Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၆)
ဟီဂျူက မန်နေဂျာလီကို bill ပေးလိုက်ပြီး ဝင်ပေါက်မှာ ပါကင်ဝန်ထမ်းကို စောင့်နေတဲ့ ဝူဂျင်ဟာဆီ သွားလိုက်တယ်။ ဖြစ်ချင်တော့ သူ့ကားကို ထုတ်ထားပြီးသား ဖြစ်နေခဲ့တယ်။
ပါကင်ကြေးရှင်းပြီး တစ်ဖက်လှည့်လိုက်တဲ့အခါ ဝူဂျင်ဟာက နဖူးပေါ်လက်တင်လျက်သားနဲ့ နံရံကိုမှီထားတာ တွေ့လိုက်ရတယ်။
သူ ကားထဲဝင်သွားနှင့်ပြီလို့ ဟီဂျူ ထင်ထားခဲ့ပေမဲ့ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ သူ့ပုံစံက အခြေအနေ သိပ်မဟန်တဲ့ပုံဖြစ်တာကြောင့် ဟီဂျူ သူ့ဆီ မြန်မြန်လျှောက်သွားလိုက်တယ်။
“ရရဲ့လား ဒုဥက္ကဋ္ဌ။”
“ရတယ်။”
‘ရတယ်’ လို့သာ ဖြေခဲ့ပေမဲ့ ဝူဂျင်ဟာတစ်ယောက် ကားတံခါးဖွင့်ရင်း ယိုင်တိုင်တိုင်ဖြစ်နေခဲ့တယ်။ ဟီဂျူက မြန်မြန်လေး သူ့ကို ကူပေးဖို့ ပြင်လိုက်ပေမဲ့ ဟီဂျူ လက်လှမ်းဖို့ပြင်လိုက်တယ်ဆိုရင်ပဲ ဝူဂျင်ဟာက တွန်းဖယ်ခဲ့တယ်။
ဟီဂျူ နည်းနည်းတော့ သတိထားနေပေမဲ့ စိုးတထိတ်ထိတ်နဲ့ပဲ ဆက်ကြည့်နေမိခဲ့တယ်။ အဲ့ဒီနောက် ဝူဂျင်ဟာက တစ်ဖန်ထပ်ပြီး ယိုင်ခနဲ ဖြစ်သွားခဲ့ပြန်တယ်။
နောက်ဆုံးတော့ ကားတံခါးကို ထိန်းဖွင့်ပေးပြီး သူ့ကို ကူညီပေးရုံသာ တတ်နိုင်ခဲ့ပေမဲ့ ဒီတစ်ခါတော့ ဝူဂျင်ဟာက ထပ်ပြီးငြင်းမနေတော့ဘဲ ဟီဂျူ့ကို မှီထားခဲ့တယ်။
ဝူဂျင်ဟာဆီက ဆောင်းလေရဲ့ ရနံ့မျိုး ရနေခဲ့တယ်။
ဟီဂျူ အိုးတိုးအမ်းတမ်း အသက်အောင့်ထားလိုက်မိတယ်။ ဝူဂျင်ဟာက ဘာသိဘာသာ ကားပေါ်တက်လိုက်ပြီး ဟီဂျူ့ပခုံးတွေကို မတော်တဆ ပွတ်တိုက်မိသွားခဲ့တယ်။
“မူးနေတာလားဟင်။”
“ဟင့်အင်း။”
ဟီဂျူက ကားထဲရောက်တယ်ဆိုရင်ပဲ သူ့ကို မေးလိုက်ပေမဲ့ သူက ချက်ချင်းဆိုသလို ပြန်ဖြေခဲ့တယ်။
သူ့အဖြေက အဆင်ပြေနေတုန်းပါပဲ။ ဒါပေမဲ့လည်း ဟီဂျူ မယုံခဲ့ပါဘူး။ ဝူဂျင်ဟာ မူးနေတာ သေချာပါတယ်။
ဥက္ကဋ္ဌဂျန်နဲ့ အငြင်းအခုံဖြစ်ခဲ့တာ ၁၅မိနစ်သာ ရှိသေးပြီး ဝူဂျင်ဟာတစ်ယောက် ပုံမှန်လို မားမားမတ်မတ် ထိုင်နေရာက ထရပ်ပြီးတော့ ဥက္ကဋ္ဌဂျန်နဲ့အတူတူ လျှောက်ထွက်သွားတာကို တွေ့ခဲ့ရတာ ၅မိနစ်တောင် မရှိသေးပါဘူး။
‘ဒါဆို လုံးဝမမူးသလို ဘယ်လိုများ ဟန်လုပ်နေနိုင်ခဲ့တာပါလိမ့်။’
‘တကယ်ပဲ အများကြီး သောက်ခဲ့တာလား။ အဲ့ဒီလိုတော့ မထင်ပါဘူး…’
ဟီဂျူ တစ်ခါထပ်တွေးလိုက်ပြန်တယ်။
‘အနေအထားက အဲ့ဒီလို ရုတ်တရက် ပြောင်းမသွားခင် အရက်တော်တော်လေး သောက်မိခဲ့တာက ငါလို့တောင် ပြောလို့ရတာကို။’
ဒါပေမဲ့လည်း ဝူဂျင်ဟာက ပုံမှန် ကိုယ့်ကိုယ်ကိုယ် သတိနဲ့ထိန်းသိမ်းတတ်တဲ့လူပါ။
“…ဒုဥက္ကဋ္ဌလည်း သောက်ခဲ့တာပဲလို့ တွေးနေတာ။”
“အင်း။”
“ဒါပေမဲ့ ဒီနေ့…ဒုဥက္ကဋ္ဌလည်း အများကြီးသောက်ခဲ့တာပဲ မဟုတ်ဘူးလား။”
“အဲ့ဒီလောက်မဟုတ်ပါဘူး။ နည်းနည်းပါးပါးပါ။”
ရယ်သံခပ်ကြမ်းကြမ်း ထွက်ပေါ်လာခဲ့တယ်။
ဟီဂျူ သူ့ဘက်လှည့်ကြည့်လိုက်တဲ့အခါ ဝူဂျင်ဟာက ပြန်ဖြေတဲ့အလား ပြောခဲ့တယ်။
“နှမြောစရာပဲ။”
တဒင်္ဂတော့ ဟီဂျူ ပြန်ဖြေစရာ စကားရှာမရခဲ့ပါဘူး။ ဒါပေမဲ့ သူ ရှက်ကိုးရှက်ကန်း ဖြစ်နေတာ သေချာပါတယ်။ ဝူဂျင်ဟာက ဟီဂျူ့ကို နည်းနည်းရှက်နေတာပါ။
‘ဒါပေမဲ့ ငါ့အရှေ့မှာ ရှက်နေစရာ ဘာများရှိလို့လဲ…ဘာအတွက်လဲ။ သူ မူးနေလို့များလား။ ဒါပေမဲ့ ကျိန်းသေပေါက်…လူဆိုတာ အရက်သောက်ရင် မူးမှာပဲလေ။ အဲ့ဒီအတွက် ဘယ်သူမှ ထွေထွေထူးထူး တွေးနေမှာမဟုတ်တာကို။’
အရှေ့ကို ကြည့်ရင်း ပင်ပန်းသလိုလိုရှိလာတာကြောင့် အသာပါးစပ်ပိတ်ပြီး ကားမောင်းလိုက်တယ်။
“ဝိုင်ကောင်းကောင်း သောက်ခဲ့ရတယ်။”
ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့် ဟီဂျူ လှည့်ကြည့်လိုက်မိတယ်။ ဝူဂျင်ဟာက ပြတင်းပေါက်အပြင်ဘက်က ကားလမ်းတစ်လျှောက်ကို ကြည့်နေခဲ့တယ်။ ဟီဂျူက ခေါင်းကလေး မသိမသာငဲ့လိုက်တယ်။
“သတိထားမိပါတယ်။”
“မပြောတတ်ဘူး။”
“…ဘာပဲဖြစ်ဖြစ် အရက်ချင်းအတူတူပဲလေ။ အဲ့ဒီတော့။”
“မတူဘူး။”
ဟီဂျူတစ်ယောက် ရှင်းရှင်းလင်းလင်း ကြားမိလိုက်ပြီး အမှတ်တမဲ့ ရယ်ချမိမလိုတောင် ဖြစ်သွားခဲ့တယ်။
“အရက်က သူ့ဟာနဲ့သူ ကောင်းပေမဲ့ ငါက ထူးထူးဆန်းဆန်း အဲ့ဒီလိုအရက်မျိုးကို ခံနိုင်ရည်သိပ်မရှိဘူး။”
“အဲ့ဒီလိုလား။”
“ရိုးရာဝိုင်တစ်မျိုးပဲ။ တရုတ်အရက်လိုမျိုး…”
“ဒုဥက္ကဋ္ဌ သောက်နေတုန်းကတော့ အဲ့ဒီလိုအရိပ်အယောင်မျိုး တွေ့မိတယ်မထင်ဘူးနော်။”
ဟီဂျူက ဘာအရက်ပဲသောက်သောက် ခံစားချက်က အတူတူပါပဲ။
‘ငါ့အတွက်တော့ အားလုံးက အရသာအတူတူပဲကို။’
နားမလည်ပေမဲ့ ဂျင်ဟာက အဲ့ဒီလိုအရက်မျိုးဆို ပိုပြီးတော့ မြန်မြန်မူးတတ်တယ်လို့ ပြောချင်တာထင်ပါရဲ့ဆိုတဲ့ အတွေးနဲ့ ဒီအတိုင်းပဲ ခေါင်းညိတ်လိုက်တယ်။
အဲ့ဒီနောက် သူ ဟီဂျူ့အဖြေကို စောင့်နေချိန်မှာ ဟီဂျူက သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
ဝူဂျင်ဟာက နွမ်းလျစွာ မှေးစင်းနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေခဲ့တာပါ။
ဟီဂျူက ခိုးကြည့်ပြီး ဖမ်းစားခံလိုက်ရတာကို လူမိသွားတဲ့အလား တစ်ဖက်လှည့်ပြီး ကြည့်မိတာကို နောင်တရနေခဲ့တယ်။
ကားကလေးက တစ်ဖန်ထပ်ပြီး အနေခက်စရာ တိတ်ဆိတ်မှုနဲ့ စတင်ပြေးခဲ့ပြန်တယ်။ အဲ့ဒီနောက် လီဗာကို အရမ်းမြန်မြန် နင်းမိတယ်လို့ တွေးမိပြီး ဟီဂျူတစ်ယောက် ရှက်သွားတော့တယ်။ ရှက်စရာတွေချည်းအပြည့်ပါပဲ။
“အတွင်းရေးမှူး ဟီဂျူ ကားမောင်းလို့ အဆင်ပြေတာ သေချာရဲ့လား။”
“ရှင်။”
“အရက်သိပ်မသောက်ထားဘူးလို့ ထင်ထားတာ။”
‘ငါ ကားမောင်းတာက အမူးသမားမောင်းသလို ဖြစ်နေလို့များလား။’
ဟီဂျူ ကမန်းကတန်း ခေါင်းခါလိုက်တယ်။
“ကျွန်မ အများကြီးမသောက်ထားပါဘူး ဒုဥက္ကဋ္ဌ။ ပါးစပ်ထဲဝင်သွားတာ နည်းနည်းလေးပါ။ အရက်မဝင်ပါဘူး၊ ခွက်နဲ့တေ့ရုံပါပဲ…စိတ်ပူလို့လားရှင့်။”
“ဘာပဲဖြစ်ဖြစ် အရမ်းပြင်းတဲ့ အရက်ဆိုတော့ အဲ့ဒီလိုများ ဖြစ်နေမလားလို့ ထင်နေတာ။”
“ကျွန်မ ကားမောင်းတာက စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်၊ ပိုပြီးသတိထားပါ့မယ်။”
“ကားမောင်းတာနဲ့ပတ်သက်ပြီးတော့ စိတ်ထဲမထားပါနဲ့၊ မင်းက ထုံးစံအတိုင်း အဆင်ပြေပြီးသားပါ။ ဒါပေမဲ့ မင်းရဲ့ အရက်သောက်နိုင်စွမ်းက အမြဲကောင်းခဲ့တာမှမဟုတ်တာ အတွင်းရေးမှူး ဟီဂျူ။ မင်းလည်း လန့်သွားမှာပဲ။”
“အခုတော့ နည်းနည်း ထိန်းနိုင်ပါပြီ…”
“ဒါပေမဲ့ မင်းလည်း အံ့ဩပြီး အစော်ကားခံရသလို ခံစားရပြီးတော့ တအားစိတ်ဖိစီးခဲ့ရမှာပဲ။”
ဟီဂျူက နည်းနည်း အာရုံနောက်သွားလို့ထင်ပါရဲ့ဆိုပြီး ပြောဖို့ပြင်လိုက်ပေမဲ့ ဝူဂျင်ဟာက သူအဓိကဆိုလိုချင်တာနဲ့ နီးစပ်တဲ့ အကြောင်းအရာကို စကားစခဲ့တယ်။
“မဟုတ်ပါဘူး။”
“တောင်းပန်ပါတယ်။”
“…”
“ဒီနေ့အတွက်။”
“ဒုဥက္ကဋ္ဌ တောင်းပန်ရမဲ့ကိစ္စ မဟုတ်ပါဘူး။”
“ငါ့ကြောင့်သာမဟုတ်ရင် အတွင်းရေးမှူး ဟီဂျူလည်း ဘယ်ကိစ္စထဲကိုမှ ဆွဲထည့်ခံရမှာမဟုတ်ဘူးလေ။”
“…”
“ငါ သတိမထားမိလိုက်ဘူးဖြစ်သွားတယ်။ တောင်းပန်ပါတယ်။”
ဝူဂျင်ဟာက ဘာကြောင့် တောင်းပန်ဖို့ လိုအပ်တဲ့အကြောင်း ရိုးရိုးရှင်းရှင်း ရှင်းပြခဲ့ပေမဲ့ အဲ့ဒီဝန်ကတော့ မရိုးရှင်းခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ငြင်းလို့ရတာလည်း မဟုတ်တော့ အတိုက်အခံလုပ်နေစရာ အကြောင်းမရှိပါဘူး။ ဥက္ကဂျန်က နဂိုကတည်းက အဲ့ဒီလိုလူစားမျိုး ဖြစ်တာကြောင့် အမှန်တကယ် အပြစ်တင်ရမဲ့လူက ဒီကားထဲမှာ ရှိမနေဘူးလေ။
ဒါပေမဲ့ ဝူဂျင်ဟာဆီက ထူးထူးဆန်းဆန်း သူ့အတွက် စိတ်မကောင်းဖြစ်နေသလိုမျိုး ဘာမှန်းမသိရတဲ့ အပြစ်မကင်းစိတ်ကို ဟီဂျူ ခံစားလိုက်ရတယ်။
အပြစ်မကင်းစိတ် ရှိခဲ့တယ်ဆိုရင်တောင်မှ ဟီဂျူ သူ့ကို သေတာတောင် လုံးဝ အပြစ်တင်နိုင်မှာမဟုတ်ပါဘူး။
ဒီတော့ အဲ့ဒီအပြစ်မကင်းတဲ့စိတ်က ဒီအတိုင်း ဖုံးကွယ်ထားတဲ့ နောင်တရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်၊ ဝူဂျင်ဟာကိုမြင်တိုင်း ရူးသွားတတ်တဲ့ သူ့စိတ်ပဲဖြစ်ဖြစ် ဖြစ်လောက်ပါတယ်။
ဒါပေမဲ့လည်း အကယ်၍ ဟီဂျူ သေသွားခဲ့မယ်ဆိုရင် ကိုယ့်အပြစ်မဟုတ်တာတောင်မှ လူတွေရဲ့အမြင်ကတော့ ဟီဂျူကပဲ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သလိုလို အရှုပ်ထုပ်လို့ သဘောထားကြလောက်မှာပါ။
ဝူဂျင်ဟာ ရယ်တဲ့အခါ ဟီဂျူလည်း လိုက်ရယ်ချင်မိပြီး၊ ဝူဂျင်ဟာ မျက်မှောင်ကြုတ်သွားမှာ သေမလောက် စိုးရိမ်မိပြီးတော့ ဝူဂျင်ဟာ ပင်ပန်းနွမ်းနယ်နေပုံပေါ်ရင် ဟီဂျူ သည်းမခံနိုင်ပါဘူး။
ဟီဂျူက သူ့နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကို ဆက်ဆံသလိုမျိုး သူ့ကိုယ်သူ ဝူဂျင်ဟာဆီမှာ မြှုပ်နှံထားခဲ့တာပါ။
“အဆင်ပြေရဲ့လား။”
“ဟုတ်ကဲ့ စိတ်မပူပါနဲ့။”
အမှန်တော့ အဆင်မပြေပါဘူး။ အမြဲတမ်း အဲ့ဒီအကြောင်း တွေးလိုက်တိုင်းမှာ နည်းနည်း ကတုန်ကယင်ဖြစ်ချင်သလို ခံစားရပါတယ်။ အဲ့ဒါကို မသိခင် အရင်တုန်းကနဲ့ သိသိသာသာ ကွဲပြားတဲ့ ခံစားချက်ပါပဲ။
ကုမ္ပဏီကြီးတစ်ခုနဲ့ အရေးကြီးတဲ့ ညှိနှိုင်းဆွေးနွေးမှုက သူ့ကြောင့် ချွတ်ချော်သွားရတယ်ဆိုတာကိုပေါ့။
အခုလေးတင် ဝူဂျင်ဟာရဲ့ ကာကွယ်မှုကို ရခဲ့လို့ ဝမ်းသာရတဲ့ခံစားချက်ကလည်း ဒီအဖြစ်အတွက် ဘာမှအကူအညီမပေးနိုင်ခဲ့ပါဘူး။
ဟီဂျူက သူ့ခံစားချက်တွေသူ ဘယ်တော့မှ မျက်နှာချင်းဆိုင်ဝံ့မှာမဟုတ်လေ။
‘အဲ့ဒီ ရူးမိုက်တဲ့ သာယာမှုကို ဝန်မခံချင်ပါဘူး…’
‘ဝူဂျင်ဟာက သူ့ရဲ့ အနာဂတ်အရိုက်အရာအတွက် တကယ့်အကျိုးအမြတ်အကြီးကြီးကို မျက်ကွယ်ပြုပြီး ငါ့ကို ကာကွယ်ဖို့ တိုက်ခိုက်ခဲ့တာ။’
ရာရာစစ ဥက္ကဋ္ဌဂျန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းတယ်ဆိုတာက ကျိန်းသေပေါက် ပိုပြီးခက်ခဲတော့မှာပါ။ အထူးသဖြင့် သူကိုယ်တိုင်အတွက်ပေါ့။
မရေမရာ မျှော်လင့်ချက်လေးတွေ မထားမိရအောင် ရှင်းဟီဂျူတစ်ယောက် သူ့ကိုယ်သူ အဲ့ဒီလို အယုံသွင်းခဲ့တယ်။ အဲ့ဒီလိုနဲ့ သွေးအေးလာတဲ့ ဟီဂျူတစ်ယောက် ခေါင်းပြန်မော်လာနိုင်ခဲ့တယ်။
ဒါပေမဲ့ ဝူဂျင်ဟာက သူ့ကို လုံးဝ အရေးမပါတဲ့သူလို အမြဲတမ်း လွှင့်ပစ်နိုင်ပါတယ်။ ဟီဂျူ့ကို ကုမ္ပဏီအတွက်ပဲဖြစ်ဖြစ် အဲ့ဒီလို လုပ်လိုက်ပါလို့ ပြောနိုင်သလို ဒါလေးလက်ခံတာက ဘာတွေများမှားနေလို့လဲဆိုပြီး အလွယ်လေး ပြောချင်ပြောနိုင်ပါတယ်။ လူချမ်းသာအများစုက သူတို့အမိန့်အတိုင်း ရိုရိုကျိုးကျိုး မနာခံရင် အမြဲတမ်း အတ္တဆန်တတ်လေ့ရှိကြသူတွေမို့လို့ပါ။
****
Translated by D