Chapter 4
Chapter 4 (အတိတ်)
[‘ကြိုက်တယ် ‘ဆိုသော စကားလုံးမှာ ကျိုးချီချန်းအတွက် ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်၏။]
‘ကြိုက်တယ် ‘ဆိုသော စကားလုံးမှာ ကျိုးချီချန်းအတွက် ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်၏။
တစ်စုံတစ်ယောက်အပေါ် ပထမဆုံး ကြိုက်မိခဲ့ချိန်မှာ သူ့အသက် ၁၅နှစ်တွင် ဖြစ်သည်။ထိုအချိန်က ရွှီစုစုဆိုသော ဆံပင်နှစ်ဖက် ခွဲစည်းထားသည့် ကောင်မလေးတစ်ယောက် သူ့ကို နမ်းခဲ့သည့် ရှန်ယန်းမြို့အနီး ကောင်တီမြို့ငယ်လေးတွင် နေထိုင်ခဲ့သည်။ရွှီစုစုမှာ အတန်းထဲတွင် အလှဆုံးမိန်းကလေးဟု ယူဆနိုင်ပြီး သူမကို လိုက်နေကြသူများက အများအပြားရှိသည်။ထိုသူများထဲ၌ သူတို့ကျောင်းမှ ချန်ထန်ဆိုသည့် ကောင်လေးပါ ပါခဲ့၏။ရွှီစုစုက အခြားကောင်လေးတစ်ယောက်နှင့် နမ်းခဲ့သည်ကို ပြန်ကြားရလျှင် ချန်ထန်မှာ ဒေါသထွက်သွားခဲ့ပြီး ကျိုးချီချန်းကို တိုက်ခိုက်ချင်ခဲ့သည်။
ထိုစဥ်က ရှန်ယန်းမြို့၏အလွန်အေးစက်သော ဆောင်းရာသီတွင် ဖြစ်သည်။ကောင်လေးနှစ်ယောက်က လုံးထွေးသတ်ပုတ်နေကြပြီး ကောင်လေး ငါးယောက်၊ခြောက်ယောက်ခန့် ရှိသော အုပ်စုတစ်စုက ထိုနှစ်ယောက်ကို ရပ်ကြည့်နေကြ၏။ထိုနှစ်ယောက်က သူတို့၏ချည်သားကုတ်အင်္ကျီနှင့် ဆွယ်တာများ စုတ်ပြဲသည်အထိ ရန်ဖြစ်နေပြီး သံမံတလင်းပေါ်တွင် လူးလှိမ့်နေခဲ့လျက်။သူ့တစ်ကိုယ်လုံးက ပူလောင်နေပြီး ထွက်သက်လေများအထိ ပူနွေးနေခဲ့သည်ကို ကျိုးချီချန်း မှတ်မိပါသည်။
ချန်ထန်မှာ သူ့ထက် အသက်တစ်နှစ် ပိုကြီးပြီး ကောင်ကလေးများမှာ လူပျိုဖော်ဝင်ချိန်တွင် နှစ်တိုင်းလိုလို အတော်များများ အရပ်ပိုရှည်လာတတ်ကြသည်။ကျိုးချီချန်းမှာ သူ့လောက် အရပ်မရှည်သလို ကိုယ်လုံးကိုယ်ထည် မထွားကျိုင်းသည့်တိုင် အညှာအတာမဲ့စွာ အားသွန်ခွန်စိုက် တိုက်ခိုက်နေပြီးနောက် ချန်ထန်ကို သူ့အောက်တွင် ဖိချုပ်ထားလိုက်နိုင်ပြီး အခြားကောင်လေးများကို ရှေ့ဆက်မတိုးရဲအောင် ထိန်းထားလိုက်နိုင်သည်။ချန်ထန်တွင် ရွှီစုစုထက် ပို၍ရှည်လျားသော မျက်တောင်များရှိသည်ကို သူ သတိရသွားခဲ့သည်။တခြားကောင်လေးတစ်ယောက်၏အောက်တွင် ဖိနှိပ်ခံထားရသဖြင့် မျက်တောင်ရှည်ရှည်တို့က တဖျတ်ဖျတ် လှုပ်ခတ်နေကြပြီး မျက်နှာက နီရဲနေခဲ့၏။ဆယ်နှစ်ကျော်ခန့် ကြာသွားပြီးနောက် ရွှီစုစု၏ပုံပန်းသွင်ပြင်နှင့် သူတို့ကြားက အနမ်းကို မမှတ်မိတော့သော်လည်း ချန်ထန်၏ တဖျတ်ဖျတ် ခတ်နေသော မျက်တောင်ရှည်များကိုမူ မှတ်မိနေဆဲ ဖြစ်လေသည်။စိတ်ဆန္ဒဆိုသည်မှာ မမြင်နိုင်သလို ထိတွေ့၍လည်း မရနိုင်သော တစ်စုံတစ်ရာဖြစ်ပြီး ကျိုးချီချန်းအတွက် ထိုအရာက မည်သို့မည်ပုံဖြစ်မှန်း ပထမဆုံး ဂဃနဏ သိနိုင်ခဲ့သောအကြိမ် ဖြစ်လေသည်။
ထိုညက အသက်ဆယ့်ငါးနှစ်အရွယ် ကျိုးချီချန်းမှာ ကိစ္စအများအပြားကို သင်ယူနိုင်ခဲ့သည်။
ကျောင်းတွင် ချန်ထန်နှင့် ရန်ဖြစ်ခဲ့သည့်အကြောင်းကို သူအဖေ သိသွားခဲ့သည်။အရက်လည်း သောက်ထားပြီး ပင်ပန်းနေသော အလုပ်သမားကြီး ကျိုးချန်းဟိုက်က အလွန်ဒေါသဖြစ်နေခဲ့ပြီး ကျိုးချီချန်း၏မျက်နှာကို ဆယ့်ငါးကြိမ်တိတိ ရိုက်ပစ်ခဲ့သည်။ရိုက်ချက် တစ်ချက်စီတိုင်းမှာ သူ ဒုက္ခရောက်ခဲ့ရသမျှ တစ်နှစ်စီအတွက်ဟု ပြောခဲ့သေး၏။ထို့ကြောင့် ကျိုးချီချန်းမှာ ဤအိမ်တွင် သူ၏ဖြစ်တည်မှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးလိုခြင်း မရှိမှန်း သဘောပေါက်သွားခဲ့သည်။ထိုစဥ်က သူ့ညီမလေး ကျိုးချီရွေ့မှာ အသက်တစ်နှစ် ပြည့်ပြီးခါစဖြစ်ပြီး အခန်းထဲတွင် အငိုတိတ်သွားပြီး သူမ အိပ်ပျော်သွားခဲ့သည်။သူက သူ့အဖေ၏ရှေ့တွင် ရုတ်ရုတ်သဲသဲ လုပ်လိုက်ချင်သည့်တိုင် အိပ်ပျော်နေသော ညီမဖြစ်သူကို မနိုးသွားစေလိုသဖြင့် သူ့မျက်နှာပေါ် ရိုက်နှက်ချက်များကို အသံတစ်သံပင် မထွက်ရစေပဲ ခံယူနေလိုက်သည်။သူက သူ့ထက် ငယ်ရွယ်သော ညီမလေးကို မည်သို့ ပြုမူဆက်ဆံပေးရမည်ကို သင်ယူနိုင်ခဲ့သည်။ထိုနေ့ သူငယ်ချင်းများနှင့်အတူ အပြင်ထွက်ဆော့သည့်အခါတွင် သူတို့က သူ့မျက်နှာကို မြင်သွားပြီး ဘာဖြစ်ခဲ့တာလဲလို့ ဝိုင်းမေးကြသည်။သူက ကြမ်းကြမ်းတမ်းတမ်း ပြုတ်ကျခဲ့ပြီး မျက်နှာကို ထိခိုက်သွားခဲ့သည်ဟု ပြန်ဖြေခဲ့၏။သူ၏သိက္ခာအတွက် လိမ်ညာတတ်ရန်ကိုလည်း သင်ယူလိုက်နိုင်သည်။
သူ သင်ယူနိုင်ခဲ့သမျှထဲမှ အရေးအကြီးဆုံး သင်ခန်းစာမှာ ထိုအရာသာ ဖြစ်လိမ့်မည်။စောင်အောက်တွင် လဲလျောင်းနေရင်း ရန်ဖြစ်ခဲ့သည့်အကြောင်းကို ပြန်သတိသွားပြီးနောက် သူ မခံမရပ်နိုင်အောင် ပူလောင်နေခဲ့ပြီး စိတ်ရှုပ်လာမိသည်။သူ့အောက်တွင် အဖိခံထားရသဖြင့် နီရဲနေသော ချန်ထန်၏မျက်နှာက သူ့စိတ်ထဲတွင် ပေါ်လာပြီးနောက် အလိုအလျောက် တုံ့ပြန်လာခဲ့ပြီး သူ့ကိုယ်သူ ထိတွေ့နေမိခဲ့သည်။နောက်ဆုံးတွင် အဘယ့်ကြောင့် သူက မိန်းကလေးတစ်ယောက်ကို နမ်းခဲ့ပြီးနောက် စိတ်လှုပ်ရှားမှု မရှိရခြင်း၊ရွှီစုစု၏တောက်ပသော မျက်လုံးဝိုင်းဝိုင်းများကို မြင်နေချိန်တွင် ဘာမှ မခံစားရသလို ဖြစ်နေရခြင်း၏ အကြောင်းရင်းကို သိသွားတော့သည်။သူက ယောကျ်ားလေးများကို ကြိုက်မှန်း နားလည်သဘောပေါက်သွား၏။
သူ့အသက် ဆယ့်ရှစ်နှစ်တွင် ဖြစ်ခဲ့သည့် ပထမဆုံးအဖြစ်အပျက်က သူ့ဘဝကို ပြောင်းလဲသွားစေခဲ့သည်။ရှန်ယန်းဒေသလေတပ်အခြေစိုက်စခန်းက တပ်သားသစ်များကို ခေါ်ယူစုဆောင်းလာခဲ့ရာ သူက နောက်တစ်ကြိမ် ပြန်တွေးမနေဘဲ တပ်သားသစ်အဖြစ် စာရင်းသွင်းခဲ့သည်။ထိုစဥ်က မိသားစုတစ်စုလုံးမှာ ကျိုးချန်းဟိုက်၏မဖြစ်စလောက် ပင်စင်ထောက်ပံ့ကြေးနှင့် သူ့အမေ အထည်စက်ရုံတွင် အလုပ်လုပ်ရာမှ ရသော လစာလေးကို မှီခိုနေခဲ့ရသည်။မိသားစုတွင် ကျိုးချီရွေ့ကလည်း ရှိလာခဲ့သဖြင့် ငွေရေးကြေးရေးမှာ ကြာလေ ပိုခက်ခဲလေ ဖြစ်လာရတော့သည်။ကျိုးချီချန်းကလည်း ကျောင်းတွင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဆောင်နိုင်သည့်အပြင် ကျောင်းရှိ ဆရာများက ထိန်းချုပ်ရန် ခက်ခဲသဖြင့် လက်မြှောက်ထားရပါသော နာမည်ကျော်ကျောင်းသားများထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။သူက PE တွင် တော်သဖြင့် စစ်တပ်သို့ ဝင်ရောက်လိုက်သည်က သဘာဝကျပါ၏။
သူက ကောင်လေးတွေကို ကြိုက်သော်လည်း ထိုဆန္ဒကို အသက် ဆယ့်ငါးနှစ်ကတည်းက အခိုက်အတန့်တစ်ခုစာမျှ လွတ်ထွက်မသွားရလေအောင် သိုသိပ်ချုပ်တည်းထားခဲ့ပြီး ထိုအမှန်တရား၏တည်ရှိမှုကို လုံးလုံးလျားလျား မေ့ပစ်မိလုနီးပါးအထိ သူ့ကိုယ်သူ တွန်းအားပေးထားခဲ့သည်။သူက ထိုဆန္ဒကို ဘဏ်စာအုပ်တစ်ခုလိုမျိုး မီးခံသေတ္တာထဲတွင် လုံလုံခြုံခြုံ ထည့်ပိတ်ထားနိုင်ပြီဟု ထင်မှတ်ထားခဲ့သည်က နုံအရာ ကျလွန်းခဲ့ပါ၏။ ‘ငါ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ဒီတော့ အဲ့ဒါကို သေတ္တာတစ်ခုထဲမှာ ထည့်၊ သော့ခတ်ထားပြီးတော့ ငါနဲ့ဝေးဝေးမှာ ထားလိုက်မယ်။ငါ့အတွက် အဆင်ပြေလာတဲ့အခါ ဒါကို ပြန်ထုတ်မယ်’ ဟူ၍။တစ်စုံတစ်ယောက်အပေါ် ခံစားချက်များ ရှိလာရခြင်းမှာ လွန်စွာအတွင်းကျသော အရာတစ်ခုဖြစ်မှန်း သူ မသိခဲ့ချေ။သူအနေဖြင့် မည်မျှပင် လုံလုံခြုံခြုံ ဖွက်ထားနိုင်ပါစေဦးတော့ တစ်နေ့ကျ အလိုလို ပြန်ပေါ်လာမည်သာ ဖြစ်သည်။
နှစ်နှစ်ခွဲခန့်ကြာပြီးနောက် ကျစ်ယွမ်အမည်ရှိ Type 003 လေယာဥ်တင်သင်္ဘောပေါ်တွင် ပိုင်ကျီယွိကို သူ ပထမဆုံးအကြိမ် တွေ့ခဲ့ရသည်။
LSOအများစုမှာ အစကတည်းက လေယာဥ်တင်သင်္ဘောအခြေစိုက် လေယာဥ်မှူးများ ဖြစ်ကြပြီး အကောင်းဆုံးလေယာဥ်မှူးများဟု သိကြသည်။သူ့ထက် အသက်နှစ်နှစ်ခန့် ပိုကြီးသည့် ပိုင်ကျီယွိသည်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ကျိုးချီချန်းက ရှန်ယန်းဒေသ လေတပ်အခြေစိုက်စခန်းမှ အမှတ်၂၉ တပ်မတော်သို့ ရေတပ်ဆိုင်ရာ လေကြောင်းတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပြောင်းရွေ့လာခဲ့သည့်နှစ်တွင် ထိုနေရာ၌ ပိုင်ကျီယွိက အတော်ဆုံး လေယာဥ်မှူးတစ်ယောက် ဖြစ်နေခဲ့ပြီးသားပင်။
ထိုစဥ်က သူ့အသက် ၂၁နှစ်ပြည့် မွေးနေ့အပြီး နှစ်ရက်မျှသာ ရှိသေးပြီး ကျစ်ယွမ်ပေါ် အရောက်တွင် သူ တောက်လျှောက် လှိုင်းမူးနေခဲ့သဖြင့် နေ့စဥ် နှစ်ခါခန့် သွားအန်နေကျပင်။သို့သော် ပထမဆုံး ကုန်းပတ်ပေါ် သွားမိသည့်အခါ၌ J-15 လေယာဥ်က နားကွဲမတတ် ဆူညံသံတစ်ခုနှင့်အတူ ကုန်းပတ်ပေါ်သို့ သက်ဆင်းလာသည်ကို ပထမဆုံး မြင်တွေ့လိုက်ရပြီး ကျဥ်းမြောင်းသော လေယာဥ်မှူးအခန်းမှ ထွက်လာခဲ့သူမှာ ပိုင်ကျီယွိ ဖြစ်လေသည်။
ထိုသူ၏ပခုံးထက်တွင် ဘားတန်းနှစ်တန်းနှင့် ကြယ်တစ်ပွင့် [ဒုတိယတပ်မှူး၏ရာထူးတံဆိပ်] ရှိနေပြီး ပြီးပြည့်စုံပြီး ဖြောင့်မှန်မှန်ကန်စွာ အလေးပြုလိုက်သည်ကို မြင်လိုက်ရသဖြင့် ကျန်သည့် စစ်သားတိုင်းက ဤနေရာသို့ သူတို့ ဘာကြောင့်ရောက်နေရသည့်အကြောင်း၊သူတို့၏စိတ်အားထက်သန်မှုများနှင့် အမြင့်မားဆုံး ဂုဏ်ထူးဘွဲ့ထူးများကို တွေးလိုက်မိကြသည်။ကျိုးချီချန်းသည်လည်း ထိုအရာများကို တွေးမိပါသည်။သို့သော် တခြားအရာတစ်ခုက သူ့စိတ်ထဲတွင် ထွင်ပေါ်လာခဲ့၏။အသက်ဆယ့်ငါးနှစ်အရွယ်တွင် တွေ့ခဲ့ဖူးသည့် ချန်ထန်၏ တဖျတ်ဖျတ်ခတ်နေသော မျက်တောင်ရှည်များကို သတိရလိုက်မိခြင်းပင်။
သူက လေယာဥ်မှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ပိုင်ကျီယွိမှာ သူတို့တပ်စု၏ တပ်စုမှူးဖြစ်ပြီး ကျိုးချီချန်းမှာလည်း သူ့လက်အောက်ရှိ တောက်ပပြီး အကျီစယ်တတ်ဆုံး စစ်သားလေးတစ်ယောက် ဖြစ်ခဲ့သည်။တစ်နှစ်ကြာပြီးနောက် ပိုင်ကျီယွိမှာ ဆင်းသက်ဘေးကင်းရေးအရာရှိအဖြစ် အလုပ်ပြောင်းသွားခဲ့သည်။ကျိုးချီချန်း ဆင်းသက်မှု ပြုလုပ်ချိန်၌ ဆယ်ကြိမ်တွင် ရှစ်ကြိမ်လောက်က ဆင်းသက်ရန်လုပ်ပြီးမှ ပြန်လည်ပျံတက်သွားရခြင်း ဖြစ်ခဲ့ရပြီး အကြိမ်တိုင်းတွင် အောင်အောင်မြင်မြင် ဆင်းသက်နိုင်သည်အထိ ကျိုးချီချန်းကို သူက လမ်းညွှန်ပြသပေးခဲ့သည်။နောက်ပိုင်းတွင် ကျစ်ယွင်ပေါ်တွင် အတော်ဆုံး လေယာဥ်မှူးစစ်သည်ဟူသော အမည်နာမမှာ သဘာဝကျစွာပင် ကျိုးချီချန်းထံသို့ ရောက်ရှိလာတော့သည်။
ပိုင်ကျီယွိမှာ အဖြောင့်တစ်ယောက်မှန်း သူ သိခဲ့သည်။ထို့ကြောင့် သူ့ခံစားချက်များကို အသေအချာ ဖုံးကွယ်ထားပြီး ထိုသူ၏သူငယ်ချင်းကောင်း၊ညီအစ်ကိုကောင်း တစ်ယောက်အဖြစ်နှင့်သာ ကျေနပ်ခဲ့သည်။ထိုစဥ်က သူ့ထံတွင် ထူးဆန်းသော စိတ်သဘောထားတစ်ခု ရှိခဲ့ပြီး ထိုအရာက ဘယ်တော့မှ ဖြစ်လာနိုင်စရာမရှိသည့် အချစ်ဟု သူ သိခဲ့သည်။ဆင်းသက်မှုတိုင်း၊ဖမ်းဆီးခြင်းချိတ်က ဝိုင်ယာကြိုးကို ချိတ်မိချိန်တိုင်း ၊ပိုင်ကျီယွိနှင့် အတူတူ သောက်ခဲ့ကြသောဘီယာခွက်တိုင်းနှင့် ပိုင်ကျီယွိထံမှ ကြားရသော ချစ်ခဲ့ဖူးသည့် မိန်းကလေးများအကြောင်းက သိုဝှက်ထိန်းချုပ်ထားခဲ့သော ခံစားချက်ကို ပို၍ခိုင်လုံလာအောင် လုပ်ပေးနေခဲ့ပုံရသည်။သူ့ဘက်က တိတ်တိတ်လေး တစ်ဖက်သတ် ချစ်နေမိပြီ ဆိုသည့်အဖြစ်ကို ၎င်းတို့က သက်သေခံပေးနေကြသည်။တစ်ဖက်သတ်အချစ်ဆိုသည်မှာ အဆုံးတွင် လမ်းပိတ်နေသော လမ်ကြားတစ်ခုသာ ဖြစ်သည့်တိုင် သူက အတွင်းတွင် နက်သထက် နက်အောင် လမ်းသစ်ဖောက်နေခဲ့ပါ၏။
TK Team (Chapter 4)
++++++++