Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၇)
အဲ့ဒါက သာမန်လူတွေနဲ့ ကွဲပြားတဲ့ လက်တွေ့ပါ။ ဒီတော့ သူ့အတွက်အများကြီးလုပ်ပေးဖို့ ဘာတွေပဲလုပ်ခဲ့ပါစေ လက်တွေ့ကျကျပြောရရင် သဘာဝမကျပါဘူး။
သူက ဟီဂျူ့သူဌေးဖြစ်နေတာကြောင့်ပဲဖြစ်စေ၊ ဟီဂျူ တစ်ဖက်သတ်ချစ်ရတဲ့သူ ဖြစ်နေတာကြောင့်ပဲဖြစ်စေ ဥက္ကဋ္ဌဂျန်အပေါ် သူ့ရဲ့တုံ့ပြန်မှုက ဟီဂျူ့ကို ဥက္ကဋ္ဌဂျန်ထက် ပိုပြီးတော့တောင် ဒုက္ခရောက်အောင်လုပ်နိုင်တဲ့ အင်အားနဲ့အတူတူပါပဲ။
ထိန်းချုပ်ခံရမဲ့အစား ဖြစ်ချင်တော့ သူက ဟီဂျူ့ကို အတင်းတွန်းအားပေးစရာမလိုမဲ့ နောက်ထပ်အကြံတစ်မျိုး စဉ်းစားမိသွားရုံပါ။
‘ငါမဟုတ်တဲ့ တခြားမိန်းမတွေအတွက်ရော ဒီလိုပဲလုပ်မှာလား။’
အစကတည်းက သူ့ရဲ့ အဲ့ဒီစိတ်ဓာတ်ကြောင့်ပဲ ဟီဂျူ ဒီလိုလူကို နှစ်သက်မိခဲ့တာထင်ပါရဲ့။ သွေးအေးတယ်လို့ ထင်ရပေမဲ့ ကိုယ်ကျင့်တရားအရ စည်းကြပ်ဖြောင့်မတ်တဲ့လူ၊ သူများတွေအပေါ် သိပ်ပြီးဂရုမစိုက်တတ်ဘူးလို့ ထင်ရပေမဲ့ သူ့ရဲ့လူတွေကိုတော့ လုံးဝကာကွယ်ဖို့ ဆန္ဒရှိတဲ့လူ။
ပြီးတော့ ဟီဂျူက သူ့လူဆိုပေမဲ့ အဲ့ဒီအစား သူ့ကို တစ်ဖက်သတ်အချစ်တွေ ပေးခဲ့မိတယ်လေ။
သူက တော်တော့်ကို လေးစားထိုက်စရာ သူဌေးဖြစ်တာမို့ သူ့အတွက် ခံစားချက်တွေ ဖြစ်မိတာကိုတောင် ဂုဏ်ယူမိပါသေးတယ်။ ဒီနေ့ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ပိုလို့တောင် အဲ့ဒီလိုဖြစ်မိရတာပေါ့။
ဒါပေမဲ့ ‘ငါကလွဲပြီး တခြားဘယ်မိန်းမမှ’ ဆိုတဲ့ အယူအဆက ဝူဂျင်ဟာအတွက် ဂုဏ်ယူမှုကို တိုးပွားလာစေပေမဲ့ အသွားနှစ်ဖက်ပါတဲ့ဓားလိုပဲ ဟီဂျူရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားစိတ်ကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။
အမှန်က နောက်ဆုံးတော့ ဟီဂျူဟာ တခြားလူတွေနဲ့ ဘာမှမကွာတဲ့သူတစ်ယောက်ပါပဲ။
ဒီအချစ်ကို သတ်ပစ်ဖို့ ဒီထက်ပိုပြီး အစွမ်းထက်တဲ့နည်းလမ်းတွေများ ရှိဦးမလားလို့တွေးရင်း ဟီဂျူတစ်ယောက် အဲ့ဒီအချက်တွေကို ထပ်ပြန်တလဲလဲရေရွတ်နေခဲ့မိတယ်။
အထင်လွဲနေစရာ ဘာမှမရှိပါဘူး။
‘ရှင်းဟီဂျူ။ နင်က လုံးဝ ထူးခြားတဲ့သူမဟုတ်ဘူး…’
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ သတိပေးနေပါစေ နောက်ဆုံးတော့ စောစောက ဝူဂျင်ဟာရဲ့ ဒေါသနဲ့ စိတ်အခက်မသင့်မှုတို့ကို အကျယ်ချဲ့ပြီးလိုရာတွေးဖို့သာ ကြိုးစားခဲ့မိတယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ အာရုံလွှဲဖို့အတွက် ဟီဂျူ စကားစလိုက်မိတော့တယ်။
“ကျွန်မ တကယ်ပဲ ဥက္ကဋ္ဌဂျန်ဆီက နစ်နာကြေး နည်းနည်းပါးပါး ရလိမ့်မယ်လို့ ထင်ထားတာ။”
ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေတဲ့ ဝူဂျင်ဟာ သူ့ဘက်လှည့်ကြည့်လာတာကို ခံစားမိလိုက်ရတယ်။
“ယူလိုက်၊ ရနိုင်သလောက် ယူသာယူ။”
“အခုထိ အဲ့ဒီကိစ္စကို စဉ်းစားမိနေတာ။”
“ဘာပဲဖြစ်ဖြစ် ငါလည်း မင်းကို အတင်းဖိအားပေးလို့်မရဘူးလေ၊ နောက်ပြီး မင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် မင်းကြုံခဲ့ရတာက ဒီအတိုင်း တိုးတိုးတိတ်တိတ် မြေမြှုပ်ခံလိုက်ရမှာပဲ၊ ပြီးတော့ ငါက အဲ့ဒီ ဥက္ကဋ္ဌဂျန်ဆီကနေ ငွေညှစ်လို့ရမှာတောင်မဟုတ်ဘူး။”
ဟီဂျူက တစ်ဖက်ကလည်း ဥက္ကဋ္ဌဂျန်ကို ကြောက်မိရင်း သုံးသပ်တွက်ချက်နေခဲ့ရတဲ့ အခြေအနေကို ပြန်တွေးလိုက််မိတယ်။
ဒီတော့ သူလည်း အဲ့ဒီလိုပဲ တကယ်တွေးမိတာမို့ ဘာမှမတွေးဘဲ ခေါင်းညိတ်လိုက်တယ်။
“ဒါဆို ရနိုင်သလောက်သာယူ။ သူ့အတွက် သန်းပေါင်းများစွာတန်တဲ့ အပေးအယူကိုရဖို့က သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူးလို့ထင်ပေမဲ့ ဝမ်တစ်သန်းတောင် မသုံးချင်တဲ့ ဥက္ကဋ္ဌဂျန်လိုလူမျိုးအတွက် တော်တော်ခက်မှာပဲ။ သွားထိမလို့တော့မဟုတ်ပေမဲ့ အလဟဿလည်း မလျှော့လိုက်နိုင်ဘူးလေ။”
“…တစ်သန်းပေါ့လေ။”
“တောင်းပန်ပါတယ်။” ဟီဂျူရဲ့ အလန့်တကြားအသံကြောင့် သူက ပြန်ပြောခဲ့တယ်။
“လျှော့ပေးခဲ့တာလား။”
“တအားများနေတယ်မဟုတ်လား။”
“အဲ့ဒါက အနည်းဆုံးနဲ့ အနီးစပ်ဆုံးပဲ။ အဲ့ဒီထက်နည်းသွားရင် မကောင်းဘူး။”
“ဘာပဲဖြစ်ဖြစ် တရားစွဲလို့မရဘူးဆိုပြီးတော့ ဘယ်လိုများ…”
“မင်းလိုချင်တယ်ဆိုရင် တရားစွဲမယ်လေ။ ကူညီပေးလို့ရတယ်။”
သူက မူးနေပြီး ကောင်းကောင်းဆုံးဖြတ်နိုင်ပြီးတော့ စိတ်လွတ်ကိုယ်လွတ်ရှိနေပေမဲ့ ဒီအတိုင်း လုံးဝကို တခြားလူတစ်ယောက် ဖြစ်သွားသလိုပါပဲ။
“ငါက ကိုယ်လုပ်ချင်တာကို မဆင်မခြင် လုပ်ခဲ့မိတယ်။ တောင်းပန်ပါတယ်။”
တောင်းပန်စကားကလည်း မရေမရာပါပဲ။
“သူဌေးတစ်ယောက်အနေနဲ့ သဘာဝကျတဲ့ ကိစ္စပဲလို့ ထင်ခဲ့တာပါ။ ‘သူက အရမ်းသဘောကောင်းတော့ သူ့ကိုယ်သူ ကာကွယ်ပြီးပြောနိုင်မှာမဟုတ်ဘူး။ စောဒကတက်တာတို့၊ တောင်းဆိုတာတို့ လုပ်နိုင်မှာမဟုတ်ဘူး။’ တကယ် အဲ့ဒီလိုဖြစ်လောက်မှာပဲလို့ ထင်ခဲ့မိတာ။ သိပ်ပြီးကောင်းတာတော့မဟုတ်ပေမဲ့ ကျွန်မ…ကျွန်မ အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်တဲ့ပုံ ပေါက်ချင်မှပေါက်မှာဆိုပေမဲ့…ဒါပေမဲ့လည်း အရမ်းကို ကျေးဇူးတင်တာပါ။ ကျွန်မအတွက် အဲ့ဒီလိုလုပ်ပေးဖို့ ဒုဥက္ကဋ္ဌမှာ တာဝန်ရှိတာမဟုတ်ဘူးဆိုတော့လေ။”
ဂျင်ဟာနဲ့ ကုမ္ပဏီက အများကြီး ပေးရမှာပါ။ ဒီအတိုင်းတောင် တကယ်ကို စိတ်မသက်မသာဖြစ်နေရပါပြီ။ အားလုံးက တစ်ဖက်လူကြောင့် ဖြစ်လာရတဲ့ဟာကို။
ဥက္ကဋ္ဌဂျန်သာ ပုံမှန် သက်လတ်တန်းအရွယ် လုပ်ငန်းစုကြီးတစ်ခုရဲ့ အုပ်ချုပ်ရေးပိုင်း အရာရှိတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ သူက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသိဘာသာနေလောက်တယ်ဆိုပေမဲ့ ကံဆိုးချင်တော့ အဖြစ်က အဲ့ဒီလိုမဟုတ်ခဲ့ဘူးလေ။
ဟီဂျူလို ဘာမှမဟုတ်တဲ့သူတစ်ယောက်က ဥက္ကဋ္ဌဂျန်ကို ဧည့်ခံပြုစုပေးရုံနဲ့တင် ကျေနပ်နေရလောက်မှာပါ။ အဆုံးထိ သူက အဲ့ဒီလိုလုပ်ဖို့ ဆန္ဒမရှိတာတောင်မှပေါ့။
ဝူဂျင်ဟာက ‘ဘာရယ်’ လို့ပြောရင်း ရယ်ခဲ့တယ်။
“ငါလည်း အဲ့ဒီလိုပဲတွေးခဲ့တာ။”
“ရှင်။”
“မင်းအနေနဲ့ တကယ်ပဲ အဲ့ဒီလိုလုပ်စရာမလိုဘူး။”
“…”
“ငါက ဒီအတိုင်း နည်းနည်းလေး သောက်ရူးထလိုက်မိတာ။”
“မဟုတ်ပါဘူး။”
“မင်း လန့်နေတာကိုတွေ့ပေမဲ့ အကြောင်းရင်းကို မသိခဲ့ဘူး။”
ဝူဂျင်ဟာရဲ့အသံက ရယ်သံစွက်ပြီး လှောင်ပြောင်နေခဲ့တယ်။ ဟီဂျူက ပြတ်ပြတ်သားသား ခေါင်းခါလိုက်တယ်။
“မင်းစိတ်ပူနေတာက အဲ့ဒါဆိုရင်တော့ အဲ့ဒါအားလုံးက အမှန်ပဲ။”
“မဟုတ်မှလွဲရော…”
အမှန်ကတော့ အဲ့ဒါတွေအားလုံး တကယ်ဖြစ်ခဲ့တယ်ဆိုတာပါပဲ။
ကုမ္ပဏီမှာ ဝန်ထမ်းအဖွဲ့က လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ ပါဝင်ပတ်သက်မိတဲ့အချိန်က ဖြစ်ချင်တော့ ဝူဂျင်ဟာ ဒုဥက္ကဋ္ဌနေရာကို ယူပြီးပြီးချင်းမှာမှ သွားဖြစ်ရတယ်လို့လေ။
ဝူဂျင်ဟာက လေ့ကျင့်ရေးကာလကို မြန်မြန်အဆုံးသတ်ပြီး အဲ့ဒီနောက် လေ့ကျင့်ရေးကာလ ပြီးပြီးချင်းပဲ ဒုဥက္ကဋ္ဌနေရာကို ရာထူးတက်ခဲ့တာပါ။
“ပြောချင်တာက ကျွန်မ ဒုဥက္ကဋ္ဌအပေါ် နည်းနည်းအားနာမိတယ်လို့ပါ၊ ပြီးတော့ ကျွန်မ နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုပြီး…”
‘ဘာလုပ်ရမလဲ။’
‘ကျွန်မ ကောင်းကောင်းလုပ်ခဲ့သင့်တာပါ။’ လို့ ပြောတာလောက် မိုက်မဲတဲ့စကားမရှိတော့ပါဘူး။
‘ငါ တော်တော့်ကို အပြစ်ရှိသလို ခံစားရတယ်။’
သူက လူချမ်းသာတွေကြားက နေရာမှာရပ်နေတဲ့ အဖျက်သမားပါပဲ။ ပြီးတော့ အလုပ်ကိစ္စ အပေးအယူကို ပျက်စီးစေခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်ရမှာပါ။
နောက်ဆုံးမှာတော့ ဒီလိုမွန်းကျပ်စရာခံစားချက်က ဝူဂျင်ဟာနဲ့ သူဟာ ဘယ်လောက်ကွာခြားကြောင်းကိုသာ သက်သေပြခဲ့ပါတယ်။
‘ဘာပဲဖြစ်ဖြစ် ငါက အသုံးတည့်လို့မဟုတ်ဘူးလား။ အတွင်းရေးမှူးမ လှလှလေးတွေခေါ်ပြီး နိုင်ငံခြားသွားမယ်၊ ရိုးလာရင် လူပြောင်းလိုက်မယ်။ အတွင်းရေးမှူးတစ်ယောက်လောက် အဆင်ပြေတာ ဘယ်သူမှမရှိဘူးလေ။’
လွယ်လွယ်သုံးလို့ရတဲ့မိန်းမ။ အသုံးတည့်တယ်။ ရိုးလာရင် ပြောင်းလိုက်လို့ရတဲ့အရုပ်။
ဟီဂျူက တစ်ခါမှ အဲ့ဒီလို အသုံးချခြင်းမခံခဲ့ရဖူးပါဘူး။ ပြီးတော့ ဝူဂျင်ဟာက သူ့ကို ဘယ်တုန်းကမှ အဲ့ဒီလို အတင်းဖိအားပေးတာတို့၊ အသုံးချတာတို့ မလုပ်ခဲ့ပါဘူး။
ဒါပေမဲ့လည်း သူ့ရဲ့ ချို့ချို့တဲ့တဲ့ဇာစ်မြစ်က ဝူဂျင်ဟာရဲ့ အရှေ့မှာ မျက်ဝါးထင်ထင်ကြီးကို ပေါ်လွင်နေသလိုပါပဲ။
ဟီဂျူ့အတွက် အရက်သောက်တာဟာ ဒီအတိုင်း အရက်သောက်ခြင်းပဲဖြစ်ကြောင်း ပြသခဲ့ပြီးပါပြီ။ အရသာတို့၊ စပ်နည်းတို့က ဘယ်လိုပဲရှိပါစေ သူဟာ အရက်ကို အဲ့ဒီလိုသာ သဘောထားနိုင်တဲ့အကြောင်းကိုပေါ့။
အဲ့ဒါကြောင့် ဝူဂျင်ဟာ သူ့အတွက် ရပ်တည်ပေးခဲ့တာကို ဝမ်းမသာနိုင်ခဲ့ပါဘူး။ သူ့ကိုကာကွယ်တဲ့အတွက် ဝူဂျင်ဟာခံစားရမဲ့ ဆုံးရှုံးမှုက ပိုဆိုးတာကြောင့်ပါ။
ဝူဂျင်ဟာသာ သူ့အတွက် တကယ့်အထက်အရာရှိတစ်ယောက်လို သဘောထားရသူ ဖြစ်ခဲ့မယ်ဆိုရင် လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ သူ့ရဲ့ အကာအကွယ်ပေးမှုက ဘယ်လောက်များ ဝမ်းသာစရာ၊ အားရှိစရာဖြစ်လိုက်မလဲ။
ဝူဂျင်ဟာအပေါ် ချစ်တဲ့အချစ်ကြောင့် သူ့မာနသူ ဖျက်ဆီးမိနေတာသာဖြစ်ပြီး လူလည်း တဖြည်းဖြည်း ပြိုကွဲလာရပါပြီ။
“ပိုပြီး ဘာဖြစ်လဲ။”
“…”
“ငါက ကြီးကျယ်တဲ့ ရာထူးကိုလည်း မဝယ်နိုင်ဘူး၊ ဥက္ကဋ္ဌဂျန်ရဲ့ ဖိတ်ကြားမှုကိုလည်း မငြင်းနိုင်ခဲ့ဘူး။”
“…”
“ရှင်းဟီဂျူက အဲ့ဒီမှာ ဘာများလုပ်ခဲ့ရဦးမှာလဲ။”
ဟီဂျူက ဟာသလေးနည်းနည်းလောက်ပြောဖို့ ကြိုးစားမိပေမဲ့ ပိတ်ပြောခံလိုက်ရတယ်။
“မင်းက အဲ့ဒီလိုထင်တယ်ဆိုရင်တော့ အဲ့ဒါက အစကတည်းက ငါ့ရဲ့အစီအစဉ်မဟုတ်ဘူး။”
“…”
“အဲ့ဒါကြောင့် အခု ဟီဂျူက ငါ့ကို တောင်းပန်လိုက်မယ်ဆိုရင် တော်တော်လေး စိတ်ကွက်စရာဖြစ်သွားမှာ၊ ဟုတ်ပြီလား။”
“ဟုတ်ကဲ့ပါ၊ ဒုဥက္ကဋ္ဌ။”
“ကောင်းတဲ့အဖြေပဲ။”
ခက်ထန်စည်းကြပ်တဲ့ အသံမျိုးဆိုပေမဲ့ ပြန်ကြည့်လိုက်ရင် လေသံဖျော့ဖျော့နဲ့ အသာအယာ ခပ်တိုးတိုးပြောခဲ့တဲ့အသံပါ။ ပြီးတော့ ဒီလေးနှစ်အတောအတွင်းမှာ အရက်မူးနေတဲ့ ဝူဂျင်ဟာကို တွေ့မြင်ခဲ့ဖူးပြီဖြစ်တဲ့ ဟီဂျူအတွက် တကယ်ကို အသစ်အဆန်းဖြစ်နေခဲ့တယ်။
သူ့ကိုတော့ တစ်ခါမှ မပြောခဲ့ဖူးပေမဲ့ ကားမောင်းနေတာသာမဟုတ်ဘူးဆိုရင် အခု သူ့ပုံစံ ဘယ်လိုရှိနေသလဲဆိုတာကို ဟီဂျူ မြင်ချင်မိပါတယ်။
‘ကျွန်မက မိနစ်ပိုင်းလောက် စိတ်သောကတွေရောက်ပြီး ငိုမိခဲ့သေးတာ။ သတ္တိလည်းမရှိပါဘူး။’
“ဒါပေမဲ့ ဟီဂျူပြောတာမှန်တယ်…”
“ဘာကလဲ။”
“တကယ်တော့ ငါ့အနေနဲ့ အဲ့ဒီလိုလုပ်စရာမလိုဘူး။”
မရည်ရွယ်တဲ့စကားတွေ မူးရင်ထုတ်ပြောတတ်တဲ့အကျင့် ရှိတာလား။ ပြီးရင် နောက်မှနောင်တရတာမျိုးလား။
ဝူဂျင်ဟာတစ်ယောက် ပေါက်ကွဲပစ်ဖို့ တစ်ခုခုလုပ်ခဲ့တာ ဆန်းတော့မဆန်းပါဘူး။ သူက ညာဘက်ကနောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို တွေးနေတဲ့အလား ဘေးဘက်မှာ မေးထောက်ထားလျက် ရှိနေခဲ့တယ်။
“အဲ့ဒါကြောင့် ရှင်းဟီဂျူအတွက်သာ မဟုတ်ဘူးဆိုရင်…”
“…”
“…ဘယ်လိုပြောရမလဲ၊ သူ တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ သေချာတယ်။ ပြီးတော့ ငါက အဲ့ဒီလို ညစ်တီးညစ်ပတ်လုပ်ရပ်တွေကို မမြင်ချင်လို့။”
ပထမတော့ ဝူဂျင်ဟာ ဘာပြောနေသလဲဆိုတာ ဟီဂျူ နားမလည်ခဲ့ပါဘူး။
“ဒါပေမဲ့ သင့်တော်တဲ့စကားတွေရှာပြီး ကြိုးစားကြည့်မယ်ဆိုရင် သူ့အတွက် ရှက်စရာမဖြစ်အောင်လုပ်လို့ရမဲ့နည်းလမ်းတော့ရှိမှာပဲ။”
“…”
“ငါ ဘာလို့ အရူးတစ်ယောက်လို လုပ်ခဲ့မိမှန်းမသိပါဘူး…”
“…”
“ရှင်းဟီဂျူကရော ဘာကြောင့်လဲဆိုတာ သိလား။”
“လုံးဝမသိပါဘူး။”
ဟီဂျူရဲ့နှလုံးက ခြေထောက်ပေါ်မှာပဲရှိနေတဲ့အလား ဒုတ်ခနဲ ခုန်သွားခဲ့တယ်။ ပြီးတော့ တကယ်ပဲ ဘာကိုမှ မတွေးချင်ခဲ့တာကြောင့် မသိခဲ့ပါဘူး။
“ဘာဖြစ်လို့ ကျွန်မက သိလိမ့်မယ်လို့ ထင်ရတာလဲ။”
“…”
“တကယ်မသိဘူးလား။”
“ဟုတ်ကဲ့။”
ဟီဂျူက ဒီမှာ သူ့ရဲ့နေရာကို ခန့်မှန်းထားပြီးသားပါ။ မျှော်လင့်ချက်မှန်သမျှကို စွန့်ပစ်ထားခဲ့တာ ကြာလှရှိခဲ့ပါပြီ။
ဝူဂျင်ဟာက တိတ်တဆိတ် ခပ်ရေးရေးပြုံးပြီး အဲ့ဒီနောက် မီးပွိုင့်မီးစိမ်းတာကို ညွှန်ပြခဲ့တယ်။ ဟီဂျူက နောက်ကျပြီးမှ ကားစက်နှိုးလိုက်မိတယ်။ မူးနေတဲ့ ဝူဂျင်ဟာက တော်တော်လေး အန္တရာယ်များလှပါတယ်။ သူ့ကိုယ်သူ ဘာပြောလို့ပြောမိမှန်းတောင်မသိဘဲနဲ့ ဟီဂျူ့ကို ကစားခဲ့တာလေ။ ဟီဂျူက တစ်ချိန်တည်းမှာပဲ ဒေါသတွေဖြစ်၊ စိတ်လှုပ်ရှား၊ ဝမ်းလည်းနည်း၊ ကောင်းလည်းကောင်း၊ စိတ်ပျက်သနားစရာလည်းဖြစ်ခဲ့တယ်။
‘ဘာဖြစ်လို့ ငါ့ကို အဲ့ဒီလိုပြောရတာလဲ။ ငါက နည်းနည်းလေး အရေးပါတဲ့သူများဖြစ်နေလောက်မလား။’
ဒီလိုအတွေးဟောင်းတွေကို တွေးလိုက်မိတော့ ရင်ခုန်သွားခဲ့ရတယ်။
“ဒီတော့ တရားစွဲဖို့ကရော။”
“ဘာရယ်။”
“အများကြီးတော့ အကူအညီဖြစ်မှာမဟုတ်ပေမဲ့ ကျွန်မကတော့ လုပ်ကြည့်မလားလို့ပါ။”
“ရတယ်လေ၊ ငါက နားမလည်နိုင်ဖြစ်သွားရုံပါ။ ဒါပေမဲ့ ကုမ္ပဏီကို ဒီထက်ပိုပြီး ဖိအားတွေမပေးချင်ဘူး။ အဲ့ဒီလိုပဲ၊ ဒါပဲပေါ့။”
ဟီဂျူက ဝင်ပြောဖို့ကြိုးစားခဲ့ပေမဲ့ သူ့အကြောင်းကောင်းကောင်းသိပုံရတဲ့ အသံက သူ့ရဲ့ ညစ်ပတ်ချင်တဲ့သဘောထားကို ငြိမ်သွားအောင်လုပ်ခဲ့တယ်။
ဝူဂျင်ဟာနဲ့ အရမ်းရင်းနှီးသလိုမျိုး တစ်ခါမှ မခံစားဖူးခဲ့ပါဘူး။ ဒါက အရမ်းကောင်းလွန်းလို့ ထွက်ပြေးချင်မိရတဲ့အထိပါပဲ။
သူကပဲ ဝူဂျင်ဟာထက် ပိုမူးနေတဲ့အလား ကားစတီယာရင်ဘီးကို လက်ဆယ်ချောင်းနဲ့ ကတုန်ကယင် ကိုင်ထားလိုက်တယ်။ ပြီးတော့ ဝူဂျင်ဟာနဲ့ မျက်နှာချင်းဆိုင်လိုက်မိရင် ထင်ယောင်ထင်မှားတွေ ဖြစ်မိမှာစိုးတဲ့အလား အမြင်လွှာကို ထိန်းသိမ်းလိုက်မိတယ်။
****
Translated by D