Chapter 4
ကြာသည်လည်းဟောင်း…နွေသည်လည်းဟောင်း
အခန်း ၄ (အပိုင်း ၂)
အချိန်တရွေ့ရွေ့ကုန်လာတာနဲ့အမျှ ကျွန်မ နည်းနည်းပိုပြီး တည်တည်ငြိမ်ငြိမ် စုစုစည်းစည်း ရှိလာခဲ့တယ်။
တစ်ခါတလေ အင်တင်တင်မျက်နှာထားမျိုး လုပ်မိပေမဲ့လည်း အင်တင်တင် အပြုံးလောက်တော့ အလွယ်တကူ ပြုံးတတ်လာပါတယ်။ ဆူးတွေကို မျိုသိပ်ပြီး အင်တင်တင်ဖြစ်မှုကို နောက်ကျောဘက်မှာ ဖုံးဖိကွယ်ဝှက်လို့ပေါ့။ သူ့ရဲ့ လက်ဖျားလေးနဲ့ပဲ ထိလိုက်ရရင်တောင် ပျော်မိတတ်တဲ့ တစ်ချိန်က မိုက်မဲမှုမျိုးကို ထုတ်ပြပြီးတော့လေ။ အမှန်အတိုင်းပြောရရင် အဲ့ဒီခံစားချက်က အခုအထိလည်း အစစ်အမှန်နဲ့ နီးစပ်နေဆဲပဲမို့လို့ ထော်လော်ကန့်လန့်ဖြစ်မှုဆိုတာ အရိပ်အယောင်တောင် မရှိခဲ့ပါဘူး။
အဲ့ဒီလိုဆိုလို့ ဝူဂျင်ဟာက ကျွန်မကို အသာတကြည် ယုံကြည်မှာတော့မဟုတ်ပေမဲ့ အနည်းဆုံး ကျွန်မကို ဖိနှိပ်ထားဖို့အတွက် အချိန်ဖြုန်းစရာ မလိုတော့ဘူးဆိုတော့ သူ့အတွက် အဆင်ပြေသွားတဲ့ အပြောင်းအလဲပါပဲ။ ကျွန်မက ဘယ်လောက်အထိ အရှက်မရှိ သူ့ကို သဘောကျမှန်း ကောင်းကောင်းသိနေတော့…မာနရှိချင်ယောင်ဆောင်ပြနေရာက ခဏတွင်းချင်းပဲ လက်လျှော့ပြီး အရှုံးပေး၊ ထိုင်နေတဲ့ပုံလည်း ပေါက်ချင်ပေါက်နေမှာပေါ့။
အဲ့ဒါကလည်း သူက နည်းနည်းလေး ကြင်နာပြလိုက်ရုံလေးနဲ့လေ။
ဝူဂျင်ဟာက အဲ့ဒီလိုတွေးရင်တောင် ထွေထွေထူးထူး မတရားသဖြင့် ခံပြင်းမိတာမျိုး မရှိပါဘူး။ ကျွန်မက တကယ်ပဲ အဲ့ဒီလိုဖြစ်လာနိုင်တဲ့လူပါ။ ကျေးဇူးကြောင့် ကျွန်မအတွေးတွေကို ဖုံးကွယ်ရတာလည်း အဆင်ပြေခဲ့ပါတယ်။ စိတ်က အရင်အတိုင်း မပြောင်းမလဲမို့လို့လေ။
ကျွန်မ အင်မတန် ပြီးပြည့်စုံမှုမျိုး မရှိနိုင်ရင်တောင်မှ ပြီးပြည့်စုံမှုနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။
ကျွန်မတို့တွေ အရင်တုန်းကအတိုင်းနဲ့ နီးစပ်အောင်လို့ပါ။
ဝူဂျင်ဟာက ရင်ခွင်ကိုဖွင့်ပေးရင် အရင်ကမရှိခဲ့တဲ့ နူးညံ့ညင်သာမှုနဲ့ မှီနွဲ့ပွေ့ဖက်၊ ပေါင်ပေါ်တက်ထိုင်ခိုင်းရင် ထိုင်၊ နှုတ်ခမ်းကိုနမ်းရင် နှုတ်ခမ်းလေးဟပေးပြီး ပင့်သက်ကို လက်ခံ။ အင်္ကျီကြယ်သီး တစ်လုံးနှစ်လုံး စဖြုတ်ပြီဆိုရင် သူ့ရဲ့ လက်အောက်ကနေ တခြားကြယ်သီးတွေကို ကူဖြုတ်ပေး၊ ခြေတံတွေကြားထဲ ထိတွေ့ပွတ်သပ်လာရင် သူ့ကို မျှော်လင့်တကြီးဖြစ်နေသလိုမျိုး ခြေတံတွေကို ကားပေးပြီးတော့ပေါ့။
ကျွန်မတို့တွေ အရင်တုန်းကအတိုင်း တူရင်လည်းတူပြီး အဲ့ဒီထက်ပိုတာဆိုရင်တော့…အတိအကျပြောရမယ်ဆိုရင် အရင်တုန်းကနဲ့တူတာက အမှန်တော့ ကျွန်မတစ်ယောက်တည်းပါ။ သူက အချိန်တစ်ခုအရောက်မှာစပြီး ထူးထူးဆန်းဆန်း နူးညံ့ညင်သာလာတာမို့လို့လေ။
အရင်က ဝူဂျင်ဟာသာဆိုရင် အမြဲတမ်း အကောင်းအတိုင်း သေသေသပ်သပ်ရှိနေတဲ့ ကျွန်မကို အေးရာအေးကြောင်း အဝတ်ချွတ်တတ်ပြီး၊ မျက်နှာပြောင်ပြောင်နဲ့ ရုတ်တရက်ဆန်ဆန် sex ကို တောင်းဆိုတတ်ပေမဲ့ သမားရိုးကျ အထိအတွေ့အပွတ်အသပ်တွေကို နှစ်သက်ခံစားတာမျိုး မရှိပါဘူး။ ပြွတ်စ်ခနဲ အသံထွက်တဲ့ အနမ်းပဲဖြစ်ဖြစ်၊ ကျီစယ်သလို ရင်သားကို အရိုင်းဆန်ဆန် ဆုပ်နယ်ဖျစ်ညှစ်တာပဲဖြစ်ဖြစ်၊ နူးနူးညံ့ညံ့လေး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်တာပဲဖြစ်ဖြစ်ပေါ့။
Sex လည်း မလုပ်ဘဲနဲ့ သူ့ပေါင်ပေါ်မှာ ကျွန်မကို ထိုင်ခိုင်းတာရော၊ ဒီကိုလာပြီး သူ့ကို ဖက်ထားပါလို့ ကြင်ကြင်နာနာနဲ့ ရင်ခွင်ကို ဖွင့်ပေးတာမျိုးရော မရှိဘူးလေ။
အဲ့ဒီနေ့ရဲ့ အလိုရမ္မက်တွေ အာသာပြေသွားပြီဆိုရင် အဲ့ဒါ အဆုံးသတ်ပါပဲ။ သူက ဘယ်တုန်းကများ ကျွန်မကို သည်းသည်းလှုပ် လိုချင်ခဲ့ဖူးလို့လဲလို့ ပြောနေသလိုမျိုး ခန္ဓာကိုယ်ကို ဝေးဝေးခွာသွားတတ်ပါတယ်။ ကျွန်မကတော့ သဘာဝကျကျလေး ခုတင်ပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့ရတဲ့ဘက်ပေါ့။
ကိုယ်ဝန်အကြောင်းသိသွားလို့ လက်ထပ်ပြီးတဲ့နောက်မှာ ပိုလို့တောင် ကြံ့ကြံ့ခံတဲ့တံတိုင်းကြီး ရှိလာခဲ့တယ်။ တဒင်္ဂစာလေးပဲ လည်ချောင်းခြောက်လောက်အောင် ကျွန်မကို လိုချင်တပ်မက်ပြီးရင် တံတိုင်းအနောက်ကို ဝင်ရောက်ပျောက်ကွယ်သွားပြီး အေးစက်နေတဲ့ နေရာပဲကျန်ခဲ့တဲ့အဖြစ်က သံသရာလည်နေတာပါ။
ကျွန်မအဝတ်အစားတွေကိုချွတ်ပြီး တွန်းလှဲဖို့လုပ်နေချိန်မှာတောင် ဆင်ခြင်နိုင်စွမ်း တစ်စက်ကလေးမှမရှိသလို ဖြစ်နေရာက အဝတ်အစား ကျွတ်တစ်ဝက်ဖြစ်နေတဲ့ ကျွန်မကိုကြည့်တဲ့အခါ တစ်ဝက်လောက် သတိပြန်ဝင်လာတဲ့ မျက်လုံးမျိုး ဖြစ်သွားတတ်တယ်လေ။ အဲ့ဒီလောက် သည်းခံချုပ်တည်းနိုင်ရင် ဘေးကင်းလုံခြုံပြီဆိုတဲ့ ပေါ့တိပေါ့ပြက် အပြုအမူကို စိတ်ကုန်မိတဲ့အထိ စိတ်ကျဉ်းကျပ်ခဲ့ရတာပါ။
အဲ့ဒီလိုဆိုပေမဲ့လည်း သူနဲ့ပတ်သက်မှုမှာ ကျွန်မ ဖက်တွယ်ထားမိတာက အဲ့ဒီအခိုက်အတန့်လေးတွေအပြင် မရှိခဲ့ပါဘူး။ ကိုယ်ဝန်ပါရပြီးတဲ့နောက်မှာတောင် အဲ့ဒီကိစ္စကိုပဲ စောင့်စားနေခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် တစ်ခါတလေ ပြန်လှည့်ကြည့်လိုက်တဲ့အခါ ရယ်မိရုံအပြင်မရှိဘူးပေါ့။ အလုပ်မရှိအကိုင်မရှိ ကျေးဇူးပြုပြီး ယောက်ျားက ဒီနေ့ညလည်း ငါ့ကို လှတယ်လို့တွေးပါစေဆိုပြီး မျှော်လင့်တာပဲတတ်ခဲ့တဲ့ဘဝ၊ တကယ်ကို လှောင်ရယ်ရုံသာရယ်ချင်စရာ ဘဝပဲလေ။
ကိုယ့်ခြေထောက်နဲ့ကိုယ် ဆင်းခဲ့တဲ့ ချောက်နက်ကြီးပဲဆိုတော့ သူ့ကို အပြစ်တင်စရာလည်းမရှိပါဘူး။ ကျွန်မတို့က အမြဲတမ်း ခန္ဓာကိုယ်တွေကို သန့်သန့်ရှင်းရှင်း ဆေးကြောသုတ်သင်ပြီးရင် အိပ်ရာဆီပြန်လာပြီးတော့ ဝေးဝေးခွာပြီး တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းအိပ်ကြတာပါ။ သူ့ရဲ့ကျောပြင်ကို ခိုးကြည့်ခဲ့ဖူးတာတွေလည်း အများကြီးရှိခဲ့ပေမဲ့ မိသွားမှာစိုးလို့ မအိပ်ခင်မှာ ခန္ဓာကိုယ်ကို အပြင်ဘက်ကွေးပြီး အိပ်နေကျပေါ့။
မျက်လုံးမှိတ်လိုက်ရင် ကျောပြင်နှစ်ခုကြားက အကွာအဝေးကြောင်း ဝမ်းနည်းမိခဲ့ရတယ်။ အဲ့ဒီအကွာအဝေး။ ကျွန်မတို့တွေက sex ကို ဖယ်လိုက်မယ်ဆိုရင် အခြေခံအကျဆုံး ရင်းနှီးမှုကိုတောင် မျှဝေခဲ့ခြင်းမရှိတဲ့ ပတ်သက်မှုပါ။ ခင်ပွန်းရဲ့လက်ကို ဆုပ်ကိုင်နိုင်ခြင်းမရှိတဲ့ ဇနီး။ ကျွန်မတို့တွေ ဘာအဓိပ္ပာယ်မှမပါတဲ့ ပွေ့ဖက်မှုကို လုပ်ဖူးတဲ့အကြိမ်ပေါင်း ဘယ်လောက်များရှိမလဲ။
ကျွန်မတို့နှစ်ယောက်မှာ ညှိထားကြတဲ့အလား အမြဲတမ်း အကွာအဝေးတစ်ခု ရှိနေပါတယ်။ သူက ကျွန်မရဲ့ဖြစ်တည်မှုကို တတ်နိုင်သလောက်နည်းနည်းလေးပဲ လိုချင်ပြီး ကျွန်မမှာရှိတာဆိုလို့ တကယ်တမ်းက အဲ့ဒါလေးအပြင်မရှိပါဘူး။ အဲ့ဒါကြောင့် ကျွန်မက အမြဲတမ်း သူ့စိတ်တိုင်းကျသာ လိုက်လုပ်ခဲ့တာပါ။
အဲ့ဒီအတွက်ကြောင့်ပဲ ဝူဂျင်ဟာက အခုလိုမျိုး ညှိထားတဲ့အကွာအဝေးကို လျစ်လျူရှုပြီး မူမမှန်စွာ ပြုမူနေတာတောင်မှ သူ့ကို လုံးဝရူးနေတဲ့ အရူးလိုကြည့်ပြီး တွန်းဖယ်နိုင်ခြင်းမရှိခဲ့တာပေါ့။
သူ ပြောင်းလဲသွားရင်တောင် ကျွန်မက အရင်အတိုင်း ဖြူဖြူစင်စင်နဲ့ ပုံအပ်ထားရမှာမို့လို့။ သူ ကျွန်မဆီကနေ လိုချင်တဲ့အရာက ကျွန်မလည်း လိုချင်တဲ့အရာမို့လို့။
ကျွန်မ မှန်ထဲမှာထင်ဟပ်နေတဲ့ နီနီရဲရဲကိုက်ရာတွေကိုကြည့်ရင်း စုတ်သပ်လိုက်မိတယ်။ တော်တော်လေးကြာပြီးမှ ပထမဆုံးအကြိမ် မနက်စာပြင်ဖြစ်တဲ့ တစ်လျှောက်လုံးမှာ အနောက်ကနေ ကျွန်မကိုဖက်ထားရင်း ကျီစယ်ခဲ့တဲ့ ခြေရာတွေပေါ့။ နားရွက်အပြင်ဘက်ကစပြီး လည်တိုင်တစ်လျှောက်နဲ့ ညှပ်ရိုးအပေါ်နားလေးအထိ၊ သူ နှုတ်ခမ်းနဲ့ဖိပြီး ကြင်ကြင်နာနာလေး ကျွန်မကို ပွတ်သီးပွတ်သပ်လုပ်နေတဲ့ပုံစံက မှန်ထဲမှာ ပြန်ပေါ်လာခဲ့တယ်။
ကျိန်းသေပေါက် ကိုယ့်ကိုယ်ကိုယ် အဲ့ဒီအနေအထားမျိုးနဲ့ မမြင်ဖူးခဲ့တာကြောင့် အဲ့ဒီမျက်နှာထားကလည်း လုံးဝ ကျွန်မရဲ့ စိတ်ကူးသက်သက်ပဲဖြစ်နိုင်တယ်ဆိုပေမဲ့ ဝူဂျင်ဟာရဲ့ နူးညံ့ကြင်နာသလိုထင်ရတဲ့အကြည့်ကို စဉ်းလဲပရိယာယ်ကြွယ်တဲ့သူရဲ့ အကြည့်အဖြစ်ပြောင်းလဲပြီး ပြန်တွေးကြည့်လိုက်တယ်။
ဒီနေ့မနက်ကလို တူညီတဲ့အပြုအမူမျိုးနဲ့ပဲ ဝူဂျင်ဟာတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကျွန်မဆီကနေ ကတိတစ်ခုအရယူနိုင်ခဲ့ပါတယ်။ ယောက္ခမကို ဘယ်လိုအဆက်အသွယ်မှ မလုပ်ဖို့ပေါ့။ အဲ့ဒီသံသယက ကျွန်မ ဘယ်လောက်ပဲ ငြိမ်ငြိမ်ကုပ်ကုပ် သရုပ်ဆောင်နေပါစေ ပျောက်မသွားမဲ့ပုံပါပဲ။
ယောက္ခမ ကျွန်မဆီ ဆက်သွယ်လာမဲ့ကိစ္စကို မလိုအပ်ဘဲ အတင်းအကျပ် မပိတ်ပင်ပုံထောက်ရင် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူပြောခဲ့တဲ့အတိုင်း ‘ကြည့်ကြပ်ပြီးတော့’ လုပ်မယ်ထင်ပါရဲ့။ ကျွန်မက အဲ့ဒီပုဂ္ဂိုလ် ဆက်သွယ်လာတာကို ဘယ်လိုများ ရာရာစစ လက်မခံဘဲနေလို့ရမလဲလို့ ဝမ်းနည်းတဲ့မျက်နှာလေးနဲ့ ပြောလိုက်ပြီးတဲ့နောက်မှာလေ။
သူ အစတုန်းက ပြောခဲ့တဲ့အတိုင်း ယောက္ခမရဲ့ အဆက်အသွယ်ကို မဖတ်မလုပ်ဘဲနေဖို့က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတွက် အကျပ်ရိုက်ရမဲ့ကိစ္စဖြစ်ပြီး အတင်းဖိအားပေးတဲ့ကိစ္စတွေ များလာရင်များလာသလောက် ကျွန်မက တစ်ခါပြန်ပြီး သူပုန်ထမှာကို စိုးရိမ်လို့ပဲလားမသိ၊ သူက အင်မတန်ကို သတိထားပြီး ပြုမူဆောင်ရွက်ခဲ့တယ်။ ဒီကိစ္စမှာရော၊ တခြားကိစ္စတွေ အားလုံးမှာရောပေါ့။
ချော့မော့အချိုသပ်ပြီးတော့ ဦးနှောက်ကျင်းသလို စကားတွေပြောရင်း အနမ်းခြွေပြီး…အဲ့ဒီလိုအချိန်ဆိုရင် ကျွန်မ မဆိုစလောက်လေး ကြည်နူးသွားပေမဲ့ စိတ်က တခြားအတွေးတွေ တွေးမိနေတာပါ။ ဝူဂျင်ဟာ အသာဖွဖွလေး ပွတ်သပ်နေတဲ့ ဗိုက်ချပ်ချပ်လေးသာ ပြီးခဲ့တဲ့လတုန်းကလို ပူနေဆဲဖြစ်မယ်ဆိုရင် ကြည်နူးမှုတင်မကဘဲ ကျေးဇူးပါတင်မိမှာလေ။ အဲ့ဒါကမှ အဲ့ဒီနေ့မတိုင်ခင် ကျွန်မ မျှော်လင့်ခဲ့မိတဲ့ အရာအားလုံးဖြစ်တာမို့လို့ပါ။
ဝူဂျင်ဟာက ကျွန်မကို သနားလို့ပဲဖြစ်ဖြစ်၊ အသုံးဝင်တယ်ဆိုပြီး သဘောထားလို့ပဲဖြစ်ဖြစ် ကာကွယ်ပေးဖို့လုပ်တဲ့ သူ့ရဲ့စိတ်ကူးနဲ့တင် တစ်နည်းတော့ လေးစားထိုက်နေပါပြီ။ ကျွန်မတို့ ဒီအချိန်အပိုင်းအခြားကို မသိလိုက်မသိဘာသာ ကျော်ဖြတ်သွားလိုက်လို့ ဘာများပြောင်းလဲသွားမလဲဆိုတာကို မသိရပေမဲ့ပေါ့။ ဒါပေမဲ့ ဒီအချိန်အပိုင်းအခြားအတွင်းမှာ သူလုပ်တဲ့ကိစ္စတွေက တကယ်ကို အဓိပ္ပာယ်မရှိလှပါဘူး။ အဲ့ဒါကြောင့် ကျွန်မလည်း ယောက္ခမရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ သားအပေါ်အချစ်ကို အခိုင်အမာ လောင်းကြေးထပ်ထားမိခဲ့ပါတယ်။
ယောက္ခမက သူမွေးထားတဲ့သားကို နားလည်ရခက်၊ ကိုင်တွယ်ရခက်တဲ့သူအဖြစ် တွေးထားတာပါ။ အဲ့ဒီလိုဆိုရင်တောင် ဆက်တိုက်ဆိုသလို သတ္တိမွေးပြီးတော့ သူ့ကို ဒုက္ခပေးတတ်ပေမဲ့ အဲ့ဒါကလည်း တကယ်တမ်းက အကုန် ဝူဂျင်ဟာအတွက်တွေးပြီး လုပ်တဲ့ကိစ္စတွေပါပဲ။ ကျွန်မအမြင်အရ အဲ့ဒီလိုပေါ့။
ဝူဂျင်ဟာတစ်ယောက် ဒီတစ်ခါ ဘာကိုသုံးပြီး သူ့အမေသူ ချုပ်ထားသလဲ မသိပေမဲ့ နောက်ဆုံးတော့ ယောက္ခမက ဝူဂျင်ဟာအတွက်သာဆိုရင် ဝူဂျင်ဟာကိုလည်း နောက်ကျောဓားနဲ့ထိုးနိုင်တဲ့လူပါ။ များသောအားဖြင့် ဝူဂျင်ဟာ ဆန္ဒရှိတဲ့အတိုင်း ဖြစ်တယ်ဆိုပေမဲ့ ယောက္ခမရဲ့ခေါင်းထဲမှာ ‘သေရင်တောင် ဒါတော့မဖြစ်ဘူး’ ဆိုပြီး လုံးဝ လက်လျှော့လို့မရတဲ့ ကိစ္စဆိုရင်တော့ တစ်မျိုးကွဲပြားမှာလေ။ ဝူဂျင်ဟာရဲ့အမြင်မှာ တအားကို ဘာမှထွေထွေထူးထူးမဟုတ်တဲ့အရာလေး ဖြစ်နေရင်တောင်မှပေါ့။
အဲ့ဒီလိုမိန်းမအတွက် ဖုန်းလေးတစ်ကောလ်လောက်က ဘာအဓိပ္ပာယ်များရှိနိုင်မှာလဲ။
****
Translated by D