Chapter 2
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အပိုင်း ၂ (အခန်း ၆)
“နောက်အပတ် သင်္ဘောနဲ့ဝင်လာမယ်တဲ့လား။”
“အင်း။ နောက်အပတ် ဗုဒ္ဓဟူးနေ့။”
တိုက်ခန်းကို ပြန်လာပြီးတဲ့နောက်မှာ ယွန်းဟျောင်းက ကားကို ပါကင်ထိုးထားခဲ့ပြီး အရင်တုန်းက ကျွန်မတို့မိဘတွေနဲ့အတူတူ သွားစားနေကျ ဘိုဆမ်ဆိုင်ကို သွားခဲ့တယ်။ ဆိုင်ထဲမဝင်ခင်မှာ ယွန်းဟျောင်းက ကျွန်မကို တစ်ချက်ကြည့်နေတာကို ခံစားမိရတာကြောင့် ကျွန်မက ပိုပြီးတော့ ခံစားချက်ကောင်းစွာပြုံးဖို့ ကြိုးစားလိုက်တယ်။
ဘယ်ကိုပဲသွားသွား ကျွန်မရဲ့မိဘတွေကို အမှတ်ရမိစေမဲ့ ရပ်ကွက်ပါ။ အကြာကြီး ထွက်ပြေးခဲ့ပေမဲ့ နောက်ဆုံး ပြန်ရောက်လာတာက သူတို့ချန်ထားခဲ့တဲ့ အိမ်ကလေးပါပဲ။ အနည်းဆုံးတော့ အဲ့ဒီမှာ တော်တော်လေး ရှည်ကြာတဲ့ အမှတ်တရတွေ ရှိနေတယ်လေ။
ဒီတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေလောက်မှာပါ။
“အရက်သောက်ကြမလား။”
“ရူးနေလား။”
ယွန်းဟျောင်းတစ်ယောက် ချက်ချင်းပဲ အလန့်တကြားဖြစ်သွားခဲ့တယ်။
“ကလေးကရော။”
“မရှိတော့ဘူး၊ အခု။”
“…ဘာ။”
ကျွန်မကို ‘ရူးသွားပြီလား’ လို့ မေးမယ်ဆိုရင် အခု အဲ့ဒီမျက်နှာထားနဲ့မေးတာက လိုက်ဖက်မှာပါ။ ဂင်ယွန်းဟျောင်းက တကယ်ပဲ ရူးနေတဲ့လူကို ကြည့်သလိုမျိုး ကျွန်မကို ကြည့်ခဲ့တယ်။ သူက အရံဟင်းအဖြစ် ချပေးထားတဲ့ မရောနိစ်မှာ ပန်းသီးကိုနှစ်ပြီး မကိုက်ဘဲနဲ့ တူကိုချထားလိုက်တယ်။
“တကယ်ပဲ နင်က အကဲခတ်ညံ့တာကိုး။ ငါ့ဗိုက်ကိုမြင်တာတောင် မသိဘူးလား။”
“….ငါက နင် ဗိုက်ထွက်လာတာကို မြင်ဖူးတာမှမရှိတာ။ အဲ့ဒါကြောင့် ဒီအတိုင်း ဗိုက်မထွက်သေးဘူးလို့ပဲ ထင်ထားတာပေါ့…နေပါဦး၊ ငါ ိုး၊ အခု အဲ့ဒါက အရေးမကြီးဘူး…မဟုတ်သေးပါဘူး၊ ဆဲလို့မဖြစ်တာကို…”
ကျွန်မကိုယ်ဝန်ရှိနေပြီဆိုတဲ့စကားကို ကြားပြီးတဲ့နောက်ပိုင်းမှာ အမြဲတမ်း စကားဆုံးတိုင်း ထည့်ပြောနေကျ အဆဲစကားကို ခဲရာခဲဆစ် မပြောမိအောင်ထိန်းခဲ့တဲ့ ဂင်ယွန်းဟျောင်းက ဟိုဟာလည်းလုပ်မရ၊ ဒီဟာလည်းလုပ်မရဖြစ်ပြီး ဒီအတိုင်း မျက်နှာကိုသာ အကြိမ်ကြိမ်သပ်နေခဲ့တယ်။ နှစ်တစ်ဝက်နည်းပါ သည်းခံထိန်းသိမ်းခဲ့ရတာဆိုတော့ အကြာကြီး သည်းခံခဲ့ရတာပဲပေါ့။
“မတော်တဆမှု…မတော်တဆမှုတစ်ခုခုများ ဖြစ်ခဲ့တာလား။ နင် အဆင်ပြေရဲ့လား။”
“ငါ ဘာမှမဖြစ်ဘူး။ အလတ်ကြီးရှိနေတယ်မဟုတ်လား။”
နောက်ဆက်တွဲအကျိုးဆက်တွေတော့ တချို့တလေရှိပေမဲ့ ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ် သဘောသဘာဝချင်း ကွဲပြားကြတာမို့ နားလည်လောက်မှာမဟုတ်ပါဘူး။
“…ငါ ိုး၊ အဲ့ဒါကြောင့် နင့်ရုပ်က…”
“မျက်နှာအရောင်အသွေးဆိုတဲ့စကားကိုထားပြီး မဖြစ်မနေ အဲ့ဒီစကားမှ သုံးရလား။ နင်ကတော့လေ။”
“အဲ့ဒီလိုကိစ္စတွေ ရှိထားတာကို ဒီနေ့လုပ်တဲ့ကိစ္စတွေ အကုန်လုံးက ဘာတွေလဲ။”
“အလျင်လိုလို့။”
“ဘာတွေများ အဲ့ဒီလောက် အလျင်လိုနေတာလဲ…ကလေးကြောင့် အဲ့ဒီအခန်းကို သုံးရမယ်ဆိုတာကရော လိမ်နေတာပဲလား။”
“အင်း။”
ယွန်းဟျောင်းက အနောက်က အလိုက်ခံနေရသလို ဆက်တိုက်မေးခဲ့ပြီး ကျွန်မက တည်ငြိမ်စွာပဲ ဖြေခဲ့တာကြောင့် ကျွန်မတို့ပုံစံက အချင်းချင်း စကားပြောနေကြတာနဲ့ မတူခဲ့ပါဘူး။
အဲ့ဒီအချိန်အတွင်းမှာ မှာထားတဲ့ဘိုဆမ်က ရောက်လာခဲ့တယ်။ ဘယ်သူမှတော့ တူကို မကိုင်ခဲ့ကြပါဘူး။
“တကယ်ပဲ ဒီနေ့က ဘာဖြစ်လို့လဲ။”
“ဒီနေ့ ဆက်ဆက်လုပ်မှဖြစ်မှာမို့လို့။”
“…ဟုတ်ပါပြီ၊ နင်က အဲ့ဒီလိုဆိုတော့လည်း အဲ့ဒီလိုဆိုပေမဲ့၊ နင်….မတော်တဆဖြစ်တာလား။ ဘာလဲ။ ဘာဖြစ်တာလဲ…ဘယ်လိုကနေ အဲ့ဒီလိုဖြစ်သွားတာလဲ။ အရင်လကပဲ ကလေးက ကျန်းမာတယ်ဆို။”
“အင်း။ ကျန်းမာတယ်။”
“အဲ့ဒါနဲ့…”
“….အဲ့ဒီလိုဆိုပေမဲ့လည်း အဲ့ဒီလိုပဲဖြစ်သွားတယ်။ ရုတ်တရက်ကြီး။”
“…”
“ငါ့ဘေးမှာရှိရမှာကို မကြိုက်ဘူးထင်ပါရဲ့။ အားလုံးက။”
“ဟီဂျူရာ။”
“အမေကလည်း အဲ့ဒီလိုပဲ၊ အဖေကလည်း အဲ့ဒီလိုပဲ…”
“…”
“ဟီရှင်းကလည်း အဲ့ဒီလိုပဲ။”
အဲ့ဒီကလေးရဲ့နာမည်ကို ပြောတိုင်းမှာ အမြဲတမ်း လျှာက ကျောက်တုံးလို မာသွားတာကို ခံစားရပါတယ်။ ငယ်ငယ်လေးနဲ့ သေသွားရှာတဲ့ မောင်လေးကို တွေးမိတာတောင် စိတ်မကောင်းမဖြစ်တဲ့အစ်မတဲ့လေ။ ယွန်းဟျောင်း သတိထားမိသွားမှာကို မလိုချင်တာကြောင့် ကျွန်မ မျက်လွှာချထားလိုက်တယ်။
အဲ့ဒီကလေး သေသွားချိန်မှာ ခြောက်နှစ်ပဲရှိပါသေးတယ်။ ကျွန်မက ဆယ့်သုံးနှစ်ပေါ့။
ကလေးတစ်ယောက် သေသွားလိုက်တာ တစ်မိသားစုလုံး သေသွားသလိုပါပဲ။ အဲ့ဒီနေ့မှာ ကျွန်မတို့မိသားစုက တစ်ခါတည်း သေသွားသလိုပဲလေ။ ပျော်ရွှင်မှုလည်း သေဆုံးသွားပြီး အမှတ်တရတွေလည်း သေဆုံးသွားခဲ့တယ်။ ရှေ့လျှောက်ကို ထပ်ပြီးပျော်ရွှင်နိုင်လိမ့်မယ်မထင်ပါဘူး။ နောက်ထပ် အမှတ်တရတွေ ရှိလာမဲ့ပုံမပေါ်ပါဘူး။ အမေက ထပ်ပြီးတော့ ပြုံးတော့မဲ့ပုံမပေါ်တာမို့လို့။ အဖေက ထပ်ပြီးတော့ ကျွန်မကို ချစ်မဲ့ပုံမပေါ်တာမို့လို့။
အချိန်တရွေ့ရွေ့ကုန်လာပြီး ကျွန်မတို့လည်း ဟိုလိုဒီလိုနဲ့ ဆက်နေနိုင်ခဲ့ပြီးတော့ တစ်ချက်တစ်ချက်ကျရင်လည်း ထပ်ပြီးရယ်မောနိုင်ခဲ့ကြပေမဲ့ တစ်ခါတလေကျရင် ကျွန်မမိဘတွေက အခွံသက်သက်ထက်မပိုသလိုပါပဲ။ အတွင်းအနှစ်က မောင်လေး သေသွားတဲ့နေ့မှာပဲ ရပ်တန့်သွားပြီး ပစ္စုပ္ပန်ကို ပါမလာသလိုမျိုးလေ။
ကျွန်မက အဲ့ဒါကို ရာရာစစ နာကြည်းမိတာမျိုး ရှိခဲ့ဖူးလား။ မသိတော့ပါဘူး။ အဲ့ဒီအချိန်တုန်းက လောကကြီးဟာ ကျွန်မကို ဗဟိုပြုလည်ပတ်ခဲ့ပြီး ကျွန်မက မတရားစွပ်စွဲမှုကို ခံစားခဲ့ရတယ်။
အဲ့ဒီနောက် တစ်နေ့မှာ မောင်လေးမသေခင် အဲ့ဒီကလေးကို မုန်းခဲ့မိတဲ့အတွက် အပြစ်ရှိစိတ်ကို ခံစားခဲ့ရပြီး အဆုံးမရှိ အဲ့ဒီကလေးကို တစ်ခါပြန်ရှာဖို့ သွားခဲ့တဲ့အိပ်မက်ကို မက်ခဲ့တယ်။
အဲ့ဒါကြောင့် အဲ့ဒီကလေး မသေတော့တဲ့ အိပ်မက်ပေါ့။
ကျွန်မ ငယ်ငယ်တုန်းက ကိုယ့်အပြစ်ရှိစိတ်ကိုယ် ပူပန်နေရတာနဲ့တင် မအားရတာကြောင့် မောင်လေးရဲ့သေဆုံးမှုကို မပူဆွေးနိုင်ခဲ့ဘဲ အဘွားမုန်းတီးစက်ဆုပ်တဲ့ ကိုယ့်အခြေအနေကိုယ် အဆိုးမြင်ခဲ့မိတယ်။ တစ်လောကလုံးက ကံဆိုးမိုးမှောင်ကျမှုတွေအကုန်လုံး ကျွန်မအပေါ် စုပြုံကျရောက်နေသလိုပါပဲ။ ဟီရှင်းက သေသွားခဲ့ပေမဲ့ ကျွန်မက အခုထိ အသက်ရှင်နေဆဲရှိနေတာကို။ ကျွန်မအတွက်လည်း လူကြီးမိဘကို လိုအပ်တာကို…သူတို့ရဲ့ ကျောပြင်ကို ကြည့်မိတိုင်းမှာ အထီးကျန်ရပါတယ်။
အဲ့ဒါကြောင့် ကျွန်မက မိဘတွေရဲ့စိတ်ကို ဘာတစ်ခုမှ မသိခဲ့ပါဘူး။ အတူတူ တစ်နေရာတည်း ရှိနေကြတာတောင် တစ်ယောက်အကြောင်းတစ်ယောက် မသိနိုင်တာလည်း ရှိခဲ့ပါတယ်။
အခု နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဟီရှင်း ဆုံးသွားတုန်းက ကျွန်မအမေ ခံစားခဲ့ရလောက်မှာဖြစ်တဲ့ မွန်းကျပ်မှုကို ကျွန်မ နည်းနည်းနားလည်လာခဲ့တယ်။ အရင်ကတော့ အကုန်လုံးက ခန့်မှန်းချက်တွေဖြစ်ခဲ့ပေမဲ့ အခုတော့ သိပါပြီ။
ကလေးသာ ဘေးကင်းကင်းနဲ့ မွေးဖွားလာခဲ့မယ်ဆိုရင် အဲ့ဒီကလေးကို ကျွန်မရင်ခွင်ထဲ ထွေးပွေ့ချီပိုးမယ်၊ တစ်နေ့မှာ ‘မေမေ’ ဆိုပြီး ပြောလာမယ်၊ လမ်းလျှောက်တတ်လာမယ်၊ မူကြိုကျောင်း အဝင်ဝမှာ ကျွန်မကို လက်ကလေးဝှေ့ယမ်းပြမယ်…အဲ့ဒီလို နေ့ရက်တွေကို ဖြတ်သန်းလာပြီးမှ အဲ့ဒီကလေးက သေသွားခဲ့မယ်ဆိုရင် ကျွန်မ နောက်တစ်နေ့မှာ ဒီလိုမျိုး ရယ်ရယ်မောမောနဲ့ စားသောက်ဆိုင်မှာ ထိုင်နိုင်ပါ့မလား။ ‘အရင်ကလိုမျိုး ပြန်နေမယ်’ ဆိုတဲ့ အတွေးမျိုး ရာရာစစ တွေးဝံ့ပါ့မလား။
အခု အဲ့ဒီလိုလုပ်နိုင်တယ်ဆိုတော့ ကျွန်မအမေရဲ့ ခံစားချက်ကို အကုန်မသိသေးဘူးပေါ့။
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ အဒေါ်ကြီးက နင့်ကို ဘယ်လောက်တောင် အများကြီး တွေးပေးလိုက်သလဲ။”
“သိတယ်။”
ကျွန်မအတွက် အများကြီးထည့်တွေးပေးခဲ့တဲ့ အဲ့ဒီစိတ်ရော။ အမေ အဲ့ဒီနေ့ နောက်ပိုင်းမှာလည်း ကျွန်မအတွက် သည်းခံပြီး အသက်ဆက်ခဲ့တဲ့ အဲ့ဒီစိတ်ရော…ကျွန်မအတွက်တော့ အားလုံးက တွေးကြည့်လို့မရတဲ့အရာတွေပါပဲ။ ကျွန်မ ကူကယ်ရာမဲ့စွာ ဗိုက်ထဲက လစ်ဟာမှုကို မျိုချလိုက်တယ်။
“နင့်မှာ နင့်အဒေါ်လည်းရှိတယ်။”
“ဟုတ်ပါရဲ့။”
“ဘန်ယူဂျောင်းလည်းရှိတယ်၊ ငါလည်းရှိတယ်။”
“အင်း။”
“နင့်ရဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်း ယူဂျင်းလည်းရှိတယ်။”
“တော်ပြီ။ ဒီလောက်ပဲရွတ်တော့။”
“အဲ့ဒီခန္ဓာကိုယ်နဲ့ အရက်ကိုတော်ပြီး နင်ကြိုက်တဲ့ အသားဖြစ်ဖြစ် စားကြတာပေါ့။”
“နင် အခုတလော အလုပ်များနေတာကို ငါ့ကြောင့် တစ်နေ့တော့ ကုန်သွားပြီ။ အားနာပါတယ်။”
“နင့်ဆီမှာ ချောဆွဲခံရတာ တစ်ခါနှစ်ခါလည်း မဟုတ်တာကို…”
“ဟုတ်ပါရဲ့။ ချောဆွဲခံရတာပဲ။ ဂင်ယွန်းဟျောင်း။”
အဲ့ဒီတော့မှပဲ ယွန်းဟျောင်းလည်း ခနဲ့တဲ့တဲ့ ရယ်တော့တယ်။
“ဘာပဲပြောပြော နင်က တစ်ခါတလေမှလုပ်တာ။ အင်ဟို၊ အဲ့ဒီကောင် အခုထိ လိုင်စင်မရသေးတာ သိတယ်မဟုတ်လား။ အဲ့ဒီကောင်က ငါ့ကို သူ့လက်ထောက်မှတ်ထားတာပါဆို။ အဲ့ဒီကောင်နဲ့ယှဉ်လိုက်ရင် နင်က ဘာများဟုတ်သေးလို့လဲ။”
“စောင့်ရှောက်ပေးမလား။”
“စောင့်ရှောက်ပေးတာကိုကျော်ပြီးတော့ ခေါ်ပြီးခိုင်းစားလည်း ကောင်းတာပဲ။ အခု မျက်နှာတွေ့စရာကိစ္စလည်း သိပ်မရှိတော့ဘူးဆိုတော့ ဒီလိုမျိုးဖြစ်ဖြစ် တွေ့ရရင်ပြောပါတယ်။”
“ဟင့်အင်း။ အခု တွေ့စရာကိစ္စ အများကြီးရှိလာတော့မှာ။”
ကျွန်မက နောက်သလိုလိုပြောလိုက်တော့ ယွန်းဟျောင်းက မျက်ခုံးကိုကျုံ့လိုက်တယ်။
“နင့်ယောက်ျားက ငါ့ကို သိပ်သဘောမကျဘူးလေ။”
အဲ့ဒီနောက် ထင်မှတ်မထားတဲ့အဖြေက ထွက်လာခဲ့တယ်။
သူလည်း ခံစားမိတဲ့ပုံပါပဲ။ ကျွန်မတောင်မှ နားမလည်နိုင်တဲ့ကိစ္စလေ။ ဂင်ယွန်းဟျောင်းက ပုံမှန်အားဖြင့် မိန်းမတွေ သဘောကျတဲ့မျက်နှာမျိုးရှိပေမဲ့ ယောက်ျားဆယ်ယောက်မှာလည်း ကိုးယောက်က သူ့ကို သဘောကျတဲ့အမြင်နဲ့ ကြည့်ကြတာပါ။
လူတိုင်းနဲ့ သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အကျင့်စရိုက်ရှိတာကြောင့် ခင်မင်ရင်းနှီးတဲ့ မိန်းကလေး ကျောင်းနေဘက်တွေ အများကြီးရှိပြီး သူတို့ရဲ့ ချစ်သူရည်းစားတွေနဲ့ပါ အစ်ကိုကြီး၊ ညီလေးခေါ်ပြီးတော့ အကုန်အတူတူ အရက်သောက်ကြ၊ စုဝေးကြ၊ ပြောကြဆိုကြတာလေ။ လုပ်တဲ့အရာကိုပဲ ကြည့်မယ်ဆိုရင် သူဆွဲတဲ့ပန်းချီနဲ့ နံရံစည်းခြားထားပေမဲ့ အဲ့ဒီလိုကနေ တစ်ခါလောက် အိမ်တွင်းအောင်းနေလိုက်ပြီဆိုရင် ဈေးကြီးတဲ့လက်ရာတွေကို အများကြီး ဖန်တီးတတ်ပါတယ်။
အကျိုးသင့်အကြောင်းသင့်မရှိတဲ့လူဆိုပြီး သဘောမကျတဲ့လူလည်း အနည်းငယ်တွေ့ဖူးပေမဲ့ အဲ့ဒါက အကျည်းတန်လောက်တဲ့အတိုင်းအတာအထိ ဝူဂျင်ဟာ စိတ်ပျက်လောက်စရာ တစ်ခုပဲဖြစ်ဖြစ် ရှိနေတာလား။
“မဟုတ်တာ။ အဲ့ဒီလူက နင့်ကို ကောင်းကောင်းတွေးပေးပါတယ်။”
“ဘာလုပ်ဖို့ လိမ်ပြောနေရပြန်တာလဲ။ အကုန်သိသာနေလို့ ပျော်တဲ့သူ တစ်ယောက်မှမရှိတာကို။”
“ဟုတ်ပါရဲ့။”
ကျွန်မ ရယ်လိုက်ပြီး အသာလေးငြိမ်နေလိုက်တော့ ဂင်ယွန်းဟျောင်းက အကြောင်းမဲ့ ကျွန်မရဲ့အရိပ်အခြည်ကို ကြည့်နေတာ ခံစားလိုက်ရတယ်။ အရှေ့မှာရှိတဲ့ ပန်းကန်ပေါ်ကို အသားတစ်ဖတ် တင်ပေးခဲ့တယ်။ ဒီလို ကြင်နာနွေးထွေးတဲ့ လုပ်ရပ်မျိုးကို ရှက်လို့မလုပ်တတ်တဲ့ သူက စောစောကတည်းက အများကြီး အာရုံစိုက်နေတာပါလားလို့ တွေးလိုက်မိတယ်။
“ဟေ့…အရက်သောက်မလား။ မဟုတ်သေးပါဘူး။ သောက်လို့ဘယ်ဖြစ်မလဲ။ မဖြစ်ဘူးလား။ မဖြစ်ဘူးပေါ့နော်။ ဘယ်တုန်းက အဲ့ဒီ…”
ပြောမထွက်ပေမဲ့ ကိုယ်ဝန်ပျက်ကျတဲ့အကြောင်း ပြောချင်နေမှန်း သိသာပါတယ်။
“မနေ့က။”
“…ဘာလဲ။”
“မနေ့ကဖြစ်သွားတာ။”
“….”
“မနေ့က ကိုယ်ဝန်ပျက်ကျသွားတာ။”
“…နင် ရူးနေလား။ အဲ့ဒါကို နင်က…အာ၊ အာ။ တကယ်ပါပဲ ရှင်းဟီဂျူရာ။ ရူးတော့မယ်…ဒီနေ့ ချက်ချင်းကြီး ပြေးထွက်လာပြီး အထုပ်အပိုးတွေ သယ်တယ်ပေါ့လေ။”
“အကုန် နင်ပဲသယ်ခဲ့တာလေ။”
“…တကယ်ပဲ ဆဲတောင်မဆဲနိုင်တော့ဘူး။ ဘာလုပ်မလို့လဲ။ နင်၊ နင့်ယောက်ျားကရော။”
“ကွာရှင်းမပေးဘူးတဲ့။”
“ငါ ိုး ဒါကရော ထပ်ပြီးတော့ ဘာစကားလဲ။”
“ငါက ကွာရှင်းရအောင်လို့ ပြောလိုက်တာ။”
“…”
“မကွာရှင်းချင်ဘူးတဲ့။ ခွေးမသားက။”
ဂင်ယွန်းဟျောင်းက ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေသလိုပါပဲ။ သူက အေးသွားပြီဖြစ်တဲ့ အသားတစ်ဖတ်၊ နှစ်ဖတ်ကို ရာဘာတုံးကြီး ဝါးနေရသလိုမျိုး ဝါးပြီးမျိုချခဲ့တယ်။ အဲ့ဒီနောက် ဘာမှမပြောဘဲ ကျွန်မကိုကြည့်နေရာက နောက်ထပ် အသားတစ်ဖတ်၊ နှစ်ဖတ် ပါးစပ်ထဲထည့်၊ ဝါးပြီးတော့ မျိုချခဲ့ပြန်တယ်…အဲ့ဒီနောက် နောက်ဆုံးမှာ သူက ကျွန်မကို တည့်တည့်ကြည့်ပြီး မေးခဲ့တယ်။
“သေသေချာချာလေး အစကနေ ပြောပြစမ်းပါ။”
“ဒီအတိုင်း ဒီထက်ပိုပြီး မလုပ်နိုင်တော့လို့။”
“ရှင်းဟီဂျူ။”
“ငါ တကယ်ပဲ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ ယွန်းဟျောင်း…”
“…နင် လက်ထပ်တုန်းက အဲ့ဒီကောင်ကို သဘောကျတယ်မဟုတ်ဘူးလား။”
တစ်ခုခုတော့ဖြစ်နေပြီလို့ ခန့်မှန်းမိထားတဲ့အလား ဝူဂျင်ဟာကို ရည်ညွှန်းတဲ့အခေါ်အဝေါ်က ရုတ်တရက် ‘အဲ့ဒီကောင်’ ဆိုတဲ့အဆင့်ကို ကျဆင်းသွားတော့တယ်။ အရင်တုန်းကသာဆို ရိုက်နှက်ရမယ်ဆိုရင်တောင် ရာရာစစ အဲ့ဒီလိုမခေါ်အောင် လုပ်မိမှာဆိုပေမဲ့ အခုတော့ ဆဲဆဲ မဆဲဆဲ ဘာအရေးလဲဆိုပြီး ဖြစ်သွားခဲ့တယ်။
“ဟင့်အင်း။ ချစ်တာ။”
“အာ အဲ့ဒါကြောင့်ပြောတာလေ။ ဒါကို ကြည့်စမ်းပါဦး။ လုံးဝ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီမဟုတ်လား။”
“အဲ့ဒါကြောင့် အရမ်းအကျည်းတန်တယ်…ဘဝက အရမ်းအကျည်းတန်တယ်။”
“ဒီအတိုင်း ချီးလိုပဲလို့ ပြောစမ်းပါ။”
“ယွန်းဟျောင်း၊ ငါ ဘယ်လိုလုပ်မလဲ။”
“ဘယ်လိုလုပ်ရမှာလဲ။ နင်က ကွာရှင်းချင်တယ်လို့ ပြောနေတာကို အဲ့ဒီကောင်က မကွာချင်ဘူးဆိုတော့ တရားရုံးတက်ရမှာပေါ့။ အသိရှေ့နေအစ်ကိုနဲ့ မိတ်ဆက်ပေးရမလား။”
“ဘာပဲဖြစ်ဖြစ် နင့်အသိအစ်ကိုဆိုတော့ ဘယ်လိုများ နိုင်မှာလဲ…”
“ဒီလိုအချိန်မှာတောင် အထင်လာသေးနေတာပဲ…”
“ကားမကြည့်ဘဲ ပရိဘောဂတွေ အရင်ဝယ်ခဲ့ရမှာ။”
“ပရိဘောဂကို ထပ်ပြီးတော့ ဘာဖြစ်လို့လဲ။”
“ငါ အရင်အိမ်မှာ ပြန်နေမလို့။ အလုပ်ရှာလို့ရတဲ့အထိ ခဏပေါ့။”
“…နင်က အဲ့ဒီမှာ ဘယ်လိုနေမှာလဲ။”
ယွန်းဟျောင်းရဲ့စကားမှာ ဆူးတွေပါနေခဲ့တယ်။ ကျွန်မအတွက် ထောက်ထားစဉ်းစားပေးတဲ့ဆူး။
ဂင်ဖိုကအိမ်မှာ ကျွန်မဘဝရဲ့ အကောင်းဆုံးဖြစ်ခဲ့တဲ့ အချိန်တွေရဲ့ အမှတ်တရတွေရှိခဲ့သလို၊ အဆိုးဆုံးဖြစ်ခဲ့တဲ့အချိန်တွေရဲ့ အဆုံးသတ်လည်း ရှိပါတယ်။
အဲ့ဒီအိမ်ကနေ ထွက်လာပြီးကတည်းက ကျွန်မ ဒီအတိုင်း လေလွင့်နေခဲ့တာပါ။ အင်မတန်ကို အေးအေးချမ်းချမ်းလေးပေါ့။ တခြားလူတစ်ယောက် ဖြစ်သွားသလိုမျိုး…ဝူဂျင်ဟာနဲ့ မတွေ့သေးခင်အထိ။
“…ဘာပဲဖြစ်ဖြစ် အိမ်ပြန်စမ်းပါ။ ဘာကိစ္စနဲ့ ရန်ဖြစ်ကြတာလဲတော့ မသိပေမဲ့။”
“ရန်ဖြစ်တာမဟုတ်ဘူး။”
“အဲ့ဒီကောင်က ဘာပြောလဲ။”
“မကွာရှင်းချင်ဘူးတဲ့…”
“ဟင့်အင်း၊ အဲ့ဒါမဟုတ်ဘူး၊ အဲ့ဒီမတိုင်ခင်။ ဘာအမှားလုပ်ခဲ့တာလဲ။”
“အမှားလုပ်ခဲ့တာမျိုးမရှိဘူး။ အဲ့ဒီလူက။”
“တအားချစ်လွန်းလို့ မိုက်မဲနေတာကိုး။ ဘာဖြစ်ခဲ့တာလဲ၊ အဲ့ဒါဆို။”
မျက်လုံးတွေ ပူနေပေမဲ့ မျက်ရည်က မထွက်ခဲ့ပါဘူး။ မငိုနိုင်တဲ့အတွက် မနေ့ကကိစ္စကို ပြောပြလို့ရခဲ့ပါတယ်။ ကျွန်မက ငါးခွန်းတောင်မပြည့်တဲ့ စကားတိုတိုလေးနဲ့ မနေ့မနက်က ဖြစ်ခဲ့တဲ့ကိစ္စကို ရှင်းပြလိုက်တယ်။
****
Translated by D