Chapter 2
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၂ (အပိုင်း ၅)
ယောက္ခမက ကျွန်မဝတ်တဲ့ ဘလောက်စ်နဲ့ အမြဲဝတ်နေကျ နားကပ်ကို မကြိုက်ပါဘူး။ မရှိတဲ့ဇာစ်မြစ်ကိုများ ထုတ်ကြွားစရာအကြောင်းရှိလို့လားဆိုပြီးတော့လေ။ အဲ့ဒါက တကယ်တော့ အကြီးအကျယ် စိတ်ပိုင်းဖြတ်ပြီး ဝယ်ခဲ့ရတဲ့ ဈေးကြီးကြီး ဘလောက်စ် ဖြစ်နေပါစေ၊ ဈေးကြီးပေမဲ့ တန်ပါ့မလားဆိုပြီး ဆယ်ကြိမ်လောက် ပြန်တွေးပြီးမှ ဝယ်ဖြစ်ခဲ့တဲ့ အခွန်လွတ်ဆိုင်က နားကပ်လေးတွေဖြစ်နေပါစေပေါ့။
ကျွန်မမှာရှိသမျှ အရာအားလုံးက တန်ဖိုးကိုမရှိတာပါ။ ရှိသမျှထဲ အကောင်းဆုံးအရာတွေဖြစ်နေရင်တောင်မှပေါ့။
ယောက္ခမရဲ့ အပူအပင်က ကျွန်မ ဝူဂျင်ဟာရဲ့ဘေးမှာရပ်တဲ့အခါ သူ့ကို မျက်နှာပျက်အရှက်ရအောင် မလုပ်စေလိုတာလည်း တစ်စိတ်တစ်ပိုင်းပါသလို ဂင်ဖိုမှာ လုပ်ငန်းအသေးစားလေးလုပ်ခဲ့တဲ့ ကျွန်မအဖေကို ‘ဆုံးသွားတဲ့ ခမည်းခမက်က လုပ်ငန်းအသေးစားလေးတစ်ခုရဲ့ ကိုယ်စားလှယ်လေ’ ဆိုပြီး ကောက်ကာငင်ကာ ရုပ်ဖျက်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ကျိန်းသေပေါက် အဲ့ဒီလိုလိမ်ပြောရတာကို ရှက်လို့ ဘာလုပ်လို့လုပ်ရမှန်း မသိခဲ့ဘူးပေါ့။
‘လိုအပ်ချက်တွေက အများကြီးရှိနေမှန်း သိပေမဲ့ ငါတို့ဂျင်ဟာက ကြိုက်တယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။’
ကလေးရှိနေပြီဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲဆိုတဲ့ စကားထက်တော့ ရိုမန့်တစ်ပိုဆန်ပါသေးတယ်။
ဘာမှထွေထွေထူးထူးလည်းမဟုတ်ဘဲ ဝူဂျင်ဟာက သဘောကျတယ်ဆိုတာ၊ အဲ့ဒါတစ်ခုတည်းနဲ့တင်ပေါ့။
ငါတို့ချွေးမလေးက အဲ့ဒါအပြင် ဘာမှမရှိတဲ့မိန်းမပဲလို့ ယောက္ခမက ပြောတတ်ပေမဲ့ အမှန်တော့ အဲ့ဒါလေးတောင် မရှိခဲ့တာမို့ ဒီအိမ်မှာ ဘာမှကိုမရှိတဲ့သူလိုပါပဲ။ မိသားစုလည်းမရှိ၊ မိဘလည်းမရှိ၊ ဝူဂျင်ဟာရဲ့ အချစ်တွေလည်းမရှိ၊ အခု ကလေးပါမရှိတော့ဘူးဆိုတော့ အရမ်းကို ပြည့်စုံသွားပြီလေ။
အိပ်ခန်းထဲကနေ ပစ္စည်း နှစ်ခု၊ သုံးခုလောက်ပဲ လွှင့်ပစ်လိုက်တယ်။ နောက်ဆုံးမှာ ကျွန်မအပိုင်လို့ ပြောနိုင်တဲ့အရာက တကယ့်ကို နည်းနည်းလေးပဲ ရှိတဲ့အတွက်ကြောင့်ပါ။ သူတို့ ဝယ်ပေးထားတာတွေက ကျွန်မပိုင်တာတွေ မဟုတ်ဘူးလေ။ ယောက္ခမ ဝယ်ပေးခဲ့တဲ့ ပစ္စည်းအသေးအဖွဲလေးတွေရော၊ ဝူဂျင်ဟာ လက်ဆောင်ပေးခဲ့တဲ့ လက်ဝတ်ရတနာ အကြီးကြီးတွေပါ။ အကုန်သူတို့ဟာတွေချည်းပါပဲ။
မီးဖိုထဲမှာ၊ ဧည့်ခန်းထဲမှာ၊ ရေချိုးခန်းထဲမှာ ကျွန်မ တစ်အိမ်လုံးအနှံ့ ကျွန်မရဲ့ပစ္စည်းတွေကို လိုက်ရှာပြီး အကုန် လွှင့်ပစ်လိုက်တယ်။
အဲ့ဒီနောက် မသုံးဘဲထားတဲ့ အခန်းထဲကိုသွားပြီး စတူဒီယိုတိုက်ခန်းကနေ ယူလာတဲ့ ကျွန်မရဲ့အထုပ်အပိုးတွေကို ကြည့်လိုက်တယ်။ အထုပ်အပိုးတွေက တိပ်တောင်မခွာရသေးဘဲ အရင်အတိုင်းရှိနေဆဲပါ။
တစ်ချိန်က ဒီပုံးတွေထဲမှာရှိတဲ့ ပစ္စည်းလေးတချို့နဲ့ တော်တော့်ကို ကောင်းကောင်းလေး နေထိုင်ခဲ့ဖူးပါတယ်။ ကျွန်မ လိုအပ်တာက အစကတည်းက ဒါအကုန်ပါပဲ။
နောက်ဆုံး ဆုံးဖြတ်ချက်ကို ခဏအတွင်း ချလို့ပြီးသွားခဲ့တယ်။ အိမ်ထဲက ဘယ်နေရာမှာ ထားလို့ထားခဲ့မိမှန်းမသိ မေ့သွားတဲ့ဖုန်းကို ရှာရတဲ့အချိန်က ပိုတောင်ကြာခဲ့ပါသေးတယ်။ ဖုန်းရှာတွေ့သွားတာနဲ့ ယွန်းဟျောင်းကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်။ ကျေးဇူးပြုပြီး အလုပ်လုပ်နေတဲ့အချိန်ကြီး မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရင်းနဲ့ပေါ့။
-ရှင်းဟီဂျူ။
တတူတူမြည်သံ နှစ်ချက်သုံးချက်အပြီးမှာ ‘ဟယ်လို’ လို့ ဖြေရမဲ့အစား ကျွန်မနာမည်ကို မယုံသင်္ကာခေါ်လိုက်တဲ့အသံကို ကြားလိုက်ရတယ်။
“အခု အချိန်ရလားဟင်။”
-အချိန်။ ဘာအချိန်လဲ။
“နင့်ကားကို လိုအပ်လို့။”
-တော်တော်ကြာမှ ဖုန်းဆက်လာပြီးတော့ ပြောတဲ့စကားက သူများကား တောင်းတဲ့စကားပေါ့လေ။
သူက ဘုဆတ်ဆတ်နဲ့ လက်ခံခဲ့တယ်။ မူလတန်းကတည်းက ခင်လာခဲ့တဲ့ တစ်ရပ်ကွက်တည်းသား သူငယ်ချင်း ဂင်ဟွန်းဟျောင်းက ဒီအိမ်နဲ့ မိနစ် ၄၀ စာလောက်ပဲဝေးတဲ့ နေရာမှာ ကျောင်းတုန်းကသူငယ်ချင်းနဲ့အတူတူ စတူဒီယိုထောင်ပြီး အလုပ်လုပ်တဲ့သူပါ။ ကျွန်မက နံရံကပ်နာရီကိုကြည့်ပြီး ဟွန်းဟျောင်း ဘယ်တော့လောက် ရောက်လာမလဲဆိုပြီးတော့ ခန့်မှန်းလိုက်တယ်။
-နင့်ကားကရော။
“နင့်ကားက ကြီးတယ်လေ။ အထုပ်အပိုးတွေ တင်ရမှာမို့လို့။”
-ဘယ်တော့လဲ။
“အခု။”
-အဲ့ဒါကို အခုမှ လာပြောရလား။
“ရုတ်တရက်ကြီး လိုအပ်လာလို့။ နင် အလုပ်လုပ်နေတာလား။”
-အရေးကြီးလို့လား။
ကျွန်မမေးခွန်းကို ပြန်မဖြေဘဲ ဂင်ယွန်းဟျောင်းက အဲ့ဒီလိုမေးခဲ့တယ်။
အရေးကြီးတယ်လို့ပြောလိုက်ရင် ဘာအကြောင်းလဲလို့တောင်မမေးဘဲ ချက်ချင်းတန်းလာမယ်မှန်း သိပါတယ်။ ဂင်ယွန်းဟျောင်းက တစ်ချိန်တုန်းက ကျွန်မတို့မိသားစုနဲ့ ရင်းနှီးခဲ့တဲ့သူဖြစ်ပြီး ငယ်ငယ်ကတည်းက ကျွန်မရဲ့ ‘အရေးကြီးတဲ့အခြေအနေ’ ဆိုတာနဲ့ပတ်သက်ပြီး ပျော့ကွက်ရှိတဲ့သူမို့လို့ပါ။
ကျွန်မက တော်တော်လေးချပ်နေတဲ့ဗိုက်ကို ငုံ့ကြည့်လိုက်တယ်။ အတိုင်းအတာတစ်ခုအထိ ပူနေတုန်းကတောင် အဝတ်အစားပွပွတွေ ဝတ်ခဲ့တာမို့လို့ အပြင်ကကြည့်ပြီး မပြောနိုင်ပါဘူး။ ကျွန်မက ဗိုက်ကို လက်ဖဝါးနဲ့ ပွတ်လိုက်တယ်။ အခုထိ အရင်တုန်းကလို ပြန်မဖြစ်သေးဘူးဆိုပေမဲ့ ကလေးရှိနေတုန်းကလောက်လည်း မပူတော့ပါဘူး။
ဂင်ယွန်းဟျောင်းက မျက်စိမလျင်လို့ ဘာဖြစ်လို့ဖြစ်မှန်း မသိနိုင်လောက်ပေမဲ့ တွေ့ကြပြီဆိုရင် နောက်ဆုံးတော့ စကားပြောရမှာပါပဲ။ ဒီအထုပ်အပိုးတွေကို ဘယ်လိုဖြစ်လို့ ရွှေ့မှာလဲဆိုတာကိုပေါ့။
စိတ်ပိုင်းဖြတ်ထားပြီးတာ ကြာပြီဆိုပေမဲ့လည်း ကျွန်မ တစ်ချက်တော့ ပြန်မဖြေနိုင်ဘဲရှိနေခဲ့တယ်။
-ရှင်းဟီဂျူ။
“…”
-ဟဲ့။
“…အင်း။ တကယ်အရေးကြီးတယ်။ အခုချက်ချင်း လိုအပ်နေတာ။”
-ဘာအထုပ်အပိုးတွေလဲ။
“စတူဒီယိုတိုက်ခန်းမှာတုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေပဲ။ အခု မသုံးတဲ့အခန်းထဲကို ထည့်ထားတာ။ ဂင်ဖိုအိမ်ကို ရွှေ့ထားမလားလို့လေ။”
-မသုံးတဲ့အခန်းထဲ ထည့်ထားတာပဲကို ဘာဖြစ်လို့လဲ။
“တခြားသုံးစရာလေး ပေါ်လာလို့။”
ကျွန်မရဲ့ဆင်ခြေက ကျွန်မပြန်ကြားရတာတောင် အရေးကြီးတဲ့ပုံ တစ်စက်ကလေးမှပေါက်မနေပါဘူး။ ဒါပေမဲ့ ဂင်ယွန်းဟျောင်းက အလေးအနက် ထပ်မေးခဲ့ပြန်တယ်။
-ကလေးအတွက်လား။
“…အင်း။”
-နင့်အမျိုးသားကရော။
“ကုမ္ပဏီမှာ။”
သင့်တော်တဲ့အဖြေမဟုတ်မှန်း သိပါတယ်။ ဘယ်မှာလဲလို့ မေးတာမဟုတ်ဘဲ၊ ဘယ်တော့ပဲဖြစ်ဖြစ် သူက ဘာလို့ မလုပ်ပေးနိုင်ရတာလဲလို့မေးတဲ့ စကားမို့လို့ပါ။ ဂင်ယွန်းဟျောင်းက တစ်ချက်တိတ်သွားခဲ့တယ်။ ကျွန်မရဲ့ အိမ်ထောင်ရေးအကြောင်း ဂင်ယွန်းဟျောင်းကို ဟုတ်တိပတ်တိ မပြောပြဖူးပေမဲ့ အကင်းပါးတဲ့သူ မဟုတ်တာတောင်မှ သူက အရိပ်အခြည်တော့ ကြည့်တတ်သေးတဲ့သူပါ။
-သိပြီ။
ဝူဂျင်ဟာနဲ့ ကျွန်မကြားမှာ ကြီးကျယ်ခမ်းနားတဲ့ အချစ်မျိုးမရှိမှန်း သိနေလို့ပဲဖြစ်မလား သူက မသိချင်ယောင်ဆောင်ပြီး ပြန်ဖြေခဲ့တယ်။
-အခုချက်ချင်း တန်းလာရင် ဖြစ်လား။
“အင်း။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး မြန်မြန်လေး။”
-သိပြီ။ လိပ်စာပို့လိုက်။
“အားလည်းနာပါတယ်၊ ယွန်းဟျောင်းရာ။”
-တော်စမ်းပါ။
ဖုန်းက တိခနဲကျသွားခဲ့တယ်။ ကျွန်မက သုံးထားတဲ့ ဖန်ခွက်ကို ဆေးကြောလိုက်ပြီး လွှင့်ပစ်စရာ တခြားဘာများရှိသေးလဲလို့ အိမ်ကိုနောက်ဆုံးတစ်ကြိမ် လှည့်ပတ်ကြည့်လိုက်တယ်။ အရင်နဲ့ အခုက ဘာမှသိပ်မကွာသလိုပါပဲ။ အများစုက အတူတူပဲဖြစ်နေတာမို့လို့ပါ။
ကျွန်မက တကယ် ကျွန်မအပိုင်ဖြစ်တဲ့ပစ္စည်းတို့၊ သွားပွတ်တံလို ကျွန်မသုံးထားပြီးသားမို့ ဘယ်သူမှ ထပ်သုံးလို့မရမဲ့ ပစ္စည်းတို့ကိုသာ လွှင့်ပစ်ခဲ့တာလေ။
တစ်ခုတည်းသော ခြားနားမှုက ကျွန်မရှိနေခြင်းနဲ့ ရှိမနေခြင်းပါပဲ။ နောက်ဆုံးမှာတော့ ကျွန်မရဲ့အိတ်ထဲက ပစ္စည်းတွေကို စနစ်တကျ စီစဉ်လိုက်တယ်။ အဲ့ဒီနောက် ဆိုဖာပေါ်မှာထိုင်ပြီး ယွန်းဟျောင်း ရောက်လာတဲ့အထိ ခဏကြာအောင် စောင့်နေလိုက်တယ်။
“ဒါက တကယ်ပဲ အိမ်ပေါ့လေ။ ဝါး…ဘယ်လို အိမ်ရာမျိုးမှာ အပြင်ဘက်ဥယျာဉ် ရှိလို့လဲ။”
“ဝင်လာစမ်းပါ။”
“အိမ်ကို လိုက်ပြတာလေးတောင် မလုပ်တော့ဘူးလား။ ဒီအထိ ခေါ်ထားပြီးတော့။”
“အိမ်လိုက်ပြဖို့ ခေါ်လိုက်တာမဟုတ်ဘူးလေ။”
“သူငယ်ချင်းက ပထမဆုံးအကြိမ် အိမ်အလည်လာတယ်ဆိုရင်…”
“အပျော်လာတာ မဟုတ်လို့ဟေ့။”
“ရှင်းဟီဂျူရဲ့ ရည်ရွယ်ချက်အတိုင်း မလွဲမသွေလုပ်တဲ့စိတ်ကတော့ ရှင်းလင်းပြတ်သားနေတာပဲ။”
“ဒီအခန်းပဲ။”
“ဒါပဲရွှေ့လိုက်ရင် ရပြီလား။”
“အင်း။”
ဂင်ယွန်းဟျောင်းတစ်ယောက် အခု ကျွန်မ ဘာလုပ်နေသလဲဆိုတာကို စိတ်တောင်ကူးကြည့်မိပါ့မလား။
ဝတ်လက်စ အဝတ်အစားတွေကို အလျင်စလို ထည့်ထားတဲ့ လက်ဆွဲအိတ်လည်းမရှိသလို၊ ဒီအိမ်မှာ ထုတ်ပိုးပြင်ဆင်ခဲ့တဲ့ အထုပ်အပိုးတွေလည်း မရှိပါဘူး။ အပြင်ပန်းကြည့်ရင် သုံးစားမရတဲ့ပုံပေါက်နေပေမဲ့ လွှင့်ပစ်လို့လည်းမရပြန်တဲ့ အရင်က luggage အဟောင်းကို ဟိုးအရင်က အိမ်အဟောင်းဆီ အဲ့ဒီအတိုင်းလေး ယူသွားမှာမို့လို့ပါ။
ကျွန်မက ယွန်းဟျောင်းကို ဘာမှစိတ်တောင်မကူးကြည့်မိအောင်ပဲ ထားလိုက်တယ်။ အခြေအနေကိုသာသိရင် ကျွန်မကို ကူညီလောက်မှာဆိုပေမဲ့ သိပ်လည်း ချောချောမွေ့မွေ့ရှိလိမ့်မယ်မထင်ပါဘူး။
ယွန်းဟျောင်းရဲ့ ပေါ့ပေါ့ပါးပါးမေးခွန်းကို အပေါ်ယံပဲ ပြန်ဖြေလိုက်ပြီး ကျွန်မ ပုံးတွေကို သူနဲ့အတူ အရှေ့တံခါးဆီ ရွှေ့လိုက်တယ်။ အတိအကျပြောရရင် အထုပ်အပိုးတွေသယ်နေတဲ့ ယွန်းဟျောင်းရဲ့ဘေးကနေ လိုက်ခဲ့တာပါ။
ဗိုက်ကြီးသည်က ဘာအထုပ်အပိုးကို ရွှေ့ဦးမလို့လဲဆိုတဲ့ မေးခွန်းကို ဘာမှပြန်မဖြေနိုင်ခဲ့တဲ့အတွက်လေ။ လှည့်စားသလိုဖြစ်နေတာကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရပေမဲ့ ပြန်ပြင်ဖို့အချိန်မရှိခဲ့ပါဘူး။
အထုပ်အပိုးတွေ အများကြီးမရှိလို့ တော်ပါသေးရဲ့။ အစကတည်းက အထုပ်အပိုး အများကြီးမရှိခဲ့တာလေ။ ကုမ္ပဏီဝန်ထမ်းဘဝကို စခဲ့ကတည်းက ထသွားထလာအဝတ်တွေ ဝတ်စရာအကြောင်းမရှိတာကြောင့် အကုန်လွှင့်ပစ်ထားခဲ့ပြီး အဝတ်အစားထည့်ထားတဲ့ပုံးကလည်း တစ်ပုံး နှစ်ပုံးသာရှိပါတယ်။
“အဲ့ဒီအိမ်ကရော။ ထပ်ပြီး အိမ်ငှားအသစ်မတင်တော့ဘူးလား။”
“ဘာပဲဖြစ်ဖြစ် အငှားထွက်မှာလည်းမဟုတ်ဘူးလေ။”
“အခုတလော အကုန် အဲ့ဒီလိုချည်းပဲ။ နည်းနည်းလောက် စောင့်ကြည့်ရအောင်…ဒီအထုပ်အပိုးတွေ ရွှေ့ပြီးခါမှ မတော်လို့ အသစ်ဝင်လာမဲ့ အိမ်ငှားရှိနေရင် ဘယ်လိုလုပ်မလဲ။”
“လတ်တလောတော့ အိမ်ငှားအသစ်မတင်သေးဘဲ ထားလိုက်ဦးမယ်။”
“အင်းလေ၊ နင်က အိမ်ခန်းငှားခကို လိုအပ်စရာ ဘာများရှိလို့လဲ။ အိမ်ငှားခကို ဘယ်လိုပါ့မလဲလေ။”
ယွန်းဟျောင်းတစ်ယောက် အထုပ်အပိုးတွေသယ်ရင်း ကျွန်မရဲ့ဇာတာက ဘယ်လောက်တောင် သက်သောင့်သက်သာရှိလိုက်သလဲလို့ ပြောနေတုန်းမှာ ကျွန်မ တစ်ချက် အာရုံထွေပြားသွားခဲ့တယ်။ အမှတ်တမဲ့ ကျွန်မကားကျွန်မ အတူတူမောင်းပြီး သွားမိလုနီးပါးဖြစ်သွားကြောင်း သတိထားလိုက်မိတဲ့အတွက်ပါ။
ကားကလည်း ဝူဂျင်ဟာ ကျွန်မကိုပေးထားတာဖြစ်တဲ့အတွက် ပြန်ပေးရမှာပါ။ ပုံးတွေကို ဓာတ်လှေကားထဲ တစ်ခုချင်းစီ ထည့်နေတုန်းမှာ ကျွန်မက အိမ်ထဲအပြေးပြန်ဝင်ပြီး ကားသော့ကို စားပွဲပေါ်တင်ပြီးတော့ ပြန်ထွက်လာခဲ့တယ်။
နဂိုက ကျွန်မ ကုမ္ပဏီမှာ အလုပ်လုပ်တုန်း မောင်းခဲ့တဲ့ ပြည်တွင်းဖြစ်ကားလေးက လက်ထပ်ချိန်မှာ အရှင်းခံလိုက်ရပါပြီ။ ချက်ချင်း အလုပ်တန်းမရရင်တောင်မှ ကားမရှိရင် အဆင်မပြေ ဖြစ်ရမှာလေ…ထူးဆန်းလှစွာပဲ ကျွန်မ ချက်ချင်း စိတ်ပိုင်းဖြတ်ချက်ချခဲ့မိတယ်။
ကားပါကင်ထဲမှာ ကျွန်မရဲ့ပစ္စည်းတွေအားလုံးကို ယွန်းဟျောင်းရဲ့ SUV အကြီးစားကြီးထဲ စုပြုံထည့်လိုက်ပြီး ခရီးသည်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ကျွန်မ ချက်ချင်းတန်းပြောလိုက်တယ်။
“လမ်းမှာ ကားဝင်ကြည့်မယ်။”
“ဘာကားကိုကြည့်မှာလဲ။”
“ကားဝယ်ချင်လို့။”
“ရား…သူဌေးအိမ်က ဆရာကတော်တွေများ တယ်လည်း တစ်မူတော့ထူးခြားကွဲပြားကြတာပါလား။ ဘယ်နားလေးပဲ ဖြတ်သွားဖြတ်သွား ကားတွေများ တစ်ခါမြင်တစ်စီးပဲ။”
“အရူးကောင်။ အဲ့ဒီလိုမဟုတ်ဘူး။”
“သန်း ၁၃၀ ဆိုရင် တအားဈေးပေါနေမလား။”
“ဟင့်အင်း၊ ဒီအတိုင်း ကားပဲ။ ရိုးရိုးသာမန်ကား။”
“သာမန်ကားဆိုတာက။”
“အရင်တုန်းက ငါမောင်းနေကျကားမျိုး။”
“ယောက္ခမအိမ်က စည်းကမ်းများ ပေးလာလို့လား။ ရိုးရိုးကုပ်ကုပ်နေဆိုပြီးတော့လေ။”
“အေးအေးဆေးဆေးလေး မောင်းပြီးသွားလာလို့ရမဲ့ဟာမျိုး လိုအပ်လို့။”
ဘာအတွက်သုံးမလဲဆိုတာကို ခန့်မှန်းလို့ရသွားတဲ့အလား ယွန်းဟျောင်းက ခေါင်းညိတ်ခဲ့တယ်။ ကျိန်းသေပေါက် ထင်ရာမြင်ရာ စိတ်ကူးပဲနေမှာပါ။
ဘာပဲဖြစ်ဖြစ် အကုန်ပြောပြရမှာပဲဆိုပေမဲ့ လောလောဆယ်တော့ အေးအေးဆေးဆေး နေချင်မိပါတယ်။ ဒီအတိုင်း ကားပြတင်းကနေ ဘေးကဖြတ်သွားတဲ့ ရှုခင်းတွေကို ကြည့်ရင်း။ ရာသီတွေ ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့ပြီလဲလို့ ခန့်မှန်းရင်းနဲ့ပေါ့။
အဆောက်အအုံအမြင့်ကြီးတွေကြားမှာတွေ့ရတဲ့ ကောင်းကင်က တိမ်ထုရယ်လို့ တစ်စတလေမရှိဘဲ တောက်ပနေပြီး လမ်းဘေးမှာရှိတဲ့ သစ်ပင်တွေက အစိမ်းစိုဆုံးအနေအထားမှာ ရှိနေခဲ့ကြတယ်။
နွေနှောင်းချိန်တောင် လွန်သွားခဲ့ပြီပဲ။
ကျွန်မတို့လက်ထပ်ခဲ့ကြတဲ့ လေးလပိုင်း၊ အဲ့ဒီနေ့လေးကလည်း ဒီလိုမျိုး လှပတဲ့နေ့လေးတစ်နေ့ပါ။ အလှမ်းဝေးတဲ့ အနာဂတ်က ကျွန်မတို့ကို စောင့်ကြိုနေသလိုမျိုးပေါ့။ ကျွန်မ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
ကျွန်မတို့ရဲ့ အိမ်ထောင်လေးက တစ်နွေသာခံလိုက်ပါတယ်။ ကျွန်မရဲ့ မျှော်လင့်ချက်တွေကတော့ ဘယ်တော့မှ မပြည့်ဝခဲ့ဘူးပေါ့။
ရာသီဥတုက ပူနေဆဲဖြစ်ပြီး ခြောက်လွှာရှိတဲ့ တိုက်ခန်းဟောင်းလေးမှာ ဓာတ်လှေကားမရှိတာကြောင့် အထုပ်အပိုးတွေ ရွှေ့ပြောင်းရတာ တော်တော်အခက်တွေ့ရပါတယ်။ အထူးသဖြင့် ဂင်ယွန်းဟျောင်းအတွက်ပေါ့။ ကျွန်မ မိဘတွေနဲ့ နေထိုင်ခဲ့တဲ့အိမ်က ငါးလွှာမှာပါ။ ကျွန်မ ယွန်းဟျောင်းမသိအောင် အထုပ်အပိုးတွေကို တစ်ခုချင်းစီသယ်ရင်း လှေကားတက်ခဲ့ပေမဲ့ အကြိမ်ကြိမ် မိသွားတာချည်းပါပဲ။
စကားဆုံးတိုင်းမှာ ဗိုက်ကြီးသည်ဆိုတာချည်း ပြောနေတာကြောင့် အခု တစ်ခုခုတော့ ပြောလိုက်ချင်ပေမဲ့ ချွေးတပြိုက်ပြိုက်ကျလျက်သားနဲ့ လှေကားတက်နေတာကို ရပ်ခိုင်းပြီး ရှင်းပြလို့မဖြစ်တဲ့ ကိစ္စပါ။ အလွယ်လေး ပါးစပ်ဖွင့်မရတာလည်း ပါတာပေါ့။
ယွန်းဟျောင်းက တစ်ချိန်တည်းမှာ ပုံးသုံးလေးလုံး တစ်ပြိုင်နက်တည်းသယ်ပြီး အလုပ်ကို မြန်မြန်လက်စသတ်ခဲ့တယ်။ အိမ်ထဲမှာ ပုံးတွေ အထုပ်တွေ ထားပြီးသွားတဲ့နောက်မှာတော့ ကျွန်မတို့တွေ အနီးအနားက ကားအရောင်းပြခန်းတချို့ဆီသွားပြီး ကားကြည့်ခဲ့ကြတယ်။ ကျွန်မ တခြားလူတစ်ယောက်ဖြစ်သွားသလိုမျိုး ရယ်လိုက်မိတယ်။ တကယ်ပဲ ခံစားချက်ကလည်း ကောင်းလာတာပါ။
စာချုပ်လည်း အပြီးချုပ်နိုင်ခဲ့တယ်။ အရင်က ကျွန်မမောင်းခဲ့တဲ့ ကားအသေးလေးနဲ့ တစ်မျိုးတစ်စားတည်းတူတဲ့ကားပါ။ အဲ့ဒီလိုဟာလေးနဲ့ ဘယ်လိုသွားလာမလဲလို့ ယွန်းဟျောင်းရဲ့ အဆူအပြောကို ခံလိုက်ရပေမဲ့ ရင်းနှီးအသားကျတဲ့ခံစားချက်ကို သဘောကျပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အရင်ကသုံးခဲ့တဲ့အရာကို စိတ်တိုင်းကျတယ်လေ။ အဲ့ဒီလိုသာဆိုရင် အရင်ကနေ့ရက်တွေဆီ ပြန်သွားလို့ရသလို ခံစားရလို့ပါ။
****
Translated by D