Chapter 7
Chapter 7 (ပစ္စုပ္ပန်)
《လန်ဖုန်းက ဘောင်ကျော်လာ၍ မဟုတ်ဘဲ သူ့ဘာသာ ရှက်နေခဲ့သဖြင့် ဖုန်းချရန် ပြင်လိုက်သည်။》
‘အမြင့်မီတာ ၁၀,၀၀၀ မှ ဆင်းသက်၍’ဝတ္ထုထဲက (Chapter 54) နှင့် တစ်ပြိုင်တည်းဖြစ်နေတဲ့ Chapter ပါ။
လန်ဖုန်းနှင့် အိပ်ခဲ့သည့်နေ့မှစ၍ ကျိုးချီချန်း၏ခံစားချက်များမှာ ရှုပ်ထွေးနေတော့သည်။သူက နှုတ်တောင် မဆက်ခဲ့ဘဲ ထိုနေရာမှ ထွက်လာခဲ့မိသည်။အခြေခံယဥ်ကျေးမှုကို ကျော်၍ jet lag ကို သက်သာအောင်လုပ်ရန်ဟု ရှင်းပြပြီး မှတ်စုတိုတစ်စောင်သာ ချန်ထားပစ်ခဲ့သည်။ထိုဆင်ခြေမှာ အနည်းငယ်တော့ ချင့်ချင့်ချိန်ချိန်ဖြစ်ရာ မရောက်ပါ။တခြားသူများကို အရူးလုပ်နိုင်လျှင်ပင် လန်ဖုန်းကိုတော့ လှည့်စား၍ မရလောက်ပေ။
သူက လန်ဖုန်းထက်စာလျှင် သူစိမ်းများနှင့် အိပ်သည့်နေရာ၌ အတွေ့အကြုံပိုရှိမှန်း ကျိုးချီချန်း သိသည်။ရမ္မက်စိတ်က ဒီအတိုင်း ရမ္မက်သက်သက်သာ။သူက အကြိမ်တိုင်းတွင် မတူသောလူတစ်ယောက်နှင့် အိပ်သည်မှန်သော်လည်း လက်ကလေးပင် ကိုင်ခွင့်မရပါသော၊ဘယ်တော့မှ နမ်းရှိုက်ခွင့် မရနိုင်သော လူတစ်ယောက်တည်းကိုသာ ရှစ်နှစ်တိုင်အောင် ချစ်မိပြီး အရာအားလုံးကို သူ့နှလုံးသားထဲတွင် မြှုပ်နှံထားခဲ့၏။အသက် ၂၅နှစ် ပြည့်ပြီးနောက် နားရက်ရပြီး အိမ်ပြန်သည့်အခါတိုင်းမှသာ သူ၏စိတ်ဆန္ဒများကို ငြှိမ်းသတ်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေရန် အချိန်ရသည်။ထို့နောက်တွင်မူ သူ့ကိုယ်သူ အချိန်အကြာကြီး သိုသိပ်ချုပ်တည်းထားပေလိမ့်မည်။အတွေ့အကြုံများအရ သူသည် အချစ်နှင့် လိင်ဆက်ဆံခြင်းကို အပြည့်အဝ ခွဲခြားထားနိုင်သူတစ်ယောက်သာ။စစ်တပ်မှ ထွက်၍ မြို့ပြလေကြောင်းလိုင်းသို့ ပြောင်းရွှေ့လာပြီးနောက် သူ့အချိန်နှင့် စွမ်းအင်များကို လွတ်လွတ်လပ်လပ် ခွဲဝေနေရာချလာနိုင်သော်လည်း ယခုထိ အဆိုပါလုပ်ရိုးလုပ်စဥ်မှ လုံးလုံးလျားလျား ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိသေးပါ။ အတိတ်တွင် ရှန်းကျန့်မြို့ရှိ သူ့ ex နှင့် ဘာမှ ရေရေရာရာ ထည့်တွက်၍မရသော ဆက်ဆံရေးတစ်ခု ရှိခဲ့ပြီးနောက် ထိုအချိန်မှစ၍ နှစ်နှစ်မက ကြာခဲ့ပြီးသော်လည်း ဘယ်တော့မှ တခြားသူတစ်ယောက်နှင့် ချိန်းတွေ့ခြင်း ထပ်မလုပ်တော့ပေ။
သူနှင့် လန်ဖုန်းက သူစိမ်းများ မဟုတ်ကြပါ။ထိုနေ့မတိုင်ခင်အထိ လန်ဖုန်းက သူ့ကို အပြင်တွင် ချိန်းတွေ့ရန် ခေါ်သွားခဲ့ဖူးပြီး နှစ်ယောက်သားက friends with benefits သဘောမျိုးအထိ အဆင့်တက်လာကြသည်။သူက လန်ဖုန်း၏လုပ်နည်းလုပ်ဟန်ကို မှန်းဆနိုင်ပါသည်။သူတို့အချင်းချင်း ချိန်းတွေ့ကြပြီး တစ်ဖက်သား၏ စိတ်ခံစားမှုအတိုင်းအတာကို လေ့လာကြမည်။ထို့နောက် လိင်ဆက်ဆံကြပြီး တစ်ယောက်၏ခန္ဓာကိုယ်ကို တစ်ယောက် လေ့လာကြည့်မည်။နောက်ပိုင်းတွင်တော့ နှစ်ယောက်သားက အထူးသီးသန့် ပါတနာများအဖြစ် အတူတူရှိသွားကြပြီး အဆုံးသတ်လိမ့်မည်။လန်ဖုန်းက ဤသို့ အစီအစဥ်တကျ ဆောင်ရွက်ရသည်ကို အရေးထားသောလူဖြစ်ပြီး သူတို့က ယခုအထိ အချင်းချင်း ကောင်းကောင်းမသိကြသေးလေရာ ထိုနေ့တွင် လန်ဖုန်းက သူ့ကို အိမ်သို့ အမှန်တကယ် ခေါ်သွားလိုစိတ်မရှိခဲ့မှန်း ကျိုးချီချန်း အရာအားလုံးကို သတိထားမိပါသည်။နောက်ဆုံးအခိုက်အတန့်လေးတွင် လန်ဖုန်း၏တောင့်ခံကာကွယ်ထားမှုများက ယိမ်းယိုင်သွားခဲ့သည်။သူက ကျိုးချီချန်းကို အိမ်ခေါ်လာမိသည်သာမက တစ်ဖက်လူကို လုပ်ခွင့်ပေးလိုက်မိလေသည်။
တောင့်ခံကာကွယ်ထားမှုများ ယိမ်းယိုင်ပြိုလဲသွားခဲ့သူမှာ လန်ဖုန်းတစ်ယောက်တည်းသာ မဟုတ်ပေ။သူ့အတွက်လည်း ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ထားမှုက ယိုင်နဲ့သွားခဲ့ပြီး သူတို့၏စိတ်ခံစားချက်များ လုံလောက်အောင် ရင်းနှီးလာသည့် အတိုင်းအတာတစ်ခုသို့ ရောက်လာချိန်၌ သူ့အဝတ်များကို ချွတ်ချပစ်လိုက်သည်။ကျိုးချီချန်းအတွက်မူ သူ၏စိတ်ပိုင်းဆိုင်ရာ ခံစစ်ကပါ ပြိုလဲသွားခဲ့ပြီဖြစ်သည်။ချွတ်ချမိသော အဝတ်အစားများမှာ ပြန်ကောက်ဝတ်လိုက်လျှင် ရပြီး လိင်ဆက်ဆံမှုကလည်း စကားတစ်ခွန်းတည်းဖြင့် ဖြစ်လာနိုင်သည့်ကိစ္စသာ။သို့သော် လူတစ်ယောက်၏စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုက ပြိုလဲသွားပြီဆိုလျှင် ပြန်လည်ထူမတ်နိုင်ခြင်း မရှိနိုင်တော့ပြီ။လိင်ဆက်ဆံနေစဥ်နှင့် ဆက်ဆံပြီးသွားချိန် နှစ်ခုစလုံးတွင် သူက တစ်ဖက်လူ၏ထိန်းချုပ်မှုအောက် ရောက်နေသလို ခံစားရပြီး သူ့အားနည်းချက်များအားလုံးကို ထုတ်ပြလိုက်မိသည်။၎င်းက လိင်ဆက်ဆံသည့် အပေါ်အောက် အနေအထားကြောင့်သာ မဟုတ်ပါပေ။ထိုသို့ ခံစားမိပြီး နောက်ထပ်အချိန်အနည်းငယ်ခန့်တွင် လန်ဖုန်းက သူ့ကို မတူသောပုံစံတစ်မျိုးဖြင့် စတင်ကြည့်လာသည်ဟု ကျိုးချီချန်း ခံစားရလာတော့သည်။
စကားတစ်ခွန်းပင် မဆိုပဲ သူ ထွက်သွားခဲ့ပြီး နောက်တစ်နေ့တွင် လန်ဖုန်းက WeChat မှ message တစ်စောင် ပို့ပြီး သူ့ကို မေးလေသည်။ ‘ဒီနေ့ ပျံသန်းမှုခရီးစဥ်က ဘယ်လိုလဲ။’
ကျိုးချီချန်းမှာ အမှန်တကယ်ပင် လေယာဥ်မောင်းနှင်နေခဲ့ရာ ထို message ကို လေယာဥ်ဆင်းသက်ပြီးချိန််မှသာ တွေ့ခဲ့၏။နာရီအနည်းငယ် ကြာပြီးနောက် သူက ‘ ရာသီဥတု ကောင်းတော့ ပျံသန်း မှုက အဆင်ပြေပြေပါပဲ ‘ဟု စာပြန်လိုက်သည်။မည်သို့ပင်ဖြစ်စေ လေးလေးနက်နက်တစ်ခုမှ မပါခဲ့ပါ။သူက လန်ဖုန်းကို မည်သည့် စာပြန်မှုအမျိုးအစားကိုမှ မပေးချင်ခဲ့ရုံသာ။
သူတို့က ပြတ်တောင်းပြတ်တောင်း စာပို့နေခဲ့ကြပြီး ထို messageများက ဘာမပြော ညာမပြောဘဲ ဗြန်းစားကြီး သူ ထွက်သွားခဲ့သည့်အပေါ် မသိမသာ ရည်ညွှန်းချင်နေသည်ဟု ကျိုးချီချန်း တွေးလိုက်မိသည်။ဖန်းဟောင်ကို ဖြတ်၍ ရှန့်ဟိုင်သို့ ပျံသန်းခဲ့သည့် နောက်တစ်နေ့တွင် လန်ဖုန်းက သူ့ဆီ ဖုန်းခေါ်လာခဲ့သည်။
၎င်းက လန်ဖုန်းမှ ထိုကိစ္စအတွက် သူ့ဆီ ပထမဦးဆုံး ဖုန်းခေါ်လာခဲ့ ဖြစ်၏။ယခင်က တစ်ဖက်လူသည် သူတို့ချိန်းထားသည့်အချိန်ထက် မိနစ်အနည်းငယ်ခန့် နောက်ကျမည့်အကြောင်း ပြောလို၍ဖြစ်စေ၊စိတ်ထဲတွင် ရှိသည့် ရည်မှန်းချက်တစ်စုံတစ်ရာအတွက် စကားပြောလို၍ ဖြစ်စေ ဖုန်းခေါ်တတ်သည်။
“အဲ့ဒီနေ့က မင်း ထွက်သွားပြီးတော့ ငါ နည်းနည်း စိတ်ပူနေမိတယ်။အဲ့လို ဖြစ်သွားတော့ … မင်း အဆင်ပြေနေရဲ့လား။ချော်ကျသွားတာ တော်တော်လေး နာသွားခဲ့မှာ၊ဒါကြောင့် ငါ စိတ်ပူနေမိတယ်။မင်း ခွဲစိတ်မှုတစ်ခုခုတော့ မလုပ်လိုက်ရပါဘူးနော်။” လန်ဖုန်းက ကြည်လင်ပြတ်သားသော အသံကျယ်ကျယ်ဖြင့် ပြောခဲ့သည်။သူက အမြဲတမ်း တည့်တိုးဆန်လေသည်။ထို့ကြောင့် စကားပြောညင်သာသည့်တိုင် ပြောလိုသည့်ကိစ္စကိုသာ တန်းတန်းမတ်မတ် ပြောလာတတ်သည်။
“ငါ အဆင်ပြေပါတယ်။အချိန်နည်းနည်းကြာတော့ ကောင်းသွားတယ်။မင်း စိတ်ပူပေးလို့ ကျေးဇူးပါပဲ။” သူက ထိုကိစ္စကို စိတ်ထဲတွင် ရှိနေခဲ့ကြောင်း ကျိုးချီချန်း ကြားလိုက်ရချိန်တွင် နှလုံးသားက အမှန်ပင် နွေးထွေးသွားရ၏။ထို့ကြောင့် သူက သဘာဝကျစွာဖြင့် တစ်ဖက်လူ၏ရည်ရွယ်ချက်ကောင်းလေးကို အလွတ်မခံလိုက်ပါ။လန်ဖုန်း ဖုန်းခေါ်လာရသည်မှာ ပြုတ်ကျသွားသည့်ကိစ္စကြောင့်သာမက သူက ဘာမပြော ညာမပြောနှင့် စာလေးတစ်စောင် ချန်ထားပြီး ထွက်သွားခဲ့သည့်ကိစ္စအတွက်ပါ ဖြစ်မှန်း သူ သိသည်။
ကျိုးချီချန်းက အဆင်ပြေကြောင်း ပြောလိုက်သဖြင့် လန်ဖုန်းမှာ နောက်ထပ်မေးခွန်းများ မေးရန် လုံလုံလောက်လောက် မဝံ့ရဲတော့ပေ။သူက ရိုးရိုးရှင်းရှင်း ပြောလာခဲ့သည်။ ” … ငါတို့က တစ်ယောက်တစ်လှည့်လို့ ပြောထားတာဆိုတော့ ဒီတစ်ခါ မင်းအလှည့်နော်၊အိုကေလား။” သူက ထိုကိစ္စများကို မကြာခဏ ပြောတတ်သူ မဟုတ်လေရာ သူ့ပုံစံက “ငါ မင်းကို အလျော်ပေးပါမယ်” ဟု ပြောလာသည်နှင့် တူနေသဖြင့် ကျိုးချီချန်း၏နှလုံးသားမှာ ပျော့ပျောင်းသွားရတော့သည်။သူက အမှန်တကယ်ကို အာဃာတထားတတ်သူ မဟုတ်ပါ။လန်ဖုန်းက ဘောင်ကျော်လာ၍ မဟုတ်ဘဲ သူ့ဘာသာ ရှက်နေခဲ့သဖြင့် ဖုန်းချရန် ပြင်လိုက်သည်။
“မင်းက ပေကျင်းမှာလား။” ကျိုးချီချန်း မေးလိုက်သည်။
“အင်း … ငါ ဒီမှာ ရှိတုန်းပဲ။” လန်ဖုန်းက ခဏရပ်ပြီး ဆက်ပြောသည်။ “မနက်ဖြန် နေ့လည်ဆို ငါ သွားရတော့မယ်။မင်းသာ ဆန္ဒရှိရင် လာခဲ့လေ၊ ငါတို့ … ရုပ်ရှင်ကြည့်တာ ဖြစ်ဖြစ်၊စကားနည်းနည်းလောက် ထပ်ပြောတာ ဖြစ်ဖြစ်ပေါ့။” အရိုးသားဆုံး ပြောရလျှင် ထိုစကားကို ကြားပြီးချိန်၌ ကျိုးချီချန်းမှာ ဖြားယောင်းခံလိုက်ရသလိုပင်။အကယ်၍ လန်ဖုန်းက သူ့ဆီ လာခဲ့ပြီး သူ့ကို လုပ်ပေးပါရန်သဘောဖြင့် ကျိုးချီချန်းထံ ဖုန်းခေါ်သည်ဆိုပါက သူ့မှာ အလုပ်လုပ်စရာ ရှိမနေလျှင် ရှန့်ဟိုင်ရောက်နေသည့်တိုင် ကျိုးချီချန်း ပြန်လာမိလိမ့်မည်။
“အာ …ငါက ရှန့်ဟိုင်မှာ။” ကျိုးချီချန်းက ပြောသည်။ “ငါက စင်ကာပူခရီးစဥ်ကို ပျံသန်းပြီးမှ ရှန့်ဟိုင်ကို ပြန်ရောက်မယ်။အဲ့ဒီနောက်မှ ပေကျင်းကို ပြန်ရောက်မှာ။” သူတို့၏အလုပ်အချိန်ဇယားများမှာ တစ်ယောက်နှင့်တစ်ယောက် ညှိယူ၍ မရပါ။
“ဒီတော့ မင်းက ခရီးတိုပျံသန်းမှု လေးကြောင်း ဆက်တိုက် လုပ်ရမှာပေါ့။” လန်ဖုန်းက မေးသည်။
“အဲ့လိုမျိုးပဲ၊ ဒီရက်သတ္တပတ်နည်းနည်းမှာ မတရားအလုပ်ရှုပ်လာနိုင်တယ်။တရုတ်နှစ်သစ်ကူး ရောက်တော့မယ်လေ။ဒီတော့ ငါတို့က လာမဲ့ မနက်ည အချိန်ပိုင်းနှစ်ခုလုံး အကြီးအကျယ် အလုပ်များနေလောက်မယ်။ ” ကျိုးချီချန်းက ဆင်ခြေပေးလိုက်ခြင်းသာ ဖြစ်သော်လည်း သူပြောနေသည်က အမှန်တရားသာ ဖြစ်သည်။
လန်ဖုန်းက စိတ်ပျက်သွားပုံရလေသည်။ “အိုး …” သူက ပြောသည်။ “နောက်တစ်ပတ် ဆိုရင်ရော။”
ကျိုးချီချန်းက ပြောသည်။ “မင်းရဲ့အချိန်ဇယားကို ပို့လိုက်၊ငါ တစ်ချက် ကြည့်ကြည့်မယ်။”
လန်ဖုန်းက အိုကေ ဟု ပြောပြီးနောက် သူ့ကို ထပ်မေးလေသည်။ “မင်းက တရုတ်နှစ်သစ်ကူးကို ဘယ်လိုမျိုး ဖြတ်သန်းမှာလဲ။”
ကျိုးချီချန်းက ပြန်မဖြေခင် တစ်ခဏတော့ တိတ်ဆိတ်သွားခဲ့သည်။ “ဒါက …ငါ ပုံမှန် လုပ်နေကျလိုပဲ၊ ဒီနှစ် အချိန်ဇယားပေါ် မူတည်ပြီး စင်ကာပူမှာပဲ ဖြတ်သန်းဖြစ်ရင် ဖြတ်သန်းဖြစ်မယ်။”
ဘာကြောင့်မှန်း မသိသော်လည်း သူတို့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောသည့်အခါတိုင်း သူ အမှန်တကယ် မပြောချင်သော အကြောင်းအရာများကို စကားထဲ၌ အမြဲလိုလို ထည့်ပြောမိတတ်ကြသည်။သူ၏စစ်တပ်ထဲမှ အတွေ့အကြုံများ မဟုတ်လျှင် နောက်ကျောမှ ဒဏ်ရာများအကြောင်းဆီ ရောက်သွားပြီး၊ထိုသို့မဟုတ်ပါက မိသားစုကိစ္စနှင့် ပွဲတော်များကို ဖြတ်သန်းခြင်းဆီ ရောက်ရောက်သွား၏။အေးတိအေးစက်နှင့် ခံစားချက်မရှိသည့် အနေအထားမှ သူ့ကိုယ်သူ မပြောင်းလဲသွားစေချင်သဖြင့် ကျိုးချီချန်းကပြောနေသည့်အကြောင်းအရာကို ပြောင်းပစ်လိုက်သည်။ “မင်းကရော”
သူ ထိုသို့ မေးလိုက်ချိန်တွင် ထူးထူးဆန်းဆန်း အကြံတစ်ခုက ရုတ်တရက် ထွက်လာခဲ့သည်။လန်ဖုန်း၏မိသားစုက ဤနိုင်ငံတွင် မရှိပါ။အကယ်၍ သူသာ ပေကျင်း၌ ရှိနေမည်ဆိုလျှင် ဖြစ်နိုင်သည်က သူတို့အတူတူ နှစ်သစ်ကူးကို ဖြတ်သန်းနိုင်မည်လား။
သို့သော် လန်ဖုန်းက ပြောခဲ့သည်။ “နှစ်သစ်ကူးကာလမှ ငါက နယ်သာလန်ကို ရောက်နေလိမ့်မယ်။အမေက တစ်ခုခု ကောင်းတာ လုပ်မလို့တဲ့၊နှစ်သစ်ကူး အတူဆင်နွှဲတာလိုမျိုးပေါ့။အိုင်ဗီက အိမ်မှာ မရှိဘူးလေ။ဘာပဲဖြစ်ဖြစ်ပါ ငါတို့က ခရစ်စမတ်ကာလမှာဆို အိမ်မှာ လူပိုများလေ့ရှိတယ်။”
ကျိုးချီချန်းနှင့် သူက နေ့စဥ်ဘဝအကြောင်းကို အနည်းငယ်ခန့် ထပ်ပြောနေကြပြီး ပြောနေသည့်စကားများက ဖူတုန်းတွင် ဖြစ်ခဲ့သည့် လေယာဥ်ချင်းတိုက်မှု နောက်ဆက်တွဲအကြောင်းအရာများဆီ ပြောင်းသွား၏။သူနှင့် လန်ဖုန်းက Airbus 320 နှင့် 330 models များကို အသီးသီး မောင်းနှင်ကြသူများဖြစ်နေသည်က တိုက်ဆိုင်မှုပင်။အကယ်၍ သူသာ တောင်ပိုင်းလေကြောင်းလိုင်းမှ လေယာဥ်မှူးတစ်ယောက်ဖြစ်နေမည်ဆိုလျှင် ပြေးလမ်းတစ်လျှောက်၌ A330 လေယာဥ်ကြီး ဖြတ်၍ရောက်လာသည်ကို မြင်နေရက်နှင့် လီဗာကိုဆွဲ၍ မြေပြင်မှ ခွာလိုက်မှာလားဟု လန်ဖုန်းက သူ့ကို မေးလာခဲ့သည်။
ကျိုးချီချန်း၏ပထမဆုံး တုံ့ပြန်မှုမှာ သူ ထိုသို့ မလုပ်နိုင်ဟူ၍၊ သူက လေယာဥ်ကို ပြေးလမ်းကြောင်းမှ လမ်းလွှဲပစ်လိုက်ပြီး မြက်ခင်းပြင်ရှိရာသို့သာ ဦးတည်မောင်းနှင်ပစ်လိုက်မည်ပင်။
“ဒါပေမဲ့ …” သူက ပြောသည်။ “ဒီမတော်တဆတစ်ခုလုံးက ဘယ်လိုမျိုး ဖြစ်လာတယ်ဆိုတာ ငါတို့ သိထားပြီးသားပဲ။ဒီတော့ ငါတို့မှာ ကိုယ်စီ အစွဲလေးတွေ ရှိနေတယ်လေ။” အကယ်၍ ထိုအဖြစ်အပျက်သာ အမှန်တကယ် ဖြစ်လာလျှင် အချိန်မီရုံလေး၌ မည်သည့်ရွေးချယ်မှုမျိုး ပြုလုပ်ဖြစ်မလဲဆိုသည်က ပြောဖို့ခက်သည်။အရာအားလုံးကို တစ်စက္ကန့်၏တစ်ထောင်ပုံတစ်ပုံအတွင်း၌ ဆုံးဖြတ်လိုက်ရမည်သာ။
အလုပ်ကိစ္စအကြောင်း ပြောရသည်က နေ့စဥ်နေထိုင်မှုဘဝအကြောင်း ပြောရသည်ထက် အဆင်ချောနေလေရာ သူတို့ ဆယ်ငါးမိနစ်ကြာအောင် ဖုန်းပြောမိလိုက်ကြသည်။နောက်ဆုံးတွင် လန်ဖုန်းက ပေးပို့လာသည့် လာမည့်တစ်ပတ်စာ ပျံသန်းမှုအချိန်ဇယားကို ကြည့်ရန် ကျိုးချီချန်းက ဖုန်းscreen ကို ကြည့်လိုက်တော့သည်။ဖုန်းမချခင်လေးတွင် သူ အားလပ်သည့်နေ့များကို စာပို့လိုက်မည်ဟု လန်ဖုန်းကို ကတိပေးလိုက်လေသည်။
TK Team (Chapter 7)
++++++++