Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၈)
ဟီဂျူ နေရခက်သည်ဖြစ်စေ၊ မခက်သည်ဖြစ်စေ သူကတော့ ကားပိုင်ရှင်ပီသစွာ လမ်းအလယ်ကိုကြည့်ရင်း အေးအေးလူလူရှိနေခဲ့တယ်။
အဆင်ပြေစေရေးအတွက် ဟီဂျူက ဖိုရမ်ကျင်းပရာ ကမ်မလီယာကျွန်းနဲ့ နီးနီးနားနားရှိတဲ့ ဇိမ်ခံဟိုတယ်ကြီးတစ်ခုမှာ အခန်းယူထားခဲ့ပေမဲ့ စားသောက်ဆိုင်ကနေ တော်တော်ဝေးဝေး သွားရပါတယ်။
ဒီလမ်းဆုံးသွားရင်ကောင်းမှာပဲဆိုပေမဲ့ အနည်းဆုံး နောက်ထပ်တစ်နာရီလောက်လည်း ထပ်ပြီးရှည်ကြာစေချင်မိတယ်လေ။ ဒါပေမဲ့လည်း ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။
ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ။
“…ကျွန်မသာ ဥက္ကဋ္ဌဂျန်ကို တရားစွဲမယ်ဆိုရင် တကယ်ပဲ အသံသွင်းထားတာကို ဖြန့်ပေးချင်ခဲ့တာလား။”
ဘယ်ကဘယ်လို သတ္တိတွေရလာမှန်း မသိပေမဲ့ သိချင်မိပါတယ်။ မေးခွန်းတွေမေးရင်း ကိုယ့်ကိုယ်ကိုယ် အလုပ်ပေးထားချင်တာကြောင့်ပါ။
ဒါပေမဲ့ မပြောသင့်တာ ပြောလိုက်မိတာကို ချက်ချင်း နောင်တရမိခဲ့တယ်။
“ဟင့်အင်း။”
ဝူဂျင်ဟာက ရှင်းရှင်းလေး ပြန်ဖြေခဲ့တယ်။ ဟုတ်တယ်၊ ဒီလိုပဲဖြစ်ရမှာပေါ့။ သူသာ အဲ့ဒီလို တကယ်လုပ်မယ်ဆိုရင် ထူးဆန်းနေမှာပါ။ ဟီဂျူ သူ့နှုတ်ခမ်းသူ ကိုက်ထားလိုက်ပြီး နှလုံးသားက နိမ့်ချည်မြင့်ချည် ဖြစ်နေတာကို ခံစားမိလိုက်တယ်။
လေညင်းကို နှစ်သက်ခံစားနေတဲ့အလား ဝူဂျင်ဟာက ရယ်ခဲ့တယ်။
“ဖြန့်လိုက်လို့ ဘယ်ရမလဲ၊ ငါ့မှာ ရှိမှမရှိတာ။”
“ဘာရယ်။”
“အသံမသွင်းထားဘူးလို့။”
“…ဘာ။”
“ငါ့ဖုန်းက မင်းလက်ထဲမှာလေ ဟီဂျူရဲ့။”
“…”
ခေါင်းထဲက မူးရိပ်ရိပ်ဖြစ်မှုက တဒင်္ဂ ဘေးပို့ခံလိုက်ရတော့တယ်။ ဟီဂျူက အံ့ဩမှင်တက်စွာ ပြောခဲ့တယ်။
“…တကယ်ပဲ…နေပါဦး ဒါဆို ဘယ်မှာနေမှန်းမသိတဲ့ အသံဖိုင်နဲ့ ဥက္ကဋ္ဌဂျန်ကို…”
“တစ်ဖက်လူက ငါ့စကားကို နာနာခံခံနဲ့ နားထောင်မယ်ဆိုရင် လူမိမှာမဟုတ်ဘူးလေ…”
“…ဟုတ်ကဲ့၊ ဒါပေါ့၊ ကျွန်မသာ တကယ်ပဲ အဲ့ဒါကို ယုံကြည်ပြီး တရားစွဲမိခဲ့ရင်ရော။ အဲ့ဒီလိုဆို ဘယ်လိုလုပ်မှာလဲ။”
“တရားစွဲမလို့လား။ ဘာပဲဖြစ်ဖြစ် ငါက မျက်မြင်သက်သေပဲဆိုတော့ လုပ်ကြတာပေါ့။”
သူက အအေးရောင်းစက်ကနေ အအေးသောက်ဖို့ တွေးသလိုမျိုး ပေါ့ပေါ့လေး စောဒကတက်ခဲ့တယ်။
“ဟင့်အင်း၊ အဲ့ဒါက ပြဿနာမဟုတ်ဘူးလေ။ သူ့ကို အကျပ်ကိုင်ခဲ့ပြီး သက်သေမရှိဘူးဆိုရင် အရှက်ကွဲမှာပေါ့…”
“ငါက သူ့ကို အကျပ်ကိုင်နေတာပဲကို ဥက္ကဋ္ဌဂျန်က ဘာများတတ်နိုင်မှာလဲ။”
“…ဒုဥက္ကဋ္ဌက သူ့ကို နစ်နာကြေးတောင်းတော့ သူတို့သာ တရားဝင်လုပ်ခဲ့မယ်ဆိုရင်…”
“ဥက္ကဋ္ဌဂျန်က ရာထူးနဲ့အာဏာကို အလွဲသုံးစားလုပ်တဲ့ ပြစ်မှု ကျူးလွန်မိပါတယ်ဆိုပြီး ကိုယ်တိုင်ဝန်ခံခဲ့တာလေ။ အဲ့ဒါကြောင့် နစ်နာကြေးကို သဘောတူညီချက်အနေနဲ့ ပေးခဲ့တာ။”
“ဒုဥက္ကဋ္ဌ။”
“ပြီးတော့ အရှက်ကွဲရအောင် အိုကြီးအိုမနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တဲ့အမှုမျိုး ကျူးလွန်တာထက် ပိုဆိုးတာ မရှိတော့ဘူး…မင်းက အခု ငါ့ကို ဒေါသတွေလာထွက်နေတာလား။”
“မ…မဟုတ်ပါဘူး…ဒီအတိုင်း လန့်သွားလို့ပါ။”
“မင်းမှာ ဘာမှဆုံးရှုံးစရာမရှိဘူး။”
“…ကျွန်မ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေခဲ့တာ…အဲ့ဒါကို တကယ်ယုံခဲ့မိလို့…”
“မင်း ဒီလောက်စိတ်ဆိုးတာ တစ်ခါမှ မတွေ့ဖူးဘူး။”
“ကျွန်မ စိတ်ဆိုးနေတာမဟုတ်ပါဘူး၊ စိတ်မဆိုးဘူးလို့။”
စကားတွေက ကောင်းကောင်းမွန်မွန် ထွက်မလာတာကို ရှက်မိပါတယ်၊ ဝူဂျင်ဟာကို အော်မိတဲ့အတွက် ရှက်မိပါတယ်။ ဟီဂျူရဲ့နှလုံးက တဒုတ်ဒုတ် ခုန်နေခဲ့တယ်၊ သူဟာ အရူးပါပဲ။
“ဥက္ကဋ္ဌဂျန်က သွားကစားဖို့ နည်းနည်းအန္တရာယ်များတဲ့သူဆိုပေမဲ့ အဲ့ဒီလိုလုပ်မှဖြစ်မယ်၊ အခု အဆင်ပြေမှာပါ။”
“ဒါပေမဲ့…”
“ဒါပေါ့ ငါ့ကိုယ်ငါတော့ နည်းနည်း အန္တရာယ်များတဲ့ အခြေအနေထဲ ပို့လိုက်ရပေမဲ့ပေါ့။”
‘ဒီတော့ ငါတစ်ယောက်တည်း စိတ်ထင့်နေတာမဟုတ်ဘူးကိုး။’
“နည်းနည်းမိုက်မဲရာကျပေမဲ့ ငါ့ရဲ့ရွေးချယ်မှုပဲဆိုတော့ အရှက်ကွဲတာတွေဘာတွေ ဂရုမစိုက်ဘူး။”
သူက ဟီဂျူ့အတွေးထဲကို တစ်ချက်ကြည့်ထားတဲ့အလား ထပ်ပြောခဲ့တယ်။ ကားမောင်းနေရတာကြောင့် သေချာမဖုံးဖိနိုင်ဘဲ မျက်နှာပေါ်မှာ အတိုင်းသားထုတ်ပြမိတဲ့အတွက် အကာအကွယ်မဲ့သလိုမျိုး ဟီဂျူခံစားလိုက်ရတယ်။
“ခေါင်းထဲမှာ ဘာမှမရှိတဲ့ ငါ့ရဲ့ဝမ်းကွဲတစ်ယောက်က နောက်ဆုံးမှာ သူ့သမီးနဲ့ လက်ထပ်သွားလိမ့်မယ်။ ဒီတစ်ခေါက်က အရူးထမိပြီးတော့ ငါရဲ့ဇာတ်သိမ်းဖြစ်သွားနိုင်မှန်းသိတယ်။ အဲ့ဒါကြောင့်ပဲ နည်းနည်းကောင်းတယ်လို့ ခံစားမိတာလားမသိပါဘူး။ ဒါပေမဲ့ ဟီဂျူ့ကိုတော့ အားနာမိတယ်။”
“…လက်ထပ်ဖို့ ကမ်းလှမ်းချက်က မဆိုးပါဘူး။ ပြီးတော့ ဥက္ကဋ္ဌဂျန်က ဒုဥက္ကဋ္ဌရဲ့ အရည်အချင်းတွေကို တော်တော်အသိအမှတ်ပြုထားတာဆိုတော့ လက်ထပ်လိုက်မယ်ဆိုရင် သူက ဒုဥက္ကဋ္ဌကို တော်တော်လေး ပံ့ပိုးပေးလောက်မှာ…”
နည်းနည်းနောက်ကျသွားတယ်ဆိုပေမဲ့ အရင်က ဝူဂျင်ဟာရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို တစ်ခါမှ မပြောဖူးတာကြောင့် စိတ်သက်သောင့်သက်သာမရှိခဲ့ပါဘူး။ ဟီဂျူ စိုးရိမ်နေတုန်းမှာ သူ့လက်မောင်းက လက်တင်ပေါ်မှာတင်ထားတဲ့ ဝူဂျင်ဟာရဲ့ လက်မောင်းနဲ့ အသာလေး ပွတ်မိသွားခဲ့တယ်။
“အဲ့ဒီတော့။”
“…”
“မင်းက ငါ့ကို လက်ထပ်စေချင်တာလား။”
ဝူဂျင်ဟာက ဘာမှမဟုတ်သလို မေးခဲ့တယ်။
‘လုံးဝပဲ။’
ဟီဂျူက ဝူဂျင်ဟာရဲ့အမေ လက်ထပ်တော့လို့ပြောဖို့ ရုံးကိုရောက်လာတိုင်း သူပြန်သွားမဲ့အချိန်ကို ချိန်တွက်ခဲ့တဲ့ မိန်းမပါ။
ဝူဂျင်ဟာကို ဘယ်လောက်ပဲ လိုချင်ပါစေ အိမ်ထောင်ရှိတဲ့ယောက်ျားနဲ့တော့ အတူတူမရှိချင်ပါဘူး။
“အဆင်ပြေတဲ့အမျိုးသမီးဆိုရင် ဖြစ်စေချင်တာပေါ့။”
အဲ့ဒါကြောင့် ဒီမုသားစကားကို သံသယမရှိ ယုံချင်စဖွယ် ဖြစ်စေချင်မိခဲ့ပါတယ်။
အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဝူဂျင်ဟာရဲ့ ပြင်ပရေးရာတွေရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာပါ အကုန်ပါဝင်ခဲ့ဖူးပေမဲ့ မိန်းမနဲ့ပတ်သက်တဲ့ ကိစ္စကိုတော့ ခြောက်ကြိမ်ထက်ပိုပြီး မဖြေရှင်းခဲ့ရပါဘူး။
ဝူဂျင်ဟာက ရဟန္တာတော့မဟုတ်ပေမဲ့ မိန်းမတစ်ယောက်ကို တစ်ကြိမ်ထက်ပိုပြီး မတွေ့ဘူးလေ။ ပထမအကြောင်းရင်းက သူ့မှာ မိန်းမတွေကို အာရုံစိုက်ဖို့ အချိန်မရှိအောင် အလုပ်များတာကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်းကတော့ အလုပ်မရှိအကိုင်မရှိ အချိန်တွေအများကြီးပိုနေတဲ့လူတွေနဲ့ မတွေ့ချင်တာကြောင့်ပါ။
ဝူဂျင်ဟာ ဘယ်မိန်းမနဲ့မှ မတွေ့တဲ့အခါ ဟီဂျူအတွက် မျှော်လင့်ချက်လည်းဖြစ်ရသလို မွန်းကျပ်မှုလည်းဖြစ်ရပါတယ်။ အဲ့ဒီ လှပကျော့ရှင်းတဲ့ ဘယ်မိန်းမကိုမှ မတွေ့ချင်ဘူးဆိုပေမဲ့ သူက ဘာများတတ်နိုင်မှာလဲလေ။
စိတ်ဝင်စားနေတဲ့သူ တစ်ယောက်မှ ရှိပုံမရတဲ့ ဝူဂျင်ဟာနဲ့ သူ့ရဲ့ ဘာသိဘာသာအနေတည်မှုကြောင့် ဟီဂျူရဲ့ တစ်ဖက်သတ်အချစ်က ဒီလောက်အကြာကြီးခံနေတာထင်ပါရဲ့။
အဲ့ဒါကြောင့်ပဲ ဝူဂျင်ဟာရဲ့ဘေးမှာ တခြားမိန်းမတစ်ယောက် ရှိလာနိုင်တဲ့ ဖြစ်နိုင်ခြေက သက်ရောက်မှု အများကြီးမရှိခဲ့ပါဘူး။
ဝူဂျင်ဟာရဲ့အမေ အမြဲပြောပြောနေတဲ့ သူ့ရဲ့အိမ်ထောင်ရေးဆိုတာကလည်း ရင်းနှီးနေတဲ့ အကြောင်းအရာပါပဲ။ အကယ်၍ အဲ့ဒါက ဟီဂျူ့မျက်စိရှေ့မှာသာ ဖြစ်ခဲ့မယ်ဆိုရင် သူ တစ်စက္ကန့်လောက်တောင် ခံမှာမဟုတ်ပါဘူး။
“အဆင်ပြေတဲ့မိန်းမတဲ့လား…စံသတ်မှတ်ချက်ကလည်း မရေမရာနိုင်လိုက်တာ။”
“ကျွန်မ စကားတွေ အများကြီးပြောမိသွားတာပဲ။”
“ဟင့်အင်း၊ ပြောမဲ့စကားကို ပြီးအောင်ပြော။”
“သမီးဖြစ်သူက လက်ထပ်ဖို့အတွက် ရွေးချယ်မှုကောင်းပဲလေ။ ဒုဥက္ကဋ္ဌက ဘာဖြစ်လို့ အဲ့ဒီအကြောင်းပြောဖို့ ငြင်းဆန်နေရတာလဲ စဉ်းစားနေတာ။”
“မတန်လို့။”
“ရှင်။”
“ငါ့ရဲ့ ဝမ်းကွဲညီအစ်ကိုနဲ့ အိပ်ဖူးထားတဲ့မိန်းမနဲ့ အိပ်ဖို့ ဝါသနာမပါဘူး။”
“အိုး…”
ဗြောင်ကျကျပြောလာတဲ့ စကားတွေကြောင့် ဟီဂျူ မျက်နှာရဲသွားခဲ့ရတယ်။ သူက ဟီဂျူ့ကို အသာလေးထိပြီး ဆက်ပြောခဲ့တယ်။
“ငါ အကြွေးတင်စရာမလိုဘူး။”
“…ကြေးတစ်ခုအတွက်ဆို အရမ်းများလွန်းတယ်လို့ ပြောချင်တာလား။”
“ပုံမှန်အတိုင်းဆိုရင် ဟုတ်တယ်၊ ငါ နောက်ထပ် အနှောင်အဖွဲ့တစ်ခု ထပ်မတိုးစေချင်ဘူး။”
လက်ထပ်ထိမ်းမြားမှုကို အနှောင်အဖွဲ့နဲ့ တစ်တန်းတည်း ဖော်ပြလို့ရတယ်ဆိုတာ ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမဲ့ ဟီဂျူက စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ချက်ကို အသာလေး မျိုချလိုက်တယ်။
“သတ်မှတ်ချက်တွေက အဲ့ဒီလောက် ကြေးမမြင့်ဘူးဆိုရင်ရော။”
“ဘာမှရစရာမရှိဘူးဆိုရင် လက်ထပ်လို့လည်း ဘာမှထူးမှာမဟုတ်ဘူးလေ။”
ဥက္ကဋ္ဌဂျန်ရဲ့သမီးနဲ့ယှဉ်ပြီး သတ်မှတ်ချက်ကို နည်းနည်းလေး လျှော့လိုက်မယ်ဆိုရင်တောင်မှ ဘာပဲဖြစ်ဖြစ် အိပ်မက်တောင်မမက်ကြည့်ဖူးတဲ့ အဆင့်အတန်းမြင့် မိန်းမတစ်ယောက်နဲ့ ဟီဂျူ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။
ပံ့ပိုးပေးဖို့ အင်အားရှိတဲ့ မိသားစုက အနှောင်အဖွဲ့လိုပဲဆိုပေမဲ့ အဲ့ဒါက သိပ်ပြီးအကူအညီမဖြစ်ဘူးဆိုရင် လက်ထပ်စရာ အကြောင်းမရှိဘူးလေ။ ဒီတော့ ဝူဂျင်ဟာက ဒီအတိုင်း လက်မထပ်ချင်တာပဲထင်ပါရဲ့။
****
Translated by D