Chapter 11
Chapter 11 (ပစ္စုပ္ပန်)
《နောက်ဆုံးတွင်တော့ သူတို့မှာ ကွဲပြားခြားနားသော လူများသာ ဖြစ်နေခဲ့ပါ၏။》
“ငါတို့ … ဒါကို အဆုံးသတ်သင့်ပြီ။”
လန်ဖုန်းက ထိုသို့ ပြောလိုက်ချိန်တွင် ကျိုးချီချန်းမှာ ယွဲ့ကော်ဟိုတယ်ရှိ လန်ဖုန်း၏အခန်းတံခါးကို တွန်းဖွင့်လိုက်ရုံသာ ရှိသေး၏။နှုတ်ဆက်စကားလေး တစ်ခွန်းတစ်လေပင် မဖလှယ်ရသေးပေ။
ကျိုးချီချန်းမှာ ထိုနေရာတွင်သာ မတ်တပ်ရပ်လျက် သူ သယ်လာခဲ့သော ဝိုင်ပုလင်းကို ငုံ့ကြည့်လိုက်မိသည်။လန်ဖုန်းက အင်္ဂါနေ့ညတွင် တွေ့ဆုံရန် သူထံ စာပို့လာခဲ့ပြီး ညစာအတွက် သို့မဟုတ် လိင်ဆက်ဆံရန်အတွက်ဟု အတိအကျ မဆိုထားလေရာ ကျိုးချီချန်းမှာ ၎င်းကို ထင်မှတ်မထားမိချေ။
စက္ကန့်အတော်ကြာပြီးမှ ထိုစကားကို သူ ကောင်းကောင်း သဘောပေါက်သွားရပြီး လန်ဖုန်းကို ကြည့်၍ ပြုံးပြလိုက်သည်။ “ငါ မပြန်ခင်လေး တစ်ခွက်လောက် အတူတူ သောက်ရအောင်။”
လန်ဖုန်းက ဝိုင်ချိုချိုလေးများကို နှစ်ခြိုက်တတ်ပုံရပြီး အထူးသဖြင့် ဂျာမနီနိုင်ငံဖြစ် ရီးဆလင်ဝိုင်ကို သဘောကျသည်။သူနှင့် မဆုံခင်အထိ ကျိုးချီချန်းက ထိုဝိုင်ကို မသောက်ဖူးပေ။သို့သော် ယနေ့တွင် သူက ထိုဝိုင်ကို သူငယ်ချင်းတစ်ယောက်၏အွန်လိုင်းရှော့ပ်မှ မှာယူထားပြီး ဖြစ်သည်။သူ့အတွေးမှာ ‘ငါတို့က တစ်ယောက်ကိုတစ်ယောက် ချစ်တာ၊ချိန်းတွေ့တာ မလုပ်နိုင်ဘူးဆိုပေမဲ့ ဝိုင်တော့ အတူတူ သောက်ကြမယ်’ဟူ၍။တိကျသော ရှုထောင့်မှကြည့်လျှင် သူသည် နှစ်နှစ်တာကာလအတွင်း တကယ့်ကို ပျော်ရွှင်မှုပဓါန နေထိုင်ပုံမျိုးဖြင့် နေထိုင်ခဲ့သည်။
လန်ဖုန်းက သူ့အပြုံးကို မြင်လျှင် အပြင်ဘက်ရှိ ညရှုခင်းများကို ငေးရန် အကြည့်လွှဲလိုက်၏။အမှန်စင်စစ် သူက ကျိုးချီချန်း၏အပြုံးများကို အလွန်တရာ နှစ်သက်မိပါသည်။တည်ကြည်လေးနက်ပါသော၊ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော၊စနောက်လိုသော၊ဖုံးကွယ်သိုဝှက်ထားချင်သော၊ဂရုမစိုက်လိုသော အပြုံးများအားလုံး မြင်ခဲ့ဖူးသည်။ထို့ကြောင့် တစ်ဖက်လူ၏အပြုံးကို မြင်လိုက်ရလျှင် မြင်ဖူးသမျှအနက် မအီမသာအဖြစ်ရဆုံးမြင်ကွင်း ဖြစ်နေလေရာ အချိန်အတော်ကြာအောင် အစပျိုးထားမိသည့် စကားများက သူ့ပါးစပ်ဖျားမှ ထွက်ကျလာတော့သည်။ အတော်ကြီးကို ကြာပြီးမှ သူ ပြောလိုက်သည်။ “မင်း ဒါကို သဘောတူလား။”
ကျိုးချီချန်းက မီးဖိုချောင်ရှိရာသို့ တန်းသွားလိုက်ပြီး ဝိုင်ပုလင်းဖောက်တံကို ယူထုတ်၍ ကုတ်အင်္ကျီကို ချွတ်ပြီးနောက် ဝိုင်ပုလင်းကို ဖောက်လိုက်ကာ ဝိုင်ဖန်ခွက်နှစ်ခွက်ကို ထုတ်လာပြီး သူကိုယ်တိုင်နှင့် လန်ဖုန်းအတွက် တစ်ခွက်စီ ထည့်လိုက်သည်။အခန်းထဲတွင် အလွန်တိတ်ဆိတ်နေခဲ့သည်။ရွှန်းစိုနေသော အရည်များက ဖန်ခွက်၏နံရံများဖြင့် ထိကာ ဘောင်ဘင်ခတ်နေခဲ့ပြီး ၎င်းက သူတို့နှစ်ယောက် ပထမဆုံး စတင်ဆုံစည်းခဲ့ရာ ဖန်းဟောက်၏အိမ်မှ ထိုတစ်ညကို ပြန်တွေးမိစေတော့သည်။ကျိုးချီချန်းသည် ဘား၌ သူ့ဘာသာ ကော့တေးစပ်နေခဲ့ပြီး လန်ဖုန်းက မာဂရီတာ ရိုးရိုးတစ်ခွက် မှာခဲ့သော်လည်း သူက တက်ကွီလာ နှစ်ဆ ထည့်ပေးလိုက်သည်။ထိုအခြင်းအရာကို လန်ဖုန်းက တွေ့ပြီး သတိထားမိသော်လည်း ထောက်ပြလာခြင်းမျိုး မလုပ်ခဲ့ပေ။ဖြစ်နိုင်သည်မှာ ထိုအချိန်ကတည်းက လန်ဖုန်းသည် သူ၏စိတ်ဆန္ဒများကို ပဓါနမထားဘဲ သူ့ကို ကန့်လန့်တိုက်နေသည့် တစ်ဖက်လူအပေါ် သက်ညှာလွန်းခဲ့ပါ၏။
ဝိုင်သောက်ရန် အရာအားလုံး လုပ်ပြီးမှ ကျိုးချီချန်း ပြောလိုက်သည်။ “ငါ့အတွက် မလုပ်နိုင်စရာ အကြောင်းရင်းမှ မရှိဘဲ။ဒီတော့ မင်း ဆန္ဒရှိသလို ငါတို့ ဆက်သွားမယ်။” ထင်ထားသည့်အတိုင်း တစ်ဖက်လူက လန်ဖုန်းကို ဖျောင်းဖျကြည့်ရန်ပင် မကြိုးစားခဲ့ပေ။သူ့ပါးစပ်မှ ထိုစကားများ ထွက်လာသည်ကို ကြားရလျှင် လန်ဖုန်း အမှန်ပင် ဝမ်းနည်းလာရ၏။တိုတောင်းသော နာကျင်မှုမှာ ကာလရှည်ကြာ အချိန်ဆွဲခံစားနေရသည်ထက် ပို၍ကောင်းသေး၏။ယခု သူ ဆိုးဆိုးရွားရွား ခံစားရလေ၊စဥ်းစားချင့်ချိန်နိုင်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ပြီဆိုသော အချက်က ပိုသေချာလေပင်။သူတို့အချင်းချင်း ခုနစ်ကြိမ် တွေ့ခဲ့ကြပြီး သုံးကြိမ် လိင်ဆက်ဆံခဲ့ကြသည်။သေချာပေါက် အရေအတွက် နည်းသည်မှန်သော်လည်း လုံလောက်ပါ၏။ယခင်တစ်ခေါက် ကျိုးချီချန်း ပြောခဲ့သည့်စကားများအရ သူတို့အချင်းချင်း ဆက်တွေ့နေကြလျှင်ပင် ဘာမှ အကောင်အထည်ပေါ်လာမည် မဟုတ်မှန်း လန်ဖုန်းတစ်ယောက် ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။နှစ်ဦးနှစ်ဖက် အရှုံးပေါ်နိုင်သော အခြေအနေမျိုးသာ။
ထို့နောက် လန်ဖုန်းက သူ့ထံမှ ဝိုင်တစ်ခွက်ကို ယူလိုက်သည်။သူတို့က အိပ်ရာဆီသို့ ခြေတစ်လှမ်းပင် မလှမ်းကြပဲ ထိုအစား ခုံတန်းပေါ်တွင်သာ ထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက်မှ လန်ဖုန်းက ပြောလေသည်။ “ဘာကြောင့်လဲဆိုပြီး မင်း ငါ့ကို မမေးကြည့်တော့ဘူးလား။”
ကျိုးချီချန်းက ပြောသည်။ “မင်းကမှ ဒီလို ဆက်မလုပ်ချင်တော့ဘဲလေ၊ဒါက အကြောင်းပြချက်ပေါ့၊ မဟုတ်ဘူးလား။”
လန်ဖုန်းက သူ့မျက်လုံးများထဲသို့ ငေးကြည့်ပြီး ပြော၏။ “ငါက ဒီလို ဆက်မလုပ်ချင်တော့ဘူးဆိုပေမဲ့ စိတ်ဝင်စားမှု မရှိတော့လို့ မဟုတ်ပါဘူး။တခြားတစ်ခုခုကြောင့်ပါ။”
ကျိုးချီချန်းက ဝိုင်ကို အနည်းငယ် ထပ်သောက်လိုက်ပြီး အယ်လ်ကိုဟောက သူ့ခေါင်းထဲသို့ ချက်ချင်းဆိုသလို ရောက်လာတော့သည်။ယခုလို အချိန်မှာတောင် သူက စနောက်ချင်နေဆဲ ဖြစ်၏။ “မင်း ငါ့ကို ချစ်မိသွားပြီလား။”
ရှေ့နောက် မစဥ်းစားဘဲ ပြောချလိုက်ပြီးမှ ထိုဟာသမှာ မသင့်တော်မှန်း ကျိုးချီချန်း သဘောပေါက်သွားရသည်။သို့တိုင် အလွန်နောက်ကျသွားခဲ့လေပြီ။
လန်ဖုန်းက သူပြောသည့်စကားကို ကန့်ကွက်မလာခဲ့ဘဲ စီစဥ်ထားသလိုမျိုး ပြောလာသည်။ “အခုထိတော့ ချစ်တယ်လို့ ပြောရမဲ့ အတိုင်းအတာ မဟုတ်သေးဘူး။ဒါပေမဲ့ ငါ မင်းကို အများကြီး ကြိုက်မိတယ်။” သူက ခေါင်းမော့လိုက်ပြီး မျက်ဝန်းနက်များမှာ ဖုံးကွယ်မထားသော စိတ်ခံစားချက်များဖြင့် တောက်ပနေခဲ့၏။လန်ဖုန်းက ကျိုးချီချန်း၏အပြုံးများကို ကြောက်ရွံ့သလို ကျိုးချီးချန်းက လန်ဖုန်း၏အကြည့်များကို ကြောက်သည်။သူ့မျက်ဝန်းများထဲတွင် စစ်ဗျူဟာမှူးတစ်ယောက်၏ တည်ငြိမ်မှုများ ရှိသော်လည်း ထက်ရှပြီး သိသာပေါ်လွင်သော တည့်တိုးဆန်မှုလည်း ရှိနေခဲ့၏။
“မင်းက ငါ့ရဲ့ခံစားချက်တွေကို သတိထားမိသလို ခံစားလဲ ခံစားမိတယ်။ဘာဖြစ်လို့လဲဆိုတော့ ငါက ဒီခံစားချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့ ခဲရာခဲဆစ် ကြိုးစားခဲ့လို့ပဲ။ပြီးတော့ အခုထိကို တူညီတဲ့ အချက်ပြမှုမျိုး ငါ ပြန်မရခဲ့ဘူး။ငါတို့ရဲ့ခန္ဓာကိုယ်တွေက ကိုက်ညီမှုမရှိလို့ မဟုတ်ဘူး။ငါ ထင်တာတော့ ငါတို့ကိုယ်တိုင်ကိုက ပြဿနာ ဖြစ်နေတာပဲ။ငါက ပိုလိုချင်တယ်၊ဒါပေမဲ့ မင်းက ငါ့ကို မပေးနိုင်ဘူး။ဒီတော့ ငါတို့ … ဒါကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။မင်း ဆန္ဒရှိရင် ငါတို့က သူငယ်ချင်းတွေအဖြစ်နဲ့ ဆက်ရှိနေနိုင်တယ်။ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးနဲ့ ခင်တဲ့ သူငယ်ချင်းက များများစားစား မရှိဘူးလေ။အကယ်၍ မင်း အဲ့လို မလုပ်ချင်ဘူးဆိုရင်လဲ တစ်ယောက်နဲ့တစ်ယောက် မတွေ့အောင် နေလိုက်ကြရအောင်။” သူက ကျိုးချီချန်း၏တုံ့ပြန်မှုကို လှည့်မကြည့်ခင် သူ့စိတ်ထဲတွင် ရှိသောအရာများကို ပြီးဆုံးအောင် ပြောလိုက်သည်။
ယခုထိ ကျိုးချီချန်းမှာတော့ ပုံမှန်အခြေအနေနှင့် ကွဲပြားစွာ၊ နေရာမှာတင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခဲ့ပြီး အခုတင် လန်ဖုန်း ပြောလိုက်သည့်အရာများကို နားလည်အောင် လုပ်နေရလေသည်။
လန်ဖုန်းက ခပ်ကြာကြာ စောင့်နေပေးခဲ့သည်။သေချာပေါက် နှစ်မိနစ်ကြာသည်အထိ ကျိုးချီချန်းက တိတ်ဆိတ်နေဆဲပင်။အခြေအနေမှာ ဇာတ်တိုက်ထားသော ဇာတ်ညွှန်းအတိုင်း အဆုံးထိ သရုပ်ဆောင်ပြီးနောက် ဘာဆက်ဖြစ်မည်ကို တွေးဆရန် အခုမှသာ အခွင့်အရေး ရလာသလို ဖြစ်နေခဲ့သည်။ကျိုးချီချန်းက ထိုသို့ လူတစ်ယောက်သာ။သူက လန်ဖုန်းကြိုက်သည့် ဝိုင်အမျိုးအစားကို သတိထားမိပြီး တစ်ပုလင်း ယူလာပေးသော်လည်း၊သူ့နှလုံးသားထဲတွင် ဘယ်အရာက နက်နက်ရှိုင်းရှိုင်း ရှိနေသည်ကို တစ်ဖက်လူထံ အများကြီး ထုတ်မပြလိုသဖြင့် လိင်ဆက်ဆံကြပြီးနောက် ကြာရှည်ဆက်နေမည်မဟုတ်ပေ။သူက ပူပင်ကြောင့်ကြမဲ့သော လူတစ်ယောက်ဟု ပြောလို့ရသည်။သူက ဂရုပင် မစိုက်ပဲ ထွက်သွားနိုင်သည်မှာ သေချာပါသည်။သူ ထွက်သွားခဲ့ချိန်တွင် အပြင်ပန်းအားဖြင့် ပေါ့ပေါ့တန်တန်နှင့် သဘာဝကျကျ အမူအရာဖြစ်နေသည့်တိုင် လန်ဖုန်း၏နှလုံးသားအား အပိုင်းအစ ခပ်သေးသေးတစ်ခု လှီးဖြတ်ယူသွားခဲ့သည်။
တစ်ခဏကြာပြီးနောက် ကျိုးချီချန်း ကိုင်ထားသော ဝိုင်ခွက်တွင် ဘာမှမရှိတော့။သူက ဖန်ခွက်ကို ချလိုက်ပြီး ရှပ်အင်္ကျီအပေါ်ဆုံး ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။
“ဒါက ငါတို့ရဲ့ နောက်ဆုံးအကြိမ် ဖြစ်မှာပဲ။ လုပ်ချင်လား။” သူက လန်ဖုန်းကို မေးသည်။
တစ်ဖက်လူက တတိယမြောက် ကြယ်သီးကို ဖြုတ်မည်အလုပ်တွင် လန်ဖုန်းက ကျိုးချီချန်း၏ခါးပေါ်သို့ လက်တင်လိုက်ပြီး တစ်ဖက်လူ၏လှုပ်ရှားမှုကို ရပ်သွားစေခဲ့သည်။ “ဟင့်အင်း”
ကျိုးချီချန်းက ပြောသည်။ “မင်းက မင်းရဲ့စိတ်ဆန္ဒတွေကို ထပ်ပြီး ဖိနှိပ်ထိန်းချုပ်နေတာပဲ။”
ဒီတစ်ကြိမ်တွင် လန်ဖုန်းက သူ လုပ်ချင်သလို လုပ်ခွင့်မပေးပါ။ “ရှင်းရှင်းလင်းလင်း အဆုံးသတ်လိုက်တာက ကောင်းပါတယ်။အကယ်၍ ငါတို့ လုပ်ခဲ့ရင် မင်းရော ငါရော ခံစားချက် ဆိုးဆိုးရွားရွားတွေဖြစ်ပြီး အဆုံးသတ်သွားမှာ။”
သူက တွင်တွင်ငြင်းနေသည်ကို ကြည့်ပြီး ကျိုးချီချန်းက ရှပ်အင်္ကျီကို ကြယ်သီးပြန်တပ်လိုက်သည်။ထိုအခိုက်အတန့်မျိုး ဖြစ်လာချိန်တိုင်းတွင် လန်ဖုန်းက ဆင်ခြင်တွေးတော၍ စဥ်းစားချင့်ချိန်နေပြီး ပုံမှန်မဟုတ်သော ခံစားမှုကို ထုတ်ပြလာတတ်သည်။နှိုင်းယှဥ်ကြည့်လျှင် ထိုသို့ ဆင်ခြင်တုံတရားရှိခြင်းက သူ့ကို သိမ်ငယ်စိတ် ဝင်လာအောင် လုပ်နေခဲ့သည်။ကျိုးချီချန်းက ထွက်မသွားခင်လေး ဝိုင်ပုလင်းကို အပြီးဖြတ်၍ အတော်ကြာအောင် သူနှင့်စကားပြောချင်ခဲ့သည်။သို့သော် သူ ဒီအတိုင်း ထားခဲ့လိုက်ရန်သာ ဆုံးဖြတ်ခဲ့သည်။ထိုမျှ အချိန်တိုလေးအတွင်း၊ တစ်လသာသာ အချိန်လောက်၌ သူ လုံလောက်သည်ထက် ပို၍ရနိုင်သေး၏။
လန်ဖုန်း၏အခန်းထဲမှ ထွက်လာချိန်တွင် ချိုမြသည့်တိုင် တစ်ချိန်တည်းတွင် ခါးသက်လှပါသော ဝိုင်၏စွဲထင်ကျန်ရစ်နေသည့် အရသာက လည်ချောင်းထဲမှ ဆန်တက်လာခဲ့သည်။တိုတောင်းသော အချိန်ကာလလေး၌ သူတို့နှစ်ယောက်ကြားတွင် ခံစားချက်များက ရှုပ်ထွေးပွေလီနေရသလိုမျိုးပင်။
အမှန်စင်စစ် လန်ဖုန်းက အဆုံးသတ်ချင်သည်ဟု ပြောလာခဲ့ခြင်းကို သူ မအံ့ဩမိပါ။အစကတည်းက သူနှင့်လန်ဖုန်းတို့ကြားတွင် ဤမျှအထိ တိုးတက်လာရခြင်းမှာ မိုးကောင်းကင်မှ ချီးမြှင့်ပေးသနားလာသော လက်ဆောင်တစ်ခုသာ ဖြစ်ရာ တဖြည်းဖြည်း သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီး ယခုဆိုလျှင် ထိုအချိန်သို့ ရောက်လာခဲ့လေပြီ။သူ့မှာ လန်ဖုန်းအတွက် ဘာခံစားချက်မှ မရှိသလို အစကတည်းက သူတို့မှာ တစ်ယောက်ကို တစ်ယောက် မသင့်တော်မှန်း သူ သိခဲ့သည်။အပေါ်ယံတွင် သူ ထုတ်ပြထားခဲ့သည့် ထူးခြားဆန်းကြယ်မှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီးနောက် လန်ဖုန်းက သူ့အပေါ် ခံစားချက်များ တိုးပွားလာခဲ့သည်။၎င်းကို သူ မှန်မှန်ကန်ကန် ခန့်မှန်းနိုင်ပါသည်။အပေါ်ယံလွှာကို ခွာချလိုက်ပြီး အတွင်း၌ ဖုံးကွယ်ထားသော ထူးဆန်းမှုများက ထွက်ပေါ်လာပြီးပါက လန်ဖုန်းမှာ အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားမှု လျော့နည်းသွားမည်ဟု အခုထိ သူ ခံစားနေရသည်။ထို့နောက် သူ ကြာကြာ ဆက်မနေနိုင်တော့ပါ။
လန်ဖုန်းက မိသားစုအကြောင်း သူ့ကို များများစားစား မပြောပြသော်လည်း သူတို့အတွက် တစ်ချို့အရာများကို သိနိုင်ရန် အသံထွက်ပြောပြပေးနေစရာ မလိုပေ။လန်ရိကိုဖော်ပြသည့် အမူအရာမှ အခန်းထဲတွင် မိသားစုလေးယောက် အတူရှိနေကြသော ဓါတ်ပုံ၊Whatsappရှိ မိသားစု group chat ထဲမှ အခါအားလျော်စွာ ရောက်လာမြဲဖြစ်သော messageများ၊ဤလူ၏ လတ်တလောအခြေအနေအထိ တစ်ချို့အရာများကို သိနိုင်ပါသည်။ဟိုမှ သည်မှ စကားအပိုင်းအစလေးများကို ကောက်ယူဆက်စပ်မိပြီးနောက် သူတို့အချင်းချင်း တွေ့ဖူးသည့် နှစ်ကြိမ်မြောက်မှာကတည်းက သူက ထိုသို့ ခံစားမိခဲ့သည်။လန်ဖုန်း၏မိသားစုဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ရန် ထိုက်တန်မည့် စကားလုံးသာ ရှိခဲ့ပါလျှင် ၎င်းမှာ “ညီမျှမှု” ဟူ၍သာ ဖြစ်လိမ့်မည်။ထိုသူနှင့်လန်ရိတို့ကြား၌သာမက သူနှင့် သူ့မိဘများကြားတွင်လည်း ထိုသို့သာ။ထိုစကားကို သူနှင့် သူ့ယခင်ချစ်သူဟောင်းများအကြား ဆက်ဆံရေးအထိတောင်မှ ချဲ့ထွင်အသုံးပြုနိုင်သေးသည်။
သို့တိုင် ၎င်းမှာ ကျိုးချီချန်း၏ဘဝတွင် ဘယ်သောအခါမှ ရေးရန် မဖြစ်နိုင်ပါသော စကားလုံးတစ်ခု ဖြစ်နေခဲ့သည်။သူနှင့် သူမိဘများကြား ၊သို့မဟုတ်ပါက သူနှင့် ကျိုးချီရွေ့ သို့မဟုတ် ပိုင်ကျီယွိတို့ကြား၊မည်သို့ပင် ဖြစ်စေ ထိုစကားလုံးက တည်ရှိလာနိုင်မည်မဟုတ်။သူ့ဘဝကို အကောင်းဘက်မှ ကြည့်လျှင် လေးစားအားကျဖွယ်ရာ၊လိုက်ချင်စရာ၊စူးစမ်းလေ့လာချင်စရာ ဖြစ်နေသော်လည်း မကောင်းသည့်ဘက်မှဆိုပါက သည်းခံနေရခြင်း၊မထီမဲ့မြင် ပြုခံရခြင်း၊အထင်သေးခံရခြင်းများဖြင့် ပြည့်နေ၏။လန်ဖုန်း၏ဘဝမှာ မွေးကတည်းက အလိုအလျောက် မောင်းနှင်စနစ် ပါလာခဲ့ပြီး တည်ငြိမ်သော လေထုအလွှာထဲတွင် မရပ်မနားခရီးနှင်နေခဲ့စဥ် သူ့ဘဝမှာ … ကြောက်မက်ဖွယ် လေပြင်းမုန်တိုင်းများအလယ်၌ တည့်မတ်၍ မရနိုင်အောင် အမြဲတစေ ရွဲ့စောင်းလျက် ရှိနေခဲ့သည်။
နောက်ဆုံးတွင်တော့ သူတို့မှာ ကွဲပြားခြားနားသော လူများသာ ဖြစ်နေခဲ့ပါ၏။
TK Team (Chapter 11)
++++++++