Chapter 12
Chapter 12 (ပစ္စုပ္ပန်)
《လန်ဖုန်းက အလွန်သမာသမတ်ကျသည်။သူ၏ကြင်နာမှုမှာ မှန်တစ်ချပ်နှင့်တူပြီး ကျိုးချီချန်း၏ မနှစ်မြို့ဖွယ် သူရဲဘောကြောင်မှုကို ထင်ဟပ်လာစေခဲ့သည်။》
သူနှင့်လန်ဖုန်းတို့က သူတို့၏သဘောတူညီမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ပြီး နှစ်ရက်အကြာ၊ ကျိုးချီချန်းမှာ ဟိုင်ခုန်မှ ပေကျင်းသို့ နောက်ဆုံးအကြိမ် မောင်းနှင်ပျံသန်းပြီးနောက် ကားထဲဝင်လိုက်ချိန်တွင် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။သူ ထိုနံပါတ်ကို မသိသဖြင့် ချက်ချင်း ဖုန်းကိုင်လိုက်၏။နောက်မှသာ လန်ဖုန်းက ဒတ်ချ် ဖုန်းနံပါတ်ဖြင့် သူ့ထံသို့ ဖုန်းဆက်လာကြောင်း သိလိုက်ရသည်။
“လန်ဖုန်းလား” ယခုတစ်ကြိမ်တွင် သူက တစ်ဖက်လူကို အီဗန်ဟု မခေါ်တော့ဘဲ လန်ဖုန်းဟုသာ နာမည်အပြည့်အစုံဖြင့် ခေါ်လိုက်သည်။တစ်ဖက်လူက ကြီးကြီးမားမား အချက်ပြမလာပေ။ထို့ကြောင့် နောက်ထပ်စကားတစ်ခွန်းကြားရသည်အထိ သူ ချက်ချင်းကြီး မသေချာရဲခဲ့ပေ။
“အင်း … ငါပါ။ ” လန်ဖုန်းက ပြန်ဖြေသည်။
တစ်ဖက်လူက သူ့ကို ဆက်သွယ်လာမည်ဟု ကျိုးချီချန်း မမျှော်လင့်ထားမိပေ။သူတို့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း အဆုံးသတ်ခဲ့ပြီးသားဟု ယူဆထားသည်။ထို့ကြောင့် မမေးကြည့်ခင် သူ အချိန်တစ်ချို့ ယူလိုက်ပြီး သူ့ဘာသာ ပြန်စိစစ်ကြည့်လိုက်၏။ “ဘာဖြစ်လို့လဲ၊မင်းက နယ်သာလန်မှာလား။”
လန်ဖုန်းက ဖုန်းထဲမှ ပြောသည်။ “အင်း၊ အံ့ဩမနေပါနဲ့ဦး။ငါ့ရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ မဟုတ်သလို၊ နောင်တရကြောင်း ဖော်ပြဖို့အတွက် ဖုန်းခေါ်လိုက်တာလဲ မဟုတ်ပါဘူး။WeChat ကနေတစ်ဆင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်လို့ ငါ ဖုန်းခေါ်လိုက်တာပါ။ပြီးတော့ ငါက ဒီလိုကိစ္စတွေကို စာရိုက်ပြီး တကယ်ကို မပြောတတ်ဘူးလေ။”
သူက တစ်ခဏ ရပ်တန့်သွားပြီးနောက် ကျိုးချီချန်းက ခွင့်ပြုသည့်အသံတစ်ခု လုပ်လိုက်သည်။လန်ဖုန်း၏ဖုန်းခေါ်ဆိုမှုနောက်တွင် ရှိနေသော ရည်မှန်းချက်ကို သူ တကယ်ပဲ သိမနေပါ။သို့သော် တစ်ဖက်လူအပေါ် သူ၏ခုခံကာကွယ်မှုများကို ထုတ်သုံးနေစရာမလိုတော့သဖြင့် အလွန်အကျွံ စိုးရိမ်မနေခဲ့ပေ။
ဖုန်းတစ်ဖက်မှ လန်ဖုန်းက ပြောသည်။”အဲ့ဒီနေ့က မင်း ငါ့ဆီ ယူလာပေးတဲ့ ရီးဆလင်ဝိုင်ပုလင်းအတွက် ငါ မင်းကို ကျေးဇူးတင်ချင်လို့။အဲ့ဒါကို ငါ အမ်စတာဒမ်ကို ပြန်ယူသွားပြီး ဒီနေ့ပဲ အကုန်သောက်လိုက်ပြီ။အဲ့ဒီနေ့က ပြောခဲ့တဲ့စကားတွေဆိုတာ ငါ မင်းကို ပြောဖို့ အတွက် အချိန်အကြာကြီးထဲက ပြင်ဆင်ထားပြီးသား။ဒါကြောင့်ပဲ မင်း အခန်းထဲဝင်လာတော့ ငါ ရှေ့မကြည့် နောက်မကြည့်ပဲ ဒီတိုင်း ထုတ်ပြောလိုက်မိသွားတယ်။နောက်မှပဲ မင်းက ငါ့အတွက် အထူးတလည်အနေနဲ့ တစ်ခုခုယူလာဖို့ အားထုတ်လာခဲ့တယ်ဆိုတာ သိသွားခဲ့တယ်။ … ဘာပဲဖြစ်ဖြစ်ပါ၊ ငါ မင်းအတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်သလို ခံစားရတယ်။”
“ဒီစကားတွေက အခုထိ ပြောဖို့ လိုနေတုန်းပဲ၊ဒါပေမဲ့ ငါ့ရဲ့ပြောပုံပြောနည်းက အရမ်းကို တဲ့တိုးဆန်သွားတယ်။မင်း ငါ့ကို ဘယ်တုန်းကမှ ပြောမပြခဲ့တဲ့ကိစ္စတစ်ချို့ ရှိတယ်ဆိုပေမဲ့ မင်းမှာလဲ ဒါအတွက် အကြောင်းပြချက် ရှိနေလောက်ပါတယ်၊ငါ့ဘက်က ဒါကို နားလည်တယ်ဆိုတာ မင်းကို ပြောပြချင်ရုံပါပဲ။ပြီးတော့ မင်း ငါ့ဆီအရာရာ ပြောပြလာဖို့ ငါ့ဘက်က ဖိအားမပေးချင်ဘူး။မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါ သိတယ်။ငါတို့အချင်းချင်း ချိန်းမတွေ့နိုင်ရင်တောင်မှ သူငယ်ချင်းတွေ ဖြစ်လို့ရနေတုန်းပဲ။မင်း ဆန္ဒရှိတဲ့အထိပေါ့။အနာဂတ်မှာ မင်းက ငါ့ကို သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ ဒီအကြောင်းတွေ ပြောပြချင်တယ်ဆိုလဲ မင်း ပြောလို့ ရပါတယ်။”
သူက ထိုသို့ ထပ်လုပ်နေပြန်သည်။သူ့မှာ သူ့ကိုယ်ပိုင်စိတ်ဆန္ဒ ရှိပြီး အာမခံချက်အပြည့်နှင့် ယုံကြည်မှုရှိရှိ စကားပြောလာခဲ့သည်။သူက စကားအများကြီး ပြောလာခဲ့ပြီးနောက် ကျိုးချီချန်းမှာ မည်သို့ ပြန်ဖြေရမှန်းမသိအောင် ဖြစ်နေခဲ့မှန်း သူ့ကိုယ်သူ သိသွားခဲ့သည်။သူ့အသံက ပျောက်ဆုံးသွားခဲ့ပုံ ရလေသည်။ပါးစပ်ကို ဖွင့်ပြီးသည့်တိုင် ဘာတစ်ခုမှ မပြောနိုင်တော့ပါ။လန်ဖုန်းက အလွန်သမာသမတ်ကျသည်။သူ၏ကြင်နာမှုမှာ မှန်တစ်ချပ်နှင့်တူပြီး ကျိုးချီချန်း၏ မနှစ်မြို့ဖွယ် သူရဲဘောကြောင်မှုကို ထင်ဟပ်လာစေခဲ့သည်။အကယ်၍ ကျိုးချီချန်းသာ အေးတိအေးစက်နှင့် ဘာမှမခံစားတတ်သောလူနှင့် ကြုံကြိုက်ခဲ့ရပါလျှင် နောက်ပင် ပြန်လှည့်မကြည့်စတမ်း ပြတ်ပြတ်သားသား ခွဲခွာပစ်လိုက်မည်ပင်။အခုထိ လန်ဖုန်းက နေလုံးသေးသေးလေးနှင့် တူနေဆဲသာ။သူ့အကြည်များ ကျရောက်လာသည့် နေရာတိုင်း၌ နေရောင်က အလွန်အားကောင်းလွန်းပြီး သူ့အပေါ် ထွန်းလင်းပေးလိုက်သည်နှင့် သူ့ခမျာ အဝေးသို့ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။
အဆုံးတွင် ကျိုးချီချန်းက သူ့အသံကို တည်ငြိမ်စေလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ “ငါ့ကို ဒီလို ပြောလာပေးလို့ ကျေးဇူးတင်ပါတယ်။ငါကတော့ မင်းကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူး။အဲ့ဒီနေ့က ငါ မင်းကို ဒီလိုမျိုး မပြောလိုက်မိဘူး။ဘာဖြစ်လို့လဲဆိုတော့ ငါ ထွက်မသွားခင်လေးမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ …မင်း သိပါတယ်။မှန်းကြည့်မိသလောက်တော့ ငါရှက်သွားခဲ့တယ်။ငါ့အမှားပါ။” သူက ထွက်မသွားခင် လန်ဖုန်းကို နောက်ဆုံးတစ်ကြိမ် ဆက်ဆံရန် ကမ်းလှမ်းခဲ့မိခြင်းနှင့် တစ်ဖက်လူက ဆင်ခြင်တုံတရားရှိစွာ ငြင်းပယ်လိုက်ခြင်းကို ရည်ညွှန်းနေခဲ့သည်။
သဘာဝကျစွာပင် လန်ဖုန်းက နားလည်ပေးပါသည်။သူက မြန်မြန်လေး ပြန်ဖြေလာခဲ့သည်။ “မဟုတ်ဘူး၊ငါက အရမ်းကို တဲ့တိုးဆန်သွားခဲ့တယ်။”
သူ ပြောချင်သော စကားများစွာ ရှိခဲ့သည်။ဥပမာ၊ သူက ကျိုးချီချန်းနှင့် တစ်ကြိမ်လောက် ထပ်ပြီး ဆက်ဆံချင်သေးသည်။မိုးကောင်းကင်က သူ့ကို ခွင့်ပြုပေးမည်ဆိုလျှင် အကြိမ်ရာပေါင်းများစွာ၊ထောင်ပေါင်းများစွာအထိ သူ ဒါကို လုပ်ချင်ပါသည်။
လန်ဖုန်းမှာ အမြဲတမ်း တည်ငြိမ်အေးဆေးသော စိတ်နေစိတ်ထားရှိသည်။သူ့ဘဝ၏ ၂၉နှစ်တာလုံးတွင် “မနာလိုဝန်တိုခြင်း”ဟူသော ခံစားချက်ကို တစ်ခါမှ သိပင် မသိခဲ့ဖူးပေ။သူ အမှန်တကယ် လိုချင်သော အရာတိုင်းနီးပါးကို အခက်အခဲ များများစားစား မရှိပါဘဲ လက်ဝယ်ရယူနိုင်ခဲ့၏။ထို့အပြင် စွန့်ပစ်ရန် ဆုံးဖြတ်ထားပြီးသား အရာတိုင်းကိုလည်း ဘယ်တော့မှ ပြန်လည်ကောက်ယူတတ်ခြင်း မရှိခဲ့ပေ။စက္ကန့်ပိုင်းလေးအတွင်း ကျိုးချီချန်း နမ်းခဲ့ဖူးသမျှ၊လိင်ဆက်ဆံဖူးသမျှ လူတွေအကြောင်းနှင့် သူကို ထားခဲ့ပြီးနောက် တစ်ဖက်လူ ပတ်သက်နိုင်သမျှ လူများအကြောင်းအား လန်ဖုန်း တွေးလိုက်မိချိန်တွင် တစ်ဖက်လူထံသို့ သူ့ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို မြှုပ်နှံပစ်လိုက်သည်အထိ နိုးကြွလာသော အမူအရာတစ်ခုက မျက်နှာထက်တွင် ပေါ်လာခဲ့သည်။သူနှင့် စိမ်းသက်လွန်းပါသော တစ်မူထူးခြားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။သို့သော် သူ့ထံတွင် ထိုသို့ ပိုင်စိုးပိုင်နင်းလုပ်လိုသော ခံစားချက်များ ထားရှိရန် အခွင့်အရေး ရှိမနေခဲ့ပါ။ယခင်က သူတို့၏အချစ်ကို အချင်းချင်း ဝန်ခံဖူးခြင်း မရှိခဲ့သလို တစ်ယောက်က တစ်ယောက်၏ တစ်ဦးတည်းမူပိုင် အတွင်းကျကျ ပါတနာများ ဖြစ်ရမည်ဟူ၍လည်း ကတိပေးထားခြင်းမျိုး မရှိခဲ့ပါ။ထို့ကြောင့် လန်ဖုန်းမှာ သူ ခံစားရသမျှကို ထုတ်ဖော်ပြောပြရန် မဖြစ်နိုင်မှန်း သူ့ဘာသာ သိသွားခဲ့သည်။အကယ်၍ သူ ထိုသို့ လုပ်လိုက်လျှင် တစ်ဖက်လူအပေါ် အပြစ်ပြုမိသွားလိမ့်မည်။
နောက်ဆုံးတွင် သူ ပို၍ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဒါဆို … အကယ်၍ မင်း ပြည်ပလေကြောင်းလိုင်းကို လာချင်တယ်ဆိုရင်၊ငါ့ကိုသာ ဆက်သွယ်လိုက်ပါ။”
ကျိုးချီချန်းက “အမ်း” ဟုသာ တုံ့ပြန်ခဲ့သည်။ ဖုန်း၏တစ်ဖက်ခြမ်းတွင်မူ သူက ပြုံးနေခဲ့သည်ဟု ထင်ရ၏။ “ငါတို့က ကောင်းကောင်းမွန်မွန် ခွဲခွာခဲ့ကြတာပဲလေ … ဒါပေါ့ကွာ။”
ထိုသို့ ဖုန်းဆက်ပြီးနောက် လန်ဖုန်း၏နှလုံးသားမှာ ပို၍ပေါ့ပါးလာသလို ခံစားသွားရသည်။တစ်ဖက်တွင် ကျိုးချီချန်းမှာမူ အတော်လေး ဆိုးဆိုးရွားရွား ခံစားသွားရလေသည်။
TK Team (Chapter 12)
++++++++