Chapter 0
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အဖွင့်
နောက်ဆုံးတော့ ကလေးဟာ လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။
မျက်လုံးတောင် မဖွင့်နိုင်သေးခင်မှာ သူ့ဝမ်းဗိုက်သူ ထိကြည့်လိုက်တယ်။
ဟုတ်ပါတယ်။ ကလေးက လုံးဝကို ထွက်သွားခဲ့ပါပြီ။
တောက်ပတဲ့ ဓာတ်မီးချောင်းရဲ့ အလင်းရောင်က ပိတ်ထားတဲ့ သူ့မျက်ခွံတွေကနေတစ်ဆင့် ထိပါးကျီစယ်လာခဲ့တယ်။
သူမျက်လုံးမမှိတ်ခင်က အနံ့ရနေခဲ့တဲ့ ဆေးရုံရဲ့ အနံ့အသက်က အခုထိ ရှိနေဆဲပါ။
မျက်လုံးဖွင့်လိုက်ရင် တစ်ယောက်ယောက်က တစ်စုံတစ်ရာ ပြောလာမှာကို မကြားချင်တာကြောင့် သူ အခုလောလောဆယ် မျက်လုံးမဖွင့်ချင်သေးပါဘူး။
နည်းနည်းလောက်လေးပဲ ထပ်ပြီးတော့…
လူနာတင်ယာဉ်ပေါ်မှာ မျက်စိဖွင့်လိုက်မိချိန် အဲ့ဒီကတည်းကစပြီး သူ ထင်ခဲ့မိပြီးသားပါ။
ဟင့်အင်း အစကတည်းက သိနေခဲ့ပြီးသားတောင် ဖြစ်ချင်ဖြစ်မှာ။ သူ့ခြေတံတွေကြားမှာ တစ်စုံတစ်ရာ စီးကျလာတဲ့ အေးစက်စက် ခံစားချက်။
ဝမ်းဗိုက်အောက်ပိုင်းက ပြင်းထန်တဲ့ နာကျင်မှု…
ကလေးက နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။
သူများတွေအတွက် ဒီ ‘နောက်ဆုံး’ ဆိုတဲ့ အခိုက်အတန့်ဟာ ‘နောက်ဆုံးတော့’ ‘ဒီအရှုပ်ထုပ်’ လောကကြီးထဲက ပျောက်ကွယ်သွားပြီပေါ့လို့ အဓိပ္ပာယ်သတ်မှတ်လို့ရလောက်မှာပါ။
ဝမ်းနည်းစရာက သူ့အတွက်တော့ အဲ့ဒီလို မဟုတ်ခဲ့ပါဘူး။
အဲ့ဒီလူ မိသွားမှာ မလိုချင်လို့ စိတ်ထဲမှာ ဖုံးဖိမျိုသိပ်ထားခဲ့ပေမဲ့ သူက ကလေးလေးနဲ့ တွေ့ရဖို့ကို အမြဲတမ်း မျှော်လင့်ထားခဲ့တာလေ။
သိသာချင်လည်း သိသာနေလောက်ပြီး နည်းနည်းရူးမိုက်ရာကျပုံလည်း ပေါ်ချင်ပေါ်နေလောက်မှာပေါ့။
သူ့ဟာသူ တစ်ယောက်တည်း ရင်ခုန်စိတ်လှုပ်ရှားနေခဲ့မိတာက ဘယ်လောက်တောင် ဒုက္ခများနေတဲ့ပုံပေါက်နေလိမ့်မလဲဆိုတာကို သူကိုယ်တိုင်လည်း သိပါတယ်။
အဲ့ဒီလူက သူ့ရဲ့ကလေးအပေါ် လုံးဝစိတ်မဝင်စားခဲ့ပါဘူး။ အစကတည်းက သူ့ကိုယ်သူ သတိပေးထားခဲ့တဲ့အတိုင်းပေါ့။
မိဘတွေက မွေးတောင်မမွေးချင်ခဲ့တဲ့ ကလေးလေးမှာ သေဆုံးသွားပြီးတဲ့နောက်မှာတောင်မှ ခေါ်စရာနာမည်လေး တစ်ခုတလေ မရှိခဲ့ပါဘူး။
ကလေးက ဒီအတိုင်း ‘ကလေး’ ပါပဲ။ အဲ့ဒီနောက် လက်ရှိအချိန်မှာ ဒီကလေးက ဒီအတိုင်း သေဆုံးသွားတဲ့ ကလေးပဲပေါ့။
သိသိသာသာ စတင်ပြီး ပူလာပြီဖြစ်တဲ့ ဗိုက်လေးကို ပွတ်သပ်ရင်း သူ ဆုံးဖြတ်ချက်ချခဲ့တာဟာ မနေ့တစ်နေ့ကလိုပါပဲ။
‘ဖေဖေ့အတွက်ပါ အစားထိုးပြီး မေမေက အနည်းဆုံး နှစ်ဆပိုချစ်ပေးမယ်နော်။’
ဒါပေမဲ့ ကလေးက သေဆုံးသွားခဲ့ပြီး နှစ်ဆပိုချစ်ပေးဖို့ဆိုတဲ့ အနာဂတ် အချစ်စီမံကိန်းက ဟိုမရောက်ဒီမရောက် ဟက်ကော့ကြီး ကျန်ခဲ့တယ်။
‘မေမေက ပိုချစ်ပေးမှာမို့ တစ်နေ့နေ့မှာ ဖေဖေ့ရဲ့ စကားတွေကြောင့် စိတ်ပျက်မသွားနဲ့နော်။’
‘သူက ကလေးကို မုန်းတာမဟုတ်ပါဘူး။’
‘ဒီအတိုင်း မေမေတို့က နည်းနည်းလောက်လေးတောင် အတူတူ မပျော်ရွှင်နိုင်ကြတာပါ။’
‘သူ့အတွက် ကလေးက စိတ်ရှုပ်စရာမဟုတ်ဘူး မေမေကသာ စိတ်ရှုပ်စရာဖြစ်နေတာ။’
‘တောင်းပန်ပါတယ်။ မေမေ ပိုကြိုးစားပါ့မယ်။’
‘အဲ့ဒီအစား ကလေးရဲ့ ဖေဖေက တကယ်ကို အမြင်ကပ်စရာကောင်းလောက်အောင် ပိုက်ဆံပေါတာဆိုတော့ မေမေတို့…’
ဗိုက်ထဲက ကလေးကို အောက်ခြေလွတ်နေသူတစ်ယောက်လို ရယ်လိုက် ငိုလိုက်နဲ့ တတွတ်တွတ် ပြောခဲ့တဲ့ မနေ့တုန်းက အဖြစ်အပျက်တွေ။
အဲ့ဒီလူရဲ့ မက်လောက်စရာ ငွေတွေက အလကားပါပဲ။ သူ့ရဲ့ ကလေးက ခဏတွင်းချင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပြီမဟုတ်ပါလား။
‘ငါတို့ ကလေးလေး။’
ဒီကလေးက သူ့ရဲ့ကလေးပါ။ သူ အံကြိတ်ပြီး မျက်လုံးဖွင့်လိုက်တယ်။
“ငါတို့ ကလေးလေး” လို့ပြောဖို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး။
ဒီကလေးက သူတစ်ယောက်တည်းရဲ့ ကလေးလေ။ အဲ့ဒီလူ ဘယ်တုန်းကမှ မလိုချင်ခဲ့ပေမဲ့ သူက လိုချင်ခဲ့တဲ့ ကလေးလေးပေါ့။
ဒီကလေးက သူ့ရဲ့ကလေး၊ သူ့မိသားစု ဖြစ်လာမဲ့ကလေး၊ ပြီးတော့ တဒင်္ဂအတွင်း ပျောက်ကွယ်သွားခဲ့တဲ့ ကလေးပါပဲ။
ဒီလောကကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသလိုမျိုး တစ်ဖန် ခံစားလိုက်ရပြန်တယ်။ မိဘမဲ့ ၁၇နှစ်သမီးလေး တစ်ဖန်ပြန်ဖြစ်သွားသလိုပါပဲ။
သူ့မျက်လုံးတွေက မီးမြှိုက်ခံထားရဲ့အလား ပူလောင်နေခဲ့တယ်။
သူ့အနားမှာ ဘယ်သူမှရှိမနေခဲ့ပါဘူး။ အဲ့ဒီလိုလည်း မှန်းထားခဲ့ပြီးသားပါ။ စောစောက အဲ့ဒီလူ ဖုန်းမကိုင်ခဲ့ဘူးလေ။ သူဆက်တဲ့ဖုန်းလောက် သူ့ရဲ့ခင်ပွန်းကို စိတ်အနှောင့်အယှက်ပေးတဲ့အရာမျိုး မရှိတော့ပါဘူး။
သူ ငိုနေချိန်မှာ ဝမ်းနည်းနေတဲ့မျက်နှာထားနဲ့ သူနာပြုတစ်ယောက် ပေါ်လာပြီး တစ်စုံတစ်ခုကို ပြောခဲ့တယ်။ သူကတော့ အဲ့ဒါတွေ ဘာတစ်ခုမှမကြားဘဲ ငိုသာငိုနေခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူနာပြုရဲ့အနောက်ကနေ ဆရာဝန် ရောက်လာခဲ့တယ်။ သူနာပြု ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး အတန်ကြာတဲ့အထိ သူ ဘာမှမကြားခဲ့ရပါဘူး။
အဲ့ဒီနောက် ခွဲစိတ်မှု ကောင်းကောင်းပြီးသွားတယ်လို့ ကြားလိုက်ရတယ်။
ခွဲစိတ်မှု။
ဟုတ်တယ် ခွဲစိတ်မှု…အဲ့ဒါကတော့ ဆေးရုံရောက်ပြီးတဲ့နောက် တစ်ဖန် သတိပြန်လစ်မသွားခင်မှာ သဘောတူကြောင်း စာရွက်စာတမ်းကို တုန်ယင်နေတဲ့လက်တွေနဲ့ သူကိုယ်တိုင် လက်မှတ်ထိုးခဲ့ရတဲ့ ခွဲစိတ်မှုပါပဲ။
အဲ့ဒီအချိန်မှာ ကလေးက သေဆုံးနေခဲ့ပြီတဲ့လေ။ သူ ဆေးရုံကို ရောက်လာတဲ့အချိန်မှာပေါ့။
သူ့ရဲ့ ရေမြွှာပေါက်သွားပြီး သန္ဓေသားရဲ့ တစ်စိတ်တစ်ပိုင်းက ထွက်လာခဲ့တာကြောင့် ကျန်နေတာကိုပါ ထုတ်ရဖို့ဖြစ်လာခဲ့တယ်။
ကလေးက ထွက်လာတုန်းမှာ သေဆုံးသွားခဲ့တယ်။ အဲ့ဒီတုန်းက စကားတွေကို သူ ဘယ်လောက်အတိုင်းအတာအထိ နားလည်လိုက်သလဲ။ ဆရာဝန်က အဲ့ဒါကို တော်တော်ကောင်းတဲ့အရာလိုမျိုး ပြောခဲ့တယ်။
“သားအိမ်ထဲမှာ ကျန်နေတဲ့ အကြွင်းအကျန်အားလုံးကို ဖယ်ရှားပေးထားပါတယ်။”
ဖယ်ရှားပစ်လိုက်ပြီလို့ ပြောတာက အိပ်မက်ဆိုးတစ်ခုအလား ကြောက်စရာကောင်းလှပါတယ်။
တော်သေးလို့ ဆရာဝန်က သူ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေမှာဖြစ်ကြောင်း၊ ဘယ်အချိန်မှာ အတူနေလို့ရကြောင်း၊ နောက်ထပ်ကိုယ်ဝန်အတွက် ဘယ်အချိန်မှာ ပြင်ဆင်လို့အကောင်းဆုံးဖြစ်ကြောင်း ပြောလာခဲ့တယ်။
သူက ကိုယ်ဝန်ဆောင်ရုံသက်သက်အတွက် ရှင်သန်နေတာမဟုတ်ပါဘူး။ ဘယ်သူမှ အဲ့ဒီလိုအရာမျိုးကို လိုချင်မှာမဟုတ်ဘူးလေ။
သူ့ကိုယ်ထဲမှာ နှစ်ဝက်တာ နေထိုင်ခဲ့တဲ့ ကလေးက “ပြီးသွားပြီ” လို့ ပြောပြီးတဲ့နောက် ထွက်ခွာသွားခဲ့တယ်။
ဝူဂျင်ဟာ အဲ့ဒီ ခွေးမသားအတွက်တော့ တကယ်ကြီး အပြီးသတ်သွားပြီပေါ့။
‘အမျိုးယုတ်။ ခွေးမ…’
အဲ့ဒီ ခွေးလိုလူကို တစ်ရက်ကလေးတောင် မချစ်ခဲ့သင့်တာ…အဲ့ဒီလူအပေါ် သူ့ရဲ့ နာကြည်းမှုအားလုံးကို သွန်ချပေါက်ကွဲပစ်လိုက်တယ်။
အဲ့ဒီလူကို သူ ဒီလိုမျိုး ကျိန်ဆဲနေပေမဲ့ အမှန်တကယ် မကောင်းတဲ့ကောင် မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အဲ့ဒီလူက အမှန်တကယ် ဘာအမှားမှ မလုပ်ခဲ့တာမို့လို့။ အစကနေ အဆုံးထိတိုင် သူ့ကို မချစ်ခဲ့တာကလွဲပြီးတော့ပေါ့။
ဟုတ်တယ် အစကနေ အဆုံးအထိ။
ပြဿနာတွေအားလုံးက သူ့မှာပဲ ရှိနေခဲ့တာလေ။
သူက သူ့ပြဿနာကို မသိခဲ့တာ၊ ဒါမှမဟုတ် သိရဲ့သားနဲ့ လျစ်လျူရှုထားပြီး မာနခဲ ဝူဂျင်ဟာကို ရင်ထဲထည့်ထားပြီးတော့ ရာစုနှစ်ရဲ့ အချစ်ဇာတ်ထုပ်လို အချစ်ပင်လယ်မှာ ရုန်းကန်ကူးခတ်မိခဲ့တယ်ထင်ပါရဲ့။
လေးနှစ်တာလုံး သူ့ကို ကြည့်တောင်မကြည့်ခဲ့တဲ့ လူတစ်ယောက်ကို ရာရာစစ ချစ်ခဲ့ပြီးတော့ အဲ့ဒီလူက သူချစ်သလို သူ့ကို ပြန်မချစ်ရကောင်းလားဆိုပြီး နာကြည်းပါသတဲ့လေ။
ဒါပေမဲ့လည်း နာကြည်းမှုလေး တစ်မှုန်စာလောက် ထုတ်ပြလိုက်မိရင် အဲ့ဒီလူ သူ့ကို လုံးဝလှည့်မကြည့်တော့မှာ စိုးရွံ့မိတဲ့အတွက် အဲ့ဒီလူရဲ့ ခြေတော်ရင်းမှာ ဝပ်တွားခစားမိခဲ့ဆဲပါ။
ဝူဂျင်ဟာက မဖြစ်စလောက် အာရုံစိုက်မှုလေးနဲ့ ဆယ်ရက်လောက် ပြုံးခဲ့တယ်လေ။
ဪ သူဟာ တကယ်ကို ရူးမိုက်တဲ့ ကောင်မစုတ်ပါပဲလား။
“လာကြိုမဲ့ လူနာရှင်ရှိလား။”
အဲ့ဒီလိုအရာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေမဲ့ အနည်းဆုံးတော့ ပြီးခဲ့တဲ့ လပိုင်းတုန်းက အခွင့်အရေးကောင်းတစ်ခု ရှိခဲ့ပါတယ်။
အသုံးကျတဲ့ လက်အောက်ငယ်သားအဖြစ် ဝူဂျင်ဟာရဲ့ အသိအမှတ်ပြုမှုကိုရဖို့ မျှော်လင့်ရင်း လွန်ခဲ့တဲ့ လေးနှစ်တာလုံး သူ့ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာကြောင့်။ နောက်ဆုံးတော့ သူ့သိက္ခာသူ ကာကွယ်ဖို့ အခွင့်အရေး အနည်းငယ် ရခဲ့ပါတယ်။
အဲ့ဒီအစား သူ ဘာကိုရွေးချယ်ခဲ့သလဲ။ တစ်ညတာအတွက် လွယ်တဲ့မိန်းမတစ်ယောက် ဖြစ်ခဲ့တယ်လေ။
အဲ့ဒီမှာတင်သာ ရပ်နိုင်ခဲ့ရင် သိပ်ကောင်းတဲ့ အမှတ်တရလေး ဖြစ်ခဲ့လောက်မှာဆိုပေမဲ့ အရိပ်အကဲမသိလှစွာပဲ သူ အဲ့ဒီညကနေ ကလေးရခဲ့တယ်။
အဲ့ဒီလူရဲ့အမေ မချိတင်ကဲ ညည်းညူလေ့ရှိသလိုပဲ သူဟာ ‘ကျက်သရေယုတ်လှစွာ’ ကိုယ်ဝန်ရခဲ့တာပါ။
‘လူက မိုက်မဲသလောက် ခန္ဓာကိုယ်ကတော့ ကျန်းမာသန်စွမ်းပါ့တော်။’
ဒီတော့ သူ ပြန်မေးခဲ့မိတယ်။
‘မိန်းမတစ်ယောက်က သူ့ဘာသာသူ ကိုယ်ဝန်ရှိလာတယ်များ မှတ်နေတာလား အမေရယ်။’
အဲ့ဒီလို ခွန်းတုံ့ပြန်မလို့ကို တစ်လောကလုံးက သူဟာ ဝူဂျင်ဟာရဲ့ ပြီးပြည့်စုံတဲ့ဘဝကို ဖျက်ဆီးခဲ့ပါတယ်ဆိုပြီး ဝိုင်းဝန်းဝေဖန်လက်ညှိုးထိုးကြတော့ အဲ့ဒီလို တွေးရုံသာ တွေးခဲ့မိတယ်။
သူ့ယောက္ခမပြောတာ မမှားပါဘူး။ မှားနေတာက သူ၊ သူဘယ်သူလဲဆိုတဲ့ အဆင့်အတန်း၊ အားလုံးက သူသာလျှင်ပါပဲ။
****
ကျွန်မ တကယ် မရိပ်မိခဲ့တာပါ။
ကျွန်မရဲ့ နှလုံးသားက သူ့ဆီကို ဘယ်လိုဘယ်ပုံ လှုပ်ရှားခဲ့သလဲဆိုတာ။ မင်္ဂလာခန်းမထဲ ဝင်လိုက်တဲ့အချိန်မှာ ကျွန်မရဲ့ နှလုံးသားက အရူးတစ်ယောက်လို ဘယ်သို့ဘယ်ပုံ တဖျပ်ဖျပ်ခုန်နေခဲ့သလဲဆိုတာ။
ကလေးရဲ့ နှလုံးခုန်သံလေးအကြောင်းတွေးရင်း ကျွန်မ တစ်နေ့လုံး ရယ်နေခဲ့မိတယ်…အပြင်လောကက လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူးဆိုရင်တောင်မှ မိခင်ကောင်းတစ်ယောက် ဖြစ်လာပါ့မယ်လို့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ သန္နိဋ္ဌာန်ချခဲ့တယ်။
ကျွန်မလိုလူက ဘာနဲ့မှ မထိုက်တန်ခဲ့ဘူးလေ။
ဒါပေမဲ့လည်း အဆင်ပြေပါတယ်။
သူတို့ရဲ့လောကက ကျွန်မအတွက်လည်း ဘာမှတန်ဖိုးရှိတာမှမဟုတ်ဘဲ။ အနည်းဆုံး ဝူဂျင်ဟာထက် ပိုပြီးတော့ပေါ့။
ဒါပေမဲ့ အဲ့ဒီနေ့ကိုတော့ ကျွန်မ မကြာမကြာ ပြန်တွေးဖြစ်ခဲ့တယ်။
အရာအားလုံး စတင်ခဲ့တဲ့ အဲ့ဒီနေ့ပေါ့။ အဲ့ဒီနေ့နောက်ပိုင်းမှာ…တစ်နည်းအားဖြင့် ကျွန်မတို့တွေ ဆက်ပြီး အတူအိပ်ဖြစ်ခဲ့ကြတယ်။ သန္ဓေတားဆေး မသုံးခဲ့မိတာ အဲ့ဒီနေ့လေး တစ်နေ့တည်းပါ။
အဲ့ဒီနေ့မှာ သူက ဘာကိုမှ မမှတ်မိနိုင်လောက်အောင် မူးနေခဲ့ပြီး ကျွန်မကိုယ်တိုင်ကလည်း မူးနေပေမဲ့ သူ့ကို သိပ်ချစ်တာကြောင့် ကျွန်မကို ဘာပဲလုပ်လုပ် သူလုပ်တာဖြစ်နေသရွေ့ ကျေနပ်ပျော်ရွှင်မှာဖြစ်ကြောင်း နုံအတဲ့ကလေးတစ်ယောက်အလား သူ့ကို တတွတ်တွက်ပြောရင်း အာရုံမရဖြစ်နေခဲ့တာလေ။
မနက်လည်းမိုးလင်းရော ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သွားတဲ့အလား သူ့မျက်လုံးတွေက ကျွန်မကို အေးစက်စွာကြည့်ရင်း သန္ဓေတားနည်းတစ်ခုခုသုံးဖို့ ကျွန်မကို ပြောလာခဲ့တယ်။
‘မင်း ဘာလုပ်ခဲ့တယ်။’
သူက မေးခဲ့တယ်။ အဲ့ဒီမေးခွန်းနဲ့အတူ အဲ့ဒီထက်ပိုပြီး တိုတိုနဲ့ရှင်းရှင်း ထိရောက်တဲ့အဖြေမျိုး ရှိနိုင်တော့မယ်မထင်ပါဘူး။
‘ရှင် ကျွန်မနဲ့ အိပ်ခဲ့ပြီး အကာအကွယ် မသုံးခဲ့ဘူး။’
အင်မတန်ကို မွန်းကျပ်နေသလို ခံစားချက်မျိုးက သူ့မျက်နှာပေါ်ကို ဖြတ်သန်းသွားခဲ့တယ်။ တကယ့်အမှားကြီးတစ်ခု လုပ်မိသူလိုမျိုးပေါ့။
အဲ့ဒီနေ့က ကျွန်မ သောက်လိုက်တဲ့ဆေးက လုံးဝ အကျိုးသက်ရောက်မှုမရှိတဲ့အကြောင်း ရက်သတ္တပတ် အနည်းငယ်ကြာပြီးတော့မှပဲ သိလိုက်ရတာပါ။
ဝူဂျင်ဟာက ကျွန်မတို့တွေ လက်ထပ်ပြီးလို့ ကွာရှင်းဖို့တောင်းဆိုနေသလို မျက်နှာမျိုးနဲ့ ရုံးမှာပဲ တန်းပြီး လက်ထပ်ခွင့်တောင်းခဲ့တယ်။
ကျွန်မမှာ ငြင်းစရာ ဘာအကြောင်းမှမရှိခဲ့ဘူးလေ။
တမင်ရည်ရွယ်ခဲ့တာတော့ မဟုတ်ပေမဲ့ သူ့အပါးမှာ အကြာကြီးနေရဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရသူမဟုတ်လား။
ဝူမိသားစုကြီးကတော့ ကျွမ်းထိုးမှောက်ခုန်တွေဖြစ်လို့ပေါ့။ ကျွန်မကို ချက်ချင်းပဲ ရာထူးကနေ နုတ်ထွက်ဖို့ အကြံပေးခဲ့ကြတယ်။ အကြောင်းကတော့ သူ့အဘိုးက မြေးချွေးမရဲ့ ငွေရေးကြေးရေး အဆင့်အတန်းကို လက်မခံတာကြောင့်ပါတဲ့လေ။
ကျွန်မရဲ့ ယောက္ခမကတော့ ‘အိမ်ရဲ့ ချွေးမက ဗာဟီရအလုပ်ပေါင်းစုံ တာဝန်ယူရတဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်နေတယ်ဆိုရင် ဘယ်လောက်တောင် သိက္ခာကျပြီး သူများပြောစရာ ဖြစ်ကုန်မလဲ’ လို့ ကျွန်မနဖူးကို လက်ညှိုးငေါက်ငေါက်ထိုးပြောရင်း နှုတ်ထွက်စာကို မြန်မြန်တင်ခဲ့တယ်။
အဲ့ဒီနောက် မကြာပါဘူး ပါတီပွဲမှာ ဘယ်သူရဲ့ကြိုဆိုခြင်းကိုမှမခံရတဲ့ ဧည့်သည်တစ်ယောက်လို ဆက်ဆံတာကို ခံယူရင်း သူနဲ့ လက်ထပ်ခဲ့တယ်။
ဒါပေမဲ့ ကျွန်မ ဘာပဲလုပ်လုပ် အမဲစက်ကြီးကတော့ ကျန်ရစ်နေဆဲပါပဲ။
ကျွန်မ တစ်ဖက်လှည့်ပြီး ခုတင်ဘေးက အံဆွဲကို ကြည့်လိုက်တယ်။ အဲ့ဒီမှာတော့ သွေးစွန်းနေတဲ့ စကပ်တစ်ထည် ရှိနေခဲ့တယ်။ ဒီဟာနဲ့ ဘယ်လိုများ ပြန်ရပါ့မလဲ…ဗလာကျင်းနေတဲ့ အတွေးထဲမှာ လက်တွေ့ကျတဲ့ပူပန်မှုတို့ နိုးကြွလာခဲ့တယ်။
ဘယ်လောက်ကြာကြာ သန့်ရှင်းဖို့ ကြိုးစားပါစေ သွေးစွန်းကွက် ဆယ်ပုံတစ်ပုံကျော်က ကျန်နေဆဲပါပဲ။
ဘာလှုပ်ရှားမှုမှ ပေါ်မလာတဲ့အခါ ကျွန်မ လိုက်ကာတွေကို ဆွဲဖွင့်ပြီး အပူသည်ရုပ်နဲ့ ဆေးရုံကဆင်းဖို့ ပြင်ဆင်ရပါတော့တယ်။
ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်မှာ လိုက်ကာတွေကာထားတဲ့ ဒီခုတင်ထက် ကမ္ဘာပေါ်မှာ ပိုပြီးလုံခြုံတဲ့နေရာဆိုတာ မရှိတော့သလိုပါပဲ။
အအေးဓာတ်က ကျွန်မတစ်ကိုယ်လုံးကို လွှမ်းခြုံလာခဲ့တယ်။ အပ်နဲ့အထိုးခံထားရတဲ့ တစ်ဖက်ပခုံးကို ထွေးဆုပ်ထားရင်း ကျွန်မ တုန်ယင်လာခဲ့တယ်။
အဲ့ဒီနေ့ကသာ ဘာမှမဖြစ်ခဲ့ဘူးဆိုရင်…
ပြီးခဲ့တဲ့ ခြောက်လလုံးမှာ အဲ့ဒီလို မရေမရာအတွေးမျိုးတွေ မကြာမကြာ တွေးဖြစ်ခဲ့တယ်လေ။
အဲ့ဒါတွေအားလုံးက ဘာအတွက်များလဲ။ သူ့ကို ချစ်ရတာကတော့ ကောင်းတာကျိန်းသေပါတယ်။
တစ်နည်းနည်းနဲ့ ကျွန်မ သူနဲ့ အတူရှိချင်ခဲ့မိတယ်။ နောက်မှ မှားခဲ့တာပါဆိုပြီး ဝန်ခံလိုက်လို့ရလောက်မှာပဲလို့ မျှော်လင့်ရင်းနဲ့ပေါ့။
နောင်တရလည်း ရထိုက်ပါရဲ့။ ကျွန်မက သူ့ဘဝနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို စွန်းထင်းစေခဲ့တာမဟုတ်လား။ ဒါပေမဲ့ နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ နောက်ဆုံးမှာ အားလုံး အဆင်ပြေသွားမှာပါဆိုတဲ့ ယုံကြည်မှုလေးကို ဖက်တွယ်ထားခဲ့မိတယ်လေ။
ဒီတော့ ကျွန်မမှာ နောင်တရစရာ ဘာအကြောင်းမှမရှိပါဘူး။
ဒါပေမဲ့ အခု ကလေးမရှိတော့ခါမှ ကျွန်မ ခံစားရသမျှဟာ နောင်တတွေချည်းဖြစ်နေတာ ရယ်လည်းရယ်ရပါရဲ့။
အခု ကျွန်မ အဲ့ဒီနေ့ကို မုန်းပါတယ်။ အဲ့ဒါက အခုမှ သိလိုက်ရတဲ့ နားလည်သဘောပေါက်မှုမဟုတ်ဘဲ အခုအချိန်အထိ မျက်ကွယ်ပြုထားမိခဲ့တဲ့အရာပဲထင်ပါရဲ့။
သူ နောင်တရခဲ့သလောက်ကို ကျွန်မလည်း အဲ့ဒီနေ့အတွက် နောင်တရပါတယ်။
‘ရှင်က ကျွန်မဘဝကို ဖျက်ဆီးခဲ့တာ…’
ကျွန်မကိုယ်ထဲမှာ ကလေးလေး အသက်ရှိနေတုန်းက ပြောမထွက်ခဲ့တဲ့စကားတွေဟာ အဲ့ဒီလူရဲ့ အံ့ဩလောက်စရာ မျက်နှာအရှေ့မှာ ပွင့်အန်ထွက်ကျဖို့ တာဆူနေခဲ့ကြတယ်။
ကျွန်မ တော်တော်လေးကို ကျယ်ကျယ်လောင်လောင် ရယ်ချလိုက်မိတယ်။
ပြီးခဲ့တဲ့လပိုင်းလောက်အထိ ကုမ္ပဏီလစာထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ လက်ထပ်လက်စွပ်ကိုဝတ်ပြီး လစာထက် အဆပေါင်းများစွာ ဈေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ခဲ့တယ်ဆိုတာကို ဘယ်သူက ယုံနိုင်မှာလဲ။
ကျွန်မက ကိုယ့်ကြမ္မာကိုယ် ပြင်နိုင်လောက်အောင် ကံကောင်းတဲ့ မိန်းမဆိုတာ ဘယ်သူမဆိုမြင်နိုင်ပြီး ယောက္ခမရဲ့ မျက်လုံးထဲမှာတော့ ကိုယ်ဝန်ရအောင် စီမံနိုင်ခဲ့တဲ့ အဆိပ်ပြင်းပြင်းမိန်းမပေါ့။
အမှန်တရားနဲ့ ဘာမှတော့သိပ်မကွာလှပါဘူးလေ။ အတန်ကြာအောင် မနက်ခင်းတွေ ပျို့အန်တတ်လေ့ရှိခဲ့တာကြောင့် အကျင့်ပါပြီး အန်ချင်သလိုလိုခံစားချက်နဲ့ ထလိုက်တယ်။
စကပ်မှာ သွေးစွန်းနေဆဲဆိုပေမဲ့ ပိတ်စက အရောင်ရင့်တာကြောင့် အရမ်းကြီး မသိသာလှပါဘူး။ ကျွန်မ တတ်နိုင်သလောက် တစ်ရှူးနဲ့သုတ်လိုက်ပြီး အဲ့ဒါကို လဲဝတ်လိုက်တယ်။
လိုက်ကာကို ဖွင့်လိုက်တဲ့အခါ အလင်းရောင်က ဒရဟော ဝင်လာခဲ့တယ်။ ရုတ်တရက် စိတ်လွတ်သွားသလိုမျိုး ကျွန်မ ငြိမ်ကျသွားခဲ့တယ်။
ကျွန်မ ဖြတ်လျှောက်လာချိန်မှာ လူတွေ ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာကို ခံစားမိပေမဲ့ အရမ်းပင်ပန်းနေပြီမို့ ဒီအတိုင်းသာ မျက်ကွယ်ပြုလိုက်တယ်။
ကျွန်မ ဧည့်ကြိုကောင်တာ ပြတင်းဆီ လျှောက်သွားလိုက်ပြီး ဆေးရုံဆင်းဖို့ စာရွက်စာတမ်းတွေ ဖြည့်ခဲ့တယ်။ အထွေထွေရောဂါကုဆေးရုံ ခပ်သေးသေးပဲမို့ အချိန်သိပ်မကြာလိုက်ပါဘူး။
အဲ့ဒီနောက် ခုံတန်းလျားမှာ ခဏထိုင်ဖို့ တွေးလိုက်မိပေမဲ့ စကပ်ကသွေးတွေ ခုံတန်းလျားမှာ ပေများသွားလောက်မလားဆိုတဲ့ အတွေးကြောင့် ဒီအတိုင်းပဲ ခုံတန်းရဲ့ဘေးမှာသာ ရပ်နေလိုက်မိတယ်။
ဖုန်းကိုကိုင်လိုက်တဲ့အခါ ကျွန်မအကောင့်ကနေ လွှဲပေးလိုက်တဲ့ ဆေးရုံစရိတ် အသေးစိတ်အချက်အလက်တွေ ပေါ်နေဆဲပါပဲ။
ကျွန်မမှာ ပိုက်ဆံအိတ် ပါမလာတာကြောင့် အိမ်ကို ဘယ်လိုပြန်ရမှန်း မသိပါဘူး။ အဒေါ်က ယာဉ်မတော်တဆမှုကြောင့် ဆေးရုံတက်နေရပြီး အိမ်အကူကလည်း ဒီနေ့ နားရက်ယူထားတာလေ။ ဆူဂျင်းက အခု ဂျူတီချိန်ကြီး…ကျွန်မ ရွေးချယ်စရာတွေထဲက အနီးဆုံးလူကို ရွေးလိုက်မိတယ်။
****
-ဟယ်လို။
“အဒေါ်ကြီး။ အခု အလုပ်များနေလားဟင်။”
-အိမ်မှာ ပစ္စည်းလေးတွေ ရှင်းလင်းသိမ်းဆည်းနေတာဆိုပေမဲ့ အလုပ်တော့မရှုပ်ပါဘူး။ ဘာဖြစ်လို့လဲ ဆရာကတော်လေး။ တစ်ခုခု လိုအပ်တာများရှိလို့လား။
“နားရက်ကြီးမှာ အားနာပေမဲ့ အလျင်စလိုလေး အကူအညီတောင်းစရာရှိလို့ပါ။ ကျွန်မ အခု ဆေးရုံရောက်နေတာ၊ ပြီးတော့ ဘာမှပါမလာလို့…”
-ဆေးရုံ။ ဆေးရုံ ဟုတ်လား။ ဘုရားရေ ဆရာကတော်လေးရယ် ရုတ်တရက်ကြီး ဘယ်လိုဖြစ်ရတာလဲ။ ဘာများဖြစ်လို့လဲဟင်။ မတော်တဆက ဘယ်မှာဖြစ်…
“…ဆေးရုံရောက်လာရင် ကျွန်မ ရှင်းပြမယ်။ အရင်ဆုံး ကျွန်မအိမ်ကိုသွားပြီး ကျွန်မရဲ့ ပိုက်ဆံအိတ်လေး…ဟုတ်တယ် ကျွန်မ မကြာမကြာ ကိုင်နေကျ အိတ်အနီလေးထဲမှာ။ ပြီးတော့ လဲဝတ်ဖို့ အဝတ်အစားလေးတွေလည်း လိုသေးတယ်။”
-လဲဝတ်ဖို့အဝတ်အစားတွေရောလား။ အများကြီး ထိခိုက်မိသွားတာတော့ မဟုတ်ပါဘူးနော်။ ဟုတ်လား။
“အဒေါ်ကြီးကို အကောင်းအတိုင်း ဖုန်းခေါ်နိုင်တာပဲမဟုတ်လား။”
အိမ်အကူအဒေါ်ကြီး ကျွန်မအရှေ့မှာ ရှိနေတဲ့အလား အကောင်းဆုံးပြုံးဖို့ ကြိုးစားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လုံးဝမှားတာတော့ မဟုတ်ဘူးလေ။ ‘ကလေး’ မရှိတော့တာကလွဲလို့ ကျွန်မကိုယ်တိုင်က တကယ်ကို အခြေအနေအကောင်းကြီး ရှိနေဆဲမဟုတ်လား။ ဖုန်းထဲမှာကြားနေရတဲ့ ချစ်စဖွယ်အသံက ငိုချတော့မဲ့အလား သက်ပြင်းချခဲ့တယ်။
-အခုချက်ချင်း အဖေ့ကားကိုမောင်းပြီး ဆရာကတော်လေးတို့အိမ်ကို သွားလိုက်မယ်။ ဆေးရုံက ဘယ်မှာလဲဟင်။
“အာ…”
ဒီနေရာက ဘယ်နားမှာရှိမှန်း မသိဘူးလို့ တွေးမိလိုက်တာကြောင့် ဘေးကဖြတ်သွားဖြတ်လာတစ်ယောက်ယောက်ကို ရှာလိုက်ပြီး နောက်ဆုံးမှာ ကောင်တာဆီ ပြန်လျှောက်သွားလိုက်တယ်။ ရုတ်တရက် ကျွန်မလက်ထဲက ဆေးရုံကျသင့်ငွေစာရင်းစာရွက်မှာ ဆေးရုံနာမည်ကို တွေ့လိုက်ပြီး သက်ပြင်းချလိုက်တယ်။
တုံးပါ့နော်…
“အဒေါ်ကြီး ဒီကိုလာ…”
-ဆရာကတော်လေး။
“…”
-ဟယ်လို။ ဆရာကတော်လေး။ ဟယ်လို။
“ကျွန်တော် ဒီရောက်နေပြီမို့လို့ ရပြီ အဒေါ်ကြီး။”
“…”
“ကောင်းပါပြီ။ နားလိုက်ပါဦး။”
ဝူဂျင်ဟာက သူ့အပိုင်ပဲဖြစ်သလိုလိုနဲ့ ဖုန်းကိုချလိုက်ပြီ ကျွန်မ ပြန်ယူလို့မရအောင် ဖုန်းကိုဝှက်ထားလိုက်တယ်။
သူ့အသက်ရှူနှုန်းက အနည်းငယ် ပြင်းထန်နေပေမဲ့ သူက လုံးဝကို အလောတကြီး မဖြစ်ဖူးတဲ့အလား တည်တည်ငြိမ်ငြိမ် စုစုစည်းစည်း ရှိနေခဲ့တယ်။
ကျွန်မက သူ့ကို ဘာမှမပြောဘဲ ကြည့်နေခဲ့ပြီး သူက ဘာမှထပ်မပြောဘဲ ကျွန်မဖုန်းကိုသာ သူ့ရဲ့ ဝတ်စုံအိတ်ကပ်ထဲ ထည့်လိုက်တယ်။
သူ့မျက်လုံးတွေက ကျွန်မရဲ့ မျက်နှာ၊ ပခုံး၊ ရင်ဘတ်၊ ခါး…ကျွန်မအခြေအနေကို စစ်ဆေးရင်း တဖြည်းဖြည်း အောက်ကိုရောက်လာခဲ့တယ်။ အဲ့ဒီနောက် သွေးကြောင့် စွန်းထင်းပျက်စီးသွားတဲ့ ကျွန်မရဲ့စကပ်ကို သူ တွေ့သွားခဲ့တယ်။
ထုံးစံအတိုင်း ကျွန်မက ဗရုတ်သုတ်ခတွေ ဖြစ်နေပြီး ဝူဂျင်ဟာကတော့ ပြီးပြည့်စုံစွာ မိမိုက်နေခဲ့တယ်လေ။
ကျွန်မ ကိုယ့်အဝတ်အစားတွေကိုယ် တစ်ချက်ပြန်ငုံ့ကြည့်လိုက်ပြီး တွေးလိုက်မိပြန်တယ်။
‘သူက အမြဲတမ်း ထုံးစံအတိုင်းရှိနေပေမဲ့ ငါကတော့ တကယ်ဆို ပုံမှန်ထက်တောင် နည်းနည်းပိုဆိုးဝါးနေတာပဲ။’
ထင်ထားတာထက်ကို နည်းနည်းပိုပြီး စိတ်ပျက်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွတ်ထွက်မသွားသေးတဲ့ သွားအကျိုးကြောင့် ခံစားရတဲ့ နာကျင်မှုလိုပါပဲ။
သူ့မှာ အမှားနည်းနည်းလေးရှိနေတာ ကျွန်မ သိပါတယ်…
များသောအားဖြင့် အပြစ်ရှာစရာမရှိ ဖြစ်နေတတ်ပြီး ကလေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်မ တကယ်ပဲ သူ့ကို အပြစ်တင်လို့ဖြစ်ပါ့မလား။
ဒါပေမဲ့လည်း ကျွန်မ သူ့ကို စိတ်နာရတဲ့အကြောင်းရင်းက နောက်ဆုံးတော့ သူ ဒီနေ့ကို မျှော်လင့်နေလောက်မှာပဲဆိုတဲ့ အချက်ပါပဲ။ ဒီသွေးအေးအေးနဲ့လူက အဲ့ဒီလောက်ကို အလုပ်ရှုပ်ခံပြီး ပြောနေမှာမဟုတ်ပေမဲ့ပေါ့။
နောက်ဆုံးတော့ အားလုံးက သူလိုချင်တဲ့အတိုင်း ဖြစ်သွားခဲ့ပြီမဟုတ်လား။
‘ငါ အခု ဘယ်လိုခံစားရလဲ။’
ပါးစပ်ထဲမှာ လျှာအစား ဓားသွားများရှိနေသလားမှတ်ရအောင် ဒီအတွေးတွေက အရမ်းကိုမှ စူးစူးရှရှ ခံစားရပါတယ်။
သူက ပြောစရာမရှိတော့တဲ့ မျက်နှာထားမျိုးနဲ့ ရပ်နေခဲ့တယ်။ ကြုံတောင့်ကြုံခဲ အနေအထားပါပဲ။
ဟန်ဆောင်မှုပါးပါးလေးနဲ့ မျက်နှာဖုံးတပ်ယဉ်ကျေးပျူငှာမှုတို့စွက်နေတဲ့ အချိုး။
ရယ်ချပစ်လိုက်ချင်ပေမဲ့ ကျွန်မမှာ အင်အားမရှိတော့ပါဘူး။
“ဘာလို့ လာခဲ့တာလဲ။”
“မင်းရဲ့ ဖုန်းခေါ်ထားတဲ့မှတ်တမ်းထဲမှာ ငါ့နံပါတ်တွေ့လို့ဆိုပြီး ဆေးရုံက ဖုန်းဆက်လာလို့။”
“သူတို့ဖုန်းကို ကိုင်လိုက်နိုင်တယ်ဆိုတာ အံ့ဩစရာကြီးပါလား။ ဒီတော့ ဖုန်းမကိုင်တတ်တာက ကျွန်မဖုန်းနံပါတ်တစ်ခုတည်းအတွက်ပဲ အထူးသီးသန့်ထားတဲ့ ဆက်ဆံမှုထင်တယ်။”
အကြောင်သားဖြစ်သွားတဲ့ ဝူဂျင်ဟာက ကျွန်မနဲ့ မတူလှစွာ ထွက်လာတဲ့ ခနဲ့တဲ့တဲ့စကားကို ကြားလိုက်ရတာ တကယ်ရောဟုတ်ရဲ့လားလို့ သေချာအောင် လုပ်နေတဲ့အလား တဒင်္ဂ ပါးစပ်ပိတ်သွားခဲ့တယ်။
သူက ဒေါသထွက်နေပုံတော့မပေါ်ပါဘူး။
“ငါ အစည်းအဝေးတက်နေလို့။”
“သိတယ်။ ရှင့်ရဲ့အချိန်ဇယားကို သိတာပေါ့။”
“…”
“ကြာသပတေးနေ့တိုင်း မနက် ၁၀နာရီမှာ ဂျင်ဟာ ဘာလုပ်လေ့ရှိသလဲဆိုတာ ကျွန်မ သိပါတယ်။”
သူ့အကြောင်း သိသလောက် သတိထားရမဲ့ အရာတွေကလည်း အများကြီးပါ။
သူ့အမေက ကျွန်မ သူ့ဘဝမှာ ဝင်စွက်ဖက်မှာကို ကြောက်လှတာမို့ ကျွန်မက သူ့ကို ကူညီနိုင်တာထက်ပိုပြီး ဝန်ဖြစ်စေတဲ့သူမဖြစ်ရအောင် ကြိုးစားနေထိုင်ခဲ့တာလေ။ တစ်ချိန်က ကျွန်မရဲ့အလုပ်က တော်တော်လေးကို အထောက်အကူ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီလိုလုပ်ဖို့အတွက် ဘယ်သူကမှ သီးသီးသန့်သန့် တောင်းဆိုခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက သခင့်ဆီက အချစ်ငတ်နေတဲ့ခွေးလို ပြုမူခဲ့မိတယ်လေ။
ရှင်းဟီဂျူဆိုတာ အဲ့ဒီလိုခွေးပါပဲ။
သူ့ကိုယ်သူကလွဲပြီး တခြားဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်တော့မဲ့အလား ကျွန်မ တုန်ယင်နေတဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်တယ်။
“ကျွန်မ အဲ့ဒါတွေ အကုန်သိတယ်။ အစည်းအဝေး အချိန်အတွင်းမှာတောင်မှ အရေးကြီးတဲ့ဖုန်းဆိုရင် ရှင် ကိုင်သေးတာပဲ။”
“…”
“ကျွန်မသိထားသလောက်လေးတော့ ရှင့်အတွက် အနှောင့်အယှက်မဖြစ်ရအောင် တကယ်ကို အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ကျွန်မ အဲ့ဒီအတိုင်းလေးပဲ နေလာခဲ့တာပါ။”
“…”
“အရင်က ရှင့်အလုပ်ချိန်မှာ ကျွန်မ တစ်ခါလေးမှ ဂျီတိုက်နှောင့်ယှက်တာတွေ မလုပ်ခဲ့ဖူးပါဘူး။ အဲ့ဒါကြောင့် ဒီနေ့တော့ တစ်မျိုးကွဲပြားလောက်မှာပါလေလို့ ထင်ခဲ့မိတာ။ ဖုန်းမဆက်ဖူးတဲ့သူက ဖုန်းဆက်လာတယ်ဆိုရင် တကယ်ကို အရေးကြီးလို့ဖြစ်မယ်ဆိုပြီး မတွေးသင့်ဘူးလား…”
အန္တရာယ်အရိပ်အယောင်နဲ့ ဗိုက်စနာလာကတည်းက ကျွန်မ သူ့ကို အကြိမ်ကြိမ် ဖုန်းဆက်ခဲ့တာပါ။ အရေးပေါ် (911) ကို ဖုန်းဆက်ပြီးတဲ့နောက်မှာတောင်မှ ခြေတံတွေကြားမှာဖြစ်ပွားနေတဲ့ သေတော့မလို နာကျင်စရာ ခံစားချက်ကြောင့် အသက်ရှူကျပ်နေသလိုမျိုး ကျွန်မ မနည်းအသက်ရှူနေခဲ့ရတယ်…အိမ်မှာ သတိလစ်မသွားခင် ကြောက်လန့်တုန်လှုပ်နေရင်း၊ မလှုပ်မယှက်လေး အဲ့ဒီမှာပဲ လှဲလျက်လေး ရှိနေခဲ့ရတယ်…
“ကျွန်မ သေသွားရင်တောင် ရှင်က ပြောင်းလဲမှာမဟုတ်ဘူးပဲ။”
ကျွန်မ သေမလိုဖြစ်နေတဲ့ အဲ့ဒီအခိုက်အတန့်မှာ၊ သေမှာကို ကြောက်လန့်တုန်လှုပ်မိနေတဲ့ အဲ့ဒီအခိုက်အတန့်မှာ၊ ကျွန်မရဲ့ကလေးလေး သေသွားရတဲ့ အခိုက်အတန့်မှာ…သူ့ရဲ့လမ်းမှာ အနှောင့်အယှက် ဖြစ်နေမှာစိုးလို့ ကူညီဖို့ကြိုးစားရင်း အာရုံမရဖြစ်နေခဲ့တဲ့ ကျွန်မလိုမဟုတ်ဘဲ သူ့မှာတော့ ကျွန်မကို ကူညီပေးဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမဲ့ သူက အဲ့ဒီလိုမလုပ်ခဲ့ပါဘူး။
ကျွန်မတို့ကလေးလေး လောကကြီးကနေ ပျောက်ကွယ်မသွားခင်လေးမှာ ဟန်ဆောင်ပန်ဆောင်လေးပဲဖြစ်ဖြစ် ဂရုစိုက်ပေးဖို့ သူ့မှာ အခွင့်အရေးရှိခဲ့ပါတယ်။
သူ့ဇနီး ကလေးမပျက်ကျခင်မှာ လက်ကလေး ကိုင်ထားပေးဖို့လည်း အခွင့်အရေးရှိခဲ့ပါတယ်။
‘ဖုန်းထဲကနေ ကျွန်မအသံကို ကြားနိုင်ဖို့တောင် အခွင့်အရေး ပေးထားခဲ့သေးတာ။’
‘ကျွန်မကို မချစ်ရင်တောင် အနည်းဆုံး လူသားတစ်ယောက်လိုတော့ ဆက်ဆံပေးမှပေါ့။’
“ကျွန်မတို့မှာ တခြားလူတွေလို ပုံမှန် ချစ်ချစ်ခင်ခင်ရှိတဲ့ ပတ်သက်မှုမျိုး ဘယ်တော့မှ ရှိလာနိုင်မှာမဟုတ်ဘူး။”
ဒါပေမဲ့ သူက ကျွန်မရဲ့ဖုန်းကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တယ်လေ။ ဝူဂျင်ဟာအတွက် ကျွန်မလောက် အရေးမပါတဲ့အရာဆိုတာ မရှိတော့ပါဘူး။
****
‘သားဖွားမီးယပ်ဆေးခန်းမှာ ခင်ပွန်းမရှိတဲ့မိန်းမတစ်ယောက်လိုမျိုး တစ်ယောက်တည်းထိုင်ပြီး ကလေးလေးမွေးလာဖို့ စောင့်ရတာ ဘယ်လိုခံစားရမှန်း ရှင်မသိပါဘူး။’
‘ကိုယ်ဝန်ရှိနေပြီလို့ ပထမဆုံး ကြားလိုက်ရတဲ့အချိန်မှာ ဆရာဝန်အရှေ့မှာ တစ်ယောက်တည်း ငိုခဲ့ရတဲ့ ကျွန်မ ဘယ်လိုခံစားခဲ့ရမှန်း ရှင် မသိပါဘူး။’
‘ကလေးကို ကျွန်မ ဘယ်လောက်ချစ်ခဲ့သလဲဆိုတာ၊ ကလေးကို ချစ်ပေးပါ့မယ်လို့ ကိုယ့်ဘာသာကိုယ် ဘယ်လောက်အထိ သန္နိဋ္ဌာန်ချထားခဲ့သလဲဆိုတာတွေ ရှင်မသိပါဘူး။’
‘ကလေးက ရှင်နဲ့ ဘယ်လိုတူလောက်မလဲဆိုတာကို တွေးကြည့်ရင်း ကျွန်မ ဘယ်လောက်ပျော်ခဲ့ရသလဲဆိုတာ ရှင်မသိပါဘူး။’
‘ကျွန်မ ရှင့်ကို ဘယ်လောက်ချစ်သလဲဆိုတာ ရှင် မသိပါဘူး။’
‘ကျွန်မရဲ့အဲ့ဒီဘက်အခြမ်းကို ရှင် ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။’
“ကလေးက မိန်းကလေး။”
“…”
“သူတို့ ပြောပြခဲ့တာ သိပ်မကြာသေးဘူး။ သားယောက်ျားလေး မွေးမှပဲ ရှင့်အမေက ကျွန်မကို လူလိုဆက်ဆံမှာမို့လို့ မိန်းကလေးဆိုရင် ပစ်ပယ်မှာစိုးလို့ ဘာမှမပြောပြခဲ့တာ။ ဂျင်ဟာကတော့ စိတ်မဝင်စားလောက်ဘူးမဟုတ်လား။ အဲ့ဒီလိုဆိုရင်တောင်မှ ကျွန်မ သူ့ကို ချစ်မှာပါ။”
“…”
“ကလေးအဝတ်လေးတွေ တစ်နေကုန် လုပ်လုပ်နေခဲ့တာလေ။ မိန်းကလေးဆိုရင်တောင်မှ ပန်းရောင်လေးပေးဝတ်ရင် တောဆန်လိမ့်မယ်လို့ ထင်မိတယ်။ သမီးလေးကို သူ့အဖေနဲ့ တူစေချင်တာလေ။ အဲ့ဒါကြောင့် ရှင်က ပန်းရောင် တစ်ခါမှမဝတ်ဖူးတော့ ပန်းရောင်နဲ့ ဘာတစ်ခုမှ မလုပ်ထားဘူး။ ကျွန်မ အရမ်းပျော်နေခဲ့တာ။ ရှင်ပြန်လာရင် ကိုယ့်ယောက်ျားကိုယ် သတင်းကောင်းပေးရတော့မယ်ဆိုပြီးတော့ ဝမ်းသာနေတာ။ ဒါပေမဲ့ အဲ့ဒီလို မျှော်နေပြီးတဲ့နောက်မှာ ရှင်က ကျွန်မကို တစ်ချက်တောင်မကြည့်ဘဲ စာကြည့်ခန်းထဲ ဝင်သွားခဲ့တယ်လေ။”
“…”
“ဒါပေမဲ့လည်း ကျွန်မ ပျော်ပါတယ်။ သူ အသက်ရှိနေတုန်းကပေါ့။”
“ဟီဂျူ။”
သူ ကျွန်မကိုထိဖို့ လှုပ်ရှားလိုက်ချိန်မှာ ကျွန်မရဲ့ အေးစက်စက် လက်မောင်းတွေက သူ့ရဲ့အနွေးဓာတ်ကို ခံစားလိုက်ရတယ်။
တစ်နည်းအားဖြင့် ကျွန်မ ပြုံးလိုက်တယ်။ ဝူဂျင်ဟာက အခု ကျွန်မကို နှစ်သိမ့်ပေးနေတယ်ဆိုတာ မယုံနိုင်ခဲ့ဘူးလေ။
“ရှင် ကျွန်မကို အဲ့ဒီလိုခေါ်ရင် ပျော်မိတယ်။ ရှင် အဲ့ဒီလိုခေါ်ရင် ကျွန်မတို့ရဲ့ဆက်ဆံရေးက ပြောင်းလဲနိုင်လောက်ပါရဲ့၊ ကျွန်မတို့ အမြဲတမ်း ဒီလိုကြီး နေသွားကြလောက်မှာ မဟုတ်ပါဘူးလေဆိုပြီး မျှော်လင့်ချက်တွေ ဖြစ်လာတာလေ။”
“အရင်ဆုံး ကားဆီသွားကြရအောင်။”
“ဒါပေမဲ့ အဲ့ဒါတွေအားလုံးက အလကားပဲ။ ဂျင်ဟာ ကျွန်မတို့နှစ်ယောက်ကြားမှာ ဘယ်အရာကမှ ပြောင်းလဲမှာမဟုတ်ဘူး။”
“အိမ်ပြန်ပြီး စကားပြောကြမယ်။”
“အဖြေကို သိနေကြပြီဆိုရင် ဒီလို မိုက်မဲတဲ့အရာကို ဘာလို့ အလုပ်ရှုပ်ခံပြီး လုပ်နေဦးမှာလဲ။”
သူက ချက်ချင်း ပြန်မဖြေခဲ့ပါဘူး။ ခဏလောက် ရပ်သွားပြီးတဲ့နောက်မှာ သူက တိတ်ဆိတ်မှုကို တိုးတိုးလေး ဖြိုခွင်းလိုက်တယ်။
“မင်း အခု ငါ့ကို ဒေါသထွက်နေမှန်း နားလည်ပါတယ်။”
“ဂျင်ဟာက ဘာမှနားမလည်ပါဘူး။”
“ငါ နားလည်တယ်။ ဒါပေမဲ့ နောက်မှပဲ ပြောကြရအောင်။ အခု မင်းက နေမကောင်းဘူးလေ။ အခု ဒီလိုမျိုးပိုလုပ်လေ မင်းအတွက် ပင်ပန်းရလေပဲဖြစ်မှာ။”
“ကျွန်မ အခု ပင်ပန်းနေတယ်လို့။”
“ဟီဂျူ။”
သူ ကျွန်မကို အဲ့ဒီလိုမျိုး ရင်းနှီးတဲ့ပုံစံမျိုးနဲ့ မခေါ်ခဲ့သင့်ပါဘူး။ ကျွန်မ ထွက်ပြေးဖို့ကြိုးစားတိုင်း သူက ကျွန်မကို အဲ့ဒီနည်းအတိုင်းပဲ တားခဲ့တယ်လေ။
လူတိုင်းက ကျွန်မဟာ ဝူဂျင်ဟာရဲ့ ခြေကျင်းဝတ်ကို ချုပ်ထားတဲ့သူပါလို့ ပြောကြပေမဲ့ ဝူဂျင်ဟာကမှ ကျွန်မကို ခြေကျင်းဝတ်ကနေ ချုပ်ထားတဲ့သူပါ။
ကျွန်မမှာတော့ သူ့ခြေကျင်းဝတ်ကို ဖမ်းချုပ်ဖို့ ဘဝတစ်ခုလုံး ပုံရင်းခဲ့ရပေမဲ့ သူလုပ်ခဲ့တာဆိုလို့ ကျွန်မနာမည်လေးကို ခေါ်ရုံပဲရှိခဲ့ပါတယ်။
‘ဟီဂျူ။’
အဲ့ဒီလို နူးနူးညံ့ညံ့လေး ခေါ်လိုက်ရင် ကျွန်မမှာ အပျော်တွေကိုလွန်လို့လေ။
ကျွန်မ ကြိုးစားပြုံးခဲ့ရတဲ့အပြုံးက ပျက်ယွင်းသွားခဲ့တယ်။
“ဂျင်ဟာ ရှင့်ဘဝက ကျွန်မကြောင့် ပျက်စီးသွားခဲ့ရတာ။ ရှင့်အတွက် ပင်ပန်းခဲ့ရမှာပဲ။”
“ငါ့ဘဝက ဘယ်တုန်းကမှ မင်းကြောင့် မပျက်စီးခဲ့ရဖူးဘူး။ အဲ့ဒါကြောင့် စကားပြောနေတာရပ်ပြီး ကားဆီသွားကြရအောင်။”
“အခု ကျွန်မ အရှက်တကွဲဖြစ်သလို ခံစားရတယ်။”
“ဘာ။”
“ရှင် ကျွန်မကြောင့် အရှက်ရခဲ့ရမှန်း ကျွန်မ သိတယ်။ အဲ့ဒါက စိတ်တိုပြီး မွန်းကျပ်ဖို့ကောင်းမှန်း ကျွန်မ သိတယ်။ ကိုယ်မချစ်တဲ့မိန်းမ၊ ဘယ်တုန်းကမှ စီစဉ်မထားခဲ့တဲ့ အိမ်ထောင်ရေး…အိမ်ပြန်လာတိုင်း ကိုယ်တောင်သဘောမကျတဲ့ကောင်မကို တွေ့နေရတာ။ ကျွန်မက တစ်နေ့လုံး ရှင့်ကိုပဲ မျှော်နေသလို ခံစားမိလောက်မှာပဲ…ဒါပေမဲ့ ရှင်သိလား။ ကျွန်မလည်း ရှက်မိရပါတယ်။”
“…”
“ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းရှက်တယ်။ အဲ့ဒါကြောင့် ရှင် လုပ်ခိုင်းသမျှ အကုန်လုပ်ခဲ့တာ။ ဂျင်ဟာက ဘာမှမတောင်းဆိုဖို့ ပြောခဲ့တယ်မဟုတ်လား။ အဲ့ဒါကြောင့် ကျွန်မဘာသာကျွန်မ မျိုသိပ်ထားခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် စုစည်းထားခဲ့တယ်၊ ဘာကိုမှ မမျှော်လင့်ဖို့ ကိုယ့်ကိုယ်ကိုယ်ပြောခဲ့တယ်။ ပြီးတော့ ဒါက ကျွန်မကြိုးစားမှုရဲ့ ရလဒ်တဲ့လေ။”
“…”
“တစ်ခါလေးပဲ ကျွန်မရဲ့ သေကောင်ပေါင်းလဲ အဖြစ်အပျက်မှာ ရှင့်ကို လိုအပ်ခဲ့တာပါ။”
“ရှင်းဟီဂျူ။”
“ကျွန်မကလေးရဲ့ အကြွင်းအကျန်တချို့ ကျွန်မကိုယ်ထဲမှာ ကျန်နေသေးတယ်ဆိုလို့ ကျန်နေတာတွေကို ဖယ်ထုတ်ပစ်ရမယ်လို့ပြောတော့ စာရွက်စာတမ်းတွေကို ကျွန်မလက်နဲ့ ကိုယ်တိုင် လက်မှတ်ထိုးခဲ့ရတယ်…”
“…”
“ဒီတော့ ဒါက တစ်လောကလုံးမှာ အတော်ဆုံးဆိုတဲ့ယောက်ျားနဲ့ အတူတူနေရခြင်းရဲ့ တန်ကြေးပေါ့လေ။ ကြေးကမြင့်လှချည်လား။”
သူ့အရှေ့မှာ သေတောင်မငိုဘူးလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဖြတ်ထားခဲ့ပေမဲ့ ဆရာဝန်ရဲ့စကားတွေကို ပြန်ကြားယောင်မိတဲ့အခါ အသက်ရှူရပ်မတတ် ငိုမိခဲ့တယ်။
ကျွန်မဆီ ကိုးရိုးကားရား ကမ်းလင့်လာတဲ့ သူ့လက်တွေကို ရိုက်ပုတ်ဖယ်ရှားပစ်လိုက်တယ်။ အဲ့ဒီနောက် သူက ကုတ်အင်္ကျီကိုချွတ်ပြီး ကျွန်မကို ခြုံပေးခဲ့တယ်။ ကျွန်မတို့နှစ်ယောက် ကားပါကင်ဆီ စတင်လျှောက်လှမ်းခဲ့ကြတယ်။
ကျွန်မ အငိုမတိတ်နိုင်ခဲ့ပါဘူး။ ကျွန်မ ခရီးသည်ခုံမှာထိုင်ပြီးလို့ ကားစက်နှိုးနေတဲ့အချိန်မှာတောင်မှပေါ့။
ကားစက်နှိုးလိုက်တယ်ဆိုရင်ပဲ ကားအဲကွန်းပြင်းပြင်းက ကားတစ်ခုလုံးအနှံ့ ပျံ့နှံ့ထိုးဖောက်သွားခဲ့တယ်။ အဲကွန်းကို အရင်မပိတ်ဘဲ ကားစက်သတ်ခဲ့တာကြောင့်ထင်ပါရဲ့။
ဝူဂျင်ဟာက သူနဲ့မတူလှစွာ အနည်းငယ် ကြောင်အမ်းအမ်းနဲ့ အဲကွန်းကို ပိတ်လိုက်တယ်။ ဩဂုတ်လ ကုန်ပြီလေ။
ကျွန်မ သူ့ရဲ့ ကုတ်အင်္ကျီကို ခြုံထားရင်း တုန်ယင်နေခဲ့တယ်။
“…မငိုနဲ့တော့။”
“ရှင် မကြားချင်ဘူးကိုး တောင်းပန်ပါတယ်။”
“မင်း ပင်ပန်းနေမှာမို့လို့ မကြားချင်တာ။”
“တောင်းပန်ပါတယ်။”
“ငါကွာ ဒီလောက်ပဲ တောင်းပန်စမ်းပါ…”
ကျွန်မ ရွဲ့တဲ့တဲ့ တောင်းပန်ခဲ့တယ်။ အတန်ကြာတဲ့အထိ သူက ကားမမောင်းသေးဘဲ အဲ့ဒီအစား ကျွန်မတို့နှစ်ယောက် ဒီအတိုင်း ကားထဲမှာ ထိုင်နေခဲ့ပြီး သူက အရှေ့တည့်တည့်ကိုသာ ကြည့်နေခဲ့တယ်။ သူ့မျက်နှာက အနည်းငယ် ပျက်ယွင်းနေခဲ့ပြီး ခဏကြာတော့ သူ့ရဲ့ ထုံးစံအတိုင်း ခပ်တည်တည်မျက်နှာထားမျိုး တစ်ဖန် ပြန်ဆင်မြန်းလိုက်ပြန်တယ်။
သူက အရှေ့လေကာမှန်အပြင်ကို ငေးကြည့်ရင်း ရုတ်တရက် မေးလာခဲ့တယ်။
“ဘယ်လိုဖြစ်တာလဲ။”
“…”
“လဲကျလို့လား။”
“ဟင့်အင်း။”
“တစ်ခုခုနဲ့ ဆောင့်မိလို့လား။”
“ဟင့်အင်း။”
“သိပြီ။”
“ရုတ်တရက်ကြီး ဆိုးဆိုးဝါးဝါး နာကျင်လာတာ။ နောက်ပြီးတော့ သွေးတွေဆင်းလာရော။ ပြီးတော့ ဆေးရုံလည်းရောက်ရော ရေမြွှာပေါက်သွားတယ်။ ခွဲခန်းအမြန်ဝင်လိုက်ရတယ်လေ။ ကျွန်မ ကလေးလေးကို ကယ်ပေးလို့ရမလားလို့ မေးကြည့်ပေမဲ့ သူတို့ပြောတာ ကလေးက သေနေပြီတဲ့။”
“…”
“တစ်ခါတလေလည်း အကြောင်းမရှိဘဲ ကိစ္စတွေ ဖြစ်တတ်တာပဲ။”
“ငါ တောင်းပန်ပါတယ်။”
ကျွန်မကို ကြည့်နေချိန်မှာ ကျွန်မ ခင်ပွန်းရဲ့ မျက်နှာထားက ထူးဆန်းနေခဲ့တယ်။ အဲ့ဒါကတော့ အလိမ်အညာ ဘာတစ်ခုမှမပါတဲ့ တောင်းပန်စကားပါပဲ။ ဒါပေမဲ့ အခုတော့ အဲ့ဒါက ဘာမှအဓိပ္ပာယ်မရှိတော့ပါဘူး။
“ရှင်ကတော့ ဘယ်ပြင်းပြင်းထန်ထန် ခံစားရပါ့မလဲ။ ဒါပေမဲ့ ကျွန်မက မိဘမဲ့တစ်ယောက်လေ။ ကျွန်မမှာ အဖေလည်းမရှိဘူး အမေလည်းမရှိဘူး။ ရှင် ဂျင်ဟာက ကျွန်မရဲ့ တစ်ဦးတည်းသော မိသားစုပဲ။ ကျွန်မတို့တွေ မိသားစုဖြစ်လာကြတာ ရယ်စရာမကောင်းဘူးလားဟင်။ ကျွန်မလို မိန်းမမျိုးနဲ့ တစ်ညတာ ကုန်ဆုံးမိပြီးတဲ့နောက် ဒါက အရမ်းကို တရားလွန်တဲ့ အပြစ်ပေးမှုကြီး ဖြစ်နေမှာပဲနော်။”
“မင်းဘာသာမင်း ထင်ရာတွေကောက်ချက်လိုက်ဆွဲနေတာရပ်ပြီး အကျိုးသင့်အကြောင်းသင့် တွေးစမ်းပါ ရှင်းဟီဂျူရဲ့။ မင်းလုပ်နေကျအတိုင်းလေ။”
“လွန်ခဲ့တဲ့ လေးနှစ်တိတိ ကျွန်မတို့ စတွေ့ခဲ့ကြတုန်းကလိုလား။”
“…လေးနှစ်ခွဲပါ။”
“ဟုတ်တယ်။ လေးနှစ်ခွဲ။ လေးနှစ်ခွဲကာလမှာ ကျွန်မ အခုလောက် အကျိုးသင့်အကြောင်းသင့်ရှိတာမျိုး မရှိခဲ့ဖူးဘူး။”
သူက ဘာမှမပြောဘဲ မျက်မှောင်ကြုတ်လိုက်တယ်။
သူ လက်မခံဘူးထင်ပါရဲ့။ ဒါပေမဲ့ ကျွန်မစကားကို နည်းနည်းထပ်နားထောင်ပြီးတဲ့နောက်မှာ သူ့မျက်နှာထားက စိတ်သက်သာရရာရသွားတဲ့ဘက်ဆီ ပြောင်းသွားမှာကျိန်းသေတယ်လို့ ကျွန်မ အခိုင်အမာ တွေးခဲ့မိတယ်။
“ကွာရှင်းရအောင်။ ကျွန်မတို့နှစ်ယောက်။”
‘ကလေးက မရှိတော့ဘူးဆိုတော့ အခု ကျွန်မတို့တွေ နဂိုအနေအထားကို ပြန်ရောက်သွားပြီလေ။’
‘ကျွန်မ ဝူဂျင်ဟာကို ဘယ်လောက်ပဲ စိတ်ပျက်စရာကောင်းလောက် ချစ်တယ်ပြောပြော အရူးလုပ်နေရတာကို ပင်ပန်းလှပါပြီ။’
****
Translated by D