Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၂)
“ပထမဆုံး စတွေ့ကတည်းက မန်နေဂျာလီကို ထက်မြက်ပါးနပ်တဲ့ လူငယ်တစ်ယောက်မှန်း သိတယ်။ ထက်မြက်တဲ့လူတစ်ယောက် အမှားလုပ်ဖို့ ဆုံးဖြတ်မိဖို့က တစ်ချက်လေးပဲကြာတယ်ဆိုတော့…ဒါပေမဲ့ သူ့ကို ပိုအကဲခတ်ကြည့်လေ သူက သစ္စာရှိတဲ့ လူတစ်ယောက်လည်းဖြစ်တယ်ဆိုတာကိုပါ တွေ့ရလေပဲ။ သူ့ရဲ့ ပညာရေးနောက်ခံကလည်း ကောင်းတယ်။ ဒါပေါ့ ငါ့အပေါ်လည်း အမြဲဂရုတစိုက်ရှိတယ်လေ။ အဲ့ဒါကြောင့် ငါ့အနားမှာခေါ်ထားပြီးတော့ သူ့ရဲ့ အရည်အချင်းကောင်းတွေကို တိုးတက်ခွင့်မရအောင်များ လုပ်မိနေတာလားဆိုပြီးတော့တောင် တွေးကြောက်နေတာ…”
“မဟုတ်တာပဲ ဥက္ကဋ္ဌကြီးရဲ့။ ဥက္ကဋ္ဌကြီးရဲ့ဘေးမှာ နေခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ အဲ့ဒါနဲ့တင် အောင်မြင်တယ်လို့ ပြောလို့ရနေပါပြီ။”
“ဒီအပြောကောင်းတဲ့ကောင်ကတော့ကွာ။ သူ့အတွက် တကယ် စိတ်မကောင်းဘူး။ ပြီးခဲ့တဲ့နှစ်က သူ ငါ့ကြောင့် ကွာတောင်ကွာရှင်းခဲ့ရသေးတာ။ အလုပ်ကြောင့် သူ့ခမျာ နေ့ရောညရော အိမ်မပြန်နိုင်ဘူးလေ…”
မန်နေဂျာလီရဲ့ သူဌေးက သူပြောချင်တဲ့အချက်ကိုရောက်ဖို့အရေး တော်တော်လေး ရှက်ဖို့ကောင်းပြီး အရေးမပါတဲ့ အကြောင်းအရာတွေကိုပါ ထည့်ပြောတဲ့အထိ သွားခဲ့တယ်။
ဟီဂျူက မန်နေဂျာလီအတွက် စိတ်မကောင်းဖြစ်မိသွားခဲ့တယ်။ သူကိုယ်တိုင်ဟာလည်း ဝူဂျင်ဟာရဲ့ လူလို့မခေါ်နိုင်တဲ့ အလုပ်လုပ်နှုန်းကို အမီလိုက်နေရသူဖြစ်တယ်ဆိုတာကို ခေတ္တခဏ မေ့သွားရင်းပေါ့။
ဘယ်သူမှမမေးတဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ နောက်ကြောင်းရာဇဝင်တွေအကြောင်း စကားထဲပါလာတဲ့အခါ မန်နေဂျာလီက ရေဆာတဲ့အလား အသာလေး သူ့ခွက်သူ မယူလိုက်တယ်။ ရှက်ရွံ့နေမှာ ကျိန်းသေပါတယ်။
သူ့ဘေးမှာတော့ ဥက္ကဋ္ဌဂျန်က သူ့ရဲ့လက်အောက်ငယ်သားကိုပဲ အမှန်တကယ် အလေးထားသလိုလို မျက်နှာထားနဲ့ မန်နေဂျာလီရဲ့ မအောင်မြင်ခဲ့တဲ့ အိမ်ထောင်ရေးအကြောင်း လျှာအရိုးမရှိတိုင်း တသသပြောနေခဲ့တယ်။
မန်နေဂျာလီ ခွက်ကိုချလိုက်တဲ့အခါ ဟီဂျူက ဒီတစ်ခါတော့ နားလည်ပါတယ်ဆိုတဲ့ အပြုံးမျိုး ပြုံးလိုက်တယ်။ ဒါပေမဲ့လည်း သူက ရှက်ရှက်နဲ့ ဟီဂျူ့မျက်လုံးတွေကို ရှောင်လွှဲပြီး ခေါင်းငုံ့ထားခဲ့တယ်။
ဟီဂျူ ဥက္ကဋ္ဌဂျန်ဘက် တစ်ဖန်ပြန်ကြည့်လိုက်တဲ့အခါ ရုတ်တရက် သူက ဟီဂျူနဲ့ ဟီဂျူ့ဘေးမှာရှိနေတဲ့သူဌေး ဝူဂျင်ဟာကို ကြည့်နေသလို ခံစားလိုက်ရတယ်။
ဒါပေမဲ့ ဝူဂျင်ဟာကို သတ္တိမွေးပြီး ကြည့်လိုက်တဲ့အခါ သူက ဟီဂျူ့ကို လျစ်လျူရှုထားဆဲရှိနေတုန်းပါပဲ။
‘တော်သေးလို့ မျက်လုံးချင်းမဆုံလိုက်ဘူး။’
ဒါပေမဲ့ သူ့ရဲ့ အေးစက်စက်နဲ့ ဘာသိဘာသာ အပြုအမူကြောင့် ဟီဂျူရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ငါ ဘာအမှားများ လုပ်ထားမိလို့ပါလိမ့်ရယ်လို့ စိုးတထိတ်ထိတ်တွေးရင်း ဂနာမငြိမ် ဖြစ်နေခဲ့တယ်။
“အလုပ်ပဲသိတဲ့ လူတစ်ယောက်က လူမှုအသိုင်းအဝိုင်းမှာတော့ အောင်မြင်လိမ့်မယ်ဆိုပေမဲ့ အဲ့ဒီလောက်ပဲ။ ဘဝမှာတော့ အောင်မြင်မှာမဟုတ်ဘူး။”
“…”
“မန်နေဂျာလီကိုပဲကြည့်။ ငါက သူ့ကို ဒီအရွယ်လေးနဲ့ ကွာရှင်းရအောင် လုပ်လိုက်မိပြီ။ သူ့ဇနီးဟောင်းအတွက် အချိန်အများကြီး မပေးနိုင်လို့လေ။ သူက အလုပ်နဲ့ပတ်သက်လာရင် အဖိုးတန်ပြီး ငါကလည်း စိတ်မကောင်းဖြစ်စရာမလိုတဲ့ အတိုင်းအတာအထိ သူ့ကို ကောင်းကောင်းထားတယ်ဆိုပေမဲ့ ဒုဥက္ကဋ္ဌဝူရဲ့ အနေအထားကတော့ မတူဘူးမဟုတ်လား။ လူတိုင်း မိသားစုထူထောင်ဖို့ လိုအပ်တယ်ဆိုပေမဲ့ အထူးသဖြင့် မောင်ရင့်လိုလူမျိုးက…”
အဲ့ဒီအချိန်မှာ ဥက္ကဋ္ဌဂျန်ရဲ့ မျက်လုံးတွေက ဟီဂျူ့ဆီ ကျရောက်လာခဲ့တယ်။ သူ့အကြည့်က ထူးဆန်းတာမို့ သူ ဟီဂျူ့ကို ဘယ်လိုအတွေးနဲ့ကြည့်သလဲဆိုတာ ဖတ်ကြည့်လို့မရခဲ့ပါဘူး။
“…မောင်ရင်လည်း မြန်မြန်အခြေချဖို့လိုတာပေါ့။ အိမ်ထောင်ပြုဖို့ကို ဆိုင်းထားတာ မကောင်းဘူးနော်။ နောက်ပိုင်းကျရင် ကြီးကျယ်တဲ့အရာတွေကို အတူလုပ်စရာ၊ မှတ်တိုင်တွေ အတူဖြတ်ကျော်စရာ လူမရှိဘဲ ဖြစ်သွားဦးမယ်။”
“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“ဒါက ငါ အရင်ကလည်း ပြောခဲ့ဖူးတဲ့စကားပဲ။ အိမ်တစ်အိမ်က အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက် သေချာစီမံခန့်ခွဲမှပဲ အောင်မြင်နိုင်မှာ။ ဒုဥက္ကဋ္ဌဝူ မောင်ရင်လည်း မောင်ရင့်ကို ရာနှုန်းပြည့် နားလည်ပေးနိုင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့သင့်တယ်။ အခု ကိုယ့်ကို အားပေးပံ့ပိုးနိုင်မဲ့ မိန်းမနဲ့တွေ့။ ကိုယ်နဲ့တန်းတူ ရင်ဘောင်တန်းနိုင်မဲ့မိန်းမမျိုးနဲ့ တွေ့ကွ။”
ဖြစ်ချင်တော့ မန်နေဂျာလီရဲ့ ကိုယ်ရေးကိုယ်တာဘဝကို အရှက်မရှိ စကားပလ္လင်ခံပြီး ပြောနေကတည်းက ဒီစကားဘယ်ရောက်တော့မလဲဆိုတာကို ဟီဂျူ ခန့်မှန်းထားခဲ့ပြီးသားပါ။
‘ဝူဂျင်ဟာကို နားလည်ပြီး ကူညီပံ့ပိုးပေးနိုင်မဲ့ မိန်းမ။’
‘ဝူဂျင်ဟာလို မိန်းမ။ သူနဲ့ တစ်တန်းစားတည်းဖြစ်တဲ့ မိန်းမ။’
ဥက္ကဋ္ဌဂျန်ပြောတဲ့ နားလည်မှုတို့၊ အားပေးပံ့ပိုးမှုတို့ဆိုတာ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ ပံ့ပိုးအားပေးမှုကို ပြောနေတာမဟုတ်ပါဘူး။
အဲ့ဒါကတော့ လူချမ်းသာတွေကြားက စကားဝှက်တစ်ခုပါပဲ။ အကျိုးအမြတ်၊ ရာထူးနဲ့ အင်အားရဖို့အတွက် အသုံးတည့်စေမဲ့ နားလည်မှုနဲ့ ပံ့ပိုးမှုမျိုးပေါ့။
ဥက္ကဋ္ဌဂျန်က လူကြီးသူမတွေ အရွယ်ရောက်ပြီးသား လူတွေကို အချစ်ရှာဖို့ အကောင်းသဘောနဲ့ ပြောနေသလို ဘာမဟုတ်တဲ့ အိမ်ထောင်ပြုရေး နားချစကားမျိုး ပြောနေတာမဟုတ်ပါဘူး။
နားလည်မှုနဲ့ ပံ့ပိုးမှုဆိုတာ ဝူဂျင်ဟာ အနာဂတ်မှာလက်ထပ်မဲ့ ဘယ်ဆီနေမှန်းမသိရတဲ့ မိန်းမဆီကနေ လာမဲ့အရာကို ဆိုလိုခြင်းမဟုတ်ပါဘူး။
ဥက္ကဋ္ဌဂျန်က သူ့မိသားစုဝင်နဲ့ ဝူဂျင်ဟာကို လက်ထပ်ဖို့ ကြောင်းလမ်းနေတာပါ။ လူတစ်ယောက်က တစ်ခုပေးပြီဆိုရင် တစ်ခုတော့ ပြန်ရရမှာပေါ့။
ဟီဂျူတစ်ယောက် ဝူဂျင်ဟာကို မကြည့်မိအောင် အသေအလဲ ကြိုးစားလိုက်တယ်။ ဝူဂျင်ဟာ ချက်ချင်း ပြန်မဖြေတဲ့အခါ အကြံပြုချက်ကို စဉ်းစားရင်း သူ ဘယ်လိုမျက်နှာထားမျိုးနဲ့ ရှိနေလောက်မလဲဆိုပြီး လိုက်မတွေးမိအောင် ကြိုးစားခဲ့ရတယ်။
‘ဘာပဲဖြစ်ဖြစ် ငါ့ကို နာကျင်စေရမှာပဲကို။ ပြီးတော့ အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်ဘူးလေ။’
‘ဝူဂျင်ဟာရဲ့ အိမ်ထောင်ရေး။’
‘ဝူဂျင်ဟာရဲ့ အောက်မှာရှိမဲ့ မိန်းမ။’
[ဘာသာပြန်မှတ်ချက် : ဝူဂျင်ဟာရဲ့ အောက်မှာရှိမဲ့မိန်းမဆိုတာ အိပ်ရာထဲက ကိစ္စလုပ်တဲ့အခါကို ပြောချင်တာပါ။]
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ဟီဂျူတစ်ယောက် အဲ့ဒီလိုအကြောင်းအရာမျိုးတွေကို လုံးဝစိတ်မဝင်စားပါဘူးဆိုပြီး ဆက်တိုက်ဟန်ဆောင်နေခဲ့တာလေ။
‘ငါ့နှလုံးသားရဲ့ ပုံစံက အကျည်းတန်နေပြီးသားပဲ။ သူ့ကို ပြမိလို့မဖြစ်ဘူး။ အခုထက်ပိုပြီး သူ ငါ့ကို အထင်သေးသွားမှာမျိုး မလိုချင်ပါဘူး။’
“အခုလောက် အရေးကြီးတဲ့အချိန်ဆိုတာ မရှိတော့ဘူး။ ဥက္ကဋ္ဌဝူမှာ တခြားတရားဝင်မြေးတွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းအသိပဲလေ။ ဒီတော့ ဒုဥက္ကဋ္ဌဝူအနေနဲ့ အိမ်ထောင်မပြုဖို့ ရွေးချယ်တာက ပြဿနာအကြီးကြီး ဖြစ်သွားနိုင်တယ်နော်။”
“…”
“မောင်ရင်က ဒီထက်ပိုပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူပါ။ အဲ့ဒါကို သိတယ်မဟုတ်လား။ သူတို့တွေကျတော့ မိသားစုရဲ့နာမည်နဲ့ အဆက်အသွယ်တွေပေါ်မှာပဲ မှီခိုနိုင်ကြသူတွေ…ကျိန်းသေပေါက် သူတို့ကို မချင့်မရဲ အော်ထုတ်ပစ်ချင်နေတယ်မဟုတ်လား။ မောင်ရင်က သူတို့လိုမှမဟုတ်ဘဲ။ ဝူ မျိုးရိုးအမည်နဲ့ မွေးဖွားလာတဲ့သူ မဟုတ်ရင်တောင်မှ မောင်ရင်က ထက်ထက်မြက်မြက်ရှိပြီး အခုအချိန်လောက်ဆိုရင်ကို ဩချရလောက်စရာတစ်ခုခု လုပ်နေနိုင်လောက်မှာ။”
“…”
“ဘယ်လိုလဲ…မဟုတ်ဘူးလား၊ မောင်ရင်က ဝူမျိုးရိုးအမည်နဲ့ မွေးဖွားလာပြီး ပစ်ပယ်ခံခဲ့ရတယ်…ဒါပေမဲ့ အဘိုးနဲ့တူတဲ့သူဆိုတော့ စီးပွားရေးပိုင်းမှာ ပင်ကိုအရည်အချင်းရှိတယ်။ ဒီတော့ အခက်အခဲ ကြုံရတိုင်းမှာ အရင်တုန်းကလိုပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် အပေါ်ပြန်တက်နိုင်တာပေါ့…”
ဟီဂျူတစ်ယောက် တစ်သက်လုံး တွားတက်သွားမယ်ဆိုရင်တောင်မှ ဝူဂျင်ဟာရဲ့ ခြေဖျားကိုတောင် မီနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လောကမှာ တစ်စုံတစ်ယောက်က ဝူဂျင်ဟာကို ကံခေတဲ့သူတစ်ယောက်ပုံပေါက်အောင် ပြောဆိုနိုင်တာ တကယ် အံ့လောက်စရာပါပဲ။
ဟီဂျူ ဝူဂျင်ဟာကို အမှတ်တမဲ့ ငေးကြည့်လိုက်မိတယ်။ သူက ဥက္ကဋ္ဌဂျန်ကို ခပ်တည်တည်သာ ကြည့်နေခဲ့တယ်။
****
Translated by D