Chapter 2
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၂
“ယုံတောင်မယုံနိုင်ဘူး။ တစ်ခွက်လောက် သွားသောက်ရအောင်ဆိုပြီး နင့်ဘက်ကအရင် ဖုန်းစဆက်တာကိုလေ…”
သုံးထပ်သား အကင်ဆိုင်တစ်ဆိုင်မှာ ဂျီယွန်းက ဟာယွန်းနဲ့ မျက်နှာချင်းဆိုင် ထိုင်နေခဲ့တယ်။ အကင် ကင်ရာက မီးခိုးတွေ လေထဲမှာ ပြည့်နေတော့တယ်။ ဂျီယွန်းက အရက်ပုလင်းကို ကိုင်လိုက်ပြီး အခြေအနေကို နည်းနည်းအံ့ဩနေတဲ့ပုံပါပဲ။
ဂျီယွန်း အံ့ဩတယ်ဆိုတာလည်း ဖြစ်သင့်ပါတယ်။ ဟာယွန်းက ပုံမှန်ဆို သောက်လေ့ရှိတာမဟုတ်ဘူးလေ။ ဒါပေမဲ့ သူက ဂျီယွန်းကို သောက်ဖို့ခေါ်ခဲ့တယ်မဟုတ်လား။ မနက်ဖြန်ပဲဖြစ်ဖြစ် ကောင်းကင်ကြီးအက်ကွဲပြီး ပြိုသွားတော့မှာလားနော်။
“တစ်ခုခုဖြစ်ခဲ့လို့လား။”
ဂျီယွန်းက ဟာယွန်းရဲ့ခွက်ထဲကို အရက်နည်းနည်းငှဲ့ပေးလိုက်တယ်။ သူက ဟာယွန်းရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဟာယွန်း ဘာတွေးနေမှန်း မပြောနိုင်ခဲ့ပါဘူး။
“အင်း။”
“ဘာဖြစ်လို့လဲ။ အလုပ်လုပ်နေတုန်း တစ်ယောက်ယောက်က ပြဿနာရှာလို့လား။ ဓာတ်ပုံဆရာက နင့်ကို ပိုပြီးတော့ ဖော်ချွတ်ပြဖို့ ပြောလို့လား။ ဒါမှမဟုတ် အလုပ်အပ်တဲ့သူက နင်နဲ့ တစ်နပ်လောက် အတူတူစားပြီး တစ်ခွက်လောက်သောက်ချင်တယ်လို့ပြောတဲ့ အဘိုးကြီးလား။”
“ဟင့်အင်း၊ အဲ့ဒါတွေ တစ်ခုမှမဟုတ်ဘူး။”
“အဲ့ဒါဆို ဘာလဲ။”
ဂျီယွန်းက မရေမရာ မေးခဲ့တယ်။ အဲ့ဒီအကြောင်းရင်းတွေ တစ်ခုမှမဟုတ်ဘူးဆိုရင် ဘာများလဲ။ သူက ဟာယွန်းကို မေးခွန်းမေးနေသလိုအကြည့်နဲ့ ကြည့်ခဲ့တယ်။
“လမ်းခွဲတာ။”
ဟာယွန်းရဲ့အဖြေက တုံးတိတိနိုင်လှပါတယ်။ ‘သူများတွေအကြောင်း မပြောသင့်ဘူး’ လို့ ဂျီယွန်း တွေးလိုက်မိပေမဲ့ တုံ့ဆိုင်းသွားခဲ့တယ်။ ဒါပေမဲ့ ဟာယွန်းတစ်ယောက် တခြား ဘာမှထပ်မပြောတဲ့အခါ သူ့အကြောင်းသူ ပြောနေတာမှန်း ဂျီယွန်း သဘောပေါက်သွားတော့တယ်။
“…ဘာ။ နေပါဦး၊ နင်နဲ့ ဂန်ထယ်ဝမ်လား။”
အဖြေကိုသိပေမဲ့ ဂျီယွန်းက ပြန်မေးခဲ့တယ်။ သူ့အတွက် အဲ့ဒီလောက်ကို မယုံနိုင်စရာ ဖြစ်ခဲ့တာပါ။ ဂျီယွန်းက ဟာယွန်းဘေးမှာ ရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့ ချစ်ရေးချစ်ရာဘဝကို တစ်လျှောက်လုံး တွေ့မြင်ခဲ့ရသူလေ။
အထက်တန်းကျောင်း ဘွဲ့ယူတဲ့နေ့မှာ ဂျီယွန်းက အုပ်စုလိုက်ချိန်းတွေ့တဲ့ဆီကို သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ဟာယွန်းကို တောင်းတောင်းပန်ပန်ခေါ်ခဲ့ပေမဲ့ ဟာယွန်းက ‘ငါ ထယ်ဝမ်နဲ့ တွဲနေတယ်’ ဆိုပြီး ဒီအတိုင်း ထုတ်ပြောခဲ့တာလေ။ အဲ့ဒီကတည်းကစလို့ သူတို့နှစ်ယောက် တွဲလာခဲ့ကြတာ အခုအချိန်အထိပါပဲ။ သူတို့နှစ်ယောက် အတူတူရှိခဲ့ကြတာ ဆယ်နှစ်ကျော် ရှိသွားခဲ့ပါပြီ။
ပထမတော့ ဂျီယွန်း မယုံနိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ကို ကျောင်းမှာ တစ်ခါမှ အတူတူတွဲပြီး မတွေ့ဖူးခဲ့ဘူးလေ။ ပြီးတော့ အဲ့ဒါအပြင် သူကလည်း ထယ်ဝမ့်ကို မျက်စိကျနေခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်က အင်မတန်ကို ပြီးပြည့်စုံတဲ့ စုံတွဲလေးဖြစ်တာမို့ ဂျီယွန်းက သူတို့နှစ်ယောက်ကို စိတ်ရင်းအပြည့်နဲ့ ဂုဏ်ပြုခဲ့တယ်။
အဲ့ဒီကတည်းကစလို့ ဟာယွန်းတို့နှစ်ယောက်ဟာ ဘယ်တုန်းကမှ မခွဲခဲ့ကြပါဘူး။
ဒါကြောင့်ပဲ နာဟာယွန်းနဲ့ ဂန်ထယ်ဝမ်တို့ရဲ့ နာမည်တွေက ဂျီယွန်းရဲ့နှုတ်ဖျားမှာ အမြဲတမ်း အတူတွဲပြီးရှိနေတာပေါ့။
“ဟုတ်တယ်။ ငါနဲ့ ဂန်ထယ်ဝမ်။”
ဟာယွန်းက တည်တည်ငြိမ်ငြိမ် ဖြေခဲ့တယ်။
“မဖြစ်နိုင်တာ။ နင်တို့ ဒီအတိုင်း စကားများကြတာပါ၊ ဟုတ်တယ်မဟုတ်လား။”
ဂျီယွန်း မယုံနိုင်ခဲ့ပါဘူး။
“ဟင့်အင်း၊ ငါတို့ လမ်းခွဲလိုက်ပြီ။ အပြီးအပြတ်။”
ဟာယွန်း ပြန်ဖြေပြီးတဲ့နောက်မှာ ဂျီယွန်းတစ်ယောက် ဆိုဂျူတစ်ခွက်လုံး ပြန်ထွေးထုတ်မိတော့တယ်။
“…ဘယ်လိုလုပ်ပြီး နင်တို့နှစ်ယောက် လမ်းခွဲနိုင်ရတာလဲ။”
“ငါတို့က ဘာဖြစ်လို့ လမ်းမခွဲနိုင်ရမှာလဲ။ အခုဆို လူတွေက တစ်ချိန်လုံး ကွာရှင်းနေကြတာပဲဟာ။”
ဟာယွန်းရဲ့ မျက်လုံးတွေက ကြည်လင်နေခဲ့တယ်။ သူ့စကားတွေ ကြားပြီးတဲ့နောက်မှာ ဂျီယွန်း ပါးစပ်ပိတ်သွားတော့တယ်။ ဟာယွန်းပြောခဲ့သလိုပဲ အခုနောက်ပိုင်းမှာ နှစ်ပေါင်း ၅၀ အတူတူနေခဲ့ကြတဲ့ လင်မယားတွေတောင် ကွာရှင်းကြတာလေ။ အဲ့ဒါနဲ့ယှဉ်ရင် ဆယ်နှစ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ ဂျီယွန်းတစ်ယောက် မျက်နှာဖြတ်ရိုက်ခံရသလို ခံစားမိဆဲပါ။
“ဒါပေမဲ့ နင် ဂန်ထယ်ဝမ်ကို သဘောကျတုန်းပဲမဟုတ်လား။”
ဂျီယွန်းရဲ့စကားကို ကြားတဲ့အခါ နောက်ထပ် ဆိုဂျူတစ်ခွက် ငှဲ့ဖို့ပြင်လိုက်တဲ့ ဟာယွန်းတစ်ယောက် တုံ့ခနဲရပ်သွားတော့တယ်။ စတင်ဝေဝါးလာပြီဖြစ်တဲ့ သူ့မျက်လုံးတွေက ဆိုဂျူပုလင်းပေါ်မှာသာ ရှိနေခဲ့တယ်။ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက တစ်စုံတစ်ရာ လှစ်ဟဖော်ထုတ်ခံလိုက်ရသလိုပါပဲ။
“ဟုတ်တယ်။ ငါ သူ့ကို တကယ် သဘောကျတယ်။”
ဟာယွန်းက နောက်ဆုံးမှာ အဲ့ဒီအချက်ကို အသိအမှတ်ပြုလိုက်တယ်။ ဂျီယွန်းက နားမလည်နိုင်ဖြစ်နေတဲ့ပုံပါပဲ။
“ဒါဆို ဘာလို့လဲ။ ဂန်ထယ်ဝမ်က နောက်တစ်ယောက်တွေ့နေပြီလို့ ပြောလို့လား။ စကဲန်ဒယ်လ်မှာပါတဲ့ အဲ့ဒီကောင်မလေးနဲ့ တွဲနေတာလား။ အဲ့ဒါကြောင့် နင့်နဲ့ ပြတ်ချင်တယ်လို့ ပြောခဲ့တာလား။”
“ဟင့်အင်း။”
“အဲ့ဒါဆို ဘာလဲ။ တခြားမိန်းမတစ်ယောက်လား။”
ဂျီယွန်းက ဂန်ထယ်ဝမ် လမ်းခွဲချင်ရခြင်းရဲ့ အကြောင်းရင်းတွေကို စတင်ရှာဖွေပါတော့တယ်။
“ဟင့်အင်း။ ထယ်ဝမ့်မှာ တခြားမိန်းမတစ်ယောက်ဆိုတာ မရှိဘူး။ လမ်းခွဲချင်တယ်လို့ ပြောခဲ့တာက ငါပဲ။”
“ဘာ။ နင်ကလား။”
ဂျီယွန်းက အံ့ဩသွားတဲ့ပုံပါပဲ။
“အင်း။”
“ပြဿနာက ဘာများလဲ။”
ဂျီယွန်းက စိတ်ကျဉ်းကျပ်တဲ့ မျက်နှာထားမျိုးနဲ့ အော်ခဲ့တယ်။ သူတို့နှစ်ယောက်က ဆယ်နှစ်ကျော်ကြီးတောင် တွဲခဲ့ကြတာလေ။ ဂန်ထယ်ဝမ်က ဟာယွန်းအတွက် ဘယ်လိုအဓိပ္ပာယ်နဲ့လူလဲဆိုတာ သူ ကောင်းကောင်းသိပါတယ်။
ဟာယွန်းက တခြားလူတွေအပေါ် နှလုံးသားကို လွယ်လွယ်ဖွင့်တတ်တဲ့သူ မဟုတ်ပါဘူး။ သူ့နှလုံးသားကိုဖွင့်ပြီး တခြားလူတစ်ယောက်ကို ချဉ်းကပ်ဖို့အတွက် အကြာကြီး အချိန်ယူရပါတယ်။ သူ ဒီလိုဖြစ်ရတာဟာ သူ့မိသားစုရဲ့ ပြဿနာတွေကြောင့်မှန်း ဂျီယွန်းသိတယ်လေ။
ဟာယွန်းမှာ မိသားစုရှိပေမဲ့ တကယ့် မိသားစုအစစ်အမှန်တော့ မဟုတ်ခဲ့ပါဘူး။ သူ့အဖေက နောက်အိမ်ထောင်ပြုခဲ့ပြီး အရွယ်ရောက်လာတဲ့သမီးနဲ့ ပြောဆိုဆက်ဆံရာမှာ အခက်တွေ့ခဲ့ပြီးတော့ ဟာယွန်းကို မာမာတင်းတင်း ဆက်ဆံခဲ့တာပါ။ ဟာယွန်းနဲ့ မိထွေးဖြစ်သူရယ်၊ သူ့ရဲ့ အဖေတူအမေကွဲမောင်လေးရယ်တို့ရဲ့ ဆက်ဆံရေးကတော့ ကိုးရိုးကားရားအနိုင်ဆုံးပါပဲ။
အဲ့ဒါကြောင့် အထက်တန်းကျောင်း ပြီးသွားတယ်ဆိုရင်ပဲ ဟာယွန်း အိမ်ကနေ ထွက်လာခဲ့တာပါ။ မိသားစုထဲကနေ မသိမသာ ဖယ်ကြဉ်ခံခဲ့ရသူ ဖြစ်တဲ့အတွက် ဟာယွန်းခမျာ လူတွေနဲ့ အဆင်ပြေပြေဆက်ဆံနိုင်ဖို့ အခက်တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး သူ့ရဲ့နှလုံးသားကွက်လပ်ကို ဖြည့်ပေးခဲ့တဲ့သူကတော့ ဂန်ထယ်ဝမ်ပါပဲ။ ပြောရရင် သူက ဟာယွန်းအတွက် မိသားစုနဲ့မခြားပါဘူး။
ပြီးတော့ ဟာယွန်းက သူနဲ့ လမ်းခွဲခဲ့ပါတယ်တဲ့။ ဘာကြောင့်များဖြစ်မလဲ။
“နင်…နင်တို့တွေ တွဲနေကြတာ အကောင်းသားကြီးနဲ့။ ပြဿနာတစ်ခုခုများ ရှိလို့လား။”
ဂျီယွန်းက မေးရင်းနဲ့ စကားတွေပါ အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာခဲ့တယ်။
“…ဒါပေမဲ့ ငါတို့တွေ တကယ်ရော အဆင်ပြေတာ ဟုတ်ရဲ့လား။ ဂျီယွန်း…”
ဂျီယွန်း ပါးစပ်ပိတ်နေခဲ့တယ်။ ဆိုဂျူခွက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ဟာယွန်းရဲ့ ကြည်လင်တဲ့မျက်လုံးတွေက ဂျီယွန်းရဲ့မျက်လုံးတွေနဲ့ ဆုံသွားတော့တယ်။
“….အဲ့ဒါကို ‘တွဲနေတယ်’ လို့တောင် ခေါ်လို့ရရဲ့လား။ ငါတို့နှစ်ယောက်ကြားက ဒီအရာကိုလေ။”
ဟာယွန်းက တစ်ခါ ထပ်မေးလိုက်ပြန်တယ်။ ဂျီယွန်းရဲ့ နှုတ်ဖျားကနေ ထွက်လာဖို့ တာဆူနေကြတဲ့ စကားတွေက ပါးစပ်တင်းတင်းပိတ်ထားမှုကြောင့် ဖိနှိပ်ချုပ်တည်းခံလိုက်ရတော့တယ်။
ဂျီယွန်းရဲ့ နှုတ်ဆိတ်နေမှုက ကိုယ်စားဖြေပေးခဲ့ပါတယ်။ ဟာယွန်းက အသာလေး မျက်လွှာချလိုက်တယ်။ သူက မေးခဲ့တဲ့သူဆိုပေမဲ့ အဖြေကို သိနှင့်ပြီးသားပါ။
အဖြေက ‘ဟင့်အင်း’ တဲ့လေ။
အထက်တန်းကျောင်း ပြီးသွားတဲ့နောက် ဟာယွန်း အိမ်ကထွက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ သူတို့က တခြားသမီးရည်စားအတွဲတွေနဲ့ ဘာမှမခြားခဲ့ပါဘူး။ အထက်တန်းကျောင်း ပြီးသွားတဲ့နောက်မှာ သူများတွေရဲ့ အကြည့်တွေကို သတိထားနေစရာ မလိုတော့ဘူးလေ။
သူတို့နှစ်ယောက် လက်ချင်းယှက်ပြီး လမ်းအတူတူလျှောက်ခဲ့ကြတယ်။ အချိန်ပိုင်းအလုပ်လေးတွေကနေရတဲ့ ပိုက်ဆံနဲ့ အရသာရှိတဲ့ အစားအသောက်တွေ စားခဲ့ကြတယ်။ တက်တဲ့တက္ကသိုလ်ချင်း မတူကြပေမဲ့ စာမေးပွဲအတွက် စာကျက်ဖို့ တစ်ယောက်ရဲ့ကျောင်းကို တစ်ယောက်လိုက်လည်ခဲ့ကြတယ်။
ထယ်ဝမ်က အင်မတန်ကို လူသိများလှတာကြောင့် သူ့ကျောင်းကို လိုက်လည်တိုင်း အဲ့ဒီက တခြားကျောင်းသားတွေရဲ့ အကြည့်ပြင်းပြင်းတွေကို ခံစားရလေ့ရှိပါတယ်။ အဲ့ဒါကလွဲလို့ သူတို့နှစ်ယောက် သာမန်ချစ်သူဘဝလေးကို ခံစားနိုင်ခဲ့ကြတယ်။
ထယ်ဝမ် စစ်မှုထမ်းပြီး ပြန်လာလို့ အနုပညာရှင်ဘဝကို တစ်စိုက်မတ်မတ် စတင်လျှောက်လှမ်းတဲ့အချိန်ကစပြီး ကိစ္စတွေ နည်းနည်း ပြောင်းလဲလာခဲ့တာပါပဲ။ သူက တစ်စထက်တစ်စ ပိုကြီးတဲ့နေရာတွေ စတင်ရရှိလာပြီး သူ့ရဲ့ အနုပညာရှင်ဆိုတဲ့နယ်က စတင်ကျယ်ပြန့်လာတော့တယ်။ လမ်းတွေပေါ်မှာ ထယ်ဝမ့်ကို မှတ်မိကြတဲ့လူတွေ ပိုပိုပြီး များလာခဲ့တယ်လေ။
အစကတော့ ပျော်စရာကောင်းခဲ့ပါတယ်။ ထယ်ဝမ် သူ့အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တာကိုကြည့်ရင်း ဟာယွန်းလည်း ပျော်ခဲ့ရတယ်။ ဟာယွန်းရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာသလိုပါပဲ။ ဟာယွန်းက ထယ်ဝမ့်ကို အောင်မြင်စေချင်ပြီး ထယ်ဝမ်ပါတဲ့ အစီအစဉ်တွေကို ထပ်ပြန်တလဲလဲ ပြန်ကြည့်တတ်ပါတယ်။
ထယ်ဝမ်က သူ့လက်ကြီးနဲ့ မျက်နှာကို ရှက်ကိုးရှက်ကန်း အုပ်ထားရင်း ‘မနက်စောစောစီးစီး ဘာလို့ ဒီလိုဟာကို ကြည့်နေရတာလဲ’ ဆိုပြီး ပြောပါလိမ့်မယ်။ ထယ်ဝမ်ရဲ့ ဒီလိုပုံစံလေးကို တွေ့ရတာကိုလည်း ဟာယွန်း သဘောကျပါတယ်။
သူ့ရဲ့ ရှက်ကိုးရှက်ကန်းမျက်နှာ၊ နီရဲနေတဲ့ သူ့နားရွက်ဖျားလေးတွေ၊ မျက်လုံးတွေကို အုပ်ထားတဲ့ သူ့ရဲ့ လက်ကြီးကြီး။ ဒါပေမဲ့ သူ့နှုတ်ခမ်းတွေကတော့ ဂုဏ်ယူတဲ့ အပြုံးတစ်ပွင့်အဖြစ် ကွေးညွတ်သွားဆဲပါ။
ဟာယွန်းရဲ့ မျက်လုံးတွေထဲမှာ ထယ်ဝမ့်ပုံရိပ်က အင်မတန်ကို လှပလွန်းပါတယ်။ သူ့ကို ကြည့်နေရင်း အချိန်ကို ရပ်ပစ်လို့ရရင် ကောင်းမှာပဲလို့ ဟာယွန်း ဆန္ဒဖြစ်ခဲ့မိတယ်။ သူတို့ရဲ့ဘဝတွေက အနိမ့်အမြင့် အတက်အကျတွေ အပြည့်ပဲဆိုပေမဲ့ ထယ်ဝမ့်ကို မြင်လိုက်ရတိုင်းမှာ တစ်နေ့တာဟာ နေသာပြီး တောက်ပသွားသလိုခံစားရပါတယ်။ ဒါပေမဲ့ အဲ့ဒါက သူဟာ ထယ်ဝမ့်အောင်မြင်မှုအတွက် အတားအဆီးတစ်ခု ဖြစ်နေတယ်ဆိုတာကို သိလိုက်ရချိန်မတိုင်ခင်အထိပါပဲ။
“ဒါကိုပြောရတာ စိတ်မကောင်းပေမဲ့ သူ့အတွက်ပဲဖြစ်ဖြစ် အမြော်အမြင်ရှိရှိ ဆုံးဖြတ်ချက်ချပေးပါ ဟာယွန်းရယ်။”
ထယ်ဝမ့်မန်နေဂျာက ဟာယွန်းနဲ့ တိုးတိုးတိတ်တိတ်တွေ့ဖို့ ပြောလာခဲ့တယ်။ သူက စိတ်မကောင်းတဲ့ မျက်နှာထားနဲ့ ပြောခဲ့တာပါ။ လက်နှစ်ဖက်ကို ဂနာမငြိမ် ပွတ်နေရင်းနဲ့လေ။
“ကျွန်တော့်အတွက်လည်း ဒီလိုပြောရတာ မလွယ်ဘူးဆိုပေမဲ့ ကိုယ်စားလှယ်ကြီးက ဟာယွန်းနဲ့ ထယ်ဝမ်တို့အကြောင်းကို သိသွားပြီ။ ကိုယ်စားလှယ်ကြီးက လမ်းခွဲလိုက်ရင် ပိုကောင်းတဲ့နေရာတွေနဲ့ ပိုကောင်းတဲ့အခွင့်အရေးတွေ ပေးမယ်လို့ပြောပေမဲ့….ထယ်ဝမ်က ခေါင်းမာနေတယ်။”
“…”
“ဘယ်လိုလဲဆိုတာ သိတယ်မဟုတ်လား။ ဟာယွန်းလည်း မော်ဒယ်လ်တစ်ယောက်ပဲဆိုတော့ အနုပညာရှင်တွေရဲ့လောကဆိုတာ ဘယ်လိုမှန်း သိမှာပါ။ အခုမှ ပွဲဦးထွက်တဲ့ သရုပ်ဆောင်မင်းသားက ရည်းစားငုတ်တုတ်နဲ့ဆိုရင် ဘယ်သူက သဘောကျမှာလဲ။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှုတောင် ပျက်စီးသွားလောက်မှာ။ အဲ့ဒါကြောင့်…ကျွန်တော် ဘာပြောနေမှန်း သိတယ်မဟုတ်လားဟင်။”
မန်နေဂျာကြည့်ရတာ ဒီစကားမျိုး ပြောရတဲ့အတွက် အားနာနေပုံပါပဲ။ အဲ့ဒီနောက်မှာလည်း သူက ဆက်ပြောခဲ့တယ်။ သူ အဲ့ဒီလိုပြောတိုင်းမှာ ဟာယွန်းကို ဆောင့်တွန်းနေသလိုပါပဲ။
‘ဟာယွန်းရဲ့လက်ထဲ အပ်ထားလိုက်မယ်နော်။’
အဲ့ဒီစကားနဲ့အတူ မန်နေဂျာက စကားပြောတာကို အဆုံးသတ်လိုက်တယ်။ ဂန်ထယ်ဝမ်ရဲ့ ပြစ်ချက်တစ်စုံတစ်ရာမရှိတဲ့ဘဝမှာ သူဟာ အညစ်အကြေးတစ်ခု ဖြစ်နေသလိုမျိုး ဟာယွန်း ခံစားလိုက်ရတယ်။
ဟာယွန်း ဘာမှမပြောတဲ့အခါ မန်နေဂျာက ဟာယွန်းနဲ့ မျက်လုံးချင်းမဆုံအောင်ရှောင်ပြီး ခဏနေတော့ ထွက်သွားခဲ့တယ်။ ဟာယွန်းရဲ့ ခေါင်းထဲမှာ ဘာမှမရှိခဲ့ပါဘူး။
ဂန်ထယ်ဝမ်ရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်လာတာကို မြင်ချင်ပေမဲ့ အဲ့ဒီလိုလုပ်ဖို့အတွက် သူ့ကို ထားခဲ့ရမယ်တဲ့လေ။ တော်တော်လေးကို ဝိရောဓိဆန်နေလို့ပဲဖြစ်လေမလား၊ ဟာယွန်းရဲ့ မျက်လုံးတွေကနေ မျက်ရည်တစ်စက်တောင် မကျခဲ့ပါဘူး။ ထုံနေသလိုသာ ခံစားခဲ့ရတယ်။
ဟာယွန်းက အကြောင်သားမျက်နှာထားနဲ့ ဆက်ထိုင်နေခဲ့မိတယ်။ အချိန်ပိုင်းအလုပ်သမားလေး ရောက်လာပြီး ဆိုင်ပိတ်တော့မှာဖြစ်ကြောင်း အသိပေးတော့မှပဲ နောက်ဆုံးမှာ ဟာယွန်းတစ်ယောက် ထရပ်ဖို့ အားယူလိုက်တယ်။
အဲ့ဒီညမှာ ထယ်ဝမ်က ဟာယွန်းရဲ့ အိမ်တံခါးကို ကျိုးလုမတတ် လာထုခဲ့တယ်။ တံခါးဖွင့်လိုက်တဲ့အခါ ထယ်ဝမ့်ပုံစံကြည့်ရတာ တော်တော်ဒေါသထွက်နေပုံပါပဲ။
“ငါ့ရဲ့ မန်နေဂျာအစ်ကိုနဲ့ တွေ့ခဲ့တယ်ဆို။”
ထယ်ဝမ်က ဒီအထိ အပြေးလာခဲ့တဲ့အလား ဟောဟဲဆိုက်နေခဲ့တယ်။ သူ ဘယ်လိုသိသွားမှန်း မသိပေမဲ့ သိပြီးသားဖြစ်နေပြီဆိုတော့ ဖုံးကွယ်ထားလို့ မရတော့ပါဘူး။
“အင်း။”
“အဲ့ဒါဆို ဘာလို့ ငါ့ကို မပြောရတာလဲ။”
ထယ်ဝမ်က သူ့လည်ပင်းက မာဖလာကို ဆွဲဖြုတ်ရင်း မေးခဲ့တယ်။
“ဒီအတိုင်းပဲ။ ထွေထွေထူးထူးမဟုတ်လို့။”
အဲ့ဒီစကားတွေကို ပြောလိုက်ပေမဲ့ ဟာယွန်းရဲ့ ပါးစပ်ထဲမှာ မရိုးမရွဖြစ်နေခဲ့တယ်။
အမှန်တော့ ပြဿနာအကြီးကြီးပဲ ထယ်ဝမ်။
ပြောချင်ခဲ့တာက အဲ့ဒီလိုပါ။
“နှစ်ယောက်သား ဘာတွေပြောခဲ့ကြတာလဲ။”
ထယ်ဝမ်က တော်တော့်ကို ဒေါသထွက်နေတဲ့ပုံ ရှိနေဆဲပါ။
“ဘာမှလည်း များများစားစား မပြောဖြစ်ပါဘူး။ ဒီအတိုင်း လက်ဖက်ရည်လေး သောက်ရုံပဲ။”
“ဘာဖြစ်လို့ အစ်ကိုက မင်းနဲ့ လက်ဖက်ရည်သောက်ရမှာလဲ။”
“ငါတို့အချင်းချင်း သိနေလို့လေ။”
ဟာယွန်းက ဝေ့လည်ကြောင်ပတ် ပြန်ဖြေခဲ့တယ်။ ‘သူက ငါ့ကို နင်နဲ့ လမ်းခွဲဖို့ ပြောခဲ့တာ။’ လို့ မပြောခဲ့ပါဘူး။ အဲ့ဒီစကားတွေကို ထုတ်ပြောလိုက်မိရင် အဲ့ဒီစကားတွေက မျိုးစေ့ဖြစ်လာပြီး အမှန်တကယ် အမြစ်တွယ်သွားမှာ ကြောက်မိလို့ပါ။
အဲ့ဒါကို မုန်းလို့။ အဲ့ဒီလိုဖြစ်လာမှာ တအားမုန်းလို့။
အဲ့ဒီအစား ဟာယွန်းက သူ့ရဲ့ ဆံပင်ရှည်တွေကို နောက်ပြန်သပ်တင်လိုက်ပြီး မျက်လွှာချထားလိုက်တယ်။ ဟာယွန်း ဘာမှမပြောတော့ ထယ်ဝမ်က ဒီစကားတွေကို ပြောခဲ့တယ်။
“ဒီခရစ္စမတ်ကျရင် ရုပ်ရှင်သွားကြည့်ရအောင်။”
သူ့အသံက ထုံးစံအတိုင်း တိုးညင်းညင်း ဩရှရှ ရှိနေခဲ့တယ်။ သူ့စကားတွေ ကြားလိုက်ရတဲ့အခါ ဟာယွန်း တုံ့ခနဲရပ်သွားတော့တယ်။ ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်တဲ့အခါ ထယ်ဝမ့်မျက်လုံးတွေက သူ့ကို တည့်တည့်ကြည့်နေတာ တွေ့လိုက်ရတယ်။ ထယ်ဝမ်က သူ့လက်ကိုဆန့်ပြီး ဟာယွန်းရဲ့လက်တွေကို ဆုပ်ကိုင်လိုက်တယ်။
“လာမဲ့နွေဦးကျရင် ခရီးသွားရအောင်။ ပြီးတော့ နောက်နှစ်ကျရင် ပြည်ပခရီးထွက်ကြမယ်။”
“…”
“ပြီးတော့ မနက်ဖြန်ကျရင်လည်း ငါ မင်းအိမ်မှာ လာအိပ်မှာ။”
ထယ်ဝမ့်ပုံစံက လုံးဝစိတ်ပိုင်းဖြတ်ထားတဲ့အတိုင်းပါပဲ။ အဲ့ဒီကတိတွေအားလုံးဟာ သူတို့နှစ်ယောက်ကြားက လျော့ရဲပြိုကွဲလာတဲ့ အချစ်ကို ပြန်ပြီးစုစည်းချည်နှောင်နိုင်တဲ့အလားပေါ့။ အဲ့ဒီနောက်မှာ သူ ဟာယွန်းကိုပေးတဲ့ ကတိတွေက ပမာဏတိုးလို့လာခဲ့တယ်။
အဲ့ဒီကတိတွေအားလုံးကို နားထောင်နေတုန်းမှာ ဟာယွန်းက မလှုပ်မယှက် ငြိမ်ငြိမ်လေးရှိနေခဲ့တယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီး ကလေးလေးတစ်ယောက် မွေးကြမယ်လို့ ထယ်ဝမ်ပြောနေတာကို နားထောင်ရင်း ဟာယွန်း ခေါင်းညိတ်လိုက်တယ်။ မျက်ဝန်းတွေကနေ မျက်ရည်တို့စီးကျလာဖို့ တာဆူနေတာမို့ ဟာယွန်း ခေါင်းငုံ့ထားလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ နှာသီးဖျားလေး နီရဲလာတာကိုတော့ မဖုံးကွယ်နိုင်လိုက်ပါဘူး။
“…အင်း။ အဲ့ဒီလိုလုပ်ရအောင်။”
အဲ့ဒီနောက် ဘာမှမပြောဘဲ သူကလည်း ထယ်ဝမ့်လက်ကို ကိုင်လိုက်တယ်။ သူ လွှတ်ပေးမှဖြစ်မဲ့ လက်ပေါ့…
နောက်ဆုံးတော့ ဟာယွန်း အဲ့ဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ သူက ထယ်ဝမ့်ဘဝကို အစွန်းအထင်းတစ်ခုအလား ဝင်နှောင့်ယှက်ခဲ့တာလို့ လူတွေပြောချင်ပြောကြလိမ့်မယ်ဆိုပေမဲ့ အဲ့ဒါက ကိစ္စမရှိပါဘူး။ ဂန်ထယ်ဝမ်သာ သူ့ကို လိုအပ်နေတုန်းပဲဆိုရင် အဲ့ဒါနဲ့တင် လုံလောက်ပါပြီ။
အဲ့ဒီနေ့က ဂန်ထယ်ဝမ်ပေးခဲ့တဲ့ ကတိအများစုက ဘယ်တော့မှ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ အဲ့ဒီခရစ္စမတ်မှာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင် ထွက်လာခဲ့တယ်။
ရုပ်ရှင်ရုံတွေမှာ သူ့မျက်နှာပါတဲ့ ပိုစတာတွေ အပြည့်ရှိနေတာမို့ အိမ်မှာပဲ ရုပ်ရှင်ကြည့်ခဲ့ရတယ်။ အဲ့ဒီရုပ်ရှင် အကြီးအကျယ် ပေါက်သွားတဲ့အခါ ထယ်ဝမ်ရဲ့ ကျော်ကြားမှုက တစ်ဟုန်ထိုးမြင့်တက်သွားတော့တယ်။
နွေဦးမှာခရီးထွက်ဖို့ကို လက်လျှော့ခဲ့ရပြီး သုံးရက်နဲ့ နှစ်ညကို အိမ်မှာပဲ ကုန်ဆုံးခဲ့ရတယ်။ လုံးဝအပြင်မထွက်ခဲ့ကြပါဘူး။ ပြည်ပကိုလည်း ခရီးမထွက်နိုင်ခဲ့ကြပါဘူး။ နှစ်ယောက်သား တိုးတိုးတိတ်တိတ် ခိုးတွေ့ခဲ့ရပြီး အခု အလားအလာရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာပြီမို့ ထယ်ဝမ်ရဲ့ လှုပ်ရှားမှုတိုင်းက စောင့်ကြည့်ခံခဲ့ရတယ်။
နောက်ဆုံးတော့ ထူးခြားတဲ့အမှတ်တရလေးတွေ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပေမဲ့ ဟာယွန်း ပျော်ရွှင်နေဆဲပါ။ လက်လှမ်းလိုက်တိုင်း ဂန်ထယ်ဝမ်က အဲ့ဒီမှာရှိနေတယ်။ ခေါင်းငုံ့လိုက်တိုင်း သူ့ရဲ့အသားကို မွှေးရှိုက်လို့ရတယ်၊ ပြီးတော့ မျက်လုံးဖွင့်လိုက်တိုင်း ထယ်ဝမ်ရဲ့ အပြုံးမျက်ဝန်းတွေက သူ့ကို ပြန်ကြည့်နေတယ်။
သူ့အနွေးဓာတ်ကို ခံစားရတာ။ နွေးထွေးတဲ့ သူ့အသားအောက်မှာ ဆက်နွှယ်အမှတ်အသားပြုခံရတယ်ဆိုတဲ့ အသိ။ အဲ့ဒါနဲ့တင် ဟာယွန်းအတွက် လုံလောက်ပါတယ်။
အချိန်တစ်ရွေ့ရွေ့ကုန်လာတာနဲ့အမျှ ထယ်ဝမ်က လူသိများ ကျော်ကြားတဲ့သူ ဖြစ်လာခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ကျော်ကြားမှု ကြီးမားလာတာနဲ့အမျှ ဟာယွန်းက တဖြည်းဖြည်းနဲ့ သူ့ရဲ့ဖြစ်တည်မှုကို ကွယ်ဝှက်တတ်လာတော့တယ်။
ထယ်ဝမ့်ဘက်က အရင်ဆက်သွယ်လာတာမှမဟုတ်ရင် ဟာယွန်း သူ့ကို မဆက်သွယ်ခဲ့ပါဘူး။ သူ့ဘက်က အရင်ဖုန်းဆက်လိုက်ရင် ထယ်ဝမ့်မန်နေဂျာ ရိပ်မိသွားမှာ စိုးမိတယ်လေ။
အသစ်အသစ်သော လူတွေနဲ့ တွေ့ဆုံဆက်ဆံရတိုင်း ဟာယွန်းက သူဟာ လက်ရှိမှာ ချစ်သူရှိပါတယ်ဆိုတာကို ဘယ်တော့မှ ပြောပြခဲ့ခြင်းမရှိပါဘူး။ မျက်စိလျင်တဲ့ သတင်းထောက်တစ်ယောက်ယောက်က သူ couple ဝတ်စုံတစ်ခုခု ဝတ်တာကို သတိထားမိသွားမှာ ကြောက်မိလို့ပါ။
ဟာယွန်းက ထယ်ဝမ်နေတဲ့ အိမ်ရာကိုတောင် ပြောင်းလာလိုက်ပါသေးတယ်။ ထယ်ဝမ်က အိမ်ပြန်ရောက်လာတိုင်း သူ့တိုက်ခန်းမီးတွေကို ဖွင့်ထားခဲ့ပြီး ဟာယွန်းနဲ့အတူတူ အချိန်ကုန်ဆုံးရအောင် အောက်ထပ်က ဟာယွန်းရဲ့တိုက်ခန်းကို ဆင်းလာလေ့ရှိပါတယ်။ သူ့မန်နေဂျာ ပြန်လာချိန်တန်ရင် အပေါ်ထပ်ကို မြန်မြန်အပြေးပြန်တက်သွားပါလိမ့်မယ်။
မန်နေဂျာက ပုံမှန်ထက် စောစောရောက်လာရင် ထယ်ဝမ့်ကို ဖုန်းဆက်တတ်ပါတယ်။ ထယ်ဝမ့်ဆီ အဲ့ဒီဖုန်း ဝင်လာပြီဆိုရင် ဟာယွန်းက ထယ်ဝမ့်လက်ထဲကို အစာကြေဆေးနည်းနည်း ထည့်ပေးလိုက်လေ့ရှိတယ်။
“မအီမသာဖြစ်နေလို့ ဒါဝယ်ဖို့ အောက်က ကုန်စုံဆိုင်ကို ဆင်းသွားတာလို့ ပြောလိုက်။”
ထယ်ဝမ့်အတွက် ဆင်ခြေတွေပါ ပြင်ဆင်ပေးလိုက်ပါသေးတယ်။
“ဒီလောက်ကြီးအထိ လုပ်စရာမလိုပါဘူးကွာ။”
ထယ်ဝမ်က ရယ်ရင်း အစာကြေဆေးကို အပေါ်ထပ် ယူတက်သွားပါလိမ့်မယ်။ ဟာယွန်းကတော့ တံခါးပိတ်သွားတာကို ငေးကြည့်ပြီး လျှောက်ထွက်သွားတဲ့ သူ့ခြေသံတွေကို နားထောင်နေပါလိမ့်မယ်။
သူ့အတွက် ဟာယွန်း လုပ်ပေးနိုင်တာဆိုလို့ ဒါပဲရှိတာပါ။ ဟာယွန်းတတ်နိုင်တဲ့ တစ်ခုတည်းသောအရာက သူ့ရဲ့ ဖြစ်တည်မှုကို ကွယ်ဝှက်ထားပေးခြင်းပါပဲ။ သူတတ်နိုင်တာ ဒါအကုန်ပဲမို့လို့…ထယ်ဝမ့်အပေါ် ချစ်တဲ့အချစ်ကို ဖုံးကွယ်ထားတဲ့နည်းနဲ့ သူ့ကိုချစ်ကြောင်း ဖော်ပြခဲ့တာပါ။
တဖြည်းဖြည်းနဲ့ သူတို့နှစ်ယောက် အိမ်မှာပဲ တွေ့ဖြစ်လာကြတော့တယ်။ နှစ်ပတ်လည်တိုင်း၊ အားလပ်ရက်တိုင်းက အိမ်မှာပဲ ဖြစ်လာခဲ့တယ်။ ညဉ့်နက်တဲ့အချိန်တွေမှ အိမ်နားပတ်ဝန်းကျင်မှာ လမ်းလျှောက်ထွက်ပြီး ဒီလိုနေ့စဉ်ဘဝကနေ အပြောင်းအလဲလုပ်ဖြစ်တာကလည်း ရှားရှားပါးပါးပါပဲ။
နောက်ဆုံးမှာတော့ ဟာယွန်းရဲ့အလုပ်က သူ့ကို စောင့်စားခြင်း ဖြစ်လာခဲ့တယ်။ အဲ့ဒါပါပဲ။ အလုပ်ကြောင့် ထယ်ဝမ် ပြန်မလာနိုင်ဘူးဆိုရင် ထမင်းစားပွဲကနေ အေးသွားတဲ့ အစားအသောက်တွေကို ရှင်းမယ်။ စားချင်စိတ် မရှိတော့ဘူးဆိုတော့ အုတ်ဂျုံတစ်ခွက်ကို ညစာအဖြစ်စားပြီး ဆိုဖာပေါ်မှာ အိပ်ပျော်သွားမယ်။ ပြီးတော့ ညဉ့်နက်လို့ ထယ်ဝမ် ပြန်လာတဲ့အခါ အသာတိတ်တိတ်လေး သူ့ကို ကြိုမယ်။
အချစ်က စောင့်စားခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ လက်ခံခြင်းတို့အဖြစ် ပြောင်းလဲသွားတော့တယ်။ ဟာယွန်း လက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သည်းခံဖို့ အခက်ဆုံးအရာကတော့ ပြောင်းလဲသွားတဲ့အရာတွေကို ကိုယ်တိုင် မျက်မြင်တွေ့ရတာပါပဲ။
သူတို့အချင်းချင်း တွေ့ခွင့်ရတဲ့အချိန်က လျော့နည်းလာခဲ့တယ်။ အချင်းချင်း စကားပြောဖြစ်တဲ့အချိန်က နည်းလာတယ်။ Sex လုပ်ရင်း ခန္ဓာကိုယ်ချင်း ရောနှောဆက်နွှယ်ဖြစ်ပေမဲ့ နှလုံးသားတွေကိုတော့ ဆက်နွှယ်နိုင်ခြင်း မရှိတော့ပါဘူး။
သူတို့ရဲ့ နှစ်ပတ်လည်နေ့တွေက ဒီအတိုင်း အမည်ခံသဘောသာ ဖြစ်လာခဲ့ပြီး မဆင်နွှဲနိုင်တဲ့အဖြစ်အတွက် တောင်းပန်စကားတွေနဲ့ ပြည့်နေတဲ့နေ့တွေအဖြစ် ပြောင်းသွားခဲ့တယ်။ သူတို့ချင်း တွေ့ရတဲ့ တစ်ရက်နှစ်ရက်လေးက စောင့်စားရတဲ့ နေ့ရက်တွေအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ ဝတ္တရားဆန်တဲ့ အလေ့အထတစ်ခု ဖြစ်လာခဲ့တယ်။ ရင်ခုန်မှုနဲ့ စိတ်လှုပ်ရှားမှုတို့က ငြီးငွေ့မှုအဖြစ်သို့ ပြောင်းလဲလာခဲ့တယ်။
ဒီအပြောင်းအလဲတွေကို တွေ့မြင်ရမှာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ပါဘူး။
“မခက်ခဲလောက်ဘူးလား။”
ဂျီယွန်းက ဆိုဂျူနှစ်ခွက်ကို အောင်အောင်မြင်မြင် အကုန်သောက်နိုင်ခဲ့တယ်။ သူက စိုးရိမ်တဲ့မျက်နှာထားနဲ့ ဟာယွန်းကိုကြည့်ရင်း မေးခဲ့တယ်။
“ခက်ခဲမှာပေါ့။ အခုတောင် ခက်ခဲနေတာမို့လို့။”
“…”
ဟာယွန်းရဲ့အဖြေကို ကြားလိုက်ရတဲ့အခါ ဂျီယွန်း ပါးစပ်ပိတ်သွားတော့တယ်။ နှလုံးသားက အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရတဲ့အလား ဟာယွန်းရဲ့ မျက်နှာထားက ပူဆွေးသောက အတိလွှမ်းနေခဲ့တယ်။ ဟာယွန်းနဲ့ သိခဲ့တဲ့ ဆယ်နှစ်အတောအတွင်းမှာ ပထမဆုံး မြင်ဖူးခြင်းဖြစ်တဲ့ မျက်နှာထားပါပဲ။
“ဒါပေမဲ့ အချစ်တွေ အေးစက်သွားမှာကို ကြည့်နေရတာထက်စာရင် အခုပဲဖြစ်ဖြစ် ကိစ္စတွေကို အဆုံးသတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။”
ဟာယွန်း မျက်လွှာချလိုက်တယ်။
အခုအချိန်အထိ လမ်းခွဲဖို့အတွက် အကြောင်းရင်းရယ်လို့ ရှင်းရှင်းလင်းလင်း တိတိကျကျ မရှိခဲ့ပါဘူး။ ဟင့်အင်း၊ ဟာယွန်းက အဲ့ဒီလို ယုံကြည်ချင်မိခဲ့တာပါ။
ဟိုနားဒီနားကနေ စကန်ဒဲလ်တွေ ထွက်ခဲ့ပေမဲ့ ထယ်ဝမ်က သူ့ရဲ့ အပြစ်ကင်းမှုကို ထုတ်ဖော်ကြေညာခဲ့တယ်။ ပြီးတော့ နှစ်ယောက် အတူတူရှိချိန်တိုင်းမှာ တခြားအမျိုးသမီး သရုပ်ဆောင်တွေနဲ့ ဆက်သွယ်တာမျိုး တစ်ခါမှမရှိမှန်း သိနေတာကြောင့် ဟာယွန်းက သူ့ကို ယုံကြည်ခဲ့တယ်။
ထယ်ဝမ်က အချိန်ရတိုင်း ဟာယွန်းရဲ့အိမ်ကို အမြဲလာတတ်ပါတယ်။ သူတို့နှစ်ယောက် ချစ်တမ်းကစားကြမယ်၊ အတူတူ ထမင်းစားကြမယ်၊ အတူတူ အချိန်ဖြုန်းပြီးရင် ထယ်ဝမ်က သူ့အိမ်သူ ပြန်သွားမယ်။ သူ့မှာ ကတိတည်ဖို့ အခက်အခဲရှိမယ်ဆိုရင် ဟာယွန်းကို ကြိုတင်ပြီး ဖုန်းဆက်ပါလိမ့်မယ်။ သူတို့ရဲ့ ပတ်သက်မှုက သစ္စာရှိတဲ့ ပတ်သက်မှုပါ။
အဲ့ဒါကြောင့် အချစ်က ရှေ့ဆက်ခဲ့တာပေါ့။
ဟာယွန်းက အဲ့ဒီလို ယုံကြည်ထားခဲ့တာပါ။
ဘယ်ကိုပဲကြည့်ကြည့် သူတို့ရဲ့ ပတ်သက်မှုကို အဆုံးသတ်ရယ်လို့ တံဆိပ်တုံးရိုက်နှိပ်ဖို့ အချိန်အပိုင်းအခြားဆိုတာ မရှိခဲ့တာကြောင့်ပါပဲ။
အဲ့ဒီနောက် ထယ်ဝမ် ကျောခိုင်းထားချိန်မှာ ထယ်ဝမ့်ကို နောက်ကျောကနေ တွေ့လာရတယ်။ သူ ဟာယွန်းကို ကျောခိုင်းထားတယ်ဆိုတာ၊ မျက်လုံးချင်းဆုံလိုက်တိုင်း စက္ကန့်အနည်းငယ်ကြာရင် အကြည့်လွှဲသွားတတ်တယ်ဆိုတာ သူကတော့ မသိခဲ့ပါဘူး။ သူ့မျက်လုံးတွေထဲက အေးစက်မှုဟာ ဟာယွန်းရဲ့ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားစေခဲ့တယ်။ အဲ့ဒီအချိန်မှာ သိလိုက်တာပါပဲ။
….သူတို့နှစ်ယောက်က အချိန်အကန့်အသတ်တစ်ခုပေါ်မှာ ရပ်မိပြီးသား ဖြစ်နေပြီဆိုတာကိုပေါ့။ ဟာယွန်းက တစ်ချိန်လုံး အဲ့ဒီအပေါ်မှာ ရှိနေခဲ့တာမို့ မမြင်နိုင်ခဲ့တာပါ။
****
ဟာယွန်းက သူ့ရဲ့မာဖလာ လျှောကျလာတာကြောင့် ပြန်ပတ်တင်လိုက်တယ်။ ဖုန်းက အက်ပ်ပလီကေးရှင်းကို ကြည့်လိုက်တော့ နောက်ဆုံး ဘတ်စ်ကားက နောက်ဆယ်မိနစ်နေရင် ရောက်မှာပါတဲ့။
ဟာယွန်းက မျက်နှာတစ်ဝက်လောက်ကို မာဖလာထဲဝှက်ထားရင်း ခြေဖဝါးတွေကို ဟိုဘက်ဒီဘက် လှုပ်ရှားလိုက်တယ်။ ညနက်နေပြီဖြစ်တာကြောင့် တော်တော်အေးလှပါတယ်။ ကားမှတ်တိုင်မှာ လူတစ်ယောက်တလေတောင် မရှိတာမို့ ပိုအေးနေသလိုပါပဲ။
ဘားကအထွက်မှာ ဂျီယွန်းက ကားမောင်းပို့ပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ ဟာယွန်းက ခေါင်းမာမာနဲ့ ငြင်းခဲ့တယ်။ ဂျီယွန်းက သူ့ထက်ပိုပြီးတော့တောင် အရက်တွေ သောက်ထားခဲ့တာလေ။
သက်ပြင်းတချချဖြစ်နေတဲ့ ဂျီယွန်းပုံစံက စိတ်မကောင်းဖြစ်နေသလိုပါပဲ။ ‘ကောင်းသွားတာပဲလေ။ အခု ကောင်းတဲ့လူနဲ့ တွေ့ရမှာပေါ့။ နင့်ရဲ့ အဲ့ဒီ မျက်နှာလှလှလေးကို ဘယ်လောက်ကြာအောင် အိမ်မှာပဲ ဝှက်ထားဦးမလို့လဲ။ တော်ပြီ၊ ကောင်းသွားတယ်။’ သူက ဟာယွန်းကို နှစ်သိမ့်ပေးဖို့ကြိုးစားရင်း အော်ပြောခဲ့တယ်။
အဲ့ဒီနောက် သူက နောက်ထပ် အရက်တစ်ခွက် ထပ်သောက်လိုက်တယ်။ ကြည့်ရတာ အရက်က သူ့ရဲ့ဒေါသတချို့ကို ရင်ထဲကနေ ပေါက်ကွဲသွားအောင် အရှိန်တင်ပေးခဲ့ပုံပါပဲ။
“ဒါနဲ့ ကြည့်စမ်းပါဦး၊ သူက အဓိပ္ပာယ်မရှိတာပဲ မဟုတ်ဘူးလား။ နင်က လမ်းခွဲမယ်လို့ ပြောလိုက်တာကို ဒီအတိုင်း လက်ခံလိုက်တယ်ပေါ့လေ။ ဝါး သူက အဲ့ဒါကို မျှော်နေတာများလား။ အဲ့ဒါကြီးကတော့ အရမ်းကို လက်မခံနိုင်စရာပဲ။ သူ့ကို အဲ့ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်မှန်း ထင်မထားဘူး။”
ဂျီယွန်းက ဂန်ထယ်ဝမ်ဘက်ကို မြားဦးလှည့်လိုက်တယ်။ ဂျီယွန်းတစ်ယောက် သူ့ရဲ့ နိမ့်ချည်မြင့်ချည်ခံစားချက်တွေအတိုင်း တူးဆွနေတာကို ဟာယွန်းက တစ်ယောက်တည်း လွှတ်ထားပေးခဲ့တယ်။ ဂျီယွန်းက အရမ်းဒေါသထွက်နေတာမို့ ဟာယွန်းက တအားဒေါသမဖြစ်နိုင်ခဲ့ပါဘူး။
ဂျီယွန်းက ဆိုဂျူတစ်ပုလင်းလုံးကို တစ်ယောက်တည်း သောက်ပစ်လိုက်တယ်။ နောက်ဆုံးတစ်ခွက်ကို သောက်လိုက်ပြီးတဲ့အခါ နောက်ဆုံးတော့ တည်ငြိမ်လာခဲ့တယ်။ သူက မူးနေတဲ့မျက်နှာနဲ့ စားပွဲကို အတန်ကြာအောင် ငုံ့စိုက်ကြည့်နေပြီးမှ ပြောခဲ့တယ်။
“…ဒါကို တစ်နေရာရာကနေ ကြားခဲ့တာဆိုပေမဲ့ အချစ်ဆိုတာ ဖန်ခွက်လိုပဲတဲ့ ဟာယွန်းရဲ့။”
“ဘာလို့ ရုတ်တရက်ကြီး ကဗျာတွေ ထစပ်ရတာလဲ။”
ဟာယွန်းက ရယ်လိုက်တယ်။ ဒီအတိုင်း ဂျီယွန်းတစ်ယောက် မူးနေလို့ လျှောက်ပြောတဲ့ ပေါက်ကရတွေလို့ပဲ တွေးလိုက်မိတာပါ။ ဒါပေမဲ့ ဂျီယွန်း ခေါင်းမော့လိုက်တဲ့အခါ သူ့ရဲ့ မျက်ဝန်းနက်နက်တွေက အင်မတန် ကြည်လင်နေခဲ့တယ်။ နည်းနည်းမူးနေတဲ့ပုံရှိပေမဲ့ သူ့အသံက တည်တည်ငြိမ်ငြိမ်ပါပဲ။
“ပါးစပ်ကနေ ကိုယ်တိုင်ထုတ်ပြောရတာ ပေါတောတောနိုင်ပေမဲ့…အသင့်တော်ဆုံး နှိုင်းယှဉ်ချက်ဖြစ်မယ်ထင်လို့သာ ပြောပြတာနော်။ ငါက နင့်ထက်ပိုပြီးတော့ လမ်းခွဲမှုတွေ အများကြီး ကြုံခဲ့ရဖူးတယ်။ နင့်ထက်ပိုပြီး လူအများကြီး ချစ်ခဲ့ဖူးတယ်။ အဲ့ဒါတွေ အားလုံးကို ကြုံတွေ့ရင်း ခံစားမိခဲ့တဲ့အရာပဲ။”
“ဘာဖြစ်လို့ ဖန်ခွက်နဲ့တူရတာလဲ။”
ဟာယွန်းက မူးနေတဲ့ ဂျီယွန်းကို ပြုံးပြလိုက်တယ်။ ထယ်ဝမ်နဲ့ လမ်းခွဲပြီးတဲ့နောက် ပထမဆုံးပြုံးတဲ့ အပြုံးပါ။ ဒါက ပြုံးချင်စရာအခြေအနေမဟုတ်မှန်း သိပေမဲ့ မပြုံးဘဲမနေနိုင်ခဲ့ပါဘူး။
“ဖန်ခွက်ကို ဖန်ခွက်အလုပ် လုပ်စေချင်ရင် ဆက်တိုက် သေချာထိန်းသိမ်းရမယ်လေ။ အားထုတ်မှုလိုတယ်။ ဒါပေမဲ့ ကွဲသွားလို့ကတော့ အဆုံးသတ်ပဲ။”
ဟာယွန်းကလည်း သဘောတူ ခေါင်းညိတ်လိုက်တယ်။
“ဒါပေမဲ့ ပြဿနာက ကွဲရုံနဲ့ ပြီးမသွားတာ။”
“…”
“ကိုယ်က အတတ်နိုင်ဆုံး ရှင်းလင်းခဲ့ပေမဲ့ နောက်တစ်နေ့ကျရင် တစ်နေရာရာမှာ ဖန်ကွဲစက ထိုးထိုးထောင်ထောင် ထွက်နေတာကို တွေ့ရပြန်ရော။ မျက်လုံးက မြင်မြင်ကြီးနဲ့ ခြေထောက်နဲ့ တက်နင်းမိတယ် အသားက ကွဲသွားရော…အဲ့ဒါမျိုး နှစ်ခါသုံးခါလောက် ဖြစ်ပြီးသွားလို့ အားလုံးပြီးသွားပြီဆိုပြီး တွေးလိုက်တဲ့အချိန်မှာ တော်တော်ကြာပြီးတော့မှ နောက်ထပ်ဖန်ကွဲစတစ်ခုကို ထပ်တွေ့ပြန်ရော။ အဲ့ဒီ ကျက်သရေတုံး ဖန်ကွဲစလေ။”
ဂျီယွန်းရဲ့စကားအရတော့ ဖန်ကွဲစဆိုတာ အမှတ်တရတွေပါတဲ့။ ဟာယွန်းရဲ့ မျက်နှာပေါ်ကနေ အပြုံးပျောက်ကွယ်သွားခဲ့တယ်။
“…နင် ထင်ထားတာထက်ကို အများကြီး ပိုပြီးတော့ နာကျင်ရလိမ့်မယ် ဟာယွန်း။”
အမှတ်တရတွေ ပိုများလေ နှုတ်ဆက်လမ်းခွဲမှုက ပိုရှည်ကြာလေပဲတဲ့။
ဂျီယွန်းရဲ့ နောက်ဆုံးသတိပေးချက်ကို ကြားပြီးတဲ့နောက်မှာ ဟာယွန်း နှုတ်ဆိတ်နေခဲ့တယ်။ ပြုံးနေတဲ့ သူ့နှုတ်ခမ်းတွေကို ထိန်းချုပ်ဖို့ ပိုပြီးခက်ခဲလာခဲ့တယ်။ သူတို့နှစ်ယောက် နောက်ထပ် ဆိုဂျူတစ်ပုလင်းကို ကုန်အောင်ရှင်းပစ်ပြီး ဘားကနေ ထွက်လာခဲ့ကြတယ်။ တံခါးကနေ ထွက်လာကြရင်း ဘာစကားမှ မပြောခဲ့ကြပါဘူး။
တောင်….
ဟာယွန်းရဲ့ဖုန်းကနေ မက်ဆေ့ဂ်ျဝင်လာကြောင်း အချက်ပြတဲ့အသံ ထွက်လာခဲ့တယ်။
[ငါ အိမ်ပြန်ရောက်ပြီ။ နင်ရော။]
ဂျီယွန်းဆီကပါ။
[အခုထိ ဘတ်စ်ကားစောင့်နေတုန်း။]
[တက္ကစီငှားသွားပါလို့ ပြောသားပဲ။]
[ဒီအတိုင်း ဘတ်စ်ကားစီးရတာကို ကြိုက်လို့။]
[ထုံးစံအတိုင်း နင်ကတော့ အထူးဆန်းဆုံးနည်းတွေနဲ့ကို ခေါင်းမာတာပဲနော်။ အိမ်ပြန်ရောက်ရင် ငါ့ကို အသိပေးဦး။]
[အင်းပါ။]
ခဏတွင်းချင်းမှာပဲ သူတို့ရဲ့စကားတွေ အဆုံးသတ်သွားခဲ့တယ်။ တခြားဘယ်သူမှ သူ့ကို ဆက်သွယ်လာမှာမဟုတ်မှန်း သိနေပေမဲ့ ဟာယွန်းတစ်ယောက် ဖုန်းကို အိတ်ကပ်ထဲ ပြန်မထည့်နိုင်ခဲ့ပါဘူး။ အကျင့်ပါနေတဲ့အလား မျှော်နေမိခဲ့တယ်။
အရူးတစ်ယောက်လိုမျိုးလေ။
ဖုန်းကို ဟိုကိုင်ဒီကိုင် ကိုင်နေရာက တစ်ခါ ပြန်ဖွင့်လိုက်ပြန်တယ်။ အဆက်အသွယ် စာရင်းရဲ့ အောက်ဆုံးမှာ ‘သူ’ ဆိုတာကို တွေ့လိုက်ရတယ်။
တစ်ယောက်ယောက် တွေ့သွားမှာကို အရမ်းကြောက်မိတာကြောင့် သူ့နံပါတ်ကို နာမည်အတိုင်းဖြစ်ဖြစ်၊ နာမည်ပြောင်နဲ့ဖြစ်ဖြစ် မသိမ်းထားခဲ့ပါဘူး။ တော်တော်ကြာအောင် စဉ်းစားပြီးတဲ့နောက်မှာ ‘သူ’ ဆိုတာကို ရွေးဖြစ်သွားခဲ့တယ်။ သူ့နံပါတ်ကို အလွတ်ရထားပြီးသားဆိုပေမဲ့ ဖုန်းထဲမှာ သိမ်းထားချင်မိသေးတယ်လေ။
ဟာယွန်းရဲ့ လက်ချောင်းလေးတွေက လေထဲမှာ အေးခဲလုမတတ်ပါပဲ။ သူ့နံပါတ်ကို ခေါင်းထဲမှာ အလွတ်မှတ်မိနေပြီးသားမှန်း သိနေပေမဲ့လည်း အဲ့ဒါကို ဖျက်မိခဲ့တယ်။ သူ့နံပါတ် ရှိခဲ့ဖူးတဲ့နေရာကို ငေးကြည့်နေခဲ့မိတယ်။ ထူးဆန်းသလို ခံစားလိုက်ရတယ်။ သူ့ဖုန်းထဲမှာ ရှိနေတဲ့အရာတွေကို တစ်ဝက်လောက် ဖျက်ပစ်လိုက်မိသလိုမျိုးပေါ့။
…သူ ငါ့ကို ဆက်သွယ်လာမှာမဟုတ်ဘူး။
ထယ်ဝမ် ပင်ပန်းနွမ်းလျနေတာကို ဟာယွန်းက လူတကာထက်ပိုပြီး ကောင်းကောင်းသိပါတယ်။ ဒီတစ်ချိန်လုံးမှာ သူက ဟာယွန်း ဒီလိုလုပ်ဖို့ကို စောင့်နေသလားတောင် မပြောတတ်ပါဘူး။
“ဟား။”
ဟာယွန်းက ညဉ့်ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ လနေရာမှာ လမ်းမီးတွေက နေရာယူထားလျက် ရှိနေခဲ့တယ်။
“…ဆယ်မိနစ်ကလည်း ကြာလိုက်တာနော်။”
ဟာယွန်းက မျက်လုံးတွေမှိတ်လိုက်ရင်း အသံသဲ့သဲ့လေးနဲ့ တီးတိုးရေရွတ်လိုက်တယ်။ လေအေးအေးက သူ့မျက်နှာကို ရှပ်တိုက်ဖြတ်သန်းသွားခဲ့တယ်။
“အေးတယ်၊ အဲ့ဒါကြောင့် အပြင်သွားရင် မာဖလာလေး ပတ်သွားနော် ဟာယွန်း။ မင်းရဲ့ လည်တိုင်ရှည်ရှည်လေးကို အကြာကြီးဖော်ထားရင် အအေးပတ်လိမ့်မယ်။ အဆင်ပြေတယ်ဆိုရင်တောင်မှ ဒီအတိုင်း မာဖလာတစ်ထည်တော့ ပတ်သွား။ မင်း အအေးမိရင် ငါ့ကိုပါ ကူးမှာ။ မင်းက ငါပဲမို့လို့။”
ရင်းနှီးနေတဲ့အသံ ခေါင်းထဲမှာ ဖြတ်ခနဲ ပေါ်လာတဲ့အခါ ဟာယွန်းရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေပြည့်လာတော့တယ်။ သူက အောက်နှုတ်ခမ်းတွေကို ဖိကိုက်ထားပြီး ထိန်းထားလိုက်တယ်။
****
ဟာယွန်းက ဖွင့်ထားတဲ့ ဝရန်တာတံခါးတွေကနေ အပြင်ကိုကြည့်ပြီး ဆောင်းရဲ့ကောင်းကင်ကို ငေးနေခဲ့တယ်။ တိမ်ဆိုတာ တစ်စက်ကလေးတောင် ရှိမနေပါဘူး။
သူ့ပစ္စည်းတွေသူ မနားမနေ သိမ်းဆည်းပြီးတဲ့နောက်မှာ တစ်ခုခုများ ကျန်နေသေးလားဆိုပြီး တိုက်ခန်းအနှံ့ လျှောက်ကြည့်ခဲ့တာပါ။ အဲ့ဒီနောက် ဝရန်တာကို ဖြတ်လျှောက်မိတဲ့အခါ ရုတ်တရက် ရပ်တန့်သွားမိတော့တယ်။
ဒါက ဧည့်ခန်းပြီးရင် ဟာယွန်းအကြိုက်ဆုံးနေရာလေးပါ။ တံခါးဖွင့်လိုက်မယ်ဆိုရင် အထပ်နိမ့်မှာ ရှိနေပေမဲ့ ပထမဆုံး မြင်ရတဲ့အရာက ကောင်းကင်ပြာပြာပါပဲ။ မသုံးဖြစ်တဲ့ ပစ္စည်းတချို့ကို ဝရန်တာထောင့်မှာ ထိုးသိပ်ထည့်ထားလို့ရတာကိုလည်း သဘောကျပါတယ်။
ဟာယွန်းက ဝရန်တာကို လှည့်ပတ်ကြည့်လိုက်တယ်။ ပထမဆုံး စပြောင်းလာတုန်းက သန့်ရှင်းနေခဲ့ပေမဲ့ အခုတော့ သူ အရင်တုန်းက တစ်ခါမှ သတိမထားမိခဲ့တဲ့ ဖုန်တွေနဲ့ ပြည့်နေခဲ့တယ်။ သူ ဒီမှာ ၂နှစ် နေခဲ့တာပါ။
“နောက်တစ်ခါ မင်း အိမ်ပြောင်းရရင် ငါတို့ရဲ့ ကြင်စဦးအိမ်လေးဖြစ်မှာ။”
လွန်ခဲ့တဲ့ ၂နှစ်က ဟာယွန်း ဝရန်တာကို ကြည့်ပြီး သဘောကျနေတုန်းမှာ ထယ်ဝမ်က သူ့ကို အနောက်ကနေ ထွေးပွေ့ထားရင်း ဒီစကားကို ပြောခဲ့တယ်။ သူ့ဆီကနေ ဟာယွန်းရဲ့ ရေချိုးဆပ်ပြာအနံ့ကို ရနေခဲ့တယ်။
“အင်း။ အဲ့ဒီလိုလုပ်မယ်။”
အဲ့ဒီတုန်းကတော့ အဲ့ဒီအတိုင်းပဲဖြစ်လိမ့်မယ်လို့ တကယ်တွေးခဲ့မိတာပါ။
ငါတို့ရဲ့ နှစ်ကိုယ်တူ အနာဂတ်အတွက် ကတိတွေ ပေးခဲ့ကြဖူးတယ်လေ။ အဲ့ဒီ နင်နဲ့ငါ ဘယ်ရောက်သွားပါလိမ့်။
လေညင်းအေးအေးက ဟာယွန်းရဲ့ မျက်လုံးတွေကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တယ်။
“စစ်ဆေးလို့ပြီးပြီလား။”
အိမ်ပြောင်းရွှေ့ရေး ကုမ္ပဏီက ဦးလေးကြီးက ဟာယွန်းကို ခေါ်ခဲ့တယ်။ ဟာယွန်းက တစ်ဖက်လှည့်ပြီး ခေါင်းညိတ်လိုက်တယ်။
“ဟုတ်ကဲ့။”
“ဒါဆို သွားကြတာပေါ့။”
အဲ့ဒီလူက တံခါးအရင်ဖွင့်ပြီး လျှောက်ထွက်သွားခဲ့တယ်။ ဟာယွန်းက သူ့နောက်ကနေ လိုက်သွားပြီးတော့ တစ်ချက်ရပ်ပြီး နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်တယ်။ တိုက်ခန်းက လုံးဝ ဟာလာဟင်းလင်းပါပဲ။ အင်မတန်ကို အစိမ်းသက်သက် ဖြစ်နေခဲ့တယ်။ ဟာယွန်းက ငြိမ်ငြိမ်လေးရပ်ပြီး တိုက်ခန်းကို အတန်ကြာအောင် ငေးကြည့်ခဲ့ပြီးတော့မှ တစ်ဖက်ပြန်လှည့်ခဲ့တယ်။
“နောက်တစ်ခါ မင်း အိမ်ပြောင်းရရင် ငါတို့ရဲ့ ကြင်စဦးအိမ်လေးဖြစ်မှာ။”
အေးစက်စက်လေထဲမှာ ထယ်ဝမ့်အသံကို ကြားနေရတယ်။ ဟာယွန်းက ပခုံးတွန့်လိုက်ပြီး အဲ့ဒီအသံကို မကြားခဲ့သလို ဟန်ဆောင်ရင်း တံခါးပိတ်လိုက်တယ်။ ဂျီယွန်းပြောတာ မှန်ပါတယ်။
အမှတ်တရတွေ ပိုများလေ၊ နှုတ်ဆက်လမ်းခွဲမှုက ပိုပြီးရှည်ကြာလေပါပဲ။
ဟာယွန်းက အဲ့ဒီလမ်းခွဲမှုရဲ့အလယ်မှာ ရှိနေဆဲပါ။
****
Translated by D