Chapter 1
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၁ (အပိုင်း ၁)
ဟာယွန်း ထယ်ဝမ်နဲ့ ပထမဆုံးအကြိမ် သေသေချာချာလေး တွေ့ဆုံဖူးတဲ့အချိန်က အသက် ဆယ့်ရှစ်နှစ်အရွယ် စာသင်နှစ်အစ ကျောင်းဖွင့်ချိန်မှာပါ။ ဟာယွန်းက ကျောင်းကို ပုံမှန်ထက် စောစောရောက်လာခဲ့ပြီး ကောင်လေးတစ်ယောက်က ကြိုတင်ရောက်နှင့်နေတာကို တွေ့လိုက်ရတယ်။
ကျောင်းဝတ်စုံဝတ်ထားတဲ့ အဲ့ဒီကောင်လေးက ကုလားထိုင်တစ်လုံးကို ပြတင်းပေါက်နား ဆွဲယူပြီး ခြေထောက်တွေကို အရှေ့ဆန့်ထားလျက် ထိုင်နေခဲ့တာပါ။ အပြင်မှာ ချမ်းစိမ့်စိမ့်ရှိနေတုန်းပဲဆိုပေမဲ့ သူ့ကြည့်ရတာ လေညင်းအေးအေးလေးကို ခံစားနေတဲ့ပုံပါပဲ။
ဘယ်လိုလုပ်ရမလဲ။
ဟိုမှာပဲနေရမလို ဒီမှာပဲနေရမလိုနဲ့ ဟာယွန်းတစ်ယောက် တံခါးကို ဖွင့်လိုက်တယ်။ တံခါးလျှောပွင့်သွားတဲ့အသံကို ကြားလိုက်ရတဲ့အခါ ကောင်လေးက လှမ်းကြည့်လာခဲ့တယ်။
သူ့မျက်နှာထားကို ကြည့်ရပုံထောက်ရင် ဒီအချိန်ကြီး တစ်ယောက်ယောက် ရောက်လာလိမ့်မယ်မှန်း မျှော်လင့်မထားတဲ့ပုံပါပဲ။ အဲ့ဒီနောက် သူက ဟာယွန်းရဲ့မျက်နှာကို မရေမရာ ငေးကြည့်နေခဲ့တယ်။ သူ မြင်နေရတာကို မယုံနိုင်တဲ့အလားပေါ့။ အဲ့ဒီလိုနဲ့ အချိန်အတန်ကြာအောင် ကုန်လွန်သွားခဲ့တယ်။ ဒီအတိုင်းသာဆို သူ့မျက်နှာမှာ အပေါက်ကြီးဖြစ်သွားတော့မှာပဲလို့ ဟာယွန်း ခံစားလိုက်ရတယ်။
ပြန်ထွက်သွားဖို့ စဉ်းစားခဲ့မိပေမဲ့ အခု မျက်လုံးချင်းဆုံသွားခဲ့ပြီးပြီဆိုတော့ အရမ်းကို ရုပ်ပေါက်သွားလောက်မယ်မဟုတ်လား။ အဲ့ဒါကြောင့် ဟာယွန်းက အတန်းအနောက်ဘက်ဆီသွားတဲ့ လျှောက်လမ်းနဲ့အနီးဆုံး စာရေးစားပွဲခုံဆီကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ အဲ့ဒီကောင်လေးနဲ့ အဝေးဆုံးမှာရှိနေတဲ့ စားပွဲပေါ့။
သူ ဟာယွန်းကို ကြည့်နေမှန်း မျက်လုံးထောင့်ကနေ မြင်နေရဆဲပါ။ နှုတ်ဆက်မလို့လည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ကြည့်နေရတာပါလိမ့်။ အဲ့ဒီအစား သူကပဲ စပြီးနှုတ်ဆက်လိုက်ရမလားလို့ တွေးမိခဲ့ပေမဲ့ သူတို့နှစ်ယောက်စလုံး အဲ့ဒီလိုလုပ်ဖို့အတွက် အချိန်ကောင်းကို လွဲသွားခဲ့တယ်လေ။
အိမ်မှာနေရတာ စိတ်မသက်မသာဖြစ်ရတဲ့အတွက် ကျောင်းကို စောစောလာခဲ့တာပါ။ ဒီမှာပါ စိတ်မသက်မသာဖြစ်ရလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားခဲ့မိပါဘူး။
ဟာယွန်းက လျှောက်လမ်းဘက်ကိုမျက်နှာမူပြီး စားပွဲပေါ် မှောက်အိပ်လိုက်တယ်။ ကောင်လေး သူ့ကို ခေါ်လိမ့်မလားလို့ စိုးရိမ်ခဲ့မိပေမဲ့ တော်သေးလို့ ကောင်လေးက ဘာမှမပြောခဲ့ပါဘူး။
လန်းဆန်းစေတဲ့ လေညင်းက ဟာယွန်းရဲ့ ကုပ်သားလေးကို တို့ထိကျီစယ်သွားခဲ့ပြီး နည်းနည်း စိတ်သက်သာရာရအောင် လုပ်ပေးခဲ့တယ်။
ဟာယွန်းက ဂန်ထယ်ဝမ်ကို သိထားပြီးသားပါ။ ဒီကျောင်းမှာ စတက်ကတည်းကိုက ဂန်ထယ်ဝမ်ဟာ နာမည်ကျော်ပဲလေ။ မားမားထွားထွား အရပ် ၁၈၆ စင်တီမီတာရှိတဲ့ သူက ဟာယွန်းတို့အတန်းထဲက လူတကာထက် အများကြီးပိုမြင့်ပြီး လုံးဝ မျက်စိထဲ ထင်းခနဲဖြစ်နေခဲ့တာပါ။
အဲ့ဒါအပြင် ပခုံးကျယ်ကျယ်၊ စူးစူးရှရှ မျက်လုံးတွေနဲ့ သူက တော်တော့်ကို ဆွဲဆောင်မှုရှိတဲ့သူပါပဲ။ သူ့မျက်နှာက သူ့အသက်အရွယ်နဲ့ ကိုက်ညီနေဆဲဆိုပေမဲ့ တည်တည်တံ့တံ့နေတတ်ပုံကြောင့် သူတို့အထက်က အတန်းကြီးတွေတောင်မှ သူ့ကိုမြင်ရင် နေရာမှာတင်ရပ်ပြီး ဆတ်ခနဲဖြစ်ကုန်တတ်ကြတယ်။
သူ့ရဲ့ တက်သစ်စမော်ဒယ်လ်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းမှုဟာလည်း လူအများပြောကြတဲ့ ခေါင်းစဉ်တစ်ခုပါ။ နာမည်ကြီးမဂ္ဂဇင်းတွေမှာ သူ့ဓာတ်ပုံတွေ မကြာမကြာ ပါလာတတ်တယ်လေ။ ဟာယွန်းအကြိုက်ဆုံး မဂ္ဂဇင်းတွေထဲမှာတောင် သူ့ပုံတချို့ကို အရင်က တွေ့ဖူးခဲ့ပါတယ်။
မှတ်မှတ်ရရ ရှိနေခဲ့တဲ့ သူ့ဓာတ်ပုံတွေထဲက တစ်ခုကတော့ ပင်လယ်ဘေးမှာ ရိုက်ထားတဲ့ပုံပါ။ အဖြူအမည်း ဓာတ်ပုံထဲမှာ သူက ပင်လယ်ကြီးကို နောက်ခံထားပြီး ရပ်နေခဲ့တယ်။ သူ့မျက်နှာက ကြယ်သီးအပြည့်အစုံတပ်မထားတဲ့ သူ့ရဲ့ ရှပ်အင်္ကျီလို လွတ်လပ်ပေါ့ပါးနေပြီး တော်တော့်ကို အိပ်မက်ဆန်တဲ့ ခံစားချက်မျိုး ပေးစွမ်းနေခဲ့တယ်။ ကျောင်းဝတ်စုံဝတ်ထားချိန်မှာ ပေးစွမ်းလေ့ရှိတဲ့ အရှိန်အဝါနဲ့ ကျိန်းသေပေါက် ခြားနားလှတာမို့ ဟာယွန်းတစ်ယောက် အတန်ကြာအောင် သူ့ဆီကနေ အကြည့်မခွာနိုင်ခဲ့ပါဘူး။
အတန်းထဲက ကောင်မလေးတွေအားလုံးတင် သူ့ကို ကြိတ်ကြွေနေကြတာမဟုတ်ဘဲ စီနီယာတွေရော၊ ဂျူနီယာ မိန်းကလေးတွေပါ သူ့ကို သဘောကျကြတယ်လေ။ ထယ်ဝမ် ဘယ်သွားသွား မိန်းကလေးအုပ်ကြီးက အနောက်ကနေ ပါလာတတ်စမြဲပါ။
ကောင်မလေးတွေအားလုံးက ဂန်ထယ်ဝမ်ဟာ နာမည်ကြီး အနုပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားခဲ့ကြတယ်။ အဲ့ဒါကြောင့် အဲ့ဒီလိုမဖြစ်ခင်မှာ သူနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိထားရင် ကောင်းမယ်လို့ပြောရင်း ပြောင်တိပြက်ချော်တွေ နောက်ခဲ့ကြတယ်။
ဟာယွန်းက သိပ်တော့မသေချာပေမဲ့ ဂန်ထယ်ဝမ်သာဆိုရင်တော့ အဲ့ဒီလမ်းကိုလျှောက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ရင် တော်တော်လေး နာမည်ကျော်မှာပဲလို့ တွေးခဲ့မိတယ်။ သူမှမလုပ်နိုင်ရင် တခြားဘယ်သူကများ လုပ်နိုင်ဦးမလဲလို့။
ဒါပေမဲ့ ဟာယွန်းရဲ့ သူ့အပေါ် စိတ်ဝင်စားမှုက အဲ့ဒီလောက်တင်ပါပဲ။
သူက ဒီအတိုင်း စိတ်ဝင်စားစရာ နောက်ခံနဲ့ ကောင်လေးတစ်ယောက်။ အတန်းထဲက နာမည်ကြီးတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ပေါ့။
အရင်က သူတို့ချင်း တစ်ခါမှ အဆက်အဆံမလုပ်ဖူးဘဲ အတန်းချင်းကလည်း မတူကြပြန်ဘူးလေ။ သူတို့အချင်းချင်း စကားပြောစရာ ဘာအကြောင်းမှ မရှိခဲ့ဖူးပါဘူး။ တစ်ခါတလေ လျှောက်လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် ဖြတ်သွားကြရင်း မျက်လုံးချင်းဆုံမိကြပေမဲ့ အဲ့ဒီနောက်မှာ သူတို့နှစ်ယောက်ဟာ မြန်မြန်အကြည့်လွှဲလိုက်ကြလေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ သူတို့နှစ်ယောက် စာသင်ခန်းတစ်ခန်းတည်းမှာ အတူတူကျခဲ့ပါပြီ။
အပြင်မှာ ကောင်မလေးတွေ အများကြီး စောင့်နေကြတော့မှာပါပဲ။ ဒီနှစ်ကတော့ နားငြီးမဲ့နှစ် ဖြစ်တော့မယ်ထင်ပါရဲ့။
ဂန်ထယ်ဝမ်နဲ့ ပတ်သက်ပြီး ဟာယွန်း တွေးမိတဲ့အတွေးက အဲ့ဒါအကုန်ပါပဲ။
****
ထင်တဲ့အတိုင်းပဲ အဲ့ဒီနှစ်မှာ သူတို့စာသင်ခန်းရဲ့ ပတ်ဝန်းကျင်က ပွက်လောရိုက်နေတော့တယ်။ အထက်တန်း ပထမနှစ် မတိုင်ခင်မှာ အဲ့ဒီလို အနှောင့်အယှက်မျိုး တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ ဒါပေမဲ့ တစ်ခုကတော့ သူ့အထင်နဲ့ ဆန့်ကျင်စွာ ဖြစ်လာခဲ့တယ်။ ဂန်ထယ်ဝမ်က သူ့ရဲ့ အတန်းဖော် ဖြစ်လာခဲ့တယ်လေ။
အားလုံး မဲနှိုက်ပြီးကြတဲ့နောက်မှာ ဟာယွန်းတစ်ယောက် ကံကောင်းထောက်မစွာပဲ အတန်းအနောက်ဘက် ပြတင်းပေါက်ဘေးက စားပွဲကို ရခဲ့တယ်။ ဂန်ထယ်ဝမ်က သင်ပုန်းအရှေ့တည့်တည့်နေရာကို ရခဲ့ပေမဲ့ သူ့ရဲ့အရပ်ကြောင့် သူ့အနောက်မှာထိုင်ကြတဲ့ ကျောင်းသားတွေက ဘာမှမမြင်ရတော့ပါဘူး။ အတန်းပိုင်ဆရာက ညည်းညူနေကြတဲ့ ကျောင်းသားတွေကိုယ်စား ထယ်ဝမ့်ကို မေးခဲ့တယ်။
“အနောက်မှာ သွားထိုင်ပေးလို့ရမလား။”
အတန်းပိုင်ဆရာက ထယ်ဝမ့်ကို အဲ့ဒါမျိုး မေးရတဲ့အတွက် အားနာနေပုံပါပဲ။
“အနောက်ဆိုတာ…ဘယ်နေရာအတိအကျကို ပြောတာပါလဲ။”
“အင်…ဘယ်နေရာဆို ကောင်းလောက်မလဲ…ဟိုးနောက်ဆုံး ပြတင်းပေါက်နားက ခုံဆိုရင်ရော။”
အတန်းပိုင်ဆရာက ဟာယွန်းဘေးမှာရှိနေတဲ့ခုံကို ညွှန်ပြခဲ့တယ်။ လက်ရှိ ဟာယွန်းရဲ့အတန်းဖော်က အရပ်တော်တော်ပုပြီး အမြင်အာရုံ မကောင်းပါဘူး။ အတန်းပိုင်ဆရာက အဲ့ဒါကိုလည်း ထည့်စဉ်းစားခဲ့ပုံပါပဲ။
ထယ်ဝမ်က တစ်ဖက်လှည့်လာခဲ့တယ်။ သဘာဝကျကျပဲ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသွားခဲ့ကြတယ်။ အခုနေ ဟာယွန်းဘက်က အကြည့်လွှဲလိုက်ရင် ကိုးရိုးကားရားဖြစ်သွားလောက်မှာဖြစ်ပြီး သူ့ကို ပြုံးပြလိုက်ပြန်ရင်လည်း ပိုလို့တောင် အူကြောင်ကြောင်နိုင်သွားဦးမှာပါ။ အဲ့ဒါကြောင့် ဒီအတိုင်း နေရာမှာထိုင်နေရင်း သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေလိုက်တယ်။ သူက ဟာယွန်းကို အတန်ကြာအောင် ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် ဟာယွန်းဆီကနေ အကြည့်မခွာဘဲ ပြောခဲ့တယ်။
“…ဟုတ်ကဲ့။”
အဲ့ဒီနောက်မှာ ထယ်ဝမ်က သူ့အတန်းဖော် ဖြစ်လာခဲ့ပေမဲ့ သူတို့နှစ်ယောက် တစ်ခါမှ စကားမပြောဖြစ်ခဲ့ကြပါဘူး။ ထယ်ဝမ်က သူ့အလုပ်ကြောင့် အမြဲတမ်း အစောကြီး ကျောင်းဆင်းသွားလေ့ရှိတယ်လေ။ သူက မကြာမကြာဆိုသလို ကျောင်းတောင်ပျက်တတ်ပါသေးတယ်။
အတန်းဖော်ဖြစ်လာပြီးတဲ့နောက််မှာ ထယ်ဝမ်က ဟာယွန်း စိတ်အနှောင့်အယှက်ဖြစ်ရမဲ့ကိစ္စတွေ ဘာတစ်ခုမှ မလုပ်ခဲ့ဘူးဆိုပေမဲ့ သူက သွယ်ဝိုက်သောနည်းနဲ့ အနှောင့်အယှက် ဖြစ်နေဆဲပါ။ အတန်းနားချိန်တွေမှာ ကျောင်းသူလေးတွေက သူ့ကိုကြည့်ဖို့ အနားကိုလာကြလေ့ရှိပြီး အဲ့ဒီလိုလုပ်ရင်းနဲ့ သူတို့တွေက ဟာယွန်းကိုပါ အကဲခတ်သွားကြလေ့ရှိတယ်လေ။ ပြီးတော့ အဲ့ဒီကောင်မလေးတွေက ဟာယွန်းကို သူ့အကြောင်းတွေ မနားတမ်းဆက်တိုက် မေးကြပါတော့တယ်။
“ဟေ့ ဟာယွန်း။ ဟိုလေ…”
ဟာယွန်းတစ်ယောက် ကျောင်းသူတွေရဲ့အကြည့်ကိုရှောင်ဖို့ ကန်တင်းဆီ ဦးတည်လာခဲ့တယ်။ တခြားအတန်းက ကောင်မလေးသုံးယောက် သူ့ဆီ ချဉ်းကပ်လာခဲ့ကြတယ်။ ပထမနှစ်တုန်းက သူတို့နဲ့ တစ်ခန်းတည်းကျခဲ့ဖူးပေမဲ့ စရိုက်ချင်း တအားကွဲပြားလွန်းတာကြောင့် တစ်ခါမှ စကားမပြောခဲ့ဖူးပါဘူး။
ဟာယွန်းက သူတို့ကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်။
“ဟုတ်သား…နင်က ဒုတိယနှစ် အခန်း ၃ က ဂန်ထယ်ဝမ်နဲ့ အတန်းဖော်တွေမဟုတ်လား။”
အဲ့ဒီကောင်မလေးက ဆံပင်ကို ပိုနီတေးမြင့်မြင့် စည်းထားခဲ့တယ်။ နှုတ်ခမ်းနီဆိုးထားတဲ့ သူ့နှုတ်ခမ်းလေးက စကားပြောရင်း မာယာပိုစွာ စူစူလေးဖြစ်နေခဲ့တယ်။ နည်းနည်းရှိန်ချင်စရာဆိုပေမဲ့ ဟာယွန်းက သူ့ခံစားချက်တွေကို မပေါ်လွင်စေခဲ့ပါဘူး။
“အင်း ဘာဖြစ်လို့လဲ။”
“နင် ဂန်ထယ်ဝမ်ရဲ့ ဖုန်းနံပါတ်သိလား။”
ကောင်မလေးတွေက မျက်လုံးလေးတွေ တလက်လက်နဲ့ မေးခဲ့တယ်။
“ဟင့်အင်း မသိဘူး။”
“တကယ် မသိဘူးပေါ့လေ။”
ကောင်မလေးတွေက မယုံသင်္ကာမျက်လုံးလေးတွေနဲ့ မေးခဲ့တယ်။
“အင်း။”
“ဒါပေမဲ့ နင်တို့နှစ်ယောက်က အတန်းဖော်တွေလေ။”
“ဟုတ်ပေမဲ့ ငါတို့ချင်း စကားမပြောဖြစ်ကြဘူး။”
“အာ တကယ်ကြီးလား။”
ဟာယွန်းရဲ့အဖြေကို ကြားလိုက်ရတဲ့အခါ ကောင်မလေးတွေက အနည်းငယ် စိတ်သက်သာရာရသွားပုံ ပေါ်သွားခဲ့တယ်။
“အဲ့ဒါဆို ဂန်ထယ်ဝမ်ဆီက ဖုန်းနံပါတ်လေး တောင်းပေးလို့ရမလား။ အတန်းဖော်ဆိုတော့ တောင်းရလွယ်မှာ သေချာတယ်။ မဟုတ်လည်း ဒီအတိုင်း သူ့ဖုန်းကို တစ်ချက်လောက် ခိုးကြည့်လိုက်လို့ရတာပဲလေ၊ မဟုတ်ဘူးလား။”
“အဲ့ဒါကတော့ ခက်လိမ့်မယ်။”
“ဟဲ့ လုပ်စမ်းပါ။ ဘာတွေများ ခက်ခဲမှာမို့လို့လဲ။ အဲ့ဒီလောက်ကြီးလည်း မခက်ပါဘူး။ ငါက ဒီအတိုင်း သူ့ဖုန်းနံပါတ်လေးပဲ တောင်းခိုင်းတာကို။ ဟင်။ နင်ပြောပြတယ်လို့ သူ့ကို ပြန်မပြောပါဘူး။ လျှို့ဝှက်ထားပေးပါ့မယ်။”
ဟာယွန်းက ခပ်တည်တည်ပဲ ကောင်မလေးကို ငုံ့မိုးကြည့်လိုက်တယ်။ ဟာယွန်း အသံတိတ်နေတာကို ကောင်မလေးက အဲ့ဒီကိစ္စအတွက် စဉ်းစားပေးနေတယ်လို့ ယူဆသွားတာကြောင့် ဆက်ပြီးတော့ စကားတွေ တွတ်ထိုးခဲ့တယ်။
“ငါက ဂန်ထယ်ဝမ်ကို သဘောကျတာလေ သိလား။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေကိုလည်း တစ်ယောက်မှမသိဘူး၊ ပြီးတော့ သူ့ဖုန်းနံပါတ်ရဖို့ တခြားနည်းလမ်းလည်းမရှိဘူး။ သိတယ်မဟုတ်လား ငါက ဒီအတိုင်း သူနဲ့ စကားလေး တစ်ခွန်းနှစ်ခွန်းလောက် ပြောချင်ရုံပါ။ အဲ့ဒါကြောင့် ဒီတစ်ခေါက်လေးပဲ ကူညီပေးလို့မရဘူးလားဟင်။”
ဒီလောက် ခက်ခဲတဲ့အကူအညီကိုတော့ လွယ်လွယ်လေး တောင်းတတ်တယ်ပေါ့လေ ဟင်။ ဟာယွန်းက ကောင်မလေးတွေကို ငုံ့စိုက်ကြည့်ရင်း တွေးလိုက်မိတယ်။
“အားနာပေမဲ့ ငါက သူနဲ့ အဲ့ဒီလောက် ရင်းနှီးတာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့ကိုပဲ တိုက်ရိုက်မေးလိုက်တာကောင်းမယ်။”
“ဘယ်လိုလုပ် မေးလို့ဖြစ်မှာလဲ။ ဒီလောက် ရှက်စရာကြီးကို။”
“ငါ့အတွက်လည်း ရှက်စရာကြီးပဲလေ။”
ရှက်စရာဆိုတာထက် စိတ်ရှုပ်ဖို့ပိုကောင်းတယ်ဆိုပေမဲ့ ဟာယွန်းက အဲ့ဒီအတိုင်းသာပြောပြီး လှည့်ထွက်လာခဲ့တယ်။ ရုတ်တရက် သူ့အနောက်ကနေ ထိထိရှရှ မှတ်ချက်စကားတွေ ထွက်လာတာကို ကြားလိုက်ရတယ်။
“အမလေး တကယ် အကျင့်ပုပ်တဲ့ဟာမပဲ။”
“ပြီးတော့ အရပ်ကြီးက ဘာလို့ ဒီလောက်တောင် ရှည်နေရတာလဲ။ မိန်းကလေးရော ဟုတ်ရဲ့လားမသိဘူး။”
“ဟဲ့ ထားလိုက်ရအောင်ပါ။ ပြောဖို့တောင်မတန်ဘူး။ သွားရအောင်။”
ကောင်မလေးတွေရဲ့ အဆိပ်ပြင်းတဲ့စကားတွေကို ကြားရတဲ့အခါ ဟာယွန်းက လျစ်လျူရှုလိုက်တယ်။ လူတွေက သူ့အကြောင်း မကောင်းပြောစရာရှိတိုင်း သူ့ရဲ့အရပ်အမြင့်ကို အမြဲတမ်း တိုက်ခိုက်တတ်တာကို သိထားပြီးသားပါ။
သူတို့ကို ခွန်းတုံ့ပြန်မနေချင်တာမို့ မကြားချင်ယောင်ဆောင်လိုက်တယ်။ ရုတ်တရက် ဟာယွန်း နေရာမှာတင် ရပ်တန့်သွားခဲ့တယ်။ သူ့မျက်လုံးလယ်ဗယ်လ်မှာရှိတဲ့ ပခုံးနှစ်ဖက်ကို မြင်တွေ့ရတာဟာ အမြဲပုံမှန်တော့ မဟုတ်ပါဘူး။ သူ့အရှေ့မှာ ရှိနေတဲ့သူက ဘယ်သူမှန်း သိသလိုခံစားမိလိုက်တယ်။
ထင်တဲ့အတိုင်းပဲ မော့ကြည့်လိုက်တဲ့အခါ ဂန်ထယ်ဝမ်ရဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ဟိုကောင်မလေးတွေ ပြောသွားသမျှ အားလုံးကို သူ ကြားသွားတယ်ဆိုတဲ့အချက်ကြောင့် ရှက်မိရပါတယ်။
ကန်တင်းသွားဖို့ အရမ်းနောက်ကျနေပြီဆိုတော့ အဲ့ဒီအစား သန့်စင်ခန်းသွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ထယ်ဝမ့်ကို ကွေ့ပတ်လျှောက်ပြီး သန့်စင်ခန်းဘက်သွားဖို့ ဦးတည်လိုက်ချိန်မှာ…
“တောင်းပန်ပါတယ်။”
အသံခပ်နိမ့်နိမ့်ကို ဟာယွန်း ကြားလိုက်ရတယ်။ နားကြားများမှားတာလားဆိုတဲ့အထင်နဲ့ ဟာယွန်း သူ့ကို ကြည့်လိုက်မိတယ်။ အဲ့ဒီနောက် သူက စကားဆက်လာခဲ့တယ်။
“ငါ့ကြောင့် ဒီလိုကိစ္စမျိုးတွေထဲ ဆွဲထည့်ခံရတဲ့အတွက် တောင်းပန်ပါတယ်။”
“ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုတွေဖြစ်အောင်လုပ်နေတာ နင်မဟုတ်ဘူးလေ။ နင်လည်း ဒီလိုကိစ္စတွေကို စိတ်ကုန်နေလောက်မှာ သေချာတယ်။”
ဟာယွန်းက ဒီအတိုင်း သူ့အမှားမဟုတ်လို့ စိတ်ထဲမထားဖို့ ပြောလိုက်ရုံလေးပါ။ ထယ်ဝမ်က သူ့ကို ငေးကြည့်နေခဲ့တယ်။
“နင်က စကားပြောကောင်းတာပဲ။”
“…”
“အဲ့ဒါကို ဘာဖြစ်လို့ ကျောင်းမှာဆိုရင် ဘာစကားမှမပြောဘဲနေတာလဲ။”
“ဒါပေမဲ့ နင်လည်း အတူတူပဲလေ။”
ဟာယွန်း စကားဆုံးသွားတယ်ဆိုရင်ပဲ နားချိန်ကုန်သွားပြီဖြစ်ကြောင်း အချက်ပြတဲ့ခေါင်းလောင်း မြည်လာခဲ့တယ်။ ကျောင်းသားတွေ သူတို့အတန်းထဲကို အပြေးပြန်ဝင်လာနေကြတာကို ကြားနေခဲ့ရတယ်။
ကလေးတချို့က လှေကားပေါ် အပြေးတက်လာကြပြီး ဟာယွန်းနဲ့ ထယ်ဝမ်တို့ အတူတူရပ်နေကြတာကို တွေ့သွားခဲ့တယ်။ သူတို့စာသင်ခန်းတွေဆီ ဆက်ပြီးလျှောက်သွားကြချိန်မှာ မျက်လုံးတွေက အပြူးသားဖြစ်နေကြပေမဲ့ သူတို့က ဟာယွန်းတို့ကို ထပ်ပြန်တလဲလဲ လှည့်ကြည့်ခဲ့ကြတယ်။ ကိစ္စကြီးတစ်ခုကို ရှာဖွေသိရှိသွားကြတဲ့အလားပေါ့။
“နားချိန်ကုန်သွားပြီ။ အတန်းထဲပြန်ကြရအောင်။”
ပထမဆုံး စကားစပြောခဲ့သူက ဟာယွန်းပါ။ သူက မျက်မှောင်ကြုတ်လိုက်တယ်။
သူ သန့်စင်ခန်းကိုရော၊ ကန်တင်းကိုပါ မသွားနိုင်ခဲ့ပါဘူး။ သူ့ရဲ့ လက်ကောက်ဝတ်ဖြူဖြူလေးမှာ ပတ်ထားတဲ့ အနက်ရောင်လက်ပတ်နာရီကို ငုံ့ကြည့်ပြီး အချိန်ကိုစစ်ကြည့်ပြီးတော့ တစ်ဖက်လှည့်လိုက်တယ်။
“ငါ စကားများများပြောရင် နင်ရော အဲ့ဒီလိုလုပ်မှာလား။”
“…”
ရုတ်တရက်ကြီး အဲ့ဒီစကားတွေ ကြားလိုက်ရတော့ ဟာယွန်း အချိန်ကို မေ့သွားခဲ့တယ်။
“ငါ့ကို ပြောနေတာလား။”
“…”
“နင့်ကို စကားပြောရင် ငါ့ကို စကားပြန်ပြောမှာလား။”
“…ပြောမယ်လေ။”
အကျပ်ရိုက်တာကို မကြိုက်ပေမဲ့ သူ့ကို တိုက်ရိုက်စကားပြောလာသူတစ်ယောက်ကို စကားပြန်မပြောရလောက်တဲ့အထိ ဟာယွန်းက ရိုင်းပျတဲ့သူမဟုတ်ပါဘူး။
“ကောင်းပြီလေ အဲ့ဒါဆို။”
ဘာကကောင်းတာပါလိမ့်။
ဟာယွန်း ပြန်မမေးနိုင်ခင်မှာ သူက ဟာယွန်းဘေးကနေ ဖြတ်လျှောက်သွားခဲ့တယ်။
****
နေ့လယ်စာစားချိန် ကုန်လွန်သွားတဲ့ နောက်ပိုင်းမှာ စာသင်ခန်းက အထူးတလှယ်ကို ပွက်လောရိုက်နေခဲ့တယ်။ တချို့က သွားတိုက်ဖို့ ထွက်သွားကြမယ်၊ တချို့က ဖုန်းကြည့်ကြမယ်၊ ဒါပေမဲ့ ခြုံငုံပြောရရင် လူတိုင်းက ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေကြတာပါပဲ။ ဟာယွန်းသူငယ်ချင်းတွေဖြစ်တဲ့ ဂျီယွန်းနဲ့ ယူလ်ဟီးက သူတို့နဲ့အတူ စာကြည့်တိုက်ကို လိုက်ချင်လားလို့ မေးခဲ့ပေမဲ့ ဟာယွန်းက သူတို့ကိုငြင်းပြီး စာရေးစားပွဲမှာ မှောက်အိပ်နေလိုက်တယ်။
ဒီစနေ၊ တနင်္ဂနွေမှာ သူ့အဒေါ်ကို ကူညီပေးဖို့ သဘောတူထားခဲ့ပြီးပါပြီ။ မနေကတည်းက ဟာယွန်းတစ်ယောက် တစ်ချိန်လုံး စိတ်လှုပ်ရှားနေခဲ့တာပါ။ ဆယ်ကျော်သက်တွေကြား ရေပန်းမစားတဲ့ မဂ္ဂဇင်းလေးမှာ အပိုင်းသေးသေးလေးပဲ ပါမှာဖြစ်ပြီး ဟာယွန်းရဲ့မျက်နှာ မပေါ်ရအောင် ဓာတ်ပုံကိုရိုက်ပေးမယ်လို့ ပြောထားပေမဲ့ ဟာယွန်းတစ်ယောက် အဲ့ဒီကိစ္စအတွက် စိတ်လှုပ်ရှားနေဆဲပါ။
သူ့မိဘတွေ သိသွားခဲ့ရင် မကျေမနပ် ဖြစ်ကြပါလိမ့်မယ်။ ပြီးတော့ ဟာယွန်းက ကျိန်းသေပေါက် ကျောင်းကလူတွေ ဘယ်သူမှ မသိစေချင်ပါဘူး။ အထက်တန်းကျောင်းပြီးသွားတဲ့အထိ အေးအေးချမ်းချမ်း နေချင်မိတယ်လေ။
စာရေးစားပွဲမှောက်အိပ်၊ နားနေချိန်ကို ခံစားရင်း ဟာယွန်းက ခေါင်းကိုရှင်းလိုက်တယ်။
ဒုတ်…
တစ်စုံတစ်ယောက် သူ့စားပွဲပေါ်ကို တစ်စုံတစ်ခု လာတင်လိုက်တာနဲ့အမျှ အရိပ်တစ်ခု သူ့အပေါ် အုပ်မိုးသွားတာကို ခံစားလိုက်ရတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အဝါရောင်တစ်စုံတစ်ခုက သူ့မြင်ကွင်းကို ပိတ်နေခဲ့တယ်။
ဟာယွန်းက ခေါင်းထောင်ပြီး ငုံ့ကြည့်လိုက်တယ်။ အဲ့ဒါကတော့ ငှက်ပျောသီးနို့ဘူးပါ။ ဟာယွန်းက ငှက်ပျောသီးနို့ဘူးရယ်၊ သူ့ဘေးကခုံမှာ ထိုင်နေတဲ့ကောင်လေးရယ်ကို တစ်လှည့်စီ ကြည့်လိုက်တယ်။ သူကလည်း ငှက်ပျောသီးနို့ဘူးကို သောက်နေခဲ့တယ်လေ။
“ဒါက ဘာလဲ။”
“ငှက်ပျောသီးနို့ဘူး။”
သူက တိုပြတ်ပြတ် ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ဟာယွန်းက အဲ့ဒါဘာမှန်းမသိလို့ မေးခဲ့တာမဟုတ်ပါဘူး။
“ဘာလို့ ငါ့ကို ဒါပေးတာလဲ။”
“ငါ့ဖုန်းနံပါတ်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့။”
“…”
“သောက်ကြည့်။”
ဟာယွန်းက ငှက်ပျောသီးနို့ဘူးကို ငုံ့စိုက်ကြည့်နေခဲ့မိတယ်။
“ထင်ထားတာထက်ကို အများကြီး ပိုချိုတယ်။”
ထယ်ဝမ်က ဒါကို အခုမှ ပထမဆုံးအကြိမ် သောက်ဖူးတဲ့အလား မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။
ဒီလိုနို့မျိုး သောက်ဖူးတာ ဒါက ပထမဆုံးလား။ ဘာဖြစ်လို့ အခုမှသောက်တာလဲ။
ဟာယွန်းမှာ မေးကြည့်ချင်တဲ့မေးခွန်းတွေ အများကြီးရှိနေပေမဲ့ ကျောင်းသားတွေ အုပ်လိုက်ကြီး စာသင်ခန်းထဲဝင်လာတာကို တွေ့လိုက်ရတဲ့အခါ ပါးစပ်ပိတ်နေလိုက်မိတယ်။ အဲ့ဒီအစား သူက ငှက်ပျောသီးနို့ဘူးကို မြန်မြန်ပဲ အိတ်ထဲထည့်လိုက်တယ်။
သူပြန်ပေးဖို့ ကြိုးစားရင်တောင်မှ ထယ်ဝမ်က ပြန်ယူလောက်မယ်မထင်ပါဘူး။ ပြီးတော့ အဲ့ဒါက သူအကြိုက်ဆုံး အရသာဖြစ်နေတယ်လေ။ ဖြစ်နိုင်ရင် အခုပဲ သောက်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ထယ်ဝမ်နဲ့ နို့ဘူးတစ်မျိုးတစ်စားတည်း အတူတူသောက်နေတာကို တခြားကလေးတွေ တွေ့သွားမှာ မလိုချင်ပါဘူး။
ဟာယွန်းက အိတ်ကို ဇစ်ပြန်ပိတ်လိုက်တယ်။
“တခြားဘယ်သူ့ကိုမှမပေးဘဲ ကိုယ့်ဘာသာ သောက်လိုက်နော်။”
ထယ်ဝမ်က ဘယ်သူမှမကြားရအောင် တိုးဖွဖွအသံလေးနဲ့ ပြောခဲ့တယ်။
****
ဟာယွန်းတစ်ယောက် မိဘတွေ၊ သူငယ်ချင်းတွေမသိအောင် မော်ဒယ်လ် စလုပ်ခဲ့တာ လွန်ခဲ့တဲ့တစ်နှစ် ကျောင်းပိတ်ရက်တစ်ရက်ရဲ့ မနက်စောစောမှာ အဒေါ်ဖြစ်သူဆီက ဖုန်းဝင်လာခဲ့ချိန်ကတည်းကပါ။
သူ့အမေဘက်က အဒေါ်က မဂ္ဂဇင်းဓာတ်ပုံဆရာတစ်ယောက်လေ။ နာမည်ကြီး မော်ဒယ်လ်တွေ၊ သရုပ်ဆောင်တွေနဲ့ အလုပ်တွဲမလုပ်ဘူးဆိုပေမဲ့ သူ့လက်ရာက တော်တော့်ကို လေးစားခံရတာမို့ အမြဲတမ်း အလုပ်အပ်သူတွေနဲ့ အလုပ်များနေတတ်လေ့ရှိပါတယ်။ ကံကောင်းပြီး မဂ္ဂဇင်းတစ်ခုက သူတို့ရဲ့ဓာတ်ပုံတွေရိုက်ပေးဖို့ ငှားရမ်းတာကိုတောင် ခံခဲ့ရဖူးတယ်လို့ ကြားဖူးခဲ့ပါသေးတယ်။
အဲ့ဒီအချိန်အတွင်းမှာ ဟာယွန်းဆီကို သူ့အဒေါ်က ဖုန်းခေါ်ခဲ့တယ်။ ရိုက်ကူးရေးအတွက် ငှားထားတဲ့ အထက်တန်းကျောင်းသူက မတော်တဆဖြစ်သွားပြီး မျက်နှာနဲ့ပခုံးတို့မှာ ဒဏ်ရာတွေရသွားလို့ သူတို့အတွက် မော်ဒယ်လ်မလုပ်ပေးနိုင်တော့ဘူးတဲ့လေ။
အဲ့ဒီစကားကို နားထောင်နေရင်း ဟာယွန်းကတော့ သိပ်ပြီးစိတ်ထဲမထားနေပါဘူး။ အမှန်တော့ သူ့အဒေါ်က ဘာဖြစ်လို့များ ဒီအကြောင်း သူ့ကို ပြောပြနေတာပါလိမ့်လို့ တွေးနေခဲ့တာပါ။
“အဲ့ဒီတော့ပြောပါတယ်၊ ဟာယွန်းရယ်။ ငါ့ကို ကူညီပေးလို့ရမလား။ မော်ဒယ်လ်က နင်နဲ့ တော်တော်လေးတူတာ။ ပြီးတော့ ဒီနေ့ရိုက်ကူးရေးကို ရက်ရွှေ့လို့လည်းမရဘူးဖြစ်နေတယ်။ နောက်ထပ် လူရွေးဖို့ကလည်း အချိန်မရှိဘူးဆိုတော့…ဒီတစ်ခါလေးပဲ ကူညီပေးလို့ရမလားဟင်။”
လှုပ်ရမ်းနေတဲ့ ဟာယွန်းရဲ့ခြေထောက်တွေ တုံ့ခနဲရပ်သွားခဲ့တယ်။
“ဒေါ်လေး သမီးတို့အိမ်အကြောင်းလည်း သိတယ်မဟုတ်လား။”
ဟာယွန်းက သူ့အဒေါ်ကို အိုးတိုးအမ်းတမ်း ငြင်းလိုက်တယ်။ သူ့အမေ ဆုံးပါးသွားပြီးတဲ့နောက်မှာ ဟာယွန်းတစ်ယောက် မိထွေးအသစ် ရခဲ့တယ်လေ။ သူ့အဖေနဲ့ သူ့မိထွေးက ဟာယွန်း သူ့အဒေါ်နဲ့ စကားပြောတာကို မကြိုက်ကြပါဘူး။
အဲ့ဒါကြောင့်ပဲ အဒေါ်နဲ့သွားတွေ့တိုင်း ဟာယွန်းက သူငယ်ချင်းတွေနဲ့ အပြင်သွားမလို့ဆိုပြီး အိမ်ကို အမြဲပြောလေ့ရှိတာပေါ့။ သူ မော်ဒယ်လ်လုပ်နေမှန်း အိမ်ကသိသွားရင် သူတို့တွေ ချက်ချင်း တန်းသိကြမှာပါပဲ။ ဟာယွန်း သူ့အဒေါ်နဲ့ တွေ့နေတယ်ဆိုတာကိုပေါ့။
“သိပါတယ်။ အဲ့ဒါကိုသိပေမဲ့…ဟာယွန်းရယ်။ ငါ့ကို ဒီတစ်ခါလေးပဲ ကယ်ပေးပါလား။ တစ်ခါလေးပဲ လုပ်ပေးရင် ဘယ်သူမှ သတိထားမိမှာမဟုတ်ပါဘူး။ ပြီးတော့ မဂ္ဂဇင်းက အဲ့ဒီလောက် နာမည်မကြီးတော့ ဘယ်သူမှ နင်မှန်း ရိပ်မိမှာမဟုတ်ဘူး။ မိတ်ကပ်တွေ အများကြီးလိမ်းပြီး ခပ်လှမ်းလှမ်းကနေ ကိုယ်တစ်ပိုင်းပုံပဲ ရိုက်မှာလေ။ မျက်နှာတစ်ခုလုံး ရှင်းရှင်းလင်းလင်းရိုက်ရမယ်ဆိုရင် ငါက နင့်ကို အကူအညီတောင်းပါ့မလား။ ဒီတော့ ဘယ်လိုသဘောရလဲ။”
“အဲ့ဒီလိုဆိုပေမဲ့…”
“နင်မှမဟုတ်ရင် တကယ်ပဲ ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိတော့ဘူး။ ဒီတစ်ခါလေးပဲ ကယ်ပေးပါ။ လုပ်ပါနော်။ နော်လို့။”
သူ့အဒေါ် သူ့ကို ဒီလိုတောင်းပန်ဖူးတာ ဒါ ပထမဆုံးပါပဲ။ သူ့အဒေါ်ရဲ့အလုပ်နဲ့ပတ်သက်ပြီး အမြဲတမ်း စိတ်ဝင်တစား ရှိခဲ့တာမို့ အများကြီး စဉ်းစားပြီးတဲ့နောက်မှာ ဟာယွန်း သဘောတူဖြစ်သွားခဲ့တယ်။
ဒီအဖြစ်အပျက် ပြီးသွားတဲ့နောက်မှာ ဟာယွန်းတစ်ယောက် မဂ္ဂဇင်းမော်ဒယ်လ် စလုပ်ခဲ့ပါတော့တယ်။ မှန်းထားသလောက် အခကြေးငွေမရပေမဲ့ မိဘတွေဆီကနေ ထပ်ပြီးတော့ ပိုက်ဆံတောင်းစရာ မလိုတော့ပါဘူး။
မျက်နှာကို ထင်ထင်ရှားရှား မြင်ရစရာမလိုတဲ့ ရိုက်ကူးရေးတွေမှာ သူ့အဒေါ်က သူ့ကို အလုပ်အပ်လေ့ရှိတယ်။ အနောက်ကပဲဖြစ်ဖြစ်၊ ဘေးကပဲဖြစ်ဖြစ်၊ အရှေ့ကပဲဖြစ်ဖြစ် ဓာတ်ပုံက အမြဲတမ်း အဖြူအမည်းဖြစ်ပြီးတော့ အမြဲတမ်း ဝေးဝေးကနေ ရိုက်တဲ့ပုံတွေပါ။ အဲ့ဒီလိုမှမဟုတ်ရင်လည်း ဟာယွန်းက တခြားမော်ဒယ်လ်တွေကြားမှာ ပုန်းလျှိုးကွယ်လျှိုး ပါရလေ့ရှိပါတယ်။
အလုပ်ကိစ္စ ပြီးသွားပြီဆိုရင် သူ့အဒေါ်က ကင်မရာကိုနှိမ့်ပြီး သူ့ကို ရွှန်းရွှန်းစားစား ပြုံးပြတတ်လေ့ရှိတယ်။
“ဒီနေ့လည်း တာဝန်ကျေပါတယ်။”
ပုံမှန်ထက် ရိုက်ကွက်နည်းနည်းပဲ သုံးခဲ့တာကြောင့် ဒီနေ့တော့ စောစောစီးစီး ပြီးသွားခဲ့တယ်။
“ညစာအတူတူစားကြမလား။”
“အင်း။”
ဟာယွန်း ခေါင်းညိတ်လိုက်တယ်။ သူ့သူငယ်ချင်းအရင်းကြီးနှစ်ယောက်အပြင် သူ့ရဲ့အဒေါ်က ဟာယွန်း စိတ်သက်သောင့်သက်သာ ပေါင်းသင်းနိုင်တဲ့ လူအနည်းစုထဲ တစ်ယောက်အပါအဝင်ပါ။
“ဟုတ်ပြီ။ သွားကြမယ်။ ပါစတာ သွားစားရအောင်။ ဘာကြောင့်မှန်းမသိ ဘီယာသောက်ရင်း ပါစတာစားရတာ ကြိုက်နေတယ်။ အထူးသဖြင့် ရိုက်ကူးရေးပြီးသွားရင်ပေါ့။ တစ်နေ့တာ အလုပ်လုပ်ခဲ့တာအတွက် ဆုချခံရဖို့ ထိုက်တန်သလို ခံစားမိလို့ထင်ပါရဲ့။”
ဟာယွန်းရဲ့အဒေါ်က လက်မောင်းတွေကို အကြောဆန့်ရင်း ပြုံးလိုက်တယ်။
အဖြူရောင် တီရှပ်နဲ့ ripped jeans ဝတ်ထားတဲ့ သူ့အဒေါ်က သူ့အသက်အရွယ်လို့တောင် မထင်ရပါဘူး။ သူက နုသစ်လတ်ဆတ်ပြီး လှတယ်လေ။ သူ့ရဲ့တက်ကြွအသက်ဝင်တဲ့ စိတ်ဓာတ်ကြောင့် အမြဲတမ်း အနောက်က လိုက်နေမိတာလားလို့ ဟာယွန်း ခံစားမိလိုက်ရတယ်။
“ကြီးလာရင် ဒေါ်လေးလိုပဲ နေချင်တယ်။”
“ဟောတော် ဒီနေ့ မြှောက်လို့ပင့်လို့ပါလား။”
“အတည်ပြောနေတာပါဆို။”
အဒေါ်က ခပ်တိုးတိုးရယ်ပြီး ဟာယွန်းရဲ့ခေါင်းကလေးကို ပုတ်လိုက်တယ်။
“ဟုတ်ပါပြီ။ မြန်မြန်ကြီးလာပြီး ဒေါ်လေးလို ဖြစ်လာပေါ့။ ဒါပေမဲ့ ငါကတော့ အချိန်နောက်ပြန်သွားပြီး နင့်အရွယ်လေး ပြန်ဖြစ်ချင်တာ။ နေရာချင်းလဲလို့ရမယ်ဆိုရင် ချက်ချင်းကို လုပ်ပစ်မှာ။”
“ဟင့်အင်း သမီးကတော့ ဒေါ်လေးနဲ့ နေရာချင်းမလဲချင်ပါဘူး။”
ဟာယွန်းရဲ့ ခိုင်မာပြတ်သားတဲ့ အဖြေကို ကြားရတဲ့အခါ သူ့အဒေါ်က သူ့ရဲ့မူပိုင်ထူးခြားတဲ့ ရယ်သံနဲ့ အော်ရယ်ခဲ့တယ်။
ဟာယွန်းက အဒေါ်နဲ့အတူ သူ့အဒေါ်အကြိုက်ဆုံး ပါစတာဆိုင်ကို လိုက်သွားပြီး နေရာရခဲ့တယ်။ သူ့အဒေါ်က မီနျူးကိုတောင်မကြည့်ဘဲ အစားအသောက်တွေ စမှာခဲ့တယ်။ ‘rosé pasta တစ်ပွဲ၊ shrimp cream risotto တစ်ပွဲ၊ ဘီယာတစ်ပုလင်းနဲ့ strawberry lemonade တစ်ခွက် ပေးပါ။’ အဲ့ဒီမှာ ဟာယွန်းအကြိုက်တွေပါ ပါပြီးသားလေ။
“ဟာယွန်း ကြီးလာရင် ဘာဖြစ်ချင်လဲ။”
သူ့အဒေါ်က ရုတ်တရက် မေးခဲ့တယ်။
“မပြောတတ်ဘူး…အခုထိ မတွေးကြည့်ရသေးဘူး။”
ဟာယွန်းက သူ့ရဲ့ strawberry lemonade ကို ပိုက်နဲ့သောက်ရင်း ပြန်ဖြေလိုက်တယ်။ သူက ကျောင်းစာကောင်းကောင်းလုပ်တော့ သူ့အဖေက ဆေးကျောင်းတက်စေချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။
သူ့မိထွေးကတော့ သူ့ကို ထူးဆန်းတဲ့မျက်နှာထားနဲ့ ကြည့်ပြီး ‘နင့်အဖေပြောသလို လုပ်သင့်တယ်’ လို့သာ ပြောခဲ့တယ်။ သူတို့နှစ်ယောက်စလုံးရဲ့ အကြံပြုချက်တွေကို မကြိုက်ပေမဲ့ ဟာယွန်းက စဉ်းစားလိုက်ပါ့မယ်လို့ ပြောခဲ့တယ်။
“နင်လုပ်ချင်တာ တစ်ခုခုများ မရှိဘူးလား။”
“ဟင့်အင်း။”
“တကယ်ကြီးလား။ နင်က ကိစ္စတွေကို မပြတ်မသား ထားတတ်တဲ့သူမျိုးလည်းမဟုတ်ဘဲနဲ့။”
“ဒါပေမဲ့လည်း မရှိဘူး…”
အဲ့ဒီလိုသာပြောလိုက်ပေမဲ့ ဟာယွန်းလုပ်ချင်တဲ့အရာတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလမ်းကို လျှောက်နိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ အဲ့ဒီလမ်းကိုလျှောက်ဖို့ အရည်အချင်းရှိရဲ့လားဆိုတာ မသေချာပါဘူး။ သူ့မိသားစုရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့လည်း ယုံကြည်ချက်မရှိပါဘူး။
“အဲ့ဒါဆို လောလောဆယ် မော်ဒယ်လ်အလုပ်ကိုပဲ ဆက်လုပ်သွားမယ်ဆိုရင်ရော။”
သူ့ခေါင်းထဲက စကားတွေကို အပြင်ဘက်မှာ ထုတ်ပြောလာတာ ကြားလိုက်ရတဲ့အခါ ဟာယွန်းက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်တယ်။ သူ့အဒေါ်က ခေါင်းကို လက်နဲ့ထောက်မှီထားရင်း သူ့ကို ကြည့်နေခဲ့တယ်။ ထုံးစံအတိုင်းလို ရွှန်းရွှန်းစားစားအပြုံးမျိုးတော့ ပြုံးမနေပါဘူး။ အဲ့ဒီအစား သူက ဟာယွန်းကို ထက်သန်ပြင်းပြတဲ့ မျက်နှာထားတစ်မျိုးနဲ့ ကြည့်နေခဲ့တယ်။
“နင်က ကင်မရာမှန်ဘီလူးအနောက်ရောက်ရင် လူတစ်မျိုးဖြစ်သွားတာ။ ဒါက ငါ့အမြင်သက်သက်ပဲဆိုပေမဲ့ ကင်မရာထဲကနေ မြင်ရတဲ့ နင်က တော်တော်လေးလှတယ်။ ပြီးတော့ နင့်ရဲ့ အရှိန်အဝါက ငါ နင့်ကို ဓာတ်ပုံရိုက်တဲ့နည်းလမ်းအပေါ်မူတည်ပြီး ပြောင်းသွားတာနော်။ တစ်ခါတလေလည်း ဖြူစင်တဲ့ပုံပေါ်တယ်၊ တစ်ခါတလေလည်း ကျက်သရေရှိတဲ့ပုံပေါ်တယ်။ ဒါပေါ့ နင်ကတော့ အဲ့ဒီအချိန်မှာ ဘယ်လိုပုံစံရှိမှန်း ကိုယ့်ကိုယ်ကိုယ် ဘယ်သိပါ့မလဲ။”
“…”
“ထွေထွေထူးထူး လုပ်ကြည့်ချင်တာမျိုး မရှိဘူးဆိုရင် မော်ဒယ်လ် စမ်းလုပ်ကြည့်ပါလား။ စဉ်းစားကြည့်လိုက်ပါ။ နင် လုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ငါ ပံ့ပိုးပေးမယ်။”
အဲ့ဒီစကားတွေနဲ့အတူ ဟာယွန်းရဲ့စိတ်က စတင်ယိမ်းယိုင်လာခဲ့တယ်။
ငါ လုပ်နိုင်ပါ့မလား။ လုပ်တော့လုပ်ချင်တယ်…
ဟာယွန်းက သူ့အတွေးတွေသူ မျက်နှာမှာ မပေါ်လွင်စေခဲ့ပါဘူး။
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။”
အဲ့ဒီအစား ဟာယွန်းက သူ့အဒေါ်ကို ယဉ်ယဉ်ကျေးကျေးပဲ ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။
သူ့အဒေါ်က ပြုံးပြုံးလေးနဲ့ ‘ကျေးဇူးတင်စရာလားဟယ်’ လို့ ပြန်ပြောခဲ့တယ်။
မော်ဒယ်လ်တဲ့…
ဟာယွန်းရဲ့ အတွေးထဲမှာ ဂန်ထယ်ဝမ်ရဲ့မျက်နှာက ဖျတ်ခနဲ ပေါ်လာခဲ့တယ်။ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်ဖြစ်ရတာ သူ ဘယ်လိုခံစားရမလဲ။ ပျော်လား။ ကျေနပ်လား။
ခေါင်းထဲက ရောက်တတ်ရာရာအတွေးတွေကို ရှင်းထုတ်ရင်း ဟာယွန်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်။ ဒုတိယထပ် ပြတင်းပေါက်ကနေ ခြေလှမ်းတစ်လှမ်းစီမှာ ခြေတံရှည်တွေကို ဆန့်ထုတ်ပြီးလျှောက်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
ခပ်လှမ်းလှမ်းကဆိုပေမဲ့ တစ်ချက်ကြည့်ရုံနဲ့တင် သူ ဘယ်သူမှန်း ပြောနိုင်ပါတယ်။ ခုနလေးကတင် သူက ဟာယွန်းအတွေးထဲ ရှိနေခဲ့သေးတာလေ။
“ဟဲ့ အဲ့ဒါ ဂန်ထယ်ဝမ်မဟုတ်လား။”
ဟာယွန်းက သူ့အဒေါ်ကို လှည့်ကြည့်လိုက်တယ်။
“ဒေါ်လေးက ဂန်ထယ်ဝမ်ကို သိနေတာလား။”
ဟာယွန်းက အံ့ဩတကြီး မေးလိုက်တယ်။
“သိတာပေါ့။ တစ်ခေါက်လေးပဲ အလုပ်တွဲလုပ်ဖူးတာလေ။ သူ မော်ဒယ်လ်စလုပ်တုန်းကပေါ့။”
လမ်းအတိုင်း ဖြတ်လျှောက်သွားတာကိုကြည့်ရင်း ဟာယွန်းအဒေါ်ရဲ့ အကြည့်က ဂန်ထယ်ဝမ်အပေါ်မှာ ဆက်လက်ကျရောက်နေခဲ့တယ်။ သူ့ပုံစံက ဂန်ထယ်ဝမ်ကို အခုချက်ချင်း ကင်မရာမှန်ဘီလူးအနောက် မပို့နိုင်လို့ စိတ်ပျက်နေတဲ့ပုံပါပဲ။
“အာ ဟုတ်လား။”
“နင်က သူ့ကို ဘယ်လိုလုပ်သိတာလဲ။”
“သူက သမီးနဲ့ တစ်ကျောင်းတည်းပဲလေ။”
စာသင်ခန်းတစ်ခန်းတည်းက အတန်းဖော်တွေဆိုတာအထိကိုတော့ မပြောခဲ့ပါဘူး။
“ဪ အဲ့ဒီလိုဆိုမှ နင်တို့က ရွယ်တူလေးတွေပဲ။ ပြီးတော့ သူက နင်နဲ့ တစ်ကျောင်းတည်းကိုး။ ဂန်ထယ်ဝမ်…အဲ့ဒီကလေးက မော်ဒယ်လ်ဖြစ်ဖို့ မွေးလာတာ။ ငါ တကယ်ပဲ သူ့ကို တစ်ခါထပ်ပြီး ဓာတ်ပုံရိုက်ချင်သေးတယ်။”
သူ့အဒေါ်က ဂန်ထယ်ဝမ်ကို လောဘတကြီး ကြည့်လိုက်တယ်။
“ဂန်ထယ်ဝမ်က တော်လား။”
“အင်း တကယ်တော်တာ။ ရုပ်ရည်လေးလည်းရှိတယ်၊ အရှိန်အဝါကောင်းတစ်မျိုးလည်း ရှိတယ်။ ပြီးတော့ မော်ဒယ်လ်အဖြစ်လောက်လေးနဲ့ ဆက်သွားဖို့ နှမြောစရာကြီး။ အမလေးနော် မိဘကောင်းကောင်းတွေသာ ရှိမယ်ဆိုရင်…”
သူ့အဒေါ်ရဲ့အသံက တိမ်ဝင်သွားခဲ့တယ်။
“အဲ့ဒါက ဘာစကားလဲ။”
အေးမြမြ ဘီယာပုလင်းကနေ တစ်ငုံသောက်ပြီးတဲ့နောက်မှာ သူ့အဒေါ်က စကားဆက်ခဲ့တယ်။
“သူ့မိဘတွေက အကြွေးတွေတင်ပြီး အဆုံးစီရင်သွားကြတာလေ။ အကြွေးက တကယ့်အများကြီးလို့တောင် ကြားတယ်။ လုပ်ငန်းလုပ်လို့ အကြွေးတင်တာမဟုတ်ဘူးဆိုတော့ အဲ့ဒီပိုက်ဆံတွေအားလုံးကို ဘယ်လိုဆုံးသွားရတာပါလိမ့်…”
“…”
“အခု သူ့ကို သူ့အဘွားကပဲ အုပ်ထိန်းပေးနေတာထင်တယ်။ တော်သေးလို့ သူက မိဘတွေရဲ့အကြွေးကို မဆပ်ရဘူးဆိုပေမဲ့ သူ့အဘွားက ပြန်ဆပ်ရမဲ့ပုံပဲ။ အဲ့ဒါကြောင့် သူက အမြဲတမ်း အလုပ်ကြိုးစားတာပေါ့။ အစိုးရကပေးတဲ့ အခြေခံနေစရိတ်၊ စားစရိတ်လောက်နဲ့ လောက်အောင်နေပြီး မော်ဒယ်လ်လုပ်လို့ ရသမျှပိုက်ဆံအကုန် အကြွေးဆပ်တဲ့အထဲထည့်တာ။ အဲ့ဒါအပြင်ကိုမှ သူ့အဘွားက ကျန်းမာရေးမကောင်းဘူးလို့ကြားတယ်။ ဒီတော့ အခုလက်ရှိမှာ ခက်ခဲတဲ့ဘဝနဲ့ နေနေရတယ်ပဲဆိုပါတော့။”
“…တကယ်ပဲလား။”
ဟာယွန်းက သူ့အဒေါ်ကို မယုံနိုင်သလို ကြည့်လိုက်တယ်။
ဂန်ထယ်ဝမ်က သွက်လက်ချက်ချာတဲ့ ကလေးတစ်ယောက် မဟုတ်ပေမဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းရှိတဲ့ပုံလည်းမပေါ်ပါဘူး။ ဒီအတိုင်း ဘာသိဘာသာ နေတတ်တဲ့ပုံစံမျိုးဆိုပေမဲ့ လေညင်းလေး ဖြတ်သန်းကျီစယ်သွားချိန်တိုင်းမှာ သူ့ပုံစံက အမြဲတမ်း အဲ့ဒီခံစားချက်ကို နှစ်သက်သဘောကျတဲ့ပုံပါပဲ။
အဲ့ဒီလိုပုံစံရော၊ သူ့ရဲ့ အရှိန်အဝါကြောင့်ပါ သူ့ပုံစံက ချမ်းသာတဲ့အိမ်ရဲ့ သားတစ်ယောက်လို့ထင်ရပါတယ်။ ကျောင်းက လူတိုင်း သူ့ကို အဲ့ဒီလိုပဲတွေးကြပြီး ဟာယွန်းကလည်း သူတို့နည်းတူပါပဲ။
“တကယ်ပဲ။ သူ မော်ဒယ်လ်လုပ်တဲ့ အေဂျင်စီရဲ့ စီအီးအိုနဲ့ ငါနဲ့က သူငယ်ချင်းတွေလေ။ အရင်တစ်ခါ သွားသောက်ကြရင်း ကြားခဲ့ရတာ။ သူက အဲ့ဒီတုန်းက တအားမူးနေလို့ ပြောမိခဲ့တာဆိုတော့ ဘယ်သူ့ကိုမှ လိုက်မပြောနဲ့နော်။ အခုတင် ငါလည်း မတော်တဆ ပြောလိုက်မိပြီ။ ဒီအတိုင်း မေ့လိုက်တာပဲ ကောင်းပါတယ်။ နင်တို့နှစ်ယောက်က အဲ့ဒီလောက် ရင်းနှီးတာတောင် မဟုတ်ဘူးမဟုတ်လား။”
ဟာယွန်းအဒေါ်က ဟာယွန်းကို စိုးရိမ်တကြီး ကြည့်နေခဲ့တယ်။
“အင်း။”
ဟာယွန်းက တိုပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တယ်။ သူတို့က မရင်းနှီးကြရုံတင်မဟုတ်ဘူး ဘယ်လိုပတ်သက်မှုမှကို မရှိကြတာပါ။ အထက်တန်းအောင်ပြီးရင် သူ့ကို ဒီအတိုင်း တစ်ခန်းတည်းကျခဲ့တဲ့ ကောင်လေးအဖြစ်ပဲ မှတ်မိနေမှာလေ။ အကယ်၍ ကံကောင်းရင်တော့ သူဝယ်ပေးခဲ့တဲ့ ငှက်ပျောသီးနို့ဘူးလေးကိုတောင် မှတ်မိချင်မှတ်မိနေလောက်မှာပေါ့။ ဒါပေမဲ့ အဲ့ဒီအချိန်မှာတောင်မှ ဒီအတိုင်း ‘အာ ဟုတ်သားပဲ’ လို့ တွေးပြီးတော့ တစ်ဖက်လှည့်ပြီး မေ့သွားလောက်မှာပါပဲ။
“သူ့အရွယ် ကလေးတစ်ယောက်အတွက်ဆိုရင် ခက်ခဲတဲ့ဘဝပဲ။ အမလေးနော် သူက ကျောင်းစာလည်းတော်တယ်လို့တောင် ကြားထားတာ…”
ဟာယွန်းရဲ့အဒေါ်က အသာလေး စုတ်သပ်လိုက်တယ်။
“အင်း ခက်ခဲရမှာပဲနော်။”
ဟာယွန်းက ဒီလိုသာပြောလိုက်ပေမဲ့ အဲ့ဒါက ဘယ်လောက်အထိ နာကျင်စရာကောင်းမှန်း အမှန်တကယ် မတွေးကြည့်နိုင်ပါဘူး။ အဲ့ဒီလိုဒုက္ခမျိုးကို တစ်သက်လုံး ဘယ်တော့မှ နားလည်မှာမဟုတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ဘဝက ဟာယွန်းဘဝနဲ့ အရမ်းကို ခြားနားလှတယ်လေ။
“ဒါပေမဲ့ သူ့မှာ ကျေးဇူးတင်စရာလေးတော့ ရှိပါသေးတယ်။ အဲ့ဒီလိုမျက်နှာမျိုး၊ ခန္ဓာကိုယ်မျိုး၊ အရှိန်အဝါမျိုးနဲ့ မွေးလာလို့ ကလေးအများစု မလျှောက်နိုင်တဲ့လမ်းကို လျှောက်နိုင်တာဆိုတော့လေ။”
“ဟုတ်မယ်ထင်ပါရဲ့။”
အဲ့ဒီစကားကို သဘောတူလို့ရပါ့မလားဆိုတာ မသေချာတဲ့အတွက် ဟာယွန်းက မရေမရာ ပြန်ပြောလိုက်တယ်။
အဲ့ဒီလိုနာကျင်မှုက ‘ကျေးဇူးတင်ရမဲ့’ အရာလို့ ပြောလို့ရတဲ့အရာ ဟုတ်ပါ့မလား မသေချာပါဘူး။ အဲ့ဒီလိုလက်ဆောင်က အောက်မှာရှိတဲ့ ဒုက္ခအတွက် မျက်နှာဖုံးတစ်ခုသာသာပဲဖြစ်ပြီး သူ့မှာရှိသမျှ အရာရာလည်း ဖြစ်နိုင်ပါတယ်။
ဟာယွန်းက ပြတင်းပေါက်အပြင်ဘက်ကို ပြန်ကြည့်လိုက်တယ်။ ထယ်ဝမ် ပျောက်သွားခဲ့တာ ကြာလှပြီဖြစ်ပြီး ဘယ်မှာမှ မတွေ့ရတော့ပါဘူး။ ဟာယွန်းရဲ့ မျက်လုံးတွေက သူ ထယ်ဝမ့်ကို နောက်ဆုံးတွေ့ခဲ့ရတဲ့နေရာမှာ တဒင်္ဂ ကပ်ငြိနေခဲ့တယ်။
****
ထယ်ဝမ့်လျှို့ဝှက်ချက်ကို မတော်တဆ သိလိုက်ရပေမဲ့ ဟာယွန်းက သူ့အပေါ် တစ်မျိုးကွဲပြားစွာ မပြုမူခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာ အတန်းဖော်တွေကို နှစ်ခါထပ်ပြီး နေရာပြန်ချပေးခဲ့တယ်။
ဒါပေမဲ့ နှစ်ကြိမ်စလုံးမှာ သူတို့နှစ်ယောက်က အတန်းဖော်အဖြစ် ပြန်ကျခဲ့ကြတယ်။ သူတို့ရဲ့ မြင့်မားတဲ့အရပ်တွေကြောင့် သူတို့ခုံတွေက အမြဲတမ်း ပုံသေဖြစ်ခဲ့တယ်လေ။ ကျောင်းသူမလေးတွေက ဟာယွန်းကို မနာလိုဖြစ်ခဲ့ကြပေမဲ့ သူတို့ရဲ့ အရပ်အမြင့်ကြောင့်လို့ ကြားသိရတဲ့အခါ အဲ့ဒီအတွက် သူတို့တတ်နိုင်တာ ဘာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီထဲက တချို့က လက်မလျှော့ခဲ့ကြဘဲ ဟာယွန်းလို အရပ်ရှည်လာဖို့ ဘာလုပ်ရမလဲလို့ မေးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာလည်း ကြာရှည်မခံလိုက်ဘဲ ရက်ပိုင်းလောက်နေတော့ လက်လျှော့သွားကြတာပါပဲ။
“နင် အခုထိ အရပ်ထပ်ရှည်နေတုန်းပဲလား။”
ရုတ်တရက်မေးခွန်းကြောင့် ဟာယွန်း လှည့်ကြည့်လိုက်တယ်။ ထယ်ဝမ်က ဟာယွန်းဘက်ကိုကြည့်ရင်း စားပွဲခုံပေါ် မှောက်လှဲလိုက်တယ်။ ခပ်မှေးမှေးဖြစ်နေတဲ့ သူ့မျက်လုံးတွေက ဟာယွန်းကို ငေးကြည့်နေခဲ့တယ်။
သူ ဘာလို့ အဲ့ဒီလိုမေးခွန်းမျိုး မေးရတာပါလိမ့်လို့ ဟာယွန်း တွေးလိုက်မိတယ်။
“ငါ နင့်ကို စကားပြောရင် ပြန်ပြောမယ်ဆို။”
ဟာယွန်း တိတ်တဆိတ် အတွေးနယ်ချဲ့နေတုန်းမှာ ထယ်ဝမ်က ပြောခဲ့တယ်။ ငှက်ပျောသီးနို့ဘူး ပေးပြီးတဲ့နောက်မှာ သူ ဟာယွန်းကို အခုလိုမျိုး စကားမပြောဖူးတာကြောင့် နည်းနည်းလေး ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားခဲ့တယ်။
“အခုထိ အရပ်ဆက်ထွက်နေတုန်း ဖြစ်မယ်ထင်တယ်။”
မနှစ်ကတည်းက ဟာယွန်း အရပ်ရှည်လာခဲ့တာပါ။
“ငါလည်း အခုထိ အရပ်ဆက်ထွက်နေတုန်းပဲဖြစ်မယ်ထင်တယ်။”
“ဪ ဟုတ်လား။”
တခြားဘာပြောရမယ်မှန်း ဟာယွန်း မသိခဲ့ပါဘူး။
“ငါ့ကို အဲ့ဒီအတိုင်းပဲ ဆက်ကြည့်နေတော့မှာလား။”
ဟာယွန်းက ၅အချိန်အတွက် ပြင်ဆင်ရင်း မေးလိုက်တယ်။ ထယ်ဝမ်က လက်မောင်းပေါ် ခေါင်းအုံးထားရင်း ဟာယွန်းကို ဆက်ပြီး ငေးကြည့်နေခဲ့တယ်။
ပြတင်းပေါက်ကနေ လေညင်းလေး ဖြတ်သန်းဝင်ရောက်လာပြီး သူ့ရဲ့ အနက်ရောင်ဆံပင်ကို ထိုးဖွသွားခဲ့တယ်။ အနည်းငယ် မသေမသပ်ဖြစ်နေတဲ့ ဆံပင်ပုံစံက သူနဲ့ လိုက်ဖက်လှပါတယ်။
သူကတော့ နှစ်တစ်ထောင်မှာ တစ်ယောက်ဖွားတဲ့ တကယ့်မော်ဒယ်လ်တစ်ယောက်ပါပဲ။
သူ့ကိုကြည့်ရင်း ဟာယွန်း တွေးလိုက်မိတယ်။
“ဘာဖြစ်လို့ အရှေ့ဘက်ကနေ ဓာတ်ပုံမရိုက်ရတာလဲ။”
“ဟင်။”
ဟာယွန်းရဲ့မျက်နှာ တင်းခနဲဖြစ်သွားတော့တယ်။
“အရှေ့ဘက်ကနေရိုက်ရင် လှမယ်လို့ထင်တယ်။”
“…”
“ကြည့်ရတာ မျက်နှာမပေါ်တဲ့ပုံတွေပဲ ရိုက်တယ်ထင်တယ်နော်။”
“…ဘာတွေလာပြောနေတာလဲ။”
ဟာယွန်းက ဒီအကြောင်းအရာကနေ မသိမသာရုန်းထွက်ဖို့ ကြိုးစားခဲ့တယ်။
“L.C ဧပြီလထုတ်။”
“…”
“အဲ့ဒါ နင်မဟုတ်ဘူးလား။”
မေးခွန်းသာ မေးနေပေမဲ့ ‘အဲ့ဒါ နင်ပဲ’ လို့ အော်ဟစ်နေတဲ့ သူ့မျက်လုံးတွေမှာ သေချာရေရာမှု အပြည့်ပါပဲ။
ဟာယွန်းတစ်ယောက် ဘာမှမပြောဘဲ ဒီအတိုင်း မလှုပ်မယှက် ထိုင်နေတဲ့အခါ ထယ်ဝမ့်နှုတ်ခမ်းတွေမှာ အပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်။ သူက ကိုယ်ကိုပြန်မတ်ပြီး သူ့ရဲ့အိတ်ထဲကို လက်လှမ်းလိုက်တယ်။ L.C ရဲ့ ဧပြီလထုတ်မဂ္ဂဇင်းကို ယူထုတ်ပြီး ဟာယွန်းရဲ့ပုံပါတဲ့ စာမျက်နှာကို လှန်လိုက်ပြီးတော့ ဟာယွန်းအရှေ့မှာ ချပေးခဲ့တယ်။ ဟာယွန်းက မိတ်ကပ်ထူထူလိမ်းထားပြီး ကင်မရာကို အောက်ကနေ မော့ကြည့်နေခဲ့တာပါ။ ဒါပေမဲ့ သူ့မျက်နှာ တစ်ဝက်လောက်ကိုပဲ ပြထားတာမို့ တော်တော်လေးကိုမှ သတိထားပြီး မကြည့်ဘူးဆိုရင် အဲ့ဒါက သူပါလို့ ပြောနိုင်မှာမဟုတ်ပါဘူး။
သူက ဘယ်လိုလုပ်ပြီးတော့ ဟာယွန်းကို မှတ်မိတာပါလိမ့်။
ဟာယွန်းရဲ့နှလုံးသားက ဒိတ်ခနဲဖြစ်သွားခဲ့တယ်။
“အဲ့ဒါ…ငါမဟုတ်ဘူး။”
ဟာယွန်း အလိုအလျောက် ငြင်းလိုက်တယ်။
“တကယ်ကြီးလား။ မဟုတ်သေးပါဘူး နင်ပဲဆိုတာ သေချာပါတယ်။”
“…”
“တခြားလူတွေကို လိုက်မေးကြည့်မှထင်တယ်။”
သူ ထရပ်လိုက်တယ်ဆိုရင်ပဲ ဟာယွန်းက သူ့လက်မောင်းကို အမြန်ဖမ်းဆွဲလိုက်တယ်။ သူက ပြန်ထိုင်လိုက်ပြီး ဟာယွန်းရဲ့လက်ကို ကြည့်နေခဲ့တယ်။
“လိုချင်တာက ဘာလဲ။”
ဟာယွန်းက မျက်နှာထားတည်တည်နဲ့ မေးလိုက်တယ်။
“အော်တိုလက်မှတ် လိုချင်တယ်။”
“ဘာ။”
ဟာယွန်းက မယုံနိုင်စွာ မေးလိုက်တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့ဓာတ်ပုံပါတဲ့ စာမျက်နှာရဲ့အောက်ခြေကို ထောက်ပြခဲ့တယ်။
“လျှို့ဝှက်ထားပေးမှာမို့လို့ ဒီနေရာမှာ နင့်ရဲ့ အော်တိုလက်မှတ်ကိုသာ ထိုးပေး။”
“…ငါ့မှာ အော်တိုလက်မှတ်လိုဟာမျိုး မရှိဘူး။”
“အဲ့ဒါဆို အခု တစ်ခုလုပ်လိုက်ပေါ့။”
သူက ခေါင်းမာစွာ ပြန်ပြောခဲ့တယ်။ ဟာယွန်းက တစ်ချက်လောက် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ ဘောပင်တစ်ချောင်း ဆွဲယူပြီး သူ့နာမည်သူ စိတ်မပါ့တပါနဲ့ လက်မှတ်ထိုးလိုက်တယ်။ အဲ့ဒီနောက် သူက မဂ္ဂဇင်းကို ထယ်ဝမ့်ဆီ မြန်မြန်ပြန်ကမ်းပေးလိုက်တယ်။ သူက စာမျက်နှာကိုကြည့်ပြီး ခပ်တိုးတိုးရယ်ခဲ့တယ်။
နာဟာယွန်း။
စာမျက်နှာပေါ်မှာတော့ အဲ့ဒီစာလုံးသုံးလုံးကို သေသေသပ်သပ် ရေးထားခဲ့တယ်။ ထယ်ဝမ်က အဲ့ဒါကို အတန်ကြာအောင် ကြည့်နေခဲ့တယ်။
“တစ်ယောက်ယောက်ကို အော်တိုလက်မှတ် ထိုးပေးဖူးလား။”
ထယ်ဝမ်က ဟာယွန်းရဲ့ ဓာတ်ပုံကိုဆက်ပြီးကြည့်နေရင်း မေးခဲ့တယ်။
“ဟင့်အင်း။”
“ဒါဆို ငါက ပထမဆုံးပဲထင်တယ်။”
ထယ်ဝမ့်နှုတ်ခမ်းထောင့်စွန်းလေးတွေက ဖြည်းဖြည်းချင်း ပင့်တက်သွားခဲ့တယ်။ သူ့မျက်နှာမှာ အဲ့ဒီလိုအပြုံးမျိုးကို ဟာယွန်း အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး။ အခန်းထဲကို ဝေ့ဝဲဝင်ရောက်လာတဲ့ လေညင်းကြောင့်ပဲလား။ ဒါမှမဟုတ် သူ့မျက်နှာက လေထဲမှာ ပိုချောနေလို့ပဲထင်ပါရဲ့။ ဟာယွန်းရဲ့ နှလုံးက ပုံမှန်ထက်ကို နည်းနည်းလေးပိုပြီး အခုန်မြန်လာတော့တယ်။
“ဒါကို လျှို့ဝှက်ထားပေးမယ်၊ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ နောက်တစ်ခါ မဂ္ဂဇင်း ဓာတ်ပုံရိုက်ရင် ငါ့ကို အသိပေး။”
“…ဘာဖြစ်လို့လဲ။”
ဟာယွန်းက စိုးရိမ်တကြီး မေးလိုက်တယ်။
“နင့်ကို လာကြည့်ရအောင်လို့။”
ထယ်ဝမ်က မဂ္ဂဇင်းကို သူ့အိတ်ထဲ ပြန်ထည့်လိုက်တယ်။ ဟာယွန်းက ဘာဖြစ်လို့ လာကြည့်မှာလဲလို့ မေးလိုက်ပေမဲ့ သူက ဒီအတိုင်းပဲ အပြုံးလေးနဲ့ တုံ့ပြန်ခဲ့တယ်။
****
ဟာယွန်းတစ်ယောက် တစ်ပတ်လုံး ဂနာမငြိမ်ဖြစ်နေခဲ့တယ်။ ထယ်ဝမ် တခြားကျောင်းသားတွေကို သူ့လျှို့ဝှက်ချက်အကြောင်း ပြောပြလိုက်မှာကို ကြောက်နေခဲ့တာလေ။ ဒါပေမဲ့ တော်သေးလို့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဟာယွန်း အော်တိုလက်မှတ် ထိုးပေးလိုက်ပြီးကတည်းက သူက ဘာမှမပြောင်းလဲသလို နေခဲ့တယ်။
ဒါပေမဲ့ တစ်ခါတလေ ဟာယွန်း တစ်ဖက်လှည့်လိုက်တိုင်း သူတို့တွေ မျက်လုံးချင်းဆုံသွားကြလေ့ရှိပါတယ်။ ကာယအချိန်မှာ ဘောလုံးပစ်တမ်း ကစားကြတဲ့အခါ ဟာယွန်း တစ်ဖက်လှည့်လိုက်ရင် သူ ဟာယွန်းကို ကြည့်နေတာကို တွေ့ရတယ်လေ။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံတိုင်း ပုံမှန်အားဖြင့် အူကြောင်ကြောင်နိုင်လေ့ရှိပေမဲ့ ထယ်ဝမ်က ဟာယွန်းကို ဒီအတိုင်းသာ ဆက်ကြည့်နေပြီး ပြုံးပြတတ်တယ်။
သူကြည့်နေမှန်း ဟာယွန်းသိသွားလို့ တော်သေးတာပေါ့ဆိုတဲ့ ပုံစံမျိုးပါပဲ။
တဖြည်းဖြည်းနဲ့ ဟာယွန်းတစ်ယောက် ထယ်ဝမ့်ကို ပိုပိုပြီး သတိထားမိလာတော့တယ်။ ထယ်ဝမ် သူ့ကိုများ ကြည့်နေမလားဆိုပြီး တွေးတတ်လာခဲ့တယ်။ ဆယ်ကြိမ်မှာ ရှစ်ကြိမ်က သူ ဟာယွန်းကို ကြည့်နေတာချည်းပါပဲ။ ကျန်တဲ့နှစ်ကြိမ်မှာတော့ ဟာယွန်းက သူ့ကို အရင်စကြည့်မိတဲ့သူ ဖြစ်နေတတ်ပါတယ်။
သူ့ဘက်က အရင်စကြည့်မိချိန်တိုင်းမှာ ဟာယွန်းတစ်ယောက် ရှက်ရှက်နဲ့ မြန်မြန် တစ်ဖက်လှည့်ဖို့ ကြိုးစားတတ်ပေမဲ့ ထယ်ဝမ်က ဟာယွန်းရဲ့အကြည့်ကို အလိုလိုခံစားမိပုံရပြီး ဟာယွန်းရှိရာဘက်ကို ကြည့်တတ်ပါတယ်။
ဟာယွန်းက ကြည့်နေတာကို လူမိသွားတဲ့အတွက် ရှက်မိရင်း သူ့ကို အကြောင်သား ကြည့်လိုက်မိပေမဲ့ သူကတော့ သူကြည့်နေတာကို ဟာယွန်းမိသွားတဲ့အချိန်တုန်းကနဲ့ နည်းနည်းကွဲပြားတဲ့ အပြုံးမျိုး ပြုံးပြခဲ့တယ်။
တော်ပါသေးရဲ့ဆိုတာနဲ့ ဆင်တူတဲ့ အပြုံးမျိုးပေါ့။
သူ ဟာယွန်းကို ပြုံးပြတဲ့ အခိုက်အတန့်လေးတွေက တဒင်္ဂသာကြာတာပါ။ ဘယ်သူမှ သတိမထားမိကြပါဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားပြီး သူတို့နှစ်ယောက်တည်းကပဲ သတိထားမိသလိုမျိုးလေ။ ထူးဆန်းတဲ့ ခံစားချက်ပါပဲ။
ဟာယွန်းက ထယ်ဝမ့်အကြည့်ကိုရှောင်ပြီး အပေါ်ကို မော့ကြည့်လိုက်တယ်။ ချယ်ရီပင်တန်းက ကောင်းကင်ဆီ ထိုးထောင်နေခဲ့တယ်။ အကိုင်းတွေကြားကနေ အဖြူရောင်တိမ်တိုက်တွေကို မြင်နေရတယ်။
မကြာခင် ချယ်ရီပန်းလေးတွေ ပွင့်တော့မှာပါ။
ဟာယွန်းတစ်ယောက် သူ့နှလုံးသားထဲမှာ ဖူးပွင့်လာတဲ့ မျိုးစေ့သေးသေးလေးအတွက် ချယ်ရီပွင့်တွေကိုသာ ယိုးမယ်ဖွဲ့မိပါတော့တယ်။
****
Translated by D