Chapter 5
Chapter 5 (အတိတ်)
[ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီး နောက်တစ်ခု စတင်ခဲ့သည်။]
၂၀၁၅၊ဧပြီလ ၅ရက်၊ရေတပ်ဆိုင်ရာလေကြောင်းတက္ကသိုလ်အနီးရှိ ပေါ်ဟိုင်ပင်လယ်ကွေ့၌ လစဥ်စစ်ရေးလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လေယာဥ်တင်သင်္ဘောမှာ ပင်လယ်ပြင်၌သာ တစ်ချိန်လုံး ရှိနေခြင်းမျိုးမဟုတ်ပေ။ကျိုးချီချန်းနှင့် တခြားသူများ၏ လေ့ကျင့်ရေးအများစုမှာ ဤကဲ့သို့ စစ်တပ်အခြေစိုက်စခန်းရှိ ကုန်းမြေ၌သာ ပြုလုပ်ကြသည်။ကျိုးချီချန်းမှာ အလွန်ပုံမှန်ဖြစ်ပါသော လေ့ကျင့်ရေးမစ်ရှင်ကြောင့် သေလုနီးပါး ဖြစ်သွားခဲ့သည်။ထိုနေ့မနက်တွင် သူက ပုံမှန်အတိုင်း မနက်စာစားပြီးနောက် ပိုင်ကျီယွိနှင့် သူသိသော တခြားလေယာဥ်မှူးများကို နှုတ်ဆက်လိုခဲ့သည်။သို့သော် ပိုင်ကျီယွိကို ရှာမတွေ့ခဲ့ပါ။သူက မိသားစုထံ အလည်အပတ်သွားရန် အိမ်ပြန်သွားသည်ဟု လေယာဥ်မှူးတစ်ယောက်က ပြောခဲ့သည်။
လွန်ခဲ့သောနေ့ညက ပိုင်ကျီယွိမှာ သူနှင့်အတူ တစ်စားပွဲထဲတွင် ထိုင်၍ ညစာအတူ စားခဲ့သဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ကျိုးချီချန်း သိလိုက်ရ၏။ထိုသူက စကား များများစားစား မပြောခဲ့သလို အိမ်ပြန်မည့်အကြောင်းကိုလည်း တစ်ခွန်းပင် မဟခဲ့ပါ။ပိုင်ကျီယွိ၏ဖခင်က ကျန်းမာရေး သိပ်မကောင်းကြောင်း သူ သိသဖြင့် ယနေ့ မစ်ရှင်ပြီးဆုံးချိန်တွင် အိမ်ပြန်မလားဟု ပိုင်ကျီယွိကို မေးကြည့်သင့်သည်ဆိုပြီး ကျိုးချီချန်း တွေးလိုက်မိသေးသည်။မကြာသေးမီကပင် ပိုင်ကျီယွိမှာ အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ သူနှင့် ခပ်ခွာခွာနေလာသည်ကို သူ ခံစားမိနေ၏။သူတို့က အဆောင်တစ်ခုတည်းတွင် နေထိုင်ကြခြင်း မဟုတ်ရကား ထိုသူကို မကြာခဏ တွေ့ရလေ့မရှိပေ။ထိုသူက အားလပ်ချိန်များတွင် တခြားရဲဘော်ရဲဘက်များနှင့် သောက်စားခြင်း သို့မဟုတ် ကျိုးချီချန်းကို စကားစမြည်ပြောရန် ဖိတ်ခေါ်လာခြင်း မရှိတော့လေရာ ထိုသူ၏အိမ်တွင် ဆိုးရွားသော တစ်ခုခု ဖြစ်နေလောက်သည်ဟု သူ မှန်းဆထားမိသည်။
ဆန်ပြုတ်ကျဲကျဲ တစ်ပန်းကန်လုံးကို သောက်၍ ခဏတာ အနားယူပြီးနောက် ကျိုးချီချန်းမှာ လေယာဥ် မပျံသန်းမှီ စစ်ဆေးမှုပြုလုပ်ရန်အတွက် ဆင်ခြေလျှောလမ်းလေးဆီ ဦးတည်လာခဲ့သည်။ထိုစဥ်၌ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကံဆိုးမိုးမှောင်ကျခြင်းများက သူ့ကို စောင့်မျှော်နေခဲ့မှန်း လုံးဝ မသိခဲ့ပါပေ။
၂၇ မိနစ်ကြာပြီးနောက် သူက တတိယမျိုးဆက် J-15 လေယာဥ်ကို မောင်းနှင်၍ ပေါ်ဟိုင်အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့သည်။သို့သော် အမြင့်မီတာ ၅၀၀ ရောက်သည်အထိ မြင့်တက်လာပြီးချိန်တွင် လေယာဥ်မှာ ခပ်ကြမ်းကြမ်း တစ်ကြိမ်မျှ တုန်ခါသွားခဲ့ပြီး အင်ဂျင်နှစ်လုံးမှာ တစ်ပြိုင်တည်း စက်သေသွားခဲ့သည်။သူသည် ချန်ရွှိန်မြို့ပေါ်ရှိ ကောင်းကင်ပြင်၌ ငှက်တစ်ကောင်နှင့် ဝင်တိုက်မိမတတ် ဖြစ်သွားရသည်။
တိုက်လေယာဥ်တိုင်းတွင် လေယာဥ်မှူးထိုင်ခုံကို လေယာဥ်မှ တွန်းကန်ထုတ်ပေးနိုင်သည့်စနစ် တပ်ဆင်ထားရာ လေယာဥ်မှူးသည် လိုအပ်သည့်အချိန်၌ လေယာဥ်ထဲမှ သူ့ဘာသာ လွတ်မြောက်နိုင်စွမ်းရှိပြီး ထိုသို့ ပြုလုပ်ရန်ကလည်း ခက်ခဲသည့်ကိစ္စ မဟုတ်ပါ။သို့သော် သူ မတော်တဆ ဖြစ်ပွားသည့်နေရာမှာ ချန်ရွှိန်မြို့ပေါ် တည့်တည့်တွင် ဖြစ်နေသည်။လူနေရပ်ကွက်များကို ရှောင်လွဲနိုင်ရန်အတွက် သူ၏ထိန်းချုပ်မှုအောက်တွင် တိုက်လေယာဥ်သည် စက္ကန့်သုံးဆယ်အတွင်း သုံးကြိမ် ကွေ့ပတ်ပြီး ပျံသန်းလိုက်ရသည်။လေယာဥ်မှူးခန်းတစ်ခုလုံးတွင် အချက်ပေးသံများက မရပ်မနား ထွက်ပေါ်နေခဲ့၏။လေယာဥ်သည် လေထုထဲမှ အလွန်လျင်မြန်သောနှုန်းဖြင့် ထိုးကျလာခဲ့ပြီး လေယာဥ် မပျက်ကျခင်အထိ သူ့အတွက် ဆယ်စက္ကန့်မျှသာ အချိန်ရသည်။
နောက်ဆုံးတွင် လယ်ကွင်းပြင်ကြီးကို သူ တွေ့လိုက်ရပြီး ပင်လယ်ရေပြင်ထက် အမြင့်ပေ ၇၂မီတာအထိ ရောက်လာချိန်တွင် လီဗာကို ဆွဲ၍ ခုန်ထွက်လိုက်တော့သည်။တိုက်လေယာဥ်ပေါ်မှ အန္တရာယ်ကင်းစွာ လေထီးခုန်နိုင်ရန်အတွက် ရှိရမည့် အနည်းဆုံးအမြင့်ပမာဏမှာ မီတာ ၈၀ ဖြစ်သည်။ထိုပမာဏအောက် နိမ့်ပြီးမှ ခုန်ဆင်းပါလျှင် သင့်၏ရှင်သန်မှုကို ကောင်းကင်ဘုံကသာ ဆုံးဖြတ်ပေးနိုင်တော့မည် ဖြစ်၏။လေယာဥ်ပေါ်မှ ကျိုးချီချန်းပါရှိသော လေယာဥ်မှူးထိုင်ခုံကို တွန်းကန်ထုတ်လိုက်သည့် အခိုက်အတန့်တွင် သူသည် ရှင်သန်ခြင်းနှင့်ပတ်သက်၍ အနည်းငယ်ပင် မတွေးမိခဲ့ပါ။တွေးမိသမျှက သူ့ဘဝတွင် ရခဲ့သမျှ နောင်တများသာ ဖြစ်နေခဲ့၏။အပြာရောင် စစ်တပ်ယူနီဖောင်းများ၏ ပြင်ပလောကကို သူ တစ်ခါမှ မမြင်ဖူးခဲ့။ကျိုးချီရွေ့ကို Disneyland သို့ တစ်ခါမှ လိုက်မပို့ဖူးခဲ့။ထို့အပြင် တစ်စုံတစ်ယောက်ကိုလည်း တစ်ခါမှ ကောင်းကောင်းမွန်မွန် မချစ်ခဲ့ရဖူးပေ။
သို့သော် သူ တတ်နိုင်သမျှတော့ အကောင်းဆုံး လုပ်ခဲ့ပါသည်။
တွန်းကန်ထုတ်လိုက်ခြင်း၏ ပြင်းထန်သောအားတစ်ခုအောက်တွင် သူ ခဏတာခန့် အသိစိတ်လွတ်သွားခဲ့သည်။ထို့နောက် လယ်ကွင်းထဲတွင် ပြန်နိုးလာခဲ့ပြီး သူ့တစ်ကိုယ်လုံးက တစ်စစီ ကွဲကြေမတတ် နာကျင်နေခဲ့ရာ သူ့မှာ ထပ်၍ သတိလစ်လုမတတ် ဖြစ်နေခဲ့သည်။ပြုတ်ကျလာခဲ့ပြီး အရိုးငါးချောင်း ကျိုးသွားကြောင်းကို သူ နောက်မှ သိခဲ့ရသည်။
ထိုဆင်းသက်မှုကလည်း အမှတ်၂၉ တပ်မတော်တွင် အနိမ့်ဆုံးအမြင့်ပေမှ လေထီးခုန်ခဲ့သော လေယာဥ်မှူး ဟူ၍ စံချိန်တစ်ခုကို ချိုးဖျက်လိုက်နိုင်ခဲ့၏။
အဆိုပါ J-15 လေယာဥ်မှာ သူနှင့် မီတာ၅၀အကွာတွင် ပျက်ကျသွားခဲ့သည်။ZY2968A1B3 ဟူသော အက္ခရာနှင့် နံပါတ်များကို ကျပန်းပေါင်းစပ်ထားမှုတစ်ခုမှာ မူလက ဘာအဓိပ္ပါယ်မှ မရှိခဲ့ပေ။သို့သော် ယနေ့တွင် ထိုနံပါတ်က ကျိုးချီချန်း၏ သွေး၊ချွေးနှင့် မျက်ရည်များသွန်းလောင်းထားသော သူ့ဘဝတစ်ခုလုံး၏အဓိပ္ပါယ် ဖြစ်လာခဲ့သည်။
လေယာဥ်က ပျက်စီးသွားသောကြောင့် သူ ဘာတစ်ခုမှ ယူမထုတ်လိုက်နိုင်ပေ။လေထီးအိတ်တွင်ပါသော အမှတ်စဥ်တစ်ခုကိုသာ ဆုတ်ဖြဲလိုက်နိုင်ခဲ့သည်။
၎င်းမှာ သူ့ဘဝကို ပြောင်းလဲသွားစေခဲ့သည့် သက်ရောက်မှု ဒုတိယအကြီးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။ထိုစဥ်က ချန်ရွှိန်မြို့ပေါ် အမြင့်ပေမီတာ ရာဂဏန်းတစ်ချို့၌ သူ၏J-15 လေယာဥ် စက်အင်ဂျင်ထဲသို့ အပြစ်မရှိသော ငှက်အတော်များများ ဝင်တိုးမိခဲ့၍ ဤသို့ဖြစ်ခဲ့ရကြောင်းကို နောက်မှသာ သူသဘောပေါက်သွားခဲ့သည်။ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီး နောက်တစ်ခု စတင်ခဲ့သည်။
ကံဆိုးမိုးမှောင်ကျခြင်းမှာ ပျော်ရွှင်မှုအားလုံး၏အစ ဖြစ်နိုင်လောက်သည်။နောက်ပိုင်းတွင် ZY2968A1B3 ဆိုသော အမှတ်စဥ်ကို သူ့ကိုယ်ပေါ်၌ တက်တူး ထိုးပစ်လိုက်၏။
TK Team (Chapter 5)
++++++++