Chapter 2
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၂ (အပိုင်း ၂)
“မဟုတ်တာ။ ဒီအတိုင်း ထားလိုက်ပါ။ ကိုယ့်ဘာသာ စားလိုက်မယ်။”
“ဘယ်တော့လဲ။”
“ဒီအတိုင်း…နောက်မှပဲ။ အခုမဟုတ်သေးဘူး။”
“အဲ့ဒီတော့ နောက်မှဆိုတာက ဘယ်တော့လဲ။”
“ဆေးသွင်းထားတာမို့လို့ ဘာမှမဖြစ်ပါဘူး။”
ဝူဂျင်ဟာက စိတ်တိုင်းမကျသလို မျက်နှာထားမျိုးလုပ်ပြီး အဲ့ဒီနောက် ဈေးဝယ်အိတ် ကိုင်ထားတဲ့အတိုင်း ဘာမှမပြောဘဲ ကျောခိုင်းသွားခဲ့တယ်။ ကြီးမားကျယ်ပြန့်တဲ့ ကျောပြင်က ခေါင်းမာစွာ လျှောက်ထွက်သွားခဲ့တယ်။
ကျွန်မက အခုထိ ရှုပ်ပွနေဆဲ နေရာတွေကြောင့် စိတ်တိုလာခဲ့တယ်။ အမှန်တော့ အခု မြင်သမျှ အရာအားလုံးကို စိတ်တိုနေတာပါ။ စောစောလေးကအထိ အသိစိတ်လွတ်နေတဲ့သူလို အင်မတန် တည်ငြိမ်နေခဲ့တယ်လို့ ပြောရမှာက အလိမ်အညာတစ်ခုလိုပါပဲ။ ဆက်တိုက် စိတ်ကပြင်းပြလာပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့လုပ်ချင်နေမှန်း မသိခဲ့ပါဘူး။ ရှင်းလင်းသိမ်းဆည်းတာကို မြန်မြန်လုပ်ပြီးတော့ ဒီအိမ်ကို ပြန်သန့်ရှင်းသွားအောင် လုပ်ချင်ပေမဲ့ အရာအားလုံးကိုလည်း ဖျက်ဆီးပစ်ချင်မိနေပြန်ပါတယ်။
ကျွန်မ ဒီအိမ်ကနေ မြန်မြန်ထွက်သွားလိုက်တာကပဲ အဖြေဖြစ်မှာပါ။
မိဘတွေနဲ့ အတူတူနေခဲ့တဲ့ ဂင်ဖိုက အရင်အိမ်မှာ ဟိုတလောကပဲ အိမ်ငှားလင်မယား ထွက်သွားတာကြောင့် အလွတ်ကြီးဖြစ်နေပါတယ်။ စတူဒီယိုတိုက်ခန်းလေးကနေ ယူလာတဲ့ အထုပ်အပိုးတွေကို ဒီအိမ်ရဲ့ မသုံးတဲ့အခန်းထဲမှာ ဒီအတိုင်း ထည့်ထားတာဖြစ်ပြီး အဲ့ဒီအခန်းကိုပဲ ရှင်းလိုက်ရုံနဲ့ အိမ်ပြောင်းလို့ရပါပြီ။
မနက်ဖြန် နေ့လယ်ဘက်ပဲဖြစ်ဖြစ် အဲ့ဒီအထုပ်အပိုးတွေကို ရွှေ့လိုက်မယ်ဆိုရင် ဝူဂျင်ဟာနဲ့ မျက်နှာချင်းဆိုင်စရာအကြောင်းလည်း ထွေထွေထူးထူးရှိတော့မှာမဟုတ်ပါဘူး။
အတွေးတို့ကို စုစည်းနေစဉ်မှာ ဝူဂျင်ဟာက ဆန်ပြုတ် ပူပူနွေးနွေးကို လင်ပန်းနဲ့ထည့်ပြီး ယူလာခဲ့တယ်။ ကျွန်မက ခဏကြာအောင် ကိုယ့်အရှေ့မှာရှိနေတဲ့ စားစရာကို အသာလေး ကြည့်ရုံကြည့်နေမိခဲ့တယ်။ ဝူဂျင်ဟာက ထပ်ပြီးတော့ အလျှော့မပေးတော့မဲ့အလား ကျွန်မဘေးမှာ ရပ်နေခဲ့ပြီး ရယ်လည်းရယ်ရတဲ့ စိတ်ပိုင်းဆိုင်ရာစစ်ပွဲ အတန်ကြာအောင် ဆက်လက်ဖြစ်ပွားခဲ့တယ်။
ကျွန်မက ဇွန်းကို မကိုင်ချင့်ကိုင်ချင် ကိုင်လိုက်တယ်။ ကျွန်မ အစားစပြီးစားလိုက်တာကို မြင်တော့မှပဲ ဝူဂျင်ဟာက လည်စည်းကိုလျှော့ပြီး ရေချိုးခန်းဆီ လျှောက်သွားတော့တယ်။
အံ့ဩစရာကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကိစ္စ ထွေထွေထူးထူး မရှိရင်တောင်မှ သူက တစ်ခါတလေ ကြင်နာတတ်ပါတယ်။ ဒါက တစ်ခါတလေကျရင် ကျွန်မကို အထင်မှားမိအောင် လုပ်လေ့ရှိတဲ့လုပ်ရပ်ပါပဲ။ အကြိမ်ကြိမ် အရူးဖြစ်ခဲ့ရပေါင်းလည်း မနည်းတော့ဘူးလေ။ အခုမှလာပြီး ဒီလိုလုပ်ရပ်မျိုးအတွက် ပီတိဖြစ်ဖို့ဆိုတာက…တစ်နည်းအားဖြင့် လှောင်ရယ်ပစ်ချင်စိတ်လည်း ဖြစ်မိခဲ့ရတယ်။ ကျွန်မ ဆန်ပြုတ်ကို အတင်းကြိတ်မှိတ်မျိုချဖို့ လုပ်လိုက်ပြီး နောက်ဆုံးမှာ အန်ချင်လာတာကြောင့် ဇွန်းကို ချထားလိုက်တယ်။
တစ်ခါထပ်ပြီးတော့ ကြောင်တောင်တောင်နဲ့ မနက်ဖြန်အကြောင်း တွေးလိုက်မိပြန်တယ်။ ချက်ချင်းကြီး လူအငှားခေါ်ဖို့က ခက်ခဲမှာဆိုတော့…ယွန်းဟျောင်းကိုပဲ ဆက်သွယ်လိုက်ရင် ဖြစ်လောက်မလား။ ဒီလိုအခြေအနေမျိုးနဲ့ အပြစ်ပြောတာပဲခံရမလား၊ သနားတာပဲခံရမလား မသိနိုင်တာကြောင့် မရေမရာ ဖြစ်ခဲ့ရတယ်။
“…”
ကျွန်မတောင် မသိလိုက်ခင်မှာပဲ ဝူဂျင်ဟာ ရေချိုးခန်းက ထွက်လာပြီး မီးဖိုဆီ လာနေတာကို တွေ့လိုက်ရတာကြောင့် မျက်လုံးချင်းမဆုံအောင်ရှောင်ပြီး ပန်းကန်လုံးကို သယ်လိုက်တယ်။
“ထားခဲ့လိုက်။”
သူက ပန်းကန်လုံးဆီကနေ ကျွန်မလက်ကို ညင်သာစွာဖယ်ပြီး တစ်ဝက်တောင်မကုန်တာကို တွေ့တော့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါပေမဲ့ သူက ဘာမှမပြောဘဲ လင်ပန်းကို ကောက်ကိုင်ပြီး ဘေစင်ဆီ ပြန်သွားခဲ့တယ်။ လုပ်စရာအလုပ်ပျောက်သွားတဲ့ ကျွန်မက အခုထိလည်း အနည်းငယ် ရှုပ်ပွနေဆဲဖြစ်တဲ့ အိမ်အတွင်းပိုင်းကို ကြည့်လိုက်တယ်။
မနက်ဖြန်အကြောင်းတွေးလိုက်တော့ ဒီအိမ်ကို ရှင်းချင်လာခဲ့တယ်။ ငှားနေတဲ့အိမ်ကို မပြောင်းခင်မှာ ရှင်းလင်းချင်သလိုမျိုးပေါ့။ ကျွန်မအတွက် အချိန်သိပ်မရှိပါဘူး။
“ကျေးဇူးပြုပြီး ဒီလောက်ပဲ လုပ်စမ်းပါ။”
ဒီတစ်ခါတော့ သူ့အသံက သိသိသာသာကို စိတ်တိုနေတဲ့အသံပါ။ အဲ့ဒီဘက်ကို ဦးတည်ပြီးလျှောက်သွားတဲ့ ကျွန်မရဲ့ခြေလှမ်းတွေကို တွေ့တယ်ဆိုရင်ပဲ သူ ကျွန်မအနောက်ကနေ သုတ်သီးသုတ်ပျာ ခြေလှမ်းတွေနဲ့ လိုက်လာတာကို ကြားလိုက်ရတယ်။
“သိပ်မကျန်တော့ပါဘူး။”
“ရှင်းဟီဂျူ။”
“ရှင်းလင်းပါရစေ။”
“မှန်ပဲဖြစ်ဖြစ် ယူပြပေးရမှာလား။ မင်း အခု ဘယ်လိုပုံစံပေါက်နေလဲဆိုတာကို။”
“မြင်ရတာထက်ကို အဆင်ပြေပါတယ်။”
“ဟာကွာ၊ ငါ အဆင်မပြေဘူးလို့။ ငါလုပ်လိုက်မယ်လို့ ပြောနေတယ်လေ။”
သူက ကျွန်မကို ပခုံးကနေ ဆုပ်ကိုင်လိုက်တာကြောင့် စကားများနေကြတာက သိပ်မကြာလိုက်ပါဘူး။ အိပ်ခန်းထဲ အတင်းဆွဲခေါ်သွားတာ ခံလိုက်ရချိန်မှာ ကျွန်မရဲ့ အမြင်အာရုံက ချာချာလည်လာခဲ့တယ်။ ဆန်ပြုတ်စားပြီးတဲ့နောက်မှာ ပျို့တက်လာတာကြောင့် သူ့ကို ရှိသမျှအားအကုန်သုံးပြီး တွန်းဖယ်လိုက်တယ်။
သန့်စင်ခန်းထဲ ပြေးသွားပြီး စားထားသမျှ အကုန်အန်ထုတ်ပစ်ဖို့ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ တစ်ယောက်ယောက်က ကျွန်မရဲ့ခန္ဓာကိုယ်ကို ဇောက်ထိုးမိုးမျှော်လှန်လိုက်သလိုမျိုး သွေးတွေက ဦးခေါင်းထဲ ဆောင့်တက်လာခဲ့တယ်။ ဖိအားဒဏ်ခံနေရတာနဲ့အမျှ မျက်ရည်တွေဝိုင်းတက်လာခဲ့တယ်။
ကျွန်မက အိမ်သာခွက်အရှေ့မှာထိုင်ပြီး ခေါင်းထဲမှာ တဒိတ်ဒိတ်ခုန်နေတာ နည်းနည်းလောက်ပဲဖြစ်ဖြစ် နှေးသွားအောင်စောင့်နေခဲ့တယ်။ ကျွန်မရဲ့ဝမ်းဗိုက်က ဆက်တိုက်ကို မအီမသာ ဖြစ်နေခဲ့တယ်။ အန်ထုတ်စရာ ဘာမှထပ်မရှိတော့ပေမဲ့ ပျို့အန်ချင်စိတ်က ဆက်ဖြစ်နေဆဲပါ။
ခဏကြာပြီးမှပဲ နောက်ဆုံးတော့ ပြီးသွားပြီလို့ ဆုံးဖြတ်ပြီး ချွေးစေးတွေ အနည်းငယ်စိုနေတဲ့ ဆံပင်ကို သုတ်လိုက်တယ်။ ဗိုက်ကြီးနာ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ အချိန်နဲ့ယှဉ်လိုက်ရင် အဲ့ဒီလောက် အဆိုးကြီးမဟုတ်ပေမဲ့ ကျွန်မမှာ အခု အားနည်းနည်းလေးပဲ ရှိပါတော့တယ်။ ထိုင်နေတဲ့နေရာကနေ ထရပ်ပြီး ဘေစင်ဆီ လျှောက်သွားရုံလေးအတွက်တောင် မနည်းစိတ်တင်းနေရတာပါ။
ဘေစင်ကိုမှီရပ်ပြီးတော့ မနည်းမျက်နှာပြန်သစ်၊ သွားတိုက်ပြီး…အဲ့ဒီအတိုင်း ရေဖွင့်ထားလျက်နဲ့ပဲ ကျွန်မ တစ်ခါထပ်ပြီး ဝမ်းလျားမှောက်မှီထားလိုက်တယ်။ ရေချိုးခန်းတံခါးကို တဘုန်းဘုန်းထုနေတဲ့ အသံအကျယ်ကြီးကြောင့်သာမဟုတ်ရင် တစ်ညလုံး အဲ့ဒီအတိုင်းပဲ နေသွားမိလောက်ပါတယ်။
ကျွန်မ တံခါးဆီ မြန်မြန်လျှောက်သွားပြီးတော့ ဖွင့်လိုက်တယ်။ ဝူဂျင်ဟာက ရပ်နေခဲ့တယ်။ အမှန်အတိုင်းပြောရရင် မှန်ယူပြလိုက်ချင်တာက ကျွန်မပါ။ သူမျက်နှာက လုံးဝရွဲနေတာလေ။
“ဆေးရုံသွားရအောင်၊ ဟီဂျူ။”
“ဆေးရုံကနေ ခုနကပဲ ပြန်လာတာလေ။”
“မင်း ဆေးရုံတက်မှဖြစ်မယ်။”
“အဲ့ဒါက အကြံပြုချက်လေ၊ မဖြစ်မနေ လိုအပ်ချက်မှမဟုတ်တာ။”
“အိမ်မှာ ဘယ်လိုမှဖြစ်မှာမဟုတ်ဘူး။”
“ဆရာဝန်က ကျွန်မကို အိမ်မှာ ရက်ပိုင်းလောက် အနားယူလိုက်ရင် ရပြီလို့ ပြောလိုက်တာမို့လို့…”
“အနားယူပါတယ်ဆိုတဲ့မိန်းမက အိမ်သန့်ရှင်းရေး လုပ်တယ်ပေါ့လေ။”
“အဲ့ဒါက အိမ်သန့်ရှင်းရေးမဟုတ်ဘူး၊ ဒီအတိုင်း ကိုယ်ဖွထားတာ ကိုယ်ပြန်ရှင်းတာ။ အဲ့ဒီလောက်လေးကတော့…”
“အနားယူတယ်ဆိုတာ ဘာလဲရောသိရဲ့လား။ အိပ်ရာထဲမှာ ငြိမ်ငြိမ်လေးနေဖို့ ပြောတာကွ။”
“အိမ်ပြန်ရောက်လာကတည်းက တစ်ချိန်လုံး အဲ့ဒီလိုပဲ နေခဲ့တာပါ။”
“ပြောစမ်းပါဦး ဘယ်လောက်ကြာအောင်လဲ။ နေ့တစ်ဝက်လား။”
“ဟုတ်ပါတယ်။ လုံလုံလောက်လောက် အနားယူပြီးပါပြီ။ အဲ့ဒါကြောင့် အခုမှလာပြီး စိတ်ပူချင်ယောင်ဆောင်နေစရာ မလိုပါဘူး။ တကယ် ဘာမှမဖြစ်တာမို့လို့။”
ကိုယ်ဝန်ပျက်ကျထားတဲ့ ဇနီးသည်ကိုတောင် ထားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ပဲ အလုပ်ထဲတန်းသွားခဲ့တဲ့လူပါ။ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေ အကုန်လုပ်ပြီး ညမိုးချုပ်မှ အိမ်ပြန်လာတဲ့ယောက်ျားက စိတ်ပူတယ်ဆိုပြီး လုပ်နိုင်တယ်ဆိုတော့ အံ့ဩစရာကြီးပါလား။
ကွာရှင်းရအောင်ဆိုတဲ့စကားကို ဘယ်လောက်အတိုင်းအတာအထိ အာရုံထဲထည့်ထားလောက်မလဲ။
ကျွန်မက သူ့ရဲ့စေတနာကို လျစ်လျူရှုတာကို နည်းနည်းလေးတောင် စိတ်ထဲထားတဲ့ပုံမပေါ်ပါဘူး။
ဝူဂျင်ဟာက ဘာစကားမှမပြောဘဲရှိနေပြီး ကျွန်မက သူ့ဘေးကနေ ဖြတ်လျှောက်သွားလိုက်တယ်။ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့တယ်။ ရုတ်တရက် အဖျားတက်လာသလိုပါပဲ။ မနက်ဖြန် အထုပ်အပိုးတွေ မပြောင်းရွှေ့နိုင်မှာကို စိုးရိမ်လာမိခဲ့တယ်။ မနက်ဖြန် ဆေးရုံသွားပြီးတော့ အားဆေးလေးပဲဖြစ်ဖြစ် သွင်းလိုက်မယ်ဆိုရင်…
“ပါမောက္ခဟန်ကို ခေါ်ထားတယ်။”
မလိုဘူးလို့ အလိုလိုပြောဖို့ပြင်ပြီးမှ မနက်ဖြန်အကြောင်း တွေးမိသွားတဲ့အခါ ခေါင်းညိတ်လိုက်တယ်။ တရိပ်ရိပ် ခေါင်းထိုးနေတာကြောင့် အိပ်ရာပေါ်မှာ ဖြည်းဖြည်းဖြည်းချင်း ထိုင်လိုက်တယ်။
တစ်ဖန် တိတ်ဆိတ်သွားခဲ့ပြန်တယ်။ သူက ခုတင်ခြေရင်းကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ကျွန်မကလည်း သူ အနီးလေးမှာရှိနေလို့ လှဲမအိပ်နိုင်ဖြစ်နေခဲ့တယ်။ အနေအထားက စိတ်ကသိကအောက်ဖြစ်ရအောင် မျှခြေမညီလှပါဘူး။ ကျွန်မရဲ့ သည်းခံနိုင်စွမ်းဟာလည်း မြန်မြန်ကုန်လာတော့တယ်။
“…သိပ်ကြာမှာမဟုတ်ပါဘူး။”
“ဘာ။”
“ကွာရှင်းစာချုပ် လက်မှတ်ထိုးတာက တော်တော်လေး ရိုးရှင်းတဲ့လုပ်ငန်းစဉ်ပဲလို့ပြောတယ်။ ကလေးမရှိရင် ပိုတောင်ရှင်းသေးတယ်တဲ့လေ။”
“…”
“စာရွက်စာတမ်းတွေလည်း ဘာမှထွေထွေထူးထူး ပြင်ဆင်စရာမရှိဘူးဆိုတော့…လောလောဆယ် မနက်ဖြန်ကျရင် ရှေ့နေဂင်နဲ့ စကားပြောလိုက်မယ်။ ဂျင်ဟာက အလုပ်များနေမှာဆိုတော့။ စိတ်ရှုပ်ရအောင်မလုပ်ပါဘူး။”
“…”
“ခွဲနေတာကိုတော့ မနက်ဖြန်ဖြစ်ဖြစ်တောင် ချက်ချင်း တန်းလုပ်လို့ရ….”
“ရှင်းဟီဂျူ။”
“ဟုတ်ကဲ့။”
“ငါ မင်းကို အဖြေပြန်မပေးခဲ့ဘူးလေ။”
“…”
“အခုထိ ဘာမှမပြောရသေးဘူး။”
“တိတ်တိတ်နေတာက လက်ခံတာပဲမဟုတ်ဘူးလား။”
သူကတော့ မှတ်မိမှာတောင်မဟုတ်တဲ့ စကားပေါ့။ စကားပြောပြီးပြီးချင်း လစ်ဟာသွားသလို ခံစားလိုက်ရတဲ့ ကျွန်မက ခေါင်းကိုတစ်ဖက်လှည့်လိုက်တယ်။
“စကားကို သတိထားပြီးပြောစမ်းပါ။ ဒီထက်ပိုပြီး ထက်မြက်တဲ့သူမဟုတ်ဘူးလား။”
“အခု သတိထားနေတာပါ။”
“အခိုက်အတန့်တစ်ခုစာ ခံစားချက်အတိုင်းလိုက်ပြီး နောက်မှနောင်တရမဲ့ကိစ္စတွေ မလုပ်နဲ့။”
“နောင်တလည်းမရပါဘူး။”
“…”
“ဂျင်ဟာနဲ့ တွေ့ပြီးကတည်းကစလို့ ကျွန်မတစ်ယောက်တည်း နောင်တတွေ အမျိုးစုံအောင် ရခဲ့ပြီးပါပြီ။ ဒါကိုတော့ နောင်တမရတော့ပါဘူး။”
“အခု မင်းရနိုင်တာ ဘာမှမရှိဘူး။”
ကျွန်မ သူ့ကို မယုံနိုင်သလို ကြည့်လိုက်တယ်။ အဲ့ဒီစကားတွေမှာ ကလေးဆန်ဆန်ခနဲ့မှုနဲ့ မသိမသာ လှောင်ပြောင်ရယ်စားမှုရဲ့ အရိပ်အယောင်ကို ခံစားမိနေရတာကြောင့်ပါပဲ။
သူက ပိုလို့တောင် မယုံနိုင်စရာကောင်းစွာ ဒေါသတွေပါထွက်နေတဲ့ပုံပါ။ နောင်တရတယ်ဆိုတဲ့ စကားလေးတစ်ခွန်းအတွက်နဲ့လေ။ ကျွန်မက စူးစူးရဲရဲတောက်ပနေတဲ့ မျက်လုံးတွေထဲကို တည့်တည့်စိုက်ကြည့်ပြီး မာရေကျောရေနဲ့ ပြန်ပြောလိုက်တယ်။
“သိပါတယ်။ ကျွန်မမျက်စိနဲ့ ကိုယ်တိုင်ဖတ်ပြီး လက်နဲ့ ကိုယ်တိုင်လက်မှတ်ထိုးခဲ့တာမို့လို့။”
ကျွန်မတို့တွေ လက်မထပ်ခင်မှာ သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ရတယ်လေ။ အဲ့ဒီစာချုပ်ပေါ်မှာရှိတဲ့ ကျွန်မရဲ့အခြေအနေက…သေချာပေါက်ဆိုပေမဲ့ ကလေးလွယ်ထားချိန်နဲ့ ကလေးမရှိချိန်အပေါ်မူတည်ပြီး လုံးဝကွဲပြားပါတယ်။ အစကတည်းက ကလေးတစ်ယောက်နဲ့ ဝူဂျင်ဟာကို အပိုင်ချည်တုပ်ပြီး လက်ထပ်ခဲ့တဲ့မိန်းမပေါ့။
“ကလေးက မမွေးခင် သေသွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး လက်မထပ်ခင်ကတည်းက ရှေ့နေဂင်ဆီကနေ အသေးစိတ်ရှင်းပြချက်ကို သိထားပြီးသားပါ။”
“…”
“ကိုယ်ဝန်ပျက်ကျတာကနေ အသေမွေးတာအထိ။ အဲ့ဒီလိုဖြစ်ခဲ့ရင် ဒီအိမ်ထောင်ရေးမှာ ကျွန်မဘက်က ကြိုးပမ်းဆောင်ရွက်မှု ဘာမှမရှိလို့ ဘာမှမရနိုင်ဘူးဆိုပြီးတော့။”
“…”
“အဲ့ဒါအမှန်ပါပဲ။ ကျွန်မလည်း သဘောတူပါတယ်။”
“…ရှေ့နေဂင်က မင်းကို အဲ့ဒီလိုစကားမျိုး ပြောခဲ့တယ်ပေါ့လေ။”
“လက်မထပ်ခင် သဘောတူစာချုပ် လက်မှတ်ထိုးကြတဲ့ လင်မယားတွေ အများကြီးပဲဆိုပြီး ဥပမာတွေနဲ့ အသေးစိတ်ကျကျ ပြောပြခဲ့တာပါ။”
“မင်းက အဲ့ဒါကို ဒီအတိုင်း အသာလေးထိုင်နားထောင်ပြီး သဘောတူခဲ့တယ်ပေါ့လေ။”
ဝူဂျင်ဟာက အင်မတန်တည်တင်းတဲ့မျက်နှာထားကြီးလုပ်ပြီး အံ့ပါရဲ့ဆိုတဲ့သဘောမျိုးနဲ့ ရယ်ခဲ့တယ်။ ကျွန်မက သူ့ကို နားမလည်တာကြောင့် ခပ်လှမ်းလှမ်းကနေ သူ့ကိုကြည့်ပြီး မေးလိုက်တယ်။
“ဒါဆို ကျွန်မက ရှင်နဲ့ ဘယ်လို လက်ထပ်ခဲ့တယ်လို့များ ထင်ထားတာလဲ။”
“မင်း စိတ်လွတ်သွားပြီလား။”
“ဂျင်ဟာ အခု ကျွန်မကို ပြောနေတဲ့စကားက ဘာများကွာလို့လဲ။”
သူက ခဏလောက် အရှိုက်ထိသွားတဲ့အလား ကျွန်မကို ကြည့်နေခဲ့တယ်။ ကျွန်မက ခါးခါးသီးသီးရယ်လိုက်တယ်။
“ရစရာတစ်ခုတောင် မရှိတာမို့လို့ ကိုယ့်နေရာကိုယ်သိပြီး အသာလေးပြန်ထိုင်နေဖို့ ပြောနေတာလား။ ဂျင်ဟာက ဧကန္တ ကျွန်မကို နည်းနည်းလောက်များ ထပ်ပြီးလိုအပ်သေးလို့လား။ အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူးထင်တယ်။”
“…”
“အိပ်ရာထဲကထွက်ပြီး ဘယ်မိန်းမနဲ့မဆို တွေ့လိုက်ရင် ရပြီလေ။ ကျွန်မတို့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ လုပ်ခဲ့ကြတာလလည်း အဲ့ဒီကိစ္စအပြင် မရှိတာကို။ အမှန်တော့ ရှင်က လက်ထပ်ထားတဲ့အတောအတွင်းမှာလည်း အဲ့ဒီလိုလုပ်လို့ရတယ်။ ကျွန်မက ဝူဂျင်ဟာ တခြားမိန်းမတွေနဲ့ ဘယ်လောက်ပဲတွေ့တွေ့ ရပါတယ်လို့ လက်မှတ်ထိုးခဲ့တာပါ။”
“စကားကို အဲ့ဒီလိုမပြောနဲ့။”
“ဒါမှမဟုတ် ကျွန်မဘက်က အရင်စပြောလိုက်လို့ အောင့်သက်သက်ဖြစ်သွားတာလား။ ဂျင်ဟာသာဆိုရင် အရှုပ်ဖြစ်ရတာ သက်သာအောင် လုပ်ပေးလို့ ကျေးဇူးတင်လောက်မယ်ထင်ထားတာ။”
“ရှင်းဟီဂျူ။”
“ဒီအတိုင်း ထိုင်နားထောင်ပြီး သဘောတူခဲ့ရသလားပေါ့လေ။ ဟုတ်ကဲ့၊ အဲ့ဒီလိုပဲလုပ်ခဲ့ပါတယ်။ ကျိန်းသေပေါက် ပျော်လွန်းလို့ ထပျံမတတ် ဖြစ်ခဲ့တာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ။ ကလေးမွေးပြီးရင် ကလေး ၂လမပြည့်ခင်မှာ ဖခင်အရင်းဟုတ်မဟုတ် စစ်ဆေးရမယ်ဆိုတဲ့အချက်ကို သဘောတူလက်ခံရတာ ဝမ်းသာတဲ့ မိခင်လောင်းရယ်လို့တော့ မရှိဘူးပေါ့။”
“…”
“ဂျင်ဟာက ဘာဖြစ်လို့ ဒါတွေအကုန်လုံးကို အခုမှကြားဖူးသလို မျက်နှာမျိုး လုပ်နေတာလဲ။”
“ပထမဆုံး ကြားဖူးတာပဲ။”
“လက်မထပ်ခင် သဘောတူစာချုပ်ကို မဖတ်ကြည့်ခဲ့ဘူးလား။”
“ဝတ်ကျေတမ်းကျေသဘောနဲ့ လုပ်တဲ့ကိစ္စမို့လို့။”
****
Translated by D