Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၅)
“အသံသွင်းမထားဘဲ ဘယ်လိုလုပ် တိုက်ခိုက်လို့ရမှာလဲ။ တည်းဖြတ်တတ်ဖို့ပဲလိုတာ။”
“ဒုဥက္ကဋ္ဌဝူ။”
“ပြီးတော့ စွပ်စွဲချက်မဟုတ်ပါဘူး၊ လူသိရှင်ကြား အသိပေးတိုင်ကြားမှုဖြစ်မှာ။ ကျွန်တော်က ကိုယ့်ဝန်ထမ်းကိုယ် ကာကွယ်ဖို့လုပ်နေတာပါ။ မျက်မြင်သက်သေက ကျွန်တော်ဆိုတော့ ညှိနှိုင်းတာကို ကျွန်တော့် ဝန်ထမ်းနဲ့မဟုတ်ဘဲ ကျွန်တော်နဲ့ လုပ်လို့ရတယ်။”
“…မောင်ရင် တကယ်ပဲ ငါနဲ့ ရေစက်ဖြတ်မလို့လုပ်နေတာလား။”
“ကျွန်တော့်လက်ထဲမှာ ဥက္ကဋ္ဌကြီးရဲ့ အားနည်းချက် ရှိနေတာတောင်မှလား။ ဥက္ကဋ္ဌကြီးက ဘယ်လိုများ ရေစက်ဖြတ်ဦးမှာလဲ။ အဲ့ဒီအားနည်းချက်ကို ကြိုက်တဲ့အချိန်မှာ ထုတ်သုံးနိုင်နေတာကိုလေ။”
နည်းနည်းတည်ငြိမ်သလို ထင်ရပေမဲ့ ဝူဂျင်ဟာရဲ့ပုံစံက စိတ်လွတ်နေသလိုပါပဲ။ မူးနေတာများလား။
ဝူဂျင်ဟာ ဒီလောက် စကားပြောတာကို ဟီဂျူ တစ်ခါမှ မတွေ့ဖူးပါဘူး။
သူ မူးနေတာလား၊ ဒေါသထွက်နေတာလား၊ ဒါမှမဟုတ် နှစ်ခုစလုံးပဲလားဆိုတာကို သိချင်မိရင်း ဥက္ကဋ္ဌဂျန်ထက်ပိုပြီး စိတ်ဖိစီးနေရသူက ဟီဂျူရယ်ပါ။
ဟီဂျူက ဒီအတိုင်း အညတရ ဝန်ထမ်းတစ်ယောက်သာဖြစ်တာကြောင့် လောလောဆယ်မှာ ဒေါသဖြစ်တာတို့၊ အရှက်ရတာတို့ ဖြစ်ရမဲ့အစား ခြိမ်းခြောက်ခံရတဲ့သူအလား ကြောက်နေခဲ့မိတယ်။
“ငါ့ကို ကြောက်မယ်များမှတ်နေလား။ မရူးစမ်းပါနဲ့ ဒုဥက္ကဋ္ဌဝူရာ။ မင်းက ငယ်ပါသေးတယ်၊ အခု မင်းရဲ့ချစ်သူအရှေ့မှာ ဟန်တွေထုတ်ပြချင်နေတာမဟုတ်လား။ ငါ နားလည်ပါတယ်ကွ။ ဒါပေမဲ့ အပျော်ကစားတဲ့ မိန်းမတစ်ယောက်အတွက်နဲ့ ငွေတွေအဆုံးခံချင်လိမ့်မယ်တော့ မထင်ဘူးနော်။”
“ရွံစရာလူဖြစ်နေတာတောင် ဖြောင့်မတ်မှန်ကန်သလို ဘဝမျိုးနဲ့ နေရဲတဲ့ဇ ရှိနေတာပဲ။ ဒါနဲ့ ယွမ် ၁၇ ဘီလီယံ လှူခဲ့တာ ဘယ်လောက်များရှိသေးလို့လဲ…တော်တော်လေး သိသိသာသာရှိတဲ့ ပမာဏကြီးလေ။ အဲ့ဒီငွေတွေက လာဘ်ထိုးတဲ့ငွေမှန်း ကျွန်တော် သိထားတယ်။ ဒီတော့ အခုက လိင်ပိုင်းဆိုင်ရာ စကန်ဒဲလ်ထွက်ပြီး မျက်နှာပျက်ဖို့ အချိန်ကောင်းတော့ မဟုတ်ဘူးထင်တယ်နော်။”
“…ဒီသောက်ရူးကောင်တော့။”
“အိုး သေချာပေါက် ကျွန်တော်တို့တွေက ဒီစကန်ဒဲလ်ထွက်ရင် ဘယ်လိုလုပ် ဝမ်းပန်းတသာ ရှိပါ့မလဲ။”
ဥက္ကဋ္ဌဂျန်က ဒေါသတကြီး အံကြိတ်လိုက်တယ်။
“မင်းလိုချင်တာ ဘာလဲ။ ခရိုင် ခုနစ်လား။”
“ဒီအတိုင်း ပြန်လည်စစ်ဆေးတဲ့အဆင့်လေးရောက်အောင် သွားပေးရုံလေးပါ။ အဲ့ဒီအတွက် စဉ်းစားဖို့ အခွင့်အရေးပေးမှာမို့လို့ သေသေချာချာလေး ပြန်စဉ်းစားလိုက်ပါဦး။”
“အဲ့ဒါပဲလား။”
“အဲ့ဒါက ကျွန်တော်တို့ ဆွေးနွေးဝိုင်းရဲ့ အဆုံးသတ်ပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့ရဲ့ တောင်းဆိုချက် မဟုတ်သေးပါဘူး။”
“ဒီမှာ ဝေ့လည်ကြောင်ပတ်တွေ…”
“အတွင်းရေးမှူးရှင်းကို ပြန်တောင်းပန်ပါ။”
“ဘာ။”
ဥက္ကဋ္ဌဂျန်က မယုံနိုင်စွာ ပြန်မေးခဲ့တယ်။ ဟီဂျူကတော့ ပိုလို့တောင် သူ့နားသူ မယုံနိုင်ဖြစ်နေတော့တာပေါ့။
အညတရ ဝန်ထမ်းတစ်ယောက်ကို တောင်းပန်ဖို့ ရှင်းလင်းပြတ်သားစွာ တောင်းဆိုလိုက်တာပါပဲ။
အဲ့ဒါအပြင် ဘာနောက်ခံမှမရှိဘဲ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်တဲ့ အမျိုးသမီးငယ်လေးကိုမှတဲ့လေ။ နာမည်ကြီး ဆိပ်ကမ်းအသစ်နေရာအတွက် တင်ဒါကို သဘောတူလိုက်ရတာထက် ဆယ်ဆပိုပြီး ခက်ခဲလောက်မှာ သေချာပါတယ်။
ဥက္ကဋ္ဌဂျန်တစ်ယောက် အရိုက်ခံလိုက်ရသူလို ဖြစ်သွားခဲ့တယ်။ တစ်ဖက်မှာတော့ ဝူဂျင်ဟာက စုစုစည်းစည်း တည်တည်ကြည်ကြည် ရှိနေခဲ့တယ်။
“ကျွန်တော့်ကို ချိုးချင်ရုံသက်သက်အတွက် အတွင်းရေးမှူးရှင်းကို အရှက်ခွဲဖို့ကြိုးစားတာကတော့ လွန်တာပေါ့။ ဒီတော့ တိုးတိုးတိတ်တိတ် ဆုချပြီး တောင်းပန်လိုက်မယ်ဆိုရင် သူလည်း သူ့သဘောနဲ့သူ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်နိုင်မှာပဲ။ အဲ့ဒါမကောင်းဘူးလား။”
ဒီတော့ သူ တောင်းပန်လိုက်ရင်တောင်မှ ဟီဂျူနဲ့ ဂျင်ဟာက ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ကြမှာမို့ အဆုံးသတ်ဖြစ်မှာမဟုတ်သေးပါဘူး။ ဒါက ဟိုးအစကတည်းက ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဝန်ခံလိုက်တာနဲ့ ဘာမှမခြားဘူးလေ။
ဟီဂျူက ဝူဂျင်ဟာရဲ့ “အဲ့ဒါမကောင်းဘူးလား” ဆိုတဲ့စကားက သူ့ကို တိုင်တည်ပြီးပြောနေသလားဆိုတာမသိဘဲ စားပွဲကိုသာ ငေးကြည့်နေခဲ့ပြီး ဝူဂျင်ဟာက သူ့လက်ကောက်ဝတ်ကို ညှစ်လိုက်တဲ့အခါ ဟီဂျူ ခေါင်းညိတ်လိုက်မိတယ်။
ဥက္ကဋ္ဌဂျန်က နှာခေါင်းရှုံ့ရယ်လိုက်တယ်။
“တယ်ရူးတဲ့ကောင်ပါလား။”
“ကျွန်တော်က ဥက္ကကြီးအတွက် စကန်ဒဲလ်အကြီးစား ဖြစ်လာနိုင်တဲ့သူဆိုတော့ ကျွန်တော် ဘယ်လောက်ရူးသလဲဆိုတာ စစ်ကြည့်စရာလိုမယ်မထင်ပါဘူး။”
“ဆိပ်ကမ်းအသစ်အတွက် ပြန်စဉ်းစားပေးဖို့နဲ့ လက်ထပ်စရာမလိုဘဲ စီးပွားဖက်ကောင်းတွေအဖြစ် ဆက်နေသွားကြဖို့အတွက် မင်းက ငါ့ကို အကျပ်ကိုင်ချင်တယ်ပေါ့လေ။”
“အနည်းဆုံးတော့ ရှေ့လျှောက် ပူးပေါင်းလုပ်ကိုင်တဲ့အခါ ဝင်စွက်ဖက်စရာ မလိုတော့ဘူးပေါ့၊ သိတဲ့အတိုင်း…”
“လူပါးဝတဲ့ကောင်။”
“တခြားတစ်ယောက်ယောက်နဲ့ ညှိတော့မလို ပြောနေပေမဲ့ တကယ်တော့ ကျွန်တော် ဘယ်ကိုသွားမှာလဲဆိုတဲ့ အလားအလာကို သိပြီးသားမို့လို့ ကျွန်တော့်ကို လက်ကမ်းခဲ့တာမဟုတ်ဘူးလား။ ကိုယ်က မလှုပ်ရှားနိုင်တာတောင်မှ အသုံးချလို့ရမဲ့သူဆီမှာ ရင်းနှီးမြှုပ်နှံပြီး WK ကို လက်ဝါးကြီးအုပ်ဖို့အတွက် မြေးဖြစ်သူကို လွှတ်မလို့လုပ်နေတာလေ။”
“ဒီနည်းလမ်းက အလုပ်ဖြစ်လိမ့်မယ်များမှတ်နေတာလား။ အဲ့ဒါကတော့ တုံးရာကျသွားပြီ၊ အံ့ပါရဲ့။”
“ဥက္ကဋ္ဌကြီးမှာ မကောင်းသတင်းထွက်နိုင်ခြေတွေ ရှိနေမှန်း ကျွန်တော်သိထားတယ်လေ၊ အထူးသဖြင့် အကောင်းအတိုင်းလည်ပတ်နေတဲ့ ကုမ္ပဏီရဲ့ ပုံရိပ်အတွက်ပေါ့။ အကယ်၍ အတွင်းရေးမှူးရှင်းက တရားစွဲခဲ့မယ်ဆိုရင်တောင် သက်ရောက်မှုက အများကြီးရှိလောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီအသံဖိုင် ဖြန့်လိုက်ပြီးလို့ သတင်းက လူသိရှင်ကြားဖြစ်သွားမယ်ဆိုရင် အထိအခိုက်အပျက်အစီးက အရင်တစ်ခါလို ၁၇ဘီလီယံနဲ့ ဖုံးဖိလို့ရတဲ့ အတိုင်းအတာလောက်တင် ပြီးသွားမှာမဟုတ်ဘူးနော်။”
“…”
“သူတို့ဝန်ထမ်းတစ်ယောက်ကို ကာကွယ်ပေးကြမဲ့ WK ရဲ့ အမှုထမ်းကို တားလို့ရမှာမဟုတ်ဘူး။”
“ဒီအကြောင်းကို မင်းအဖေသိရင်…”
“ဘာလုပ်မှာလဲခင်ဗျ။ ဥက္ကဋ္ဌကြီးရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအကြောင်းကို ဘယ်လိုရှင်းပြမှာလဲ။”
“ရူးနေပြီ။ မင်း ရူးနေပြီ။ အရူးကောင်၊ ငါက မင်းအဖေရဲ့ မိတ်ဆွေကွ။ ရာရာစစ ဘယ်လိုများ ငါ့ကို ဒီလိုပြောဆိုရဲရတာလဲ။ မင်း စိတ်လွတ်သွားပြီလား။”
“ကြိုက်သလိုသာပြောပါ…ပြီးတော့ ဥက္ကဋ္ဌကြီးကို ခြိမ်းခြောက်အကျပ်ကိုင်တဲ့စကားမျိုး ဘာမှမပြောရသေးဘူးနော်။ ဒီတော့ တကယ်ပဲ ကျွန်တော်က ဘာတွေများ အကျပ်ကိုင်ပြီး လုပ်ခိုင်းနေလို့လဲ…တောင်းပန်ခိုင်းလိုက်တာကို ပြောနေတာလား။”
“…”
“မိန်းမတစ်ယောက်ကို တောင်းပန်လိုက်ရင် သေမှာမို့လို့လား။”
ဝူဂျင်ဟာရဲ့ မေးခွန်းက အင်မတန်ကို အံ့အားသင့်စရာကောင်းလှပါတယ်။
ဒီတော့ ဟီဂျူက ဥက္ကဋ္ဌဂျန်လည်း သူ့နည်းတူ စိတ်ညစ်နေမှာပဲလို့ ထင်ထားခဲ့ပေမဲ့ အံ့ဩစရာကောင်းလောက်အောင်ပဲ ဥက္ကဋ္ဌဂျန်က သူ့ကို တော်တော်လေး ယဉ်ယဉ်ကျေးကျေး တောင်းပန်ခဲ့တယ်။ ၅မိနစ်တာအချိန်အတွင်းမှာ တခြားလူတစ်ယောက် ဖြစ်သွားသလိုပါပဲ။
ဒီလိုနဲ့ ကျောချမ်းစရာ ထိုးစစ်နဲ့ ခံစစ်တို့က အဆုံးသတ်သွားခဲ့ပြီး တင်းမာနေတဲ့ အနေအထားက ငြိမ်းချမ်းမှု ပြန်ရခဲ့တော့တယ်။
အားလုံးက ဘာမှမဖြစ်ခဲ့တဲ့အလား အင်မတန်ကို ရွှင်ရွှင်ပျပျ ပေါ့ပေါ့ပါးပါး ဖြစ်သွားကြတယ်။ မြန်ဆန်လှတဲ့ အပြောင်းအလဲကြောင့် ဟီဂျူတစ်ယောက် မှင်တက်သွားရတော့တယ်။
လူချမ်းသာတွေက ဒီလိုပဲ နေထိုင်ပြုမူကြတာလား။ ဒီလောက် မြန်ဆန်တဲ့ အချိုးပြောင်းမှုရဲ့ အမြန်နှုန်းနဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်သွားပုံက သာမန်လူတွေနဲ့ တော်တော်လေးကို ကွဲပြားလှပါတယ်။
တော်ပါသေးရဲ့လို့ တစ်ချက်ခံစားမိလိုက်ပေမဲ့ လောလောလတ်လတ်လေးတင် ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်က ဟီဂျူ့ရင်ထဲမှာ မနှစ်မြို့စရာ ခံစားချက်ကို ချန်ရစ်ထားခဲ့ပြီး မတင်မကျကြီး ခံစားနေရဆဲဖြစ်နေခဲ့တယ်။
****
Translated by D