Chapter 1
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၁ (အပိုင်း ၂)
အာ ဒီနေ့က အဲ့ဒီနေ့လား။
အထဲကနေ အုံအုံကြွကြွထွက်လာတဲ့ ဆူညံသံတွေကြောင့် အိမ်ရှေ့တံခါးရဲ့အရှေ့မှာ ဟာယွန်းတစ်ယောက် တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။
“မွေးနေ့ကို ဂုဏ်ပြုပါတယ်။ မွေးနေ့ကို ဂုဏ်ပြုပါတယ်။”
“အမလေး ငါတို့ ဝူဟျွန်းလေးက စကားတတ်လေးပဲ။ ‘ပျော်စရာမွေးနေ့ပါ မေမေ’ လို့ ပြောလိုက်ပါဦး။”
“အမလေး မပီကလာပီကလာလေးတွေ ပြောနေလိုက်တာ ကြည့်ပါဦး။ အရမ်းချစ်ဖို့ကောင်းတာပဲ ငါတို့ ဝူဟျွန်းလေးက။”
တံခါးအနောက်ကနေ နွေးထွေးစည်းလုံးတဲ့အသံတွေ စီးထွက်လာခဲ့တယ်။ ဟာယွန်းရဲ့မိထွေးနဲ့ မိထွေးရဲ့ ညီမတွေရဲ့ အသံတွေပါပဲ။ သူတို့က ဟာယွန်း မိထွေးရဲ့ မွေးနေ့အတွက် ပါတီလုပ်ပေးနေကြတာပါ။
အခု မိထွေးရသွားပြီဆိုတော့ ပြောရရင် သူတို့တွေက ဟာယွန်းရဲ့ အဒေါ်တွေပဲပေါ့။ ဒါပေမဲ့ အခုထိ သူတို့အချင်းချင်းကြားမှာ အိုးတိုးအမ်းတမ်း ဖြစ်နေရတုန်းပါပဲ။ ဟာယွန်းနဲ့တွေ့တဲ့အခါတိုင်း သူတို့တွေက ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ကုန်ကြပါလိမ့်မယ်။ ဟာယွန်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဟာယွန်းက မိထွေးကို ‘အမေ’ လို့ မခေါ်နိုင်ဘူးဆိုတော့ သူတို့ကိုလည်း ‘အဒေါ်’ လို့ ခေါ်နိုင်စရာ အကြောင်းမရှိပါဘူး။
“ကျေးဇူးပါပဲ။ အားလုံးကြောင့် တကယ်ကို ပျော်ရတာပါ။”
သူ့အဖေရဲ့ ခပ်ဩဩအသံက ‘မွေးနေ့ကို ဂုဏ်ပြုပါတယ်’ လို့ ပြောနေတာကို ဟာယွန်း ကြားနေရတယ်။ နှစ်နှစ်အရွယ် မောင်လေးရဲ့ ဂူးဂူးဂါးဂါး စကားတွေကိုတောင်မှပေါ့။
သူ့အဖေက သူ့မိထွေးကို လက်ဆောင်ပေးလိုက်တယ်ထင်ပါရဲ့။ မိထွေးဖြစ်သူရဲ့ လှိုက်လှိုက်လှဲလှဲ ကြည်နူးသွားတဲ့အသံကို ကြားလိုက်ရပြီး သူ့ညီမတွေက အားကျစွာ ပင့်သက်ရှိုက်လိုက်ကြတာကို ကြားလိုက်ရတယ်။ သူတို့လူစုက မီးရောင်တောက်တောက်အောက်မှာ စကားဖောင်ဖွဲ့နေကြတုန်းမှာ ဟာယွန်းကတော့ အမှောင်ထဲမှာ တိတ်တဆိတ် ရှိနေခဲ့တယ်။
တံခါးလက်ကိုင်ဘုတုံးကို ဆုပ်ကိုင်ထားတဲ့ ဟာယွန်းရဲ့လက်တွေဟာ သူ့ရဲ့နံဘေးဘက်ဆီကို ပျော့ခွေစွာ ပြုတ်ကျသွားတော့တယ်။
“ကျောင်းမှာ အချိန်ပိုရှိမှာမို့လို့ မိုးချုပ်မှ ပြန်ရောက်လိမ့်မယ်မဟုတ်လား။”
သူ့မိထွေး မနက်တုန်းက သူနဲ့မတူလှစွာ အဲ့ဒီအကြောင်း မေးခဲ့တာ ဒီအကြောင်းရင်းအတွက်လား။ ဟာယွန်းက ‘ဟုတ်ကဲ့’ လို့ ပြန်ဖြေခဲ့ပြီး သူ့ရဲ့မိထွေးက စိတ်အေးသွားသလို အပြုံးမျိုးပြုံးရင်း ‘ဟုတ်လား’ လို့သာ တုံ့ပြန်ခဲ့တယ်။ ဟာယွန်းတစ်ယောက် ပြတင်းပေါက်တွေကနေ ဖြာထွက်နေတဲ့ မီးရောင်တွေကို ငေးကြည့်လိုက်ပြီး အဲ့ဒီနောက် တစ်ဖက်လှည့်လိုက်တယ်။
ဒါက သူ့မိထွေးကို ပေးနိုင်တဲ့ တစ်ခုတည်းသော လက်ဆောင်ပါပဲ။ သူ့ရဲ့မွေးနေ့မှာ ပါဝင်ဆင်နွှဲတာမျိုး မပြုခြင်းအားဖြင့်ပေါ့။
‘ကျောင်းမျက်နှာကြက်က ရေယိုနေလို့ အချိန်ပိုကို ဖျက်လိုက်တယ်။ အခုထိ ညစာ မစားရသေးဘူး။’ အဲ့ဒီလိိုသာ ပြောလိုက်မယ်ဆိုရင် သူ့မိထွေးက တကယ့်စိတ်ထဲကအတွေးကို မပေါ်လွင်စေရအောင် အတတ်နိုင်ဆုံး ကြိုးစားလောက်တယ်ဆိုပေမဲ့ စိတ်ထဲမှာကတော့ စိတ်ပျက်သွားလောက်မှာပါ။
သူ့မိထွေးက သူ့အဖေကိုချစ်ပြီး သူတို့နှစ်ယောက်ကြားမှာ မွေးလာတဲ့ ဝူဟျွန်းကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့ သူက ဟာယွန်းကိုတော့ တာဝန်အရသာ ပြုစုပျိုးထောင်ခဲ့တာပါ။
ပြီးတော့ ဟာယွန်းရဲ့အဖေက အရင်ဇနီးနဲ့ရခဲ့တဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးကို ဘာလုပ်လို့လုပ်ရမှန်း မသိခဲ့ပါဘူး။ ဟာယွန်းနဲ့ စကားပြောမဲ့အစား ရှေးရိုးစွဲတဲ့ ဖခင်ဖြစ်သူက ဟာယွန်းကို အမိန့်ပေးလိုက် စေခိုင်းလိုက်သာ ရှိခဲ့ပါတယ်။
“နင် ဆေးကျောင်းတက်မှဖြစ်မယ်။”
“မိန်းကလေးဆိုတာ ရိုရိုကျိုးကျိုးရှိရတယ်။ အဲ့ဒီလိုမှ ခင်ပွန်းကောင်းနဲ့တွေ့မှာ။”
သူ့အဖေ သူ့ကိုပြောတာကတော့ အဲ့ဒီလိုစကားမျိုးတွေပါပဲ။
အိမ်က ထွက်လာပြီးတဲ့နောက်မှာ ဟာယွန်းက လမ်းပျောက်နေတဲ့အလား လမ်းပေါ်မှာ ရပ်နေမိခဲ့တယ်။ အထီးကျန်မှုက သူ့ကို လွှမ်းမိုးဖိစီးနေခဲ့တာပါ။ တစ်လောကလုံးဆီကနေ ဖယ်ကြဉ်ခံလိုက်ရသလို ခံစားနေခဲ့ရတယ်။
ဘယ်ကိုမှ သွားစရာမရှိတာကြောင့် ကုန်စုံဆိုင်ကိုဝင်ပြီး သုံးမြှောင့်ချွန်းထမင်းလိပ်ဝယ်ပြီးတော့ ကစားကွင်းဆီ ဦးတည်သွားလိုက်တယ်။ ဂျီယွန်းနဲ့ ယူလ်ဟီးတို့ဆီ စာပို့ခဲ့ပေမဲ့ ပြန်စာမလာခဲ့ပါဘူး။ သူတို့က ကာရာအိုခေ သွားမယ်လို့ ပြောခဲ့တာဆိုတော့ ဖုန်းတွေကို တစ်နေရာရာမှာထားပြီး အချိန်ကောင်းလေးကို ခံစားနေကြပုံပါပဲ။
ကစားကွင်းမှာ ဘယ်နှနာရီလောက်ကြာအောင် နေရမလဲ။
ဟာယွန်းက ဒန်းပေါ်မှာထိုင်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ မဟူရာ ညကောင်းကင်နောက်ခံမှာ ချယ်ရီပွင့်ဖြူဖြူလေးတွေ လှုပ်ခါနေတာကို မြင်လိုက်ရတယ်။
သူတို့က အကောင်းဆုံး ပွင့်ခဲ့ကြပေမဲ့ တဒင်္ဂသာ ခံကြပါတယ်။ ဒါပေမဲ့ ပွင့်လန်းနေချိန်မှာတော့ ရွှန်းရွှန်းပပ တောက်ပကြတယ်လေ။ အဲ့ဒါကြောင့် သူတို့က ဟာယွန်းအကြိုက်ဆုံးပန်း ဖြစ်နေတာများလား။
ဟာယွန်းက မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ ရက်အနည်းငယ်ကြာတဲ့အခါ ချယ်ရီပွင့်ဖတ်လေးတွေ ဘယ်လို ပြန့်ကြဲကြွေကျလာမလဲဆိုတာကို စိတ်ကူးကြည့်လိုက်တယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်ကူးကြည့်ပါစေ လှပတဲ့မြင်ကွင်းကို စိတ်ကူးကြည့်လို့မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက မတော်တဆ ကြားမိခဲ့တဲ့ စကားတွေကိုသာ ပြန်တွေးမိခဲ့တယ်။
“ဟာယွန်းက အထက်တန်းကျောင်းအောင်ပြီးသွားရင် သူ့ဟာသူ ခွဲနေမှာပေါ့နော်။”
သူ့ကို အထက်တန်းကျောင်းပြီးသွားတာနဲ့ အိမ်ကနေထွက်သွားဖို့ မျှော်လင့်နေတဲ့ မိထွေးရဲ့အသံပါပဲ။
“အင်း နေရမှာပေါ့။”
ပြီးတော့ အဲ့ဒါကို သဘောတူခဲ့တဲ့ သူ့အဖေရဲ့အသံ။ ပြီးတော့ ဘာမှမသိတဲ့ ဝူဟျွန်းလေးဆီက ထွက်လာတဲ့အသံ။ သူတို့သုံးယောက်က ပြီးပြည့်စုံတဲ့ မိသားစုလေးဖြစ်ပြီး ဟာယွန်းတစ်ယောက်ကသာ သူစိမ်းဖြစ်နေတာပါ။ အဲ့ဒီအချက်ကို မေ့သွားတတ်ပေမဲ့ ဒီလိုနေ့မျိုးတွေမှာတော့ သတိရမိတတ်ပါတယ်။ ဟာယွန်းရဲ့နှလုံးသားက ဆစ်ခနဲဖြစ်သွားခဲ့တယ်။
လေထဲမှာ ခရီးနှင်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ ဟာယွန်း မျက်လုံးဖွင့်လိုက်တယ်။ ဟာယွန်း မျက်လုံးမှိတ်ထားတုန်းမှာ လူတစ်ယောက်က သူ့ဆီ လျှောက်လာခဲ့ပြီး အခု သူ့ကို ကြည့်နေခဲ့တယ်။
ဟုတ်ပါ့။ နင်ပဲကိုး။
ထယ်ဝမ့်မျက်လုံးတွေက အဲ့ဒီစကားတွေကို ဟာယွန်းဆီ တစ်ဆင့်ပါးနေသလိုပါပဲ။ မျက်ခွံတစ်ဝက်သာဖွင့်ထားတဲ့ ဟာယွန်းမျက်လုံးတွေ သူ့မျက်လုံးတွေနဲ့ ဆုံမိသွားချိန်မှာ ချက်ချင်း ပြူးသွားတော့တယ်။ ဟာယွန်းတစ်ယောက် မျက်တောင်ခတ်လိုက်မိပြီး မျက်လုံးထဲကနေ မျက်ရည်တစ်စက် စီးကျလာတာကို မတားနိုင်လိုက်ပါဘူး။ ချက်ချင်းပဲ လက်ခုံနဲ့ သုတ်လိုက်ပေမဲ့ ထယ်ဝမ် သတိမထားမိစရာ အကြောင်းမရှိဘူးလေ။
“ဒီမှာ ဘာလုပ်နေတာလဲ။”
ဟာယွန်းက မေးလိုက်ရင်း ခေါင်းငုံ့လိုက်တယ်။
“အိမ်ပြန်မလို့ကို နင့်ကို တွေ့လိုက်တယ်ထင်လို့။”
“…”
ဘာပြန်ပြောရမှန်း မသိတာကြောင့် ဟာယွန်းက အသာလေးနှုတ်ဆိတ်နေခဲ့တယ်။ ထယ်ဝမ်က သူ့ဘေးမှာရှိနေတဲ့ ဒန်းပေါ်မှာ ဝင်ထိုင်လိုက်တယ်။ သူ့ရဲ့ ခြေတံရှည်ရှည်တွေကို ဆန့်လိုက်ပုံအရ သက်သောင့်သက်သာ မရှိတဲ့ပုံပါပဲ။
ကျွီ…ကျွီ…
ဒန်းကလေး တုန်ခါသွားခဲ့တယ်။ ထယ်ဝမ်က အရှေ့တည့်တည့်ကိုကြည့်ရင်း မေးခဲ့တယ်။
“စားပြီးပြီလား။”
“…”
“ငါ စကားပြောရင် ပြန်ပြောမယ်ဆို။”
ဟာယွန်းက ခေါင်းခါပြလိုက်တယ်။
“အတော်ပဲ။ ငါ ဗိုက်ဆာနေတာ။”
“…”
“တကယ်ဗိုက်ဆာနေတာ၊ အတူတူစားမဲ့သူကလည်း မရှိဘူး။ ငါ့ကို တစ်နပ်လောက် ဝယ်ကျွေးမလား။”
ထင်မှတ်မထားတဲ့ တောင်းဆိုမှုကြောင့် ဟာယွန်း ခေါင်းမော့လိုက်တယ်။ ထယ်ဝမ်က သူ့လက်ထဲမှာရှိတဲ့ သုံးမြှောင့်ချွန်းထမင်းလိပ်ကို ငုံ့ကြည့်နေခဲ့တယ်။ ဟာယွန်းတစ်ယောက် တစ်ချက်နောက်ကျပြီးမှ ထမင်းလိပ်ကို ဝှက်လိုက်တဲ့အခါ သူ့အကြည့်က ဟာယွန်းမျက်နှာဆီ ရောက်လာခဲ့တယ်။
“နင့်ရဲ့ မော်ဒယ်လ်အလုပ်ကို လျှို့ဝှက်ပေးထားမယ်။ ငါ့ကို တစ်နပ်လောက် ဝယ်ကျွေးမလားလို့။”
“…”
“မဝယ်ကျွေးချင်ဘူးလား။”
ဝယ်မကျွေးချင်တာတော့ မဟုတ်ပါဘူး။ တစ်လပဲရှိသေးတဲ့ အတောအတွင်းမှာ ဂန်ထယ်ဝမ်က သူ့ကို ဟုတ်တိပတ်တိ စကားပြောခဲ့တာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ရုတ်တရက် တစ်နပ်စာဝယ်ကျွေးဖို့ တောင်းဆိုတာက ထူးဆန်းနေခဲ့တာပါ။ ဟာယွန်းက တွေဝေနေခဲ့တယ်။ ထယ်ဝမ်က သူ့လက်သူ ကျောင်းဝတ်စုံ ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ပြောခဲ့တယ်။
“နင် မဝယ်ကျွေးချင်ရင် ငါဝယ်ကျွေးမယ်။ သွားရအောင်။”
သူက ဒီအတိုင်း ထားလိုက်မဲ့ပုံမပေါ်ပါဘူး။
“သွားရအောင်လို့။ ဒီအတိုင်းကြီး ထိုင်ပြီးမှိုင်တွေမနေနဲ့။”
ထယ်ဝမ် တစ်ခါထပ်ခေါ်ပြီးတဲ့နောက်မှာ ဟာယွန်းက ထရပ်လိုက်တယ်။ ဒီမှာ တစ်ယောက်တည်း ထိုင်နေမဲ့အစား ထယ်ဝမ်နဲ့ လိုက်သွားတာက ပိုကောင်းမဲ့ပုံပါပဲ။
“အေးပါ။ သွားရအောင်။”
ဟာယွန်း ဗိုက်ဆာနေခဲ့တာပါ။ ပြီးတော့ အမှောင်ထဲမှာ တစ်ယောက်တည်း မနေချင်ပါဘူး။
အဲ့ဒါကြောင့် ဟာယွန်းတစ်ယောက် ဂန်ထယ်ဝမ်နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့တော့တယ်။
****
ထယ်ဝမ် ဟာယွန်းကို ခေါ်သွားတဲ့နေရာကတော့ တော့ပိုကီရောင်းတဲ့ မုန့်ဆိုင်လေးပါ။ ပူးပူးကပ်ကပ် စားပွဲတောင့်တောင့်လေးတွေရှိပြီး ကျောင်းနဲ့ တော်တော်လေးဝေးပါတယ်။
ထယ်ဝမ်က သူ ဗိုက်ဆာတိုင်း ဒီကို အမြဲတမ်း လာတတ်တယ်လို့ ပြောပြခဲ့ပြီး ထောင့်ကျကျနေရာဆီ သဘာဝကျကျ လျှောက်သွားခဲ့တယ်။ ငါးအသားချောင်းဟင်းရည်နဲ့ ခက်ရင်းတွေကို မြန်မြန်ရှာတွေ့ပြီး ဟာယွန်းဆီ ပေးခဲ့ပုံထောက်ရင် သူက ဒီမှာ ပုံမှန်စားနေကျ ဖောက်သည်ပဲထင်ပါရဲ့။ ဆိုင်ရှင်အဒေါ်ကြီးနဲ့ တစ်ခွန်းစ၊ နှစ်ခွန်းစ နောက်ပြောင်ပြီးတဲ့နောက်မှာ သူက တော့ပိုကီ၊ ဆွန်းဒယ်နဲ့ သီးစုံကြော်တို့ကိုယူပြီး ပြန်လာခဲ့တယ်။
“ကောင်မလေးက လှတာပဲ။”
တော့ပိုကီဆိုင်ရှင်က အဲ့ဒီလိုပြောခဲ့ပြီး ဟာယွန်းက ခေါင်းထောင်ကြည့်လိုက်မိရင်း ဆတ်ခနဲဖြစ်သွားခဲ့တယ်။ ထယ်ဝမ်က သူ့ကောင်မလေးမဟုတ်ပါဘူးလို့ အဒေါ်ကြီးကို ပြောပြမှာကို စောင့်နေခဲ့မိတယ်။
ဒါပေမဲ့ ထယ်ဝမ်က နှုတ်ခမ်းစေ့ရုံသာစေ့ပြီး ပြုံးခဲ့ပေမဲ့ ဘာမှမပြောခဲ့ပါဘူး။ တော့ပိုကီ စားနေတုန်းမှာလည်း ထယ်ဝမ်က အသံတိတ်နေခဲ့တယ်။ ဟာယွန်းက တော့ပိုကီ တစ်ဖတ်နှစ်ဖတ်လောက်စားပြီး သူ့ကို တစ်ချက် မျက်လုံးပင့်ကြည့်လိုက်တယ်။
သူက တော်တော့်ကို မြန်မြန်လေး စားခဲ့တယ်ဆိုပေမဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ ငရုပ်ဆီအနှစ်တို့ စွန်းပေတာမျိုးမရှိသလို စားပွဲပေါ်မှာ ဟင်းရည်ဖိတ်ကျတာမျိုးလည်း မရှိပါဘူး။ တော့ပိုကီစားတဲ့သူကို ပုံမှန်ရည်ညွှန်းလေ့ရှိတဲ့ စကားတော့မဟုတ်ပေမဲ့ ဟာယွန်းက သူ့ကို တော်တော်လေး တင့်တယ်တဲ့ပုံပဲလို့ တွေးခဲ့မိတယ်။ လူဝင်ဆံ့တဲ့သူမို့လို့ပဲဖြစ်မလား။ ကျောင်းဝတ်စုံ ဝတ်ထားတာတောင်မှ တော်တော်လေး ရင့်ကျက်တဲ့ပုံပေါ်နေခဲ့တယ်။
အဲ့ဒီနောက် သူ့ရဲ့ ရှပ်အင်္ကျီက တော်တော်လေး နွမ်းဖပ်ဖပ်ဖြစ်နေတာကို သတိထားလိုက်မိတယ်။ သန့်ရှင်းနေတာမို့ အရင်က သတိမထားမိခဲ့ပါဘူး။ ဒါပေမဲ့ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် တော်တော့်ကို ဟောင်းနေပါပြီ။ အထပ်ထပ်အခါအခါ လျှော်ထားတယ်ဆိုတာကို ပြောနိုင်ပါတယ်။ ဟာယွန်းတစ်ယောက် သူ့အဒေါ် ပြောပြခဲ့တဲ့ ထယ်ဝမ်ရဲ့ အခြေအနေအကြောင်း ပြန်တွေးလိုက်မိတယ်။
ထယ်ဝမ်က ခေါင်းမော့လာပြီး သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားခဲ့ကြတယ်။ ဟာယွန်း ကြည့်နေတဲ့နေရာကို သတိထားမိသွားလို့ထင်ပါရဲ့ သူက သူ့ရဲ့ ရှပ်အင်္ကျီစကို လက်နဲ့ပွတ်လိုက်တယ်။
“ဘာဖြစ်လို့လဲ။ တစ်ခုခု ဖိတ်မိသွားလို့လား။”
“ဟင့်အင်း။”
ဟာယွန်းရဲ့အဖြေကြောင့် ထယ်ဝမ့်မျက်နှာထား တင်းသွားခဲ့တယ်။ သူက အင်္ကျီအနားစရဲ့ နွမ်းနေတဲ့အပိုင်းကို ကိုင်လိုက်ပြီး ဘာဖြစ်သွားတာလဲဆိုတာကို သဘောပေါက်သွားခဲ့တယ်။ သူ့ပုံစံက ခက်ခဲတဲ့ဘဝအကြောင်း လူသိခံလိုက်ရတဲ့သူလိုပါပဲ။ ထယ်ဝမ်က အတန်ကြာအောင် ဘာမှမပြောဘဲ ခေါင်းငုံ့လိုက်ပြီး သူ့တော့ပိုကီသူ ဆက်စားခဲ့တယ်။ အဲ့ဒီနောက် ကောက်ကာငင်ကာ ပြောခဲ့တယ်။
“လူကြီးဖြစ်လာရင် ကောင်းကောင်းနေမှာ။”
တော်တော်လေးကို ရုတ်တရက်ဆန်ဆန် ထွက်လာခဲ့တာပါ။
“အင်း နင် ကောင်းကောင်းနေနိုင်လိမ့်မယ်လို့ထင်တယ်။”
ဟာယွန်းက ပြန်ဖြေဖို့ တုံ့ဆိုင်းမနေခဲ့ပါဘူး။ သူက တကယ့်စိတ်ရင်းနဲ့ပါ။ ဂန်ထယ်ဝမ်က ကောင်းကောင်းကြီးပြင်းလာမှာလေ။ သူ့ကြည့်ရတာ ဟာယွန်းရဲ့အဖြေကြောင့် အံ့ဩသွားပုံပါပဲ။ ထယ်ဝမ်က ခက်ရင်းကို ချလိုက်တယ်။
“ဘာဖြစ်လို့ အဲ့ဒီလိုထင်ရတာလဲ။”
ထယ်ဝမ်က ထူးဆန်းတဲ့မျက်နှာထားနဲ့ မေးခဲ့တယ်။
“မပြောတတ်ဘူး။ ဒီအတိုင်း အဲ့ဒီလိုဖြစ်လိမ့်မယ်လို့ပဲ ထင်မိနေတာ။”
“…”
“နင်က အောင်မြင်မှာ။”
ဟာယွန်းက နောက်ထပ်တစ်ကြိမ် ထက်ထက်သန်သန် ပြောလိုက်တယ်။ ထယ်ဝမ်က ဘာမှမပြောဘဲ ဟာယွန်းကို ငေးကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေမှာ ခံစားချက်ပေါင်းမြောက်မြားစွာ ဖြတ်သန်းသွားခဲ့ပေမဲ့ ဟာယွန်းတစ်ယောက် ဘာတစ်ခုကိုမှ မဖတ်နိုင်ခဲ့ပါဘူး။ အဲ့ဒီခံစားချက်တွေက တော်တော်လေး လျင်မြန်စွာ ဖြတ်သန်းသွားတာဖြစ်ပြီး အင်မတန် နက်နဲလှတယ်လေ။ ထယ်ဝမ်တစ်ယောက်သာ အဲ့ဒါတွေက ဘာတွေမှန်း သိနိုင်မှာပါ။
ဟာယွန်းက အဲ့ဒီခံစားချက်တွေကို သူနဲ့ မျှဝေစေချင်မိပေမဲ့ အဲ့ဒီလိုမျှဝေလာခဲ့ရင် သူတို့ရဲ့ပတ်သက်မှု ပြောင်းလဲသွားမှာကိုလည်း ကြောက်နေမိပြန်ပါတယ်။ ဟာယွန်းတစ်ယောက် အကြည့်လွှဲလိုက်တယ်။
တော့ပိုကီစားပြီးလို့ ဆိုင်ထဲကနေ ထွက်လာချိန်မှာ အချိန်က တော်တော်ကုန်လွန်သွားခဲ့ပါပြီ။ ထယ်ဝမ်က ငွေရှင်းလိုက်တယ်။
ဆိုင်ထဲက ထွက်လာတယ်ဆိုရင်ပဲ သူက ဘာမှမပြောဘဲ ဒီအတိုင်း ဟာယွန်းကို တခြားတစ်နေရာဆီ ဦးဆောင်ခေါ်သွားခဲ့တယ်။ ဘယ်မှသွားစရာမရှိတဲ့ ဟာယွန်းက သူ့ဘေးကနေ လျှောက်ခဲ့တယ်။
“…နောက်တစ်ခါကျရင်၊ ဒီထက်ပိုပြီး အရသာရှိတာ ဝယ်ကျွေးမယ်။”
အဲ့ဒီစကားကို ကြားတဲ့အခါ ဟာယွန်းက ဖြည်းဖြည်းချင်း သူ့ကို လှည့်ကြည့်လိုက်တယ်။ အဲ့ဒီခံစားချက်တွေအားလုံး ဖြတ်သန်းသွားခဲ့တဲ့ မျက်နှာက အခုတော့ ခပ်တင်းတင်းဖြစ်နေခဲ့တယ်။
“နောက်တစ်ခါပေါ့လေ။”
သူ ဟာယွန်းနဲ့ ထပ်တွေ့ချင်တာလားဆိုတာကို သေချာအောင်လုပ်ဖို့အတွက် မေးလိုက်တယ်။
“အင်း ပတ်ဝန်းကျင်ပိုကောင်းတဲ့ ဆိုင်ကနေ ဝယ်ကျွေးမယ်။ ငါတို့တွေ သက်သောင့်သက်သာရှိနိုင်မဲ့ဆိုင်မျိုး။ လောလောဆယ် ငါသိတဲ့ဆိုင်တွေက ဒီလိုဆိုင်မျိုးတွေချည်းပဲ၊ အဲ့ဒါကြောင့်…”
သူ့မျက်လုံးတွေက လမ်းဘေးမီးတိုင်ကို အိုးတိုးအမ်းတမ်း ပင့်ကြည့်နေခဲ့တယ်။
သူ သတိထားမိခဲ့တာပဲ။
ဟာယွန်း တွေးလိုက်မိတယ်။ ဟာယွန်းက သူ့အဝတ်အစားတွေရဲ့ နွမ်းဖပ်ဖပ်အနားသတ်ကို သတိထားမိသလိုပဲ သူကလည်း ဟာယွန်းရဲ့ အထီးကျန်မှုကို သတိထားမိခဲ့တယ်လေ။
သူက ဟာယွန်း ဘာကြောင့် ဒီလိုခံစားနေရသလဲဆိုတာကို မမေးခဲ့ပါဘူး။ ဟာယွန်းကို စာနာပြဖို့၊ ဒါမှမဟုတ်လည်း နှစ်သိမ့်ပေးဖို့အတွက် အူကြောင်ကြောင် ဆင်ခြေတွေလုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ အူကြောင်ကြောင်ဆင်ခြေတွေက ပိုပြီးတော့တောင် နာကျင်စေနိုင်မှန်း သိနေတဲ့အလားပေါ့။
ထယ်ဝမ်က သူ့ရဲ့ လမ်းလျှောက်နှုန်းနဲ့ကိုက်အောင် ဖြည်းဖြည်းလျှောက်နေမှန်း ဟာယွန်းသိပေမဲ့ မသိချင်ယောင်ဆောင်ခဲ့မိပါတယ်။
****
ဘာမှလုပ်စရာမရှိတာမို့ ရပ်ကွက်ကို နှစ်ပတ် ပတ်လျှောက်ခဲ့ကြတယ်။ ဘယ်သူကမှ အိမ်ပြန်ဖို့အကြောင်း စကားမစခဲ့ကြပါဘူး။ တစ်နေရာရာကိုသွားရင် ပိုက်ဆံသုံးရတော့မယ်မှန်း ဟာယွန်းသိတယ်လေ။ ဒါပေမဲ့ ထယ်ဝမ်က သူ့အစား ရှင်းပေးမှာစိုးတာမို့ အဲ့ဒီလိုလည်း အကြံမပေးရဲခဲ့ပါဘူး။
တစ်ပတ်ပြီးတစ်ပတ်လျှောက်ရင်း နောက်ဆုံးတော့ ကစားကွင်းဆီ ပြန်ရောက်လာကြပြီး ဒန်းတွေပေါ်မှာ တစ်ခါပြန်ထိုင်ဖြစ်ခဲ့ကြပြန်တယ်။ အစကတော့ သူတို့နှစ်ယောက် စကားသိပ်မပြောဖြစ်ခဲ့ကြပါဘူး။ ထယ်ဝမ်က တဖြည်းဖြည်း မေးခွန်းတွေ စမေးခဲ့ပြီး ဖြည်းဖြည်းချင်းနဲ့ သဘာဝကျကျပဲ စကားပြောဖြစ်ခဲ့ကြတယ်။
ထွေထွေထူးထူး အရေးပါတဲ့ကိစ္စတွေအကြောင်း ဘာမှမပြောဖြစ်ခဲ့ကြပါဘူး။ စာမေးပွဲတွေအကြောင်း၊ ကျောင်းအကြောင်း၊ ဟာယွန်းက ချယ်ရီပွင့်တွေကို အကြိုက်ဆုံးဖြစ်တဲ့အကြောင်း ပြောဖြစ်ခဲ့ကြတယ်။ အဲ့ဒီလောက်ပါပဲ။
အချိန်တရွေ့ရွေ့ကုန်လာတာနဲ့အမျှ ထယ်ဝမ်က သူ့အဘွားအကြောင်း တဖြည်းဖြည်း ထုတ်ပြောလာခဲ့တယ်။ သူ့အဘွားနဲ့ နေတယ်ဆိုတာရယ်၊ သူ့အဘွားက ကျန်းမာရေးသိပ်မကောင်းဘူးဆိုတာရယ်ကို ပြောပြခဲ့တယ်။
သူ့ရဲ့ ခက်ခဲတဲ့ဘဝအကြောင်းတို့၊ မိသားစုကို ပံ့ပိုးဖို့အတွက် ငွေရှာရတဲ့အကြောင်းတို့ကိုတော့ ထည့်မပြောခဲ့ပါဘူး။ အဲ့ဒီနောက် သူတို့နှစ်ယောက်သား မဂ္ဂဇင်းတွေမှာ မော်ဒယ်လ်လုပ်တဲ့အကြောင်းတွေ စပြောကြတော့တယ်။ မော်ဒယ်လ်လုပ်တာနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို ပြောလိုက်တိုင်းမှာ ဟာယွန်းက ပုံမှန်ထက်ပိုပြီး စကားပြောလေ့ရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အဒေါ်မဟုတ်တဲ့ တခြားလူတစ်ယောက်နဲ့ အရမ်းကို ပွင့်ပွင့်လင်းလင်း ပြောလို့ဆိုလို့ရတာ ဟာယွန်းအတွက် ပထမဆုံးပါပဲ။ ဒါပေမဲ့ သူ့အဒေါ်က ဓာတ်ပုံဆရာဆိုတော့ မော်ဒယ်လ်တွေသာတွေးမိတဲ့ အပူအပင်တွေကို နားလည်နိုင်လောက်မှာမဟုတ်ပါဘူး။ သူ့အဒေါ်နဲ့ယှဉ်လိုက်ရင် ထယ်ဝမ်က ဟာယွန်းရဲ့ပြဿနာတွေကို ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာမလိုဘဲ ချက်ချင်းတန်းပြီး နားလည်ပါတယ်။
ကိုယ်ချင်းစာနားလည်မှုနဲ့ မျှဝေခြင်း။
ဒီအချက်ကို ရှာတွေ့ခဲ့တယ်ဆိုတာနဲ့တင် စိတ်လှုပ်ရှားဖို့ကောင်းလှပါတယ်။ သူတို့နှစ်ယောက် အတန်ကြာအောင် ပျော်ပျော်ကြီး စကားတွေဖောင်ဖွဲ့နေကြရင်း အားလုံးက တဖြည်းဖြည်း တိတ်ကျလာခဲ့ပြန်တယ်။ ဟာယွန်း တစ်ဖက်လှည့်ကြည့်လိုက်တဲ့အခါ ထယ်ဝမ်က ဒန်းရဲ့ချိန်းကြိုးကို ခေါင်းမှီထားရင်း သူ့ကို ငေးကြည့်နေတာကို တွေ့လိုက်ရတယ်။
သူ့နှုတ်ခမ်းတွေက ပြုံးနေပေမဲ့ သူ့မျက်လုံးတွေကတော့ လေးနက်လှပါတယ်။ လေတိုက်သွားပြီး သူ့ဆံပင်တွေက လေထဲဝေ့ဝဲလွင့်သွားပြီးမှ ပြန်ကျလာခဲ့တယ်။
သူ ဘာလို့ ဟာယွန်းကို အဲ့ဒီလို ငေးကြည့်နေရတာပါလိမ့်။ ပြောစရာတစ်ခုခုရှိလားလို့ မေးချင်ပေမဲ့ စကားလုံးတွေ ထွက်မလာခဲ့ပါဘူး။ နည်းနည်းရှက်စရာကောင်းပြီး အိုးတိုးအမ်းတမ်းနိုင်တာမို့ ဟာယွန်းက နှုတ်ခမ်းနှစ်လွှာကို ဖိလိုက်တယ်။
“နင်က စကားအများကြီးပြောတတ်တယ်မဟုတ်လား။”
ထယ်ဝမ်ရဲ့ ကောက်ကာငင်ကာမှတ်ချက်ကြောင့် ဟာယွန်းတစ်ယောက် ပါးစပ်ကို တင်းတင်းဖိပိတ်လိုက်မိတယ်။
“…”
“တခြားလူတွေနဲ့ စကားပြောရင် အဲ့ဒီလိုရယ်လား။”
“ဟင့်အင်း။”
“ကောင်းတယ်။ မရယ်နဲ့။”
အဲ့ဒီလိုပြောပြီးတဲ့နောက်မှာ ထယ်ဝမ်က နာရီကြည့်ပြီး ထရပ်လိုက်တယ်။ ဘာကြောင့်လဲလို့မေးဖို့ အချိန်ကိုက် လွဲသွားခဲ့တဲ့ ဟာယွန်းက တစ်ချက်နောက်ကျပြီးမှ ဒန်းပေါ်ကထလိုက်တယ်။
“အခုလောက်ဆို အချိန်ပို ပြီးလောက်မဲ့အချိန်ပဲ၊ ဟုတ်တယ်ဟုတ်။”
“အခု အိမ်ပြန်လို့ရပြီထင်တယ်။”
ဟာယွန်းက လက်ပတ်နာရီကိုကြည့်ပြီး ပြောလိုက်တယ်။
“ငါ အိမ်ကိုလိုက်ပို့ပေးမယ်။”
“ရပါတယ်။ ငါ့အိမ်က ဒီနားလေးတင်ပဲကို။”
“အဲ့ဒါကြောင့်ပဲလေ။ သွားရအောင်။”
“…”
“ညဘက်ကြီး တစ်ယောက်တည်းဆိုရင် အန္တရာယ်များတယ်။”
အဲ့ဒီလို တကယ်မဟုတ်ပါဘူး၊ ဒါပေမဲ့…
ဒါပေမဲ့ ထယ်ဝမ်က ‘ဟင့်အင်း’ ဆိုတဲ့ အဖြေကို လက်မခံမဲ့ပုံပါပဲ။ ဟာယွန်းတစ်ယောက် ဘယ်လိုမှမတတ်သာဘဲ ဦးဆောင်ပြီး လမ်းစလျှောက်ခဲ့ရပါတော့တယ်။
****
အိမ်ကိုရောက်တဲ့အခါ ထယ်ဝမ်က နောက်တစ်လှမ်းဆုတ်ပြီး ရပ်လိုက်တယ်။ ဟာယွန်းက တစ်ဖက်လှည့်ပြီး သူ့ကို ကြည့်လိုက်တယ်။ တစ်စုံတစ်ယောက်က အိမ်လိုက်ပို့ပေးဖူးတာ ဒါပထမဆုံးဖြစ်တာကြောင့် ဘယ်လိုနှုတ်ဆက်ရမယ်မှန်း မသိခဲ့ပါဘူး။
“ဒါက ငါ့အိမ်။ လိုက်ပို့ပေးလို့ ကျေးဇူးပဲ။”
ထယ်ဝမ့်ကို ကျေးဇူးတင်စကားပြောဖို့ မဆုံးဖြတ်ခင်မှာ ခဏလောက် စဉ်းစားလိုက်ရပါသေးတယ်။ ထယ်ဝမ်က ဟာယွန်းတို့အိမ်ကို တစ်ချက်မျက်လုံးပင့်ကြည့်လိုက်ပြီး အဲ့ဒီနောက် ဟာယွန်းကို ပြန်ကြည့်ခဲ့တယ်။
“ဒါဆို ဝင်တော့မယ်နော်။”
ဟာယွန်းကအရင် တစ်ဖက်လှည့်လိုက်တယ်။
“ခဏလေး။”
ထယ်ဝမ့်ခေါ်သံကြောင့် ဟာယွန်း တုံ့ခနဲရပ်သွားခဲ့တယ်။ သူက ကုန်စုံဆိုင်အမှတ်တံဆိပ်ရိုက်နှိပ်ထားတဲ့ ပလက်စတစ်အိတ်တစ်ထုပ်ကို ကမ်းပေးခဲ့တယ်။
“…ဘာလို့ ဒါကိုပေးတာလဲ။”
အိမ်ပြန်လာတဲ့လမ်းမှာ ထယ်ဝမ်က ဝယ်စရာရှိလို့ ကုန်စုံဆိုင် ခဏဝင်ရမယ်ဆိုပြီး ပြောခဲ့တာပါ။ သူက ဒီပလက်စတစ်အိတ်နဲ့ ပြန်ထွက်လာခဲ့တာလေ။
“ဒါကို နင့်အတွက်ဝယ်ခဲ့တာ။”
“…”
“တော့ပိုကီလည်း သိပ်စားထားတဲ့ပုံမပေါ်ဘူးဆိုတော့။ ညကျရင် ဗိုက်ဆာလိမ့်မယ်။”
“ဒါပေမဲ့ ငါမှဗိုက်မဆာတာ။”
“အဲ့ဒါကြောင့် တအားပိန်နေတာပေါ့။ အဲ့ဒီလိုမျိုး စားသောက်နေလို့။ ယူထားလိုက်စမ်းပါ။”
ဟာယွန်းက အိတ်ကိုမယူဘဲ ဒီအတိုင်း ငေးကြည့်နေခဲ့တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့လက်ကို ဆွဲယူပြီး ပလက်စတစ်အိတ်ကို အတင်းကိုင်ခိုင်းလိုက်တယ်။ ဟာယွန်းရဲ့မျက်လုံးတွေက ပလက်စတစ်အိတ်ဆီကနေ သူ့လက်ကို ကိုင်ထားတဲ့ ထယ်ဝမ့်လက်ဆီကို ရောက်သွားခဲ့တယ်။ သူ့လက်တွေက တအားကြီးလွန်းတာမို့ ဟာယွန်းတို့က သက်တူရွယ်တူမှ ဟုတ်ရဲ့လားလို့တောင် တွေးမိသွားခဲ့တယ်။
ဖတ်…
သူ့လက်က ဟာယွန်းရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာခဲ့တယ်။ လန့်သွားတဲ့ ဟာယွန်းက သူ့ကို မော့ကြည့်လိုက်မိတယ်။ ထယ်ဝမ်က ဒီအတိုင်း ပြုံးရုံသာပြုံးပြီး ဟာယွန်းရဲ့လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးခဲ့တယ်။
“တော်သေးလို့ ဘယ်နားမှာမှ ထိခိုက်နေတဲ့ပုံမပေါ်ဘူး။ ဝင်တော့လေ။ မနက်ဖြန်မှတွေ့မယ်။”
ဟာယွန်း ဘာမှမပြောနိုင်သေးခင်မှာ ထယ်ဝမ်က လက်ပြရင်းနဲ့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့တယ်။ ဟာယွန်းတစ်ယောက် လက်ပြနှုတ်ဆက်ဖို့ သတိရမိလိုက်ချိန်မှာ သူက တော်တော်လှမ်းလှမ်းကိုရောက်ပြီး ပျောက်ကွယ်သွားနှင့်ပါပြီ။
သူ့ကို ဆက်ပြီးမမြင်ရတော့တဲ့အခါ နောက်ဆုံးတော့ ဟာယွန်းတစ်ယောက် ပလက်စတစ်အိတ်ကို ပြန်ငုံ့ကြည့်လိုက်မိတယ်။ အခု သတိပြန်ကပ်လာတော့မှ အိတ်က တော်တော်လေးမှန်း သတိထားလိုက်မိတယ်။ ဖြေကြည့်လိုက်တဲ့အခါ အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို တွေ့လိုက်ရတယ်။
ငှက်ပျောသီးနို့၊ သခွားမွှေးနို့၊ ကုန်စုံဆိုင်က အသင့်စားထမင်းဘူးနဲ့ သကြားလုံးတို့ပါပဲ။ ထမင်းနဲ့ မုန့်တွေကို ဂရုတစိုက်ရွေးချယ်ထားတာကို တွေ့ရတဲ့အခါ ဟာယွန်းရဲ့နှုတ်ခမ်းတွေမှာ အပြုံးတစ်ပွင့် ပေါ်လာခဲ့တယ်။
ပူပြင်းတဲ့နေ့မှာ မိုးအေးအေးလေး ရွာချလိုက်သလိုပါပဲ။ နွေပူပူ လမ်းတွေပေါ်မှာ လွင့်မျောနေသလို အထီးကျန်မှုကို မိုးရေက ဆေးချသွားပါတော့တယ်။
****
နှစ်ယောက်အတူတူစားခဲ့တဲ့ ညစာနဲ့ ပြောခဲ့တဲ့စကားတွေက လျှို့ဝှက်ချက်ဖြစ်တဲ့အလား အဲ့ဒီအကြောင်းကို ဘယ်သူမှ စကားမစခဲ့ကြပါဘူး။ နောက်တစ်နေ့ ကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ ဘာမှပြောင်းမလဲပါပဲ။
တစ်ခုတည်းသော ကွဲပြားမှုဆိုလို့ အရင်ကထက်ပိုပြီး အချင်းချင်း စကားပြောဖြစ်ကြတာပဲရှိပါတယ်။ စကားပြောဖြစ်ကြတာတောင်မှ ‘နေ့လယ်စာစားချိန်ရောက်ပြီ၊ ကောင်းကောင်းစားနော်’ ဆိုတာမျိုးလောက်ပါပဲ။
ဒီလိုပြောပြီးတဲ့နောက်မှာ ထယ်ဝမ်က သူ့သူငယ်ချင်းတွေနဲ့သူ ကန်တင်းကို သွားပါလိမ့်မယ်။ နောက်ထပ် ပြောင်းလဲသွားတဲ့အရာတစ်ခုကတော့ ထယ်ဝမ့်ပုံနှိပ်စာအုပ်တွေ ခဏခဏ ပျောက်သွားတတ်တာပါပဲ။
“ငါ့ရဲ့ ကိုရီးယားသမိုင်းပုံနှိပ်စာအုပ် ပျောက်သွားလို့။ နင့်စာအုပ်ကို အတူတူကြည့်လို့ရမလား။”
“မနေ့တုန်းကလည်း ဘာသာစကားဗေဒပုံနှိပ် ပျောက်သွားတယ်ဆို။”
“အင်း၊ ဟုတ်တယ်။”
“တစ်ယောက်ယောက် ခိုးသွားတာများလား။”
“မပြောတတ်ဘူး။”
သူက ဟာယွန်းရဲ့ ပုံနှိပ်စာအုပ်ကို သူ့ဘက်ဆွဲယူရင်း မရေမရာ ပြန်ဖြေခဲ့တယ်။ အဲ့ဒီနောက် သူ့အပိုင်ဖြစ်တဲ့အလား အတန်းချိန်တစ်ချိန်လုံးမှာ သုံးခဲ့တယ်။
နှစ်ယောက်ကြားက အကွာအဝေးဟာ ပိုပြီးနီးနီးကပ်ကပ်ရှိသွားတာကြောင့် ဟာယွန်းတစ်ယောက် အသက်ဖြောင့်ဖြောင့်မရှူနိုင် ဖြစ်လာခဲ့တယ်။ ထယ်ဝမ်ရဲ့အကြည့်ကို ခံစားမိနေပြီး ဘေးကိုလှည့်ကြည့်လိုက်ရင် မျက်လုံးချင်းဆုံသွားတတ်တယ်လေ။ အဲ့ဒီနောက် ထယ်ဝမ်ရဲ့နှုတ်ခမ်းတွေမှာ အပြုံးတစ်ခုဖြစ်သွားပြီးမှ သူက စာအုပ်ကို ပြန်ငုံ့ကြည့်သွားတတ်တယ်။
သူ့ရဲ့ ပုံနှိပ်စာအုပ်တွေတင် ပျောက်တာမဟုတ်ပါဘူး။ သူ့ရဲ့ ဘောပင်တွေ၊ ခဲတံတွေ၊ ခဲဖျက်တွေ။ အကုန်ပျောက်ကုန်တာပါ။ အဲ့ဒါတွေ ပျောက်သွားတိုင်းမှာ ထယ်ဝမ်က ဟာယွန်းကို တစ်ခုလောက် ငှားပေးလို့ရမလားဆိုပြီး အကူအညီတောင်းတတ်ပါတယ်။ ဟာယွန်းဆီ ပြန်ပေးတိုင်းမှာ သူက အမြဲတမ်း ငှက်ပျောသီးနို့ဘူးတစ်ဘူး ယူလာပေးတတ်တယ်လေ။
နှစ်ပတ်ကြာပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ရဲ့ ရေရေရာရာမရှိတဲ့ ဆက်ဆံရေးက ပြောင်းလဲသွားခဲ့တယ်။ ကောင်းကင်က ပြာနေပြီး ပန်းရောင်ချယ်ရီပွင့်လေးတွေ အပြည့်အဝ ပွင့်လန်းနေကြတယ်။ ထူးထူးခြားခြားကို ကြည်လင်သာယာတဲ့ နေ့တစ်နေ့ပါ။ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်ရုံနဲ့တင် ဘယ်သူမဆို ပျော်ရွှင်မှုအတိလွှမ်းသွားလောက်ပါတယ်။
နေ့လယ်စာစားပြီးတဲ့နောက်မှာ ဟာယွန်းက သွားတိုက်ဖို့ သန့်စင်ခန်းဆီ သွားခဲ့တယ်။ အတန်းထဲပြန်ရောက်လာချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာကို ကြားလိုက်ရတယ်။
“အား။ ရူးကုန်ကြပြီ။”
“တစ်ယောက်ယောက် သူတို့ကို တားကြပါဦး။”
“အ”
ဟာယွန်းတစ်ယောက် ကျောင်းသားအုပ်ကြီးကြားထဲ တိုးဝှေ့ပြီး စာသင်ခန်းထဲကို ဝင်လာနိုင်ခဲ့တယ်။ သူက နေရာမှာတင် တောင့်တောင့်ကြီး ရပ်မိသွားခဲ့တယ်။ သူ့ရဲ့ စာသင်ခန်းဖော်တစ်ယောက်ဖြစ်တဲ့ ဆောင်းဝန်းက လဲကျနေတဲ့ ထိုင်ခုံနှစ်လုံးကြားမှာ ပက်လက်လန်လျက်ရှိနေခဲ့တယ်။ ဆောင်းဝန်းရဲ့မျက်နှာက စုတ်ပြတ်နေပြီး သူက ထဖို့ကြိုးစားရင်း ဟောဟဲဆိုက်နေခဲ့တယ်။
“ငါ ိုး၊ ငါ မင်းကို ဘာများလုပ်မိလို့လဲ။ ဘာဖြစ်လို့ ငါ့ကိုရန်ရှာပြီး ဒီလိုတွေလုပ်ရတာလဲ။”
အတန်းအနောက်ဘက်ကိုလှည့်ပြီး အော်လိုက်တဲ့အချိန်မှာ ဆောင်းဝန်းက စိတ်တိုနေပုံပါပဲ။ ဟာယွန်းက အဲ့ဒီမှာ ဘယ်သူများ ရပ်နေပါလိမ့်လို့ လှည့်ကြည့်လိုက်တယ်။ သူကတော့ ဂန်ထယ်ဝမ်ပါ။ သူက ဒေါသထွက်နေဆဲပဲထင်ပါရဲ့၊ သူ့စားပွဲခုံဆီ လျှောက်သွားပြီးတော့ စားပွဲနဲ့ခုံကိုပါ မပြီး ပစ်လိုက်တာကြောင့်ပါ။ စားပွဲနဲ့ခုံက ဆောင်းဝန်းအရှေ့ကို ကျသွားခဲ့တယ်။
“မ…မလာနဲ့။”
ဆောင်းဝန်းက ကြောက်လန့်တကြားအသံနဲ့ အော်ပြောခဲ့တယ်။ ဂန်ထယ်ဝမ်က ဘာမှမပြောဘဲ ဆောင်းဝန်းရဲ့ဗိုက်ကို ကန်လိုက်တယ်။
ဒုန်း…
အဲ့ဒီအသံကြောင့် ဟာယွန်းတစ်ယောက် နားပိတ်မိရုံအပြင် မရှိခဲ့ပါဘူး။ သူက ဂန်ထယ်ဝမ်ကို ငေးကြည့်ခဲ့မိတယ်။
ဂန်ထယ်ဝမ်က သူသိထားတဲ့ ကောင်လေးနဲ့ လုံးဝတခြားစီပါပဲ။ သူ့မျက်နှာက အဲ့ဒီလောက် အေးစက်တဲ့ဒေါသတို့မှာ နစ်လျက်ရှိနေတာမို့ အခုအချိန်မှာ သူ လူသတ်နိုင်ပါတယ်ဆိုရင်တောင်မှ ဟာယွန်း အံ့ဩမိမှာမဟုတ်ပါဘူး။
“အား”
ဆောင်းဝန်းက ဗိုက်ကိုဖိထားပြီး လိမ့်ထွက်သွားခဲ့တယ်။
“ဟေ့။ အရူးကောင်…။ ဂန်ထယ်ဝမ်။”
“မင်း ရူးနေပြီလား။ သူ့ကို သတ်မလို့လား။”
ဂန်ထယ်ဝမ်ရဲ့ သူငယ်ချင်းတွေက နောက်ကျခါမှ ဘာဖြစ်နေမှန်း သဘောပေါက်ကုန်ပြီး သူ့ဆီ အပြေးသွားခဲ့ကြတယ်။ သူတို့က သူ့ကို ဝိုင်းဆွဲပြီး ချုပ်ထားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဆယ်ကျော်သက် ၃ယောက်ရှိတာတောင်မှ သူ့ကို ဝိုင်းတားဖို့ လုံလောက်တဲ့ပုံမပေါ်ပါဘူး။
“ဒါက ဘာတွေ ပွက်လောရိုက်နေကြတာလဲ။”
ကျောင်းသားတွေက ဆရာတစ်ယောက်ကို သွားခေါ်ခဲ့ပြီး နောက်ဆုံးတော့ ဆရာ ရောက်လာခဲ့တယ်။ သူက အော်ပြောရင်း တံခါးကိုထုလိုက်တယ်။ စာသင်ခန်းရဲ့အလယ်မှာ ဆောင်းဝန်းနဲ့ ထယ်ဝမ်ကို တွေ့လိုက်ရတဲ့အခါ သူ့မျက်နှာက ဒေါသနဲ့ ပျက်ယွင်းသွားခဲ့တယ်။
“မင်းတို့နှစ်ယောက်၊ ငါနဲ့လိုက်ခဲ့ကြ။”
ဆရာ့အမိန့်ကြောင့် အရင်ဆုံး တစ်ဖက်လှည့်လာသူကတော့ ဂန်ထယ်ဝမ်ပါ။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားခဲ့တယ်။ နည်းနည်းအံ့ဩသွားပုံရပေမဲ့ သူက ဘာမှမတတ်နိုင်သလို မျက်နှာမျိုးနဲ့ ဟာယွန်းဘေးက ဖြတ်သွားခဲ့တယ်။
သူ ဖြတ်လျှောက်သွားချိန်မှာ သူ့အဝတ်ရဲ့အနားစက ဟာယွန်းရဲ့အသားနဲ့ ရှပ်ထိသွားပြီး လေညင်းတစ်ချက်က ဟာယွန်းရဲ့ဆံပင်ကို လှုပ်ရှားသွားစေခဲ့တယ်။ လေညင်းကြောင့် ဟာယွန်း ရင်ခုန်သွားခဲ့တယ်။
ဟာယွန်း လှည့်ကြည့်လိုက်ချိန်မှာ ဂန်ထယ်ဝမ်က ပျောက်ကွယ်သွားနှင့်ပါပြီ။
****
အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးလို့ ဘယ်လောက်မှမကြာလိုက်ပါဘူး၊ ကျောင်းက ကျွမ်းထိုးမှောက်ခုံဖြစ်သွားခဲ့ပြန်တယ်။ ဒီအတိုင်း ဘာမဟုတ်တာလေးအတွက် အခန်းဖော်ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြတာပဲလို့ အားလုံးက ထင်ခဲ့ကြပေမဲ့ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။
ဆောင်းဝန်းက သူ့လက်ကိုင်ဖုန်းနဲ့ အတန်းထဲက မိန်းကလေးတွေကို ဗီဒီယို ခိုးရိုက်ထားခဲ့တာတဲ့လေ။ အားကစားချိန်မတိုင်ခင် အချိန်အတွင်းမှာ ဗီဒီယိုရိုက်ထားပြီး သူ့ဖုန်းထဲမှာ တစ်လစာလောက်ရှိတဲ့ ဗီဒီယိုတွေ သိမ်းထားခဲ့တာပါ။
ဆရာ၊ ဆရာမတွေက ကျောင်းနာမည်ပျက်မှာစိုးတဲ့အတွက် တိုးတိုးတိတ်တိတ် ကြိတ်ဖုံးဖိဖို့ ကြိုးစားခဲ့ကြပေမဲ့ နာရီပိုင်းအတွင်းမှာပဲ တစ်ကျောင်းလုံး သတင်းတွေပြန့်သွားတော့တယ်။ သတင်းတွေအရဆိုရင် မနှစ်တုန်းကအခန်းဖော်တွေရဲ့ ဗီဒီယိုတွေရော၊ ဒီနှစ်အခန်းဖော်တွေရဲ့ ဗီဒီယိုတွေပါ ရှိတယ်လို့သိရပါတယ်။
“သူ ရူးနေတာလား။ သူ့ကွန်ပျူတာမှာ ဗီဒီယိုတွေ ရှိနေပြီလားဆိုတာမှ မသိနိုင်တာ။”
“ရွံစရာကောင်းလိုက်တာ။”
သူနဲ့ စာသင်ခန်းချင်းအတူတူကျခဲ့ဖူးတဲ့ မိန်းကလေးတွေက ကြက်သီးထတာ ပျောက်အောင်လုပ်သလိုမျိုး လက်မောင်းတွေကို ပွတ်လိုက်ကြတယ်။ ဗီဒီယိုအရိုက်ခံရတဲ့ မိန်းကလေးတွေထဲမှာ ဟာယွန်းလည်း ပါခဲ့တယ်လေ။ အရင်က ဆောင်းဝန်းနဲ့ တစ်ခါမှ စကားမပြောဖူးပေမဲ့ မနှစ်တုန်းက သူနဲ့ စာသင်ခန်းတစ်ခန်းတည်း အတူတူကျခဲ့တာပါ။
ဒေါသဖြစ်မိပြီး အစော်ကားခံလိုက်ရသလို ခံစားမိရပေမဲ့ အဲ့ဒါကို ဘယ်လိုဖော်ပြရမှန်း မသိခဲ့ပါဘူး။ အဲ့ဒါကြောင့် ဟာယွန်းက လက်သီးကိုသာ တင်းတင်းဆုပ်ထားလိုက်မိတယ်။ အရင်က ဒီလို အရှက်တကွဲဖြစ်ရတာမျိုး တစ်ခါမှ မခံစားဖူးခဲ့ပါဘူး။
ဆောင်းဝန်း အတန်းထဲပြန်လာတဲ့အခါ ရင်ဘတ်လောက်အထိရောက်အောင် ခေါင်းငိုက်စိုက်ထားရင်း ဝင်လာပုံထောက်ရင် သတင်းတွေပြန့်သွားတဲ့အကြောင်း သိနှင့်ပြီးတဲ့ပုံပါပဲ။ စာသင်ခန်းထဲမှာ တီးတိုးတီးတိုးပြောသံတွေ စတင်ပြည့်လျှံလာတော့တယ်။
“သောက်ရူးကောင်။”
“တကယ့်နှာဘူးပဲမဟုတ်လား။ သူနဲ့ မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူး။”
“အား၊ ငါတို့က သူနဲ့ တစ်ခန်းတည်း အတူဆက်နေရဦးမှာလား။ တအားရွံဖို့ကောင်းတာကို။”
“သူက အဆိုးဆုံးပဲ။ ဒါကြီးကို တကယ်မုန်းလိုက်တာနော်။”
ကောင်မလေးတွေက စကားတွေကို ဖုံးဖုံးဖိဖိလုပ်ဖို့မကြိုးစားဘဲ တီးတိုးပြောခဲ့ကြတယ်။ ဆောင်းဝန်းရဲ့မျက်နှာကြီးက စိတ်သောကကြောင့် ရှုံ့မဲ့နေပေမဲ့ သူ့ခမျာ ခေါင်းမဖော်နိုင်ခဲ့ပါဘူး။ သူ့နားရွက်တွေ နီရဲလာခဲ့တယ်။
သူ့အတန်းထဲက ကောင်မလေးတစ်ယောက်က ဒီကိစ္စကို ကျိန်းသေပေါက် ရဲတိုင်မှာပါ။ သူတို့က ဒါကို ဒီအတိုင်းလေး အသာလွှတ်ပေးမှာတော့ မဟုတ်ပါဘူး။ တခြားကျောင်းသားတွေက ဒါဟာ အန္တရာယ်တစ်မျိုးပဲလို့ တိုးတိုးတိုးတိုး ပြောနေခဲ့ကြတယ်။ ဆောင်းဝန်းက ဒေါသနဲ့ တုန်ယင်နေပေမဲ့ အဲ့ဒါကို ဖော်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။
ကျွီ…
တစ်နာရီကြာပြီးတဲ့နောက်မှာ ဂန်ထယ်ဝမ်က တံခါးဖွင့်ပြီး စာသင်ခန်းထဲ ဝင်လာခဲ့တယ်။ သူက ချက်ချင်းပဲ ဆောင်းဝန်းဆီကို လျှောက်သွားလိုက်တယ်။ အဲ့ဒီနောက် အခုထိ ဆောင်းဝန်းကို ဒေါသဖြစ်နေတဲ့အလား သူ့စားပွဲအရှေ့မှာ ရပ်လိုက်တယ်။ သူက ဆောင်းဝန်းကို ထိုင်ခုံကနေ တွန်းဖယ်လိုက်ပြီး စာရေးစားပွဲနဲ့ ကျောပိုးအိတ်တို့ကို မွှေနှောက်ရှာဖွေခဲ့တယ်။
“ဟေ့ကောင်။ ဘာလုပ်တာလဲ။”
ထယ်ဝမ် ကျောပိုးအိတ်ကို သွန်ချလိုက်ချိန်မှာ လက်ကိုင်ဖုန်းတစ်လုံး ကြမ်းပြင်ပေါ်ကျလာခဲ့တယ်။ ထယ်ဝမ်က အဲ့ဒါကို ဆတ်ခနဲယူလိုက်ပြီး အပေါ်မြှောက်လိုက်တယ်။
“ဟေ့။ မင်း။ ဒီကောင်တော့။ မင်း ဘာလုပ်…”
ခွပ်…
ထယ်ဝမ်က စခရင်န်ကို ခွဲလိုက်တယ်။ အဲ့ဒီနောက် ပြတင်းပေါက်ဆီ ယူသွားပြီး အပြင်ကို လွှင့်ပစ်လိုက်တယ်။ မျက်နှာကြီးနီရဲနေတဲ့ ဆောင်းဝန်းက ထယ်ဝမ့်ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့တယ်။
“နောက်တစ်ခါထပ်ပြီး ဖုန်းယူလာရင် သေမယ်မှတ်။”
ထယ်ဝမ်က ကြောက်စရာမျက်နှာထားကြီးနဲ့ သတိပေးလိုက်တယ်။ ဆောင်းဝန်းက နေရာကနေ အော်ပြောခဲ့တယ်။
“ငါ မင်းကို ဓာတ်ပုံရိုက်ခဲ့လို့လား။ ဘာဖြစ်လို့ ဒီလိုလုပ်နေရတာလဲ။ ခွေးမသား။ ကိစ္စတွေ ဒီလိုဖြစ်ကုန်တာ အားလုံးမင်းအပြစ်ကြောင့်ပဲ။ ငါ ိုး။ အားလုံး မင်းကြောင့်ပဲ။ အခု ငါတော့ သွားပြီ။”
ဆောင်းဝန်းရဲ့ခန္ဓာကိုယ် စတင်တုန်ယင်လာခဲ့တယ်။ သူက နာမည်ကြီး ထယ်ဝမ်ကို ချဉ်းကပ်ဖို့ သတ္တိမွေးပြီး သူ့ဖုန်းမှာရှိတဲ့ ဗီဒီယိုလေးတွေ ပြပြီးတော့ သူငယ်ချင်းဖွဲ့ဖို့ ကြိုးစားခဲ့တာပါ။ ယောက်ျားလေးတွေဆိုတော့ ထယ်ဝမ်တစ်ယောက် ကျိန်းသေပေါက် ဒီလိုဗီဒီယိုမျိုးတွေ ကြိုက်မှာပဲလို့ ထင်ခဲ့မိတယ်လေ။ ဒါပေမဲ့ သူပြန်ရလိုက်တာဆိုလို့ အဆဲခံရပြီး လက်သီးနဲ့ တခွပ်ခွပ်အထိုးခံရတာသာ ရှိခဲ့ပါတယ်။
အဲ့ဒါအပြင် အခြေအနေက ဖြေရှင်းရခက်လောက်အောင် ကြီးသွားခဲ့တယ်လေ။ ဒီအကြောင်းတွေ အကုန်ပေါ်သွားတဲ့အခါ တစ်ကျောင်းလုံးက သူ့ကို ‘နှာဘူး’ လို့ နာမည်ဝိုင်းတပ်ကြပါတော့တယ်။ ဆရာ၊ ဆရာမတွေက သူ့မိဘတွေကိုခေါ်တော့မှာ ကျိန်းသေပါပဲ။ သူ့မိဘတွေက ဘာဖြစ်တာလဲလို့ ဖုန်းဆက်မေးခဲ့ပေမဲ့ သူက ဘာပြန်ဖြေလို့ဖြေရမှန်း မသိခဲ့ပါဘူး။
ရှေ့ဆက်ဖြစ်လာမဲ့အရာတွေကြောင့် သူ့အနာဂတ်က တော်တော်လေး မှုန်မှိုင်းလာသလို ခံစားလိုက်ရတယ်။
“ဟား၊ မင်းမှန်တယ်။ ငါ ိုး။ ဒါဆို ငါ့ကိုပဲ ဓာတ်ပုံရိုက်ခဲ့မှပေါ့ကွ။ ငါ့ပုံကို ဓာတ်ပုံရိုက်ပြီး အဲ့ဒါကို တစ်နေရာရာမှာ သွားရောင်းစားလိုက်ပါလား။”
ထယ်ဝမ်က ခပ်နိမ့်နိမ့်အသံနဲ့ ပြောခဲ့တယ်။
“…ဘာ။”
ဆောင်းဝန်းက သူ့ကို မယုံနိုင်စွာ ကြည့်ခဲ့တယ်။
“တစ်ခါပဲပြောလိုက်မယ်၊ ရှေ့လျှောက်ကို ရာရာစစ ငါ့ရှေ့မှာ ဖုန်းကိုင်မလာခဲ့နဲ့။ ဖုန်းကိုင်လာမယ်ဆိုရင် ဒီနေ့ခံရသလိုမျိုး ထပ်ပြီးခံရမယ်။ နားလည်လား။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆင်ခြင်သင့်တာပေါ့။ မင်းသာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တတ်တဲ့ လူစားမျိုးဆိုရင် ဒီလိုလုပ်မှာမဟုတ်မှန်းသိပေမဲ့ ကြိုးစားကြည့်သင့်တယ်။ အမှိုက်လိုကောင်။”
ဆောင်းဝန်းကို ခြိမ်းခြောက်ပြီးတဲ့နောက်မှာ ထယ်ဝမ်က တစ်ဖက်လှည့်လိုက်တယ်။ အဲ့ဒီနောက် ဟာယွန်းဘေးကခုံဆီ လျှောက်သွားပြီးတော့ အသံတွေဆူဆူညံညံထွက်အောင် ထိုင်လိုက်တယ်။
တစ်တန်းလုံးရဲ့ မျက်လုံးတွေက ထယ်ဝမ့်အပေါ်မှာ စူးစိုက်ကျရောက်နေကြတယ်။ ထယ်ဝမ်က အဲ့ဒါတွေအားလုံးကို လျစ်လျူရှုပြီး ဒီအတိုင်း အတန်းအရှေ့ကိုသာ စိုက်ကြည့်နေလိုက်တယ်။
“အား။”
ဆောင်းဝန်းက မျက်ရည်တွေကျလာပြီး ကျောပိုးအိတ်ကို ထုပ်ပိုးပြီးတော့ စာသင်ခန်းထဲကနေ ပြေးထွက်သွားခဲ့တယ်။ ကျောင်းသားတွေက သူ့နောက်ကနေ စတင်ကျိန်ဆဲကြပါတော့တယ်။
“သောက်ရူးနှာဘူးကောင်။”
“အာ၊ ဒါကြီးကို တကယ်မုန်းလိုက်တာနော်။ ဒါကို ကျိန်းသေပေါက် ဒီအတိုင်းမထားဘူး။ ငါ့မိဘတွေကို ပြောပြမှာ။”
ကျောင်းသားတွေက သူတို့ရဲ့ဒေါသကို သူတို့နည်းသူတို့ဟန်နဲ့ ဖော်ပြခဲ့ကြတယ်။ ဒီဗရုတ်သုတ်ခတွေအားလုံးနဲ့ယှဉ်လိုက်ရင် နောက်ဆုံးက ခုံနှစ်ခုံကတော့ တော်တော့်ကို တိတ်တိတ်ဆိတ်ဆိတ်ရှိလှပါတယ်။ ဟာယွန်းက သူ့မျက်လုံးသူ အတန်းရှေ့တည့်တည့်ကိုထားဖို့ ကြိုးစားခဲ့ပေမဲ့ ခေါင်းလေးမသိမသာလှည့်ပြီး ထယ်ဝမ့်ကို တစ်ချက်ကြည့်လိုက်မိတယ်။ သူ့ပါးမှာ ခြစ်ရာသေးသေးလေးတစ်ခု ရှိနေခဲ့တယ်။
“ဒဏ်ရာရထားတယ်နော်။ နာမဲ့ပုံပဲ။”
ဟာယွန်းက သူ့ကို တိုးတိုးလေး ပြောလိုက်တယ်။ အခုအချိန်အထိ ဘယ်သူ့ကိုမှ တုံ့ပြန်ခြင်းမရှိခဲ့တဲ့ ထယ်ဝမ်က ပထမဆုံးအကြိမ် လှည့်ကြည့်လာခဲ့တယ်။
“မနာပါဘူး။”
“နာမဲ့ပုံပါ။ ပြီးတော့ နင့်ကြည့်ရတာ တော်တော်ဒေါသထွက်နေသလိုပဲ။”
“ဒေါသထွက်တာ နင်တစ်ယောက်တည်းမဟုတ်ဘူး။”
“…”
ထယ်ဝမ် အဲ့ဒီစကားတွေပြောတာကို ကြားလိုက်ရတဲ့အခါ ဟာယွန်းက သူ့နှုတ်ခမ်းသူ ကိုက်လိုက်တယ်။ ဆောင်းဝန်းရဲ့ ဗီဒီယိုတွေထဲမှာ သူလည်းပါလိမ့်မယ်လို့ ခန့်မှန်းထားမိပေမဲ့ အဲ့ဒါက တကယ်ပဲဖြစ်နေခဲ့တယ်လေ။
နှလုံးကို အချွန်နဲ့အထိုးခံလိုက်ရသလိုပါပဲ။ ဆောင်းဝန်းရဲ့ လုပ်ရပ်တွေကို မုန်းပေမဲ့ သူအဝတ်လဲနေတဲ့ ဗီဒီယိုကို ထယ်ဝမ် မြင်သွားတယ်ဆိုတဲ့ အချက်ကို ပိုပြီးစိုးရိမ်မိခဲ့တယ်။ ထယ်ဝမ် အဲ့ဒါကို မြင်လိုက်လားဆိုပြီး မေးချင်စိတ်ကို ထိန်းမရခဲ့ပါဘူး။
“အဲ့ဒီလိုကိစ္စမျိုး နောက်ထပ် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။”
ထယ်ဝမ်က ထပ်ပြောခဲ့ပြန်တယ်။ သူကပဲ အမှားလုပ်ထားမိတဲ့သူလို စိတ်မကောင်းဖြစ်နေတဲ့ပုံပါ။ ဘာကြောင့် အဲ့ဒီလိုဖြစ်နေရတာလဲလို့ ဟာယွန်း သူ့ကို မေးချင်မိခဲ့တယ်။
“အဲ့ဒါ နင့်အမှားမှမဟုတ်တာ။ ဘာမှမဖြစ်ပါဘူး။ အဲ့ဒါကို စိတ်ထဲထားမနေနဲ့။ ပြီးတော့ နင်နဲ့လည်း ဘာမှမဆိုင်တာမို့လို့ စိတ်မဆိုးနဲ့တော့နော်။”
အဲ့ဒီအစား ဟာယွန်းက အသက်မပါတဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက်ကိုပဲ ပြောခဲ့တယ်။
“အဲ့ဒီလိုဆိုပေမဲ့။”
“…”
“အဲ့ဒီလိုဆိုပေမဲ့ ဒေါသမထွက်ဘဲ မနေနိုင်ဘူး။”
ထယ်ဝမ်က လျှို့ဝှက်နက်နဲစွာပြောရင်း တစ်ဖက်လှည့်သွားခဲ့တယ်။ ဟာယွန်းက သူ့ရဲ့လည်ကုပ်ကို ငေးကြည့်နေမိတယ်။ သန့်ရှင်းသေသပ်တဲ့ သူ့ရဲ့အရေပြားပေါ်မှာ အမာရွတ်ခပ်ရေးရေးလေးကို တွေ့နေရတယ်။
ထယ်ဝမ့်ဦးခေါင်းအနောက်ဘက်ကို ငေးကြည့်နေရင်း ခံစားချက်လှိုင်းလုံးတစ်လုံးက သူ့ကို တိုးဝင်ရိုက်ခတ်သွားခဲ့တယ်။ ဒါပေမဲ့ ဟာယွန်းက ခံစားချက်တွေကို ခွဲခြားနိုင်ခြင်းမရှိတာမို့ အဲ့ဒီခံစားချက်တွေက ဘာတွေမှန်း မပြောနိုင်ခဲ့ပါဘူး။
****
Translated by D