Chapter 10
Chapter 10 (အတိတ်)
《ယွီရှောင်ယွမ်က သူ့အပေါ် မချစ်၍မဟုတ်ဘဲ ထိုသူ၏ဘဝတွင် တစ်ဖက်သားအပေါ် လေးလေးနက်နက်ဖြင့် နှစ်သက်သဘောကျပေးခြင်း၊ဂရုစိုက်ပေးတတ်ခြင်းဟူ၍ တစ်ခါမျှ မရှိဖူးသောကြောင့် ဖြစ်လေသည်။》
ကျိုးချီချန်းက ရှန်းကျန့်သို့ ဦးတည်ပြီး ဟိုင်နန်လေကြောင်းလိုင်းသို့ ပြောင်းရွေ့လာခဲ့သည့် ပထမနှစ် ကုန်ခါနီးတွင် ယွီရှောင်ယွမ်နှင့် ဆုံတွေ့ခဲ့သည်။
သူတို့တွေ့ဆုံခဲ့သည့် ဇာတ်လမ်းလေးမှာ အတော်ကို အထင်ကရဖြစ်ခဲ့သည်။နောက်ပိုင်းတွင် ထိုအကြောင်းကို ထည့်ပြောမိတိုင်း ဒရာမာဇာတ်လမ်းတစ်ခု၏ ဇာတ်အိမ်နှင့် တူသည်ဟု ကျိုးချီချန်း၏သူငယ်ချင်းများက ဝိုင်းပြောကြလေသည်။
ယခုမှာ ရှန်းကျန့် – ပေါင်အန်းလေဆိပ်မှ ရှန့်ဟိုင် – ဟုန်ချောင်လေဆိပ်သို့ ဦးတည်သည့် A320ကို ကျိုးချီချန်း ပထမဆုံး စတင်မောင်းနှင်ဖူးခြင်း ဖြစ်သည်။ခရီးစဥ်တစ်ဝက်အရောက်တွင် ခရီးသည်များရှိရာ လေယာဥ်ခန်းအတွင်း၌ ကျွက်ကျွက်ဆူသွားခဲ့သည်။ခရီးသည်တစ်ယောက်က သန့်စင်ခန်းမှ ပြန်လာနေစဥ် နှလုံးဖောက်သွားပြီး မျက်နှာကလည်း ဖြူဖျော့နေလျက်၊ပါးစပ်ကိုလည်း တင်းတင်းစေ့ထားရင်း ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့သည်။ထိုဖြစ်ရပ်က ခရီးသည်အားလုံးကို ထိတ်လန့်သွားစေခဲ့၏။ကျိုးချီချန်းလည်း လေယာဥ်ပေါ်တွင် ဆရာဝန်တစ်ယောက်လောက် ပါလာပါသလားဟု လူတိုင်းကြားနိုင်အောင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ရတော့သည်။ယခု ခရီးစဥ်မှာ ရက်သတ္တပတ်တစ်ခုအလယ်တွင် ဖြစ်ရာ လေယာဥ်တစ်ဝက်မျှသာ စီးနင်းလိုက်ပါသူ ရှိပြီး ခရီးသည်အများစုမှာ အလုပ်လုပ်ရန် မလိုတော့သော အသက်ကြီးပိုင်းများ ဖြစ်နေကြသဖြင့် ကျိုးချီချန်းတွင် မျှော်လင့်ချက်များများစားစား မရှိခဲ့ပေ။သို့သော်လည်း ရှန့်ဟိုင်ရှိ နှီးနှောဖလှယ်ပွဲတစ်ခုအတွက် ဖွင့်ရက်တွင် အရောက်သွားရန် လိုနေသော ယွီရှောင်ယွမ်က လေယာဥ်ပေါ်တွင် ပါလာခဲ့သည်။သူက နှလုံးနှင့်သွေးကြောဆိုင်ရာခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်နေပြီး လက်ရှိအခြေအနေအတွက် ကွက်တိကျနေခဲ့ရာ သူက ထ ရပ်လာပြီး CPR လုပ်ဆောင်ရမည့် လေယာဥ်တွင်း လျှောက်လမ်းဆီသို့ ဦးတည်လာခဲ့သည်။
ခရီးသည်အားလုံးကို နှစ်သိမ့်ပေးပြီးနောက် လေယာဥ်မယ်တစ်ဦးက လေယာဥ်ခေါင်းခန်းသို့ ရောက်လာပြီး ကျိုးချီချန်းကို ပြောခဲ့သည်။ “အခုတော့ အခြေအနေက တည်ငြိမ်သွားပါပြီ။အာ … ဒေါက်တာကတော့ သူ့ထိုင်ခုံကို ပြန်မသွားရသေးတော့ ခါးပါတ်ပတ်ထားမှာ မဟုတ်ပါဘူး။”
ကျိုးချီချန်းက လေယာဥ်မယ်ကို ကြည့်မနေသော်လည်း သူ့ရှေ့က လေယာဥ်၏အချက်ပြဒိုင်ခွက်များကိုသာ ကြည့်နေခဲ့သည်။သူက ဖုကျိုးတွင် ဆင်းသက်ရန်အတွက် ခွင့်ပြုချက်တောင်းခံပြီး PAN-PAN ဟု တရားဝင်သတင်းပို့ထားရာ ယခု လမ်းကြောင်းမှာ မီးစိမ်းပြပြီးသား ဖြစ်နေသည်။ “ငါတို့ရဲ့ရှေ့မှာ ရာသီဥတု ဆိုးရွားနေတာ မရှိသလို ဆူဆူညံညံလဲ ဖြစ်မနေဘူး။သူ့ကို ခရီးသည်အပေါ် ကယ်တင်ဖို့အတွက်ပဲ အာရုံစိုက်ထားခိုင်းလိုက်ပါ။စိတ်မပူပါနဲ့၊သူ ပြုတ်မကျဘူးဆိုတာ ငါအနေနဲ့ သေချာပါတယ်။”
[PAN-PAN : လှေ၊ သင်္ဘော၊ လေယာဉ် သို့မဟုတ် အခြားယာဉ်တစ်စီးပေါ်တွင် တစ်စုံတစ်ဦးမှ အကူအညီလိုအပ်နေပြီး အခြေအနေသည် အရေးတကြီးဖြစ်ကြောင်း ကြေညာရန် နိုင်ငံတကာစံနှုန်းအတိုင်း အရေးပေါ်အချက်ပြမှု။ ၎င်းကို တစ်ဦးတစ်ယောက်က ချက်ချင်း အသက်အန္တရာယ် ရှိနေခြင်း သို့မဟုတ် မောင်းနှင်နေသည့် ယာဥ်အတွက် ချက်ချင်းအန္တရာယ်ရှိနေသည့် အနေအထားတွင် မသုံးပါ။ Source – Wikipedia]
မြေပြင်ထိန်းချုပ်မှုစင်တာ၏အကူအညီဖြင့် ဆင်ခြေလျှောလမ်းတွင် လူနာတင်ယာဥ်တစ်စီး အသင့်စောင့်နေပေးသည့် ဖုကျိုးလေဆိပ်သို့ နောက်ဆုံးတွင် ဆင်းသက်လိုက်နိုင်သည်။ခရီးသည်ကို ဆေးရုံသို့ ချက်ချင်း မပို့ဆောင်နိုင်သေးခင် တစ်စက္ကန့်လေးကိုမှ အလေအလွင့် မဖြစ်စေခဲ့ရပေ။ယွီရှောင်ယွမ်က နည်းလမ်းတကျ CPR လုပ်ဆောင်ခဲ့သဖြင့် ခရီးသည်မှာ အရိုးသုံးချောင်း ကျိုးထားသည့်တိုင် အသက်ကို ကယ်တင်နိုင်ခဲ့ပြီး လူနာတင်ကားပေါ်ရောက်သည်အထိ အသက်ရှင်နေသည့် လက္ခဏာများ ပြသနေဆဲပင်။ထို့နောက်မှသာ ကျိုးချီချန်းက ဖုကျိုးမှ ထွက်ခွာခဲ့ပြီး သူတို့၏ နဂိုမူလဦးတည်ရာ ဟုန်ချောင်လေဆိပ်သို့ ပျံသန်းလာခဲ့သည်။
ခရီးဆုံးပန်းတိုင်သို့ သက်ဆင်းခဲ့ပြီးနောက် လေယာဥ်ပေါ်မှ ဆင်းတော့မည်ဖြစ်သော ယွီရှောင်ယွမ်ကို ကျိုးချီချန်းက လှမ်းတား၍ ပြောခဲ့သည်။ “ဟုန်ချောင် လေကြောင်းထိန်းချုပ်စင်တာက ငါ့ဆီ Message တစ်စောင် လှမ်းပို့တယ်။လူနာက ဆေးရုံရောက်သွားပြီး အဆင်ပြေသွားပြီတဲ့။”
ထိုအခါမှသာ ယွီရှောင်ယွမ်က အမူအရာကို ဖြေလျှော့လိုက်ပြီး သူ့ကို ခေါင်းငြိမ့်ပြသည်။
ကျိုးချီချန်းက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး ပြောလိုက်သည်။ “မင်းကို ဆက်သွယ်လို့ရမဲ့ အချက်အလက်လေးတွေ ထားခဲ့ပါလား။ဒါမှ လူနာရဲ့မိသားစုတွေက မင်းကို ကျေးဇူးတင်လို့ ရမှာပေါ့။”
ယွီရှောင်ယွမ်က စကားများများ ပြောတတ်သူ မဟုတ်ပေ။သူက ငုံ့ကိုင်း၍ အိတ်ထဲကို မွှေနောက်ကာ ဆေးမှတ်တမ်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး စာရွက်တစ်ရွက် ဖြဲလိုက်သည်။ထိုစာရွက်ပေါ်တွင် သူ့ဖုန်းနံပါတ်ကို ရေးလိုက်ပြီး ကျိုးချီချန်း၏လက်ထဲသို့ ထိုးထည့်ပေးသည်။
“မင်း ဒါကို သူတို့ဆီ ပေးဖို့ မလိုပါဘူး။ဒါက မင်းအတွက်ပဲ။” ထို့နောက် သူက ပြောလေသည်။
ဤသို့ဖြင့် သူတို့အချင်းချင်း စသိခဲ့ကြသည်။
တစ်ဖက်လူကို သိပြီးနောက် ကျိုးချီချန်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။သူ့ဖုန်းနံပါတ်ကို ပေးခဲ့ခြင်းမှ ယွီရှောင်ယွမ်၏ဘဝတွင် ယုံကြည်မှုအရှိဆုံး လုပ်နိုင်ခဲ့သည့် အပြုအမူတစ်ခု ဖြစ်နေခဲ့သည်။သူက တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရပြီး အေးတိအေးစက် လူတစ်ယောက်ဖြစ်ကာ ကျိုးချီချန်းကိုယ်တိုင်ကလည်း သူ့ဘဝ၏ပတ်ပတ်လည်တွင် ကိုယ်ပိုင်အတားအဆီးများ ထားရှိပြီးသား ဖြစ်နေခဲ့သဖြင့် သူတို့က friends with benefit အဖြစ်နှင့် စတင်ခဲ့သည်။ထို့နောက် သူတို့နှစ်ယောက်လုံးက အချင်းချင်း ပို၍သဘောကျလာကြသဖြင့် တွဲကြသည့် ဆက်ဆံရေးတစ်ခု ဖြစ်လာရန် ကြိုးစားခဲ့ကြသည်။ထိုအတွေးကက ကျိုးချီချန်း၏ခေါင်းထဲသို့ တည့်တည့်မတ်မတ် ဝင်လာခဲ့သည်။သူ့အတွက် ယွီရှောင်ယွမ်က အစစရာရာ ပြီးပြည့်စုံနေခဲ့ပုံ ရလေသည်။ဥပမာ – ကျိုးချီချန်းက စတီးချောင်းထည့်ထားသည့် အစိတ်အပိုင်းများကို ဓါတ်မှန်ရိုက်ရန် သူ့ဆေးရုံသို့ လစဥ် လာတတ်သည်။ဆေးရုံတွင် ဆရာဝန်တစ်ဦးအဖြစ်၊အိမ်တွင် ချစ်သူတစ်ဦးအဖြစ် နှစ်မျိုးနှစ်စား တွေ့နိုင်လေရာ တစ်ဖက်လူက ကောင်းလွန်းသည်ဟု သူ ရှာတွေ့ခဲ့၏။
သို့သော် သူတို့ စတင်တွဲခဲ့ကြပြီးနောက် ကျိုးချီချန်းမှာ သူ့ခြေလှမ်းမှားသွားခဲ့ပြီဟု နားလည်သွားတော့သည်။ယွီရှောင်ယွမ်မှာ ထက်မြက်ပြီး အလုပ်အပေါ် တာဝန်ယူနိုင်စွမ်းရှိသည်။ကျိုးချီချန်းမှာ တစ်ဖက်လူ၏အစစအရာရာ ထူးချွန်မှု၊တည်ငြိမ်မှုတို့အပေါ် လွန်စွာ နှစ်ခြိုက်ခဲ့ပါ၏။သို့သော် တစ်ချိန်တည်းဆိုသလို တစ်ဖက်လူ ထုတ်ဖော်ပြသလာသော အထက်တန်းစားဆန်ဆန် အေးစက်စက်နိုင်မှုကြောင့် အတော်လေး စိတ်မကျေမနပ် ဖြစ်ခဲ့ရသည်။
ယွီရှောင်ယွမ်က ချိန်းတွေ့ဖို့ရာ စိတ်အားထက်သန်မှု မရှိသလို အထူးနေ့ရက်များနှင့် ချစ်သူတို့လုပ်နေကျကိစ္စများကိုလည်း ဂရုမစိုက်တတ်ပါ။ သူက တကယ့်ကို ရိုမန့်တစ် မဆန်တတ်သူ ဖြစ်ပါသည်။ကျိုးချီချန်းက သူ့အိမ်သို့ လာပြီး ရုပ်ရှင်အတူတူကြည့်ကြလျှင် တစ်ဖက်လူက ပင်ပန်းနွမ်းနယ်မှုကြောင့် ကြည့်နေရင်း တစ်ဝက်တစ်ပျက်နှင့် အိပ်ပျော်သွားတတ်သည်။ယွီရှောင်ယွမ်သည် တစ်နေ့တာလုံး တောက်လျှောက် ခွဲစိတ်မှုများကို ဆောင်ရွက်ရကြောင်း သူ သိသဖြင့် ၎င်းကို အထူးတလည် စိတ်မရှိခဲ့ပေ။သို့သော် တစ်ဖက်တွင်လည်း ထိုသို့ ဖြစ်နေခဲ့သည်။သူက ဆန္ဒအလျောက် အလုပ်ချိန်များကို ညှိယူ၍ အဆက်မပြတ် အလုပ်လုပ်ခဲ့ပြီး တစ်ညလုံးအိပ်ဖို့ကို သတိမရနိုင်သည်အထိ ညဆိုင်းဆင်းပြီးနောက် တစ်ဖက်လူနှင့် တစ်ညတာ ပိုနေနိုင်ရန်အတွက် ချက်ချင်းထွက်လာတတ်သည်။ထိုစဥ်တွင် ယွီရှောင်ယွမ် လုပ်ပေးတတ်သည့် အသိမ်မွေ့ဆုံး အပြုအမူမှာ သူ့ကို စောင်ခြုံပေးခြင်း ဖြစ်ပါသည်။တစ်ခါက သူတို့ ရန်ဖြစ်ခဲ့ကြပြီး ယွီရှောင်ယွမ်က ကျိုးချီချန်း တကယ်ကို စိတ်ပျက်သည့် တစ်စုံတစ်ရာကို ပြောလာခဲ့သည်။ သူက ပြော၏။”အလုပ်မှာ ငါက လူနာတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စကားပြောပြီး သူတို့ကို ကျေနပ်နှစ်သိမ့်ပေးရတယ်။ပြီးတော့ အိမ်ပြန်ရောက်ရင်လဲ ငါက မင်းကို ကျေနပ်နှစ်သိမ့်ပေးရပြန်တယ်။” ကျိုးချီချန်းမှာ ယွီရှောင်ယွမ်က သူ့အပေါ် ကြိုက်သည်ထက် သူကသာ တစ်ဖက်လူအပေါ် ပိုကြိုက်နေမိမှန်း နားလည်သွားတော့သည်။
နောက်ပိုင်းတွင် ကျိုးချီချန်းက ဤသို့ သဘောပေါက်လာခဲ့၏။ယွီရှောင်ယွမ်က သူ့အပေါ် မချစ်၍မဟုတ်ဘဲ ထိုသူ၏ဘဝတွင် တစ်ဖက်သားအပေါ် လေးလေးနက်နက်ဖြင့် နှစ်သက်သဘောကျပေးခြင်း၊ဂရုစိုက်ပေးတတ်ခြင်းဟူ၍ တစ်ခါမျှ မရှိဖူးသောကြောင့် ဖြစ်လေသည်။တစ်ချို့လူများမှာ ‘ r ‘တို့ ‘ s ‘တို့ကို ဘယ်တော့မှ ပီပီသသ အသံမထွက်တတ်သည်နှင့် အလားတူ၏။ယွီရှောင်ယွမ်က ချစ်တတ်သော သဘာဝနှင့် မွေးဖွားမလာခဲ့သည့်အပြင် ယခင်ကအထိ ဘယ်သူကမှ သူ့ကို ချစ်ပေးပါရန် မတောင်းဆိုခဲ့ကြပေ။
အစပိုင်းကတည်းက အဆိုပါကွာဟချက်ကို သူ ခံစားမိသည်။ရိုးရိုးသားသား ပြောရလျှင် လမ်းခွဲဖို့အထိ သူ တွေးမိသည်။ထိုသို့ လုပ်လိုက်ခြင်းက သူ့အတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရ ပိုကောင်းလိမ့်မည် ဟူ၍။သို့သော် လူတစ်ယောက်အတွက် ပထမဆုံးအချစ်ကို လက်လွှတ်ရန် အမြဲခက်ခဲတတ်ကြသည်။သူနှင့် ယွီရှောင်ယွမ်မှာ အတူရှိကြရန် ကံကြမ္မာမပါသော်လည်း နှစ်ယောက်သား ခွဲခွာရမည်ကို သူ မခံနိုင်ခဲ့ပေ။သူ့စကားသူ ပြန်ကိုးကားရပါလျှင် “ရှန့်ဟိုင်ကို သွားမဲ့ လေယာဥ်တွေအများကြီးထဲမှာ မင်းက ငါ မောင်းတဲ့ လေယာဥ်ကိုမှ စီးဖို့ ဖြစ်လာခဲ့တယ်။ဒီနိုင်ငံထဲမှာ ဆရာဝန်တွေ အများကြီး ရှိပါရက်နဲ့ ငါက မင်းအတွက် လေယာဥ်မောင်းပေးဖို့ ဖြစ်လာခဲ့တယ်။”
ပေကျင်းကို ပြန်ပြောင်းရွေ့ရမည်ဟု သိလိုက်ရသော အခိုက်အတန့်တွင် ကျိုးချီချန်းက ယွီရှောင်ယွမ်ကို အရင်ဆုံး ပြောခဲ့သည်။ထိုအခါ ယွီရှောင်ယွမ်က များများစားစား တုံ့ပြန်မလာဘဲ သိသွားပြီးနောက် ဘဝကို ပုံမှန်အတိုင်းသာ ဆက်သွားနေခဲ့ပြီး ရက်အနည်းငယ်ကြာမှ အိမ်ကို တစ်ခါသာ ပြန်လာသည်မျိုး သို့မဟုတ် ကျိုးချီချန်းကို သူ့နေရာသို့ အတော်ကြာမှ တစ်ခါ လာစေသည်မျိုး လုပ်လာသည်။ ထိုအပြုအမူများအားလုံးကြောင့် တစ်ဖက်လူမှာ ကျိုးချီချန်း ထွက်သွားတော့မည်ဆိုသော အမှန်တရားကို လုံးလုံးလျားလျား မေ့ထားနိုင်ရန် လုပ်ပေးမည့် ဆော့ဖ်ဝဲလ်အား ဦးနှောက်ထဲတွင် ထည့်သွင်းနေသည်ဟူ၍ ကျိုးချီချန်း ခံစားလာရတော့သည်။ယွီရှောင်ယွမ်သည် အချက်အလက်တစ်ခုကို သိရပြီးနောက် ကိုင်တွယ်ဖြေရှင်းရမည့်အစား အခြားပရိုဂရမ်တစ်ခုကိုသာ ရေးဆွဲလိုက်ပြီး သူတို့၏ဆက်ဆံရေးမှာ ယခင်အတိုင်း ဆက်ရှိနေသယောင်ယောင် ထိန်းသိမ်းထားပေလိမ့်မည်။သူက ဟန်မပျက် ကျိုးချီချန်းနှင့် စကားပြောနေမြဲ၊နမ်းနေမြဲ၊ဘဝကို သူနှင့်အတူ အေးအေးချမ်းချမ်း ဖြတ်သန်းနေမြဲဖြစ်ပြီး လတိုင်း၏ပထမဆုံးနေ့တွင် ကျိုးချီချန်းကို ဓါတ်မှန်ရိုက်ရန် ဆေးရုံသို့ ခေါ်သွားပေး၍ သူ့အသိ ကျွမ်းကျင်သူဆရာဝန်များထံ အပ်နှံပေးမြဲ ဖြစ်သည်။
ယွီရှောင်ယွမ်က ဟန်ဆောင်တမ်း ဆက်ကစားနေသော်လည်း ကျိုးချီချန်းက ထိုသို့ မဟုတ်ပေ။သူက အရာအားလုံးကို တွေ့ကြုံခံစားဖူးပြီးသား လူတစ်ယောက် ဖြစ်သည်။မတူညီသောမြို့များတွင် အခြေချရမည့် သူတို့၏အနာဂတ်အကြောင်း စဥ်းစား၍ ကျိုးချီချန်းက ယွီရှောင်ယွမ်နှင့် အကြာကြီး စကားပြောခဲ့သည်။သူ့အတိတ်က ဖြစ်ရပ်များအကြောင်း ထုတ်ပြောပြမည်ဆိုသော ဆုံးဖြတ်ချက်ကို မချခင်၌ သူ့နှလုံးသားကို သံမဏိသဖွယ် မာကျောစေခဲ့သည်။ယခင်က ယွီရှောင်ယွမ်ကို သူ ထုတ်ပြဖူးခဲ့သမျှ အနည်းအကျဥ်းလေး၏နောက်တကွယ်ရှိ ရှုပ်ထွေးလှသည့် ဘဝဇာတ်ကြောင်း အစိတ်အပိုင်း တစ်ခုစီတိုင်းနှင့် ၎င်းတို့ကြောင့် ဖြစ်ခဲ့ရသမျှ စိတ်ခံစားချက်များ၊ အရာအားလုံးကို တစ်ဖက်လူထံသို့ သူ ပြောပြခဲ့သည်။စစ်တပ်ထဲ ဝင်ရောက်ခဲ့သည်မှ အစပြု၍ ပိုင်ကျီယွိအပေါ် ခံစားချက်များ ဖြစ်ပေါ်လာရခြင်း၊နောက်ပိုင်းတွင် လေယာဥ်မတော်တဆ ဖြစ်မှုနှင့် မြို့ပြလေကြောင်းလိုင်းသို့ ပြောင်းရွှေ့လာခဲ့ပုံ၊သူ့မိသားစုကို မည်သို့ ထုတ်ပြောခဲ့ရပုံ စသဖြင့် အစမှ အဆုံးထိ အကုန်ထုတ်ပြောခဲ့သည်။သူက တစ်ဖက်လူ၏စိတ်သဘောထားကို မြင်ချင်ခဲ့သည်။အကယ်၍ ယွီရှောင်ယွမ်ကသာ သူ့အပေါ် ဂရုစိုက်မည်ဆိုလျှင် သူတို့ ပို၍နီးစပ်လာကြပြီး တစ်နေရာစီ ဝေးကွာနေကြသည့် ချစ်သူရည်းစားဆက်ဆံရေးတစ်ခုကို ဆက်ထိန်းသိမ်းနိုင်လောက်သည်။ဖြစ်နိုင်ပါက …ဖြစ်များဖြစ်နိုင်ပါက အခြေတကျ အလုပ်အကိုင်ရှိပြီးသူ ယွီရှောင်ယွမ်မှာ သူနှင့်အတူ ပေကျင်းသို့ ဆန္ဒအလျောက် လိုက်လာပေလိမ့်မည်။ယွီရှောင်ယွမ်က မိဘတစ်ဦးတည်းရှိသော မိသားစုမှ ကြီးပြင်းလာခဲ့ပြီး သူ့အဖေနှင့် သိပ်မရင်းနှီးဘဲ ရှန်းကျန့်တွင်လည်း သူငယ်ချင်း များများစားစား မရှိပေ။ရှန်းကျန့်တွင် တစ်နှစ်မျှသာ နေထိုင်ရသေးသော ကျိုးချီချန်းထက် ယွီရှောင်ယွမ်တွင် သူငယ်ချင်းအရေအတွက် ပိုနည်းကြောင်း ဤလအနည်းငယ်အတွင်း၌ သူ သတိထားမိခဲ့သည်။
ရှန်းကျန့်တွင် တစ်နေကုန် မရပ်မနား မိုးရွာသွန်းခဲ့သည့် ထိုနေ့ကို သူ ပြန်တွေးကြည့်မိသည်။ယွီရှောင်ယွမ်၏အိမ်တွင် ညနေခင်း နေဝင်ချိန်မှ မိုးစုန်းစုန်းချုပ်သည်အထိ နှစ်နာရီကျော်အောင် လည်ချောင်းများ ခြောက်ကပ်လာသည်အထိ သူ စကားပြောခဲ့သည်။ထို့နောက်တွင် သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေပြီး လက်ဖဝါးထက်၌ ချွေးစေးများပင် ထွက်နေခဲ့ရ၏။သို့တိုင် ယွီရှောင်ယွမ်မှာ သူ့ကို စကားအနည်းငယ်မျှသာ ပြောခဲ့သည်၊ “ငါ ဒါကို စဥ်းစားပါရစေ။” ထို့နောက် တစ်ဖက်လူက ထရပ်လိုက်ပြီး အပြင်ထွက်သွားခဲ့သည်။
၎င်းမှာ ယွီရှောင်ယွမ်၏ အရာရာအပေါ် စိတ်ပျက်နေသည့် နည်းလမ်းဖြစ်နေမှန်း အတော်လေးကြာမှ ကျိုးချီချန်း သိခဲ့ရသည်။ထိုသို့ ပြောလိုက်ကတည်းက သူ့ဆုံးဖြတ်ချက်ကို ချလိုက်ပြီးသားပင်။
ယွီရှောင်ယွမ်က သူနှင့် လမ်းခွဲခဲ့သည်။
TK Team (Chapter 10)
++++++++