Chapter 8
Chapter 8
《သို့သော် ဤသို့ လောကကြီးတွင် ကိတ်မုန့်တစ်ခု ရှိလာရန် ခက်ခဲသလို ၎င်းကို စားနိုင်ရန်လည်း ခက်လှသည်။သူကသာ လွတ်လပ်မှုကို ရွေးချယ်မည်ဆိုလျှင် ချစ်ရသည့်အရာကို လက်လွှတ်ရလိမ့်မည်။》
လင်းရှောင် ကျိုးချီချန်းနှင့် ပထမဆုံးတွေ့ခဲ့ချိန်တွင် အရာအားလုံးက အံ့ဩဖွယ်ကောင်းအောင် ဆိုးဆိုးရွားရွား ဖြစ်နေခဲ့သည်။
ထို့နေ့တွင် သူနာပြုခေါင်းဆောင်က အလုပ်ဆင်းပေးရန် ဖုန်းခေါ်လာချိန်တွင် သူမက အိမ်ပြန်ရောက်ရုံသာ ရှိသေးသည်။သူမက အမှတ် ၂၀၁ ဆေးရုံမှ သူနာပြုတစ်ဦးဖြစ်ပြီး ရေတပ်ဆေးရုံဖြစ်သည့်အလျောက် ဆေးရုံတက်ရောက်နေကြသူများနှင့် လာရောက်ဆေးစစ်ကြသူများမှာ လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်သားများနှင့် အငြိမ်းစားစစ်သားကြီးများသာရှိလေရာ ပုံမှန်အားဖြင့် အလုပ်များလေ့မရှိပါ။သို့သော် လူနာများထဲမှ သူမ တာဝန်ယူရသည်က သေရေးရှင်ရေး အခြေအနေဖြစ်နေသည့် စစ်သားအိုကြီး နှစ်ယောက်ဖြစ်လေသည်။ထို့ကြောင့် သူမက တစ်ပတ်လျှင် အကြိမ်ရေအနည်းငယ်ခန့် အချိန်ပိုဆင်းပေးရပြီး အိမ်ပြန်ရောက်ချိန်က အလွန်နောက်ကျတတ်သည်။ထို့အပြင် သူမက ပေကျင်းရှိ အရေးပေါ် ကူညီစောင့်ရှောက်ရေးအဖွဲ့တွင် တစ်ပတ်လျှင် တစ်ကြိမ်ခန့် စေတနာဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်တတ်သေး၏။သို့သော် အလွန်အလုပ်များသော အချိန်ပြည့်အလုပ်ကြောင့် သူမက ညသန်းခေါင်ယံအဆိုင်းများကိုသာ တာဝန်ယူရသည်။ထိုအချိန်ဇယားအတိုင်း ရက်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဆရာမတစ်ဦးဖြစ်သူ ရွှီဝေ့ရန်က ထိုကိစ္စနှင့် ပတ်သက်၍ ပြောစရာတစ်ခုရှိလာခဲ့သည်။
ရွှီဝေ့ရန်က သူမ၏ချစ်သူကောင်မလေးဖြစ်သလို လက်တွဲဖော်ဟုလည်း ပြော၍ရသည်။သူမတို့က ခုနစ်နှစ်တိုင် အတူတူရှိလာကြပြီး အတူနေထိုင်ဖြစ်ခဲ့သည်က လေးနှစ်ကျော်ခဲ့ပြီ။လက်တလောတွင် ကိစ္စအကြီးအသေး ပြဿနာများကြောင့် မကြာခဏ ရန်ဖြစ်နေကြရ၏။၎င်းက ခုနစ်နှစ်တာ အတူရှိလာကြပြီးနောက် ဖြစ်လာတတ်သည့် ကတောက်ကဆဖြစ်ရခြင်းသာ ဖြစ်ပါလိမ့်မည်။သူမ၏ဂနာမငြိမ်ဖြစ်နေမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်နေရခြင်း၏နောက်ကွယ်တွင် တခြားအကြောင်းပြချက် ရှိလောက်သည်။
သူနာပြုခေါင်းဆောင် ဖုန်းထဲတွင် ပြောခဲ့သည်က လူနာမှာ ရေတပ်ဆိုင်ရာ လေယာဥ်မှူးတစ်ယောက်ဖြစ်ပြီး လေထီးခုန်ဆင်းပြီးနောက် အရိုးရှစ်ချောင်း ကျိုးသွားခဲ့သဖြင့် ဆေးရုံသို့ ရဟတ်ယာဥ်နှင့် အခုချက်ချင်း ပို့ဆောင်လာသည်ဟူ၍။ထိုလူနာကို ၂၄နာရီလုံး အဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန် လိုအပ်နေပြီး သူမတို့ဆေးရုံတွင် ဝန်ထမ်းအင်အားက အမှန်တကယ် နည်းလေရာ လင်းရှောင် ပြန်
သွားဖို့သာ ရှိတော့သည်။
သူမ လူနာဆောင်တံခါးကို ဖွင့်၍ အထဲသို့ ဝင်လိုက်ချိန်တွင် မံမီသဖွယ် တစ်ကိုယ်လုံး ပတ်တီးများအပြည့်နှင့် မေ့ဆေးအရှိန်ကြောင့် မှိန်းနေသည့် ကျိုးချီချန်းကို မြင်လိုက်ရပြီး သူမ၏စိတ်အနှောင့်အယှက်ဖြစ်မှုများက ပြတင်းပေါက်မှ ပျံထွက်သွားတော့သည်။လင်းရှောင်က အမြဲတမ်း အလွယ်တကူ သနားဂရုဏာသက်တတ်ပြီး ကျိုးချီချန်းမှာ … အမှန်တကယ် သနားစရာအခြေအနေ၌ ရှိနေခဲ့၏။
သို့သော် ဆေးရုံကုတင်ပေါ်မှ မထနိုင်သော လေယာဥ်မှူး၏ပထမဆုံး စကားတစ်ခွန်းက သူမကို ရယ်မောသွားစေတော့သည်။
သူက ပြောသည်။ “မင်း သင်္ချာတော်တယ် မဟုတ်လား။ငါ့ရဲ့ခြေလက်တွေအားလုံး သူ့နေရာသူ ရှိသေးရဲ့လားဆိုတာ လာပြီး ကြည့်ပေးပါဦး။”
လင်းရှောင်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “ရှင်က အဆင်ပြေနေသားပဲ။ခြေလက်တွေအကုန်လုံး နေရာတကျ ရှိပါတယ်။ခွဲစိတ်မှုက အောင်မြင်တာမို့လို့ စိတ်မပူပါနဲ့။ရှင် ဒီတိုင်း လှဲနေဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ဖို့ပဲ လိုအပ်ပါတယ်။”
သူမက လက်ပ်တော့ကို ဖွင့်လိုက်ပြီး ထိုလူ၏ဓါတ်မှန်ရလဒ်များကို ကြည့်လိုက်သည်။သူ့အရိုးရှစ်ချောင်း ကျိုးသွားသည်ဟု ပြောရသည်က ချဲ့ကားပြောလိုက်ခြင်းသာ။အမှန်တကယ်တမ်း၌ ခါးရိုး၊ညှပ်ရိုး၊နံရိုး၊ပေါင်ရိုးနှင့် လက်ပြင်ရိုးအပါအဝင် အရိုးငါးချောင်း ကျိုးသွားခြင်းဖြစ်ပြီး သူ၏တင်ပဆုံရိုးမှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့သည်။အားလုံးထက်စာလျှင် သူ၏ခါးရိုးနှင့် ညှပ်ရိုးတို့မှာ အဆိုးရွားဆုံးဖြစ်နေပြီး ထိုအရိုးများအတွင်းသို့ စတီးပြားများ ထည့်ရလိမ့်မည်။အာရုံကြောများ မပျက်စီးသွားခဲ့သည်ကပင် ကံကောင်းလွန်းနေပါ၏။
“အခု ငါ နားလို့ရပြီပေါ့။” သူက သူ့မျက်နှာကို လှည့်ရန် မနည်းကြိုးစားလိုက်ပြီး သူမကို လှမ်းမေးသည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ။”
“လင်းရှောင် ပါ” သူမက ပြောသည်။ “ရှင်ကရော”
“ကျိုးချီချန်း” မံမီက ပြောသည်။ “ထူးခြားတဲ့အခြေအနေကြောင့် ငါ မင်းကို လက်ဆွဲနှုတ်ဆက်လို့ မရဘူးဖြစ်သွားတယ်။”
လင်းရှောင်လည်း မတတ်သာတော့ပေ။သူမက လက်ကို ဆန့်လိုက်ပြီး ကျိုးချီချန်း၏ပခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ကျိုးချီချန်းက ခေါင်းလှည့်ပြီး သူမကို ကြည့်လိုက်သည်။ထိုအခါမှသာ သူမ၏အပြုအမူက အတော်လေး မသင့်တော်မှန်း သဘောပေါက်သွားသဖြင့် လက်ကို ချက်ချင်း ပြန်ရုပ်လိုက်တော့သည်။
မေ့ဆေးအရှိန်က မပြယ်သေးဘဲရှိနေ၍ ကျိုးချီချန်းတစ်ကိုယ်လုံးက ပေါ့ပါးပြီး လွင့်မျောနေသလို ခံစားနေရသဖြင့် အရာအားလုံးကို ဘေးဖယ်ထားလိုက်ကာ ဂရုစိုက်မနေတော့ပေ။ “စိတ်မပူပါနဲ့ ၊ငါက မိန်းကလေးတွေကို မကြိုက်ဘူး။” သူက ရယ်၍ ပြောလေသည်။
လင်းရှောင်ကလည်း ရယ်မောလိုက်ပါ၏။သူမက မှင်နက်ရောင် ဆံပင်တိုတိုများကို နားရွက်နောက်သို့ သပ်တင်လိုက်ရင်း တီးတိုးပြောလေသည်။ “အဆင်ပြေပါတယ်၊ကျွန်မကလဲ ယောကျ်ားတွေကို မကြိုက်ပါဘူး။”
ခွဲစိတ်ပြီးနောက် ပထမဆုံးသုံးညတွင် ကျိုးချီချန်းမှာ ပြင်းထန်သော နာကျင်မှုကြောင့် တစ်ညလုံး အိပ်မရနိုင်အောင် ဖြစ်နေခဲ့သည်ကို လင်းရှောင် မျက်စိတပ်အပ် မြင်နေခဲ့ရသည်။အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများကို လက်အကြောပိုက်မှ တစ်ဆင့် အဆက်မပြတ် သွင်းပေးနေခဲ့ရသည်။သို့သော် ခန္ဓာကိုယ်က လှုပ်ရှားမှု မပြုလုပ်နိုင်တော့ဘူးလား ဟု ကြောက်ရွံ့လာတတ်ခြင်းကို သက်သာစေနိုင်မည့် စိတ်ငြိမ်ဆေးပမာဏကိုမူ ထိုသူက တိုးမြှင့်လိုခြင်း မရှိခဲ့ပေ။
လင်းရှောင်က ထိုသူ၏မျက်နှာထက်တွင် ချွေးများ ထွက်နေသည်ကို ကြည့်ရင်း ခွေးခြေခုံတစ်ခုကို ယူထုတ်လာပြီး ဆေးရုံကုတင်ဘေးနားတွင် ထိုင်နေပေးခဲ့သည်။မျက်နှာသည်သာမက ထိုသူ၏ ကျောကုန်းတွင်လည်း ချွေးများ ထွက်သဖြင့် အိပ်ရာခင်းများမှာ မနက်မိုးလင်းသည်နှင့် ရွှဲရွှဲစိုနေတော့သည်။ယခင်က လက်ဖျံရိုးတစ်ချောင်း ကျိုးသွားသည့် ကောင်မလေးတစ်ယောက်ကို သူမ စောင့်ကြည့်ပေးခဲ့ရဖူးသည်။ထိုမိန်းကလေးက အရိုးတစ်ချောင်းသာ ကျိုးသည့်တိုင်ခွဲစိတ်ပြီးနောက် နာကျင်လွန်းသဖြင့် တစ်ညလုံး ငိုနေခဲ့သည်။ကျိုးချီချန်းသာဆိုလျှင် နာကျင်မှုကို ငါးဆ ခံစားရပေလိမ့်မည်။ကျိုးသွားသော အရိုးပမာဏကြောင့်သာမက သူ့ခါးရိုးကိုလည်း ပြင်းပြင်းထန်ထန် ထိထားလေရာ နှစ်ပတ်ခန့်ကြာအောင် လှုပ်ရှားနိုင်မည် မဟုတ်ပါ။လင်းရှောင်က သူ့အတွက် စိတ်မကောင်းဖြစ်သွားသဖြင့် နာကျင်မှုမှာ အာရုံလွှဲပေးနိုင်ရန် မျှော်လင့်၍ သူ တစ်ခုခု ကြည့်နိုင်ရန် tablet တစ်ခု ယူပေးခဲ့သည့်အပြင် သူမ၏ဂျူတီချိန်တွင် တတ်နိုင်သမျှ သူ့အနား ထိုင်ကာ စကားပြောပေးနေခဲ့သည်။ကျိုးချီချန်းက အတော်လေး ကောင်းကောင်းမွန်မွန် ဖြေရှင်းတတ်သည်။သူ နာကျင်ကိုက်ခဲလာသည့် အချိန်တစ်လျှောက်လုံး အံကြိတ်ထားလိမ့်မည်။ပြီးနောက် သူမနှင့် ရွှီဝေ့ရန်တို့၏အကြောင်း လင်းရှောင် ပြောပြလာမည်ကို နားထောင်ချင်သဖြင့် သူမတို့၏ဆက်ဆံရေးအပေါ် စိုးရိမ်ကြောင်း ပြသည့်ဘက်သို့ လှည့်လာမည်။သူမသည် လူနာများကို သူမ၏ကိုယ်ရေးကိုယ်တာကိစ္စများကို မျှဝေလေ့မရှိဘဲ အကျိုးသင့်အကြောင်းသင့်သာ စကားပြောလေ့ရှိသည့်တိုင် ထိုသူကို ခြွင်းချက်တစ်ခုအဖြစ် ထားပြီး အရာအားလုံး ပြောပြခဲ့သည်။
သူက အမှန်တကယ်တမ်း ရေတပ်ဆိုင်ရာ လေကြောင်းစစ်သည်တစ်ဦး ဖြစ်ကြောင်း သူမ သိခဲ့သည်။အခြေစိုက်စခန်း၌ လေ့ကျင့်ရေးဆင်းစဥ် မတော်တဆဖြစ်ခဲ့ပြီး အမြင့်မီတာနိမ့်နိမ့်လေးမှ လေထီးခုန်လိုက်ရသဖြင့် လက်ရှိအခြေအနေနှင့် ဆင်းသက်ခဲ့ရသည်။ဆေးရုံရောက်လာချိန်တွင် သေရေးရှင်ရေး အခြေအနေဖြစ်နေပြီး ချက်ချင်း ခွဲစိတ်ကုသခဲ့ရ၏။ခွဲစိတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တစ်ချို့ကိုသာ ဆောင်ရွက်ရန် ကျန်တော့ရာ ထိုအချိန်တွင် လင်းရှောင်က သူ့ကို မေးလိုက်မိသည်။ “ရှင့်ရဲ့မိသားစုက ဘယ်မှာလဲ။”
ကျိုးချီချန်း ပြောခဲ့သည်က သူ့မိဘများမှာ အသက်ကြီးနေပြီဖြစ်ရာ သူတို့ကို စိတ်မပူစေလိုသဖြင့် သူ ပြန်ကောင်းသွားပြီးမှသာ တစ်နည်းနည်းဖြင့် ဤအကြောင်းကို ပြန်ပြောပြမည် ဟူ၍။လင်းရှောင်မှာ ကျိုးချီချန်းအတွက် ဆေးရုံက ချမှတ်ပေးသော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်ရန်အတွက် ဆေးရုံတက်ရောက်ရန် စာရင်းသွင်းခဲ့စဥ်က အရေးပေါ်ဆက်သွယ်ရန် နံပါတ်ထံသို့ ဖုန်းခေါ်ပေးရပေမည်။
ကျိုးချီချန်းက အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်တွင် ပိုင်ကျီယွိ၏ဖုန်းနံပါတ်ကို ထည့်ထားခဲ့သည်။
ဖုန်းဝင်ရန် နှစ်ကြိမ်တိတိ ဆက်သွယ်လိုက်ရပါ၏။ထို့နောက် လင်းရှောင် ဘာမှ မပြောရသေးခင်အထိ တစ်ဖက်လူက ခဏကြာအောင် တိတ်ဆိတ်နေခဲ့သည်။ “ကျေးဇူးပြုပြီး သူ့ကို ဖုန်းလွှဲပေးလိုက်ပါ။ ငါ သူနဲ့ စကားပြောချင်ပါတယ်။”
လူနာဆောင်ထဲတွင် တယ်လီဖုန်း မရှိပါ။ခဏတာ ရပ်တန့်သွားပြီးနောက် လင်းရှောင်က ထိုလူကို သူမ၏ကိုယ်ပိုင်ဖုန်းနှင့် ဖုန်းခေါ်ပေးလိုက်ပြီး ကျိုးချီချန်းထံ ဖုန်းလွှဲပေးလိုက်၏။
ကျိုးချီချန်းမှာ တစ်ညလုံး ကောင်းစွာ မအိပ်ရသဖြင့် နေ့ဘက်တွင် တစ်နေကုန် အားအင်ကုန်ခမ်းပြီး ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတတ်သည်။လင်းရှောင်တစ်ယောက် လူနာဆောင်သို့ ရောက်လာချိန်တွင် သူက နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေ၌သာ ရှိသေး၏။လင်းရှောင်က သူ့ကို ဖွဖွလေး တို့လိုက်ပြီး ပြောသည်။ “ဒီတစ်ယောက်က ရှင်နဲ့ ဖုန်းပြောမလို့တဲ့။”
နိုးလာလာခြင်း ဖုန်းခေါ်လာသည်ကို လက်ခံလိုက်ရသဖြင့် ကျိုးချီချန်းမှာ လုံးဝကို ပြင်ဆင်မထားလိုက်နိုင်ပေ။သူ့ပခုံးများက ဒဏ်ရာရထားသဖြင့် လင်းရှောင်က အနားကို တိုးလိုက်ပြီး ဖုန်းကို သူ့နားရှိရာသို့ ကပ်ထားပေးလိုက်သည်။ထိုအခါ တစ်ဖက်လူက “ဟယ်လို”ဟု ပြောလာသည်ကို ကြားလိုက်ရပြီး ထိုသူမှာ ပိုင်ကျီယွိဖြစ်ကြောင်း ကျိုးချီချန်း သိသွားတော့သည်။
ပိုင်ကျီယွိက သူ့ကို ဘာဖြစ်လို့လဲဟု မေးလာခဲ့သဖြင့် ကျိုးချီချန်းက လိုရင်းတိုရှင်း ပြောလိုက်သည်။ “လေယာဥ်က အမြင့်မီတာ၅၀၀ မှာ ငှက်တွေနဲ့ ဝင်တိုးမိတယ်၊ပြီးတော့ ငါက လူတွေပြည့်နေတဲ့ ဧရိယာပေါ်မှာ ဖြစ်နေတော့ ခုန်ထွက်ဖို့အတွက် ၇၀ မီတာ နည်းနည်းကျော်တဲ့အထိ စောင့်နေလိုက်ရတယ်။ပြောပါဦး … ငါက ကံကောင်းတာလား၊ကံမကောင်းဘူးလား။” သူက မျက်နှာကို ရှုံ့မဲ့၍ ပြောလိုက်သည်။
ပိုင်ကျီယွိက အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားပြီး ‘မင်း အခု အဆင်ပြေနေသရွေ့ ကံကောင်းတယ်’ ဟု ဆိုလိုသော စကားတစ်စုံတစ်ရာကို ပြောလိုက်ပါ၏။သူက ဖုန်းတစ်ဖက်ထဲမှ ပြောလာလေရာ လင်းရှောင် ပီပီသသ မကြားနိုင်ပေ။
ကျိုးချီချန်းက သူ့ကို မေးလိုက်သည်။ “မင်းက စစ်တန်းလျားမှာ မဟုတ်ဘူးပေါ့၊ အိမ်ကို ရောက်နေတာလား။” အဘယ့်ကြောင့် ပိုင်ကျီယွိက သူ့ထံ လာလည်းမကြည့်၊ဖုန်းလဲ မဆက်ခဲ့သည်ကို ဆိုလိုသည့်အနေဖြင့် မေးလိုက်သည့်တိုင် တိုက်ရိုက်မေးကြည့်သည့်နေရာတွင် သူက မတော်ခဲ့ပါ။
ပိုင်ကျီယွိက အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးမှ စကားတစ်ချို့ကို ရေရွတ်လိုက်သည်။ “ငါ လက်ထပ်လိုက်ပြီ။”
ထိုတစ်ခါတွင်တော့ လင်းရှောင်မှာ ကျယ်ကျယ်လောင်လောင်နှင့် ပီပီသသကြီး ကြားလိုက်ရပါသည်။
သူမက ကျိုးချီချန်း၏မျက်နှာအမူအရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။တစ်စက္ကန့်စာမျှသာ ဖြစ်သော်လည်း သူမမှာ အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားခဲ့၏။
“ဟေး … ဂုဏ်ယူပါတယ်ကွာ။” စက္ကန့်ပိုင်းမျှ ကြာပြီးနောက် သူ့အသံက ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး ပြောလိုက်သည်။ “မင်း …အရင်က ဒီအကြောင်းပြောတာ ငါ တစ်ခါမှ မကြားခဲ့ဖူးဘူး။” သူတို့က အချင်းချင်း ရင်းနှီးကြသဖြင့် အရင်က ပိုင်ကျီယွိ လိုက်ခဲ့သမျှ ကောင်မလေးတိုင်းကို သူ သိသော်လည်း ယခုက အမှန်တကယ်ကို အံ့ဩထိတ်လန့်စရာ ဖြစ်လာခဲ့သည်။ပိုင်ကျီယွိ အရင်က တွဲခဲ့ဖူးသည့် ဆက်ဆံရေးနှစ်ခုအကြောင်းကို သူ သိချင်သည်ဖြစ်စေ၊မသိချင်သည်ဖြစ်စေ ထိုသူက အရက်အလွန်အကျွံ မူးလာတိုင်း သူ့ကို အရာအားလုံး ပြောပြတတ်သည်။ယခုတစ်ကြိမ်တွင် ပိုင်ကျီယွိက ချစ်သူကောင်မလေး ရသွားပြီး အိမ်ပြန်၊ လက်ထပ်လိုက်ကြသည်အထိ စကားတစ်ခွန်းပင် မဟသွားခဲ့ပေ။ရုတ်တရက်ကြီး ထိုသူက သူ့ဘဝပတ်ပတ်လည်တွင် မြင့်မားသည့်နံရံကြီးတစ်ခု တည်ဆောက်ပစ်လိုက်ပြီး ကျိုးချီချန်းကို သူ့ဘဝနှင့် အဝေးသို့ ရောက်သွားရလေအောင် ကျကျနန ဆောင်ရွက်သွားခဲ့သည်။
ပိုင်ကျီယွိက တခြားတစ်ခုခု ပြောနေခဲ့သော်လည်း ကျိုးချီချန်းမှာ မတုံ့ပြန်နိုင်တော့အောင် ဖြစ်နေရမှန်း သူ့ကိုယ်သူ သိသွားခဲ့သည်။နောက်ဆုံးတွင် သူက ဝတ်ကြေတန်းကြေ ဆိုလိုက်မိရုံသာ။ “မင်း ပြန်လာရင် ငါတို့ အတူ သောက်ကြရအောင်။” သူ့အသံက အက်ကွဲနေပြီး လည်ချောင်းတစ်ခုလုံးက ခြောက်ကပ်နေခဲ့သည်။သူ တခြားဘာပြောရမလဲ မတွေးနိုင်တော့သဖြင့် လင်းရှောင်ကိုပဲ ဖုန်းချခိုင်းလိုက်ရသည်။
လင်းရှောင်က ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ကျိုးချီချန်းကို ဖြတ်ခနဲ လှည့်ကြည့်လိုက်၏။သူမ အတော်ကြာအောင် စဥ်းစားပြီးနောက် သူနာပြုတစ်ဦးအနေဖြင့် သူမ၏လူနာများကို ဂရုစိုက်ပေးခြင်းက သူမ၏အလုပ်သာ ဖြစ်သည့်အတွက် သူမ မေးကြည့်လိုက်သည်။ “ရှင် စကားပြောချင်လား။”
ကျိုးချီချန်းအနေဖြင့် တစ်ခွန်းမှ ထုတ်ပြောစရာမလိုအောင် သူမက အရာအားလုံးကို သိမြင်နေရပြီးသား ဖြစ်ပါသည်။ကျား၊မ လိင်ကို ထည့်မတွက်လျှင်ပင် အဖြောင့်တစ်ယောက်ကို ချစ်မိသွားခဲ့ခြင်းက သူမတို့လို လူတွေအတွက် ကျော်ဖြတ်ရန် လိုသော အခက်အခဲတစ်ခု ဖြစ်၏။
ကျိုးချီချန်းက ပြောသည်။ “မင်းကို ကျေးဇူးပါပဲ၊ ငါ … ငါ တစ်ယောက်တည်း ခဏလောက် နေချင်တယ်။” ယခုအချိန်မှာ တစ်ပတ်တာကာလအတွင်း၌ အတိတ်ဆိတ်ဆုံး အချိန်ဖြစ်လေသည်။သူက သူမကို ထိုအကြောင်း မပြောပြချင်မှန်း လင်းရှောင် သိသည်။
“ရတာပေါ့၊ရှင် ဗိုက်ဆာတာ ဖြစ်ဖြစ်၊ရေဆာတာဖြစ်ဖြစ် ကျွန်မကို ခေါ်လိုက်နော်။”
ထွက်မသွားခင်လေး၌ လင်းရှောင်၏နှလုံးက ရုတ်တရက်ကြီး တစ်ချက် ဆောင့်ခုန်သွားပြီး သူမက ကျိုးချီချန်းဘက်သို့ ပြန်လှည့်၍ မေးလိုက်သည်။ “ရှင် … ရှင် တစ်ခုခု ရူးမိုက်တာတော့ မလုပ်လောက်ပါဘူးနော်၊ဟုတ်တယ်မလား။”
ထိုအခါမှ ကျိုးချီချန်းက ရယ်လာတော့သည်။သူက ပြောသည်။ “အဲ့လောက်အထိ မဟုတ်ပါဘူး။” ထိုသို့သော နေ့တစ်နေ့က ရောက်လာလိမ့်မည်မှန်း သူ စောစောစီးစီးကတည်းက သိထားပြီးသားပင်။
အမှန်စင်စစ် ပိုင်ကျီယွိ လက်ထပ်သွားသည့်အဖြစ်က သူ့ကို ဝမ်းနည်းသွားအောင် လုပ်နေခြင်း မဟုတ်ပါ။ပိုင်ကျီယွိမှာ ၃၂ နှစ် ရှိနေပြီဖြစ်ပြီး မိန်းမများကိုသာ ကြိုက်သည့်အပြင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းသည်။ပိုင်ကျီယွိက တစ်နေ့ လက်ထပ်သွားမည်မှန်း သူ သိပါသည်။သူ စိတ်မကောင်းဖြစ်ရသည်က ပိုင်ကျီယွိသည် အစမှ အဆုံးထိ သူ့ကို ဘာတစ်ခုမှ မပြောပြခဲ့သည်ကိုသာ။ထို့အပြင် ပိုင်ကျီယွိသည် တခြားသူများနှင့် စကားစမြည်ပြောနေစဥ် ကျိုးချီချန်း လာနေသည်ကို မြင်သည်နှင့် ပြောနေသည့်အကြောင်းအရာကို ပြောင်းပစ်တတ်မှန်း အခုမှ သူ စဥ်းစားမိတော့သည်။ထိုအချိန်က သူတို့မှာ သူ၏ချစ်သူကောင်မလေး သို့မဟုတ် ဇနီးလောင်းအကြောင်းကို ပြောနေကြမှန်း အခုမှ သူ သိတော့သည်။ထိုသို့ ဖြစ်သွားရသည်က အကြောင်းပြချက် နှစ်ခုသာ ရှိ၏။ပိုင်ကျီယွိက သူ့ကို သူငယ်ချင်းအဖြစ် မမြင်တော့သောကြောင့်၊ သို့မဟုတ်လျှင် ကျိုးချီချန်းက သူ့ကို ကြိုက်နေမှန်း တစ်ဖက်လူက သိသွားသောကြောင့်သာ ဖြစ်လိမ့်မည်။နှစ်ခုလုံးက ကြောက်စရာကောင်းသည်မှန်သော်လည်း ဒုတိယတစ်ခုက ပို၍ ကြောက်စရာကောင်းနေခဲ့၏။
နောက်တစ်နေ့တွင် လင်းရှောင်က အလုပ်သို့ ကမန်းကတမ်း ရောက်လာခဲ့သည်။သူမက ကျိုးချီချန်း၏အခြေအနေကို စိတ်ပူနေခဲ့ပြီး လူနာဆောင်ထဲ ဝင်လာမှသာ ကျိုးချီချန်းတစ်ယောက် သူမ ထားခဲ့ပေးသော tabletနှင့် ဒရာမာကားများ ကြည့်နေသည်ကို မြင်လိုက်ရပြီး စိတ်သက်သာရာရသွားတော့သည်။သူမက သူ့ဒဏ်ရာများကို စစ်ဆေးကြည့်ရှုပြီး ပတ်တီးများ လဲလှယ်ပေး၏။
ကျိုးချီချန်းက သူမ၏လက်များကို ကြည့်နေခဲ့သည်။ရုတ်တရက်ကြီး သူ ရပ်တန့်သွားပြီး ဒဏ်ရာမရှိသော လက်ဖြင့် သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
ထိုအခါမှသာ ယခုမနက်တွင် အလျင်စလိုဖြစ်နေရသဖြင့် လက်စွပ်ချွတ်ရန် မေ့သွားကြောင်း လင်းရှောင် သိသွားတော့သည်။သူနာပြုတစ်ယောက်အနေဖြင့် အလုပ်ချိန်အတွင်း၌ လက်စွပ်ဝတ်ထားရန် ခွင့်မပြုလေရာ သူမက အလုပ်မလာခင် မနက်တိုင်းတွင် လက်စွပ်ကို ချွတ်ထားခဲ့ရသည်။
“ငါ တစ်ချက်လောက် ကြည့်ပါရစေ။” ကျိုးချီချန်းက ပြောသည်။
ထို့ကြောင့် လင်းရှောင်က လက်စွပ်ကို ချွတ်လိုက်ပြီး သူ့ကို ကြည့်ခွင့်ပေးလေသည်။သူမ၏လက်တွင် ဝတ်ဆင်ထားသည်မှာ အလှအပခြယ်မှုန်းထားခြင်း မရှိသည့် သာမန်ငွေလက်စွပ်လေးသာ ဖြစ်သည်။
အကြာကြီးနေမှ သူက သူမကို မေးလေသည်။ “မင်း လက်ထပ်ပြီးပြီပေါ့၊တခြားနိုင်ငံမှာလား။”
“မဟုတ်ပါဘူး၊ဒါပေမဲ့ ကျွန်မတို့က လက်တွဲဖော်တွေလို့ပဲ ခံယူထားတယ်။ကျွန်မတို့နိုင်ငံက ကျွန်မတို့ရဲ့ဆက်ဆံရေးကို အသိအမှတ်မပြုဘူးလေ။ဒါပေမဲ့ ကျွန်မတို့ ဒီလိုဝတ်ထားသလို ကျွန်မတို့ပတ်ဝန်းကျင်က လူတွေလဲ ဒီလိုပဲ လုပ်ကြတယ်။” လင်းရှောင်က ရှင်းပြသည်။သူမက အသံကျယ်ကျယ်ဖြင့် မပြောသော်လည်း အသံက ခိုင်မာပြတ်သားသည်။ကျိုးချီချန်း၏အနာပေါ် ဆားဖြူးပေးရန် မရည်ရွယ်သော်လည်း သူက မေးလာသဖြင့် တုံ့ဆိုင်းနေမိသည့်တိုင် သူမ မလိမ်ညာခဲ့ပေ။သူမတို့ အချင်းချင်း တွေ့မြင်ခဲ့ကြသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ထိုသူက စိတ်ဓါတ်ပြင်းပြသူတစ်ယောက် ဖြစ်မှန်း လင်းရှောင် သိသည်။
ထို့နောက် လင်းရှောင် ထွက်သွားခဲ့ရာ ကျိုးချီချန်းက လူနာဆောင်ပြတင်းပေါက်၏ အပြင်ဘက်ကို တစ်ညလုံး ငေးကြည့်နေခဲ့မှန်း သူမ မသိခဲ့ပေ။ညနေခင်း နေဝင်သွားပြီး လင်းရှောင်၏အရိပ် ပျောက်ကွယ်သွားချိန်မှစ၍ ညမိုးချုပ်လာသည်အထိ ရုပ်ထုတစ်ခုကဲ့သို့ ထိုနေရာတွင်သာ မလှုပ်မရှား ထိုင်နေခဲ့သည်။သူ့အကြည့်မှာ ဝိုင်ယာကြိုးများ၊ပိုက်များဖြင့် ပြည့်နှက်နေသော လူနာဆောင်၊ဆေးရုံ၏ ကွန်ကရစ်နံရံမြင့်မြင့်များကို ကျော်လွန်၍ ရှန်ယန်း၏ဖြူဖွေးဖွေး တိမ်များ၊ မည်းညစ်နေသော ရေများနှင့် ပေါ်ဟိုင်ပင်လယ်ကွေ့ ကျော်လွန်သည့်တိုင်အောင် ဝေးသထက်ဝေး၊ မြင့်သထက် မြင့်သည်အထိ ရောက်သွားခဲ့ပုံပင်။ထိုနေရာမှာ မည်သည့်နေရာမှန်း သူ မသိသလို တွေ့ကြုံနေရသည့် ခံစားချက်ကိုလည်း မဖော်ပြတတ်ပေ။အရာအားလုံးကို လက်လျှော့အရှုံးပေးပြီး ထိုနေရာသို့ သွားလိုက်ချင်သည်ကိုသာ သူ သိတော့သည်။
အရုဏ်မတက်ခင်လေး၌ ထိုခံစားချက်တွင် လွတ်လပ်မှု ဟူသည့်
နာမည်တစ်ခုရှိမှန်း ကျိုးချီချန်း ရှာတွေ့သွားတော့သည်။သူ တစ်စုံတစ်ရာကို သိခဲ့သည်။လင်းရှောင်နှင့် သူမ၏လက်တွဲဖော်တို့ အချင်းချင်း မျှဝေထားရှိကြသလိုမျိုး အချစ်တစ်ခုကို သူ လိုချင်သည်။သူ လွတ်လပ်ချင်သည်။သို့သော် ဤသို့ လောကကြီးတွင် ကိတ်မုန့်တစ်ခု ရှိလာရန် ခက်ခဲသလို ၎င်းကို စားနိုင်ရန်လည်း ခက်လှသည်။သူကသာ လွတ်လပ်မှုကို ရွေးချယ်မည်ဆိုလျှင် ချစ်ရသည့်အရာကို လက်လွှတ်ရလိမ့်မည်။
ထို့နေ့တွင် စစ်တပ်မှ ထွက်ရန်၊ကျစ်ယွမ်ကို ထားခဲ့ရန်၊နှစ်နှစ်ကာကာ ချစ်ရပါသော J-15 တိုက်လေယာဥ်ကို ချန်ထားခဲ့ရန်၊ပိုင်ကျီယွိနှင့် ဘယ်တော့မှ အကောင်အထည်ပေါ်လာစရာ မရှိသော တစ်ဖက်သတ်အချစ်ကို လက်လွှတ်ပစ်လိုက်ရန် သူ ဆုံးဖြတ်ချက် ချလိုက်တော့သည်။အကိုက်အခဲပျောက်ဆေးများ၏ အာနိသင် ကုန်ဆုံးသွားချိန်တွင် ပို၍အားပြင်းသော ဆေးပမာဏကို သုံးစွဲရန် ငြင်းဆန်ခဲ့သဖြင့်သူ့မှာ အိပ်မရနိုင်အောင် အများအပြား နာကျင်ခံစားနေရပါ၏။သူ့ဘဝ၏အစိတ်အပိုင်းတစ်ခုကို သူကိုယ်တိုင် ဖြတ်ထုတ်ပစ်ရသည်က သေလုမျောပါး နာကျင်ရသဖြင့် ထိုသို့ ဆက်မလုပ်နိုင်တော့မတတ်ပင်။သို့သော် ၎င်းကသာ လမ်းတစ်ခုဖြစ်ပြီး၊အရိုးငါးချောင်း ကျိုးရသည့် နာကျင်မှုနှင့် နှိုင်းယှဥ်ကြည့်လျှင် တောင့်ခံနိုင်ရန် ပို၍ ခက်ခဲသော လမ်းတစ်ခု ဖြစ်ခဲ့လေသည်။
TK Team (Chapter 8)
++++++++