Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၃)
“အနုပညာနယ်ပယ်ဘက်ကို စိတ်ဝင်စားလား။ ရုပ်ရှင်ဖြန့်ချိရေးတို့၊ ပြဇာတ်ရုံထောင်တာတို့၊ ကွိုင်လုပ်ငန်းတို့လုပ်ပြီး ငွေပိုလေး ရှာနိုင်တာပေါ့။ ငါ့အထင်တော့ မောင်ရင်က ကယ်လီဖိုးနီးယား နည်းပညာ အင်စတီကျု (CALTECH) ကနေ ကျောင်းပြီးရုံနဲ့ ပြီးသွားချင်တဲ့ပုံမပေါ်ဘူးနော်။”
“ဒါက ကျွန်တော့်ရဲ့တာဝန်မို့လို့ အကောင်းဆုံးလုပ်နေတာပါ။ ကျွန်တော့်မိသားစုကြောင့် အခုလက်ရှိရောက်နေတဲ့နေရာကို ရောက်လာတာဆိုတော့ စောဒကတက်စရာမရှိပါဘူး။”
သူက စောဒကတက်မဲ့သူ မဟုတ်ပေမဲ့ ဘယ်တော့မှ ရောင့်ရဲကျေနပ်နိုင်မှာမဟုတ်တဲ့သူပါ။
မိုးကောင်းကင်အထိတက်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူမို့ ဝူဂျင်ဟာအတွက် အရည်အချင်းရှိတဲ့မိန်းမတစ်ယောက် လိုအပ်ပါတယ်။ သူ့အဆင့်အတန်းနဲ့ လိုက်ဖက်ကိုက်ညီမဲ့ ကြီးကျယ်ပြောင်မြောက်တဲ့ နောက်ခံနဲ့ အမျိုးသမီးတစ်ယောက်ပေါ့။
သူ့လောက်တော်တဲ့ အမျိုးသမီး။ ဟီဂျူ ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်တဲ့ အမျိုးသမီး…သူက သူ့အဖိုးရဲ့ တောင်လိုပုံနေတဲ့ စည်းစိမ်ကို ဒီအတိုင်း အသာလေး ထိုင်စားရုံအတွက် အခြေချမဲ့ယောက်ျားမျိုး မဟုတ်ခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟီဂျူရဲ့သူဌေးက သူ့ကို တစ်ချက်ကလေးတောင် မကြည့်ခဲ့ပါဘူး။ အဲ့ဒါကြောင့် သူ ကြေကွဲဝမ်းနည်းသလို ခံစားရတာဟာ ထူးဆန်းနေခဲ့တယ်။ သူက ဝူဂျင်ဟာအတွက် မသင့်တော်ဘူးလေ။ ဟီဂျူက အသားကို တိတ်တဆိတ် ဝါးလိုက်ပြီး သူ့ရဲ့ခံစားချက်တွေကို အသားနဲ့အတူ မျိုချပစ်ဖို့ ကြိုးစားခဲ့တယ်။
“မောင်ရင့်အနေနဲ့ မျက်နှာပန်းလှဖို့ကြိုးစားပြီး ငါ့ကို မပွင့်တပွင့် လုပ်နေစရာ မလိုပါဘူးကွာ။ အသုံးမကျဘဲ လောဘကြီးတဲ့မျိုးမစစ်တွေ ဘေးမှာဝိုင်းနေတာ ဘယ်လိုခံစားရမှန်း ငါ သိတာပေါ့။ လိုအပ်တဲ့အင်အားကိုသာ တစ်ယောက်တည်းက ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ကုမ္ပဏီက ဘယ်အထိ သွားမလဲဆိုတာ ပြောလို့တောင်ရမှာမဟုတ်ဘူး…”
“…”
“အဲ့ဒီ အသုံးမကျဘဲ အခွင့်ထူးခံနေတဲ့ကောင်တွေကလည်း သွေးသားတော်စပ်တယ်ဆိုရုံနဲ့ စီမံခန့်ခွဲရေးကို ထိရောက်မှုလျော့ကျအောင် လုပ်နေကြတာ။ အရူးတွေက ကိုယ်ရောင်းတဲ့ပစ္စည်း ဘာမှန်းတောင် သိကြတာမဟုတ်ဘူး…ကိုယ့်ဆီ တပ်ထားတဲ့ ဝိုင်ဖိုင်အကြောင်းတောင် နားလည်ကြတာမဟုတ်ဘဲနဲ့ အိုင်စီတီ (Information and Communication Technology) ပိုင်းကို စားချင်ကြတယ်တဲ့။ အဲ့ဒီ နာမည်ခွဲတွေ အများကြီးအောက်မှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး အသုံးစရိတ်တွေက ဘယ်မှန်းမသိရတဲ့နေရာတွေဆီပဲ ရောက်ရောက်သွားမှာ…ရလဒ်အနေနဲ့ သူတို့တွေက နောက်ကျကျန်ခဲ့မယ်၊ ကွဲထွက်ကုန်မယ်၊ ပြီးရင်တော့ နောက်ဆုံး ဒိုမီနိုလိုပဲ ပြိုလဲသွားမှာ။”
“…”
“မောင်ရင့်အဖေ ထိုင်ဝမ်ကို ကူးသွားတဲ့အချိန််မှာ WK ကုမ္ပဏီက ဂိုဏ်းတွေကွဲတော့မလိုကို ဖြစ်နေပြီ။ အခု ပြဿနာက ကုမ္ပဏီကိုထိန်းချုပ်ပိုင်ခွင့်က ဘယ်သူ့လက်ထဲ အရင်ရောက်မလဲဆိုတာပဲ။ မောင်ရင့်အဖေအတွက် ကံဆိုးချင်တော့ ဥက္ကဝူက သိပ်နောက်ကျလွန်းနေပြီး မောင်ရင်ကတော့ အခုမှ စမ်းသပ်ခံနေရတုန်း ရှိနေတာလေ။ ဒါပေမဲ့ ဥက္ကဋ္ဌဝူက သူ့ရဲ့ဆက်ခံသူကို ရုတ်တရက်ကြီး ကောက်ကာငင်ကာ ထဆုံးဖြတ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”
“တွေးတောင်မတွေးကြည့်ချင်စရာပါပဲ။”
ဝူဂျင်ဟာက ဥက္ကဋ္ဌဂျန်ရဲ့စကားကို နားထောင်တယ်ဆိုရုံ ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလိုက်တယ်။ ဥက္ကဋ္ဌဂျန်က အော်ရယ်ပါတော့တယ်။
“မှန်တယ်။ မောင်ရင်တော့ ပွဲခံမှာပဲ။”
ဥက္ကဋ္ဌဂျန်ရဲ့ ခပ်လေးလေးအသံက မကြားဝံ့မနာသာစကားကိုတောင် တော်တော်လေး ကျိုးကြောင်းဆီလျော်ပုံပေါက်အောင် လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါက တော်တော်လေးကို ကြမ်းတမ်းတဲ့ မှတ်ချက်ပါပဲ။
“အဲ့ဒီပွဲခံတာသာ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ နဂိုကတည်းက စခဲ့မှာတောင်မဟုတ်ပါဘူး။ ဥက္ကဋ္ဌဂျန် ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးကို နားချနိုင်ဖို့လိုသေးတာပဲ။”
“အချိန်အများကြီးရသေးတာပဲလို့ ထင်နေတာလောက် ပိုပြီးအန္တရာယ်များတဲ့အရာ မရှိဘူးကွ။”
“ပြီးတော့ လူကြီးမိဘကို လိမ္မာသိတတ်ပြရုံနဲ့ မဖြစ်သေးပါဘူး ဥက္ကဋ္ဌကြီး။”
“မောင်ရင့်အဘိုးနဲ့ မောင်ရင့်ကြားမှာ ဘယ်လိုသံယောဇဉ်မျိုး ရှိလို့လဲ။”
“ငွေထက်ပိုကောင်းတဲ့ သံယောဇဉ်မျိုး မရှိတော့ပါဘူး။”
“ဟင်။”
“ကျွန်တော့်အဘိုးက ကျွန်တော်တို့ကို အများကြီး ပေးထားပြီးသားပါ။ ကျန်တာက ထက်မြက်တယ်လို့ဆိုတဲ့ ကျွန်တော်နဲ့ပဲဆိုင်ပါတယ်။”
“သတိထားပြီး…”
“အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ ဇနီးရဲ့ သိတတ်လိမ္မာမှုတွေ မလိုပါဘူး။”
အဓိပ္ပာယ်ကတော့ ဥက္ကဋ္ဌဂျန်အနေနဲ့ သူ့ကို ပေါင်းကူးတံတားအဖြစ် ကမ်းလှမ်းနေစရာတောင်မလိုဘူးဆိုတာပါပဲ။
ဘာမှမကြားသလို ငြိမ်ငြိမ်လေး ထိုင်နေတာတောင်မှ ဝူဂျင်ဟာရဲ့ ပြတ်ပြတ်သားသားငြင်းဆန်မှုကြောင့် ဟီဂျူတစ်ယောက် တော်ပါသေးရဲ့ဆိုပြီး သက်ပြင်းပြင်းဖွဖွချမိခဲ့တယ်။
အဓိပ္ပာယ်မဲ့ပြီး ရယ်စရာပဲဆိုပေမဲ့ ဟီဂျူ အနည်းငယ် နေသာထိုင်သာရှိသွားခဲ့တယ်။ ဝူဂျင်ဟာရဲ့ ငြင်းဆန်မှုက ဥက္ကဋ္ဌဂျန်ရဲ့ သမီးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ တစ်လောကလုံးက မိန်းမတွေအတွက်ပဲ ဖြစ်သလိုမျိုးပေါ့။
ဒါပေမဲ့ အထက်အရာရှိအတွက် ဂရုစိုက်ရတာက သူ့ရဲ့ အလုပ်ကရလာတဲ့ရောဂါ ဖြစ်နေပြန်တယ်လေ။ ဥက္ကဋ္ဌဂျန်ရဲ့ တုံ့ပြန်မှုကို စိုးရိမ်နေရတာနဲ့ ဟီဂျူခမျာ ကောင်းကောင်းဝမ်းမသာနိုင်ခဲ့ပေမဲ့ ထင်မှတ်မထားရလောက်အောင်ပဲ ဥက္ကဋ္ဌဂျန်က သိပ်ပြီးစိတ်ကွက်သွားပုံမရပါဘူး။
“စိတ်ပျက်စရာပဲ။ ဒုဥက္ကဋ္ဌဝူကတော့ အဲ့ဒီကိစ္စကို ပိုပြီးလက်တွေ့ကျကျ စဉ်းစားလောက်မယ်ထင်ထားတာ။
“ကျွန်တော် ဘာကြောင့် ဥက္ကဋ္ဌဂျန်နဲ့ တွေ့ဖို့ပြောခဲ့သလဲဆိုတာ သိပါတယ်နော်။”
“ဒီတော့…မြေကိစ္စပဲ ပြောကြမလား။”
“ဆိပ်ကမ်းအသစ်အတွက်နေရာကို ပြန်ကြည့်ပေးပါ။”
“အဲ့ဒီကိစ္စက ပြီးသွားခဲ့ပြီလေ။ မောင်ရင့်ဦးလေးက အဲ့ဒါကို စိတ်မဝင်စားတော့ဘူး။”
“လေလံဆွဲတာက အခုထိ မပြီးသေးပါဘူး။ ဆုံးဖြတ်ချက်ချလို့ရပါသေးတယ်။”
“ငါက ဘာဖြစ်လို့များ အဲ့ဒီလိုကောင်းတဲ့အကွက်ကို လက်လျှော့ရမှာလဲ။”
“ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ တွေးထားပြီးသားပဲမဟုတ်ဘူးလား။”
“အဲ့ဒါက မောင်ရင် ငါ့သမက်ဖြစ်လာမှ။”
“ဒီတော့ ဥက္ကဋ္ဌကြီးရဲ့ အဖိုးတန်သမီးရဲ့ အိမ်ထောင်ရေးနဲ့ယှဉ်လိုက်ရင် ဝမ် ဘီလီယံ ၅၀ ရင်းနှီးမြှုပ်နှံမှုလောက်တောင်မရှိတဲ့ မြေကွက်က ပိုပြီးတော့ တန်ဖိုးရှိတယ်ပေါ့လေ။”
“ပြဿနာရှိလို့လား။”
ဥက္ကဋ္ဌဂျန်က ခပ်မြူးမြူးအသံနဲ့ မေးလိုက်ပြီး စကားဆက်ခဲ့တယ်။
“အဲ့ဒီလက်မှတ်ရောင်းခတွေ၊ လုပ်ငန်းခွဲတွေနဲ့ဆိုရင် ဝမ် ဘီလီယံ ၅၀အောက်နည်းတဲ့ တခြားမြေကွက် ကြီးကြီးမားမားဆိုတာ ရှိသေးလို့လား။”
“သမီးဖြစ်သူရဲ့ဘဝကို အလဟဿအဖြစ်မခံဘဲလည်း ကျွန်တော့်လိုလူမျိူးနဲ့ ပူးပေါင်းလို့ရပါတယ်။ နောင်တမရစေရပါဘူး။”
“အဲ့ဒါကို ယူလိုက်ရင် စီးပွားရေးဗျူရိုကနေ ခွင့်ပြုချက်ရမှာမဟုတ်ဘူး။”
“ကျွန်တော်တို့အတွက် အတူတူပါပဲ။ အစကတည်းက ဈေးမတန်တဆမြှင့်ထားမှန်း သိတယ်မဟုတ်လား။ ဥက္ကဋ္ဌဂျန်အနေနဲ့ ဘီလီယံ ၅၀ တောင် စုနိုင်မှာနော်။”
“မောင်ရင်…ယွန်းဆောက စီအီးအို ဝူဂျင်အိုနဲ့ ခဏတွဲခဲ့ဖူးလို့လား။ အဲ့ဒါကို အနေခက်ရလို့လား။”**
“သူတို့နှစ်ယောက် ပတ်သက်ခဲ့ဖူးမှန်း သိတောင်မသိပါဘူး။”
“ပတ်သက်ဖူးရော ဘာဖြစ်သေးလဲဲ။ ဒီအတိုင်း တွဲရုံလေးပဲကို…ဂျန်ယွန်းဆောက ငါ့သမီးမို့လို့ ပြောတာမဟုတ်ဘူးနော်၊ အိမ်သူက သမီးကို တကယ်ကောင်းကောင်း ပျိုးထောင်ထားတာပါဆို။ မအေတူသမီးဆိုတော့ မျက်နှာလေးကလည်းလှတယ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိတယ်၊ တခြားကလေးတွေလို အစွန်းအထင်းလည်းမရှိဘူး၊ ပြီးတော့ ကျောင်းကောင်းကောင်းက ဘွဲ့ရထားတာ။ အရည်အချင်းရှိတဲ့ ပန်းချီဆရာမ ဖြစ်ရုံတင်မကဘူး ငွေရေးကြေးရေးလည်း အကွက်မြင်တတ်သေးတယ်။”
ငွေဖြူလျှော်တာကို ရိုးရှင်းတဲ့အသုံးအနှုန်းနဲ့ သုံးထားပုံက ရယ်ချင်စရာပါပဲ။ သူ ခနဲ့သလိုလို ရယ်လိုက်တဲ့အခါ ဥက္ကဋ္ဌဂျန်က အလေးအနက် မျက်ခုံးပင့်လိုက်တယ်။
“ပြန်စဉ်းစားပါဦး။”
“ပြန်စဉ်းစားဖို့အတွက် ဒုတိယအခွင့်အရေး ပေးပါမယ်။ အကယ်၍များ မသိနိုင်တာမို့ ၁၀နှစ်အတွင်း အဲ့ဒီနေရာအတွက် ကျွန်တော် လေလံဆွဲတိုင်းမှာ ကျွန်တော့်မျက်နှာကို မှတ်မိနေရအောင်လို့။”
“မောင်ရင်က ငါ့ကို လိုက်ပြီးနှောင့်ယှက်မယ်လို့ ပြောနေတာလား။ ခေါင်းမာပြီး….”
“တောင်းပန်ပါတယ်။”
“ထားပါ။ ဒီနေ့တော့ အရက်ပဲသောက်ကြရအောင်။”
“တစ်ခွက်လောက် လက်ခံပေးပါခင်ဗျ။”
ဝူဂျင်ဟာက ရိုရိုသေသေထပြီး အရက်ပုလင်းဆီ လက်လှမ်းလိုက်ချိန်မှာ။ ဥက္ကဋ္ဌဂျန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ဟီဂျူ့ဆီ ကျရောက်လာခဲ့တယ်။
အမြဲတမ်း နူးညံ့ညင်သာနေတတ်တဲ့ မျက်လုံးတွေက ထူးထူးဆန်းဆန်း ကျဉ်းမြောင်းသွားခဲ့တယ်။ ဟီဂျူ အဓိပ္ပာယ်ဖော်မရခဲ့တဲ့ သူ့ရဲ့ ထူးဆန်းတဲ့အကြည့်နဲ့ ဆင်တူပါတယ်။
“အတွင်းရေးမှူးရှင်းလို အလှလေးကို လျစ်လျူရှုပြီး မောင်ရင်ငှဲ့ပေးတာကို လက်ခံစရာလား။”***
စောစောက အခန်းထဲဝင်လာတုန်းမှာ ဟီဂျူရခဲ့တဲ့ မနှစ်မြို့စရာ အတိတ်နိမိတ်က မမှားခဲ့ပါဘူး။
အာရုံစိုက်မှုက သူ့ဆီကျရောက်လာပြီး ဟီဂျူက သူ့ရဲ့တူကို သေသေသပ်သပ် ကိုင်ထားရင်း တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။ အမှန်တော့ စော်စော်ကားကား စေခိုင်းမှုထက် ဥက္ကဋ္ဌဂျန်ရဲ့ မျက်လုံးတွေက ဟီဂျူ့ကို တောင့်တောင့်ကြီး ဖြစ်သွားစေခဲ့တာပါ။
ဟီဂျူ့ကို ပေါ်ပေါ်တင်တင် မနှစ်မြို့ကြောင်းပြခဲ့တဲ့ သူ့ရဲ့ မရိုးမသား အကြည့်က အခုတော့ ဗြောင်ကျကျပဲ ဟီဂျူ့ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ လုပ်နေပါပြီ။
“ဒါနဲ့ အဲ့ဒီမျက်နှာလှလှလေးကို ဘာဖြစ်လို့ ပစ်ထားရတာလဲ။ ဟင်။ ငါသာဆို မန်နေဂျာလီထက် အတွင်းရေးမှူးရှင်းကို ဘေးမှာပိုထားချင်မိမှာ။”
“…”
“ဒုဥက္ကဋ္ဌဝူ စိတ်ရင်းနဲ့ ဖော်ရွေပျူငှာမှုကို ပြချင်တယ်ဆိုရင် ဒီလိုမိန်းမလှမျိုးကို ဒီအတိုင်းကြီး အသာထိုင်ခိုင်းမထားဘဲ ငှဲ့ခိုင်းမှ ယဉ်ကျေးမှုရှိရာကျမှာပေါ့…ဒါက မိန်းမတစ်ယောက်အပေါ် ရိုင်းပျနေတာလေ။ သူ့မှာ အရည်အချင်းရှိတယ်ဆိုရင် မောင်ရင်က အဲ့ဒါကို အမြတ်ထုတ်သင့်တာပေါ့။”
[ဘာသာပြန်မှတ်ချက် : **ယွန်းဆောဆိုတာက ဥက္ကဋ္ဌဂျန်ရဲ့သမီးပါ။ စီအီးအို ဝူဂျင်အိုက male lead ရဲ့ ဝမ်းကွဲပါ။
***ကိုရီးယားလူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတစ်ယောက်က ရင်းနှီးနီးစပ်မှုမရှိတဲ့ ယောက်ျားအတွက် အရက်ငှဲ့ပေးတယ်ဆိုတာ ပရောပရည်လုပ်တဲ့သဘော၊ လိင်လုပ်သားဖြစ်တဲ့သဘောပါ။]
****
Translated by D