Chapter 4
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၄ (အပိုင်း ၁)
တစ်ချိန်မှာ အမြဲတမ်း ဆန္ဒရှိခဲ့သလိုမျိုး ကျွန်မ နေ့တိုင်း သူ့ရင်ခွင်ထဲမှာ နိုးထလာရလေ့ရှိပါတယ်။
တချို့မနက်တွေမှာ ဘာအဝတ်အစားမှမပါဘဲ ကိုယ်ဗလာဖြစ်နေတတ်ပြီးတော့၊ တချို့မနက်တွေမှာ တအားသက်သောင့်သက်သာရှိတဲ့ ညဝတ်အင်္ကျီကို ဝတ်ထားတတ်ပြီး၊ တချို့မနက်တွေမှာတော့ အပြင်မှာဝတ်ထားတဲ့ ကြိုးတစ်လုံးဂါဝန်လေးပဲ ဝတ်ထားလို့ပေါ့။ မနက်ခင်းတိုင်းက အဲ့ဒီမတိုင်ခင်ညရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကွဲပြားမှုရှိပေမဲ့ အားလုံးက အိပ်မက်လိုပါပဲ။ ကျွန်မတို့တွေ အမြဲတမ်း ဒီအတိုင်းရှိခဲ့ကြသလိုမျိုး၊ အမြဲတမ်းလည်း ဒီလိုပဲ ဆက်ရှိသွားကြတော့မလိုမျိုး ကျွန်မကို ထွေးပွေ့ထားတဲ့ သူ့ကို ကြည့်လိုက်ရင် တော်တော့်ကို သဘာဝကျလှပါတယ်။
ဒါပေမဲ့ လူတွေပြောကြသလိုပဲ အိပ်မက်က အိပ်မက်အတိုင်း ရှိနေချိန်မှာသာ လှတာပါ။
ကျွန်မက ခပ်လှမ်းလှမ်းကနေ ကျွန်မတို့ကို ငေးကြည့်နေရသလိုမျိုး တစ်ခါတလေကျရင် ကျွန်မတို့က ထူးဆန်းပြီး တစ်မျိုးကြီးဖြစ်နေသလို မြင်ရပါတယ်။ အံ့ဩမှင်တက်စရာကောင်းပြီး ဘာမှမတတ်နိုင်သလို ခံစားရတာကြောင့်ပါ။ ဒါပေမဲ့ အဲ့ဒီထင်ယောင်ထင်မှား ပုံရိပ်ယောင်ထဲမှာတောင် ပျော်ရတာမျိုးမရှိခဲ့ပါဘူး။ အပူအပင်မရှိ အေးချမ်းစွာအိပ်နေတဲ့ သူ့ရဲ့မျက်နှာကိုကြည့်ရင်း နောက်ဆုံးမှာ စိတ်များယိုင်မိသွားမလားဆိုပြီး ကြောက်စိတ်ဝင်လာတော့တယ်။ အခုထိ ပြိုကွဲပျက်စီးသွားခြင်းမရှိသေးတဲ့ အချစ်က ဦးလှည့်ပြီး ပြန်ပြန်ရောက်လာတယ်လေ။
သူ့အပေါ်ချစ်တဲ့အချစ်တွေ ထိန်းချုပ်မရအောင် စို့တက်လာတိုင်း လွတ်လမ်းမရှိသလို ခံစားရပါတယ်။ အခုပဲဖြစ်ဖြစ် သူ့မျက်လုံးတွေပွင့်လာပြီး ကျွန်မစိတ်ထဲကို ဖောက်ထွင်းပြီးတော့ မြင်သွားတော့မလို ခံစားရတာကြောင့် စိတ်ကလည်း အကြောင့်ကြောင့်အကြကြပါပဲ။ ကျွန်မ လေမရလို့ အသက်မရှူနိုင်သလိုမျိုး သူ့ရင်ခွင်ထဲကနေ ထွက်ပြေးလာမိပါတော့တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မက သူ မနက်ခင်း လေ့ကျင့်ခန်း သွားမလုပ်ခင် နိုးနေကျပဲလေ။ သူက အရင်စောနိုးပြီး ကျွန်မရဲ့ အကာအကွယ်မဲ့နေတဲ့ပုံစံကို မြင်မသွားစေချင်ပါဘူး။
မိုးလင်းချိန် နောက်ကျစပြုလာပြီဖြစ်တာကြောင့် အပြင်မှာ မှောင်နေဆဲပါ။ ကျွန်မ ထမင်းစားပွဲအစွန်းမှာထိုင်ပြီး မျက်နှာချင်းဆိုင်နံရံမှာရှိတဲ့ ပြက္ခဒိန်ကို အကြောင်သား ငေးကြည့်လိုက်မိတယ်။ ခေါင်းထဲမှာတော့ အတွေးတွေ အပြည့်ပဲပေါ့။
အိပ်ခန်းဆီကနေ တံခါးပွင့်လာသံကို ကြားလိုက်ရတယ်။ သူ့ခြေလှမ်းတွေက ကျွန်မဆီ တန်းရောက်မလာခဲ့ပါဘူး။ အဝတ်လဲခန်းဆီ အရင်သွားပြီးတော့မှ ဒီဘက်နဲ့ နီးလာတာပါ။
အိပ်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးမှ ထွက်လာခဲ့သလိုမျိုး ရင်းနှီးနေတဲ့ လတ်လတ်ဆတ်ဆတ်ရနံ့က လေထဲပြည့်သွားတော့တယ်။ ဝူဂျင်ဟာက ကျွန်မထိုင်နေတဲ့ဘေးမှာ လာရပ်ပြီး ကျွန်မခါးကို ဆွဲဖက်လိုက်တယ်။ ညှပ်ရိုးအပေါ်နားလေးကို အေးစက်တဲ့နှုတ်ခမ်းတွေက ထိပါးသွားခဲ့တယ်။
“ဘာနေ့လဲ။”
“ဒီနှစ် ကောက်သစ်စားပွဲက နည်းနည်းစောနေသလို ခံစားရလို့ပါ။”
“စောနေတာလား။”
၉လပိုင်းကုန်ခါနီးကနေ ၁၀လပိုင်း အစောထဲအထိကြာတဲ့ အားလပ်ရက်က ထူးထူးခြားခြား မစောနေသလို တအားလည်း နောက်ကျမနေပါဘူး။ ကျွန်မလည်း ဘာရယ်မဟုတ် အဲ့ဒီလိုတွေးမိတဲ့ ကိုယ့်အဖြစ်ကိုယ် နည်းနည်းအံ့အားသင့်မိရပါတယ်။
သူက ကျွန်မပခုံးပေါ် မေးတင်ထားရင်း ပြောခဲ့တယ်။
“အမေ့ဆီက ဆက်သွယ်လာတာတွေကို အရေးမစိုက်နဲ့။ အားလပ်ရက်မှာ ကိစ္စတွေကို ကြည့်ရှင်းလိုက်မှာမို့လို့။”
“ပြောလိုက်ပြီလား။ ကျွန်မ ကိုယ်ဝန်ပျက်ကျသွားတယ်လို့။”
“ဟင့်အင်း။”
အရင်တစ်ခါက ဖြတ်သွားရင်ကြုံသလိုမျိုး သူပြောခဲ့တာကို တွေးလိုက်မိတော့ မကျေမနပ်ဖြစ်မိရပါတယ်။ ကျွန်မ ပခုံးကို လူးလွန့်လှုပ်ရှားပြီး သူ့ကို ဖယ်ချဖို့လုပ်လိုက်တယ်။ သူက ကျွန်မကို လွှတ်မပေးဘဲ ခေါင်းမော့ပြီးတော့ ကျွန်မရဲ့ နားပန်ကိုသာ ကိုက်ခဲ့တယ်ဆိုပေမဲ့ပေါ့။
“ပြောရမှာပေါ့။”
“ပြောရင်။”
“…”
“မင်းအတွက် အမေက ပထမဆုံးအကြိမ် အကူအညီ ဖြစ်လာလောက်မလား။”
သူက ကျွန်မစိတ်ထဲကို အကုန်ထိုးတွင်းသိမြင်နေသလို မေးလာခဲ့တယ်။ ကျွန်မက မသိချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်တယ်။
“တခြားလူလည်းမဟုတ်ဘဲ ရှင့်အမေပါ။ ၁၁လပိုင်းအကုန်မှာ မွေးလာမယ်လို့ မျှော်လင့်ထားတဲ့ မြေးက ၈လပိုင်းမှာတင် မရှိတော့ဘူးဆိုတာကို ကြိုသိထားသင့်တာပေါ့။ ဝူဘိုးဘေးကန်တော့ပွဲခန်းမမှာ ဒီအခြေအနေကို အားလုံးနဲ့အတူတူ မတွေ့ရခင်။”
“မင်း မသွားရဘူး။”
“အဲ့ဒီလိုကိစ္စက ဖြစ်နိုင်လို့လား။”
“တစ်အိမ်လုံး ဝိုင်းဂုဏ်ပြုတာ ခံချင်လို့လား။”
ဝူဂျင်ဟာက နည်းနည်း ခနဲ့တဲ့တဲ့လေသံနဲ့ မေးခဲ့တယ်။ ကျွန်မကိုရည်ရွယ်တာတော့ မဟုတ်ဘူးပေါ့။ အဲ့ဒါထက် ကျွန်မကို ကာကွယ်ဖို့အတွက် အဲ့ဒီလိုလုပ်တာပါ။
ကျွန်မက ခပ်ထေ့ထေ့ရယ်လိုက်တယ်။ ကျွန်မ ကိုယ်ဝန်ပျက်ကျသွားတာကို သူတို့သာ သိသွားကြမယ်ဆိုရင်…
“ကျိန်းသေပေါက် အားလုံး ပျော်သွားကြမှာပေါ့။”
စကားတွေပေါင်းစုံ ထွက်လာကြမှာပါပဲ။ ကျွန်မက သူတို့နဲ့တူတဲ့လူ မဟုတ်တာမို့လို့ပါ။ ယောက္ခမက သူ့ရဲ့ယောက္ခမဆီမှာ သစ္စာစောင့်သိမှုကို အစစ်ဆေးခံသလိုမျိုး ရှေ့ကနေ ဦးဆောင်လမ်းပြလုပ်ပြီးတော့ ကျွန်မကို ဝိုင်းနှိမ်ကြအောင်လုပ်ပြီး ကျွန်မကို မချစ်တာတောင် မတရားမှုကို ထိုင်မကြည့်နိုင်တဲ့ ဝူဂျင်ဟာက ကိုယ့်ရဲ့ career ကို ရွှံ့ထဲလွှင့်ပစ်ပြီးတော့ တစ်ခါထပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဦးမှာပေါ့။
မျက်ရည်လည်အောင် ကျေးဇူးတင်မိပေမဲ့ အဲ့ဒါကမှ ကျွန်မဟာ ဝူဂျင်ဟာရဲ့ ခြေချင်းဝတ်ကို ချုပ်ထားပါတယ်ဆိုတဲ့ သက်သေပါပဲ။
အဘိုးဖြစ်သူအရှေ့မှာ အခုက အကောင်းဆုံးကို ပြရမဲ့အချိန်မှာမှလေ။ တကယ်ကို ဝူဂျင်ဟာတစ်ယောက် အခုထက်ပိုပြီး မျက်နှာပန်းလှအောင် ပြရမဲ့အချိန် မရှိတော့ပါဘူး။
အသက်ရှူသံလေးတစ်ချက်ကအစ ကောင်းကောင်းပြမှဖြစ်မှာဆိုပြီး ယောက္ခမ ညည်းပြနေခဲ့တာကို မှတ်မိပါသေးရဲ့။ ကလေးဘဝကနေ အခုအချိန်အထိ ဝူဂျင်ဟာရဲ့ ကြိုးစားအားထုတ်မှုမှန်သမျှက တစ်ခုတည်းသောအရာအတွက်ပါပဲ။ သူ့အဖေ ဖျက်ဆီးခဲ့သမျှ အရာအားလုံးကို ပြန်အဖတ်ဆယ်ဖို့လေ။ သူ နဂိုကတည်းက အင်မတန်ကို အလွယ်တကူလေး ရခဲ့ရမဲ့အရာပေါ့။
ပြီးပြည့်စုံတဲ့ အခြေအနေတွေအားလုံး ကိုက်ညီနေပြီကို ကျန်တာဆိုလို့ ဥက္ကဋ္ဌဝူက အသိအမှတ်ပြုပြီး လက်ခံခွင့်ပြုဖို့ပဲရှိတော့တာပါ။ အဆုံးသတ် ပန်းတိုင်က လက်တစ်ကမ်းမှာတင် ရှိနေပါပြီ။ အဲ့ဒီမှာ ဒီအိမ်ထောင်ကို စိတ်ပျက်ကြတာကြောင့် သီသီလေးကပ်နေကာမှ တစ်နေတာလေ။
အဲ့ဒါကြောင့် အဘိုးအဘွားတွေရဲ့ မျက်လုံးအပြင်ကို ရောက်လို့မဖြစ်ဘူးဆိုပြီး ဝူဂျင်ဟာရဲ့ မြောက်မြားလှတဲ့ ဝမ်းကွဲတွေက ကိုယ်စီကိုယ်စီ ပြောင်မြောက်ပြည့်စုံလှတဲ့ အိမ်ထောင်တွေကို ပွဲထုတ်ပြီး အားလပ်ရက်တိုင်း ပင်မ ဘိုးဘွားပိုင်အိမ်ဖြစ်တဲ့ ဝူဆုန်ဝန်းမှာ စုဝေးကြတာအထိပါ ထည့်တွက်မယ်ဆိုရင် ဝူဂျင်ဟာရဲ့ လက်ရှိလုပ်ရပ်တွေက နည်းနည်း ရူးကြောင်ကြောင်နိုင်နေတယ်ဆိုတာ မမှားပါဘူး။
သူတို့အတွက်က နှစ်သစ်ကူးပွဲဖြစ်ဖြစ်၊ ကောက်သစ်စားပွဲဖြစ်ဖြစ် ဒီအတိုင်း မိသားစုတွေ စုဝေးတွေ့ဆုံကြတဲ့ အားလပ်ရက်သက်သက် မဟုတ်ဘူးလေ။ ပြောရရင် ကိုယ့်ရဲ့အာဏာနဲ့လွှမ်းမိုးမှုကို ချပြကြတဲ့ နိုင်ငံရေးဆန်ဆန် စုဝေးပွဲမျိုးနဲ့တောင် နီးစပ်မလား မသိပါဘူး…ဝူဂျင်ဟာက မိန်းမနောက်ကို ရူးရူးမူးမူးပါတယ်ဆိုပြီး အဓိပ္ပာယ်မရှိတဲ့ စွပ်စွပ်စွဲစွဲစကားတွေကတော့ လက်မထပ်ခင်ကတည်းက ကြားနေကျတွေဆိုပေမဲ့ ပထမဆုံး အတူတူသွားမဲ့ အခါကြီးရက်ကြီး အားလပ်ရက်မှာ အဲ့ဒီလိုပြုမူမယ်ဆိုရင် တကယ်ပဲ သူလည်း မျှော်လင့်ချက်မဲ့တော့မှာပါ။
ဖြစ်ချင်ဖြစ် ဟောဒီ စိတ်ပျက်စရာ အိမ်ထောင်ကို မြန်မြန်လေး ဖျက်သိမ်းလို့ရတယ်ဆိုတဲ့အကြောင်း သိသွားကြရင် တော်တော့်ကို အကူအညီ အကြီးကြီးဖြစ်မယ်ထင်ပါရဲ့။
ကျွန်မ ဆေးရုံမှာ မြင်ခဲ့ရတဲ့ ဝူဂျင်ဟာရဲ့ အပြစ်မကင်းတဲ့စိတ်ကို အခုထိလည်း အရင်အတိုင်း ခံစားမိနေရဆဲပါ။ အရင်တုန်းကသာဆို အဲ့ဒီ သနားစိတ်လေး မဖြစ်စလောက်ကိုလည်း ဝမ်းပန်းတသာ လက်ခံမိလောက်တယ်ဆိုပေမဲ့ အခုတော့ သူက ကျွန်မကိုကြည့်ပြီး ဘယ်လိုအတွေးတွေးသလဲ၊ ဘယ်လိုခံစားချက်မျိုး ခံစားရသလဲဆိုတာကို သိရတာဟာ ပင်ပန်းရပါတယ်။
“ရွဲ့ပြောနေတာမဟုတ်ပါဘူး။ ကျိန်းသေပေါက် အားလုံးပျော်ကြမှာပဲဆိုပေမဲ့…ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုအရာတွေက ကိစ္စမရှိဘူးလေ။”
လွန်ခဲ့တဲ့ သုံး၊ လေးပတ်လောက်ကတင် ကောက်သစ်စားပွဲကို ကြောက်မိခဲ့သေးပါတယ်။ ကျိန်းသေပေါက် ဝူမိသားစုကတော့ ချွေးမတွေကို အေပရွန်ဝတ်ခိုင်းပြီး ‘ငါတို့လည်း အခါကြီးရက်ကြီး အားလပ်ရက်တွေမှာ သာမန်လူတန်းစားတွေနဲ့ မခြားဘူးဟေ့’ ဆိုပြီးတော့ အတင်းဟန်လုပ်ကြုံးဝါးကြတဲ့သူတွေ မဟုတ်ပါဘူး။ မိန်းမတွေ လုပ်ရတဲ့အလုပ်က ဒီအတိုင်း တအားဈေးကြီးတဲ့ ရိုးရာဝတ်စုံတွေကိုဝတ်ပြီးတော့ ဂယ်လာရီထဲမှာ ကျက်သရေရှိတင့်တယ်စွာရပ်ပြီး လေထဲကို ဦးညွှတ်ရှိခိုးကြတဲ့ ရူးရူးမိုက်မိုက် ယောက်ျားတွေကို ကြည့်ရုံပဲလေ။ အဲ့ဒီအတွက်ကြောင့် ပုံမှန်လူတွေ ခံစားရတဲ့ အခါကြီးရက်ကြီး အားလပ်ရက် စိတ်ဖိစီးမှုနဲ့ တော်တော့်ကို ဝေးပါတယ်။
ကျွန်မက ဒီအတိုင်း အဲ့ဒီနေရာမှာ ရှိရုံလေးရှိနေလိုက်ရင် ရပြီမို့လို့ပါ။
အဲ့ဒီတော့ ကျွန်မအတွက် ဒီအတိုင်း အဲ့ဒီလိုမျိုး အဲ့ဒီနေရာမှာ ရှိနေရတဲ့ကိစ္စကိုက ပြဿနာဖြစ်နေတာပေါ့။ အစကတည်းက အဲ့ဒီလူတွေကို မကြိုက်ပါဘူး။ အဲ့ဒီမိသားစုကို မုန်းပါတယ်။ သူတို့နဲ့တူတဲ့လူလို့ မသတ်မှတ်တဲ့ အကြည့်တွေရဲ့အောက်မှာ ကြည့်စရာတစ်ခုလို ရပ်နေရတာက မသက်မသာ ဖြစ်ချင်စရာပါပဲ။ ဝူဂျင်ဟာအတွက်သာဆိုရင် အားလုံးကို သည်းခံနိုင်တယ်လို့ တွေးခဲ့တဲ့အချိန်မှာတောင် အဲ့ဒီလို ခံစားခဲ့ရတာပါ။ အဲ့ဒီအကြည့်တွေရဲ့အလယ်မှာ ပူနေတဲ့ဗိုက်ကို အောင်နိုင်ရရှိလာတဲ့ဆုလို ထုတ်ပြရမှာကို မနှစ်မြို့ပါဘူး။ ကလေးက အဲ့ဒီအကြည့်တွေကို ခံစားမိသွားမလားဆိုပြီး ကြောက်မိပါတယ်။ ကျွန်မကလေးလည်း ကျွန်မက ဘယ်လောက်တောင် အရေးမပါအရာမဝင်တဲ့လူဖြစ်ကြောင်း သိသွားလေမလားဆိုပြီးတော့လေ…
ဒါပေမဲ့ ထပ်ပြီး ဝူဂျင်ဟာက အကြောင်းရင်းရပ်တည်ချက် ဖြစ်မနေတော့တဲ့ အခုအချိန်မှာတော့ တစ်ချိန်က ကြောက်ခဲ့မိတဲ့ အရာတွေအားလုံးဟာလည်း ကြိုဆိုလက်ခံချင်စရာတွေ ဖြစ်လာတော့တာပါပဲ။ ဟောဒီ ဂုဏ်သရေကြီးလှတဲ့ မိသားစုထဲကို ဝင်လာခဲ့ရတာက အကုန် ကလေးရဲ့ကျေးဇူးကြောင့်ဆိုတော့ ကလေးမရှိတော့တဲ့ အခုအချိန်မှာ ဘာမှကြောက်စရာမရှိတော့ပါဘူး။
သွားမှဖြစ်မှာပါ။ တရားဝင် ကျွန်မတို့ရဲ့ အိမ်ထောင်ကို နောက်ကြောင်းပြန်လှည့်နိုင်စရာမရှိအောင် ဖျက်ဆီးနိုင်မဲ့ အခွင့်အရေးဖြစ်နေတာမို့လို့။
“သွားမှာပါ။ ဂျင်ဟာကို ကျဉ်းထဲကျပ်ထဲ မရောက်စေချင်ပါဘူး။”
“အခုထိလည်း ငါ့ကို ပူပန်နေသေးတယ်ပေါ့လေ။”
သူက ရယ်သံစွက်နေတဲ့အသံနဲ့ မေးလာခဲ့တယ်။ အကြည့်မှာ မျှော်လင့်ချက်အနည်းငယ်၊ မဟုတ်ရင် ရှင်းလင်းသေချာတဲ့ ကြိုတင်အာရုံရမှု၊ ကျိန်းသေတဲ့ သံသယ…သူ ကျွန်မကိုကြည့်ပြီး မေးလိုက်တာက ဘာပဲဖြစ်ဖြစ် အဲ့ဒီခေါင်းထဲမှာ ရှိနေတဲ့အရာကိုသိရလို့ အကူအညီဖြစ်မှာမဟုတ်ပါဘူး။ ကျွန်မကို စိတ်ပျော့လာအောင်လုပ်ပြီး အကွက်ထဲဝင်အောင် လုပ်မလို့ဆိုရင် ကျိန်းသေပေါက် အဲ့ဒီလိုဖြစ်မှာပါ။
“ဟုတ်ကဲ့။ ပူပန်ပါတယ်။ ရှင်က ကွာရှင်းဖို့ကိုလည်း သဘောမတူ၊ စောင့်ကြည့်တာအထိပါလုပ်နေတော့ မလူးသာမလှုပ်သာ ရှင့်ဇနီးဖြစ်နေတာမို့လို့။”
“…”
“အဲ့ဒါကြောင့်၊ ဟုတ်ကဲ့။ ပူပန်ရတာပေါ့။”
စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်မှန်းသိပေမဲ့၊ သူပြောသမျှ အကုန်လိုက်လုပ်ချင်ယောင်ဆောင်ရမယ်မှန်းသိပေမဲ့…အဲ့ဒါကြောင့် သူ့ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် သတိလက်လွတ်ဖြစ်အောင် လုပ်ရမယ်မှန်းသိပေမဲ့ တစ်ခါတလေကျရင် အပ်လိုမျိုး မကောင်းတဲ့ဓာတ်က လျှာကို လာလာဆွတတ်ပါတယ်။
မခနဲ့လိုက်ရရင် သည်းမခံနိုင်ဘဲ သူလိုချင်တဲ့အဖြေကို ရှောင်ကွင်းတာမျိုးမလုပ်ဘဲနဲ့ သည်းမခံနိုင်ပါဘူး။ ဒါကမှ သဘာဝကျတာဆိုပြီး ကျွန်မ ကိုယ့်ဘာသာ မှန်ကန်ကြောင်းအကြောင်းပြချက်ပေးခဲ့မိပါတယ်။
သူ့ကို အင်တင်တင်နဲ့ လိုက်နာနေပေမဲ့ ဘယ်လိုမှမတတ်သာဘဲ စွန့်ပစ်ပစ္စည်းလို ဖြစ်နေသလိုပါပဲ။ ကျေးဇူးကြောင့် သူ့အတွက်လည်း တအားသဘာဝကျသလို ဖြစ်နေမှာပါ။
ကျွန်မ သူ့ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး ခဏလေး ခံစားချက်တွေကို မထိန်းလိုက်နိုင်ဖြစ်သွားရုံအပြင် မပိုသလိုသဘောမျိုးနဲ့ နူးညံ့ညင်သာစွာ ပြုံးပြလိုက်တယ်။
သူ့ရှေ့မှာ အမြင်လှစေချင်လို့ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်ခဲ့တဲ့ အဲ့ဒီ ရှင်းဟီဂျူအယောင်ဆောင်အပြုံး။
“ရှင့်အတွက်မဟုတ်ဘဲ ကျွန်မအတွက်ပါ။ ရှင့်လိုလူကတော့ ကိုယ်က သူများအတွက် အပြစ်အနာအဆာတစ်ခုအပြင် မပိုတဲ့ခံစားချက်ကို ဘယ်သိပါ့မလဲ…အဲ့ဒါက ဘယ်လောက်တောင် ဆိုးဝါးသလဲဆိုတာကိုရောပေါ့။”
“ငါ့အတွက် အဲ့ဒီလိုပဲဖြစ်ဖြစ် တွေးပေးတဲ့စိတ်ကို ကျေးဇူးတင်ပေမဲ့၊ ရှင်းဟီဂျူ။ အဲ့ဒီလောက်တော့ ငါလည်း သိပါတယ်။”
“…”
“အဲ့ဒါက ထွေထွေထူးထူးလည်း မဟုတ်ပါဘူးကွာ။”
သူက အင်မတန် အဓိပ္ပာယ်ပါပါ ပြန်ဖြေခဲ့ပုံနဲ့ ကွာခြားစွာ ကျွန်မ နှုတ်ခမ်းဘေးကို အသာဖွဖွလေးနမ်းပြီးတော့ ထသွားခဲ့တယ်။
ဝူဂျင်ဟာ အိမ်ကထွက်သွားပြီးတဲ့နောက်မှာ ဘာမှလုပ်စရာမရှိဖြစ်နေတဲ့ ကျွန်မက အတန်ကြာအောင် သူ့အဖြေကို စဉ်းစားလိုက်မိတယ်။ လုံးဝ ကိုယ့်အကြောင်းမဟုတ်သလို ခံစားရတဲ့ အဲ့ဒီအကြောင်းကိုပေါ့။
****
Translated by D