Chapter 2
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၂ (အပိုင်း ၃)
ကျွန်မမျက်လုံးထဲမှာတော့ ကမ္ဘာပေါ်မှာ လူကြီးအဆန်ဆုံးလို့ထင်ရတဲ့ ဝူဂျင်ဟာက သူနဲ့မတူအောင် တဒင်္ဂ ကလေးဆန်နေသလိုပါပဲ။ ဒီလိုဖြစ်လာလိမ့်မယ်မှန်း မသိခဲ့ဘူး၊ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာမယ်မှန်း မသိခဲ့ဘူး….အဲ့ဒီလိုပြောနေသလားမှတ်ရတဲ့ တုန်လှုပ်နေသလို မျက်လုံးတွေက ကျွန်မကိုကြည့်နေခဲ့တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကသာ ဝူဂျင်ဟာရဲ့ အဲ့ဒီလိုမျက်လုံးမျိုးတွေကို မြင်ခဲ့ရမယ်ဆိုရင် ကျွန်မ သူ့ကို ဖက်ပစ်လိုက်ချင်တဲ့စိတ်ကို ထိန်းထားနိုင်မှာမဟုတ်ပါဘူး။
ဒီလိုဖြစ်စရာအကြောင်းမရှိဘူးတဲ့လား။ ဝူဂျင်ဟာက ကွာရှင်းဖို့ကို တွေးတောင်မတွေးထားဘူးဆိုတာက လုံးဝကို စက်ဆုပ်မုန်းတီးဖို့ကောင်းတဲ့အရာပဲလေ။
“…ဒီတော့ ရှင်က ကျွန်မကို စော်ကားပုတ်ခတ်ဖို့တောင်မှ စိတ်မဝင်စားဘူးကိုး။”
အားလုံးက ဝူဂျင်ဟာရဲ့ဆန္ဒပဲလို့ထင်ပြီး ဝမ်းနည်းမိခဲ့တာကတောင် အရူးဖြစ်သွားသလိုပါပဲ။
သူက မလိုချင်ဘူးဆိုတော့ အခု ပျော်ပဲပျော်ရမလား။
ဒါပေမဲ့ အခုမှ အဲ့ဒီအဖြစ်မှန်ကို လာပြောပြလို့လည်း အတိတ်တစ်ချိန်က ကျွန်မ ငိုရာကနေ ရယ်မိမှာမဟုတ်ဘူးလေ။ ဝူဂျင်ဟာက ကျွန်မအပေါ် နည်းနည်းလေးတောင် စိတ်မဝင်စားဘူးဆိုတာ အမှန်ပဲမဟုတ်လား။ အဲ့ဒါကြောင့် ကျွန်မက ကလေးကို ခုတုံးလုပ်ပြီး များပြားလှတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို စားသွားမှာ မစိုးရိမ်ခဲ့တာပေါ့။ အဲ့ဒီလိုဖြစ်နေစရာ မလိုအပ်တာမို့လို့။
ဝမ်းနည်းမှုက ဖုန်မှုန့်လိုမျိုး လွင့်ပျံသွားခဲ့တယ်။
“တင်ပြချက် ရခဲ့တယ်။ တင်ပြချက်ထဲမှာ အဲ့ဒီလို အကြောင်းအရာမျိုး မပါဘူး။”
“ဂျင်ဟာဆီကိုတော့ အကုန်လုံး တင်ပြနေစရာ ဘယ်လိုအပ်ပါ့မလဲ။ အဲ့ဒီလိုပဲဖြစ်ရမှာကို။”
“မင်းက ပေါက်ကရတွေကို သဘောတူခဲ့တာလေ။ အကယ်၍ ငါသာ အကြောင်းအရာကို ကြိုသိခဲ့မယ်ဆိုရင်…”
“…သိတော့ရော ဘာများပြောင်းလဲသွားမှာလဲ။”
“အနည်းဆုံးတော့ မင်းကို အဲ့ဒီစကားတွေ နားထောင်ရအောင် မလုပ်ဘဲနေမှာပေါ့။”
“ဆက်ဆက်၊ ကလေးကို ဝယ်သလိုမျိုး…။ အဲ့ဒီလိုမျိုး…”
ခပ်ကြမ်းကြမ်းသပ်လိုက်တဲ့ လက်ရဲ့အတွင်းဘက်မှာ သူ့ရဲ့မျက်နှာက ပျက်ယွင်းသွားခဲ့တယ်။ သူပြောတာမှန်ပါတယ်။
လက်မထပ်ခင် အကြိုသဘောတူစာချုပ်ကို ကျွန်မလို မိဘမဲ့တွေတင်မကဘဲ သူဌေးအိမ်က အမျိုးသမီးတွေအတွက်ပါ သုံးကြတာပါ။ သူတို့ကတော့ နှစ်ဖက်မိသားစု ပံ့ပိုးပေးတဲ့ အထောက်အပံ့ပိုင်ဆိုင်မှုတွေကို ခွဲတမ်းချတဲ့နေရာမှာ သုံးကြပေမဲ့ ကျွန်မကတော့ မမွေးသေးတဲ့ကလေးနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုကို ခင်ပွန်းဖြစ်သူဆီ အပေါင်အပ်ထားတဲ့ သဘောမျိုးအပြင် မပိုပါဘူး။
ဝူဂျင်ဟာရဲ့ အမည်ခံဇနီးနဲ့ ကျွန်မရဲ့ အပြင်အခွံချည်းသက်သက်ဖြစ်တဲ့ ကလေးရဲ့အမေအဖြစ် နေပါ့မယ်လို့ ကတိပေးမှပဲ ဝူဂျင်ဟာရဲ့မိသားစု ဖြစ်လာနိုင်မှာလေ။ အချိန်မရွေး ဝူဂျင်ဟာ အလိုရှိတယ်ဆိုရင် အဲ့ဒီမိသားစုကနေ ယတိပြတ် ရှင်းလင်းသေသပ်စွာ အဆက်အသွယ် ဖြတ်ပါ့မယ်ဆိုတဲ့ ကတိနဲ့ပေါ့။
ဘာချည်းပဲဖြစ်နေပါစေ ကလေးကတော့ ဝူဂျင်ဟာရဲ့ကလေးပါပဲ…
“တကယ်ပဲ ဘာတွေတွေးခဲ့တာလဲ။ မင်း။ တကယ်ပဲ ဘာအတွေးနဲ့…”
ဟုတ်ပါရဲ့။ တကယ်ပဲ ဘာတွေတွေးခဲ့တာပါလိမ့်။
သူက တစ်သက်လုံး ကျွန်မကို ချစ်ချင်မှချစ်မှာဆိုပေမဲ့ ကျွန်မကတော့ သူ့ကို တစ်သက်လုံးချစ်သွားဖို့ ရည်ရွယ်ချက်နဲ့ နောက်ဆုံးမှာ သူ့ကိုပဲ ရွေးချယ်မှုတစ်ခုတည်းနဲ့ လက်ထပ်ခဲ့တယ်။
သူက ဘာမဆိုလုပ်နိုင်ပေမဲ့ ကျွန်မကတော့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ တခြားမိန်းမနဲ့တွေ့သည်ဖြစ်စေ၊ ဘာကိစ္စကိုပဲ လုပ်သည်ဖြစ်စေ သူ့ကို အပြစ်မတင်ရဘူးဆိုတဲ့အချက်ကို ဖတ်ပြီးတာတောင်မှ နားလည်ပါပြီလို့ ပြောခဲ့တာပါ။ သူက တစ်နေ့မှာ ရုတ်တရက်ကြီး ကွာရှင်းချင်တယ်လို့ပြောလာခဲ့ရင် နာနာခံခံနဲ့ ခေါင်းညိတ်ပါ့မယ်လို့၊ ရာရာစစ ကိုယ့်ဘက်ကအရင်စပြီး မတောင်းဆိုပါဘူးလို့ သဘောတူခဲ့တာပါ။
ကျိန်းသေပေါက် ယုံကြည်မှု ပိစိလေးတော့ ရှိခဲ့တာပေါ့။ သူ့အတွက် စိတ်ရှုပ်စရာကောင်းရင်တောင်မှ တခြားမိန်းမနဲ့ တွေ့မှာမဟုတ်ပါဘူးလေဆိုပြီးတော့၊ ငါဘေးမှာရှိနေလို့ လမ်းခွဲချင်ရလောက်တဲ့အထိ စိတ်ရှုပ်လောက်မှာမဟုတ်ပါဘူးလေဆိုပြီးတော့။ ဝူဂျင်ဟာအကြောင်း ကောင်းကောင်းသိနေတာမို့လို့ပါ။ သူက သဘောမကျတဲ့အရာဆိုရင် သေတာတောင်မလုပ်တတ်တဲ့ လူစားမျိုးမို့လေ။
ဒါပေမဲ့ ကျွန်မတို့ကို လမ်းခွဲစေခဲ့တဲ့အရာက လုံးဝထင်မှတ်မထားတဲ့အရာ ဖြစ်နေခဲ့တယ်။
အဲ့ဒီလိုသဘောတူညီချက်မျိုးကို တံဆိပ်တုံးနှိပ်ပြီးမှပဲ အတူတူရှိနိုင်မယ်ဆိုတဲ့ အချက်ကိုက မှားခဲ့တာထင်ပါရဲ့။
ဟိုးအစကတည်းက ကျွန်မတို့တွေ တော်တော်မှားခဲ့ကြတာပါ။
ကျွန်မတို့ရဲ့အစကို ပြန်ကြည့်လိုက်တိုင်းမှာ။ အမှားတွေက အများကြီးရှိနေတာလေ။
“အဲ့ဒါက ရှင့်အတွေးလို့ ထင်ခဲ့မိလို့။”
“…”
“အဲ့ဒါကြောင့် ကျွန်မအတွက် ဘာမှတွေးနေစရာ မလိုခဲ့တာ။ ရှင်လိုချင်တဲ့အရာမို့လို့။ လိုက်လုပ်ရမှာပေါ့။”
အသံက ကျွန်မမျှော်လင့်ထားတာထက်ကို ပိုပြီးတော့ ကြေကွဲဆို့နင့်စွာ ထွက်လာခဲ့တယ်။ ကျွန်မရဲ့အဖြေကြောင့် ဝူဂျင်ဟာရဲ့ပျက်နေတဲ့မျက်နှာက အကြောင်သားဖြစ်သွားပြီး အဲ့ဒီနောက် နဂိုအနေအထားဆီ ဖြည်းဖြည်းချင်း ပြန်ရောက်သွားခဲ့တယ်။ ပျက်နေတဲ့စက်ကို တစ်ခါထပ်ပြီး အတင်းလည်ပတ်ခိုင်းသလိုမျိုးပါပဲ။
“…အဲ့ဒီသဘောတူညီချက်မှာ ဥပဒေအရ သက်ရောက်မှုမရှိဘူး။ အဲ့ဒါကြောင့် ကိစ္စမရှိဘူး၊ ဟီဂျူ။”
“ဂျင်ဟာ။”
“ကိစ္စမရှိတာမို့လို့ မေ့ထားလိုက်တော့။”
“ဂျင်ဟာ၊ ကျွန်မ မေ့လို့မရဘူး။ အဲ့ဒါကို။”
“…”
“တစ်စက်ကလေးတောင် မေ့နိုင်မှာမဟုတ်ဘူး။ ကျွန်မက ရှင်နဲ့အတူတူရှိနိုင်ဖို့အတွက် ဘယ်လောက်တောင် အဆိုးဝါးဆုံးဖြစ်တဲ့ ရွေးချယ်မှုမျိုး လုပ်ခဲ့မိသလဲဆိုတာကို။”
ရှေ့နေကြီး ပြောခဲ့တဲ့စကားတွေက ကျွန်မ ကြားဖူးသမျှထဲမှာ အဆိုးဆုံးစကားလည်း မဟုတ်ပါဘူး။
“အချိန်ကိုသာ နောက်ပြန်လှည့်လို့ရမယ်ဆိုရင် ဝူဂျင်ဟာကို ဘာမှမပြောပြဘဲနေမှာ။”
ကလေးကိုရော၊ ကျွန်မရဲ့ ခံစားချက်ကိုရော၊ ဘာကိုမှ ဝူဂျင်ဟာ မသိစေရအောင် လုပ်မိမှာပါ။ ဖြစ်ချင်းဖြစ် အချိန်နောက်ပြန်သွားပြီး ဘူဆန်မှာ သူနဲ့မအိပ်ခဲ့ဘဲနေတာက ပိုကောင်းမှာဆိုပေမဲ့ ကျွန်မရဲ့ စိတ်ကူးသပ်သပ် ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ အဲ့ဒီကလေးလေး ရှိခဲ့တာပါလားဆိုတဲ့အချက်အထိ မဖျက်ပစ်ချင်ပါဘူး။
ဘာပဲဖြစ်ဖြစ် အဲ့ဒီကလေးက သေသွားခဲ့ပြီးသားမို့လို့။
“အဲ့ဒါမှ နောက်တစ်ခါ အမှားထပ်မလုပ်မိမှာပေါ့။”
“မင်းအတွက် ဒီအိမ်ထောင်ရေးက အမှားလား။”
“ဝူဂျင်ဟာအတွက်တော့ အမှားမဟုတ်သလို မေးနေတာလား။”
“အင်း။ အမှားမဟုတ်ဘူး။”
“…”
“အနည်းဆုံးတော့ ငါ့မှာ အမှားလုပ်ဖူးတာမျိုး မရှိဘူး။”
အမြဲတမ်း ဒီလိုချည်းပါပဲ။ ပင်ပန်းလွန်းလို့ ပစ်လဲတော့မတတ် ဖြစ်လာတဲ့အခါ ကြိတ်မှိတ်အသက်ရှူပြီးတော့ မျှော်လင့်ချက်ထားခဲ့မိတယ်။ ငါတစ်ယောက်တည်း တွင်းတူးပြီးတော့ တစ်ယောက်တည်း လှဲနေတာမဟုတ်ဘူးဆိုပြီးတော့။ သူလည်း ငါနဲ့ အတူတူရှိချင်တာ ဖြစ်ချင်ဖြစ်လောက်မှာဆိုပြီးတော့။ အတိုင်းအတာတစ်ခုလောက်အထိဖြစ်ဖြစ်ပေါ့။
ဒါပေမဲ့ အဲ့ဒါကလည်း လည်ပင်းအထိ ရေမနစ်သေးခင် အချိန်တုန်းကကိစ္စပါ။
“အဲ့ဒါက တမင်ရည်ရွယ်တာဆိုရင် ပိုတောင်ဆိုးသေးတာပေါ့။”
“…”
“ရှင် အမှားလုပ်မိတာ တစ်ကွက်တောင် မရှိဘူးတဲ့လား၊ တကယ်ဆိုးပါတယ်။ ကျွန်မအတွက်တော့။”
ကျွန်မက ကျွန်မရဲ့ပခုံးကို ဖွဖွလေးကိုင်ပြီးတော့ ပါးလေးကို ပွတ်သပ်နေတဲ့လက်ကို သည်းမခံနိုင်ဘဲ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။ သူက ကျောပြင်ကျယ်ကို ကိုင်းညွတ်ပြီး ကျွန်မနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ခဲ့တယ်။
“ဟုတ်တယ်။ ငါက မကောင်းတဲ့ကောင်ဆိုတာ အမှန်ပဲ၊ ဟီဂျူ။”
“…”
“အဲ့ဒါက အခု မင်း တွေးနေတဲ့အတွေးတွေထဲမှာ တစ်ခုတည်းသော မှန်ကန်တဲ့အရာပဲ။ မင်း ငါနဲ့ ကွာရှင်းလို့မရဘူး။”
မျက်နှာက တင်းမာသွားတာကို ခံစားလိုက်ရတယ်။ သူက ကျွန်မအကြည့်သွားရာအတိုင်း ခေါင်းမာစွာလိုက်ခဲ့ပြီး ချုပ်နှောင်ထားတော့မတတ် ကြီးမားတဲ့မျက်လုံးတွေနဲ့ ငုံ့စိုက်ကြည့်ခဲ့တယ်။ အဲ့ဒီလိုနဲ့ နှုတ်ခမ်းချင်း ထိသွားပါတော့တယ်။ သူက ရင်းနှီးအသားကျလှစွာဆိုပေမဲ့ ကျွန်မရဲ့နှုတ်ခမ်းတွေကို ဟသွားအောင် လုပ်ခဲ့ပြီးတော့ ဟသွားတဲ့ အောက်နှုတ်ခမ်းလေးကို အရိုင်းဆန်စွာ စုပ်ယူငုံထွေးခဲ့တယ်။
အကျင့်ပါနေတဲ့အတိုင်း အမှတ်တမဲ့ လက်ခံခဲ့မိပေမဲ့ sex မလုပ်ခင် intro ဝင်သလို ခံစားလာရတာကြောင့် ရှိသမျှအားအကုန်သုံးပြီး ဝူဂျင်ဟာကို တွန်းထုတ်လိုက်တယ်။ ဒါပေမဲ့ သူက တစ်ချက်ကလေးတောင် ရွေ့မသွားဘဲ ကျွန်မကို နမ်းခဲ့တယ်။
သူ့ရင်ခွင်ထဲမှာ ရုန်းကန်နေရင်းကနေ ကျွန်မ အားပြတ်ပြီး လဲသွားခဲ့တယ်။ ဝူဂျင်ဟာက ကျွန်မအပေါ်ကနေ အုပ်မိုးထားတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကြီးကို ကိုင်းညွတ်ပြီး စောင့်မျှော်နေတဲ့အလား လျှာချင်း လိမ်ယှက်ပွတ်သပ်ခဲ့တယ်။ နှုတ်ခမ်းတွေ နည်းနည်းလေး ကွာသွားတိုင်းမှာ အသက်ရှူသံပြင်းပြင်းတွေ တဟောဟောနဲ့ ထွက်လာခဲ့တယ်။
“အဲ့ဒါကို သိလား။”
“…”
“ငါသာ လူကောင်းဆိုရင် အစကတည်းက မင်းနဲ့ ဒီအထိရောက်အောင်တောင် လာခဲ့မှာမဟုတ်ဘူး။”
ဝူဂျင်ဟာက မထီတရီအပြုံးကို ခပ်ရေးရေးပြုံးရင်း ပြောခဲ့ပြီး ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် နှုတ်ခမ်းချင်း ရှပ်ထိပွတ်သပ်မိလုနီးပါး နီးကပ်တဲ့ တစ်လက်မစာ အကွာအဝေးလောက် ကွာသွားခဲ့ကြတယ်။
ကျွန်မ သူ့ကို အကြောင်သား ငေးကြည့်နေမိချိန်မှာ ကျွန်မနှုတ်ခမ်းကို နောက်တစ်ခါ ထပ်ကိုက်ခဲ့ပြီး အဲ့ဒီနောက် ကိုင်းညွတ်အုပ်မိုးထားတဲ့ ခန္ဓာကိုယ်ကို လုံးဝဖယ်ခွာသွားခဲ့တယ်။ အဝတ်အစားတွေ ချွတ်တော့မလားလို့ တွေးလိုက်မိပေမဲ့ အစကတည်းက လက်နဲ့တောင် မထိခဲ့ပါဘူး။
“စဉ်းစားတာကို နောက်မှလုပ်။ သေသေချာချာ လုပ်မှာမဟုတ်ဘူးဆိုရင် အဆုံးအထိ လုပ်ကိုမလုပ်နဲ့။”
ဝူဂျင်ဟာက လုံးဝတည်ကြည်တဲ့ မျက်နှာထားအဖြစ်ဆီ ပြန်ရောက်သွားပြီး ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး ပြောခဲ့တယ်။
အဲ့ဒီနောက် သူက ကျွန်မမျက်နှာကို အင်မတန် ကြင်နာယုယစွာ ပွတ်သပ်ပေးပြီးတော့ နူးညံ့စွာ နှစ်သိမ့်စကား ပြောပေးခဲ့တယ်။
“ဟီဂျူရယ်။ ကလေးက နောက်မှ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ယူလို့ရနေတာပဲ။”
“…”
“မင်းရဲ့ခန္ဓာကိုယ် ဘေးကင်းကင်းရှိဖို့က အရင်လာတယ်။ မင်းက ဘေးကင်းကင်းရှိနေပြီဆိုတော့ အဲ့ဒီလိုလုပ်လိုက်ရင် ရပြီပေါ့။”
“ဂျင်ဟာက အဲ့ဒါနဲ့ ကျေနပ်နိုင်သလား မသိပေမဲ့ ကျွန်မကတော့ မကျေနပ်နိုင်ပါဘူး။”
“မင်းအတွက်ပါ အန္တရာယ်ရှိနိုင်တယ်လို့ ပြောတယ်။ အဲ့ဒီလောက်ဆိုရင် ကံကောင်းတာပဲလို့။”
“ဘေးကနေ ကြားခဲ့တဲ့သူလိုမျိုး အပြောကောင်းလှချည်လား။”
“အနောက်ကနေ နားထောင်ခဲ့တာမို့လို့…အတူတူပဲ။”
မသိနိုင်တဲ့အရာဆိုတာ မရှိဘူးပေါ့။ သူက ကျွန်မရှင်းပြတာထက်ကို ပိုပြီးကြားရဖို့ မျှော်လင့်နေတယ်ဆိုတာကို နားမလည်နိုင်ဖြစ်ရပါတယ်။ စောစောက ကျွန်မရဲ့ ရှင်းပြချက်နဲ့တင် စိတ်ကုန်ပြီး ဒေါသထွက်အောင်လုပ်ဖို့ လုံလောက်မှာပါ။
“ဒီနေ့ ဒါကို တစ်ယောက်တည်း ရင်ဆိုင်ကျော်ဖြတ်ရအောင် လုပ်မိလို့ တောင်းပန်ပါတယ်။”
သူက ရုတ်တရက် တောင်းပန်ခဲ့တယ်။ ကျွန်မ အကြည့်လွှဲလိုက်တယ်။
“တစ်ယောက်တည်းဖြစ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်။”
“…”
“တစ်ယောက်တည်း ဒီအဖြစ်ကို သည်းခံရအောင် လုပ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။”
“…”
“ဒါပေမဲ့လည်း ဟီဂျူရဲ့။ ငါတို့တွေ လမ်းခွဲလို့တော့ မဖြစ်ဘူး။”
ဆေးရုံကနေ ပြန်လာတဲ့ ကားထဲကို ခေါင်းက တစ်ခါပြန်ပြီး ဆွဲသွင်းခံလိုက်ရသလိုပါပဲ။ ကျွန်မက ဆုံးရှုံးမှုအကြောင်း ထင်ရှားပြတ်သားစွာ ပေါ်မလာခင် ထွက်ပြေးတဲ့အလား မှတ်ဉာဏ်တွေထဲကနေ ရုန်းထွက်လိုက်တယ်။
“…ဂျင်ဟာကမှ သေသေချာချာလေး စဉ်းစားကြည့်ပါဦး။ အခုကတော့ ကျွန်မအပေါ် အားနာတဲ့စိတ်ကြောင့် တွက်ချက်တာတောင် မလုပ်နိုင်သေးတဲ့ပုံပဲ။”
“…”
“အခု အရှုပ်ထုပ်လို ကလေးကလည်း မရှိတော့ဘူး၊ ရှင့်ဇနီးကလည်း လက်မထပ်ခင် ချုပ်ထားတဲ့ သဘောတူစာချုပ်အတိုင်း ငွေတစ်ပြားတစ်ချပ် မယူဘဲ ထွက်သွားမှာပါ။ တကယ့် အခွင့်အရေးကောင်းကြီးပဲမဟုတ်လား။”
“အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး။”
“မနက်ဖြန်ကျရင် အတွေးက ပြောင်းချင်ပြောင်းသွားမှာပါ။”
“ပြောင်းလဲစရာလည်း ဘာမှမရှိဘူး။”
“…”
“ငါ အစကတည်းက ကွာရှင်းဖို့ကို စိတ်ကူးမရှိခဲ့တာ။”
အချိန်ကိုက်စီစဉ်ထားတဲ့အလား အင်တာကွန်မ်ကနေ လူခေါ်သံထွက်လာခဲ့တယ်။ ဝူဂျင်ဟာက ကျွန်မကို အသာလေး ထူပေးပြီး အိပ်ခန်းထဲကနေ ထွက်သွားခဲ့တယ်။
****
Translated by D