စစ်တပ်ထဲမှာ တပ်သားစုဆောင်းရေးအတွက် အထူးတာဝန်ယူတာပါ။”
“အိုး… ဒါဆို ရှင်တို့ ဝင်ပြီးထိုင်ကြပါဦး။” ဒေါ်လေးသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီး လူနှစ်ယောက်ကို ဝင်ခွင့်ပြုကာ သူတို့အတွက် လက်ဖက်ရည်ပြုလုပ်ပေးရန် လှည့်လိုက်သည်။ “ကျွန်မ ရှင်တို့ကို သွားရှာတော့မလို့ပဲ၊ ဒါက မမှန်ဘူး။”
ချန်မုရယ်နှင့် ဝမ်းချီမော့တို့ထိုင်ပြီးသည်နှင့် ထိုစကားကိုကြားလိုက်သောအခါ တစ်ဖက်က အေးစက်စက်ချွေးများ ထွက်လာသည်။
ဝမ်းချီမော့သည် ချန်မုရယ်၏နားကို တိတ်တဆိတ်ကပ်ပြီး တိုးတိုးပြောလိုက်သည်။ “ခေါင်းဆောင်၊ ကျွန်တော်တို့… တကယ်လိမ်လို့ရပါ့မလား။”
“မင်းဘာကြောက်နေတာလဲ၊ ငါတို့ရဲ့လုပ်ထုံးလုပ်နည်းတွေအားလုံးကို ပုံမှန်တပ်မတော်ကနေ ဖြန့်ဝေထားတာ၊ အားလုံးကမှန်တယ်။”
“ဟုတ်ပါတယ်၊ ဒါပေမယ့် ခေါင်းဆောင် မနေ့က ပါဝင်ဖို့အတွက် လင်ချီးယဲ့ရဲ့လျှောက်လွှာကို တင်သွင်းခဲ့တာလေ။ ဒီတော့ စာရွက်စာတမ်းတွေက ဒီလောက်မြန်မြန်ရောက်ဖို့က အဓိပ္ပါယ်မရှိဘူး မဟုတ်လား။ ဒါတွေကအမှန်ဆိုတာ… ခင်ဗျားသေချာလား။”
“…” ချန်မုရယ်၏နှုတ်ခမ်းထောင့်များသည် အနည်းငယ် လှုပ်ယမ်းသွားပြီး “မကြာခင် အဲဒါတွေက အမှန်ဖြစ်လာမှာ။”
“ဒါပေမယ့် ကျွန်တော်နားမလည်ဘူး၊ တရားဝင်စာရွက်စာတမ်းတွေ ထွက်လာဖို့ ကျွန်တော်တို့စောင့်လို့ရတာကို၊ ခင်ဗျားက ဘာလို့ ဒီလောက်အလျင်လိုနေရတာလဲ။”
“ငါတို့က အလျင်လိုနေတာမဟုတ်ဘူး၊ လင်ချီးယဲ့က အလျင်လိုနေတာ။” ချန်မုရယ်သည် မီးဖိုချောင်တွင် အလုပ်များနေသောဒေါ်လေးကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။ “သူ့ဒေါ်လေးက စာကိုမယုံဘဲ စစ်ဆေးဖို့အတွက် အစိုးရရုံးကို တိုက်ရိုက်သွားမှာကို သူစိုးရိမ်နေတာ၊ ဒါပေမယ့် အစိုးရရုံးက အဲဒီအောက်ခြေစစ်သားတွေက ငါတို့ရဲ့တည်ရှိမှုကို မသိတာကြောင့်… ငါဘာကိုဆိုလိုတာလဲ မင်းသိတယ်မလား။”
“နားလည်ပြီ။”
ဝမ်းချီမော့သည် ခေါင်းညိတ်ပြပြီး တည့်တည့်မတ်မတ်ထိုင်ကာ စံပြအပြုံး ပြုံးပြသည်။
“မစ္စဝမ်ဖန်း စိတ်မပူပါနဲ့၊ ကျွန်တော်တို့က ပုံမှန်စစ်တပ်ဖြစ်ပြီး ဝူးလူမုချီမှာ လင်ချီးယဲ့ရဲ့စစ်မှုထမ်းခြင်းကိုလည်း အတည်ပြုပြီးပါပြီ၊ ဘာပြဿနာမှမရှိပါဘူး။”
ယန်ကျင့်သည် ဘေးနားကနေ ကူကယ်ရာမဲ့ နဖူးကိုကိုင်လိုက်သည်။
လက်ဖက်ရည်လုပ်နေသော ဒေါ်လေးသည် တုန်ယင်သွားပြီး သူမလက်ထဲက လက်ဖက်ရည်ခွက်သည် စားပွဲပေါ်ကို တိုက်ရိုက်ပြုတ်ကျသွားသည်။ သူမသည် တောင့်တင်းစွာ လှည့်ကြည့်လိုက်ပြီး မျက်လုံးပြူးကျယ်ကျယ်ဖြင့် ပြောလေသည်။
“သူ… သူက ချီချီဟားကို သွားတာမဟုတ်ဘူးလား။”
TK Team (Chapter 35)