Chapter 3
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၃ (အပိုင်း ၄)
ထူးဆန်းတဲ့ တစ်နေ့တာပါ။ ဝူဂျင်ဟာက တကယ်ပဲ သူပြောခဲ့တဲ့အတိုင်း တစ်နေကုန် ကျွန်မဘေးမှာပဲ ရှိနေခဲ့ပြီး ကျွန်မကတော့ တစ်နေကုန် သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ နေခဲ့တယ်။ ပြီးတော့ နောက်တစ်နေ့မှာရော၊ အဲ့ဒီနောက်တစ်နေ့ရဲ့ နောက်တစ်နေ့မှာရော အတူတူချည်းပါပဲ။
သူက အဲ့ဒီနေ့ကတည်းကစပြီး အလုပ်မသွားတာ တစ်ပတ်ရှိသွားခဲ့ပါပြီ…တစ်ပတ်တောင် ကျော်သွားလောက်ပြီလား။ ကျွန်မရဲ့ အချိန်ကုန်နှုန်းကို သိရှိနိုင်စွမ်း မှေးမှိန်လာတာကို ခံစားမိနေရတယ်။
တစ်ခါတလေကျရင် နှစ်ပတ်သုံးပတ်လောက် ကုန်ဆုံးပြီးသွားသလိုပါပဲ။ ဝူဂျင်ဟာက တစ်နှစ်လုံးနေမှ တစ်ပတ်ပြည့်အောင်တောင် ခွင့်မယူဖူးတာကြောင့် အံ့ဩစရာလည်းမဟုတ်ပါဘူး။ နောက်ဆုံးတော့ အလုပ်ကို အစွဲအလမ်းကြီးလွန်းတဲ့သူ မဟုတ်လား။
ဝူဂျင်ဟာဆိုတာ မိဘတွေသေရင်တောင် အလုပ်သွားလောက်မဲ့ လူစားမျိုးလေ။ နာရီတစ်လုံးလိုပဲ မနက် ၅နာရီခွဲမှာ လေ့ကျင့်ခန်းလုပ်မယ်၊ မနက် ၇နာရီမှာ ဟိုတယ်ကိုသွားပြီး သူ့လိုပဲ အချိန်က အဖိုးတန်တဲ့လူတွေနဲ့ ချိန်းဆိုထားတဲ့အတိုင်း မနက်စာစားမယ်၊ ပြီးရင် စက်တစ်လုံးလိုမျိုး မနက် ၈နာရီခွဲမှာ ကုမ္ပဏီသွားမယ်။ အဲ့ဒီအပတ် စနေ၊ တနင်္ဂနွေမှာ ဂေါ့ဖ်တောင် သွားကစားလောက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မိဘတွေရဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကို အသာဖယ်ထားပြီး သူ့လိုမျိုး ထက်မြက်တဲ့လူတွေနဲ့ လပိုင်းလောက်ကြိုပြီးတော့၊ နှစ်ပိုင်းလောက်ကြိုပြီးတော့၊ ဆယ်စုနှစ်တွေစာ ကြိုပြီးတော့တောင် မြင်ထားတဲ့ ကိစ္စတွေအကြောင်း ဆွေးနွေးပြောဆိုကြရင်းနဲ့ပေါ့။
သူက မိဘတွေနဲ့ ဆက်ဆံရေး သိပ်မကောင်းတာကိုကြည့်ပြီး ခန့်မှန်းကြည့်မယ်ဆိုရင် အဲ့ဒီလိုဖြစ်လောက်တယ်လို့ ပြောတာပါ။ ဝူဂျင်ဟာနဲ့ သူ့အမေရဲ့ ဆက်ဆံရေးက ရှုပ်ထွေးပါတယ်။ သူ့အဖေနဲ့လည်း ထိုနည်းလည်းကောင်းဖြစ်ပြီး သူ့မိဘတွေရဲ့ ဆက်ဆံရေးကတော့ ပိုဆိုးပေါ့။
အတွင်းရေးမှူးအဖြစ် ရှိခဲ့ချိန်တုန်းကရော၊ သူ့ဇနီးအဖြစ် ရှိနေချိန်မှာရော ကျွန်မက ထူးမခြားနား သူစိမ်းတစ်ယောက်အပြင် မပိုတာကြောင့် အဲ့ဒီ ထူးဆန်းတဲ့မိသားစုအကြောင်း အများကြီးသိနိုင်စရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ ကျွန်မတွေးထားတဲ့ မိသားစုဆိုတဲ့ပုံစံနဲ့ အများကြီးကွာမယ်ဆိုတာတော့ ကျိန်းသေပါတယ်။
ဝေးဝေးသွားကြည့်နေစရာမလိုဘဲ ကျွန်မနဲ့ ဝူဂျင်ဟာကလည်း အဲ့ဒီအတိုင်းပဲဆိုပေမဲ့ပေါ့လေ။
ကျွန်မက ကိုယ့်ဘေးမှာတင်ထိုင်နေတဲ့ ယောက်ျားရဲ့ ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးအချိန်ကို စဉ်းစားကြည့်နေရင်းကနေ အဲ့ဒီလောက် ဝမ်းနည်းစရာအခိုက်အတန့်နဲ့ ကြုံတွေ့ရရင်တောင် သိပ်ပြီးဝမ်းနည်းနေမှာမဟုတ်တဲ့ ဝူဂျင်ဟာကို တွေးလိုက်မိတယ်။ အဲ့ဒီလိုဆိုတော့ ကျွန်မ လူတစ်ကောင်လုံး ပျောက်သွားရင်တောင် ဘာမှမဖြစ်သလိုမျိုး ဒီအတိုင်း ဆက်နေသွားမဲ့ပုံပါပဲ။
အဲ့ဒါကြောင့် အခု ဒီအခြေအနေက အချိန်ဖြုန်းနေရုံသက်သက်ပဲပေါ့။ ကြည့်ရတာ သူ့ဘဝမှာ ဒီထက်ပိုတဲ့ အချိန်ဖြုန်းမှုမျိုးကို တစ်ခါမှမလုပ်ခဲ့ဖူးဘူးထင်ပါရဲ့။
အိမ်အကူအဒေါ်ကြီးကလည်း အလုပ်မဆင်းတာ တစ်ပတ်…ဟင့်အင်း၊ တစ်ပတ်ကျော်တောင်ရှိပြီဆိုတော့ ကျွန်မတို့မှာ လူဆိုလို့ တစ်ယောက်ကိုတစ်ယောက်ပဲ တွေ့ရတာပေါ့။ သူ တစ်ရက်ခြားတစ်ခါခေါ်တဲ့ မိသားစုဆရာဝန်ကလွဲရင် တကယ်ကို ကျွန်မတို့နှစ်ယောက်တည်းပါ။ ဝူဂျင်ဟာက တစ်ချက်ကလေးတောင် အပြင်မထွက်ဘဲ ကျွန်မဘေးမှာပဲ နေခဲ့ပါတယ်။
ဒီအိမ်သာ ကျွန်မနဲ့ ရင်းနှီးမနေဘူးဆိုရင် ပြန်ပေးဆွဲခံရသလိုတောင် ခံစားရလောက်မယ်ထင်ပါရဲ့။
ပြီးတော့ ကျွန်မက တအားကို ဘေးကင်းလုံခြုံနေတယ်ဆိုတဲ့အချက်ကိုပါ ဖယ်လိုက်မယ်ဆိုရင်ပေါ့။
အရှေ့မှာ ဘယ်သူမှ ကြည့်မနေပေမဲ့ တီဗွီဖွင့်ထားလျက်ရှိပြီး ကျွန်မက သူနဲ့ ခပ်လှမ်းလှမ်းခွာထိုင်ရင်း အဓိပ္ပာယ်မရှိလှစွာ စာဖတ်နေခဲ့တယ်။ ကျွန်မရဲ့ အထုပ်အပိုးတွေထဲကနေ ယူထုတ်လာခဲ့တဲ့ အနည်းငယ်သော စာအုပ်လေးတွေပေါ့။
ကျွန်မက စာမျက်နှာတွေကို သင့်တော်တဲ့နှုန်းနဲ့ လှန်လှောရင်း စိတ်ထဲကနေ စာအုပ်နဲ့ ဘာမှမဆိုင်တာတွေကို အနည်းငယ်တွေးနေခဲ့မိတယ်။ ဝူဂျင်ဟာက လတ်တလော ကွာရှင်းမှာမဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်နဲ့နေပြီး ကာယကံရှင်က အဲ့ဒီလို ခေါင်းမာနေတဲ့အတောအတွင်းမှာ ရှေ့နေဂင်နဲ့ အပေါ်ယံ ကွာရှင်းမှုသဘောတူညီချက်အတွက် ဆွေးနွေးပြောဆိုတာက လုံးဝ အဓိပ္ပာယ်မဲ့တဲ့ကိစ္စပဲဖြစ်မှာပါ။
တရားစွဲဖို့ဆိုတာကတော့ ဘယ်ဖြစ်နိုင်မလဲ။ ကျွန်မဆိုတာကလည်း ငယ်ငယ်ကတည်းက ယှဉ်ပြိုင်အနိုင်ယူလိုစိတ်ဆိုတာ ဘာမှန်းမသိတဲ့သူဖြစ်ပြီး ရှုံးမှာသေချာနေတဲ့ တိုက်ပွဲမှာ ဝင်မပါဖို့ စည်းထားထားတဲ့လူလေ။
ဒါသာ တကယ့်တိုက်ပွဲဖြစ်လာမယ်ဆိုရင် ကျွန်မအတွက် အခွင့်အရေးဆိုတာ ရှိမှာမဟုတ်ပါဘူး။ အဲ့ဒီလောက် ကြီးကြီးကျယ်ကျယ်မိသားစုကို သရေဖျက်ပြီး၊ လူသိရှင်ကြားသိက္ခာချမှုအတွက် တရားစွဲခံရရင် ဘဝက ဘယ်အထိ တွန်းပို့ခံရမလဲတောင် မသိဘူးလေ။
ဒါပေမဲ့ ကျွန်မတို့ လမ်းခွဲတာကို ဝမ်းအသာဆုံးဖြစ်မဲ့သူ တစ်ယောက်ရှိပါတယ်။
“အမေ့ကို ဘယ်တော့ အသိပေးကြမလဲ။”
“ဘာကိုလဲ။”
“ကိုယ်ဝန်ပျက်ကျသွားတာကို။”
သူက တစ်ချက်တိတ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဆိုဖာပေါ်တင်ထားတဲ့ ကျွန်မဖုန်းက ထမြည်လာတာကြောင့် သူလည်း ဖြေစရာမလိုတော့ဘူးပေါ့။
ကျွန်မက စိတ်ထဲကနေ ယောက္ခမဖြစ်ပါစေလို့ ကြိတ်ဆုတောင်းရင်း ဘေးမှာချထားတဲ့ဖုန်းကို ကိုင်လိုက်တယ်။ ဒါပေမဲ့ ဖုန်းခေါ်လာသူက အလိုက်ကန်းဆိုးမသိတဲ့ ဂင်ယွန်းဟျောင်းပါ။
ကျွန်မ ဖုန်းကို တစ်ချက်ငုံ့ကြည့်နေမိတုန်းမှာ ဝူဂျင်ဟာက မေးလာခဲ့တယ်။
“မကိုင်ဘူးလား။”
ကျွန်မက ဖုန်းဘေးမှာရှိတဲ့ ပါဝါခလုတ်ကိုနှိပ်ပြီး ဖုန်းမြည်သံကို ပိတ်လိုက်တယ်။ ကိုင်ပြီး ဘာမှမပြောဘဲနေရာက ထပ်ပြီး စိတ်ပူစရာကိစ္စဖြစ်အောင် လုပ်မိမလားမသိတာမို့ ဒီအတိုင်း မသိလို့ ဖုန်းမကိုင်ဖြစ်သလိုမျိုး ထားလိုက်တယ်။
အခုထိ ယွန်းဟျောင်းရဲ့နာမည် ပေါ်နေဆဲဖြစ်တဲ့ ဖုန်းက ဆိုဖာပေါ်မှောက်လျက်အနေအထား ချထားလျက်သားဖြစ်သွားခဲ့တယ်။ ဖုန်းမကိုင်ခင်က သူနဲ့ကျွန်မကြားမှာ ရှိနေခဲ့ပေမဲ့ အခု ပြန်ချချိန်မှာ ခပ်ဝေးဝေးပြန်ချထားလိုက်တာပါ။ ကျွန်မရဲ့ဒူးခေါင်းကိုကျော်ပြီး ကြည့်လာတဲ့သူ့အကြည့်ကို ခံစားမိပေမဲ့ ကျွန်မက စာအုပ်ကိုပဲ ပြန်ကိုင်လိုက်တယ်။
ဝူဂျင်ဟာက အစကတည်းက ယွန်းဟျောင်းကို သဘောမကျပါဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မဆို အဲ့ဒီလို အရေးမစိုက်သလို ဆက်ဆံတတ်တာကြောင့် ယွန်းဟျောင်းကိုလည်း အဲ့ဒီလိုပဲနေမယ်လို့ တွေးခဲ့မိပေမဲ့ သဘောမကျကြောင်း ပေါ်တင်ကြီး ဖော်ပြပြီးတဲ့နောက်မှာ အဲ့ဒီလိုဆက်တွေးဖို့က ခက်လာပါပြီ။
ဝူဂျင်ဟာက ယွန်းဟျောင်းကို သဘောမကျဘူးဆိုတော့ ကျွန်မ ယွန်းဟျောင်းနဲ့ အတူရှိတာကို သဘောမကျတာကလည်း သဘာဝပဲပေါ့။ ဝူဂျင်ဟာ ဝင်ပါရလောက်တဲ့အထိ ကျွန်မက ကိုယ့်အသိုင်းအဝိုင်းကလူတွေနဲ့ အများကြီး အဆက်အဆံလုပ်၊ အချိန်ဖြုန်းတာမျိုးမရှိဘဲ သူကလည်း သူများရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ဝင်စွက်ဖက်ရလောက်အောင် အချိန်တွေပိုနေတဲ့လူစားမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ယွန်းဟျောင်းနဲ့အဆက်အဆံလုပ်တာကို သိသွားတိုင်းမှာ အမြဲတမ်း မကျေနပ်မှုကို ပြလေ့ရှိပါတယ်၊ အရင်အပတ်က ဂင်ပိုမှာတုန်းကလိုပေါ့။
ကျွန်မဆိုတာကလည်း တစ်ချိန်တုန်းက ဝူဂျင်ဟာ ကျွန်မကြောင့် စိတ်အခန့်မသင့်ဖြစ်ရင် ကောင်းကင်ကြီးပဲ ပြိုကျတော့မလိုလိုထင်တတ်တဲ့ ရူးရူးမိုက်မိုက်မိန်းမဆိုတော့ သူ ကျွန်မဘဝကို အမှန်တကယ် စိတ်ဝင်စားတာမဟုတ်မှန်း သိနေတာတောင်မှ သည်းခံခဲ့တယ်လေ။ အလိုလိုနဲ့ပဲ လက်ထပ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ မိတ်ဆွေရင်းတွေနဲ့ သိပ်မတွေ့ဖြစ်တော့ပါဘူး။ လက်ထပ်ဖြစ်တဲ့အထိ ဦးတည်စေခဲ့တဲ့ အချိန်အတွင်းမှာလည်း သိပ်မတွေ့ဖြစ်ခဲ့ဘူးဆိုပေမဲ့ပေါ့။
အစကတော့ လုံးဝ ရွေးချယ်မှုသက်သက်ပါ။ ဘူဆန်ကညနောက်ပိုင်းမှာ ကျွန်မ တစ်ပတ်ကို အကြိမ်ပေါင်းများစွာ ဝူဂျင်ဟာနဲ့ အတူတူအိပ်ဖြစ်ခဲ့တယ်။ အလုပ်အချိန်ဇယားကလည်း မနက်စောစောကနေ ညအထိ၊ တစ်ခါတလေလည်း စနေ၊ တနင်္ဂနွေတွေအထိပါ ပြည့်ကျပ်နေတတ်ပြီး အချိန်အအားရတိုင်း ဝူဂျင်ဟာရဲ့အောက်မှာ ညည်းနေရတာနဲ့တင် မအားရတာကြောင့် တခြားဘာကိုမှ မတွေးနိုင်ခဲ့ပါဘူး။ တမင်ရည်ရွယ်ပြီး ရွေးချယ်တာထက် ဒီအတိုင်း အဲ့ဒီလိုပဲ ဖြစ်သွားခဲ့တာပါ။
ကျွန်မရဲ့ကမ္ဘာက နယ်နိမိတ်စည်းရယ်လို့မရှိဘဲ ဝူဂျင်ဟာကို ဗဟိုပြုပြီးတော့သာ လည်ပတ်ခဲ့တာလေ။ ဒါပေမဲ့ ကုပ်ကုပ်လေးနဲ့ အရိပ်အခြည် ကြည့်တတ်လာပြီးတဲ့နောက်မှာ ဘာအနှောင့်အယှက်မှ မဖြစ်စေဘဲနဲ့ အဲ့ဒီကမ္ဘာမှာ ဝင်ဆံ့နိုင်အောင် ကြိုးစားခဲ့ပါတယ်။
ဧကန္တ ယွန်းဟျောင်းနဲ့ သဝန်တိုတာများလား။ ပထမဆုံးအကြိမ် အဲ့ဒီအတွေး ခေါင်းထဲဝင်လာတုန်းက နှလုံးပေါက်ထွက်လုမတတ် ဖြစ်ခဲ့တာကို မှတ်မိပါသေးရဲ့။ အဲ့ဒီလိုကနေ သူက ကျွန်မလိုဟာမျိုးကို လိုချင်စိတ်ဖြစ်လောက်မှာမဟုတ်ပါဘူးလေလို့ ကောက်ချက်ချရင်း စိတ်လှုပ်ရှားတာက ငြိမ်ကျသွားပြီး တစ်ချိန်အရောက်မှာတော့ အဲ့ဒါက သဝန်တိုစိတ်ပဲလို့ သိလိုက်ရပြန်ပါတယ်။
သိပြီးတဲ့နောက်မှာလည်း ခံစားချက်တွေလွှမ်းမိုးသွားတာမျိုး မဖြစ်တော့ပါဘူး။ မနာလိုဝန်တိုတယ်ဆိုတာ တကယ်တော့ ကြီးကြီးကျယ်ကျယ် ခံစားချက်လည်း မဟုတ်ဘူးလေ။ မူကြိုကလေးတွေ သူငယ်ချင်းအပေါ် ခံစားရတာကလည်း မနာလိုဝန်တိုစိတ်ဖြစ်ပြီး ထွေထွေထူးထူး လိုချင်မိတာမျိုးမရှိတဲ့အရာကို တစ်စုံတစ်ယောက်က ရသွားတဲ့အခါ ကလိကလိ ခံစားရတာကလည်း မနာလို ဝန်တိုစိတ်ပါပဲ။
ဒီတော့ ဝူဂျင်ဟာကလည်း ဂင်ယွန်းဟျောင်းကို မနာလိုဖြစ်နိုင်တာပဲပေါ့။ မဖြစ်မနေကြီး ကျွန်မကို သဘောမကျရင်တောင်မှ၊ ဂရုမစိုက်ရင်တောင်မှလေ။ ဒီအတိုင်း သားရဲတစ်ကောင်က သူ့ပိုင်နက်နားမှာ ရစ်သီရစ်သီလုပ်နေတဲ့ တခြားသားရဲတစ်ကောင်ကို သံသယနဲ့ မနှစ်မြို့စွာ စောင့်ကြည့်နေသလိုမျိုးပါပဲ။
ကျွန်မတို့မှာ အချိန်အတိုင်းအတာတစ်ခုစာ သီးသန့်ပတ်သက်မှု ရှိထားခဲ့ပြီး၊ ‘ယောက်ျားတွေက မိန်းမနဲ့ တစ်ခါအိပ်ပြီးသွားရင် အဲ့ဒီမိန်းမက သူ့အပိုင်ပစ္စည်းပဲလို့ တွေးလိုက်ကြရော’ ဆိုတဲ့ ဒေါ်လေးရဲ့စကားအတိုင်း သူ့အပိုင်လို့ မှတ်ယူထားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။
ကိုယ်နဲ့အိပ်ခဲ့တဲ့မိန်းမ။ အဲ့ဒီနောက်မှာ မတတ်သာဘဲ လက်ထပ်လိုက်ရတဲ့မိန်းမ။ အဲ့ဒီလောက်လေး စိတ်ထဲထည့်ပေးတာကိုပဲ တော်သေးတာပေါ့လို့ ပြောရမလား။ ပုံမှန်အတိုင်းဆို မမြင်ဘဲ အနားဝန်းကျင်မှာ ယောက်ျားသားကိုတွေ့မှ မာန်ဖီတတ်တာကိုလေ။
အတိတ်မှာ ကျွန်မတွေးခဲ့တဲ့ အတွေးတွေက အကုန် အရူးလိုပါပဲ။ အခုလည်း ထူးပြီးတော့ ထက်မြက်နေတာမဟုတ်ပေမဲ့ ကျွန်မ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်မိခဲ့တယ်။ သူ့ရဲ့ပိုင်နက်ထဲမှာ ရှိနေရုံလေးကိုလေ။
“မင်းတို့နှစ်ယောက်က ဘာတွေလဲ။”
တဒင်္ဂတိတ်သွားပြီးတဲ့နောက်မှာ သူ့မေးခွန်းက တိတ်ဆိတ်ငြိမ်သက်မှုကို ချိုးဖျက်ခဲ့တယ်။ ဖုန်းဆက်လာတာက ဘယ်သူဘယ်ဝါလဲဆိုတာ အတိအကျမပါဘဲ ပြောလာပုံထောက်ရင် သူလည်း ဖုန်းစခရင်န်ကို တွေ့လိုက်တယ်ဆိုတာ သေချာပါတယ်။
ကျွန်မက သိသာသေချာနေတာပဲလေဆိုတဲ့သဘောနဲ့ အမှန်ကို ပြောလိုက်တယ်။
“သူငယ်ချင်းတွေပေါ့။”
“အရင်ကပြောတော့ မင်းရဲ့အစ်ကိုလိုပဲဆို။”
“ဟုတ်တယ်။ အစ်ကိုလိုပဲပေါ့။ တစ်ခါတလေ မောင်လေးနဲ့တူတဲ့အချိန်တွေလည်း ရှိတယ်။”
“မင်းဘက်က ဖြူဖြူစင်စင်ပဲဆိုတာကို သိပေမဲ့ အဲ့ဒီကောင်ကရော အဲ့ဒီလိုဟုတ်ပါ့မလား။”
“…”
“အဲ့ဒီလိုပဲလို့ ဖြေမယ်ဆိုရင်တော့ မင်း အလှည့်စားခံရတာဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အဲ့ဒီကောင်အကြောင်း ဘာမှမသိတာပဲဖြစ်မယ်။”
ယွန်းဟျောင်းကို အဲ့ဒီကောင်လို့ခေါ်တဲ့အတွက် ဒေါသဖြစ်မိပေမဲ့ နောက်ကပါလာတဲ့စကားတွေက ခဲနဲ့ပေါက်သလို ပျံဝင်လာခဲ့တယ်။ ကျွန်မ စာအုပ်မှာ ခေါင်းအပ်ထားတဲ့အတိုင်း အသာလေး တီဗွီဘက်ကို ကြည့်နေလိုက်တော့ သူက ရီမုတ်ကို ကောက်ကိုင်ပြီး တီဗွီကို ပိတ်ခဲ့တယ်။
“ညစာ ဘာစားမလဲ။”
အဲ့ဒီလိုကနေ ရုတ်တရက် မေးလာတဲ့မေးခွန်းကြောင့် ကြောင်သွားရတော့တယ်။ သူ့ကို ကြည့်လိုက်တော့ ဝူဂျင်ဟာက သူချက်တတ်တဲ့ ဟင်းအနည်းငယ်ကို ချရွတ်ပြခဲ့တယ်။
ပြောနေလို့သာ နားထောင်နေပေမဲ့ ကျွန်မက သူ ဟင်းချက်တတ်တယ်ဆိုတာကို အခုထိ ထူးဆန်းနေဆဲပါ။ လေးနှစ်ခွဲ တွေ့ခဲ့ပြီးတဲ့နောက်မှာ ဝူဂျင်ဟာကို ဘာအဖြစ်တွေးပြီး နေထိုင်ခဲ့မှန်း မသိတော့ပါဘူး။
ဓာတ်မီးဖို ဘယ်လိုဖွင့်ရမှန်း သိရဲ့လား။ ပထမဆုံး ဟင်းချက်မယ်လို့ ပြောလာတုန်းက သူ့ရဲ့နောက်စေ့ကိုကြည့်ရင်း အရင်ဆုံး တွေးလိုက်မိတဲ့ အတွေးပါ။ အဲ့ဒီတော့ ‘ဘာစားမလဲ’ ဆိုပြီး ကျွန်မကို သူချက်တတ်တဲ့မီနူးတွေ တန်းစီရွတ်ပြရင်း မေးလာတာက ဘယ်လောက်တောင် ထူးဆန်းနေလိုက်မလဲ။
အလုပ်မသွားဘဲ စတင်နေထိုင်ပြီးတဲ့နောက်မှာ ဝူဂျင်ဟာက အမြဲတမ်း ကျွန်မကို ကိုယ်တိုင် ထမင်းဝိုင်း ပြင်ဆင်ကျွေးခဲ့တာဆိုပေမဲ့ အစမှာ အိမ်အကူအဒေါ်ကြီး ကြိုပြင်ဆင်ပေးထားတဲ့ အစားအသောက်တွေ ပြင်ဆင်ကျွေးခဲ့ရာက နောက်ပိုင်းမှာ လုံးဝ ဟင်းအသစ်တွေ ကိုယ်တိုင်ချက်ပြုတ်ခဲ့တာပါ။ ကြီးကြီးကျယ်ကျယ် အရည်အချင်းရှိနေတာတော့မဟုတ်ပေမဲ့ အားလုံးကို စားလို့ဖြစ်အောင်လုပ်နိုင်စွမ်းတော့ ရှိခဲ့ပါတယ်။
အရင်တုန်းကသာဆိုရင် ဝူဂျင်ဟာတစ်ယောက် ဘယ်တုန်းက၊ ဘယ်မှာ၊ ဘယ်လို ဟင်းချက်သင်ခဲ့သလဲဆိုတာကို သိရဖို့အတွက် ရက်ပိုင်းလောက် ဖြုန်းမိလောက်မှာပါ။ မေးချင်ပေမဲ့ အတင်းအစ်အောက်ဖို့ မဖြစ်တာမို့လို့။ ကျွန်မကို စိတ်ရှုပ်စရာလို့တွေးသွားရင် မဖြစ်တာမို့လို့။ သူများတွေကတော့ ငါးမိနစ်၊ ဆယ်မိနစ်လောက် စကားပြောလိုက်ရင် အကြောင်းအရာကို ခြုံငုံမိမှာဆိုပေမဲ့ ကျွန်မက အချက်အလက်လေးတွေကို တစ်ချက်ချင်းစီ လိုက်စုစည်းချိတ်ဆက်ပြီး အကြောင်းအရာအပြည့်အဝကို ပုံဖော်တယ်လေ။
ပြီးရင် ‘တခြားမိန်းမကို ဒါမျိုးလုပ်ပေးဖူးလောက်မလား’၊ ‘ဒါမှမဟုတ် ငါက ပထမဆုံးလား…’ ဆိုပြီး တစ်ယောက်တည်း ဟိုတွေးဒီတွေး လိုက်တွေးရာက မသိတာပဲကောင်းပါတယ်လေဆိုပြီး တွေးပစ်မှာပေါ့။ အမှန်ဖြစ်နေရင် နည်းနည်းအောင့်သက်သက်ဖြစ်ရမှာမို့လို့။
‘ငါက ကိုယ့်နေရာကိုယ်သိတယ်’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေရင်းကပဲ ငှက်မွေးပေါ့ပေါ့လေးလို ထင်ယောင်ထင်မှား ပုံရိပ်ထဲမှာ နေလာခဲ့တဲ့ ကျွန်မပါ။
ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်တော့ ဝူဂျင်ဟာရဲ့ အင်မတန် ထိရှလွယ်တဲ့ မေးခွန်းလည်း အဆုံးသတ်သွားတော့တယ်။
ကျွန်မက နောက်ဆုံးမှာ ဘာမှမစားဘူးလို့ ပြန်ဖြေလိုက်ပြီး သူက သိပြီလို့ ပြောခဲ့တယ်။ ပြီးတော့ ဟင်းချက်စရာမရှိတော့လို့ တစ်ချက် အပြင်ထွက်ရမလားမသိဘူးလို့ ပြောခဲ့ပြန်တယ်။ သိပြီလို့ ပြန်ပြောလိုက်တော့ သူက ပိုက်ဆံအိတ်ပဲယူပြီး အိမ်ရှေ့တံခါးကနေ ထွက်ခွာပျောက်ကွယ်သွားခဲ့တယ်။
အခုမှပဲ ကျွန်မနဲ့ အသားကျနေတဲ့ တိတ်ဆိတ်မှုက အိမ်ထဲကို ကျရောက်လာတော့တယ်။
****
Translated by D