Chapter 3
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၃ (အပိုင်း ၁)
အဲ့ဒီနေ့က ကျွန်မ စိတ်ဆင်းရဲပေမဲ့လည်း သူနဲ့နေခဲ့တဲ့အိမ်ကို ပြန်လာပြီး မနေ့ကလိုပဲ လှဲအိပ်လိုက်တယ်။ မျက်လုံးအပြူးသားနဲ့ အမှောင်ထုကို အကြာကြီးစိုက်ကြည့်နေခဲ့ရာက ဘေးမှာ အသက်မှန်မှန်ရှူရင်း အိပ်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။
ဟော်မုန်းကြောင့် ခံစားချက်တွေ အတက်အကျ မတည်မငြိမ်ဖြစ်နေတုန်းက အဲ့ဒီလို အိပ်နေတဲ့မျက်နှာကိုပဲ ကြည့်မိရုံနဲ့ မျက်ရည်က ဝဲလာတတ်ပါတယ်။ အရာအားလုံးက ခံနိုင်ရည်ထက် ကျော်နေပြီး အရမ်းလွန်လွန်းပေမဲ့ ကောင်းခဲ့တယ်။ ဘယ်လောက်ပဲတွေတွေး အစစ်အမှန်လို့ မခံစားရဘဲ အဲ့ဒီလိုကနေ အစစ်အမှန်လို ခံစားလာရတာကြောင့် ထပ်ပြီး ငိုချင်လာခဲ့ပြန်တယ်။
သူက ကျွန်မကို မချစ်ဘူးဆိုတဲ့ အေးစက်စက်အပိုင်းကို လျစ်လျူရှုထားပြီး ကျွန်မဗိုက်ထဲမှာ ‘ကျွန်မတို့’ ရဲ့ ကလေးလေးရှိနေတယ်ဆိုတာရယ်၊ သူက ကျွန်မဘေးမှာ အိပ်နေတယ်ဆိုတာရယ်၊ သူက ကျွန်မရဲ့ခင်ပွန်းဖြစ်တယ်ဆိုတာရယ်ကိုပဲ မှော်ဆန်ဆန်အိပ်မက်တစ်ခုလိုမျိုး တွေးခဲ့ပေမဲ့ တစ်ညမှာ ကမ်းပါးစွန်းကနေ ပြုတ်ကျတော့မလို ခံစားခဲ့ရတယ်။ အချိန်မရွေး အရာအားလုံးကို ဆုံးရှုံးရတော့မလိုပါပဲ။ အသိစိတ်လွတ်သွားတဲ့မိန်းမ နောက်တစ်ယောက် မရှိနိုင်တော့ပါဘူး။
တကယ်ကို အဲ့ဒီအတိုင်းပါပဲ။ အခု ကျွန်မ ချောက်ကမ်းပါးကြီးရဲ့အစွန်းမှာ လဲလျောင်းနေပါတယ်။
သူ ကျွန်မဘေးမှာ လှဲအိပ်နေဆဲဆိုပေမဲ့ အဲ့ဒီနေ့က ကျွန်မတွေ့ခဲ့ရတဲ့ သူကတော့ ထပ်ပြီးရှိမနေတော့ပါဘူး။ သူရှိနေရင်တောင်မှ သူ့ကို ကြည့်ခဲ့တဲ့ ကျွန်မရဲ့ အမိုက်အမဲ ခံစားချက်ကတော့ မရှိတော့ပါဘူး။ အဲ့ဒီလိုဆိုပေမဲ့လည်း အခုထိ ချစ်နေတုန်းပဲဆိုတာက အော်ဂလီဆန်ချင်စရာပါပဲ။ အတင်းအကြပ် ဆွဲခေါ်ခံခဲ့ရတဲ့ ကားထဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဒေါသကို မျိုသိပ်ထားတဲ့အထိ ချစ်နေတယ်ဆိုတာကြီးက ဆိုးလွန်းလှပါတယ်။
ကျွန်မ အရုဏ်တက်တဲ့အထိ စောင့်နေလိုက်တယ်။ အစောကြီးရှိသေးပေမဲ့ စောစောအရုဏ်တက်တယ်ဆိုတော့ မနက်ခင်းပဲပေါ့။ ဒီနေ့လည်း ထူးထူးဆန်းဆန်းပဲ စိတ်တွေတည်ငြိမ်နေခဲ့တယ်။
ကျွန်မ မြန်မြန်လေး ကိုယ်လက်သန့်စင်ပြီးတော့ ကော်ဖီဖျော်ဖို့ မီးဖိုထဲလျှောက်သွားလိုက်တယ်။ ဘယ်လောက်မှမကြာဘူးဆိုပေမဲ့ စောင့်နေဖို့ အားမရှိတာကြောင့် စားပွဲမှာ ထိုင်လိုက်တယ်။ ဖုန်းကို မနည်းကောက်ကိုင်ပြီး ယွန်းဟျောင်းဆီကို တောင်းပန်ပါတယ်လို့ မက်ဆေ့ဂ်ျပို့လိုက်တယ်။ အဲ့ဒါက နောက်ဆုံး ခန္ဓာကိုယ်မှာ ကျန်နေသမျှအား အကုန်ပါပဲ။
ဂင်ဖိုမှာတုန်းက ဆေးပဲသုံးထားသလိုမျိုး အဓိပ္ပာယ်မရှိလောက်အောင် ဖျတ်လတ်တက်ကြွနေခဲ့တာက တကယ်တော့ ထူးဆန်းလှပါတယ်။
စိတ်က ကိုယ်ကို ခြယ်လှယ်တဲ့သဘောနဲ့ နီးစပ်တယ်လေ။ ကြည့်ရတာ အကြံပြုချက်အတိုင်း ရက်ပိုင်းလောက် ဆေးရုံတက်မှဖြစ်မယ်ဆိုတဲ့အတွေးက နောက်ကျမှ ဝင်လာခဲ့တယ်။ အဲကွန်းပိတ်ထားတာတောင် ချမ်းစိမ့်စိမ့်ဖြစ်နေတာလေ။ ညတုန်းက တစ်ချက်တစ်ချက်ခံစားခဲ့ရတဲ့ ဗိုက်အောင့်မှုက အခု ဝမ်းဗိုက်အောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ဖြစ်နေပါပြီ။
နာကျင်မှုက မြန်မြန်ပဲ ခါးအထိ ထိုးဖောက်လာတော့တယ်။ မူးရိပ်ရိပ်ဖြစ်လာခဲ့တယ်။ ကျွန်မလည်း လက်မောင်းမှာ နဖူးကိုအပ်ပြီး အံကြိတ်ထားလိုက်တယ်။ ခြေထောက်တွေက အပေါစား အရုပ်လိုမျိုး ကိုးရိုးကားရားနဲ့ တောင့်တောင့်ကြီးဖြစ်နေတာပါ။ နည်းနည်းလေး အကြောသေသွားတာနဲ့လည်း တူပါတယ်။
မနေ့ညကတည်းက သွေးစသွေးန မတွေ့ရတာပဲ တော်ပါသေးရဲ့။ ဒီထက်ပိုပြီး နာလာရင် ဒီအတိုင်း ဒီမှာပဲ ထိုင်နေလိုက်မှာမို့လို့ပါ။
ဆေးရုံက ကြားခဲ့ရတဲ့အတိုင်းဆို ခွဲစိတ်မှုက အင်မတန်ကို အဆင်ပြေပြေပြီးသွားပြီး ကျွန်မရဲ့ သားအိမ်ကလည်း သောက်ရမ်းပြီးပြည့်စုံတဲ့ အခြေအနေမှာ ရှိနေတာပါတဲ့။ လူနာက တခြား မီးဖွားထားတဲ့ မိခင်တွေထက် ပိုပြီးတော့ မြန်မြန်လေး လင်မယားစပ်ယှက်မှုလုပ်လို့လည်း အဆင်ပြေတယ်ဆိုပြီးတော့၊ နည်းနည်းလေးပိုပြီးတော့ မြန်မြန်လေး ကိုယ်ဝန်ဆောင်လို့လည်း ဘေးကင်းတယ်ဆိုပြီးတော့။ အဲ့ဒါကြောင့် ဘုရားမသလို ကံကောင်းတာပေါ့ဆိုတဲ့ သဘောမျိုး ပြောခဲ့တာလေ။
ကျေးဇူးတင်လွန်းလို့ မျက်ရည်ပါကျပေးရတော့မလိုပါပဲ။ ကျွန်မက ဘာအစာမှမရှိဘဲ ပေးထားတဲ့ဆေးကိုသောက်လိုက်ပြီး ဆေးအရှိန် ပြန်တက်လာမှာကို စောင့်နေလိုက်တယ်။ အကိုက်အခဲပျောက်ဆေးတွေက တအားပြင်းတာကြောင့် ပါမောက္ခက တော်တော်လေး အခက်တွေ့ရတဲ့ အခြေအနေဖြစ်မှသာ တစ်ခါတစ်ရံသောက်ဖို့ ပေးခဲ့တယ်။
လက်ချောင်းအချင်းချင်းထိဖို့က ထုံကျဉ်နေဆဲဖြစ်တာကြောင့် စုထားရာက စားပွဲအောက်ကို အားမရှိဘဲ ပြုတ်ကျသွားခဲ့တယ်။ လက်မောင်းက ကျွန်မဟာမဟုတ်ဘဲ လေးလေးလံလံ တွယ်ကပ်နေသလိုမျိုး ခံစားခဲ့ရတယ်။ ကျိန်းသေပေါက် လေးလံတဲ့အရာအကြောင်းပြောရင် ရင်သားတွေလောက် လေးတဲ့အရာ မရှိတော့ပါဘူး။
အခု ကျွန်မရဲ့ရင်သားတွေက အပြင်မှာပဲ အသားရှိပြီး ကျောက်တုံးတွေ အပြည့်ထည့်ထားတဲ့ အိတ်နှစ်အိတ် ချိတ်ထားရသလိုပါပဲ။ အဲ့ဒီအိတ်ထဲမှာ ကျောက်တုံးနှစ်တုံးက အချင်းချင်း ဆက်တိုက်ကို တိုက်မိနေတဲ့အတွက် ရင်ဘတ်က နာကျင်နေပါတယ်။ တစ်နေ့က ကလေးမွေးခဲ့တယ်လို့ အထင်မှားနေတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က အခု နည်းနည်းချင်းစီ နို့ရည်ထုတ်ပေးဖို့ စတင်နေပါပြီ။
ကလေးက သေသွားပြီး မရှိတော့ဘူးဆိုပေမဲ့ နို့ရည်ကထွက်လာခဲ့တယ်။ တွေးလိုက်တော့လည်း ရယ်မိပါရဲ့။ တစ်စက်နှစ်စက်လောက်ထွက်လာတဲ့ မျက်ရည်တွေကိုသုတ်လိုက်ပြီး ကျွန်မ ပြန်ပြီးတော့ အသာလေး လက်ကိုချထားလိုက်တယ်။
ကော်ဖီတွေက အကုန်ထွက်တောင်ထွက်လာပါပြီ။ အဲ့ဒါကို စောင့်နေတဲ့ကျွန်မက ခွက်တောင် ယူမလာခဲ့ပါဘူး။ အဲ့ဒါကို တွေးမိဖို့ ရာရာစစ မတတ်နိုင်တာနဲ့ ပိုနီးစပ်ပါတယ်။ ကျွန်မက သင်းပျံ့ပျံ့ ကော်ဖီနံ့ကို ရှူရှိုက်ရင်း အသာလေး အိမ်ထဲကို လိုက်ကြည့်မိတယ်။
အလင်းပိတ်လိုက်ကာရဲ့ အဟလေးကြားကနေ အလင်းရောင်လေး နည်းနည်းဝင်နေရုံသာရှိတဲ့ အိပ်ခန်းလိုမဟုတ်ဘဲ အခန်းအပြင်ဘက်မှာတော့ အခု ရှင်းလင်းတဲ့ အလင်းရောင်နဲ့ အရာအားလုံးရဲ့ ပုံပန်းသဏ္ဌာန်ကို တွေ့မြင်နေရပါပြီ။ သဘာဝကျကျပဲဆိုပေမဲ့ အားလုံးက အဲ့ဒီတုန်းကအတိုင်းပါပဲ။
ကျွန်မက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသလိုပဲလေ။ ဒီနေ့ရဲ့ ကျွန်မက မနေ့က ကျွန်မကို၊ မနေ့က ကျွန်မက ဒီနေ့ရဲ့ကျွန်မကို။
ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် ဟိုလူ ကျွန်မကို ရယ်စရာလိုသဘောနဲ့ တွေးတာကိုတော့ ဘယ်မီနိုင်ပါ့မလဲ။
ကျွန်မ အိမ်အတွင်းပိုင်းကို လျှောက်ကြည့်နေတဲ့ မျက်လုံးတွေအတိုင်း အိပ်ခန်းထဲကထွက်လာတဲ့ ဝူဂျင်ဟာကို တွေ့လိုက်ရတယ်။
သူက ဘာမှမပြောဘဲ ကျွန်မဘေးကနေ ဖြတ်သွားခဲ့တယ်။ အဲ့ဒီနောက် ကော်ဖီယူလာပြီး အကြောင်သားထိုင်နေတဲ့ ကျွန်မအရှေ့မှာ ချပေးရင်း ကျွန်မနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ခဲ့တယ်။
အခုထိလည်း ထွေထွေထူးထူး စကားမပြောသေးပါဘူး။ ဖရိုဖရဲဖြစ်နေတဲ့ဆံပင်။ အခုတင် အိပ်ရာကထလာတဲ့ သက်သောင့်သက်သာ အဝတ်အစား။ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ မြင်တွေ့ရတဲ့ လျော့ရိလျော့ရဲ သူ့ရဲ့ပုံစံပါပဲ။ မျက်လုံးတွေကသာ အဲ့ဒီလို စူးစူးရဲရဲရှိနေခဲ့တယ်။ အခုလေးတင် အိပ်ရာထလာတဲ့သူနဲ့ မတူပါဘူး။
“မသောက်ဘူးလား။”
“ကျွန်မကြောင့် နိုးသွားတာလား။”
“ဟင့်အင်း။”
“နည်းနည်းလောက် ထပ်အိပ်လိုက်ရောပေါ့။ Gym သွားဖို့ အခုထိ အချိန်လိုသေးတာကို။”
ဘာတွေတွေးနေတာလဲလို့ သိအောင်လုပ်ဖို့ကြိုးစားနေသလိုမျိုး သူ့မျက်လုံးတွေက မှေးစင်းသွားခဲ့တယ်။ အတွင်းစိတ်ကို မသိနိုင်တာက သူဖြစ်နေတာကိုလေ။
ကျွန်မက မျက်လွှာချပြီး ကော်ဖီစသောက်လိုက်တယ်။
“ခန္ဓာကိုယ်ရော။”
“အဆင်ပြေပါတယ်။”
“အိပ်ရေးရော။”
“ကောင်းကောင်းအိပ်ခဲ့ပါတယ်။”
“စိတ်ရော။”
“ကောင်းပါတယ်။”
“ပါးစပ်ဖွင့်လိုက်တိုင်း အလိမ်အညာတွေချည်းပါပဲလား…”
သူက မျက်နှာထားတည်တည်နဲ့ ရေရွတ်ခဲ့တယ်။ ကျွန်မ ဒီထက်ပိုပြီး သူနဲ့ မျက်နှာချင်းဆိုင် မထိုင်ချင်တော့တာကြောင့် ကော်ဖီခွက်ယူပြီးတော့ ဘေစင်ဆီသွားပြီး ဘာမှမပြောဘဲ သွန်လိုက်တယ်။ အနောက်ပြန်လှည့်လိုက်တော့ ဝူဂျင်ဟာက စားပွဲပေါ်မှာရှိတဲ့ အကိုက်အခဲပျောက်ဆေးအခွံကို ကြည့်နေတာ တွေ့လိုက်ရတယ်။
ဆေးနဲ့ပတ်သက်ပြီး စကားတွေ မရှည်ချင်တာရယ်၊ ကျွန်မအပေါ် ဂရုစိုက်ချင်ယောင်ဆောင်နေတဲ့မျက်နှာကို မတွေ့ချင်တာရယ်ကြောင့် တခြားတစ်နေရာကို သွားလိုက်တာက မှန်ကန်သင့်တော်မယ်လို့ တွေးလိုက်တယ်။ ကျွန်မက တောင့်တင်းနေတဲ့ခြေထောက်တွေကို လှုပ်ရှားပြီး ဧည့်ခန်းဘေးမှာရှိတဲ့ ဥယျာဉ်ဆီကို လျှောက်သွားလိုက်တယ်။
စောစောလေးကတင် လက်လေးတစ်ဖက်တောင် မလှုပ်နိုင်တော့သလို ခံစားခဲ့ရပေမဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က တော်တော်လေး ကြံ့ကြံ့ခံနေတာကြောင့် ဆေးကပဲ မြန်မြန်အစွမ်းပြလာတာလား၊ ဒါမှမဟုတ် နည်းနည်းလေး ဒေါသထွက်နေလို့ပဲလားဆိုတာကို မပြောတတ်တော့ပါဘူး။ ဥယျာဉ်ထဲဝင်လိုက်ပြီး တံခါးကို ဆောင့်ပိတ်ခဲ့ဖို့ပြင်လိုက်ပေမဲ့ ကျွန်မနောက်ကလိုက်လာတဲ့ ဝူဂျင်ဟာက တံခါးကို ပြန်တွန်းဖွင့်ပြီး လိုက်ဝင်လာခဲ့တယ်။
“…ကျွန်မ ပြန်ဝင်သွားရမလား။”
“ဟင့်အင်း။”
ဘာပဲဖြစ်ဖြစ် အဖြေက အရေးမကြီးပါဘူး။ ကျွန်မက သူ့အဖြေကို လျစ်လျူရှုပြီး ဧည့်ခန်းထဲ ပြန်ဝင်လာခဲ့တယ်။ သူကလည်း အနောက်ကနေ လိုက်လာခဲ့တယ်။ စိတ်အထင်မဟုတ်ဘဲ သူ ကျွန်မနောက်ကို လိုက်နေတယ်ဆိုတာ ကျိန်းသေပါတယ်။
“မိုးလင်းကတည်းက ဘာလို့ ကျွန်မနောက်ကိုပဲ လိုက်နေရတာလဲ။”
ဝူဂျင်ဟာက အဲ့ဒီစကားဟာ သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်း မသိသလိုမျိုး တွေးလိုက်ပြီးမှ ‘အာ’ ဆိုပြီး သဘောပေါက်သွားခဲ့တယ်။ ထူးဆန်းပေမဲ့ သဘောပေါက်ပြီးတာနဲ့ အဲ့ဒီအတိုင်း ပြီးသွားတာပါပဲ။
“…ခဏနေရင် လေ့ကျင့်ခန်းလုပ်ဖို့ သွားရမဲ့အချိန် မဟုတ်ဘူးလား။”
“ဟုတ်တယ်။”
ကျွန်မက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး ချက်ချင်းပဲ တီဗွီဖွင့်လိုက်တယ်။ ကျွန်မထိုင်နေတဲ့နေရာနဲ့ နည်းနည်းလေး အလှမ်းဝေးတဲ့နေရာမှာ သူ ထိုင်လိုက်တာကို ခံစားမိလိုက်ရတယ်။ သူပြောခဲ့တဲ့အဖြေနဲ့ ဘာမှကိုမဆိုင်တာပါ။
“လေ့ကျင့်ခန်းသွားမလုပ်ဘူးလား။”
“အင်း။”
“ဘာလို့ ဒီလိုဖြစ်နေတာလဲ။”
“မင်း ထပ်ပြီး ထွက်သွားဦးမယ် ထင်နေလို့။”
“…”
“အဲ့ဒါကြောင့် ဒီလိုဖြစ်နေတာမို့လို့ ခဏလေးသည်းခံထား။”
အဲ့ဒီလိုသာ စကားကိုပြောခဲ့ပေမဲ့ ပြဿနာထွေထွေထူးထူးမရှိသလိုပါပဲ။ သူ့အသံက တည်ငြိမ်သလိုလိုတောင် ထင်ရပါသေးတယ်။ အဲ့ဒီလို ဘာသိဘာသာမျက်နှာထားမျိုးနဲ့ အမေပျောက်သွားမှာကို စိုးရိမ်တဲ့ကလေးလိုမျိုး ပြုမူနေတာက မရယ်ရပါဘူး။
ကျွန်မက သူ့ကို လျစ်လျူရှုထားပြီး တီဗွီချန်နယ်ကို ဆက်တိုက်ပြောင်းနေခဲ့ပေမဲ့ မျက်စိကျမိတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ဝူဂျင်ဟာလည်း ကျွန်မမျက်နှာကိုပဲ ကြည့်နေပုံထောက်ရင် သိပ်ပြီးတော့ ထွေထွေထူးထူးမဟုတ်တဲ့ပုံပါပဲ။ စိတ်တောင်မဝင်စားတဲ့ documentary ဖွင့်ထားရင်း အတန်ကြာအောင် အကြောင်သား ထိုင်နေခဲ့တဲ့ ကျွန်မလည်း ထရပ်လိုက်တယ်။
“စားသောက်ဖို့ ပြင်ဆင်လိုက်ပါ့မယ်။ အခု အလုပ်သွားဖို့ ပြင်ဆင်ပါတော့၊ အေးအေးဆေးဆေး။”
ဝူဂျင်ဟာနဲ့ အတူတူရှိနေတာက တစ်နည်းတစ်ဖုံ ထိခိုက်နိုင်ပါတယ်။ အတွေးက ပြောင်းလဲသွားတာမျိုးမရှိပေမဲ့ ဆက်တိုက် အချိန်က ရပ်သွားသလိုပါပဲ။
သူ့အနားကနေ မြန်မြန်ရှောင်ထွက်သွားချင်ပါတယ်။ ထင်သာမြင်သာ ဖော်ပြထားတဲ့ ကျွန်မရဲ့ သဘောထားကို အခုထိ စိတ်မဝင်စားလို့လားမသိ၊ သူက အနောက်ကနေ လိုက်လာခဲ့တယ်။
“မလုပ်နဲ့။ အဲ့ဒီလိုဟာတွေကို။”
“မလုပ်တော့ ဘယ်သူက လုပ်မှာလဲ။”
“ငါလုပ်မယ်။”
ကျွန်မ ရယ်ချလိုက်တယ်။ မီးဖိုထဲအထိ ခဏတွင်းချင်း ကျွန်မနောက်လိုက်လာခဲ့တဲ့ သူက အရှေ့ကနေ ပိတ်ခဲ့တယ်။
“သွားပြီး ရေချိုးသန့်စင်ပါတော့။”
“အဲ့ဒီလောက်တောင် ငါ့ကို မြန်မြန်ပထုတ်ချင်နေတာလား။”
“အမှန်အတိုင်းပြောရရင် ဟုတ်ပါတယ်။”
“လိမ်ပြောနေပြီးသားဆိုတော့ အဲ့ဒီအပိုင်းကလည်း လိမ်ပြောတဲ့စကားဖြစ်ရင် ကောင်းမှာပဲ။”
“ရှင့်မျက်နှာကို မမြင်ချင်ပါဘူး။”
“အဲ့ဒါအကုန်ပဲလား။ လတ်တလော ငါ့မျက်နှာပဲ မမြင်ရဘူးဆိုရင် ဖြစ်မလား။”
“ဟင့်အင်း။”
မျက်နှာကို အရင်ကတည်းကလည်း စိတ်ကြိုက်မမြင်မတွေ့ရဘဲ နေခဲ့ရတာပါ။ ဘယ်လောက်ပဲ တွေ့ချင်မိပါစေပေါ့။
ပြီးတော့ ဘယ်လောက်ပဲတွေ့ရပါစေ မလုံလောက်ခဲ့ပါဘူး။ ကျွန်မ တွေ့မြင်ချင်မိတာထက်ကို ပိုပြီးတော့လေ။
“တောက်လျှောက် မမြင်ချင်ပါဘူး။”
“အဲ့ဒါတော့ နားထောင်မပေးနိုင်ဘူး။”
ကြံ့ခိုင်တဲ့ကျောပြင်ကို မြင်လိုက်ရတယ်။ ကျွန်မက အဲ့ဒီခေါင်းမာမှု ဘယ်လောက်အထိခံမလဲလို့ ကလေးလေးကိုကြည့်သလိုကြည့်ရင်း တွေးလိုက်တယ်။ သူက အခုထပ်ပြီးတော့ အရင်ကလိုမျိုး ပြီးပြည့်စုံတဲ့ ရင့်ကျက်ပြီးသား ယောက်ျားတစ်ယောက်နဲ့မတူတော့ပါဘူး။
****
Translated by D