Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၁)
အဲ့ဒီနှစ် ဖေဖော်ဝါရီလထဲမှာပေါ့။ နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် နောက်ဆုံးနေ့လည်းဖြစ်တဲ့ ဘူဆန် အလုပ်ခရီး နောက်ဆုံးနေ့မှာ ဟီဂျူတစ်ယောက် အနေခက်စရာ ညစာစားပွဲရဲ့အလယ်မှာ ရှိနေခဲ့တယ်။
အတွင်းရေးမှူးတွေကိုပါ ဘာမှမမှုဘဲ အပြင်မှာထွက်စားဖို့ ဖိတ်ကြားခဲ့တဲ့ ညစာစားပွဲပေါ့။ ဥက္ကဋ္ဌဂျန်ရဲ့ ဖော်ရွေပျူငှာမှုကြောင့်လို့ပဲဆိုပါတော့။
ဝူဆောင်း C&T ရဲ့ ဥက္ကဋ္ဌဂျန်က အသက် ၆၅ ဝန်းကျင်အရွယ်မှာရှိနေတာတောင်မှ ရှိရင်းစွဲအသက်ထက် ၁၀နှစ်လောက် ပိုငယ်သယောင် အရွယ်တင်လှပါတယ်။
သေသေချာချာ ထိန်းသိမ်းထားတဲ့ သူ့မျက်နှာနဲ့ တော်တော်လေး ကြည့်ကောင်းတဲ့ သူ့ရုပ်ရည်ကြောင့် မကြာမကြာ ချီးမွမ်းခံရလေ့ရှိတယ်လေ။ သူကတော့ စကားလေးတစ်ခွန်းတောင် ပြောစရာမလိုဘဲ အပြုံးလေးတစ်ချက်နဲ့တင် လူတွေရဲ့ အလေးပေးနှစ်သက်မှုကို သိမ်းပိုက်နိုင်တဲ့ အင်အားကြီးကြီး ဆွဲဆောင်မှုရှိရှိ လူတစ်ယောက်ပါပဲ။
ဖော်ရွေနွေးထွေးပေမဲ့ ရှိန်ချင်စရာ ဖိတ်ကြားမှုကြောင့် မန်နေဂျာလီနဲ့ ဟီဂျူတို့နှစ်ယောက်သား ဥက္ကဋ္ဌဂျန်နဲ့ အတူတူလိုက်လာခဲ့ကြပြီး အခုတော့ ကိုရီးယား ရိုးရာစားသောက်ဆိုင်မှာ တခြားလူတွေနဲ့အတူ ဘေးချင်းယှဉ်လျက် ထိုင်နေခဲ့ကြတယ်။
အဲ့ဒါက ဟီဂျူအတွက် ပထမဆုံး ဘူဆန်ခရီးစဉ်ဖြစ်တာကြောင့် သူလည်း ညစာစားပွဲကို ဖိတ်ကြားခံခဲ့ရတာပေါ့။ သူ့ကို ထောက်ခံချက်ပေးခဲ့တဲ့သူက ဥက္ကဋ္ဌဂျန်ဖြစ်ပြီး ကြိုတင်စာရင်းပေး ဘိုကင်ယူတဲ့အခါမှာ သူက သူတို့ကိုပါ ထည့်သွင်းစာရင်းပေးထားခဲ့တယ်။
ဒါပေမဲ့ သူ ကြိုတင်ပြီး စာရင်းပေး နေရာယူထားတဲ့ စားပွဲနဲ့ထိုင်ခုံက တစ်နည်းအားဖြင့် တော်တော်လေးကို တွက်ချက်ပြီး နီးကပ် ပူးကျပ်နေအောင် စီစဉ်ထားပုံပေါ်တာကြောင့် ဟီဂျူရော၊ မန်နေဂျာလီပါ သူ့ရဲ့ မကောင်းတဲ့အကြံကို ကောက်ချက်ဆွဲ ရိပ်မိခဲ့ရတယ်။ ဟီဂျူ မန်နေဂျာလီရဲ့ဘေးမှာ ထိုင်လိုက်တဲ့အခါ ဖြစ်ပျက်သွားတဲ့ ဝူဂျင်ဟာရဲ့ မသာမယာ မျက်နှာထားက သူတို့ရဲ့အထင်ကို ပိုပြီးခိုင်မာသွားစေခဲ့တယ်။
ဟီဂျူတို့ မရောက်ခင်မှာ ဝူဂျင်ဟာက ဟီဂျူတို့ကို ညစာစားဖို့ ဖိတ်မယ်ဆိုတဲ့ ဥက္ကဋ္ဌဂျန်ရဲ့ အကွက်ရွှေ့မှုကို ကြိုတင် ကန့်ကွက်ထားပြီးသားပါ…
ဒါပေမဲ့ ဥက္ကဋ္ဌဂျန်က အတွင်းရေးမှူးတွေဟာ သူ ယုံကြည်အားကိုးရသူတွေဖြစ်တာကြောင့် ဝူဂျင်ဟာမှာ သူတို့တက်ရောက်တာကို ငြင်းပယ်ပိုင်ခွင့်မရှိဘူးလို့ပြောပြီး ဝူဂျင်ဟာရဲ့ ကန့်ကွက်မှုကို ပယ်ချခဲ့တယ်လေ။
ဝူဂျင်ဟာတောင်မှ ငြင်းပယ်ပိုင်ခွင့်မရှိတဲ့ နေရာမှာ ဟီဂျူနဲ့ မန်နေဂျာလီတို့ရဲ့ အမြင်က ဘယ်လိုများ အရေးပါမှာတဲ့လဲ။
“ကဲ များများသောက်နော် အတွင်းရေးမှူး ရှင်း။”
“ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီး။”
အပြန်မှာ ဝူဂျင်ဟာကို ဟိုတယ်ဆီ ကားမောင်းပို့ပေးရမှာမို့ ဟီဂျူက တမင်တကာပဲ ကြွေထည်ခွက်ထဲမှာ အရက်နည်းနည်းလေးသာထည့်ပြီး ဥက္ကဋ္ဌဂျန် စိတ်မကွက်စေရေးအတွက် ခွက်ကိုပါးစပ်နဲ့တေ့ရုံသာ ဟန်လုပ်ခဲ့တယ်။
ဒါပေမဲ့ ဟီဂျူ့ဘေးမှာထိုင်နေရင်း ဝူဂျင်ဟာရဲ့ မျက်လုံးတွေဟာ စိတ်လွတ်သွားတဲ့တစ်ခဏမှာ မနှစ်မြို့မှုတို့ အတိလွှမ်းနေခဲ့တယ်။
သူတို့ရဲ့ အရက်ဝိုင်း နောက်ဆုံး အဆုံးသတ်သွားချိန်မှာတော့ ညနေတော်တော်စောင်းနေခဲ့ပါပြီ။
ဝူဂျင်ဟာက ပုံမှန်အားဖြင့် သွေးအေးပေမဲ့ စာနာစိတ်မရှိတဲ့ အထက်အရာရှိတစ်ယောက်မဟုတ်သလို သူတစ်ပါးကို ခိုင်းစေတာတို့၊ ပေါ်တင်ကြီး မောက်မာတာတို့ လုပ်တတ်တဲ့လူစားမျိုးလည်း မဟုတ်ပါဘူး။
သူ့ရဲ့ ဘာသိဘာသာနေတတ်မှုဟာ ဟီဂျူလိုမျိုး ဘာမဟုတ်တဲ့ စီမံခန့်ခွဲရေးပိုင်းက အတွင်းရေးမှူးတစ်ယောက် အလွယ်တကူ ပြောင်းလဲပစ်လို့ရတဲ့အရာ မဟုတ်ဘူးလေ။
‘သူနဲ့ငါ အလုပ်အတူတူလုပ်လာတာ ၄နှစ်တောင်ရှိသွားပြီ။’
ဂျင်ဟာနဲ့ စတွေ့ကတည်းက သူဟာ အမြဲတမ်း သူ့အလုပ်အပေါ် အနည်းငယ် အစွဲအလမ်းထားတတ်ပုံရပြီး အဲ့ဒီအတွက်ကြောင့်ပဲ သူတို့ အလုပ်လုပ်နေကြတဲ့အချိန်ဆိုရင် ဟီဂျူခမျာ နေ့မှန်းညမှန်း သိအောင်တောင် မနည်းသတိထားခဲ့ရတယ်။
ဆူရှီမှာစားတာကနေ ကန်တင်းက ဆန်းဒ်ဝစ်ရှ်အထိ၊ ဟိုတယ်ခန်းထဲ ပို့ပေးတဲ့ အစားအသောက်ကနေ တော်တော်လေး နာမည်ရတဲ့ စားသောက်ဆိုင်ကြီးတွေအထိ ဟီဂျူ သူ့သူဌေးနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စားသောက်ခဲ့ဖူးတဲ့ အကြိမ်ရေပေါင်းက မရေတွက်နိုင်အောင်ပါပဲ။ ဒီစားသောက်ဆိုင်မှာလည်း ဒါက ပထမဆုံးအကြိမ် ထိုင်ဖူးတာမဟုတ်ပါဘူး။
ဒီတော့ မတူညီတဲ့ ရာထူး အဆင့်အတန်းက လာတယ်ဆိုတဲ့အချက်ဟာ ဟီဂျူကိုရော၊ ဂျင်ဟာကိုပါ နှစ်ယောက်အတူရှိတိုင်း အနေခက်ရအောင် လုပ်တတ်တဲ့အရာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ဝူဂျင်ဟာက တော်တော်လေး စိတ်ကသိကအောက်ဖြစ်နေပုံပါပဲ။ ကျိန်းသေပေါက် ဟီဂျူကြောင့်ပေါ့။
သူ့မျက်နှာထားသူ ကျင်လည်စွာ ချက်ချင်းပြင်လိုက်ချိန်မှာတောင် ဟီဂျူ သူ့ရဲ့ခံစားချက်ကို ဖတ်နိုင်ပါတယ်။ ဝူဂျင်ဟာရဲ့ အရိပ်အကဲတိုင်းကို သူက အလွန်တရာကိုမှ ရိပ်မိနားလည်နေသူလေ။ သူ့အလုပ်အတွက် အဲ့ဒီလိုဖြစ်ဖို့ လိုအပ်တယ်မဟုတ်လား။
‘ငါ ဘာအမှားများ လုပ်ထားမိလို့ပါလိမ့်…’
စကားဝိုင်းမှာ စိတ်နဲ့ကိုယ် မကပ်လှစွာ ပြုံးပြုံးပြုံးပြုံးနဲ့ ထိုင်နေရင်း ဟီဂျူ့စိတ်ထဲမှာတော့ သူ့ဟာသူ ဘာလုပ်လို့လုပ်ထားမိမှန်းမသိဘဲ ပူပန်ကြောင့်ကြနေမိခဲ့တယ်။
ဟီဂျူက အမြဲတမ်း ဝူဂျင်ဟာအရှေ့မှာ သူ့ကိုယ်သူ သက်သေပြပြီး အလုပ်တာဝန်တွေကို အမှားတစ်စုံတစ်ရာမရှိဘဲ ပြီးမြောက်အောင် လုပ်ချင်ခဲ့တာလေ။
ဟီဂျူရဲ့ သူ့သူဌေးအပေါ် ကာလကြာရှည် မြတ်နိုးမှုက သူဌေးဘာမှခိုင်းစရာတောင်မလိုဘဲ သူ့ဟာသူ အလိုလိုကို သူဌေးရဲ့ခြေတော်ရင်းမှာ ဒူးထောက်ဝပ်တွားစေခဲ့တာပါ။
‘ငါ့ရဲ့ တွယ်ကပ်တပ်မက်ချင်တဲ့စိတ်ကြီးသာ ပေါ်သွားလို့ကတော့ သူ ငါ့ကို အထင်သေးသွားမှာ။ အဲ့ဒါက အကျည်းတန်တဲ့ ပြစ်ချက်ကြီး ဖြစ်သွားလောက်တယ်…’
ဟီဂျူတစ်ယောက် ဥက္ကဋ္ဌဂျန်ရဲ့စကားတွေကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ဝူဂျင်ဟာကို ခိုးခိုးကြည့်နေတုန်းမှာ ဝူဂျင်ဟာကတော့ ဥက္ကဋ္ဌကြီးပြောနေတဲ့ အကြောင်းအရာတွေကို စိတ်မပါ့တပါသာ နားထောင်ပြီး အစားကို သေသေသပ်သပ် စားနေခဲ့တယ်။
အဲ့ဒီနောက် သူတို့နှစ်ယောက် မျက်လုံးချင်းဆုံမိတိုင်း အေးစက်စက်နဲ့ သတိထားနေတဲ့အကြည့်ကို ဟီဂျူ တွေ့လိုက်ရတယ်။
အဲ့ဒီအတွက်ကြောင့် ဟီဂျူ ဂနာမငြိမ် ဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီညစာစားပွဲ မပြီးမချင်း သူ့အမှားက ဘာလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို သိနိုင်စရာ အကြောင်းမရှိပါဘူး။
“ဒါနဲ့…ငါ…မန်နေဂျာလီအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။ သူ ငါ့အတွက် အလုပ်လုပ်ပေးနေတာ ၇နှစ်လား၊ ၈နှစ်လား ရှိပြီလေ။ ဒုဥက္ကဋ္ဌဝူလည်း သိတဲ့အတိုင်း ငါတို့လိုလူတွေအတွက် ကိုယ့်ဘေးမှာ ယုံကြည်စိတ်ချရတဲ့သူတစ်ယောက် ရှိဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ အဲ့ဒီလိုလူတစ်ယောက်ကို ဘေးမှာအကြာကြီးထားဖို့ဆိုရင် ပိုတောင်ခက်သေးတယ်။”
“အမှန်ပါပဲ။”
“လူတစ်ယောက်ကို ယုံကြည်အားကိုးရတယ်လို့ တွေးလိုက်ပြန်ရင် နောက်ကျော ဓားနဲ့အထိုးခံရဦးမယ်။ ပြီးတော့ အရမ်းတွေ တော်နေထက်နေပြန်ရင်ရော။ တော်နေထက်နေတာက ပိုလို့တောင် အန္တရာယ်များသေးတာနော်၊ အထူးသဖြင့် သူတို့တွေ ပါးစပ်ပိတ်နေရကောင်းမှန်း မသိတဲ့အခါတွေပေါ့။ သူတို့လိုလူတွေဆိုတာ သစ္စာစောင့်သိတတ်ရမယ်၊ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတတ်ရမယ်၊ ဒါပေမဲ့ လောဘကြီးလို့လည်း မဖြစ်ပြန်ဘူး…လူတွေက သူတို့ကို လာဘ်ထိုးပြီးတော့ ကိုယ်တွေကို ဖြုတ်ချဖို့ကြံကြမှာမို့လို့လေ…မဟုတ်ဘူးလား။ တကယ်တော့ အဲ့ဒီစောက်ပိန်းတွေက ပါးစပ်ပိတ်နေကြရင်တောင်မှ နဂိုကတည်းက အသုံးကျကြတာမဟုတ်ဘူးဆိုတော့ မတန်ပါဘူး။”
ဥက္ကဋ္ဌဂျန်က မန်နေဂျာလီနဲ့ ဟီဂျူတို့ကို ရှိတယ်လို့တောင် မမှတ်ခဲ့ပါဘူး။
အဆင်တန်ဆာနဲ့ ဆင်တူပေမဲ့ တစ်ဖက်မှာ သူတို့ကို “တခြားအရေးမပါတဲ့ဟာတွေထဲကမှ ခြွင်းချက်” အဖြစ် ဆက်ဆံတာမျိုး။ ဥက္ကဋ္ဌဂျန်က ထိပ်ပိုင်းကနေ စီးမိုးကြည့်ရင်း သူ့အတွေးအမြင်တွေကို နားထောင်ခွင့်ဆိုတဲ့ အခွင့်ထူးကြီးပေးထားတာကိုက သူတို့ကို အသိအမှတ်ပြုတာပဲလို့ တကယ်ကြီး ထင်မှတ်ယူဆနေပုံပါပဲ။
‘အခု သူ့ရဲ့ အကဲဖြတ်သုံးသပ်ချက်က မန်နေဂျာလီအတွက် လေးစားထိုက်စရာ၊ အရေးကြီးတဲ့အရာလို့ ဥက္ကဋ္ဌဂျန်တစ်ယောက် ယူဆနေတယ်ထင်ပါရဲ့။’
ဟီဂျူက စားပွဲတစ်ဖက်အခြမ်းကနေ မန်နေဂျာလီကို ဘာသိဘာသာ ခိုးကြည့်လိုက်ပြီး သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားတဲ့အခါ အမှတ်တမဲ့ ပြုံးပြလိုက်မိတယ်။
မန်နေဂျာလီကလည်း အနည်းငယ် မျက်နှာပူတဲ့အလား ရှက်ကိုးရှက်ကန်း ပြုံးခဲ့တယ်။ အခုမှ ပထမဆုံး တွေ့ဖူးကြတာဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း ကြည့်ရုံနဲ့တင် သာမန်စကားလေးလောက်ကို ပြောနိုင်တယ်လေ။
သူတို့နှစ်ယောက်သာ တကယ်စကားပြောလို့ရမယ်ဆိုရင် မန်နေဂျာလီတစ်ယောက် ‘အမယ်လေး။ ကျွန်တော်တော့ သေတော့မှာပဲ။’ လို့ ပြောကောင်းပြောလောက်ပါတယ်။
****
Translated by D