Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၄)
ဥက္ကဋ္ဌဂျန် ဟီဂျူကို အရက်ငှဲ့ခိုင်းတာက အထက်အရာရှိတွေ၊ စီမံအုပ်ချုပ်ရေး ကိုယ်စားလှယ်တွေအတွက် အလုပ်လုပ်ပေးတဲ့အခါ အတွင်းရေးမှူးတွေ သည်းခံရလေ့ရှိတဲ့ ပုံမှန် အရှက်ရစရာအဖြစ်တစ်မျိုးဖြစ်ပြီး ဟီဂျူအနေနဲ့ အဲ့ဒီလို တောင်းဆိုချက်မျိုးကို ကြားဖူးတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။
ဒါပေမဲ့ ဟီဂျူက ကံကောင်းခဲ့ပါတယ်။ သူ အတွင်းရေးမှူးအဖြစ် ပထမဦးဆုံး ကူညီပေးခဲ့ရတဲ့ ကိုယ်စားလှယ်က သူ့ကို သမီးလေးတစ်ယောက်လို သဘောထားတဲ့သူဖြစ်ပြီး အခုလက်ရှိ သူ့ရဲ့ အထက်အရာရှိက ဥက္ကဋ္ဌဂျန်ရဲ့ မသတီစရာအကြည့်ကို သတိထားမိလောက်မဲ့သူပါ။
ဗြောင်ကြီးစိုက်ကြည့်နေတာကြောင့် အခက်တွေ့ရရင်တောင်မှ ဟီဂျူ ဘယ်လိုများ ငြင်းနိုင်မှာလဲ။
ဒါပေမဲ့ အခုက လုံးဝကို ကွဲပြားတဲ့ အနေအထားပါ။
“အနည်းဆုံးတော့ ရည်ရွယ်ချက်တစ်ခု ရှိတာပေါ့။ ခေါ်သွားရတာ ပိုမလွယ်တယ်မဟုတ်လား။ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ်…ငါ ငယ်ငယ်တုန်းကလည်း မောင်ရင့်လိုပဲ။ အတွင်းရေးမှူးမ လှလှလေးတွေခေါ်ပြီး နိုင်ငံခြားသွားတယ်၊ ရိုးလာရင် လူပြောင်းလိုက်တယ်၊ အရိုးခံ ငါ့ရဲ့အိမ်သူကတော့ ငါတို့ကို မသင်္ကာတောင် မဖြစ်နိုင်ဘူးလေ…အတွင်းရေးမှူးတစ်ယောက်လောက် အဆင်ပြေတဲ့ အပျော်တွဲချစ်သူမျိုး မရှိခဲ့ဖူးဘူး။”
“…”
“အဲ့ဒီလိုလုပ်ရတဲ့အချိန်တွေလည်း ရှိတယ်လေ။ ရိုးလာလို့ရှိရင် အမြဲတမ်း မလုပ်နိုင်ဘူးမဟုတ်လား။”
ဥက္ကဋ္ဌဂျန်က ကိုယ်စားလှယ်တစ်ယောက် ဖြစ်ရုံတင်မကပါဘူး၊ ဝူဆောင်းရဲ့ ပိုင်ရှင်ပါ။ ဝူဂျင်ဟာက ဝူဆောင်းကို လေလံလိုက်တာ လက်လျှော့ဖို့ တမင်တောင်းဆိုခဲ့တယ်ဆိုရင်တောင်မှ…အခုအချိန်မှာ သူ ဘယ်လိုမျက်နှာထားမျိုး လုပ်နေသလဲဆိုတာ ကြည့်စရာမလိုဘဲ ခန့်မှန်းကြည့်လို့ရပါတယ်။
ဥက္ကဋ္ဌဂျန်က ပြုံးနေဆဲဆိုပေမဲ့ ပတ်ဝန်းကျင်အနေအထားက အေးစက်နေခဲ့တယ်။
အဲ့ဒါကြောင့် ဝူဂျင်ဟာက အတွင်းရေးမှူးတွေ သူတို့နဲ့အတူ ညစာစားမှာကို ကန့်ကွက်ခဲ့တာကိုး။ စောစောက သူ ဝင်ထိုင်လိုက်ချိန်မှာ ဝူဂျင်ဟာ ဘာကြောင့် အရမ်းတွေ မကြည်တဲ့ပုံပေါက်နေရသလဲဆိုတာကို ဟီဂျူ သဘောပေါက်လိုက်ရတယ်။
ဝူဂျင်ဟာက ဟီဂျူကို ဘဝင်မကျတာမဟုတ်ဘဲ ဒီလို ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ဖြစ်လာမယ်မှန်း ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်နေတဲ့အတွက်ပါ။ ဥက္ကဋ္ဌဂျန် ဟီဂျူ့ကို ဘာလုပ်ခိုင်းချင်လောက်မလဲဆိုတာ သူက သိနေခဲ့တယ်လေ။
ဝူဂျင်ဟာ ဥက္ကဋ္ဌဂျန်နဲ့ ဒီလောက် အကြိမ်ကြိမ် တွေ့နေတာတောင်မှ ဟီဂျူ ဥက္ကဋ္ဌဂျန်နဲ့ တစ်ခါမှ မဆုံဖြစ်ခဲ့တဲ့ အကြောင်းရင်းဟာ ဝူဂျင်ဟာက သူ့ကို အချိန်ဇယားကနေ တမင်ဖယ်ထုတ်ထားတာကြောင့်ပါပဲ။ သူတို့အားလုံးသာ ဖိုရမ်အတူတူမတက်ဖြစ်ခဲ့ဘူးဆိုရင် ဒီနေ့ ညစာစားပွဲကလည်း ဒီနေ့မှာ ဖြစ်လောက်မှာမဟုတ်ပါဘူး။
“ကဲ အတွင်းရေးမှူးရှင်း ဒီကိုလာပြီး ထိုင်ပါဦး။ မန်နေဂျာလီ ထစမ်း။”
ဥက္ကဋ္ဌဂျန်က သရုပ်ပျက်လောက်အောင် မူးနေတာတောင်မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိန်းစိန်းဝါးဝါးအကြည့်က ထင်ထင်ရှားရှားရှိလှပြီး ဟီဂျူ့ဆီ ဦးတည်နေခဲ့တယ်။ အမြင်ကပ်မုန်းတီးစွာ အပျော်မယ်တစ်ယောက်လို ဆက်ဆံရင်းနဲ့ပေါ့။ သူ့အမိန့်ကြောင့် ဟီဂျူ တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။ ဥက္ကဋ္ဌဂျန်က သူ့ကိုကြည့်လိုက်ပြီး ဝူဂျင်ဟာရဲ့ တုံ့ပြန်မှုကို စမ်းသပ်ချင်နေပုံပါပဲ။
ပြင်းထန်တဲ့ အခြေအနေက ပေါက်ကွဲထွက်တော့မတတ် တင်းမာလာခဲ့တယ်။ ဟီဂျူက မန်နေဂျာလီရဲ့ ကြောက်လန့်တကြားမျက်နှာကနေတစ်ဆင့် သူ့သူဌေးရဲ့ မျက်နှာထားကို ခန့်မှန်းလိုက်တယ်။
ဒါပေမဲ့ ဟီဂျူအတွက် အခုလက်ရှိမှာ ကြောက်စရာအကောင်းဆုံးအရာက ဥက္ကဋ္ဌဂျန်ရဲ့ စက်ဆုပ်စရာ အရက်မူးတဲ့အကျင့်မဟုတ်ဘဲ ဝူဂျင်ဟာအတွက် အခုအချိန်အထိ သိက္ခာရှိတဲ့ပုံရိပ်တစ်ခုကို ထိန်းသိမ်းဖို့ ကြိုးစားထားခဲ့ရတဲ့ သူ့ရဲ့ အားထုတ်မှုတွေကို အကုန်ဖျက်ဆီးပစ်လိုက်ရမှာကိုပါပဲ။
‘အာ…အဲ့ဒါက…ဥက္ကဋ္ဌဂျန် ခိုင်းတဲ့အတိုင်း လုပ်ပေးသင့်တယ်ဆိုပေမဲ့ အဲ့ဒီလိုလုပ်လိုက်လို့ သူ ငါ့အပေါ် ထားတဲ့ သဘောထားရယ်၊ ငါ့ရဲ့ယုံကြည်အားကိုးရပါတယ်ဆိုတဲ့ နေရာရယ် ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။’
ဟီဂျူ့ခေါင်းထဲမှာ ချာချာလည်နေတာမှ တကယ်ကို ဆိုးဆိုးဝါးဝါးပါပဲ။
သူ့ရဲ့ ရူးရူးမိုက်မိုက် ဟားတိုက်ချင်စရာ အချစ်ကို လက်ခံရရှိထားတဲ့ တစ်ယောက်သောသူကတော့ ဟီဂျူရဲ့ အကျပ်ရိုက်နေတဲ့ အခြေအနေကို ယောင်လို့တောင် မသိရှာပါဘူး။ ဟီဂျူ ဘာလို့ ဒီလိုဖြစ်နေရတာပါလိမ့်နော်။ မဖြစ်မနေ လုပ်ရမဲ့အရာလည်း မဟုတ်ဘဲနဲ့…
သူက ဘေးမှာထိုင်နေရတဲ့သူပါ။ ဒီအတိုင်း မလူးသာမလွန့်သာ အနေအထားကို တွန်းပို့ခံလိုက်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ပါ။ သူ့မှာ သူ့ရဲ့သိက္ခာအတွက် ပူပန်ပိုင်ခွင့်မရှိပါဘူး။ ညတွင်းချင်း အလုပ်မပြုတ်ချင်ဘူးဆိုရင်ပေါ့လေ။
ဝူဂျင်ဟာသာ သူ့ကို အတင်းတွန်းပို့ပြီး ‘ကုမ္ပဏီအတွက် လုပ်လိုက်ပါ’ လို့ ပြောခဲ့ရင် ပိုပြီးတော့များ လွယ်ကူလောက်မလား။
ဒါပေမဲ့ အဲ့ဒီလို သူရဲဘောကြောင်တဲ့ကောင်မျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် ဟီဂျူ ဝူဂျင်ဟာကို လုံးဝ ချစ်မိခဲ့မှာမဟုတ်ပါဘူး။
ဝူဂျင်ဟာက သူ့ကို အဲ့ဒီလိုလုပ်ခိုင်းမှာမဟုတ်ဘူးဆိုတော့ ဟီဂျူက အဲ့ဒီစော်ကားမှုကို သည်းခံဖို့ အသင့်ဖြစ်နေခဲ့တယ်။
မယိမ်းမယိုင် တည်တည်ငြိမ်ငြိမ်နဲ့ မြန်မြန်ကျော်လွှားပြီး အိမ်ပြန်ရောက်မှ ခံပြင်းဒေါသနဲ့ မျက်ရည်ကျလို့လည်း နောက်မကျသေးပါဘူး။ မတရားဘူးဆိုပေမဲ့ လောကကြီးက ဒီလိုပဲမဟုတ်လား။
မသက်မသာဖြစ်ချင်စရာ တိတ်ဆိတ်မှုကို သည်းမခံနိုင်တော့တဲ့ မန်နေဂျာလီတစ်ယောက် အရက်တစ်ပုလင်း မြန်မြန်ယူပြီး သူ့ကို ကမ်းပေးလာတာ တွေ့လိုက်ရတယ်။
ဟီဂျူက အဲ့ဒါကိုယူဖို့ ထရပ်လိုက်တယ်။
“အခုနောက်ပိုင်း လောကကြီးက ကြောက်ဖို့ကောင်းလာပြီ ဥက္ကဋ္ဌဂျန်ရဲ့။”
“ဘာ။”
ဝူဂျင်ဟာက ရုတ်တရက် ဟီဂျူ့လက်မောင်းကို ဖမ်းဆုပ်ပြီး ဆွဲထိုင်ခိုင်းလိုက်တယ်။ ညင်သာပေမဲ့ ပြင်းထန်တဲ့အားပါပဲ။ ဟီဂျူ မယူလိုက်နိုင်တဲ့ အရက်ပုလင်းက စားပွဲပေါ်လိမ့်သွားပြီး ခွမ်းခနဲအသံနဲ့အတူ စားပွဲအောက်ကို ကျသွားခဲ့တယ်။
အရက်တွေအားလုံး ဖိတ်ကျကုန်တော့တယ်။
“လောကကြီး ဘယ်လိုတွေ ပြောင်းလဲကုန်ပြီလဲဆိုတာမသိဘဲ ဒီလိုဆင်ခြေတွေလုပ်နေတော့ ကျွန်တော့်အတွက် ထိုင်ကြည့်နေရတာ တော်တော်ခက်ပါတယ်။”
“တကယ်ပဲ ဘာတွေပြော…”
“ဥက္ကဋ္ဌကြီးက လူကြီးဖြစ်နေတော့ မသိလောက်ဘူးထင်တယ်။ နားလည်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်လည်း သည်းခံထားပေမဲ့ ဥက္ကဋ္ဌကြီးက အဓိပ္ပာယ်မရှိတာတွေချည်း ဆက်တိုက်ပြောနေတော့…”
ဂျင်ဟာရဲ့ အသံက အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ရှိတတ်တာကြောင့် ဟီဂျူတစ်ယောက် ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားခဲ့တယ်။
သူ မူးနေတာများလားဆိုတဲ့ အတွေးနဲ့ ဟီဂျူ သူ့ကို သတိလေးထားပြီး ပြန်ကြည့်လိုက်တယ်။ ဟီဂျူ့အထင်နဲ့ ဆန့်ကျင်လှစွာ သူက လုံးဝအကောင်းအတိုင်းကို ရှိနေခဲ့တာပါ။
“ကျွန်တော်က ဒီအဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ကို တားမလို့။ ဥက္ကဋ္ဌကြီး တရားစွဲခံရမှာနော်။”
“ဘယ်သူက တရားစွဲမှာလဲ။”
“နစ်နာသူပေါ့။”
“အတွင်းရေးမှူးရှင်းကလား။ အဲ့ဒါက ဘာစကားလဲ။ ငါ အရက်တောင် မသောက်ရသေးခင် ဒီလိုပေါက်ကရတွေ လုပ်ကြံထားတာပေါ့လေ။”
“ကျွန်တော်တို့ရဲ့ ဥပဒေရုံးကို တန်းသွားပြီး လိင်ပိုင်းဆိုင်ရာ ပြစ်မှုပိုင်းမှာ အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေငှား၊ ကုမ္ပဏီရဲ့ ဥပဒေရေးရာအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဝန်ထမ်းကို အမြဲကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်မလုပ်နိုင်တာ ဘာမှမရှိဘူး။”
ဟီဂျူ့နှလုံးက တဒိတ်ဒိတ် ခုန်လာခဲ့တယ်။
‘တကယ်ပဲ သူ ဥက္ကဋ္ဌဂျန်ကို ဒီလိုလုပ်လိမ့်မယ်လို့ ထင်မထားဘူး…’
ရူးသွားပြီ။ ဒါက လုံးဝရူးတာပါပဲ။ မတန်ပါဘူး။
‘ကျေးဇူးပါလို့ပဲ ပြောရမလား…’
ဒါပေမဲ့ ဟီဂျူ ကျေးဇူးမတင်ချင်ပါဘူး။ ဟီဂျူက သူ့လက်မောင်းသူ လူးလွန့်ပြီး ဝူဂျင်ဟာ ချုပ်ကိုင်ထားရာကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ သူက ပိုပြီးတော့ တင်းတင်းဆုပ်ကိုင်လိုက်တာမို့ ရုန်းမထွက်နိုင်ခဲ့ပါဘူး။
လှုပ်ရှားလို့ရတဲ့ ကျန်လက်တစ်ဖက်နဲ့ပဲဖြစ်ဖြစ် သူ့ကိုတားဖို့ ကြိုးစားခဲ့ပေမဲ့ သူက ဘယ်အရာမှ သူ့ကို တားနိုင်မှာမဟုတ်တဲ့အလား အခုထိ တည်တည်ကြည်ကြည် စုစုစည်းစည်းနဲ့ ရှိန်ချင်စရာကောင်းအောင် ရှိနေခဲ့တယ်လေ။
“ငါက ဘယ်လို လိင်ပိုင်းဆိုင်ရာပြစ်မှုကိုများ ကျူးလွန်ခဲ့လို့လဲ။…တော်ပြီ။ မောင်ရင်က မိန်းမတွေနဲ့ပတ်သက်လာရင် အရူးတစ်ပိုင်းပါဖြစ်နေတာကိုး။”
“ရူးနေပြီး အချိန်နေရာနဲ့လိုက်အောင် မချင့်ချိန်နိုင်တာက ဥက္ကဋ္ဌဂျန်ပါ။ ကျွန်တော်က အသေးစား လိင်ပိုင်းဆိုင်ရာ ပြစ်မှုအဆင့်လောက်နဲ့ တားပေးလိုက်တာကိုတောင် ကျေးဇူးတင်သင့်တာ။”
“မောင်ရင် ဒီလိုတွေလုပ်နေတာ ငါဖြင့် နားမလည်နိုင်ဘူး။ မောင်ရင့်အတွင်းရေးမှူးကို ငါ့ရဲ့ ဟိုတယ်အိပ်ခန်းထဲ ခေါ်ထည့်ဖို့ပြောတာလည်း မဟုတ်ဘဲနဲ့…။”
“အဓိပ္ပာယ်မရှိတာတွေပဲ ဥက္ကဋ္ဌဂျန်။ ဒီလောက် ဒုံးဝေးလွန်းတာ စိတ်မကောင်းစရာပဲ။ ၉နာရီသတင်း အဖွင့်မှာ ဝူဆောင်းလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဂျန်မြောင်ဂျွန်းက WK ရဲ့ အမျိုးသမီးဝန်ထမ်းကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေလုပ်တယ်ဆိုပြီး ပါလာခဲ့ရင် ဘယ်လိုလုပ်မလဲ။”
“အဲ့ဒါက သက်သေမရှိတဲ့ ဖော်ပြချက်ကြီးပဲဟာ။ လုပ်ကြံစွပ်စွဲမှုတွေရှိတာ မသိဘူးလား။”
“အားတော့နာပေမဲ့ အားလုံးကို အသံသွင်းထားပါတယ်။”
“…ဘာ။”
****
Translated by D