Chapter 1
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၁ (အပိုင်း ၃)
ဟာယွန်းတစ်ယောက် ပုံမှန်ထက်ကို အများကြီးပိုစောပြီး ကျောင်းသွားခဲ့တယ်။ ထယ်ဝမ့်ပါးက ခြစ်ရာကို တစ်ညလုံး မတွေးဘဲ မနေနိုင်ခဲ့ပါဘူး။ ဒဏ်ရာမြန်မြန်ကျက်စေတဲ့ လိမ်းဆေးနဲ့ အနာကပ် ပလတ်စတာပါ ယူလာခဲ့မိတယ်။
လိမ်းဆေးနဲ့ အနာကပ် ပလတ်စတာကို ထယ်ဝမ်ရဲ့ စားပွဲအံအလွတ်မှာ ထည့်ထားပေးလိုက်တယ်။ ဒါပေမဲ့ ထယ်ဝမ် မတွေ့ဘဲနေမှာစိုးတဲ့အတွက် အတွင်းကျကျရောက်အောင် မထားချင်တာမို့ ပြန်ထုတ်လိုက်ပြီး သူမြင်သာလောက်မဲ့နေရာမှာ ထားဖို့ပြင်လိုက်ချိန်မှာ….
“ငါ့စားပွဲမှာ ဘာလုပ်နေတာလဲ။”
အသံကြားတဲ့အခါ ဟာယွန်း ဆတ်ခနဲတုန်သွားပြီး တစ်ဖက်လှည့်လိုက်မိတယ်။ ထယ်ဝမ်က တံခါးဝမှာ ရပ်နေခဲ့တယ်လေ။
“အာ…”
ဟာယွန်းတစ်ယောက် အထစ်ထစ်အငေါ့ငေါ့တွေ ဖြစ်နေချိန်မှာ ထယ်ဝမ်က တံခါးပိတ်ပြီး စာသင်ခန်းထဲ ဝင်လာခဲ့တယ်။ ခဏတွင်းချင်းမှာပဲ သူက ဟာယွန်းအရှေ့မှာ ရပ်နေမိလျက်သား ဖြစ်သွားခဲ့တယ်။ သူ့မျက်လုံးတွေက ဟာယွန်းလက်ထဲမှာရှိတဲ့ လိမ်းဆေးနဲ့ ပလတ်စတာရယ်၊ ဟာယွန်းရဲ့ မျက်နှာရယ်ကြားမှာ ကူးချည်သန်းချည် ရှိနေခဲ့တယ်။
“အဲ့ဒါက ငါ့အတွက်လား။”
“…အင်း။”
ခဏလောက် အိုးတိုးအမ်းတမ်း တိတ်ဆိတ်နေပြီးတဲ့နောက်မှာ ဟာယွန်း ပြန်ဖြေလိုက်တယ်။ ထယ်ဝမ်က သူ့အိတ်ကို စာရေးခုံပေါ်တင်ပြီး ထိုင်ချလိုက်တယ်။ သူက ထိုင်ခုံကိုဆွဲပြီး သူ့မျက်နှာကို ဟာယွန်းမျက်နှာနား ကပ်လိုက်တယ်။
“ဘာလုပ်တာလဲ။”
ဟာယွန်းက မေးလည်းမေးရင်း အနောက်ကိုယိမ်းလိုက်တယ်။
“ပြောတော့ ငါ့အတွက်ဆို။ လိမ်းပေးလေ။”
ထယ်ဝမ်က မျက်လုံးတွေမှိတ်ပြီး သူ့ပါးကို ဟာယွန်းဘက်ဆီ လှည့်ပေးလိုက်တယ်။ မှောင်မှိုင်းမှိုင်း အရုဏ်ဦးကောင်းကင်က တဖြည်းဖြည်း ပျောက်ကွယ်လာပြီး တောက်ပတဲ့နေရောင်ခြည်က လက်ရှိမှာ တိမ်တွေကိုထိုးခွင်းပြီးတော့ ထယ်ဝမ့်မျက်နှာကို နေရောင်လာထိုးနေခဲ့တယ်။
ဒုတ်…ဒုတ်…
ဟာယွန်းရဲ့နှလုံးက ခုန်လာခဲ့တယ်။
“နင့်ဘာသာလုပ်။”
အသံတုန်မနေအောင် အတတ်နိုင်ဆုံး ထိန်းလိုက်တယ်။
“မမြင်ရဘူး။”
“မှန်ပေးမယ်။”
“လက်တွေ ညစ်ပတ်နေတယ်။”
“ငါ့လက်တွေရောပဲလေ။”
“ဒီအတိုင်း လိမ်းပေးစမ်းပါ။”
ထယ်ဝမ်က တစ်ချက်မလှုပ်ခဲ့ပါဘူး။ ကိုယ့်ဘာသာ ဆေးလိမ်းဖို့ နားချမရတာကြောင့် ဟာယွန်းတစ်ယောက် သန့်စင်ခန်းဆီသွားပြီး လက်ဆေးရပါတော့တယ်။ အဲ့ဒီနောက် ပြန်လာပြီး အဖြူရောင် လိမ်းဆေးအနည်းငယ်ကို လက်ချောင်းထိပ်ပေါ် ညှစ်လိုက်တယ်။ ထယ်ဝမ့်မျက်နှာပေါ်က ခြစ်ရာဆီ လက်လှမ်းခဲ့တယ်။
လိမ်းဆေးကြောင့် သူ့အသားနဲ့ တိုက်ရိုက်ထိစရာ မလိုခဲ့ပေမဲ့ ထူးဆန်းသလို ခံစားရဆဲပါပဲ။ ထယ်ဝမ့်အသက်ရှူသံကို ကြားနေရပြီး အဲ့ဒါနဲ့အတူပါလာတဲ့ သူ့ပခုံးရဲ့ လှုပ်ရှားမှုကို မြင်နေရတယ်။
“ပြီးပြီ။”
ဟာယွန်းက သူ့ကို အသိပေးရင်း လက်ပြန်ရုပ်လိုက်တယ်။
“နင့်ကျေးဇူးကြောင့် မြန်မြန်ကျက်သွားမယ်ထင်တယ်။”
“ရိုက်ကူးရေးရှိလား။”
ရိုက်ကူးရေးရှိတယ်ဆိုရင် သူ့ပါးပေါ်က ခြစ်ရာက ပြဿနာအကြီးကြီး ဖြစ်လောက်မှာပါ။
“ရှိတယ်၊ ဒါပေမဲ့…ကြည့်လုပ်လိုက်မယ်။”
ထယ်ဝမ် ပြန်ဖြေပြီးတဲ့နောက် တိတ်ဆိတ်မှုက သူတို့နှစ်ယောက်ကြား ကြီးစိုးသွားခဲ့ပြန်တယ်။
“…ဒါနဲ့ ဘာဖြစ်လို့ အဲ့ဒီလောက် ဒေါသထွက်ရတာလဲ။”
ဟာယွန်းက သူ့ပါးမှာ ပလတ်စတာကပ်ပေးရင်း မေးလိုက်တယ်။ မနေ့ညတုန်းက မအိပ်ခင်မှာ ဒီအကြောင်း တွေးခဲ့ပါသေးတယ်။ ဆောင်းဝန်းရဲ့ပြဿနာက သူနဲ့ ဘာမှဆိုင်တာမဟုတ်ဘူးလေ။
ဆောင်းဝန်းပြောခဲ့သလိုပဲ ထယ်ဝမ့်မှာ အဲ့ဒီလိုမျိုး လက်သီးနဲ့ထိုးစရာ အကြောင်းမရှိပါဘူး။ ကောင်မလေးတွေကတော့ ထယ်ဝမ်က ဖြောင့်မတ်တည်ကြည်တဲ့သူဖြစ်တာကြောင့် အဲ့ဒီလိုလုပ်ခဲ့တာလို့ တွေးကြပေမဲ့ သူ့လုပ်ရပ်တွေက နည်းနည်းလွန်တယ်လို့လည်း ဟာယွန်း ခံစားမိခဲ့ပါတယ်။
အဲ့ဒီစကားတွေ ကြားလိုက်ရတဲ့အခါ ထယ်ဝမ်က ရုတ်တရက် ဟာယွန်းဆီ ဦးခေါင်းကို တိုးလာခဲ့တယ်။ သူ့မျက်နှာက ထင်ထားတာထက် အများကြီး ပိုနီးကပ်လာတာကြောင့် ဟာယွန်းက ဆတ်ခနဲ အနောက်ဆုတ်လိုက်မိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် တော်တော်လေး နီးနီးကပ်ကပ် ရှိနေကြဆဲပါပဲ။
“မပြောတတ်ဘူး။”
“…”
“အကြောင်းရင်းက ဘာဖြစ်လောက်မလဲ။”
ထယ်ဝမ်က မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်မေးခဲ့တယ်။ ဒါပေမဲ့ သူ့စကားတွေနဲ့ဆန့်ကျင်စွာ သူ့မျက်နှာကတော့ ဘာကြောင့် အဲ့ဒီလောက်အထိ လုပ်ခဲ့တာလဲဆိုတာကို သိနေတယ်လို့ ပြောနေသလိုပါပဲ။
“တစ်ခုတော့ သေချာတယ်။ တကယ်တော့ ငါ အခုထိ ဒေါသထွက်နေတုန်းပဲ။”
“ဘာဖြစ်လို့လဲ။”
ဘာလို့ ဒေါသထွက်ရတာလဲ…။
ဟာယွန်းရဲ့ မျက်လုံးလေးတွေ တုန်ယင်လာခဲ့တယ်။
“နင် ငိုလောက်မှာပဲလို့ တွေးမိလိုက်တာကြောင့်များဖြစ်မလား…”
“…”
“ဒါမှမဟုတ် အဲ့ဒီကောင် အဲ့ဒီဗီဒီယိုတွေကြည့်ရင်း ကျေနပ်နေမှာပဲဆိုပြီး တွေးမိလို့ပဲလား။ ဒါမှမဟုတ် နင် ညဘက်အိပ်မပျော်နိုင်လောက်ဘူးလို့ တွေးမိတာကြောင့်များဖြစ်မလား…”
အဲ့ဒီအကြောင်းရင်းတွေအားလုံးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
ထယ်ဝမ့်အသံ တိမ်ဝင်သွားခဲ့တယ်။ ဟာယွန်းက ဘာမှမပြောဘဲ သူ့အကြည့်ကို ရှောင်လိုက်တယ်။ သူ့နှလုံးသားက ဒိတ်ခနဲဖြစ်သွားတော့တယ်။
ဘာဖြစ်လို ဒီလိုမျိုး ခံစားရတာလဲလို့ ထယ်ဝမ့်ကို မေးကြည့်ချင်ပေမဲ့ အဲ့ဒီစကားတွေကို ပြောမထွက်ခဲ့ပါဘူး။
“…ဒါဆို ဒီနေ့ရော ဆောင်းဝန်းနဲ့ ရန်ဖြစ်ဦးမှာလား။ အခုထိ ဒေါသထွက်နေတုန်းပဲဆိုတော့လေ။”
“ရန်မဖြစ်ရဘူးလား။”
“အင်း။”
ထယ်ဝမ် ရန်ထပ်ဖြစ်မယ်ဆိုရင် သူ့အတွက် ကောင်းမှာမဟုတ်ပါဘူး။
“ဟုတ်ပြီ။ ဒါဆို ရန်မဖြစ်တော့ဘူး။”
“…”
သူ့ရဲ့ နာနာခံခံရှိလှတဲ့ အဖြေကြောင့် ဟာယွန်း နားမလည်နိုင် ဖြစ်သွားခဲ့ရတယ်။
သူ ဘာကြောင့်များ ဟာယွန်းရဲ့စကားကို ကောင်းကောင်းနားထောင်ရတာပါလိမ့်။
ဒီအကြောင်း စဉ်းစားနေတုန်းမှာ ထယ်ဝမ်က သူ့ရဲ့ စာရေးခုံပေါ် မှောက်အိပ်လိုက်တယ်။ မျက်နှာတစ်ဝက်လောက်ကို လက်မောင်းထဲမြုပ်နေအောင် လုပ်ပြီးတဲ့နောက်မှာ သူက ဟာယွန်းကို မျက်လုံးပင့်ကြည့်ခဲ့တယ်။
“ငါ ဒေါသထွက်တာကို မြင်ရတာ မကြိုက်ဘူးလား။”
ထယ်ဝမ်က အနည်းငယ် တိုးညင်းညင်း ဩရှရှဖြစ်နေတဲ့အသံနဲ့ မေးခဲ့တယ်။ သူ့အသံကို အဲ့ဒီလိုမျိုးကြားဖူးတာ ပထမဆုံးပါပဲ။
“မကြိုက်တာမျိုး မဟုတ်ဘူး…”
“ကြောက်ဖို့ကောင်းလား။”
“နည်းနည်းပေါ့။”
ခဏကြာပြီးတော့မှ ဟာယွန်း ပြန်ဖြေခဲ့တယ်။
“…တောင်းပန်ပါတယ်။”
“ဘာအတွက်လဲ။”
“ငါ့ရဲ့ အဲ့ဒီပုံစံကို ပြခဲ့မိလို့။”
ထယ်ဝမ်က မျက်လုံးတွေမှိတ်လိုက်ရင်း တိုးတိုးလေးပြောခဲ့တယ်။
သူက ဘာလို့ အဲ့ဒီအတွက် တောင်းပန်ရတာလဲ။
“တောင်းပန်စရာမလိုပါဘူး။ ကျေးဇူးပဲ။”
“…”
ဟာယွန်းရဲ့ စကားကြောင့် ထယ်ဝမ်က မျက်လုံးဖွင့်ပြီး ဟာယွန်းကို ငေးကြည့်ခဲ့တယ်။
“နင်က ငါ့ထက်ပိုပြီးတော့ အများကြီး ဒေါသထွက်ပေးလို့ ငါ့ဘာသာငါ သိပ်ပြီးဒေါသမထွက်တော့သလို ခံစားရတယ်။”
“…”
“ဒီလိုပြောတာ မှန်ပါ့မလားတော့ မသိပေမဲ့ ကုစားခံလိုက်ရသလိုလည်း ခံစားရတယ်…”
ဟာယွန်းရဲ့အသံက အဆုံးသတ်မှာ တိမ်ဝင်သွားတော့တယ်။ ထယ်ဝမ့်ကြောင့် ထင်ထားတာထက်ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခဲ့တာပါ။ သူက အလွန်အကျွံတွေ ဒေါသဖြစ်ပြနေတော့ ဟာယွန်းတစ်ယောက် နည်းနည်းကြောင်သွားပြီး ဒေါသမဖြစ်နိုင်တော့ဘူးလေ။ ပြီးတော့ နှစ်သိမ့်ခံလိုက်ရသလိုလည်း ခံစားရပါတယ်။ ရယ်စရာကောင်းလောက်အောင်ပဲ တစ်ယောက်ယောက်က သူ့ဘက်ကနေ ရပ်တည်ပေးခဲ့သလို ခံစားချက်မျိုးပေါ့။
ဟာယွန်းတစ်ယောက် သူ့ကိုယ်သူ ပြုံးနေမိမှန်း သတိမထားမိခဲ့ပါဘူး။ သူက မြန်မြန်ပဲ တစ်ဖက်လှည့်လိုက်တယ်။ ထယ်ဝမ်က ပြုံးလိုက်ရင်း တစ်ခါထပ်ပြီး မျက်လုံးတွေ မှိတ်လိုက်ပြန်တယ်။
ဟာယွန်းက မြင်သာနေတဲ့ ထယ်ဝမ့်မျက်နှာတစ်ဝက်ကို တစ်ချက်ကြည့်လိုက်တယ်။ စိတ်မရှည်သလိုဖြစ်လာတာကို ခံစားလိုက်ရတယ်။ ထယ်ဝမ်ရဲ့ ပြုံးနေတဲ့ မျက်နှာတစ်ခုလုံးကို မြင်ချင်မိတယ်လေ။ သူ့ကိုယ်သူတောင် သတိမထားမိဘဲ ဟာယွန်းရဲ့ခေါင်းက ငဲ့စောင်းသွားခဲ့တယ်။ ရုတ်တရက် ထယ်ဝမ့်နှုတ်ခမ်းတွေ ပွင့်လာခဲ့တယ်။
“ငါက အမြဲတမ်း ဒီအချိန်လောက် ကျောင်းကိုလာနေကျပဲ။”
“…”
“ငါ့အဘွားက အမြဲတမ်း ဒီအချိန်လောက် အိမ်ကထွက်တတ်တော့ ငါလည်း အဘွားနဲ့အတူတူ စောစောထွက်လာဖြစ်တယ်။”
“…”
“အဲ့ဒါကြောင့် နင်လည်း ပျင်းနေရင် စောစောလာခဲ့ပေါ့။ ဒီနေ့လိုမျိုး။”
ဒီစကားကို ပြောပြီးတဲ့နောက်မှာ ထယ်ဝမ်က သူ့မျက်နှာသူ လက်မောင်းတွေကြားမှာ ကွယ်ဝှက်ထားလိုက်တယ်။ သူ့မျက်နှာကို တွေ့ချင်ရင် မနက်ဖြန် မနက်စောစောလာခဲ့ဖို့ ဟာယွန်းကို ပြောနေသလိုပါပဲ။
အနည်းငယ်ဟနေတဲ့ ပြတင်းပေါက်ကနေ နွေးထွေးတဲ့ နွေဦးလေညင်းလေး တိုက်ခတ်လာခဲ့တယ်။ ထယ်ဝမ့်ဆံပင်တွေ လှုပ်ရှားသွားခဲ့တယ်။ ဟာယွန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့နှုတ်ဖျားကနေ ထွက်ကျလာဖို့ တာဆူနေတဲ့အဖြေကို မျိုသိပ်လိုက်တယ်။
…အင်း။
****
ဆောင်းဝန်းအဖြစ်အပျက်ကြောင့် ကျောင်းက ရက်ပေါင်းများစွာကြာအောင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရတယ်။ နစ်နာသူတွေရဲ့ မိဘတွေက ချက်ချင်းပဲ ကျောင်းကို အပြေးရောက်လာကြပြီး ပြဿနာရှာခဲ့ကြတယ်။
တစ်ယောက်များဆို ဆောင်းဝန်းကို ပါးတောင်ချသွားလိုက်ပါသေးတယ်။ တရားစွဲဖို့ ပြောဆိုကြတာတွေလည်း ရှိခဲ့တယ်။ ဟာယွန်းရဲ့အဖေကတော့ ကျောင်းကိုမလာခဲ့ပေမဲ့ တရားစွဲမယ်လို့ အသိပေးခဲ့တယ်။
ဆောင်းဝန်းရဲ့မိဘတွေက ကျောင်းကိုလာကြပြီး နစ်နာသူတွေရဲ့ မိဘတွေအရှေ့မှာ ဒူးထောက်ခဲ့ကြရတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကိုပွတ်ရင်း ထောက်ထားပေးဖို့ တောင်းပန်ခဲ့ကြတယ်။
မူရင်းဗီဒီယိုဖိုင်တွေကို ဖျက်ဆီးပစ်ပြီး သိပ်မများတဲ့ပမာဏကို ကျေအေးငွေအဖြစ် ပေးပြီးတော့ ဆောင်းဝန်းက တခြားကျောင်းကို ပြောင်းလိုက်ရတယ်။ အဲ့ဒါတွေအားလုံး တစ်ပတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပါ။
ဆောင်းဝန်းတစ်ယောက် နှုတ်ဆက်စကားတောင် မပြောလိုက်ရပါဘူး။ ကျောင်းသားတွေက အဲ့ဒါကို မလိုချင်ဘူးလို့ ပြောခဲ့ကြတာလေ။ ဆောင်းဝန်းက စာသင်ခန်းတံခါး အပြင်ဘက်ကနေ အကြောင်သားလေး ငေးကြည့်ပြီး အဲ့ဒီနောက် မောင်းထုတ်ခံရတဲ့အလား ပြေးထွက်သွားခဲ့တယ်။ ကျောင်းသားတွေက သူထိုင်ခဲ့တဲ့ခုံဟာ ညစ်ပတ်တယ်ဆိုပြီး စာသင်ခန်းထောင့်ကို ရွှေ့ခဲ့ကြတယ်။
ကျောင်းစတက်တဲ့နေ့တုန်းက ကျောင်းဂိတ်အပြင်မှာ တွေ့ခဲ့ရတဲ့ ထယ်ဝမ်တစ်ယောက် မနက်တိုင်း ဟာယွန်းရဲ့ စားပွဲပေါ်မှာ ငှက်ပျောသီးနို့ တစ်ဘူးစီ လာတင်ပေးလိမ့်မယ်မှန်း ဘယ်သူများသိမှာလဲ။ ဟာယွန်းက ပေါင်မုန့်မီးကင်ဖြစ်ဖြစ်၊ သုံးမြှောင့်ချွန်း ရေညှိထမင်းလိပ်ဖြစ်ဖြစ်ပါတဲ့ အစာပြေမနက်စာလေးကို ထုပ်လာတတ်ခဲ့တယ်။
“သောက်လိုက်။”
ဟာယွန်းရောက်လာမှာကို မျှော်နေတဲ့အလား ထယ်ဝမ်က ငှက်ပျောသီးနို့ဘူးကို ဟာယွန်းဆီ တွန်းပို့ခဲ့တယ်။ သူ့စားပွဲပေါ်မှာလည်း အဲ့ဒီ ငှက်ပျောသီးနို့ဘူး ရှိနေပါတယ်။ တစ်ခါက ချိုလိုက်တာဆိုပြီး မျက်နှာမဲ့ခဲ့ပေမဲ့ ထယ်ဝမ် သောက်လေ့ရှိတာ အဲ့ဒီတစ်မျိုးတည်းပါပဲ။ ပြီးရင် သူက ဟာယွန်းပေးတဲ့ ပေါင်မုန့်မီးကင်ကိုဖြစ်ဖြစ်၊ ဆန်းဒဝှစ်ချ်ကိုဖြစ်ဖြစ် မြန်မြန်စားပါလိမ့်မယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် မနက်ခင်းတိုင်း တိုးတိုးတိတ်တိတ် စပြီးတွေ့ဖြစ်ခဲ့ကြပေမဲ့ တခြား ဘာမှပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ ဟာယွန်းက ထယ်ဝမ်ရဲ့ဒဏ်ရာ ပျောက်သွားတဲ့အထိ လိမ်းဆေးဆက်လိမ်းပေးခဲ့တယ်။
ဒီလိုနေ့စဉ်ဘဝကို ဆက်ခဲ့ကြရင်း စာရေးခုံမှာပဲ အကြောင်းအရာအမျိုးမျိုးကို ပြောဖြစ်ခဲ့ကြတယ်။ သူတို့စကားဝိုင်းမှာ စကားစပြတ်ပြီး တိတ်သွားတိုင်း ပြတင်းပေါက်ကနေ လေညင်းလေး ဝင်လာတတ်ပါတယ်။
လေညင်းက အထူးတလည် သန့်ရှင်း၊ လတ်ဆတ်ပြီး နူးညံ့လှတယ်။ ဟာယွန်းက ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်း စားပွဲပေါ် မှောက်အိပ်လိုက်တယ်။
“ဘာဖြစ်လို့ ငါ့ကို အဲ့ဒီလိုကြည့်နေတာလဲ။”
ပြတင်းပေါက်နားမှာထိုင်တဲ့ ထယ်ဝမ်က မျက်ခွံတစ်ဝက်ချထားတဲ့ မျက်လုံးတွေနဲ့ မေးခဲ့တယ်။
“နင့်ကို ကြည့်နေတာမဟုတ်ဘူး။”
ဟာယွန်းရဲ့အဖြေကြောင့် ထယ်ဝမ့်မျက်ခုံးတစ်ဖက် ပင့်သွားခဲ့တယ်။
“အဲ့ဒါဆို ဘာကိုကြည့်နေတာလဲ။”
“ကောင်းကင်ကို။”
“…”
ထယ်ဝမ်တစ်ယောက် ဦးခေါင်းကို မြန်မြန်တစ်ဖက်လှည့်သွားခဲ့တယ်။ သူ့နားရွက်တွေ နီရဲသွားတာကို ဟာယွန်းတွေ့လိုက်ရတယ်။
အဲ့ဒီနောက် ဟာယွန်းက ထယ်ဝမ်နဲ့ ကောင်းကင်ကို တစ်လှည့်စီကြည့်ခဲ့တယ်။ သူ့ကျောင်းဝတ်စုံက အသစ်စက်စက်ဖြစ်တဲ့အလား တောင့်တောင့်လေးဖြစ်နေခဲ့တယ်။ ရှပ်အင်္ကျီကော်လံ ဝန်းရံထားတဲ့ သူ့လည်တိုင်က မတ်မတ်ဆန့်ဆန့်ရှိလှတယ်။ သူ့ရဲ့ကုပ်ပိုးက သန့်ရှင်းနေခဲ့တယ်။ ဟာယွန်းရဲ့ မျက်လုံးတွေက အောက်ကို ခရီးဆက်သွားပြီး သူ့ရဲ့ ယောက်ျားပီသတဲ့ ပခုံးတွေဆီကို ကျရောက်သွားခဲ့တယ်။ အဲ့ဒီပခုံးတွေကို ကြည့်ရတာ ဟာယွန်း သဘောကျပါတယ်။
ထယ်ဝမ့်ကို သူ့စိတ်ကြိုက် ကြည့်လို့ရတာကို ဟာယွန်း သဘောကျမိခဲ့တယ်။ သူ့နှုတ်ခမ်းတွေမှာ အပြုံးရေးရေးလေး ပေါ်လာခဲ့တယ်။ ဟာယွန်း အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ တစ်ခါ၊ နှစ်ခါ…အရမ်းကို အေးအေးချမ်းချမ်းရှိလှပါတယ်။ ဒီငြိမ်းချမ်းမှုလေး ထာဝရတည်မြဲပါစေလို့ ဆုတောင်းမိတော့မတတ်ပါပဲ။
အဲ့ဒီနောက် ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိဘဲ ဟာယွန်း အိပ်ပျော်သွားခဲ့တယ်။ ဟာယွန်းတစ်ယောက် သတိပြန်ဝင်လာပြီး မျက်လုံးတွေ ဖွင့်လိုက်တယ်။ သူ့မျက်လုံးတွေရဲ့အရှေ့မှာ အရိပ်တစ်ခု ရှိနေခဲ့တယ်။ လည်ကုပ်က ပူနေပေမဲ့ မျက်နှာကတော့ အေးနေခဲ့တယ်လေ။ ထူးဆန်းလှပါတယ်။
ခဏကြာတော့မှ သူ့မျက်နှာပေါ် အရိပ်ကျနေတဲ့အရာဟာ ထယ်ဝမ့်လက်မှန်း သတိထားမိလိုက်တယ်။ သူ့လက်က ဟာယွန်းအတွက် နေရောင်ကို ကာပေးထားခဲ့တာပါ။ ဟာယွန်းရဲ့ မျက်လုံးတွေက သူ့လက်ကနေ သူ့မျက်နှာဆီကို ရောက်သွားခဲ့တယ်။ ဟာယွန်း အသက်ရှူရပ်သွားတော့တယ်။
သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားခဲ့ကြတယ်။
ထယ်ဝမ့်ကို ငေးကြည့်နေမိရင်း ဟာယွန်းတစ်ယောက် နေရာမှာတင် မလှုပ်မယှက် ရှိနေခဲ့တယ်။ သူက တခြားလက်တစ်ဖက်နဲ့ မေးထောက်ထားပြီး ဟာယွန်းကို ပြန်ငေးကြည့်နေခဲ့တယ်။
ရွှန်းလဲ့နေတဲ့ သူ့မျက်လုံးတွေက ပြုံးနေသယောင်ရှိပြီး နည်းနည်းလေး ရီဝေဝေဖြစ်နေသလိုပါပဲ။ ဟာယွန်းကပဲ မျက်စိမှားတာ ဖြစ်လောက်တယ်ဆိုပေမဲ့ အဲ့ဒါက အမှန်ဖြစ်နိုင်တယ်လို့လည်း ဟာယွန်း ခံစားမိနေခဲ့တယ်။
ဒုတ်…
နောက်တစ်ခဏမှာ ဟာယွန်းရဲ့နှလုံးက ဒုတ်ခနဲခုန်သွားတော့တယ်။ ဟာယွန်းက တံတွေးမျိုချပြီး ကိုယ်ကိုမတ်လိုက်တယ်။ အိုးတိုးအမ်းတမ်းမျက်နှာထားနဲ့ စားပွဲကို ငုံ့စိုက်ကြည့်လိုက်မိတယ်။
“ဘာဖြစ်လို့ ငါ့ကို မနှိုးတာလဲ။”
ဟာယွန်းက အသံမတုန်ရအောင် အတတ်နိုင်ဆုံး ကြိုးစားပြောပြီး ဆံပင်ကို သပ်တင်လိုက်တယ်။
“တအားနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့လေ။”
“ဒီအတိုင်း လိုက်ကာချထားလို့လည်း ရတာပဲကို။”
“ဒါပေမဲ့ နင်က လေညင်းကိုကြိုက်တယ်လေ။”
“…”
ဟာယွန်းက အနည်းငယ် အံ့ဩသွားတဲ့ မျက်နှာထားနဲ့ ထယ်ဝမ့်ကို ကြည့်လိုက်တယ်။ အဲ့ဒီနောက် ထယ်ဝမ်က သူ့ကို ပေါ့ပေါ့ပါးပါး ပြုံးပြခဲ့တယ်။
“လေညင်းလေးတိုက်သွားတာကို ခံစားမိတိုင်း နင့်မျက်နှာထားက ပြောင်းသွားတတ်တယ်လေ။”
“…”
“ငါ နင့်ရဲ့ အဲ့ဒီလိုမျက်နှာကို သဘောကျတယ်။”
“…”
စကားဆုံးတော့ သူက ဟာယွန်းကို ပြုံးပြခဲ့တယ်။ ခံ့ညားတဲ့သူ့နှုတ်ခမ်းတွေ ကွေးညွတ်သွားခဲ့တယ်။ သူ့မျက်ခွံတွေက ဖြည်းဖြည်းချင်း ကိုင်းညွတ်လာတော့တယ်။
ဒီအတိုင်း ခံစားမိတာသက်သက်ပဲလားတော့ မပြောတတ်ပေမဲ့ သူ့ရဲ့ မျက်ခွံတစ်ဝက်ပိတ်နေတဲ့ မျက်လုံးတွေမှာ နွေးထွေးတဲ့ အလင်းရောင်တစ်မျိုး ဖြတ်သန်းသွားသလို ခံစားလိုက်ရတယ်။ မျက်လုံးချင်း ဆုံရုံလေးဆုံသွားတာဆိုပေမဲ့ ဟာယွန်းတစ်ယောက် အရည်ပျော်သွားသလိုပါပဲ။
“…နည်းနည်းလောက် ထပ်အိပ်လိုက်ဦးမယ်။ ဒီနေ့ နည်းနည်းပင်ပန်းနေသလိုပဲ။”
ထယ်ဝမ့်ကို ဆက်ပြီးမကြည့်နိုင်တော့တာကြောင့် ဟာယွန်းက ဦးခေါင်းကို တခြားတစ်ဖက်ဆီလှည့်ပြီး ခုံပေါ်မှာ မှောက်အိပ်လိုက်တယ်။ အဲ့ဒီလိုလုပ်ဖို့ နည်းနည်းချီတုံချတုံ ဖြစ်မိပေမဲ့ပေါ့။
ထယ်ဝမ်ရဲ့ နူးနူးညံ့ညံ့ စကားတွေကြောင့် ဟာယွန်း လက်သီးဆုပ်ထားလိုက်မိတယ်။ အိပ်လို့မရပေမဲ့ တစ်ချက်မလှုပ်ခဲ့ပါဘူး။
ငြိမ်ငြိမ်လေး နေနေပေမဲ့လည်း သူ့နှလုံးကတော့ ကဆုန်ပေါက်နေခဲ့တယ်။
ထယ်ဝမ့်ဆီကနေ ဖွင့်ပြောခံလိုက်ရသလိုပဲလေ။
****
ဟာယွန်းနဲ့ ထယ်ဝမ်တို့ မနက်တိုင်း တိုးတိုးတိတ်တိတ် တွေ့နေကြတာကို သူတို့အတန်းဖော်တွေ မသိကြပါဘူး။ ကျောင်းသားတွေ ကျောင်းလာကြမဲ့အချိန်ရောက်တိုင်းမှာ ထယ်ဝမ်က ကန်တင်းကို သွားလိုက်တာပဲဖြစ်ဖြစ်၊ ဟာယွန်းက သန့်စင်ခန်း သွားလိုက်တာပဲဖြစ်ဖြစ် လုပ်ကြတယ်လေ။ တစ်ခါမှ ကြိုပြီးတိုင်ပင်ထားကြတာမျိုးမရှိပေမဲ့ သူ့ဟာနဲ့သူ အဲ့ဒီအတိုင်း ဖြစ်သွားခဲ့တာပါ။
ထုံးစံအတိုင်း အဲ့ဒီနေ့က ဟာယွန်းတစ်ယောက် ကျောင်းကို တစ်နာရီစောပြီး ရောက်လာခဲ့တယ်။ စာသင်ခန်းထဲဝင်လိုက်တဲ့အခါ ထယ်ဝမ် သူ့စားပွဲပေါ်သူ မှောက်အိပ်နေတာကို တွေ့လိုက်ရတယ်။ သိပ်မကြာသေးခင်ကပဲ သူတို့နှစ်ယောက် နေရာချင်းလဲထားကြတာပါ။ အခု ဟာယွန်းရဲ့ခုံက ပြတင်းပေါက်နဲ့အနီးဆုံးမှာရှိနေပြီး ထယ်ဝမ်က စာသင်ခန်းတံခါးနဲ့ ပိုနီးတဲ့ခုံမှာ ထိုင်ခဲ့တယ်။
အနည်းငယ်ဟထားတဲ့ ပြတင်းပေါက်ကနေ လေညင်းလေးက ဝင်လာခဲ့တယ်။ ဟာယွန်းက သူ့စားပွဲဆီ အသာလေး လျှောက်သွားပြီး ထိုင်လိုက်တယ်။ ထယ်ဝမ်က နိုးမလာဘဲ အိပ်မြဲအတိုင်း အိပ်နေခဲ့တယ်။ သူ့ကြည့်ရတာ တော်တော်ပင်ပန်းနေတဲ့ပုံပါပဲ။
သူက အခုတလော တော်တော်အလုပ်များနေတယ်လို့ ပြောထားခဲ့တာပါ။ အချိန်တရွေ့ရွေ့ကုန်လာတာနဲ့အမျှ ထယ်ဝမ်က အလုပ်များများရလာပြီး နာမည်လည်း ပိုကြီးလာတော့တယ်။ အဲ့ဒါကြောင့် ဟာယွန်းက သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးပိုကြီးအောင်ထားဖို့ ကြိုးစားခဲ့တာပါ။
မနက်ခင်းတွေကလွဲလို့ပေါ့။
သူ့မျက်လုံးတွေပေါ်ကို နေရောင်ခြည် ကျရောက်လာတာကြောင့် ထယ်ဝမ် မျက်မှောင်ကြုတ်သွားခဲ့တယ်။ ဟာယွန်းက လိုက်ကာထပိတ်ဖို့ ပြင်လိုက်ပေမဲ့ အဲ့ဒီလိုမလုပ်ဘဲနေဖို့ တွေးလိုက်မိတယ်။ ထိုင်ခုံနဲ့ကြမ်းပြင်ပွတ်တိုက်တဲ့အသံကြောင့် ထယ်ဝမ်နိုးသွားမှာစိုးမိတယ်လေ။
ပြီးခဲ့တဲ့ရက်ပိုင်းက ထယ်ဝမ်လုပ်ခဲ့သလိုပဲ ဟာယွန်းက သူ့လက်ကို မြှောက်လိုက်တယ်။ သူ့လက်နဲ့ အရိပ်မိုးပေးခဲ့တယ်။ မျက်လုံးပေါ် အရိပ်ကွယ်သွားတာကြောင့် ထယ်ဝမ့်မျက်နှာက သက်သောင့်သက်သာ ဖြစ်သွားတော့တယ်။
ဟာယွန်းက ထယ်ဝမ့်ကို ငေးကြည့်လိုက်မိပြီး သူ့နှုတ်ခမ်းမှာ အပြုံးလေးဖြစ်လာတာကို သတိမထားမိခဲ့ပါဘူး။ ရုတ်တရက် အဲ့ဒီအပြုံးက သူ့မျက်နှာကနေ ဖယ်ရှားခံလိုက်ရတယ်။
ဒါတွေအားလုံး အဆုံးသတ်ကို ရောက်လာမှာပါ။
ဟာယွန်း သူနဲ့ အတန်းဖော်အဖြစ် ကြာကြာရှိလေ တခြားကျောင်းသူတွေ သူ့အပေါ် မကျေမနပ်ဖြစ်ကြလေပါပဲ။ သူတို့ရဲ့ အတန်းပိုင်ဆရာတောင်မှ နောက်တစ်ခါ နေရာအပြောင်းအလဲလုပ်တဲ့အချိန်ကျရင် သူတို့နှစ်ယောက်ကို ခွဲထားမယ်လို့ ပြောခဲ့တယ်လေ။ ဘာကြောင့်မှန်းမသိ အဲ့ဒီအတွေးနဲ့တင် ဝမ်းနည်းမိရပါတယ်။
ထယ်ဝမ်က ပျောက်ကွယ်သွားမှာလည်းမဟုတ်တာကို သူ့စိတ်က ဘာကြောင့်များ အခုလိုခံစားရတာပါလိမ့်။
ဟာယွန်းက ထယ်ဝမ့်ကိုငေးကြည့်ရင်း သူ့ကိုယ်သူ အတတ်နိုင်ဆုံး နှစ်သိမ့်ခဲ့တယ်။
ဘာကြောင့်များ ဒီလိုခံစားရတာလဲနော်။ ထယ်ဝမ်က သူ့မျက်စိရှေ့တင် ရှိနေတာကို ပျောက်ကွယ်သွားတော့မဲ့လူလို ခံစားနေရတယ်လေ။ လေညင်းထဲမှာ လှုပ်ရှားနေတဲ့ ဆံပင်တွေ၊ သူ့ရဲ့မျက်တောင်ရှည်ရှည်တွေ၊ တင်းတင်းစေ့ထားတဲ့ သူ့နှုတ်ခမ်းတွေရဲ့ မျဉ်းကြောင်းလေး။
ဟာယွန်းက လက်ကို အနည်းငယ်နှိမ့်လိုက်ပြီး ထယ်ဝမ့်မျက်နှာနားကို တိုးလိုက်တယ်။ သူ့မျက်နှာကို ထိကြည့်ချင်မိခဲ့တယ်။ ထယ်ဝမ်ဟာ တကယ်ရှိတဲ့လူပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်မိလုနီးပါပဲ။
အဲ့ဒီနောက် သူ့ရဲ့လက် ထယ်ဝမ့်အသားကို ထိလုထိခင်လေးမှာ ဟာယွန်း ရပ်တန့်သွားခဲ့တယ်။ ထယ်ဝမ် အိပ်နေတာကို နှောင့်ယှက်မိသွားနိုင်တယ်လေ။ ဟင့်အင်း၊ အဲ့ဒါထက် သူ ထိလိုက်တာကို ထယ်ဝမ်သိသွားရင် ဘယ်လိုထင်သွားမလဲ။
ဟာယွန်း လက်ပြန်ရုပ်ဖို့ပြင်လိုက်ချိန်မှာ အိပ်နေတဲ့ ထယ်ဝမ့်မျက်လုံးတွေ ရုတ်တရက် ပွင့်လာခဲ့တယ်။ အဲ့ဒီမျက်လုံးတွေက ဟာယွန်းကို ကြည့်နေခဲ့တယ်။
“အ…”
လန့်သွားတဲ့ ဟာယွန်းက ခပ်ဆတ်ဆတ် အော်လိုက်မိတယ်။ လက်ပြန်မရုပ်နိုင်ခင်မှာပဲ ထယ်ဝမ်က သူ့လက်ကို ဖမ်းဆွဲခဲ့တယ်။
“နင့်လက်ဖမိုးက ပူနေတယ်။”
“…လွှတ်။”
“ဘာဖြစ်လို့ ဒီလိုအရာမျိုးကို သွားအတုခိုးရတာလဲ။”
တိုပြတ်ပြတ်စကားတွေ ပြောနေပေမဲ့ ထယ်ဝမ်က ပြုံးနေခဲ့တယ်။ ဟာယွန်းလက်ပေါ်မှာ သူ့ရဲ့လက်ကို အဆုံးမရှိခံစားမိနေရတယ်။
သူ့လက်ပေါ်က အနည်းငယ်ထောင်ကြွနေတဲ့ သွေးကြောတွေကြောင့် လူကြီးတစ်ယောက်ရဲ့လက်လို့ ထင်မှတ်ရပါတယ်။ ပြီးတော့ သူ့ရဲ့ဘယ်ဘက်လက်က ညာဘက်လက်ထက် ပိုညိုနေခဲ့တယ်။ အမြဲတမ်း ဟာယွန်းအတွက် နေရောင်ကာပေးခဲ့တဲ့လက်လေ။
ဟာယွန်းက သူ့လက်ခုံကို ငေးကြည့်လိုက်မိတယ်။ ကိုယ့်ကိုယ်ကိုယ် သတိရသွားပြီး အသိစိတ်ပြန်ကပ်လာခဲ့တယ်။ သူ့လက်သူ ထယ်ဝမ့်လက်ထဲကနေ ဆွဲထုတ်ဖို့ပြင်လိုက်ချိန်မှာ ထယ်ဝမ်က ဟာယွန်းရဲ့လက်ဖဝါးကို သူ့နှုတ်ခမ်းတွေဆီ ဆွဲယူလိုက်တယ်။
သူ့နှုတ်ခမ်းတွေက ဟာယွန်းရဲ့အသားကို ထိတယ်ဆိုရုံလေး ထိသွားခဲ့တယ်။ အမှန်တကယ် ထိရောထိရဲ့လားဆိုတာကို ဟာယွန်းမပြောနိုင်သလောက်ပါပဲ။ နူးညံ့ပြီး နွေးထွေးလှပါတယ်။ ဟာယွန်းရဲ့ ကျောရိုးတစ်လျှောက် ကြက်သီးထသွားတော့တယ်။
“…လွှတ်လို့။”
မှင်တက်မိသွားသလို ခံစားလိုက်ရပေမဲ့ ပါးစပ်ကနေတော့ အဲ့ဒီစကားကို ထွက်အောင်ပြောနိုင်ခဲ့တယ်။
“ဟာယွန်း။”
သူ ဟာယွန်းရဲ့နာမည်ကို ခေါ်လိုက်တဲ့အခါ သူ့ရဲ့ထွက်သက်ကို လက်ဖဝါးလေးမှာ ခံစားလိုက်ရတယ်။ လည်ကုပ်ပေါ်က မွေးညင်းလေးတွေ ထောင်သွားတော့တယ်။
“တွဲရအောင်။”
“…”
ရုတ်တရက်ဆန်တဲ့ နွေဦးလေညင်းလိုပဲ ဟာယွန်းတစ်ယောက် ထင်မှတ်မထားတဲ့ ချစ်ခွင့်ပန်စကားကို ရရှိခဲ့တယ်။
ထယ်ဝမ်က သူ့လက်ကို ရတနာလေးလိုမျိုး တင်းတင်းကျပ်ကျပ် ကိုင်ထားတာကို ဟာယွန်း ကြည့်နေခဲ့မိတယ်။ နောက်နေတာတွေ ဒီလောက်နဲ့ရပ်လို့ ပြောချင်ခဲ့ပေမဲ့ ထယ်ဝမ့်မျက်လုံးတွေထဲမှာ ရယ်မြူးရိပ်ဆိုတာ တစ်စက်ကလေးတောင် ရှိမနေခဲ့ပါဘူး။
“အထက်တန်းကျောင်း ပြီးတဲ့အထိ နင်နဲ့ သူငယ်ချင်းလို ဆက်နေသွားမလို့ပဲဆိုပေမဲ့ ဒီထက်ပိုပြီး ထိန်းမထားနိုင်တော့ဘူး။”
“…”
“အခုလိုမျိုးတွေလုပ်ရင် နင်က တအားလှတယ်။”
“…”
“တခြားကောင်တွေ နင့်ကို ဖြတ်ခုတ်သွားမှာ ခွင့်မပြုနိုင်ဘူး။”
ထယ်ဝမ်က ပြုံးလိုက်ပေမဲ့ သူ့ပုံစံက တော်တော့်ကို အလေးအနက်ဆန်နေခဲ့တယ်။ သူက မျက်တောင်တစ်ချက်မခတ်ဘဲ ဟာယွန်းကိုသာ ငေးကြည့်ရုံကြည့်နေပြီး အဖြေကို စောင့်နေခဲ့တယ်။ ဟာယွန်းရဲ့နှလုံးက ဒုတ်ခနဲခုန်သွားခဲ့တယ်။
“ခက်ခဲတဲ့တောင်းဆိုမှု ဖြစ်သွားတယ်ဆိုရင်လည်း စဉ်းစားပြီးမှ အဖြေပြန်ပေးပေါ့။”
“…”
“ဒါပေါ့၊ နင် ပြန်စဉ်းစားစရာ လိုလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူးလေ။”
ထယ်ဝမ်က ဟာယွန်းရဲ့လက်ကို လွှတ်ပေးခဲ့တယ်။ အနေခက်စရာပါပဲ။ သူက နေရာကထပြီး စာသင်ခန်းထဲကနေ ထွက်သွားခဲ့တယ်။ အခန်းတံခါး ပိတ်သွားတယ်ဆိုရင်ပဲ ဟာယွန်းတစ်ယောက် နောက်ဆုံးမှာ တံခါးဆီ လှည့်ကြည့်လိုက်တယ်။
စာရေးစားပွဲဆီ ပြန်လှည့်လိုက်တဲ့အခါ ချယ်ရီပွင့်ဖတ်လေးတစ်ချပ်က ဟနေတဲ့ပြတင်းပေါက်ကနေ ပျံဝင်လာပြီး စားပွဲမျက်နှာပြင်ပေါ်မှာ လိမ့်သွားခဲ့တယ်။ ပွင့်ဖတ်လေးလိုပဲ ဟာယွန်းရဲ့ နှလုံးသားလေးဟာလည်း သူ့ရင်ထဲမှာ လူးလွန့်လို့ပေါ့။
****
ဂန်ထယ်ဝမ်နဲ့ တွဲဖို့တဲ့။
တစ်ခါတော့ စိတ်ကူးကြည့်ဖူးပေမဲ့ အဲ့ဒီကိစ္စကို အများကြီး မတွေးမိခဲ့ပါဘူး။ မဖြစ်နိုင်ဘူးမဟုတ်လား။ ဂန်ထယ်ဝမ်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး နာမည်ကြီးလာပြီလေ။ ပြီးတော့ ဟာယွန်းတို့ ကျောင်းထဲမှာတင်မဟုတ်ပါဘူး။ အနားဝန်းကျင်မှာရှိတဲ့ မိန်းကလေးကျောင်းက ကျောင်းသူလေးတွေတောင် သူ့ကို တစ်ချက်လေးကြည့်ခွင့်ရဖို့အတွက် ဟာယွန်းတို့ ကျောင်းတံခါးဝကို လာတတ်ကြပါတယ်။
ကျောင်းသူတွေက ဂန်ထယ်ဝမ်ကို ရိုက်ထားကြတဲ့ ဓာတ်ပုံတွေကို သူတို့အချင်းချင်းကြားမှာ စတင်ပြီး မျှဝေလာခဲ့ကြတယ်။ အဲ့ဒါကိုမြင်လို့ ဟာယွန်း အံ့ဩသွားတဲ့အခါ သူ့သူငယ်ချင်းတွေအားလုံး ဝိုင်းဟားကြပြီး ဘာလို့ အဲ့ဒီလောက် အံ့ဩရတာလဲဆိုပြီး မေးခဲ့ကြတယ်။
“ငါတို့ရဲ့ စီနီယာ အစ်မတွေ ဂျူနီယာ ညီမလေးတွေ တစ်အုပ်ကြီး ရှိမယ်ထင်တယ်။ ဟင့်အင်း၊ အမှန်တော့ သေချာကိုသေချာတယ်။ ဟိုတလောကပဲ ငါ သန့်စင်ခန်းသွားတော့ ပထမနှစ်လေးနဲ့ ဝင်တိုက်မိတယ်လေ။ သူ့ဖုန်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့ ဂန်ထယ်ဝမ်ရဲ့ပုံကို ဖုန်းနောက်ခံပုံထားထားတာ တွေ့ခဲ့ရပါတယ်ဆို။ ပြောရရင် သူက နာမည်ကြီးနဲ့ ဘာမှမခြားဘူးမဟုတ်လား။”
“ဟုတ်တယ်၊ အမှန်ပဲ။ အင်းလေ သူ့ကို နာမည်ကြီးလို့ ခေါ်လို့ရမယ်ထင်တာပဲ။ ငါကြားသလောက်ဆို အင်တာတိန်းမန့် အေဂျင်စီ ပေါင်းစုံက သူ့ကို လူသစ်စုဆောင်းရေးလုပ်ကြတာတဲ့။”
“ဟုတ်ပါ့၊ ပြီးခဲ့တဲ့ နှစ်ရက်တုန်းကဆို MU ကတစ်ယောက် ဂန်ထယ်ဝမ်ကို ရိုက်ကူးရေးခေါ်ခွင့်ရမလားဆိုပြီး ကျောင်းဂိတ်ဝမှာ စောင့်နေတာပါဆို။”
“ဝိုး၊ ရူးလောက်စရာပဲ။ ငါလည်း အခု ဓာတ်ပုံတွေ ရသလောက် ရိုက်ထားမှ။ အဲ့ဒါမှ နောက်ကျရင် သူနဲ့ တစ်ကျောင်းတည်းတက်ခဲ့တာဆိုပြီး ကြွားလို့ရမှာ။”
သူငယ်ချင်းတွေ ပြောနေကြတာကို နားထောင်ရင်း ဟာယွန်းတစ်ယောက် ဘာမှမပြောနိုင်ခဲ့ပါဘူး။ ဒီလိုအကြောင်းအရာတွေ ကြားရတိုင်း မနက်ခင်းတွေမှာ သူသိကျွမ်းရတဲ့ ဂန်ထယ်ဝမ်က သူစိမ်းတစ်ယောက် ဖြစ်သွားသလိုပါရဲ့။ သူတို့နှစ်ယောက် အတူတူ ကုန်ဆုံးခဲ့ကြတဲ့ မနက်ခင်းတွေက အားလုံးအိပ်မက်ပဲထင်ပါရဲ့။
မဂ္ဂဇင်းမှာ ဂန်ထယ်ဝမ်ရဲ့ ဓာတ်ပုံတွေကို မြင်ရတိုင်း ဒီခံစားချက်က ပြင်းထန်လာခဲ့တယ်။ သူက မကြာမကြာဆိုသလို မိန်းကလေးမော်ဒယ်လ် လှလှလေးတွေနဲ့ အလုပ်တွဲလုပ်လေ့ရှိမှာပါ။
ဟာယွန်း အားကျရတဲ့ မိန်းကလေးမော်ဒယ်လ်တွေနဲ့ ဓာတ်ပုံတွဲရိုက်ရတာတွေလည်း ရှိပါလိမ့်မယ်။ မိန်းကလေး အိုင်ဒေါလ်တွေနဲ့လည်း အလုပ်တွဲလုပ်ရပါတယ်။ အဲ့ဒီလို အလုပ်တွဲလုပ်ရတိုင်းမှာ ကျောင်းသားတွေက သူ့အနားမှာ ဝိုင်းဝိုင်းလည်နေတတ်ကြတယ်။
ဒါပေါ့၊ ဂန်ထယ်ဝမ်နဲ့ သိပ်မရင်းနှီးတဲ့ ကလေးတွေကတော့ စကားမပြောရဲဘဲ လူအုပ်ရဲ့ အနောက်ဘက်မှာ နေကြပေမဲ့ သူတို့က အဲ့ဒီမှာရပ်ပြီး ထယ်ဝမ့်ကို ကြည့်ကြသေးတာပါပဲ။
“ဟေ့၊ ဂန်ထယ်ဝမ်။ မင်း ယူဟာအင်းနဲ့ စာပို့ကြလား။”
ထယ်ဝမ့်သူငယ်ချင်းတစ်ယောက်က အော်မေးခဲ့တယ်။ ယူဟာအင်းဆိုတာ ယောက်ျားလေးတွေကြားမှာ နာမည်ကြီးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့ရဲ့ ချစ်စရာ အဖွဲ့ဝင်တစ်ယောက်ပါ။ ဟာယွန်းတောင်မှ သူ့ကို သိပါတယ်။ တီဗွီဖွင့်လိုက်တိုင်း သူ့ကို ကြော်ငြာတွေမှာ အမြဲတမ်း တွေ့ရလေ့ရှိတယ်လေ။
“သူနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံရှိလား။ သူက ဘယ်လိုနေလဲ။ ယူဟာအင်းက ဘယ်လိုပုံစံရှိလဲ။ လှလား။ သဘောကောင်းလား။”
“ဝါး၊ သူ့အသံကရော ဘယ်လိုနေလဲ။”
“မိုက်ချက်ကွာ။ တစ်ခါလောက်ပဲဖြစ်ဖြစ် ငါတို့အတွက် သူ့ကို ဖုန်းခေါ်ပေးကြည့်ပါလား။ ဟင်။ ဟင်လို့။”
ကျောင်းသားကောင်လေးတွေက ဂန်ထယ်ဝမ်အနားမှာ ဝိုင်းအုံပြီး သူ့ကို နှောင့်ယှက်ကြတော့တယ်။
“သူက ငါ့ဆီကို ဝတ်ကျေတန်းကျေ စာလေးတစ်ခါပဲ ပို့ဖူးတာပါ။”
“ဘယ်သူက ဝတ်ကျေတန်းကျေဆိုပြီး ဒီလိုမျိုး စာပို့လို့လဲ။”
“ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဖုန်းအဆက်အသွယ်ရှိတဲ့ ဆက်ဆံရေးမဟုတ်ဘူး။ ကျိန်းသေပေါက် တွဲနေတာမဟုတ်ပါဘူးဆို။ ပြီးတော့ ငါက သူ့ကို ကြိုက်တာတောင်မဟုတ်ဘူး။”
“အင်းပါ ဟုတ်ပါပြီ။”
“မင်းတို့ကောင်တွေ ငါ စိတ်ကောင်းဝင်နေတုန်း လစ်လိုက်ကြပါတော့လား။”
ဂန်ထယ်ဝမ်ရဲ့မျက်နှာ ဒေါသနဲ့ ခပ်တည်တည်ဖြစ်သွားတော့မှပဲ ကျောင်းသားတွေလည်း ငြိမ်ကျပြီး ထွက်သွားကြတော့တယ်။
ဒီလိုဖြစ်တဲ့အခါတိုင်းမှာ ကျောင်းသူလေးတွေက နှစ်ယောက်သုံးယောက်စီ အုပ်စုလေးတွေဖွဲ့ပြီး အေးတိအေးစက်မျက်နှာတွေနဲ့ တိုးတိုးတိုးတိုး ပြောကြပါတော့တယ်။ ထယ်ဝမ်က ယူဟာအင်းနဲ့ ခင်ခင်မင်မင်ရှိမှန်း သူတို့ မသိကြဘူးလေ။ သူတို့တွေ နှုတ်ခမ်းစူကြတော့တာပေါ့။
“သူက ယူဟာအင်းနဲ့ အဆက်အသွယ်ရှိနေတာပဲ။ ငါတို့က အဲ့ဒါနဲ့ ဘယ်လိုများ ယှဉ်နိုင်မှာတဲ့လဲ။”
တစ်ယောက်က အခုလိုပြောခဲ့တယ်။
ဟုတ်ပါတယ်လေ။
ဟာယွန်းက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်တယ်။
ဂန်ထယ်ဝမ်က ဘယ်လိုလုပ်ပြီးတော့များ သူ့ကို စိတ်ဝင်စားနိုင်မှာတဲ့လဲ။ ဟာယွန်းက အဲ့ဒီလို တွေးလိုက်မိတယ်။ ထယ်ဝမ် သူ့ကို ပြခဲ့တဲ့ စိတ်ဝင်စားမှုဆိုတာ ဒီအတိုင်း ‘တဒင်္ဂအခိုက်အတန့်လေးမှာ ဖော်ပြမရတဲ့ ခံစားချက်လေး’ ပါပဲလေဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးနားချခဲ့တယ်။
သူတို့နှစ်ယောက်က သူငယ်ချင်းတွေဆိုတာထက် ပိုပြီးရင်းနှီးတယ်ဆိုပေမဲ့ ဘယ်တော့မှ ချစ်သူတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ သူတို့ကြားမှာ သိုသိပ်တဲ့အရာတစ်မျိုး ရှိတယ်ဆိုပေမဲ့ အဲ့ဒီအရာရှိနေတဲ့အကြောင်း ဘယ်တော့မှ အကောင်အထည်ပြနိုင်မှာမဟုတ်ပါဘူး။ ဒီအတိုင်း ဘယ်သူမှမသိလိုက်ဘဲ ပျောက်သွားမှာပါပဲ။
သူတို့ရဲ့ ပတ်သက်မှုလေးက မြူခိုးငွေ့လေးလိုပဲ ပျောက်ကွယ်သွားတဲ့အရာလေး ဖြစ်ခဲ့ရင်ကောင်းမှာပဲလို့ ဟာယွန်း တွေးခဲ့မိတယ်။ ဒါပေမဲ့ ဂန်ထယ်ဝမ်က သူ့ကို ဖွင့်ပြောခဲ့တယ်လေ။
အမှတ်မထင် ချစ်ခွင့်ပန်လာတာဆိုပေမဲ့ အဖြေက တစ်ခုတည်းပဲရှိပါတယ်။
သူ့ကို ငြင်းလိုက်ဖို့ပေါ့။
ဟာယွန်း ထယ်ဝမ့်ကို လက်မခံနိုင်ပါဘူး။ သူက ဟာယွန်းလိုလူတစ်ယောက်နဲ့ အတူရှိဖို့အတွက် အရမ်းချောပြီး နာမည်ကြီးလွန်းတယ်လေ။ အရပ်ရှည်လို့ လူအာရုံစိုက်ခံရတာနဲ့တင် စိတ်မသက်မသာ ဖြစ်နေရတာပါ။ ဂန်ထယ်ဝမ်ကြောင့် ဒီထက်ပိုပြီး လူအာရုံစိုက်ခံရတာမျိုး မလိုချင်ပါဘူး။
အဲ့ဒါအပြင် သူတို့က အထက်တန်း ဒုတိယနှစ်လေ။ ဒီအခြေအနေမှာ ဟာယွန်း ဘယ်သူနဲ့မှ မတွဲချင်ပါဘူး။ အဲ့ဒါကြောင့် အဖြေက တစ်ခုတည်းသာရှိပါတယ်။ ဟာယွန်းတစ်ယောက် သူ ပြောမဲ့စကားကို ဆုံးဖြတ်လိုက်တော့တယ်။ ကျောင်းဆီလျှောက်လှမ်းလာခဲ့တဲ့ သူ့ခြေလှမ်းတွေက လေးလံနေခဲ့တယ်။
ဟာယွန်းက တမင်တကာကို ပုံမှန်ထက် ဆယ်မိနစ် နောက်ကျပြီးမှ လာခဲ့တာပါ။ ကျောင်းရှေ့ရောက်တော့ ရပ်လိုက်မိတယ်။ ခေါင်းမော့လိုက်တော့ ချယ်ရီပွင့်ဖတ်လေးတွေ ကြွေနေတာကို တွေ့လိုက်ရတယ်။ ဟာယွန်းတစ်ယောက် အကြောင်သား နေရာမှာတင် ရပ်နေမိပေမဲ့ ပွင့်လွှာလေးတစ်ချပ်တလေတောင်မှ မဖမ်းနိုင်ခဲ့ပါဘူး။
ပွင့်လွှာလေးတစ်ချပ်လောက် သူ့မျက်နှာပေါ်ကျလာခဲ့ရင် ကောင်းမှာပါ။
ဒါပေမဲ့ ချယ်ရီပွင့်လွှာလေးတွေက သူ့ကို ရှောင်ကွင်းသွားခဲ့ကြတယ်။ ဟာယွန်း တစ်ဖန် လမ်းစလျှောက်ဖို့ ပြင်လိုက်ချိန်မှာ အရှေ့ကို ကြည့်လိုက်မိတယ်။
နေရောင်ခြည်က တိမ်တွေကြားကနေ ခေါင်းပြူပြီး ချယ်ရီပင်တန်းပေါ်ကို စတင်ဖြာကျလာခဲ့တယ်။ လေတိုက်ခတ်သွားချိန်မှာ ပန်းရောင်ပွင့်ချပ်လွှာလေးတွေက အဖြူရောင်လေးလက်သွားပြီး ကြွေကျသွားကုန်ကြတယ်။
ကျောင်းဆောင်ဖြူဖြူရယ်၊ ကောင်းကင်ပြာပြာရယ်၊ ကြည်လင်တောက်ပတဲ့ နေခြည်ရယ်။ ဒီလိုရှုခင်းလှလှလေးထဲမှာမှ ဂန်ထယ်ဝမ်က ကျောင်းဝတ်စုံ ဝတ်ထားလျက်နဲ့ အလယ်မှာရပ်နေခဲ့တယ်။ ဒီမြင်ကွင်းကလည်း သိပ်လှတယ်ဆိုတာကို ဟာယွန်း မငြင်းနိုင်ခဲ့ပါဘူး။
နင့်ဘေးပတ်လည်က အရာအားလုံး အရမ်းတောက်ပနေတာကို ဘာလို့ နင်က ပိုပြီးတောက်ပနေသလို ထင်ရတာပါလိမ့်။
ဟာယွန်း သူ့ဟာသူ တွေးနေချိန်မှာ ထယ်ဝမ်က သူ့ဆီကို စတင်လျှောက်လှမ်းလာခဲ့တယ်။ သူ ဟာယွန်းအရှေ့ ရောက်တယ်ဆိုရင်ပဲ ဟာယွန်းက အလိုလို ခေါင်းမော့လိုက်တယ်။ သူ့ဦးခေါင်းနဲ့ ပခုံးတို့မှာ ချယ်ရီပွင့်လွှာတွေ ဖုံးလွှမ်းလျက်ရှိနေခဲ့တယ်။ ဟာယွန်းက သူ့ကို ဘာမှမမေးဘဲ ဒီအတိုင်း ငေးကြည့်နေခဲ့မိတယ်။
“တွေးကြည့်လိုက်တော့ မနေ့တုန်းက နင့်အတွက် ဘာပန်းမှ မပြင်ဆင်ခဲ့ရဘူးလေ။”
ဂန်ထယ်ဝမ်က သူ့လက်ကို ဟာယွန်းအရှေ့ထုတ်ပြခဲ့တယ်။ သူ့ရဲ့လက်ဖဝါးနှစ်ဖက်ကြားမှာ ပန်းရောင် ချယ်ရီပွင့်ချပ်လွှာလေးတွေ အပုံလိုက်ကြီးရှိနေခဲ့တယ်။
“ရော့၊ နင်က ဒါတွေကြိုက်တယ်မဟုတ်လား။”
“…”
“နောက်ပြီး နင် အထင်မလွဲသွားခင် ပြောရဦးမယ်။ ငါ ဒါတွေကို မြေကြီးပေါ်က ကောက်ထားတာမဟုတ်ဘူး။ ကြွေကျလာတုန်းမှာ တစ်ခုချင်းစီ ဖမ်းထားတာ။”
ဟာယွန်းက ပန်းရောင်လွှမ်းနေတဲ့ ထယ်ဝမ့်လက်နဲ့ သူ့မျက်နှာကို တစ်လှည့်စီ ကြည့်လိုက်တယ်။ ပွင့်ချပ်လွှာလေးတစ်ခု ဖမ်းမိဖို့တောင်မှ ခက်ခဲလှပြီကို သူ ဘယ်တုန်းကများ ဒါတွေအကုန်လုံးကို ဖမ်းနိုင်ခဲ့တာလဲ။ သူတို့နှစ်ယောက်ကြားမှာ လေညင်းလေး တစ်ချက်ဝှေ့သွားတာကြောင့် ထယ်ဝမ့်လက်ထဲက ပွင့်ချပ်လွှာလေးတွေ တလှပ်လှပ်လှုပ်ရှားလာတော့တယ်။
“ပြီးတော့ မနေ့တုန်းက အရမ်းစိတ်လှုပ်ရှားနေလို့ ဒါကို မပြောလိုက်ရဘူး။”
ထယ်ဝမ်ရဲ့ ခပ်နိမ့်နိမ့်အသံကို ကြားလိုက်ရတယ်။
“နင့်ကို သဘောကျတယ်။”
အဲ့ဒီစကားတွေကို ပြောလိုက်ချိန်မှာ သူ့လက်ထဲက ချယ်ရီပွင့်လွှာလေးတွေဟာ လိပ်ပြာလေးတွေအလား ပျံထွက်ကုန်ကြတော့တယ်။ ဟာယွန်းရဲ့ ဘေးပတ်လည်က တစ်လောကလုံး ပန်းရောင်သမ်းသွားချိန်မှာ ဂန်ထယ်ဝမ်က အဲ့ဒီအလယ်မှာရပ်ရင်း တစ်ဖန်ထပ်ပြောခဲ့ပြန်တယ်။
“နင့်ကို သဘောကျတယ် နာဟာယွန်း။”
စောစောက သူ့ကို ရှောင်ကွင်းသွားခဲ့ကြတဲ့ ပွင့်လွှာလေးတွေဟာ အခုတော့ ဟာယွန်းရဲ့ ဦးခေါင်းထက်မှာ ဝဲပျံလို့နေကြတော့တယ်။ ဟာယွန်းရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပန်းရောင်သမ်းသွားခဲ့တယ်။
“နင့်ကို သဘောကျတယ်။”
ထယ်ဝမ်က ပစ်မှတ်ကို တစ်ခါထပ်ပြီး တည့်တည့်ထိစေရင်း ထပ်ပြောခဲ့ပြန်တယ်။ ဟာယွန်းက သူ့ကို ငေးကြည့်နေခဲ့မိတယ်။
ထယ်ဝမ့်ကို ငြင်းလိုက်မှဖြစ်မှာပါ။
ဒါပေမဲ့ မငြင်းနိုင်ခဲ့ပါဘူး။
ဂန်ထယ်ဝမ်ရဲ့အပြုံးက ကောင်းကင်ထက်တောင် ပိုတောက်ပနေပါသေးတယ်။ ချယ်ရီပွင့်လွှာတွေကြောင့် ပန်းရောင်သမ်းနေတဲ့ သူ့ကို ငေးကြည့်နေရင်း ဟာယွန်းတစ်ယောက် ငြင်းပစ်ဖို့ နည်းလမ်းကို မတွေးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအချစ် စတင်ခဲ့ပါတော့တယ်။
****
Translated by D