Chapter 2
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အပိုင်း ၂ (အခန်း ၄)
ပါမောက္ခဟန်ဆီကနေ ကုသမှုခံယူပြီးတဲ့နောက်မှာ ကျွန်မ သေနေသလိုမျိုး ဆက်အိပ်ခဲ့တယ်။ နိုးလာတော့ နေ့လယ်တောင်ကျော်နေပါပြီ။ မအိပ်ခင်တုန်းကထက် အများကြီးပိုပြီး နေသာထိုင်သာရှိခဲ့တယ်။
အိမ်အကူအဒေါ်ကြီးက ဧည့်ခန်းထဲမှာ ရှိနေပါတယ်။ ဝူဂျင်ဟာက နေ့လယ်စားချိန်အထိ အိမ်မှာရှိနေခဲ့ပြီး သူလာတာတွေ့မှပဲ အလုပ်သွားတာလို့ ပြောပြခဲ့တယ်။ အဲ့ဒါကလည်း မိနစ် ၂၀တောင် မကြာသေးဘူးတဲ့လေ။
ကျွန်မက အတွေးထဲမှတ်မိနေတဲ့နေရာတွေကို လိုက်ကြည့်လိုက်တယ်။ ကျွန်မ မနေ့ကလုပ်ထားခဲ့တဲ့ အရှုပ်တွေ မရှိတော့ပါဘူး။ အရင်ကအတိုင်းလိုပဲ အိမ်အကူအဒေါ်ကြီးက အိမ်ကို သေသေသပ်သပ် ရှင်းလင်းသိမ်းဆည်းထားခဲ့တယ်လေ။
“အိမ်က ရှုပ်ပွနေရောပဲမဟုတ်လား။”
“မဟုတ်ပါဘူး။ ရှင်းလင်းနေတာပါ။”
ဝူဂျင်ဟာတစ်ယောက် တကယ်ပဲ သူ့စကားအတိုင်း အိမ်သန့်ရှင်းရေး လုပ်ခဲ့တယ်ဆိုတာက နည်းနည်း ယုံရခက်စရာဆိုပေမဲ့ ခဏနေတော့ ငါ့ကိစ္စလည်းမဟုတ်ပါဘူးလေဆိုတဲ့ စိတ်မျိုးဖြစ်လာခဲ့တယ်။
ကျွန်မက ကော်ဖီတစ်ခွက်လောက်သောက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ မီးဖိုထဲကို သွားလိုက်တယ်။ ကော်ဖီသောက်လိုက်လို့ ရွဲဖပ်နေတဲ့ ကျွန်မရဲ့ကိုယ်က ပိုကောင်းလာနိုင်စရာတော့မရှိပေမဲ့ စိတ်က အခုထက်ပိုပြီး ကြည်လင်ရှင်းလင်းလာစေဖို့ မျှော်လင့်ခဲ့မိတယ်။ ကိုယ်ဝန်ရှိနေစဉ်တစ်လျှောက်လုံးမှာ မသောက်နိုင်ခဲ့တာကြောင့် အလျော်ပြန်ပေးမှုပိစိလေးလို့လည်း ပြောနိုင်တာပေါ့။
နေ့တိုင်း မြင်တွေ့နေရပေမဲ့ တစ်ခါမှမသုံးခဲ့ရတဲ့ အက်စ်ပရက်ဆိုစက်ကို ဖွင့်လိုက်တယ်။ မနက်တိုင်း ဒီအရှေ့မှာရပ်ပြီး ကော်ဖီသောက်လေ့ရှိတဲ့ ဝူဂျင်ဟာရဲ့ပုံစံက အတွေးထဲပေါ်လာခဲ့တယ်။ နေ့စဉ်ဘဝလို့ခေါ်နိုင်တဲ့ အနည်းငယ်သော အမှတ်တရတွေထဲက တစ်ခုပေါ့။
ကျွန်မက လှပပေမဲ့လည်း ဟုတ်တိပတ်တိ လိုချင်မိတာမျိုးမရှိတဲ့ ပန်းချီကားကို ကြည့်နေသလိုမျိုး သူ့ကို တစ်ချက်တွေးလိုက်ပြီး စကားစလိုက်တယ်။
“အဒေါ်ကြီး၊ အဒေါ်ကြီးကိုရော ကော်ဖီတစ်ခွက် ဖျော်ပေးရမလား။”
“အဲ့ဒီလိုဆို ကျေးဇူးတင်တာပေါ့၊ ဆရာကတော်လေးရယ်။”
ဒီအိမ်မှာ အကျင့်ဖြစ်နေတဲ့အတိုင်း ကြင်နာနွေးထွေးတဲ့အပြုံးနဲ့ ယဉ်ယဉ်ကျေးကျေးလေး ကော်ဖီခွက် ကမ်းပေးလိုက်တဲ့အခါ အဒေါ်ကြီးက အလွန်အကျွံတွေ ကျေးဇူးတင်နေခဲ့တယ်။
အဒေါ်ကြီးမှာ ကျွန်မနဲ့ ရွယ်တူလောက်ရှိပြီး၊ ကျွန်မရခဲ့တဲ့ လစာမျိုးရကြတဲ့ သားနဲ့ သမီး ရှိပါတယ်။ အကယ်၍ ကျွန်မအမေသာ သက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင် အဒေါ်ကြီးလိုပဲ ကျက်သရေရှိစွာ ကြီးရင့်အိုမင်းလောက်မယ်ထင်ပါရဲ့။
ကျွန်မက အဲ့ဒီလိုပြုမူတာမျိုးနဲ့သာ ကွက်တိလိုက်ဖက်တဲ့သူပါ။ ကြင်နာတတ်တဲ့ အိမ်ကြီးရှင်မလိုမျိုး ဆက်ဆံခံရပြီး ဆရာကတော်လေးလို့ အခေါ်ခံရင် မျက်နှာပူမိပြီးတော့ အစကတည်းက သူတို့နဲ့ မတူသလိုမျိုး….ဥပမာပြရရင် မွေးကတည်းက သူဌေးသမီးဖြစ်ခဲ့တဲ့ မိန်းမလိုမျိုး ဈေးကြီးတဲ့ပစ္စည်းအသုံးအဆောင်တွေကိုင်ပြီး အမှုထမ်းတွေကို ကြည့်မိတဲ့အခါတွေမှာ ရှက်မိပါတယ်။
ဒီအိမ်မှာ ဆယ်နှစ်ကျော်အောင်သာ နေခဲ့ရမယ်ဆိုရင် ဒါတွေအားလုံးကို မလွဲမသွေရမဲ့အရာတွေလို့ ယူဆမိလောက်မလား။ ကျွန်မရဲ့ အထုပ်အပိုးတွေက ဒီအိမ်မှာ လုံးဝ ရောထားလို့မဖြစ်သလိုမျိုး အဲ့ဒီအခါကျရင်ရော သပ်သပ်ခွဲထားခံရလောက်ဦးမလား။ ဘာပဲဖြစ်ဖြစ် ရယ်စရာကောင်းလှတာကြောင့် ကျွန်မလည်း လှောင်ရယ်ရယ်လိုက်မိတယ်။
ကော်ဖီမသောက်ရတာ တော်တော်ကြာသွားခဲ့ပြီဖြစ်ပြီး အရသာက ဆိုးဝါးလှတာကြောင့် အရင်က ဘာဖြစ်လို့ ကြိုက်ခဲ့မိတာပါလိမ့်လို့တောင် တွေးမိသွားခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့စိတ်ကို နိုးကြားသွားစေဖို့ အထောက်အကူဖြစ်ခဲ့ပါသေးတယ်။
“…ဟို၊ ကလေးပျက်ကျသွားတယ်ဆို။”
ပြီးတော့ မဖြေချင်တဲ့ မေးခွန်းကလည်း အကူအညီဖြစ်ခဲ့တယ်။ တဒင်္ဂတော့ ကိုယ်ဝန်ရှိခဲ့တယ်ဆိုတဲ့အဖြစ်ကို တစ်ချက်မေ့သွားရာက ရေခဲရေနဲ့အလောင်းခံလိုက်ရသလိုမျိုး မနေ့ကအဖြစ်အပျက်တွေ အတွေးထဲ ပြန်ပေါ်လာတော့တယ်။
ကျွန်မ တစ်ချက်လေး ကြက်သေသေနေခဲ့မိတယ်။ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ အဲ့ဒီလိုမေးခွန်းမျိုး အမေးခံရရင် ဘယ်လိုမျက်နှာထားမျိုး လုပ်ရမယ်မှန်း မသိလို့ပါ။ ကျွန်မရဲ့ ပုံမှန် ခံစားချက်တွေခံစားနိုင်တဲ့စနစ်က ပျက်စီးသွားတယ်ထင်ပါရဲ့။
“စိတ်မကောင်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ…အာလ်ထရာဆောင်း ဓာတ်ပုံထဲမှာ ကလေးမျက်နှာလေး မြင်ထားရတာ မနေ့တစ်နေ့ကလိုပဲ ရှိသေးတာကို။”
ဟိုတလောကပဲ ကျွန်မ အဒေါ်ကြီးကို အာလ်ထရာဆောင်းပုံလေး ပြခဲ့တာပါ။ ဆေးရုံကပြန်လာပြီးနောက်တစ်နေ့မှာ ဓာတ်ပုံကို ဟိုကိုင်ဒီကိုင်လုပ်နေတာ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားပြီး ‘ကလေးဓာတ်ပုံလားဟင်’ လို့ မေးခဲ့တယ်လေ။ အဲ့ဒီလိုမေးလိုက်တဲ့မျက်နှာက စိတ်ရင်းနဲ့ ဝမ်းသာအယ်လဲ တောက်ပနေတာမို့ ကျွန်မဆိုတာ အဲ့ဒီနေ့က ငိုမိတော့မတတ်ပါပဲ။ တစ်နေ့လုံးနေလို့ ခြူးတစ်ပြားတောင်မရခဲ့ရာက ညနေစောင်းမှ ပေါင်မုန့်လေးတစ်ချပ်ရလိုက်တဲ့ သူတောင်းစားလိုမျိုး ဝမ်းသာပီတိဖြစ်မိခဲ့ရပါတယ်။
ဘာကြောင့်မှန်းမသိပေမဲ့ အဲ့ဒီလို ဘာမဟုတ်တဲ့ စိတ်ဝင်စားမှုလေးက ချိုမြိန်သလို ခံစားခဲ့ရတယ်။ တခြားပြစရာ ဘယ်သူမှမရှိလို့ပဲဖြစ်မလား။ အဲ့ဒီဓာတ်ပုံသေးသေးလေးအကြောင်း သိချင်တဲ့သူ ဘယ်သူမှမရှိလို့ပဲဖြစ်မလား၊ ဒါမှမဟုတ် ကျွန်မရဲ့အမေကို အမှတ်ရစေမိလို့ပဲဖြစ်မလား…
အာလ်ထရာဆောင်းဓာတ်ပုံ ပြဖူးတဲ့သူဆိုလို့ အိမ်အကူ အဒေါ်ကြီးတစ်ယောက်ပဲရှိတာပါလားဆိုတဲ့ အချက်ကြောင့် နည်းနည်းအံ့အားသင့်သွားရတယ်။ ဒါပေမဲ့ ထူးဆန်းလှစွာပဲ ကျွန်မ တည်ငြိမ်နေခဲ့ပြန်ပါတယ်။
“ဘာမှမဖြစ်ပါဘူး။”
“ဘယ်လိုများ အဲ့ဒီလိုပြော…အမလေး၊ တော်ပါပြီ။ အလကားသက်သက် လိုက်မေးမိသွားတယ်မဟုတ်လား။ အလိုက်မသိဘဲနဲ့…”
“ကျွန်မအပေါ် အများကြီး အာရုံစိုက်ပေးခဲ့တာပဲလေ။ ကျေးဇူးတင်ပါတယ်။”
“ကျွန်မက ဘာများ…ဘာများလုပ်ပေးခဲ့ရလို့လဲ။ အဲ့ဒီနေ့က ဒါကြောင့် ဖုန်းဆက်လိုက်တာမဟုတ်လား။ ကျွန်မရဲ့ အလုပ်ဆင်းရက်သာဖြစ်မယ်ဆိုရင် တစ်နည်းနည်းနဲ့ အကူအညီဖြစ်မှာကို။”
“အဲ့ဒီတုန်းကလည်း ချက်ချင်းတန်းလာခဲ့မယ်လို့ ပြောခဲ့တာပဲမဟုတ်လား။ အားဖြစ်ရပါတယ်။”
“…အဲ့ဒီလိုကိစ္စမျိုးကို ဘယ်လိုများ တစ်ယောက်တည်း တောင့်ခံခဲ့ရတာလဲနော်။ ဘယ်သူမှလည်း မရှိတာကို ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ…”
တခြားတစ်ယောက်ရဲ့ကိစ္စလိုပါပဲ။ ကျွန်မ ဘာမှမပြောဘဲ ကော်ဖီတစ်ငုံသောက်လိုက်တယ်။
“ခန္ဓာကိုယ်အပေါ် ဘယ်လောက်တောင် ဖိစီးလိုက်မလဲနော်…မီးဖွားတာနဲ့ ဘာမှခြားမှာမဟုတ်ဘူး…ကလေးက ဒီလောက်တောင် ကြီးနေပြီမဟုတ်လား။ နှစ်ပတ်သုံးပတ်လောက်လေး ထပ်ရှိနေလိုက်မယ်ဆိုရင်…တစ်ပတ်လောက်လေးပဲဖြစ်ဖြစ်ပါ။ လက္ခဏာတွေကြိုပြပြီး ဆေးရုံသာတင်နိုင်လိုက်မယ်ဆိုရင်…ဒီခေတ်ကြီးမှာ လောကကြီးက အများကြီး ပိုတိုးတက်နေပြီဆိုတော့ လမစေ့တဲ့ကလေးတောင် အသက်ရှင်သေးတာပဲ။ နည်းနည်းလောက်လေးပဲ ထပ်ရှိခဲ့မယ်ဆိုရင် မွေးဖွားလာနိုင်လောက်မဲ့ ကလေးက…”
“…”
“…တော်တော်လေး လှမှာကို။”
ကလေးလေးသာ မွေးလာခဲ့ရင် တော်တော်လေး လှရှာမှာ။ ကျွန်မက အဒေါ်ကြီး ပြောမထွက်တဲ့စကားကို သိပါတယ်။
ပြီးတော့ တကယ်လည်း အဲ့ဒီလိုဖြစ်လောက်မှာပါ။ အပြည့်အဝ ကြီးထွားလုနီးပါးရှိနေပြီဖြစ်တဲ့ ကလေးမှာ ဝူဂျင်ဟာရဲ့ မျက်နှာပေါက်မျိုး ရှိတယ်လေ။ အဲ့ဒီတော့ ဘယ်လောက်တောင်လှလိုက်မလဲ။
အဲ့ဒီတုန်းက ကျွန်မ အဒေါ်ကြီးကို အရူးထတဲ့စကားတွေ ဘယ်လောက်တောင်ပြောခဲ့သလဲဆိုပြီး ပြန်တွေးလိုက်တယ်။ ကလေးက အဖေနဲ့တူတယ်ဆိုပြီးတော့။ နဖူးလေး၊ မျက်လုံးမှိတ်ထားပုံလေး၊ နှာတံလေးနဲ့ နှုတ်ခမ်းပုံစံလေးကအစ အကုန်အဖေနဲ့ တစ်ပုံစံတည်းပဲဆိုပြီးတော့။ မိန်းကလေး အရပ်မြင့်ရင် အရမ်းမိုက်တာမို့လို့ အဖေနဲ့တစ်ပုံစံတည်းတူအောင် ကြီးပြင်းလာရင် ကောင်းမှာပဲဆိုပြီး…
ဝူဂျင်ဟာကိုတော့ တစ်လုံးမှမပြောပြနိုင်ခဲ့တဲ့ စကားတွေကို ရှက်ရကောင်းမှန်းမသိပြောနေတုန်းမှာ အဒေါ်ကြီးအတွက် ကျွန်မက ထူးဆန်းသလိုဖြစ်နေမှာဆိုပေမဲ့ သူက အလိုက်အထိုက် လိုက်ပြောပေးရင်း အလုပ်များနေခဲ့တယ်။ ဆရာကတော်လေးနဲ့တူတဲ့ အပိုင်းလေးတွေလည်း တွေ့တာပဲလို့ ကြိုကြားကြိုကြား သဘောကောင်းစွာ ပြောပေးရင်းနဲ့ပေါ့….
တတ်နိုင်မယ်ဆိုရင် အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် ပါးချပစ်ချင်ပါတယ်။ ပါးစပ်ပိတ်စမ်းဆိုပြီးတော့ပဲဖြစ်ဖြစ်၊ အသိဝင်စမ်းပါဆိုပြီးတော့ပဲဖြစ်ဖြစ် တစ်ခုခုပြောပြီးတော့ပေါ့။ အဲ့ဒီလို ရူးမိုက်တဲ့စကားတွေကို ကမ္ဘာကြီးထဲ ထုတ်ပြောမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိပါတယ်။
“ဒုဥက္ကဋ္ဌလည်း တအားယူကြုံးမရဖြစ်နေမှာပဲနော်။”
“…ဟုတ်ကဲ့၊ အဲ့ဒီလိုပဲပေါ့။”
“ကလေးက မကြာခင် နောက်ထပ် ရောက်လာဦးမှာပေါ့လေ။ အခုထိ ငယ်ငယ်လေးတွေပဲ ရှိကြသေးတဲ့သူတွေမဟုတ်လား…ကျွန်မအမျိုးသားဘက်က တူမတစ်ယောက်ဆိုရင်လည်း အဲ့ဒီလိုပဲ။ ဟိုးတစ်နှစ်ကရော၊ မနှစ်ကရော ကလေးပျက်ကျလို့ နောက်တစ်ခါကလေးထပ်ရဖို့ ခက်နေရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး ဟိုလိုဒီလို ပူပန်ခဲ့ရတာ။”
“…”
“ဟိုတလောကမှ ကလေးမွေးလိုက်တဲ့ ကျွန်မတူမလေး ရှိတယ်မဟုတ်လား။ အဲ့ဒီကလေးပေါ့။ ကိုယ်ဝန် လုံးဝမရနိုင်တာကမှ ပြဿနာရယ်ပါ၊ ကလေးရနိုင်တဲ့သူက အဲ့ဒီလို ဆက်တိုက်ရပြီး…”
အဒေါ်ကြီးရဲ့အသံမှာ နွေးထွေးမှုနဲ့ စိတ်ရင်းအပြည့်ပါနေပေမဲ့လည်း အဆိုးဝါးဆုံး နှစ်သိမ့်မှုဖြစ်နေဆဲပါပဲ။ ကျွန်မက အဲ့ဒီကလေး ဆုံးသွားတာကို ဝမ်းနည်းနေတာဖြစ်ပြီးတော့ နောက်ထပ် ကလေးမရနိုင်တော့ဘဲနေမလားဆိုပြီး စိတ်မကောင်းဖြစ်နေတာမဟုတ်လို့ပါ။
ကျွန်မ ဘာစကားမှ မပြောဘဲနေတဲ့အခါ အဒေါ်ကြီးက ဝတ်ကျေတမ်းကျေ နှစ်သိမ့်စကားလေးတွေ နည်းနည်းပါးပါးထပ်ပြောပြီး လုပ်စရာလေးတွေရှာလုပ်ဖို့ ထွက်သွားခဲ့တယ်။ အဲ့ဒီနောက်မှာ ကျွန်မက စားပွဲမှာ အတန်ကြာအောင် အသာလေး ဆက်ထိုင်နေခဲ့တယ်။
တွေးဖို့လိုအပ်ပါတယ်။ သေသေချာချာ တွေးထားတဲ့အတွေးမျိုး လိုအပ်ပါတယ်…ရှင်းလင်းသိမ်းဆည်းတာ။ ဟုတ်တယ်။ ရှင်းလင်းသိမ်းဆည်းရမှာပေါ့။ ကျွန်မ ထွက်သွားလိုက်တဲ့အချိန်မှာ စိုးရိမ်တကြီး လိုက်ကြည့်နေတဲ့အကြည့်ကို ခံစားမိပေမဲ့ စကားဆက်မပြောချင်တော့ပါဘူး။ မနေ့ကတင် ကလေးပျက်ကျထားတဲ့ မိန်းမက ကလေးအခန်းအရှေ့မှာ ရစ်သီရစ်သီ လျှောက်နေမယ်ဆိုရင် ဘယ်လိုပုံစံပေါက်နေမယ်မှန်း သိပေမဲ့ နက်နဲတဲ့ စာနာသနားစိတ်ကို ရှာနေတာမဟုတ်ပါဘူး။
ကျွန်မ ကလေးအခန်းထဲဝင်လိုက်ပြီး အထဲကိုမမြင်စေချင်တဲ့အလား တံခါးကို ပိတ်လိုက်တယ်။ အခန်းက ကျွန်မယောက္ခမ ကြိုဝယ်ပြီးပေးထားတဲ့ ကလေးပစ္စည်းပေါင်းစုံနဲ့ အပြည့်ပါပဲ။
‘လိုတောင်မလိုအပ်တဲ့ကလေးက သူ့ဟာနဲ့သူ ပျက်ကျသွားရင် ဘယ်လောက်ကောင်းလိုက်မလဲ’ လို့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်ပြီး ပြောခဲ့တဲ့ ယောက္ခမက တစ်နေ့မှာ စိတ်ဝင်စားမှု လုံးဝမရှိတော့ဘဲနဲ့ ဒီဘက်ကို ယောင်လို့တောင် လှည့်မကြည့်ဘဲနေခဲ့ရာကနေ ၅လဝန်းကျင်လောက်အရောက်မှာ ရုတ်တရက်ကြီး ပစ္စည်းပေါင်းစုံဝယ်ပေးပြီးတော့ ဖက်လဲတကင်း လုပ်လာခဲ့တယ်။ စိတ်ထဲကနေ အများကြီး ကျိတ်မျှော်လင့်ထားတဲ့ပုံပါပဲ။
အဲ့ဒီစိတ်ထဲမှာ ဘာတွေရှိနေမှန်း မသိနိုင်သလို သိလည်းမသိချင်တာကြောင့် ယောက္ခမပေးသမျှ ပစ္စည်းတွေကို ဒီအတိုင်း အခန်းလွတ်တစ်ခုထဲမှာပဲ စုပြုံထည့်ထားလိုက်ပြီး သိပ်မကြာခင်မှာ အခန်းက ဒီလိုဖြစ်လာတော့တာပါပဲ။ ကလေးလေး မွေးလာမဲ့နေ့ကိုပဲစောင့်မျှော်ပြီး ဂရုတစိုက် ပြင်ဆင်ထားတဲ့ အခန်း။
ကျွန်မလက်နဲ့ရွေးထားတဲ့ပစ္စည်းရော၊ ပျော်ပျော်ရွှင်ရွှင် အခန်းပြင်ဆင်ခဲ့တယ်ဆိုတဲ့ အမှတ်တရတွေပါမရှိတဲ့ အခန်းပေါ့။ အဲ့ဒီအတွက်ကြောင့် အထီးကျန်သလို ခံစားနေစရာမလိုပေမဲ့ အခန်းက အခုထိ ကလေးကို စောင့်မျှော်နေတုန်းပဲဆိုတဲ့အချက်ကြောင့် နည်းနည်းလေး ဝမ်းနည်းမိခဲ့တယ်။
‘ဒီလိုမှမဟုတ်ဘူးဆိုရင်တောင် အဲ့ဒီ ကျောက်တုံးလိုကောင်က ကလေးကို ဘယ်ကများရမှာလဲလေ။ ဟုတ်တယ်။ ဒါလည်း ကောင်းသွားတာပဲ။ လက်ထပ်တာကို ပစ်ပယ်လိုက်ပြီပဲထားဦး၊ မြစ်ကလေး ရှိနေပြီဆိုတော့ ဘာပဲပြောပြော ဥက္ကဋ္ဌကြီးက…’
ယောက္ခမ ကလေးနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့စကားတွေထဲက အကောင်းဘက်အသွားဆုံးစကား အတွေးထဲဝင်လာချိန်မှာ သိချင်လာမိခဲ့တယ်။ သူက အခု ဒီကိစ္စကိုရော ‘ကောင်းသွားတာပဲပေါ့’ လို့ ပြောလောက်မှာလား။ ဒါမှမဟုတ် ဒီပစ္စည်းတွေ ယူလာပေးခဲ့တဲ့ အခိုက်အတန့်လေးတစ်ခုစာ စိတ်ဝင်စားခဲ့သလောက်လေးပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်လောက်မလား။
ကိုယ့်ကိစ္စလည်း မဟုတ်ဘူးလေ။ လေထွက်လာသလိုမျိုး ရယ်သံက ထွက်လာခဲ့တယ်။ ကျွန်မက ထုံပေပေနဲ့ ပစ္စည်းတချို့ကို နည်းနည်းထပ်ဖွကြည့်ပြီး ကျွန်မကိုယ်တိုင် ဝယ်ထားခဲ့တဲ့ ကလေးအဝတ်လေး အနည်းငယ်ကိုသာ ယူထုတ်လိုက်တယ်။ အဲ့ဒီနောက် အဲ့ဒါလေးတွေကိုယူပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။
အိမ်အကူအဒေါ်ကြီးကို ချက်ချင်းတန်းပြီး အလုပ်ဆင်းခိုင်းလိုက်တယ်။ ဒီအိမ်ကနေ ထွက်သွားဖို့ သိပ်နောက်မကျသေးဘူးလို့ တွေးလိုက်တယ်။ ကျွန်မ မှန်တင်ခုံအံဆွဲကိုဖွင့်ပြီး မိခင်လောင်းမှတ်တမ်းနဲ့ အာလ်ထရာဆောင်းဓာတ်ပုံလေးတွေကို သီးသန့်ခွဲပြီး သိမ်းဆည်းထားတဲ့ သားရေအဖုံးနဲ့ မှတ်စုစာအုပ်ကို ယူထုတ်လိုက်တယ်။
မကပ်ရသေးတဲ့ နောက်ဆုံး အာလ်ထရာဆောင်းဓာတ်ပုံလေးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့တယ်။
အနည်းငယ်မျက်မှောင်ကြုတ်ထားသလို မျက်နှာထားလေးနဲ့ ကလေးမျက်နှာရယ်၊ ကွေးထားတဲ့ လက်ကလေးတွေနဲ့ ခြေတံတိုတိုလေးတွေရယ်က ကျွန်မမျက်လုံးထဲ ဝင်လာခဲ့တယ်။ ကလေးက ဒီလောက်တောင် လူအဖြစ်နဲ့ နီးစပ်နေပြီဆိုတဲ့အချက်က အခုထိ ကျွန်မအတွက် မယုံနိုင်စရာဖြစ်နေခဲ့တယ်။ ပြီးတော့ မယုံနိုင်သလို ခံစားမိမှကိုဖြစ်မှာပါ။
နည်းနည်းလေးပဲထပ်ပြီး အသက်ရှင်ခဲ့မယ်ဆိုရင်၊ နည်းနည်းလေးပဲထပ်ပြီး နင်သာ နောက်ကျမှ လောကကြီးနဲ့ တွေ့ခဲ့မယ်ဆိုရင်….ပြည့်နိုင်မှာမဟုတ်တဲ့ဆန္ဒကို တနုံ့နုံ့ဖြစ်နေတာက အဆိပ်ပါပဲ။ အမြဲတမ်း။ ကျွန်မရဲ့မိသားစုလိုပေါ့။
ကျွန်မက ဓာတ်ပုံပေါ်ကျလာတဲ့ မျက်ရည်တွေကို လက်ချောင်းတွေနဲ့သုတ်လိုက်ပြီး တစ်ယောက်ယောက်ကပဲ ကျွန်မမျက်နှာကို ကြည့်နေသလိုမျိုး မျက်နှာထားကို ပြင်လိုက်တယ်။
ဓာတ်ပုံကို မှတ်စုစာအုပ်ထဲပြန်ထည့်၊ မိခင်လောင်းမှတ်တမ်းနဲ့ ထပ်ပြီးတော့ ဘေးမှာရှိနေတဲ့ အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်တယ်။ အဲ့ဒါတွေအပြင် ကလေးအဝတ်အစားတွေကိုလည်း အကုန်ပစ်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ ကလေးကို အမှိုက်ပုံးထဲပစ်လိုက်ရသလို ခံစားချက်မျိုး ခံစားခဲ့ရတယ်။ အမှိုက်ပုံးအရှေ့မှာ အတန်ကြာအောင် ထိုင်နေပြီးတဲ့နောက် စိတ်မထိန်းနိုင်ဘဲ အပေါ်ဆုံးမှာရှိနေတဲ့ ကလေးအဝတ်လေးတစ်စုံကို ယူထုတ်ပြီးတော့ လက်ထဲမှာ ထွေးဆုပ်ထားမိခဲ့တယ်။ အဲ့ဒါက ကျွန်မအကြိုက်ဆုံးလေးလေ။
ခိုးရာပါပစ္စည်းလိုမျိုး ကျွန်မရဲ့အိတ်ထဲကို မြန်မြန်လေး ထိုးထည့်ပြီး ခဏနေတော့ အိပ်ခန်းထဲက ရှင်းပစ်ရမဲ့ ကျွန်မပစ္စည်းတွေကို သွားရှာခဲ့တယ်။
ဒီအိမ်မှာ ကျွန်မသုံးတဲ့ ပစ္စည်းအများစုက လက်မထပ်ရသေးခင်နဲ့ လက်ထပ်ပြီးပြီးချင်းမှာ ကျွန်မယောက္ခမနဲ့ သူ့ရဲ့အတွင်းရေးမှူးတို့ အလောတကြီး ဝယ်ထည့်ပေးထားတာတွေဖြစ်ပြီး အမှန်တကယ် ကျွန်မရဲ့အပိုင်လို့ ယူဆနိုင်တဲ့ပစ္စည်း များများစားစားမရှိပါဘူး။ အဝတ်လဲခန်းရဲ့ တစ်ဝက်က ကျွန်မရဲ့အဝတ်အစားတွေနဲ့ ပြည့်နေပေမဲ့ ကျွန်မစိတ်ကြိုက်ရွေးထားတဲ့ အဝတ်အစားရယ်လို့ တစ်ထည်တလေတောင် မရှိတဲ့သဘောပေါ့။
အစက ဟန်နမ်ဒုံမှာ ယောက္ခမနဲ့ ခဏလောက် အတူတူနေခဲ့ရတာလေ။ လက်ထပ်ပွဲလုပ်ပြီးတဲ့နောက်မှ ပျားရည်ဆမ်းခရီးတောင်မထွက်ဘဲ ဒီအိမ်ကို တန်းပြောင်းလာခဲ့တာပါ။ ကျွန်မအတွက် အရာအားလုံး ရှိနေပြီးသားမို့လို့ ဒီအတိုင်း ပြောင်းနေလိုက်ရုံပဲပေါ့။ တစ်နည်းပြောရရင်တော့ ကျွန်မရဲ့အထုပ်အပိုးဆိုလို့ လက်ဆွဲအိတ်လေးတစ်လုံးတောင် သယ်လို့မဖြစ်တဲ့သဘောပါပဲ။
****
Translated by D