Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၉)
“ဘာပဲဖြစ်ဖြစ် လက်ထပ်တာတော့ လက်ထပ်ရမှာပဲလေ။”
“တစ်နေ့နေ့တော့ လုပ်ရမှာပဲဆိုပေမဲ့ အခု မင်းကို ပြောပြမှဖြစ်မှာလား။”
“မဟုတ်ပါဘူး၊ စိတ်မသက်မသာဖြစ်သွားရရင် တောင်းပန်ပါတယ်…”
“…ဒီနေ့ မတောင်းပန်နဲ့လို့ ပြောထားတယ်လေ။”
“တောင်းပန်ပါတယ်၊ အဲ့ဒါက ဒုဥက္ကဋ္ဌရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲဆိုတော့။”
ဟီဂျူက ပြတ်ပြတ်သားသား တောင်းပန်ခဲ့တယ်။ အဲ့ဒီလောက် ရှက်ဖို့မကောင်းတဲ့ စကားတစ်ခုခု ပြောလို့ရမလားလို့ တွေးကြည့်သေးပေမဲ့ ပြောစရာ ဘာမှမရှိခဲ့ပါဘူး။
အဲ့ဒါကြောင့် အတန်ကြာတဲ့အထိ တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးသွားခဲ့တယ်။ ဘာမှမဖြစ်ခဲ့သလို ပုံစံမျိုးဖမ်းချင်ခဲ့ပေမဲ့ သူ့မျက်နှာက သစ်သားရုပ်သေးရုပ်လို တောင့်တောင့်ကြီး ဖြစ်နေခဲ့တယ်။
ကိုယ့်အခန်းကိုယ် မြန်မြန်ပြန်ပြီး ဒီနေ့ ဘယ်လိုတောင် ရူးရူးမိုက်မိုက် စိတ်တိုင်းကျ ကိုယ့်မျက်နှာကိုယ် ပြန်ဖျက်မိခဲ့သလဲဆိုတဲ့အကြောင်းသာ တွေးလိုက်ချင်တော့တယ်။
သူတို့တည်းကြမဲ့ ဟိုတယ်ကို စပြီးမြင်ရလို့ ဘယ်လောက်မှ မကြာလိုက်ခင်မှာ။ နောက်ဆုံးတော့ ဟီဂျူတစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့တယ်။
“ရှင်းဟီဂျူ၊ ငါ မင်းကို သဘောကျတယ်။”
စိတ်သက်သာရာရသွားတဲ့ အခိုက်အတန့်လေးက တကယ့်ကို တိုတိုလေးပါ။ ဝူဂျင်ဟာ ရုတ်တရက်ကြီး သူ့ကို ကမ်းပါးစွန်းဆီ တွန်းမပို့ခင်အထိပေါ့။
ကားထဲကနေ ဘယ်လိုထွက်ပြီး ဝူဂျင်ဟာရဲ့ အခန်းအထိ ဘယ်လိုတက်သွားသလဲဆိုတာ ဟီဂျူ မမှတ်မိတော့ပါဘူး။
သူ့ခေါင်းထဲမှာ ဝူဂျင်းဟာကို ထားခဲ့ပြီး ကိုယ့်အခန်းဆီကိုယ်ပြေးဖို့ အော်ဟစ်နေတာကြောင့် သူက အဲ့ဒီလိုအရာမျိုး လုပ်ခဲ့တဲ့သူမဟုတ်တဲ့အလား ဝိုးတဝါး အသိစိတ်လိုပါပဲ။
ဝူဂျင်ဟာက အမူးလွန်နေတဲ့ သန်သန်မာမာ ယောက်ျားတစ်ယောက်ဖြစ်ပြီး ကားထဲဝင်စကနဲ့ ယှဉ်လိုက်ရင် အခု ကားထဲက ထွက်လိုက်ချိန်မှာ ပိုဆိုးလာတာလေ။ ပြီးတော့ ကားထဲမှာထိုင်နေတုန်း ပိုမူးလာတယ်ဆိုတာ သိသာပါတယ်။
ဒါမှမဟုတ် ဟီဂျူကပဲ အဲ့ဒါဟာ မူးနေတုန်း တွေ့ကရာပြောခဲ့တဲ့ အသိစိတ်မရှိ အဓိပ္ပာယ်မဲ့စကားတွေလို့ ယုံကြည်ချင်မိခဲ့တာများလား။
“တိတ်နေတာ ကောင်းသားပဲ။”
“…”
ဟီဂျူ့အတွေးထဲပြည့်နေတဲ့ အကြောင်းအရာက လက်ရှိ ဓာတ်လှေကားထဲမှာ သူ့ကိုမှီပြီး ရပ်နေပါတယ်။ အဲ့ဒါက ဘာနေ့လဲဆိုတာတောင် မှတ်မိနေလိုက်ပါသေးတယ်။
ဝူဂျင်ဟာရဲ့ မျက်နှာချောချောကို ပိုပြီးဖမ်းစားနိုင်သွားအောင် လုပ်ခဲ့တဲ့ မသက်မသာ မျက်နှာမဲ့သွားပုံလေးအထိတောင်မှလေ။ ပထမဆုံးအကြိမ်အဖြစ် ဝူဂျင်ဟာကို နည်းနည်းလေး မုန်းချင်မိအောင် လုပ်ခဲ့တဲ့အရာလေးပါပဲ။
သူ့ခန္ဓာကိုယ်က ဘယ်လိုလှုပ်ရှားသွားလဲ၊ သူရောက်နေတဲ့ အခြေအနေက ဘယ်လောက်ကောင်းသလဲဆိုတာ ဟီဂျူ မပြောနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် မုန်းစရာကောင်းအောင် ထွက်လည်းမပြေးနိုင်ဘူးလေ။ ဝူဂျင်ဟာရဲ့ အခြေအနေက ဒီလောက်ဆိုးနေတာကို။
ဝူဂျင်ဟာက ဟိုတယ်ဝန်ထမ်း သူ့ခန္ဓာကိုယ်ကို ထိဖို့ပြင်တာကိုတောင်မှ ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပြီး သူ့ပခုံးလောက်သာမြင့်တဲ့ အတွင်းရေးမှူးကို မှီထားခဲ့တယ်။ နောက်ဆုံး ဟိုတယ်ခန်းထဲက ခမ်းနားလှပတဲ့ အိပ်ရာပေါ်မှာ လေးလေးပင်ပင် သက်ပြင်းချပြီး လှဲချတဲ့အထိပါပဲ။
ဟီဂျူက အိပ်ရာအစွန်းမှာ ရပ်လိုက်တယ်။
ဟီဂျူ ဝူဂျင်ဟာရဲ့အိမ်ကို မကြာမကြာ သွားဖူးတယ်၊ သူတည်းတဲ့ ဟိုတယ်အခန်းကို ခေါက်တုံ့ခေါက်ပြန် သွားဖူးတယ်၊ ပြီးတော့ ပုံမှန် အလုပ်ခရီးတွေမှာ ယူလေ့ရှိတဲ့ suite room ထဲက တခြားအခန်းကို သုံးဖူးတယ်၊ ဒါပေမဲ့ သူ့အရှေ့မှာ ဝူဂျင်ဟာ အိပ်ရာပေါ် လှဲအိပ်တာကို တစ်ခါမှ မမြင်ဖူးပါဘူး။
ပြီးတော့ မူးပြီးတုံးလုံးပက်လက်ဖြစ်နေတဲ့ ပုံစံကလည်း အတူတူပါပဲ။ ယောက်ျားတစ်ယောက်ကို ဗြောင်ကျကျကြည့်နေရင်း ခံစားလိုက်ရတဲ့ အရှက်တရားက မြင့်တက်လာခဲ့တယ်။ ဒီလူ ဒီလောက် အရှက်မရှိနိုင်လိမ့်မယ်မှန်း ဘယ်သူသိမှာလဲ။
ဝူဂျင်ဟာက ဟီဂျူ့မျက်နှာကို တစ်ချိန်လုံး ကြည့်နေခဲ့တယ်။ ဟိုတယ်က နှိုးစက်နာရီကိုယူပြီး သူ့ရဲ့ လက်ပတ်နာရီနဲ့တိုက်ရင်း အဲ့ဒါကို လျစ်လျူရှုဖို့ ဟီဂျူ ကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း ဝူဂျင်ဟာရဲ့ အကြည့်က ဟီဂျူ့မျက်နှာပေါ်မှာ ရှိနေဆဲပါ။
ဟီဂျူက ဝူဂျင်ဟာရဲ့ဖုန်းကို သူ့အိတ်ကပ်ထဲကထုတ်ပြီး အိပ်ရာဘေးက စားပွဲပေါ်ကို တင်ထားလိုက်တယ်။ နာရီကိုတော့ တကယ့်အချိန်ထက် မိနစ်အနည်းငယ်စောပြီး တိုက်ထားခဲ့တယ်။
“…မနက်ဖြန် ၇နာရီ ၁၀မိနစ်မှာ EG ဂင်နဲ့ မနက်စာစားဖို့ ချိန်းထားတာရှိပါတယ်။ ကျွန်မက ၆နာရီ ၂၀မှာ အဆင့်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ့မယ်၊ ဒုဥက္ကဋ္ဌက ဒီနေ့ အများကြီးသောက်ထားတာဆိုတော့ ၆နာရီ ၄၀ မှာ နှိုးစက်ပေးထားပါတယ်။”
“…”
“ကျွန်မ မသွားခင် ထပ်ပြီး ညွှန်ကြားချင်တာများ ရှိပါသေးလား။”
“အဖြေ။”
“…”
“မင်းရဲ့အဖြေက ဘာလဲ။”
ဝူဂျင်ဟာ ဘာလိုချင်မှန်း ဟီဂျူ မသိပါဘူး။ တစ်နည်းနည်းနဲ့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းကို ထိန်းထားနိုင်ခဲ့ပေမဲ့ ဟီဂျူ့နှလုံးသားကတော့ ပရမ်းပတာ ခုန်နေခဲ့တာပါ။
‘ကျွန်မကို သဘောကျတာလား။’
လည်ချောင်းထဲအထိ မြင့်တက်လာတဲ့ စကားတွေက အကြိမ်ပေါင်းများစွာ ပြန်မျိုကျသွားခဲ့တယ်။ သိချင်ပေမဲ့ ဘယ်တုန်းကမှ မမေးဝံ့ခဲ့ပါဘူး။
‘ငါ သူ့ကို သဘောကျတယ်ဆိုရင် သူ့အတွက် ပျော်စရာဖြစ်မှာလား။’
တစ်နည်းအားဖြင့် သူက ဟီဂျူ ဝန်ခံတာကို မြင်တွေ့ချင်နေတဲ့ပုံပဲဆိုပေမဲ့ အဲ့ဒီ သာယာမှုက ဟီဂျူ့ကို နှိပ်စက်မဲ့အရာပဲ ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
အဲ့ဒီလောက် သိသာနေတယ်ဆိုရင် တော်တော်လေး ရယ်ချင်စရာဖြစ်လောက်မှာပါ။ သူက ဒီအတိုင်း မူးနေတဲ့ခံစားချက်နဲ့အတူ အဲ့ဒီအတွက် နည်းနည်းမာန်တက်ချင်နေတာပဲ ဖြစ်မယ်ထင်ပါရဲ့။
တစ်ချိန်တည်းမှာပဲ ဟီဂျူ့အတွေးတို့က အဆုံးအစွန်အထိ ရောက်သွားတော့တယ်။ မျှော်လင့်ချက်လေးတွေ စပြီးဖူးလာကြပေမဲ့ ငြင်းဆန်မှုက အဲ့ဒီအဖူးပေါ် ချက်ချင်းပဲ နင်းခြေခဲ့တယ်။
ဝူဂျင်းဟာက ဟီဂျူ့ကို စိုက်ကြည့်ရင်း ထထိုင်လိုက်တယ်။ အဲ့ဒီအတွက်ကြောင့် ဟီဂျူက ဝူဂျင်ဟာပဲ သူ့အရှေ့မှာ မတ်တတ်ရပ်လိုက်တဲ့အလား အလိုလို အနောက်ဆုတ်လိုက်မိတယ်။
“ငါ့ကို မုန်းလား။”
“မမုန်းပါဘူး။”
ဟီဂျူက မျက်နှာလွှဲလိုက်ပြီး ဝူဂျင်ဟာ ပြုံးနေတာကို ခံစားမိလိုက်တယ်။
“ဒါဆို အဲ့ဒီလောက်လည်း ကောင်းတာမဟုတ်ဘူးပေါ့။”
“…”
ဟီဂျူက လိမ်ညာတဲ့နေရာမှာ ဘယ်တုန်းကမှ အရည်အချင်းရှိခဲ့ဖူးသူ မဟုတ်ပါဘူး။ လိမ်တတ်ခဲ့မယ်ဆိုရင် ငြင်းခဲ့ပြီးလောက်ရောပေါ့။
ဝူဂျင်ဟာပြောသလို နှုတ်ဆိတ်နေခြင်းက ပိုကောင်းတဲ့ရွေးချယ်မှု ဖြစ်မယ်ထင်ပါရဲ့။ တစ်ခါဖြေလိုက်တာနဲ့ ဘယ်တော့မှ အချိန်မရွေး ပြန်ပြင်လို့ရမှာမဟုတ်ဘူးဆိုတဲ့ အချက်ကြောင့် အဖြေကို ထုတ်ပြောပစ်လိုစိတ်တောင် မထားနိုင်ခဲ့ပါဘူး။
နောက်ဆုံးတော့ ဝူဂျင်ဟာက မူးနေတာပဲမို့လို့ ဒီအတိုင်း ပါးစပ်ပိတ်ပြီး လျှောက်ထွက်သွားလိုက်ဖို့ပဲ လိုတာပါ။
အဲ့ဒီလိုဆို ဘယ်တော့မှ မဖြစ်ခဲ့ဖူးတဲ့ အရာတစ်ခု ဖြစ်သွားမှာပေါ့။
“…ကျွန်မ အခု သွားလိုက်ပါဦးမယ်။”
“စောင့်နေမယ်။ ဆယ်မိနစ်။”
“…”
“ဟီဂျူ မလာဘူးဆိုရင် အဲ့ဒါ မင်းအဖြေပဲပေါ့။”
ဟီဂျူက တစ်ဖက်လှည့်ပြီး သူ့အခန်းထဲကနေ လျှောက်ထွက်လာခဲ့တယ်။
ဓာတ်လှေကား စောင့်နေတုန်းမှာ သူ့ဖိနပ်ဒေါက်က စကျင်ကျောက် ကြမ်းပြင်ကို စိတ်လှုပ်ရှားစွာ ရိုက်ခတ်နေခဲ့တယ်။
ဓာတ်လှေကားက ထိပ်ဆုံးအလွှာမှာ ရှိနေတာကြောင့် အကြာကြီး စောင့်လိုက်ရပြီးမှပဲ သက်ပြင်းမောချပြီး ဓာတ်လှေကားထဲ ဝင်နိုင်ခဲ့တယ်။
အောက်ထပ်တစ်လွှာကို ဆင်းလိုက်ပြီး နောက်ဆုံးမှာ ဓာတ်လှေကားနဲ့ အဝေးဆုံးမှာရှိတဲ့ သူ့ရဲ့ key card က အခန်းနံပါတ်ကို ကြည့်လိုက်တယ်။ ကြမ်းပြင်တစ်လျှောက် လျှောက်သွားစဉ်မှာ သူ့ခေါင်းထဲက အတွေးတွေက ထိန်းချုပ်မရအောင် ရှိနေခဲ့တယ်။
‘မတွေးစမ်းပါနဲ့။ တွေးတောင်မတွေးလိုက်ပါနဲ့။’
ထိုင်ခုံပေါ် ထိုင်လိုက်ပြီး အရှေ့က နာရီကို မြင်လိုက်ရတယ်။ အချိန် ဘယ်လောက် ကုန်သွားပြီလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိချိန်မှာ အံ့ဩမိသွားရတယ်။
‘ဆယ်မိနစ်။ ဆယ်မိနစ်။’
အဲ့ဒါကို သတိရမိရင်း လက်ပတ်နာရီဆီကနေ အကြည့်ခွာနိုင်ခဲ့တယ်။
‘ဆယ်မိနစ်။’
တစ်ချိန်လုံး သူ့ကို စောင့်နေဆဲဖြစ်နေမဲ့ ဝူဂျင်ဟာကို ဆက်တိုက်တွေးမိခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ် ဦးနှောက်ကျင်းဖို့ ကြိုးပမ်းလည်း အလကားပါပဲ။
နာရီက ရပ်သွားသလိုပါပဲ။ ငါးမိနစ်ပဲ ကုန်သေးကြောင်း သိလိုက်ရတယ်။
‘ဘာဖြစ်လို့ အခုအချိန်အထိ ဒါကို စိုးရိမ်နေရမှာလဲ။ အရက်လေး တစ်ခွက်နှစ်ခွက်လောက် သောက်ခဲ့တာကို…’
ဒီလို နေမထိထိုင်မသာ ခံစားချက်ကို ဆက်တိုက်ခံစားနေရရင်း မော့ကြည့်လိုက်တယ်။
“…”
နာရီကနေ ပဉ္စလက်လို နှင်းကျနေပြီး အဲ့ဒါက ဟီဂျူ့ကို ဖမ်းစားသွားသလိုပါပဲ။ ဝူဂျင်ဟာက တအားမူးနေတာမို့ ဟီဂျူ မဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဒီတော့ ကျိန်းသေပေါက် ဒါဟာ ဘယ်သူမဆို လုပ်သင့်တဲ့အရာပါ။
‘…ဒါပေမဲ့ ဝူဂျင်ဟာ စိတ်ကပုံမှန်မဟုတ်တော့ရော ဘာဖြစ်သေးလဲ။ ငါ ဝူဂျင်ဟာနဲ့ အိပ်လိုက်တော့ ကမ္ဘာပြိုသွားမှာမို့လို့လား။’
မီနီဘားဆီ ဆင်းသွားတဲ့ ခြေလှမ်းအနည်းငယ်အတွင်းမှာ နောက်ပိုင်းဆက်ဖြစ်လာမဲ့ အဆိုးဆုံး အကျိုးဆက်တွေအားလုံးကို တွက်ဆခဲ့တယ်။
ဝူဂျင်ဟာက သူ့အပေါ် လုံးဝ ခံစားချက် မရှိပါဘူး။ သူနဲ့ တစ်ညတာ ပျော်ပါးချင်ရုံပဲဆိုရင်…လေးနှစ်လုံး ဝူဂျင်ဟာနဲ့ အတူကုန်ဆုံးဖြတ်သန်းခဲ့တဲ့ အချိန်တွေအားလုံးက သဲထဲရေသွန် ဖြစ်ကုန်မှာပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ ကိုယ်တိုင် မရှင်းပစ်နိုင်တဲ့ ဟောဒီ မိုက်မိုက်မဲမဲစိတ်ကို အဆုံးသတ်ပစ်နိုင်လောက်ပါတယ်။
မသန့်တော့ဘူးလို့ ခံစားရရင် သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကလည်း အရေးမကြီးတော့ပါဘူး။ ဟီဂျူတစ်ယောက် ချက်ချင်းပဲ သူလိုကိုယ်လို တစ်ညတာ ချစ်တမ်းကစားဖို့ ဖြည်းဖြည်းချင်း စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်သွားတော့တယ်။
‘အခုတည်းက မူးနေသလိုပဲ။’
အရက်တစ်ပုလင်းကို အနည်းငယ်သောက်လိုက်ပြီး မြန်မြန် အသက်ရှူလိုက်တယ်။ သူ့လည်ချောင်းက ပူလောင်သွားပေမဲ့ နောက်တစ်ပုလင်းကို ထပ်ဖွင့်ပြီး မလုံလောက်မှာ ကြောက်တဲ့အလား ပါးစပ်ထဲ တန်းလောင်းထည့်လိုက်ပြန်တယ်။
ဝူဂျင်ဟာက မူးနေပြီး ဘာမှပြောမှာမဟုတ်ဘူးဆိုရင်တောင်…ဘာပဲဖြစ်ဖြစ် ရူးမိုက်တဲ့စိတ်ကူးဆိုပေမဲ့ အရက်ရဲ့ သက်ရောက်မှုက ဟီဂျူရဲ့ စိတ်ပျက်စရာ ခံစားချက်တွေကို ဝါးမျိုသွားတော့တယ်။
တစ်ညတာအတွက်ပဲ မဟုတ်တာလည်း ဖြစ်တန်ကောင်းပါရဲ့….ဆိုတဲ့မျှော်လင့်ချက်ကို နင်းခြေဖို့အတွက် နောက်တစ်ပုလင်း ထပ်သောက်မှဖြစ်မှာပါ။
အခုက သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးပါပဲ။
****
Translated by D