Chapter 3
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၃ (အပိုင်း ၇)
‘ပါးစပ်ပါရဲ့သားနဲ့ ဘာလုပ်နေလဲ။ အရိုက်ခံရရင် အရိုက်ခံရတယ်မပြောဘဲနဲ့။’
အဝတ်အိတ်တွေ တစ်ယောက်တစ်အိတ် ပေါင်ပေါ်တင်ထားပြီးတော့ ဘတ်စ်ကားပေါ်မှာ ဘေးချင်းကပ်ထိုင်ရင်း ဒီတစ်ခေါက် ငါ့ဘဝက ဘယ်ကိုသွားဦးမလဲမသိဘူးလို့ တွေးလိုက်မိတယ်။ အခုထိ ဒေါသကို ငြိမ်အောင်မလုပ်နိုင်သေးတဲ့ ဒေါ်လေးက သူ့ဘာသာသူ ပွစိပွစိ လုပ်နေခဲ့ပြန်တယ်။
‘လူသာဆို ဒါမျိုးဘယ်လုပ်ပါ့မလဲ။ ခွေးကောင်…ဂျီဆောင်းရှိနေတုန်းက သူ့အပေါ် အဲ့ဒီလောက် ကောင်းပေးခဲ့တာကို။’
‘ဒီအတိုင်း…အဆင်ပြေလို့ပါ။’
‘ဘာ။’
‘အဲ့ဒါကြောင့် မပြောခဲ့တာပါ။’
‘…’
‘အရိုက်ခံရတော့ နေသာပါတယ်။ အဖေ့အကြောင်း မတွေးမိတော့လို့။’
‘…’
‘ပြီးတော့ ဒါက အဖေ့ပိုက်ဆံတွေရှိနေတဲ့ ဘဏ်စာအုပ်…စောစောက ကြီးကြီးရဲ့ မှန်တင်ခုံအံဆွဲထဲကနေ မသိအောင်ယူလာခဲ့တာပါ။’
‘…ဒါကို ဘာလို့ ငါ့ကို ပေးတာလဲ။’
‘ဘယ်လောက်မှမကျန်တော့ပေမဲ့ သုံးလိုက်ပါ။’
‘…’
‘မရိုက်ဘူးဆိုရင် ဂင်ဖိုအိမ်ကိုလည်း ဒေါ်လေးကို ပေးပါ့မယ်။’
ဒေါ်လေးက ဘဏ်စာအုပ်ကို ကိုင်ထားတဲ့အတိုင်း အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံးမှာ ဘာမှမပြောခဲ့ပါဘူး။ ကျွန်မတို့တွေ အထုပ်အပိုးတွေကို သယ်ပြီးတော့ ဂင်ဖိုမှာဆိုက်တဲ့ အဝေးပြေးကားပေါ်ကနေဆင်းပြီး ဒေါ်လေးအိမ်ကိုသွားဖို့ မြို့တွင်းဘတ်စ်ကားကို ပြောင်းစီးခဲ့ကြတယ်။ ဘတ်စ်ကားပေါ်က ဆင်းပြီးတဲ့နောက်မှာ အိမ်ရောက်ဖို့ ဆယ်မိနစ်လောက် လမ်းလျှောက်ရပါသေးတယ်။ ကျွန်မ အဝတ်အိတ်အလေးကြီးကို ကြိုးစားပမ်းစား သယ်နေတုန်းမှာ ဒေါ်လေးက ပြောခဲ့တယ်။
‘ငါ မနက်ဖြန် အလုပ်သွားရမှာ။ ပုံမှန် တနင်္ဂနွေနေ့တွေ မနားဘူး။’
‘အာ…ဟုတ်ကဲ့။’
‘ပေါင်းအိုးထဲမှာ ထမင်းရှိတယ်…အလုပ်မသွားခင် ဟင်းဝယ်ပေးခဲ့မှာမို့ နိုးလာရင် ကိုယ့်ဘာသာ ကြည့်ကြပ်စားလိုက်။ ငါက အဲ့ဒါမျိုးတွေ မလုပ်ပေးဘူး။’
‘ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။’
‘အကောင့်ထဲမှာ သိန်း၃၀ကျန်တယ်။ နင် အထက်တန်းကျောင်းပြီးဖို့လိုတာက ဆယ်လ။ လတိုင်း သုံးသိန်းစီ နင့်ရဲ့ နေစားရိတ်၊ စားစရိတ်အတွက် ငါ့ဆီလွှဲလိုက်။’
‘အကုန် ယူထားလို့လည်း ရတာကို…’
‘အကုန်ယူမှာပဲလေ။ နင် သင်္ချာမတွက်တတ်ဘူးလား။ ရော့။ ဘဏ်စာအုပ် ယူသွား။’
‘ဟုတ်ကဲ့။’
‘ပြီးတော့ ငါ့မှာလည်း နေစရာအိမ်ရော၊ ပိုက်ဆံရောရှိတယ်။ သရဲရှိလို့ဆိုပြီး ရောင်းမထွက်တဲ့အိမ်ကို ဘယ်နားသွားသုံးရမှာလဲ။ နင်ပဲယူ။’
ကျွန်မက လတိုင်း အိမ်ငှားခပေးသလိုမျိုး ဒေါ်လေးဆီကို ပိုက်ဆံလွှဲပေးပြီး ဒေါ်လေးက အပတ်တိုင်း ကျွန်မကို မုန့်ဖိုးပေးပါတယ်။ တစ်ခါတလေ စာမေးပွဲအတွက် စာလေ့လာနေသူ သားတစ်ယောက်ရှိတဲ့ ဒေါ်လေးသူငယ်ချင်း လာလည်ပြီး သူ့သားက အခုတလော SkyEdu မှာ ဘာတွေသင်နေတယ်၊ Megastudy မှာ ဘယ်ဘာသာရပ်တွေက နာမည်ကြီးတယ်…အစရှိသဖြင့်ပြောတော့ အဲ့ဒါက ဘယ်လောက်လဲလို့မေးပြီး ပိုက်ဆံပေးတယ်လေ။
စာကြည့်ခန်းကြေးတွေပေး၊ အွန်လိုင်းသင်တန်းကြေးတွေပေးနဲ့…ဘယ်လိုပဲကြည့်ကြည့် သူ့အတွက် သိပ်ပြီးကျန်မှာမဟုတ်တဲ့ကိစ္စ ဖြစ်မဲ့ပုံပါ။ အရိပ်အကဲကြည့်ပြီး အိမ်အလုပ်လေးတွေ ဝိုင်းကူလုပ်ပေးဖို့လုပ်ရင် စာဖြစ်ဖြစ် သွားလုပ်စမ်းပါလို့ ကျွန်မကို ပြောတတ်ပါတယ်။
ဒေါ်လေးက အပေါ်ယံကြည့်ရင် ဘာသိဘာသာနိုင်တယ်ထင်ရပေမဲ့ သဘောကောင်းတဲ့သူပါ။ ကျွန်မကိုလည်း မရိုက်ခဲ့ပါဘူး။ ဆယ်လစာပေးထားတဲ့ ဝမ် သိန်း ၃၀ကို အထက်တန်းကျောင်းကနေ ဘွဲ့ရတဲ့နေ့မှာ ကျူရှင်စရိတ်အတွက်သုံးလို့ ညွှန်ကြားပြီးတော့ ကျွန်မဆီ ပြန်ပေးခဲ့ပြီး၊ ကျွန်မက အဲ့ဒါကိုလက်ခံရင်း ငိုမိတော့ ဒေါ်လေးက အိုးတိုးအမ်းတမ်းနဲ့ နေရာကနေ ထွက်သွားခဲ့ပေမဲ့ အဲ့ဒီနေ့မှာ ဒေါ်လေးက မိသားစုဆိုတာနဲ့ နီးစပ်တဲ့ဖြစ်တည်မှု ဖြစ်လာခဲ့ပါတယ်။ ဘကြီးပေးခဲ့တဲ့ပိုက်ဆံက အဖေ ကျွန်မအတွက်ချန်ခဲ့တဲ့ အမွေတွေမှန်းရိပ်မိထားတဲ့ အဘွားလည်း ဒေါ်လေး နားချခဲ့ပြီးတဲ့နောက်မှာ အတွန့်တွန့်အဆုတ်ဆုတ်နဲ့ ပြန်ပေးဖို့ သဘောတူခဲ့တယ်။ အဖေ့ပိုက်ဆံမို့လို့ တစ်ပြားမှမသုံးထားဘဲ အဲ့ဒီတုန်းကအတိုင်းပဲလို့ ပြောပြီးတော့ပေါ့။ ကျေးဇူးကြောင့် ကျွန်မလည်း ချို့ချို့တဲ့တဲ့ အထက်တန်းကျောင်းသူ ဖြစ်မဲ့အရေးကနေ ရှောင်လွှဲနိုင်ခဲ့တယ်။ အားလပ်ရက်တွေမှာ သွားစရာနေရာလည်း ရှိလာခဲ့တာပေါ့။
“…အရူးလို ကောင်မစုတ်လေး…”
တွေ့ချင်တယ်ဆိုတဲ့ စိတ်မကောင်းဖြစ်စရာစကားကို တုံ့ပြန်လာတဲ့စကားက နည်းနည်းကြမ်းတမ်းပေမဲ့ ရင်းနှီးနေတဲ့ ဆူပူမာန်မဲသံကို ကြားရတော့ စိတ်အေးသွားခဲ့ရတယ်။ ငါ လုံခြုံတဲ့နေရာလေးမှာ ရှိနေတာပါလားဆိုတဲ့ ခံစားချက်မျိုးပါပဲ။
နဂိုကတည်းက ဒေါ်လေးဟာ ဘယ်သူ့ကိုမှ နွေးနွေးထွေးထွေး စကားပြောတတ်တဲ့သူ မဟုတ်ပါဘူး။ လွယ်လွယ်နဲ့လည်း သူများကို မသနားတတ်ဘူးလေ…အဲ့ဒါကြောင့် ကျွန်မ သေခဲ့ရင်တောင် ‘အမလေး၊ ငါတို့ ဟီဂျူလေး၊ သနားလွန်းလို့ ဘယ်လိုလုပ်မလဲ…’ ဆိုပြီး ကျွန်မအတွက် ငိုမှာမဟုတ်တဲ့သူပါ။ အဘွားဆုံးတုန်းကလည်း သေချိန်တန်လို့သေတာဆိုပြီး ပြောခဲ့တဲ့သူမို့လို့လေ။
ဒါပေမဲ့ ကျွန်မသိသမျှ လူကြီးတွေထဲမှာတော့ ဒေါ်လေးက ကျွန်မအပေါ် သဘောအကောင်းဆုံးပါပဲ။
“နင်လည်း ဘယ်လိုဖြစ်လို့များ ဘဝက ဒီလိုတွေ ဖြစ်လာရတာလဲ။”
“ဟုတ်ပါရဲ့။”
ဒေါ်လေးက အသာလေး သက်ပြင်းချလိုက်တယ်။
“ဒေါ်လေးပြောတာ အမှန်ပဲ။ ဒီအတိုင်း အိမ်ထောင်မပြုဘဲ နေခဲ့ရမှာ။”
“အိမ်ထောင်ပြုတာကလည်း အိမ်ထောင်ပြုတဲ့အလျောက်ပေါ့အေ။ နင့်လို အိမ်ထောင်ရက်သား ကောင်းကောင်းကျတဲ့ဟာမမျိုး ဘယ်မှာရှိလဲ။”
စကားကသာ အဲ့ဒီလိုပြောနေပေမဲ့ ဒေါ်လေးက ကျွန်မ အိမ်ထောင်ပြုမှာကို တစ်ချက် ကန့်ကွက်လိုက်ပါသေးတယ်။ ဝူဂျင်ဟာက WK ရဲ့ မြေးဆိုတဲ့စကားကြောင့် လောကကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသလို သဘောတွေကျခဲ့ရာက လက်မထပ်ခင် သဘောတူစာချုပ်အကြောင်းလည်းကြားရော မျက်နှာက တန်းပြီးပြောင်းသွားတော့တာပဲလေ။ အစကတည်းကကို အဲ့ဒီလူက နင်နဲ့ ကွာရှင်းဖို့ စိတ်ကူးမရှိဘူးဆိုရင် လမ်းခွဲမဲ့အချိန်အတွက် ကြိုတင်ပြင်ဆင်တာက ဘာသဘောလဲလို့ မေးရင်းနဲ့ပေါ့။
ကျွန်မက အဲ့ဒါကို ဘာပြန်ပြောပြီး ရှေ့နေလိုက်ပေးခဲ့တာပါလိမ့်။ ‘လက်မှတ်ထိုးထားတာ မှန်ပါတယ်။ လူတွေရဲ့ အရေးကိစ္စဆိုတာ ဘယ်လိုတွေဖြစ်လာမလဲ ကြိုမသိနိုင်ဘူးမဟုတ်လား…’ လို့ အင်မတန်ကို မရေမရာနဲ့ အရူးလို ပြောခဲ့တော့ ဒေါ်လေးက စုတ်တသပ်သပ်နဲ့ အရူးလိုကောင်မစုတ်ပဲလို့ ဆဲခဲ့တယ်။ နောက်ဆုံးမှာ လမ်းခွဲဖို့တွေးထားပြီးတော့ ဘာလို့ လက်ထပ်နေသေးတာလဲတဲ့လေ။
အဲ့ဒီလူရဲ့ မိသားစုက ကျွန်မတို့လိုလူတွေနဲ့ မတူတဲ့အတွက်ကြောင့် အဲ့ဒီလိုဖြစ်ရတာပါလို့ ခေါင်းမာမာနဲ့ အတင်းရှေ့နေလိုက်တော့ ဒေါ်လေးက ဒီအတိုင်း ပါးစပ်ပိတ်နေခဲ့တယ်။ ‘နင်ကြိုက်သလိုသာလုပ်’ ဆိုတဲ့ သဘောပေါ့။
‘နင်ပြောတာမှန်တယ်။ ဘာပဲဖြစ်ဖြစ် အရင်လက်ထပ်ထားပြီးတော့ အဲ့ဒီလို အချီကြီးကြီး အကောင်ကို အမိဖမ်းထား’ လို့ သဘောတူထောက်ခံခဲ့ရင် ကျွန်မစိတ်က နည်းနည်းလောက်ပဲဖြစ်ဖြစ် သက်သာရာရခဲ့လောက်မလား။
အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိမှန်း သိပါတယ်။ အစကတည်းက ကျွန်မလည်း ကိုယ့်အမှားကိုယ် သိနေတာမို့လို့လေ။ ဒီအတိုင်း မှားလည်းရတယ်ဆိုပြီးတော့ ဖြစ်ခဲ့တာပါ။ ဝူဂျင်ဟာဖြစ်နေလို့။
“…လက်ထပ်တာလည်းမလုပ်၊ ကလေးလည်းမယူဘဲ နေခဲ့ရမှာ။”
“လက်မထပ်ခင် အနောက်ပြန်မကြည့်ဘဲ ကလေးအရင်ယူခဲ့တာမျိုး မလုပ်ဖူးသလိုလို လာပြောနေတာပါလား။”
“…ဒေါ်လေးကလည်း အခု အဲ့ဒါက အရေးကြီးလို့လား။”
အရေးကြီးတဲ့အရာ မဟုတ်တဲ့ပုံပါပဲ။ ဒေါ်လေးက ဒီအတိုင်း သူ့လက်သူ ငုံ့ကြည့်နေရာက သက်ပြင်းမောချခဲ့တယ်။
“ကလေးက ထပ်ယူလို့ရနေတာပဲ။”
“…အဲ့ဒီလိုလုပ်ရုံနဲ့ မဖြစ်ပါဘူး။”
“ဘာပဲဖြစ်ဖြစ် နင် အဲ့ဒီကောင်ဘေးမှာ ရှိနေရဖို့က အရေးအကြီးဆုံးပဲမဟုတ်ဘူးလား။ မဖြစ်ရအောင် ဘာကိုမဖြစ်တာလဲ။”
“…”
“အချိန်လေး နည်းနည်းလောက်ပဲ ကုန်ကြည့်လိုက်စမ်းပါ၊ ဘယ်တုန်းက ဒီလိုမျိုး ပင်ပန်းခက်ခဲခဲ့ရတာပါလိမ့်လို့ တွေးမိလိမ့်မယ်။”
“ကလေးလည်း ထပ်မယူချင်တော့ပါဘူး။”
“အခုသာ အဲ့ဒီလိုဖြစ်နေမှာလေ…ဒါပေမဲ့ နင့်ယောက်ျားက သာမန်လူမှမဟုတ်ဘဲ၊ သူ့အိမ်က သားတစ်ယောက်လောက်တောင် မမွေးဘဲနဲ့ နင့်ကို ဒီအတိုင်းထားမလား။ ကိုယ်ဝန်ရှိနေပါတယ်ဆိုတဲ့ ဆင်ခြေနဲ့ လက်ထပ်လို့ရခဲ့တာကို ကလေးမရှိရင် ဘာတွေဖြစ်ကုန်မလဲ။”
ဒေါ်လေးရဲ့စကားတွေက နာကျင်ရလောက်အောင် မှန်နေခဲ့တယ်။ ကျွန်မ ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်တော့ ဒေါ်လေးက ခပ်ပြင်းပြင်း မျက်လုံးကျုံ့လိုက်တယ်။
“နင့်ယောက္ခမ ပူညံပူညံလုပ်တာကိုတော့ ပြောမနေပါနဲ့တော့။ သမီးဖြစ်ဖြစ် မွေးလာရင်တောင် သားယောက်ျားလေး မွေးတဲ့အထိကို တွန်းနေမှာ။”
အထက်စီးဆန်တဲ့ ယောက္ခမနဲ့ ဘွင်းဘွင်းရှင်းရှင်း ဟောဟောဒိုင်းဒိုင်းရှိတဲ့ ဒေါ်လေးတို့ စစတွေ့ချင်းမှာတင် အစေးမကပ်ကြတာကတော့ ပြောနေစရာကိုမလိုဘူးပေါ့။ ကျွန်မယောက္ခမအကြောင်း မကောင်းပြောတဲ့အခါ ဒေါ်လေးလုပ်လေ့ရှိတဲ့ မျက်နှာပေးက သပ်သပ်ကိုရှိပါတယ်။ ယောက္ခမ ကျွန်မကို နှိမ်ပြောတိုင်းမှာ ဒေါ်လေးရဲ့ အဲ့ဒီမျက်နှာထားကို ပြန်မြင်ယောင်ပြီး ကိုယ့်အတွေးနဲ့ကိုယ် မျောသွားမိတဲ့အခါတွေလည်း ရံဖန်ရံခါ ရှိဖူးတာပေါ့။
“အဲ့ဒီမိန်းမသာ ဒီကိစ္စကို သိသွားကြည့်ပါလား။ နင့်ကို မောင်းထုတ်ဖို့လုပ်ပြီး ဒေါသတွေနဲ့လောင်နေမှာ…”
“အဲ့ဒါကြောင့် မောင်းထုတ်ခံရအောင် လုပ်မလို့လေ။”
“ဘာ။”
“ကလေးလည်း ထပ်မယူချင်ဘူး၊ အတူတူလည်း ထပ်မနေချင်တော့လို့။”
ကျွန်မရဲ့ ယောက္ခမကိုတွေးပြီး ဒေါသနဲ့ ရှုံ့မဲ့နေတဲ့ ဒေါ်လေးရဲ့မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။
“နင့်ယောက်ျားက အရမ်းအလုပ်များတဲ့သူဆိုတော့ အဲ့ဒီအတွက် စိတ်ပျက်မိလောက်မှာကို နားလည်ပေမဲ့…အဲ့ဒီလိုတော့ မလုပ်နဲ့။ နောက်ဆုံးမှ အိမ်ထောင်ရက်သားလေး ကောင်းကောင်းကျတာကို ဘာဖြစ်လို့ အဲ့ဒီလိုလုပ်မှာလဲ။ အခုမှ ကံစတက်တဲ့ဟာမက…တစ်သက်လုံး ကောင်းကောင်းကန်းကန်း တစ်ခုလေးတောင်မရခဲ့ဘဲ အခုမှ ကောင်းတာလေးတစ်ခုရပါတယ်၊ ဘာဖြစ်လို့ ကံကိုလွှင့်ပစ်မှာလဲ။”
လက်မထပ်ခင်က သတိထားဆိုပြီး ပြောခဲ့တဲ့လူက အခု အိမ်ထောင်ရေး ပြိုကွဲခါနီးဖြစ်လာတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဒေါ်လေးက အကောင်းတိုင်းရှိနေတဲ့လက်နဲ့ ကျွန်မပခုံးကို ထုပြီးမှ မျက်နှာကို လက်နဲ့သပ်ပြီး…တစ်ခါထပ်ပြီးတော့ တည်တည်ငြိမ်ငြိမ် စကားဆက်ပြန်တယ်။
“ဒီအတိုင်း အဲ့ဒီလိုသဘောထားပြီး နေစမ်းပါ။ အချစ်က ထမင်းကျွေးမှာမို့လို့လား။”
“ဘယ်ကျွေးပါ့မလဲ။”
“ဟုတ်တယ်မဟုတ်လား။ တခြားမိန်းမတွေသာဆို လင်လုပ်သူက အရမ်းအလုပ်များပြီး ပိုက်ဆံပဲ အိမ်ပြန်ယူလာတယ်ဆိုရင် အားကျလို့ ရူးကုန်ကြမှာ။ အမှန်အတိုင်းပြောရရင် မျက်နှာ တစ်ချက်မပြရင်တောင် အဲ့ဒီအိမ်မှာ နင် တင်းခံပြီး ထိုင်နေတာကိုက အမြတ်ပဲ…အဲ့ဒီလို ကံကောင်းတဲ့ဘဝမျိုး ထပ်ပြီးဘယ်မှာများရှိမှာလဲ။”
“ကံဆိုးတဲ့ဘဝလိုပါပဲ။”
“သူဌေးအိမ်ကချွေးမ ပြောပုံဆိုပုံမျိုး အတုခိုးပြီးတော့…”
“တကယ် ဆိုးတဲ့ဘဝလိုပါပဲ၊ ဒီအတိုင်း…”
ကျွန်မ ခုတင်မှာ ခေါင်းအပ်လိုက်မိတယ်။ တစ်သက်လုံး ခန်းခြောက်သွားပြီလို့ ထင်ထားခဲ့တဲ့မျက်ရည်တွေ စတင်စီးကျလာတော့တယ်။ ကျွန်မအဒေါ်က သူများကို ကျောလေးပုတ်ပေးပြီး နှစ်သိမ့်ပေးရကောင်းမှန်းမသိတဲ့ လူစားမျိုးပါ။ အဖေ့နာရေးတုန်းကလည်း ကျွန်မကို တစ်ခါလေးတောင် မဖက်ပေးခဲ့ပါဘူး။
သက်ပြင်းချသံက လေးလံစွာ ကျရောက်လာခဲ့တယ်။ အနည်းဆုံးတော့ ငါ့ရဲ့ကံဆိုးမှုကို စိတ်မကောင်းဖြစ်ပေးမဲ့သူ တစ်ယောက်တော့ ရှိသေးတာပါလား…ကျွန်မ ရူးရူးမိုက်မိုက်တွေးရင်း စောင်နဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။
အဲ့ဒါကြောင့် ဒီလောက်ဆိုရင်ပဲ ရပါပြီ။
****
ဂင်ယွန်းဟျောင်းက ပုံမှန်အားဖြင့် နေ့ဘက်တွေဆို စတူဒီယိုမှာ အလုပ်လုပ်လေ့ရှိပါတယ်။ အလုပ်မလုပ်ရင်တောင် အဲ့ဒီမှာ ရှိနေတတ်တယ်လေ။ အဲ့ဒါကြောင့် နေ့ဘက်မှာ သူဘယ်မှာလဲလို့ မေးနေစရာမလိုပါဘူး။
ဆေးမသောက်ခဲ့လို့ပဲဖြစ်မလား၊ လေးလွှာအထိ လှေကားတက်ရတာကို မောဟိုက်အားကုန်သလို ဖြစ်နေခဲ့တယ်။ ကျွန်မ ယွန်းဟျောင်း ကြိုပြီး လော့ခ်မချထားတဲ့တံခါးကို ဖွင့်လိုက်တယ်။
ကွန်ပျူတာနဲ့ ဂရပ်ဖစ်ဒီဇိုင်း ပရောဂျက်တစ်ခု လုပ်နေတဲ့ ယွန်းဟျောင်းက သရဲတွေ့လိုက်ရသလိုမျိုး လန့်သွားပြီး ရုတ်တရက်ကြီး ဆံပင်ကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်သပ်ချပါတော့တယ်။ ဆံမြိတ်တွေကိုစည်းပြီး မျက်မှန်ဝိုင်းကြီး တပ်ထားတာက နည်းနည်းအူကြောင်ကြောင်နိုင်ပေမဲ့ အသစ်အဆန်းတော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကျွန်မကိုမကြည့်ဘဲ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်ရင်း အလုပ်တွေရှုပ်နေခဲ့တယ်။ ကျွန်မတို့ချင်း ဘယ်လောက်ပဲရင်းနှီးပါစေ ဆွဲဆောင်မှုမရှိတဲ့ပုံတော့ မပေါက်ချင်ဘူးလို့ သူ တစ်ခါက ပြောခဲ့ဖူးပါတယ်။
အဲ့ဒီအချိန်အတွင်းမှာ ကျွန်မက ဂင်ယွန်းဟျောင်းရဲ့အနောက်ကို လျှောက်သွားလိုက်တယ်။
“ဘာလို့လဲ။ ကြည့်ကောင်းရဲ့သားနဲ့။”
အတန်ကြာအောင် အပေါ်စုစည်းထားခဲ့တဲ့ဆံပင်က ဂင်ယွန်းဟျောင်း ဘယ်လောက်ပဲကြိုးစားပါစေ အနည်းငယ် ထောင်နေဆဲပါ။ သေသပ်အောင်မလုပ်နိုင်တော့ ရှုပ်ပွနေတာပဲ ပိုကောင်းတယ်လို့ ဆုံးဖြတ်လိုက်လားမသိ၊ သူက သဘာဝကျကျပဲ ဆံပင်ကို ထိုးဖွခဲ့တယ်။ အဲ့ဒီလိုလုပ်လိုက်တော့ အခုထိ တက္ကသိုလ်ကျောင်းသားလေးနဲ့ တူနေသေးတာက အံ့ဩစရာပါပဲ။
“ဖုန်းလေးတစ်ချက်လောက်ဆက်လိုက်ဖို့က အဲ့ဒီလောက်တောင် ခက်ခဲလား။ ဘာလို့ ဒီလိုမျိုး ရုတ်တရက်ကြီး လာခဲ့ရတာလဲ။”
“ဒေါ်လေးကို ဆေးရုံမှာသတင်းသွားမေးပြီး ပြန်လာတာ။”
“ထင်တော့ထင်သား၊ လှလှပပ ဝတ်လို့စားလို့ဆိုတော့။ ဘယ်များသွားထားတာပါလိမ့်လို့။”
ယွန်းဟျောင်းက စုတ်သပ်လိုက်တယ်။ တက္ကသိုလ်ကျောင်းသူဘဝကတည်းက ဒေါ်လေးဆီ သွားတွေ့တိုင်း အမြဲတမ်း အကောင်းဆုံးအဝတ်အစားတွေချည်း ဝတ်သွားတတ်ကြောင်းကို သူက သိထားတယ်လေ။ ဆရာများနေ့မှာ ဆရာမကို သွားတွေ့သလိုပဲလို့ ယွန်းဟျောင်းက ပြောလေ့ရှိပြီး ကျွန်မကလည်း အဲ့ဒါ တော်တော်လေးမှန်တယ်လို့ တွေးခဲ့မိတယ်။ ဒေါ်လေးက မိသားစုဆိုတာနဲ့ နီးစပ်ပေမဲ့ လက်ပွန်းတတီး နေလို့မရတဲ့ မိသားစုမျိုးပါ။ ကျွန်မရဲ့ ကယ်တင်ရှင်ဆိုပေမဲ့ပေါ့လေ။
“ဒီတော့၊ ဒေါ်လေးရော အဆင်ပြေရဲ့လား။”
“အင်း။ နှစ်ပတ်နေပြီးသွားရင် ဆေးရုံဆင်းမှာ။ ငါက တအားနောက်ကျမှ သွားမိတာပေါ့။”
“ဧကန္တ အဲ့ဒီအိမ်က မသွားခိုင်းလို့လား။ အဲ့ဒီလိုမျိုး…”
ယွန်းဟျောင်းက စကားစတန်းလန်းကြီးနဲ့ ရပ်သွားခဲ့တယ်။
“ဟင့်အင်း၊ ဂရုတောင်စိုက်တာမှမဟုတ်ဘဲ။ ဟန်နမ်ဒုံမှာ တစ်လပြည့်အောင်တောင် အတူတူမနေခဲ့တာကို။”
တစ်လက ကောင်းအောင်ပြောရရင် ငရဲလိုပါပဲ။ ယောက္ခမက လက်မထပ်ရသေးခင်ကတင် ကျွန်မမှာ မိသားစုအရင်းအချာ မရှိဘူးဆိုတဲ့အချက်ကို ခုတုံးလုပ်ပြီးတော့ သူကမှ ကျွန်မကို အပြည့်အဝ စောင့်ရှောက်နိုင်တဲ့သူဆိုပြီး အသံကောင်းဟစ်တတ်ပါတယ်။ ဝူဂျင်ဟာက တအားအလုပ်များပြီး ကိုယ်ဝန်သည်ဇနီးကို အာရုံလည်းမစိုက်နိုင်တာကြောင့် တစ်ယောက်တည်းလွှတ်ထားလိုက်ရင် ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲဆိုပြီးတော့။ ကလေးမွေးလာရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့…
ဝူဂျင်ဟာက သူ့အမေသူ သိပ်ပြီးအယုံအကြည်ရှိပုံမရပေမဲ့ ဆုံးဖြတ်ချက်ကို ကျွန်မစိတ်တိုင်းကျချဖို့ ထားပေးခဲ့တယ်။ အဲ့ဒါက အမှန်တော့ မဆုံးဖြတ်နဲ့လို့ ပြောလိုက်တဲ့စကားနဲ့ အတူတူပါပဲ။ ဝူဂျင်ဟာကတော့ သိလောက်မှာမဟုတ်ပေမဲ့ပေါ့။
ယောက္ခမတင်မကဘဲ ဝူဂျင်ဟာရဲ့အဘွားကလည်း ဝင်ပါလာတာကြောင့် ရွေးချယ်စရာရယ်လို့ မရှိခဲ့ပါဘူး။ ကျွန်မလည်း ယောက္ခမရဲ့စကားကို နာနာခံခံ နားထောင်ပြီး အဲ့ဒီအိမ်ကို ပြောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဝူဂျင်ဟာက ဘယ်မှာပဲနေနေ အိမ်ကိုပြန်လာပြီး အိပ်ရုံပဲအိပ်တဲ့ ယောက်ျားလေ။ ကျွန်မ ဘယ်လိုပဲအစော်ကားခံရပါစေ၊ အနှိမ်ခံရပါစေ သူကတော့ ဘယ်တော့မှ မျက်မြင်ကိုယ်တွေ့ တွေ့ရမှာမဟုတ်ပါဘူး။ အဲ့ဒါအပြင် ယောက္ခမက သူ့သား ကြည့်နေတဲ့အရှေ့မှာဆို ကျွန်မကို ကောင်းကောင်းပဲ ဆက်ဆံပေးတာမို့လို့ပါ။
ယောက္ခမသာ အဲ့ဒီနေ့က ဝူဂျင်ဟာရှိနေတဲ့အိမ်မှာ သူရှိနေတာကိုမေ့ပြီး အမှားမလုပ်မိဘူးဆိုရင် ဝူဂျင်ဟာတစ်ယောက် အဲ့ဒီနေ့မှာ ကျွန်မကိုဆွဲခေါ်ပြီး အဲ့ဒီအိမ်ကနေ ထွက်လာစရာ အကြောင်းရှိမှာမဟုတ်ပါဘူး။
“အဲ့ဒီလိုဆိုရင်တောင် အခု မျက်နှာကောင်းလာပြီပဲ။”
“ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နေရလို့လေ။”
ကျွန်မက မျက်နှာကို လက်နဲ့သပ်ပြီး အိုးတိုးအမ်းတမ်း ပြုံးလိုက်တယ်။ ယွန်းဟျောင်းက ခြေထောက်ချင်းချိတ်ထိုင်ပြီးတော့ မေးခဲ့တယ်။
“နင့်ယောက်ျားကရော။”
“ဟင်။”
“အဲ့ဒီလို ခေါ်သွားတယ်ဆိုတော့ တစ်ခုခုလုပ်ပေးဖို့ ခေါ်သွားတာမဟုတ်ဘူးလား။”
တစ်ခုခု လုပ်ပေးတာတော့ လုပ်ပေးပါရဲ့…တစ်ပတ်လုံးကြီး အဲ့ဒီလိုနေတာက ယုံရခက်ပေမဲ့ အဲ့ဒါကို ထုတ်ပြောပြရမှာက ရှက်ဖို့ကောင်းတာကြောင့် ကျွန်မလည်း ပြန်မဖြေခင် တွန့်ဆုတ်နေမိခဲ့တယ်။
ဂင်ယွန်းဟျောင်းက အဲ့ဒါကို တလွဲအဓိပ္ပာယ်ကောက်လိုက်တယ်ထင်ပါရဲ့။ သူက ခနဲ့ပြုံးနဲ့ ထပ်မေးခဲ့တယ်။
“ဒါမှမဟုတ် ဒီအတိုင်း သဘောမကျဘူးတဲ့လား။ အဲ့ဒီမှာ ငါရှိနေလို့။”
“မဟုတ်တာ…ဂျင်ဟာက နင့်ကို အဲ့ဒီလောက် သိပ်ပြီးသဘောမကျတာမျိုး မဟုတ်လို့။”
“သောက်အဓိပ္ပာယ်မရှိတာတွေပြောပြီ။ ငါ့ကို သတ်ချင်နေသလို ပုံစံဖြစ်နေတာကိုများ။”
ပြန်ချေပစရာ စကားမရှိခဲ့ပါဘူး။ သဘောမကျတာ မဟုတ်ပါဘူးဆိုတာက အမှတ်တမဲ့ ထွက်လာတဲ့စကားပါပဲ။ အခုမှလာပြီး ခင်ပွန်းနဲ့ သူငယ်ချင်းကြားက ဆက်ဆံရေးမှာ ကောင်းတဲ့အငွေ့အသက်လေး ရှိလာစေဖို့မျှော်လင့်မိတာကလည်း ထူးဆန်းနေတာပဲပေါ့။ ကျွန်မ ခစ်ခနဲရယ်ပြီး ပြောလိုက်တယ်။
“နင်လည်း ဂျင်ဟာကို သိပ်သဘောမကျဘူးမဟုတ်လား။”
“အင်း။ စောက်ရမ်းပဲ။”
ယွန်းဟျောင်းက အဲ့ဒါကိုပဲ စောင့်နေခဲ့တဲ့အလား ပြန်ဖြေခဲ့တယ်။
“ကွာရှင်းမယ်ဆို။ အဲ့ဒါက အခုထိရော အဲ့ဒီအခြေအနေပဲလား။”
“မကွာပေးနိုင်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ အဲ့ဒီဘက်နဲ့ တရားရင်ဆိုင်ဖို့ကလည်း အဓိပ္ပာယ်မရှိဘူးလေ။”
“ငါ ရှေ့နေ မိတ်ဆက်ပေးပါမယ်ဆို။”
“ဖောက်ပြန်တာလည်းမရှိဘူး၊ အဲ့ဒီလူက။ စကားနဲ့ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနှိပ်စက်တာမျိုးလည်းမရှိဘူး၊ ငါ့ကို ရိုက်လည်းမရိုက်ဖူးဘူး။”
“အဲ့ဒါနဲ့ပဲ ပြီးသွားရောလား။ စရိုက်ချင်းမတူလို့ပါ၊ သဘောထားချင်းမတိုက်ဆိုင်လို့ပါ၊ ဘာညာပြောပေါ့။”
“စရိုက်ချင်းမတူလို့ဆိုပြီး တရားခွင်မှာနိုင်သွားတဲ့လူ တွေ့ဖူးလား။”
“ဘယ်သိမလဲ၊ ငါကတော့။”
“တကယ်တော့ ငါလည်း သေချာမသိဘူး။”
ကျွန်မ ကူကယ်ရာမဲ့စွာ ဝန်ခံလိုက်မိတယ်။
“ဒီအတိုင်း အဲ့ဒီလိုမျိုးနဲ့ တရားရင်ဆိုင်ရင် နိုင်ဖို့အခွင့်အရေးမရှိတာ…ရလဒ်က တအားသိသာနေတာမို့လို့။”
“ဒါဆို ဒီအတိုင်း အဲ့ဒီလိုပဲ ဆက်နေသွားမယ်ပေါ့လေ။”
ဂင်ယွန်းဟျောင်းက မနှစ်မြို့စွာ မျက်မှောင်ကြုတ်သွားတော့တယ်။ အဲ့ဒီလိုကြည့်လိုက်တော့ မျက်မှန်ဝိုင်းကြီးကြောင့် အူကြောင်ကြောင်ရုပ်ထွက်နေပေမဲ့ ကျွန်မက အဲ့ဒါကို ထောက်ပြမနေဘဲ ပြောလိုက်တယ်။
“အချိန်များများရရင်…ငါနဲ့ ကွာရှင်းချင်လာအောင် လုပ်လို့ရတယ်။”
“အချိန်များများရလား။”
အများကြီးရတယ်လို့ဖြေရင် အင်တာနက်ကဖေးဖြစ်ဖြစ် သွားရအောင်လို့ ပြောတော့မလိုမျိုး ဘာမှမဟုတ်သလိုလေသံနဲ့ သူက မေးခဲ့တယ်။ ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
“အချိန်က အများကြီးရတာပေါ့။ ဒါပေမဲ့ အများကြီး မသုံးချင်ဘူး။”
“တော်တော့်ကို စိတ်ကုန်နေတဲ့ပုံပါလား။”
****
Translated by D