Chapter 3
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၃ (အပိုင်း ၆)
နောက်ဆုံးအကြိမ် ဆေးရုံကို လာခဲ့တဲ့အချိန်ကို တွေးလိုက်မိတယ်။ အဲ့ဒီနေ့ကတည်းကစပြီး ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။
အဲ့ဒီအချိန်တုန်းက ဆိုးဝါးလှတဲ့ နာကျင်မှုဟာ အခုတော့ အဝေးကြီးမှာ ကျန်နေခဲ့သလိုပါပဲ။ ဦးခေါင်းအောက်မှာ ဂလောက်ဂလက်မြည်နေတဲ့ တွန်းလှည်းခုတင်ဘီးရဲ့အသံ၊ ကျွန်မအသံလို့တောင် မထင်ရတဲ့ အော်ဟစ်သံ၊ ရေမြွှာပေါက်သွားပြီး တစ်ကိုယ်လုံးမှာရှိသမျှသွေးတွေ စီးထွက်ကုန်သလားမှတ်ရတဲ့ အခိုက်အတန့်…အားလုံးက အိပ်မက်လိုပဲ လက်တွေ့ဆန်မှုပျောက်နေပြီး ဘာမှမဆိုင်တဲ့ ဗီဒီယိုထဲက အလှမ်းကွာတဲ့ အဖြစ်အပျက်လိုမျိုး စိတ်ထဲမှာ တဖြည်းဖြည်း လွင့်မျောနေတော့တယ်။
နံရံကို အကြောင်သားလေးမှီပြီးရပ်နေတဲ့ အမျိုးသမီးငယ်လေးကို ဖြတ်သွားရင်း အဲ့ဒီနေ့ရဲ့ သနားစရာ ကျွန်မက အတွေးထဲပေါ်လာခဲ့တယ်။ အနာကျင်ရဆုံး အခိုက်အတန့်တွေက အိပ်မက်လို ဝေးကွာသွားပြီဆိုပေမဲ့ ထူးထူးဆန်းဆန်း ငါ တစ်ယောက်တည်း အိမ်အထိ ဘယ်လိုပြန်ရပါ့မလဲဆိုပြီး တွေးတောပူပန်ရင်း အဲ့ဒီလိုလေး ရပ်နေခဲ့တဲ့ အခိုက်အတန့်က နာရီပိုင်းလောက်လေးကတင် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လိုမျိုး ထင်ထင်ရှားရှား ရှိနေခဲ့ပါတယ်။
ထိုင်ခုံမှာ သွေးတွေပေသွားမလားဆိုပြီးတော့ ထိုင်တောင်မထိုင်နိုင်ဘဲ အဲ့ဒီဘေးလေးမှာ ရပ်နေရင်း အခု ငါ့ကို ဘယ်သူများ လာကူညီလောက်မလဲလို့ တွေးတောပူပန်နေခဲ့တဲ့ အဲ့ဒီမိနစ်ပိုင်း။
ဒေါ်လေးသာ ဒီမှာ ဆေးရုံတက်မနေရဘူးဆိုရင် ကျွန်မအဖြစ်က သနားစရာကောင်းတာ နည်းနည်းလျော့လောက်မလား။ ဒေါ်လေးကို ဖုန်းဆက်လို့ ရခဲ့မယ်ဆိုရင်တောင် ကိုယ့်ရဲ့ ဒီလိုအခြေအနေကို မပြချင်တာကြောင့် ဖုန်းဆက်ဖြစ်လောက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီလို ရွေးချယ်စရာရှိခဲ့ရင် နည်းနည်းလေး ခံစားချက်ပိုကောင်းလောက်မလားလို့ တွေးလိုက်မိတယ်။ အဲ့ဒီလိုတွေးလိုက်တော့ နည်းနည်း ဖြေသိမ့်ရာရခဲ့ပါတယ်။
တခြားမဟုတ်ပါဘူး။ ဒေါ်လေးနဲ့ ကျွန်မ လုပ်တဲ့လုပ်ရပ်တွေက တော်တော်တူနေတာကို သတိထားမိသွားတာကြောင့်ပါ။
တစ်ယောက်ကိုတစ်ယောက် ပင်ပန်းပြီး ဒုက္ခရောက်နေတဲ့ အဖြစ်ကို မပြချင်တဲ့နေရာမှာပေါ့။
ဒေါ်လေးက အဆုံးအထိ ဆေးရုံအခန်းနံပါတ်ကို လုံးဝ မပြောပြခဲ့တာကြောင့် ဒီဆေးရုံမှာ အလုပ်လုပ်နေတဲ့ အစ်ကိုဝမ်းကွဲဆီကနေ အခန်းနံပါတ်တောင်းခဲ့ရတယ်။ အခန်း ၃၀၅၊ အခန်း ၃၀၅…ကျွန်မ တံခါးအပြင်ဘက်မှာ ရှိနေတဲ့ နာမည်ကို အတည်ပြုပြီးတဲ့နောက်မှာ မှန်ကိုထုတ်ပြီး ကိုယ့်မျက်နှာကိုယ် အရင်ကြည့်လိုက်တယ်။ လူမမာနဲ့ သိပ်ပြီးတူတဲ့ပုံမပေါ်ပါဘူး။
အမှန်တော့ အခုတလော ဘယ်တုန်းကနဲ့မှမတူအောင် ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်နေခဲ့တာလေ။ ဒုတိယမြောက်နေ့ကတည်းကစပြီး ဝူဂျင်းဟာက အစားစားလို့မကုန်မချင်း ထမင်းစားပွဲမှာ အတင်းထိုင်ခိုင်းခဲ့တာကြောင့် ကျိန်းသေပေါက် သူ့အရှေ့မှာ အန်ထွက်တော့မှာပဲလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ပါမောက္ခဟန် ပေးခဲ့တဲ့ဆေးတွေက တော်တော့်ကို ကောင်းကောင်းအလုပ်လုပ်ခဲ့ပါတယ်။ ပျို့ချင်အန်ချင်စိတ်လည်းမဖြစ်တော့ဘဲ တစ်နေကုန် အိပ်ချင်အောင် လုပ်နေတာကြောင့် နောက်ဆုံးမှာ လက်လျှော့အရှုံးပေးသလိုမျိုး အိပ်မိတော့တာပေါ့။ ဆေးရုံတက်နေရတဲ့သူလိုမျိုး အကြာကြီး အကြောဆေးသွင်းခဲ့ရတာကလည်း အကူအညီဖြစ်ခဲ့တယ်ထင်ပါရဲ့။
အဲ့ဒီလိုဆိုပေမဲ့လည်း သိပ်ပြီးမယုံမရဲဖြစ်နေသေးတာကြောင့် ကျွန်မ နှုတ်ခမ်းနီဆိုးပြီး မှန်ကိုပြန်သိမ်းလိုက်တယ်။ ငါးယောက်ခန်းထဲကနေ အမျိုးသမီးတွေရဲ့ ရယ်သံတွေ တရစပ်ထွက်ပေါ်နေခဲ့တယ်။
သူတို့ထဲမှာ ဒေါ်လေးမပါဘူးဆိုတာ ကျိန်းသေပါတယ်။ ဒေါ်လေးက လူမှုရေးကောင်းတဲ့သူ မဟုတ်ဘူးလေ။ ကျွန်မ အလယ်တန်းကျောင်းသူအရွယ်တုန်းက အမေ့ဈာပနမှာ ‘ငိုနေလို့ နင်ပါ သေသွားမှာမို့လို့လား။ တရှုံ့ရှုံ့လုပ်မနေဘဲ ရှေ့လျှောက် သေသေချာချာ စိတ်တင်းပြီးနေသွား။’ လို့ အေးစက်စွာ အကြံပေးပြီး သူလုပ်စရာရှိတာ သွားပြန်လုပ်တဲ့ ပုံစံကို အခုထိ မျက်လုံးထဲမှာ ထင်ထင်ရှားရှား မြင်ယောင်နေဆဲပါ။
“ဒေါ်လေး။”
စကားပြောနေကြတဲ့ အမျိုးသမီးတွေ တုံ့ခနဲရပ်သွားကြပြီးတော့ ကျွန်မကို တစ်ချက်ကြည့်လိုက်ကြပြီးမှ မြန်မြန်တစ်ဖက်လှည့်ပြီး ဒေါ်လေးရဲ့ မျက်နှာထားကို ကြည့်ခဲ့ကြတယ်။
ဖြစ်လည်းဖြစ်လောက်ပါရဲ့။ ကျွန်မကို စိုက်ကြည့်နေတဲ့ ဒေါ်လေးရဲ့မျက်နှာထားက လွန်ခဲ့တဲ့ ၁၀နှစ်က ငွေလိမ်သွားတဲ့လူကို မြင်လိုက်ရသလိုဖြစ်နေတာကိုး။
“ချန်းဂျူ ပြောပြလိုက်တာလား။”
“ဟုတ်ကဲ့။”
“အဲ့ဒီ နှုတ်မလုံတဲ့ကောင်ကတော့။ နင် လူတွေရှိရင် မကြိုက်ဘဲနဲ့ ဘာလို့လာခဲ့တာလဲ။”
“ဒေါ်လေးအခြေအနေ ဘယ်လိုရှိလဲ သိချင်လို့။”
“ထွေထွေထူးထူး ထိခိုက်တာမျိုး မရှိဘူး။”
“ဘယ်ဘက်လက်မောင်း အရိုးအက်သွားတယ်ဆို။ ပြီးတော့ ခြေထောက်ကလည်း…”
“နည်းနည်းလောက်လေး အက်သွားတာကိုများအေ။ လက်ကဘာဖြစ်တယ်၊ ခြေထောက်ကဘာဖြစ်တယ်နဲ့…စကားပဲ ကြားရရင် ကြီးကြီးကျယ်ကျယ် ကိစ္စလိုဖြစ်နေမှာပေါ့၊ ဒီအတိုင်းပဲ။”
“ဒေါ်လေး အသက်အရွယ်နဲ့ဆို အဲ့ဒီလောက် ထိခိုက်ရင်လည်း အန္တရာယ်များတယ်လေ။”
“ဘယ်တုန်းက လောကကြီးပြောင်းလဲသွားလို့ ငါ့အသက်အရွယ်ဆို ဒီအတိုင်း အဒေါ်ကြီးဖြစ်သွားတာလဲ။”
” ‘အဒေါ်ကြီး’ အရွယ်မှာ အန္တရာယ်များတယ်လို့။”
ကျွန်မ ခုံတစ်လုံးဆွဲပြီး ဒေါ်လေးရဲ့ဘေးမှာ ထိုင်လိုက်တယ်။ ကျွန်မ တော်တော်နဲ့ပြန်မှာမဟုတ်မှန်း သိနေတဲ့ဒေါ်လေးက မကျေမနပ် မျက်မှောင်ကြုတ်သွားခဲ့တယ်။
“ဆေးစစ်ချက်တွေ ကောင်းကောင်းထွက်လာလို့ အာမခံဝန်ထမ်းက ဒီအတောအတွင်း နည်းနည်းနားလိုက်တဲ့။ အဲ့ဒါပဲ။”
“ဟုတ်တယ်။ ဒေါ်လေးလည်း နည်းနည်းနားမှဖြစ်မှာ။”
“အဲ့ဒီစကားကို နားထောင်နိုင်မှာမဟုတ်ဘူး။ လှဲပြီး အိပ်ပဲအိပ်နေတာကလည်း တစ်ရက် နှစ်ရက်ဆိုရင် အကြောတွေ တောင့်တင်းလာရော။”
“အိမ်မှာနေရင် တစ်ယောက်တည်း ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ ဆေးကြောသန့်စင်တာရော ကောင်းကောင်းလုပ်ရဲ့လား။ ကျွန်မလည်းရောက်တုန်း သန့်ရှင်းရေး လုပ်ပေးရမလား။”
“ဘယ်သူ့လာပြီး သူငယ်ပြန်တဲ့အဘွားကြီး မှတ်နေတာလဲ…အဲ့ဒီခန္ဓာကိုယ်နဲ့ ဘာလုပ်ဦးမလို့လဲ။ နင် ချန်းဂျူကနေတစ်ဆင့် သူနာပြု ဆက်တိုက်ပို့နေတာမဟုတ်လား။”
“ဟုတ်ကဲ့။”
“သူဌေးအိမ်က သခင်မမှန်းသိအောင် ဖြုန်းတီးနေတာပဲ…အမြဲတမ်း အရေးမပါတဲ့ကိစ္စတွေအတွက် လင်ရှာတဲ့ပိုက်ဆံကို မသုံးစမ်းနဲ့။ အဲ့ဒီလူအတွက်တော့ ဘယ်နှပြားမှမဟုတ်ဘူးဆိုပေမဲ့ ဒီဘက်က အလကားသက်သက် ပိုက်ဆံတွေသုံးပါတယ်ဆိုပြီး နောက်ပိုင်းကျရင်…”
အမြဲတမ်း ဂရုမစိုက်သလို နေတတ်ပေမဲ့ ဒေါ်လေးက ကျွန်မ အဲ့ဒီအိမ်နဲ့ ပြဿနာတက်မှာကို ဆက်တိုက် စိုးရိမ်ပူပန်နေတတ်သူပါ။ ကျွန်မ ဒေါ်လေးကို သနားမိပါတယ်။
“ကျွန်မ ဂျင်ဟာရဲ့ပိုက်ဆံကို သိပ်မသုံးပါဘူး။ အဲ့ဒါက ကျွန်မပိုက်ဆံနဲ့ကျွန်မ လုပ်တာပါ။”
“ရူးနေလားဟဲ့။ နင့်ပိုက်ဆံဆိုရင် ပိုလို့တောင် မသုံးဘဲထားရမှာပေါ့။”
တော်တော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်မ နှစ်နှစ်ကာကာ ရယ်မိခဲ့တယ်။ ဒါပေမဲ့ ဒေါ်လေးက တကယ့်ကို အတည်ကြီးပြောနေတာပါ။
“ဒီဟာလေးတော့ ရူးသွားပြီပဲ။ ခြေတွေလက်တွေသာ အကောင်းအတိုင်းရှိရင် အခုနေ တစ်ချက်လောက် ရိုက်လိုက်ပါရဲ့။”
“ကျွန်မမှာလည်း ပိုက်ဆံနည်းနည်းပါးပါးတော့ ရှိပါသေးတယ်၊ ဒေါ်လေးရဲ့။”
“နင့်မှာပဲလား။ ငါ့မှာလည်းရှိတာပေါ့။”
အဆူခံနေရတာတောင် ကျွန်မက ခစ်ခနဲရယ်လိုက်တော့ ဒေါ်လေးက ဒေါသစွက်နေတဲ့ သက်ပြင်းကို ချခဲ့တယ်။
“နင်လည်း ဒီအသက်အရွယ်မှာ သူများရေချိုးပေးတာ ခံကြည့်ပါလား။ ဘယ်လိုခံစားရမလဲလို့။”
“သက်သောင့်သက်သာနဲ့ ကောင်းမဲ့ပုံပဲကို…”
“တော်ပါပြီ။ အကြာကြီး ထိုင်မနေဘဲ ပြန်တော့။ နိမိတ်ကောင်းတာမဟုတ်ဘူး။”
“ကျွန်မ ကိုယ်ဝန်ပျက်ကျသွားပြီ။”
“…ဘာ။”
ပထမဆုံးအကြိမ်အဖြစ် ဒေါ်လေးရဲ့မျက်လုံးတွေက ကျွန်မရဲ့ဗိုက်ဆီကို ရောက်လာတော့တယ်။ ချက်ချင်း သိလောက်မယ်လို့ ထင်ထားခဲ့ပေမဲ့ အဲ့ဒီလိုကနေ သိသိသာသာ ဗိုက်စထွက်လာပြီးကတည်းက ဒေါ်လေး ကျွန်မကို မတွေ့ရသေးကြောင်း သတိရလိုက်မိတယ်။ ယွန်းဟျောင်းလိုပဲ မူမမှန်တာကို ဘာမှအလိုလို သတိမထားမိတော့ ကျိန်းသေပေါက် မသိဘူးပေါ့။ အဲ့ဒီအဖြစ်မျိုးကို စိတ်တောင်မကူးကြည့်ဖူးတဲ့ မျက်နှာထားမျိုးပါ။
“အဲ့ဒါကြောင့် ဘာမှမဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုဖြစ်မယ်မှန်းသာသိရင် သတင်းကြားကြားချင်း လာတွေ့ပါတယ်။”
“…”
“ဒေါ်လေးကို တွေ့ချင်နေတာကို…”
ကျွန်မတို့က နဂိုဆို ဒီလိုစကားမျိုး ပြောနိုင်ကြတဲ့ဆက်ဆံရေး မဟုတ်ပါဘူး။ တစ်ချိန်တုန်းက ဒေါ်လေးဟာ ကျွန်မရဲ့ အုပ်ထိန်းသူ ဖြစ်ခဲ့ဖူးပေမဲ့…ကျွန်မတို့ အတူတူနေခဲ့ကြတဲ့အချိန်က ၁၀လတောင် ပြည့်ပါ့မလား။
အသက် ၁၉နှစ်ပြည့်တဲ့ နွေရာသီကနေ တက္ကသိုလ်သွားတဲ့နှစ်ရဲ့ ၂လပိုင်းအထိ ဒေါ်လေးအိမ်မှာ နေခဲ့တာလေ။ အဲ့ဒီမတိုင်ခင်တော့ ဘကြီးအိမ်မှာ ၂နှစ်နေခဲ့တာပေါ့။
၁၆နှစ်မှာ အမေဆုံးသွားပြီး၊ ၁၇နှစ်ပြည့်တာနဲ့ အဖေပါ ဆုံးသွားခဲ့တာပါ။ အဖေဘက်ကအမျိုးတွေနဲ့ အပြန်အလှန် ရင်းနှီးတဲ့ဆက်ဆံရေးဆိုပေမဲ့ မိဘတွေ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားတာကို ကြုံတွေ့ခဲ့ရပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့ တူမလေးကို ပြန်တွေ့ရပြီးတဲ့နောက်မှာ မျက်နှာတွေက တစ်မျိုးပြောင်းကုန်ကြပါတော့တယ်။
မြေမချခင်ညမှာ ‘ဟီဂျူကို ဘယ်လိုလုပ်ကြရင်ကောင်းမလဲ’ ဆိုပြီးတော့ အဖေမပါဘဲ မောင်နှမခြောက်ယောက်သား စုဝေးပြီး ပြောဆိုဆွေးနွေးခဲ့ကြတယ်လေ။ ဘယ်သူကမှ ရှေ့ထွက်လာဖို့ ဆန္ဒမရှိတာကြောင့် တိတ်ဆိတ်မှုက အကြာကြီးဖြစ်လာတော့တာပေါ့။ အဲ့ဒီတိတ်ဆိတ်မှုကို စိတ်ကုန်လာသလိုမျိုး ဒေါ်လေးက လက်မြှောက်လိုက်တယ်။
‘နင်က တစ်ကိုယ်တည်းသမားဆိုတော့ မဖြစ်ဘူး။’
ဒေါ်လေးက တူတွေ၊ တူမတွေ အနားကပ်တာကိုလည်းမကြိုက်တဲ့ ‘ကလေးမချစ်တတ်သူ’ တစ်ကိုယ်တည်းသမားပါ။
‘အဲ့ဒီအသက်အရွယ်နဲ့ စိတ်တိုင်းကျသလို အိမ်ထောင်လည်းမပြု၊ ထင်သလိုနေနေတဲ့သူက အထက်တန်းကျောင်းသူကို ဘယ်လိုစောင့်ရှောက်ဦးမှာလဲ။ ကလေးက ကလေးရှိတဲ့အိမ်ကို သွားရမှာပေါ့။’
‘အစ်ကိုကြီး။ အပြောကတော့ ဟုတ်တာပေါ့…ကိုယ့်ကလေးတွေကိုယ်တောင် အနိုင်နိုင်မွေးနေရတာကို ကျွန်တော်တို့က ဘယ်လိုများ နောက်ထပ်ကလေးတစ်ယောက် ထပ်တင်ထားနိုင်မှာလဲ။’
ကျွန်မက ခပ်လှမ်းလှမ်းမှာထိုင်ပြီး သူတို့ကို ကြည့်နေခဲ့တယ်။ ဘကြီးနဲ့ တစ်ချက်တစ်ချက် မျက်လုံးချင်းဆုံမိတာပေါ့။ မောင်နှမတွေထဲမှာ ကျွန်မအဖေက ဘကြီးကို အယုံကြည်ဆုံး၊ အလိုက်နာဆုံးပါ။ အဲ့ဒီအတွက်ကြောင့်ပဲ ဘကြီးက ဆုံးသွားတဲ့ ညီဖြစ်သူရဲ့ ငွေရေးကြေးရေး အခြေအနေတွေကို အကုန်သိနေတော့တာပေါ့။
‘တော်ပြီ။ ဟီဂျူကို ငါပဲ စောင့်ရှောက်လိုက်မယ်။’
‘အစ်ကိုကြီး။ ယွန်းယောင်းတို့အမေဆီက ခွင့်ပြုချက်ရော ရခဲ့လို့လား။’
‘ဖြစ်ချင်ဖြစ် အမေ့ကိုပဲ အပ်ရအောင်ပါ။ ဘာပဲဖြစ်ဖြစ် မြေးမလေးပဲကို တောက်လျှောက် အဲ့ဒီလိုကြီး…’
‘ဟီဂျူ့မျက်နှာပဲ မြင်ရရင်တောင် နောက်တွန့်သွားတတ်တဲ့သူလေဟာ။ ဘယ်လိုလုပ်မလဲ။’
‘အဲ့ဒါဆို ဟီဂျူကို လမ်းပေါ်မှာပဲ လွှတ်ထားရမှာလား။ ငါ့မိန်းမက အဲ့ဒီလောက်ကြီး အသည်းမာတဲ့သူမဟုတ်ပါဘူး။ ယွန်းယောင်းကလည်း တက္ကသိုလ်သွားပြီဆိုတော့ အခန်းတစ်ခန်းကလည်း လွတ်နေတယ်၊ ဂျီယောင်းနဲ့ကလည်း တစ်နှစ်ပဲကွာတယ်ဆိုတော့…’
‘ဟုတ်တယ် ဟုတ်တယ်။ ဟီဂျူနဲ့ ဂျီယောင်းနဲ့က ငယ်ငယ်တုန်းကလည်း တည့်တည့်ရှုရှုရှိကြတယ်မဟုတ်လား။ မရီးက အဆင်ပြေတယ်ဆိုရင်…’
ဘကြီးက ကြီးကျယ်တဲ့ အကူအညီကြီးပဲပေးနေသလိုမျိုး ကျွန်မကို အန်ဆန်အထိ ခေါ်သွားခဲ့တယ်။ ကြီးကြီးကတော့ ကျိန်းသေပေါက် အဆင်မပြေဘူးပေါ့။ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ သူတို့မိသားစုရဲ့အခြေအနေက ဘယ်လောက်အထိ ဆိုးဝါးသွားမှန်း မသိခဲ့တဲ့ ကျွန်မလည်း လပိုင်းလောက် ကြာပြီးတော့မှပဲ သူတို့ ကျွန်မကို အိမ်မှာခေါ်ထားရတဲ့အကြောင်းရင်းကို သဘောပေါက်လိုက်ရတော့တယ်။
ကျွန်မရဲ့မုန့်ဖိုး၊ ကျွန်မရဲ့ စားသောက်စားရိတ်၊ ကျွန်မ အဲ့ဒီအိမ်မှာ အိပ်ဖို့နေရာ…နင့်အတွက်နဲ့ ပိုက်ဆံ ဘယ်လောက်အများကြီး ကုန်သလဲဆိုပြီးတော့ ရှင်းပြရင်း ဘကြီးက အဖေချန်ခဲ့တဲ့ အမွေတွေကို ကိုယ်တိုင်စီမံဖို့လုပ်ခဲ့တယ်။
ကျွန်မက တောင်းပန်ပြီး ထွက်သွားပါ့မယ်လို့ ငြင်းခဲ့ပေမဲ့ အဲ့ဒီနေ့နောက်ပိုင်းမှာ ကိုယ်ထိလက်ရောက် အပြစ်ပေးမှုတွေ စတော့တာပါပဲ။ ဘကြီးက ကျွန်မရဲ့ တရားဝင်အုပ်ထိန်းသူဖြစ်ပြီး၊ သူ့မှာ ဆုံးသွားတဲ့ ညီဖြစ်သူရဲ့ငွေကို ထိဖို့အတွက် တကယ်တော့ ကျွန်မဆီက ခွင့်ပြုချက် မလိုပါဘူး။ အဲ့ဒီလိုဆိုပေမဲ့လည်း ကျွန်မဆီကနေ ခွင့်ပြုချက် ရချင်တယ်ဆိုတာက ကျွန်မကိုမဟုတ်ဘဲ ဆုံးသွားတဲ့ ညီဖြစ်သူအပေါ် အပြစ်မကင်းစိတ်လေး မဖြစ်စလောက် ကျန်နေသေးတာကြောင့်ပါ။
ဘကြီးက ပိုက်ဆံတွေ ဒီအတိုင်းထားလိုက်ရင် လုံးပါးပါးသွားမှာမို့ ပိုပြီးတိုးပွားလာအောင် လုပ်ပေးမလို့ဆိုပြီးတော့ အရိုက်ခံထားရလို့ လဲကျနေတဲ့ ကျွန်မရဲ့အပေါ်ကနေ ရှူးရှူးရှားရှားနဲ့ သူ့ရဲ့ကောင်းမြတ်လှတဲ့ ရည်ရွယ်ချက်တွေကို အသံကောင်းဟစ်ခဲ့တယ်။ အပြင်မှာတော့ အဲ့ဒီကောင် ဂျီဆောင်းက အကြွေးတစ်ပုံပဲချန်ထားပြီး သွားလိုက်တာလေလို့ လှည့်ပတ်ပြောဆိုပြီးတော့ပေါ့။
၂နှစ်အတွင်းမှာ ဘကြီးမိသားစုက အဖေချန်ခဲ့တဲ့ ပိုက်ဆံတစ်ဝက်ကို ပိုကောင်းပြီးတော့ ဆိုးလ်နဲ့ပိုနီးတဲ့အိမ်ဆီ ပြောင်းနေဖို့ သုံးခဲ့ကြတယ်။ အိမ်အသစ်မှာ ကျိန်းသေပေါက် ကျွန်မအတွက် အခန်းမရှိဘဲ၊ ကျွန်မက ဂျီယောင်းအိပ်တဲ့ ခုတင်အောက်မှာ ဂွမ်းကပ်လေးခင်းပြီးတော့ စိတ်ရှုပ်နေတဲ့ အခန်းပိုင်ရှင်ရဲ့ ညည်းတွားငြူစူသံတွေကို နားထောင်ရင်း ညတိုင်း အိပ်ခဲ့ရပါတယ်။ အဲ့ဒီလိုနေ့တွေက ကံကောင်းတဲ့နေ့တွေပါပဲ။ အနည်းဆုံးတော့ မိုးလင်းပေါက် အရိုက်မခံရလို့လေ။
အခြေအနေတွေပိုကောင်းလို့ အဲ့ဒီမိသားစု ပိုပြီးပျော်ရွှင်လာတာနဲ့အမျှ ကျွန်မက အဲ့ဒီမိသားစုရဲ့ အပြစ်အနာအဆာ ဖြစ်လာသလိုပါပဲ။
တော်သေးတာတစ်ခုကို ပြောရမယ်ဆိုရင် ဂင်ဖိုမှာရှိတဲ့အိမ်ကို ဘယ်လောက်ပဲ ရောင်းထုတ်ဖို့ကြိုးစားပါစေ အဲ့ဒီအိမ်မှာ အဆုံးစီရင်ခဲ့ဖူးတဲ့သူရှိတယ်ဆိုပြီး သတင်းတွေပြန့်နေတာကြောင့် ဘယ်လိုမှ ရောင်းမထွက်ခဲ့တာပါ။ အဲ့ဒီအတွက်ကြောင့်ပဲ အဖေ့ရဲ့အမွေက ထက်ဝက်ကျော်ကျော်လောက် မပျက်မယွင်း ကျန်နေတာပေါ့။
တာဝန်ကျေလှတဲ့ သားလိမ္မာလေး ဘကြီးက ငွေသားတစ်ဝက်ကို ပျော်ပျော်ကြီး သုံးပြီးတဲ့နောက်မှာ ကျန်တစ်ဝက်ကို အဘွားဆီ ပေးလိုက်တယ်လေ။ ကျပ်တည်းနေတဲ့ သူ့ရဲ့စီးပွားရေးက နောက်ဆုံးမှာ ပြေလည်လာတော့ မြေရောင်းပြီး ကူညီပေးခဲ့တဲ့အဘွားကို ဒီနည်းနဲ့ ကျေးဇူးပြန်ဆပ်တာပေါ့။
ကျွန်မက အနောက်မှာထိုင်ရင်း နှာခေါင်းရှုံ့ရယ်မိခဲ့ရာက အဲ့ဒီနေ့မှာလည်း ပြန်လာတော့ ခွေးလိုအရိုက်ခံခဲ့ရပြန်ပါတယ်။ အခု ခြူးတစ်ပြားမှလည်း မကျန်တော့ရော အပြောလေးနဲ့ဖြစ်ဖြစ် ဝင်ပါပေးတတ်သေးတဲ့ ကြီးကြီးက ဘကြီး ကျွန်မကို စရိုက်ပြီဆိုတာနဲ့ အိပ်ခန်းထဲဝင်ပြီး တီဗွီဖွင့်နေလိုက်တော့တာပါပဲ။
ဒေါ်လေးက အဲ့ဒါကို ဘယ်တုန်းက ရိပ်မိသွားမှန်း မသိလိုက်ပါဘူး။ ဘကြီးတို့မိသားစု အန်ယန်းကို ပြောင်းသွားပြီးတဲ့နောက်ပိုင်းမှာ တစ်ခါတလေ ကျွန်မကိုတွေ့ဖို့ ရောက်လာပြီး မယုံသင်္ကာမျက်လုံးတွေနဲ့ အမြဲကြည့်တတ်တာကြောင့် ကျွန်မက အဲ့ဒီလိုဒေါ်လေးကို စိတ်ကသိကအောက် ဖြစ်မိပါတယ်။ ငယ်ငယ်ကတည်းက နွေးနွေးထွေးထွေးစကားမျိုး တစ်ခွန်းလေးတောင် ပြောဖူးခြင်းမရှိတာကြောင့် ကြီးလာတော့ ဒီလိုဖြစ်တာလည်း မဆန်းဘူးလေ။ အဲ့ဒါကြောင့် ကျွန်မလည်း တစ်နေ့မှာ ရုတ်တရက်ကြီး ဒေါ်လေးက ကျွန်မကို ခေါ်သွားမယ်ဆိုပြီး ဘကြီးအိမ်မှာ သောင်းကျန်းတုန်းက နည်းနည်း ကြောင်အမ်းအမ်းဖြစ်ခဲ့ရတာပေါ့။
ဂင်ဖိုအိမ်က အိမ်ငှားတင်မရသေးဘဲ ဒီအတိုင်း ဟိုမရောက်ဒီမရောက် ဖြစ်နေတဲ့အချိန်ပါ။ ဘကြီးက ကျွန်မ အသက်မပြည့်ခင် အဲ့ဒီအိမ်ကနေ ငွေပေါ်အောင်ထုတ်ချင်နေခဲ့တာလေ။ ငါက သူ့ကို ပြုစုပျိုးထောင်ခဲ့တာကို ဘယ်လိုများ အခုမှလာပြီးတော့ အိမ်ကို နင့်ဆီပေးမယ်မှတ်နေလားဆိုပြီး ဒေါသသံကြီးနဲ့ အော်ကြီးဟစ်ကျယ် လုပ်နေတာကို ဒေါ်လေးက ဒီအတိုင်းပဲ သနားသလို မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
‘ကျွန်မကို အစ်ကို့လို ငမွဲကောင်များမှတ်နေတာလား။’
သူ့စကားကြောင့် ဘကြီး ဆတ်ဆတ်ခါနာနာ၊ မနာနာ ဒေါ်လေးကတော့ အဝတ်အိတ်အကြီးကြီး နှစ်လုံးထဲကို ကျွန်မပစ္စည်းလား ဂျီယောင်းရဲ့ပစ္စည်းလားမသိဘဲ ပစ္စည်းတွေအကုန် ကြမ်းကြမ်းတမ်းတမ်း သိမ်းကျုံးထည့်ခဲ့တယ်။ ကျွန်မကိုကြည့်ပြီး အူကြောင်ကြောင်နဲ့ ဘာရပ်လုပ်နေတာလဲလို့ ပြောလာတော့ ကျွန်မလည်း ကိုယ်တိုင်တောင်မသိဘဲ အတူတူ အထုပ်အပိုးတွေ ထည့်မိပါတော့တယ်။
****
Translated by D