Chapter 3
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၃ (အပိုင်း ၁)
“အစ်ကို၊ ဒီနေ့ တစ်ခုခုဖြစ်ခဲ့လို့လား။”
ထယ်ဝမ်ရဲ့ စတိုင်လ်လစ်ထ် ဖြစ်တဲ့ အွန်းဆူက သူ့ကို သတိထားပြီး မေးလိုက်ရင်း ကြည့်ခဲ့တယ်။
“အစ်ကို။”
အဖြေပြန်လာရမဲ့ အချိန်အပိုင်းအခြားကို ကျော်သွားခဲ့ပေမဲ့ ထယ်ဝမ်က အခုထိ သူ့မေးခွန်းကို ပြန်မဖြေခဲ့ပါဘူး။ အွန်းဆူက တစ်ခါထပ်ပြီး ထယ်ဝမ့်ကို ခေါ်လိုက်တယ်။
ရုတ်တရက် အောက်စိုက်ကြည့်နေတဲ့ ထယ်ဝမ့်မျက်လုံးတွေမှာ အာရုံစိုက်မှု ပြန်လည်ဝင်ရောက်လာခဲ့တယ်။ သူက ဖြည်းဖြည်းချင်း မျက်လုံးပင့်ပြီး အွန်းဆူကို ကြည့်လိုက်တယ်။
“အာ၊ ဆောရီး။ ဘာပြောလိုက်တာလဲ။”
ထယ်ဝမ်က ကြောင်တောင်တောင်အသံနဲ့ မေးလိုက်တယ်။
“တစ်ခုခုဖြစ်ခဲ့တာလားလို့။ ဒီနေ့ မျက်နှာသိပ်မကောင်းလို့။ အသားအရေကလည်း နည်းနည်းညိုနေသလိုပဲ။ မနေ့ညတုန်းက အိပ်ရေးဝဝ မအိပ်ရဘူးလား။ အသားအရေလည်း သိပ်မကောင်းဘူး…”
အွန်းဆူက မှန်ထဲမှာထင်ဟပ်နေတဲ့ ထယ်ဝမ့်ပုံရိပ်ကိုကြည့်ရင်း သူ့ရဲ့ဆံပင်တွေထဲကို လက်တွေနဲ့ ထိုးဖွလိုက်တယ်။
စတူဒီယိုထဲ ဝင်လာကတည်းက ထယ်ဝမ့်မျက်နှာထားက ဆိုးဝါးခဲ့တာပါ။ ပြီးတော့ အဲ့ဒီနောက်ပိုင်းကစပြီး သူ့အသားအရေက ကောင်းမလာခဲ့ပါဘူး။
“ငါ ဘာမှမဖြစ်ဘူး။”
ဒါပေမဲ့ သူ့အဖြေက အင်မတန်ကို မရေမရာဖြစ်နေခဲ့တယ်။ အွန်းဆူ သူ့ကို ထပ်ပြီးမေးမြန်းလာမှာ မလိုချင်သလိုပါပဲ။ အွန်းဆူက မှန်ထဲမှာ ထင်ဟပ်နေတဲ့ ထယ်ဝမ့်ပုံရိပ်ကို တစ်ခါထပ်ကြည့်လိုက်ပြီး မန်နေဂျာဘက်ကို အကြည့်လွှဲလိုက်တယ်။
မန်နေဂျာက ထယ်ဝမ့်ကျောပြင်ကို ငေးကြည့်နေပြီး အဲ့ဒီနောက် လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။ ထယ်ဝမ့်ကို သူ့အိမ်မှာ သွားကြိုလာတဲ့အချိန်ကတည်းက ထယ်ဝမ်တစ်ယောက် အနည်းငယ် ငေးငေးငိုင်ငိုင် ဖြစ်နေသလိုပါပဲ။
တစ်ခုခုဖြစ်ထားတာလားလို့ မေးခဲ့ပေမဲ့ ထယ်ဝမ့်နှုတ်ခမ်းတွေက စေ့စေ့ပိတ်ထားလျက်သာ ရှိနေခဲ့တယ်။ ပြီးတော့ အဲ့ဒီကတည်းကစပြီး ဒီလိုအခြေအနေအတိုင်း ရှိနေခဲ့တာပါ။
ဒီလိုပုံစံမျိုးနဲ့ သူ့ဇာတ်ဝင်ခန်းသူ သေသေချာချာ ရိုက်နိုင်ပါ့မလား။
မန်နေဂျာက ထယ်ဝမ့်ကို စိုးရိမ်တကြီး ကြည့်ခဲ့တယ်။
“မကြာခင် ရှုတင်စပါတော့မယ်။”
လက်ထောက် ပရိုဂျူဆာရဲ့အသိပေးချက်ကြောင့် ထယ်ဝမ် စောင့်ဆိုင်းတဲ့နေရာကနေ ထွက်လာခဲ့တယ်။ ရိုက်ကွင်းကို နေထက်တောင် ပိုတောက်ပတယ်လို့ထင်ရတဲ့ မီးတွေနဲ့ ထိုးထားခဲ့တယ်။ ထယ်ဝမ်က ရိုက်ကွင်းအလယ်ကို လျှောက်သွားပြီး ရပ်လိုက်တယ်။
သူ့အင်္ကျီလက်တွေသူ သေသပ်အောင်ပြုပြင်နေတုန်းမှာ ဒါရိုက်တာ ဂျယ်ဝန်းက သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။ ဂျယ်ဝန်းက ထယ်ဝမ်ရဲ့ ပွဲဦးထွက် ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ သူတို့နှစ်ယောက်က ချက်ချင်းပဲ ခင်ခင်မင်မင်ရှိခဲ့ကြပြီး ပရောဂျက်တွေအများကြီး အတူတူ လက်တွဲလုပ်ကိုင်ခဲ့ကြတယ်။ နှစ်ယောက်ကြားမှာ အသက်ကွာဟချက် အကြီးကြီးရှိနေပေမဲ့ အဲ့ဒီအချက်က သူတို့ရဲ့ ဆက်ဆံရေးမှာ အတားအဆီးမဖြစ်ခဲ့ဘဲ နှစ်ယောက်စလုံး အင်မတန် ရင်းနှီးခဲ့ကြတာပါ။
“ဂန်ထယ်ဝမ်။”
ဂျယ်ဝန်းက အော်ခေါ်လိုက်တယ်။
“မင်း ဘာဖြစ်လို့များ အသုံးမဝင်တဲ့ စကန်ဒဲလ်တွေ ဆက်တိုက်ထွက်နေရတာလဲ။ အဲ့ဒါတွေက ငါ့ဘဝကို ပိုပြီးခက်ခဲအောင် လုပ်နေကြပြီ။ မင်းကြောင့် ငါ့မှာ တံခါးတွေအကုန် စေ့စေ့ပိတ်ပြီး ရိုက်ကူးရေးလုပ်နေရတယ်လေ။ ဒီလိုအကွက်တွေကြောင့် ဒရာမာက ဟိုးလေးတကျော်ဖြစ်ကုန်တာ ယုံတောင်မယုံနိုင်ဘူး။”
ထယ်ဝမ်နဲ့ နာယွန်းတို့ရဲ့ စကန်ဒဲလ်ကြောင့် သတင်းထောက်တွေက စတူဒီယိုနားမှာ ဝိုင်းအုံနေကြတာပါ။ သူတို့တွေ ရိုက်ကွင်းကို မနှောင့်ယှက်နိုင်ရအောင် ဂျယ်ဝန်းက ဝန်ထမ်းတွေကို ထွက်ပေါက်အားလုံးမှာ စောင့်ကြည့်နေကြဖို့နဲ့ တံခါးတွေအားလုံး ပိတ်ထားကြဖို့ ကြပ်ကြပ်မတ်မတ် အမိန့်ပေးထားခဲ့တယ်။
“တောင်းပန်ပါတယ်။”
ထယ်ဝမ်က နာနာခံခံ တောင်းပန်တဲ့အခါ ဂျယ်ဝန်းက စကားပြော ရပ်သွားခဲ့တယ်။
“မင်း ဘာဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး တောင်းပန်ရတာလဲ။ မင်းနဲ့မတူဘူးနော်။ ငါသိတဲ့ ဂန်ထယ်ဝမ်သာဆိုရင် ‘အဲ့ဒါက ဘယ်လိုလုပ်ပြီး ကျွန်တော့်အမှားဖြစ်ရမှာလဲ’ လို့ ပြောမှာ။”
“…”
ဂျယ်ဝန်းရဲ့ စနောက်စကားကြောင့် ထယ်ဝမ်က မျက်လွှာချလိုက်တယ်။ အဲ့ဒါက စကားထပ်မပြောချင်တော့ဘူးလို့ သူ့နည်းသူ့ဟန်နဲ့ ပြောလိုက်တာပါပဲ။ ဂျယ်ဝန်းက မျက်မှောင်ကြုတ်လိုက်တယ်။ အခုထိ ထယ်ဝမ့်ကို စောင့်ကြည့်လာခဲ့တာ အတန်ကြာသွားခဲ့ပြီဆိုပေမဲ့ သူ့ကို ဒီလိုပုံစံမျိုးနဲ့ တွေ့မြင်ရတာ ဒါ ပထမဆုံးပါပဲ။ မေးခွန်းတွေ ထပ်မေးဖို့ ပြင်လိုက်ချိန်မှာ နာယွန်းက သူတို့ဆီ ချဉ်းကပ်လာခဲ့တယ်။
ဂျယ်ဝန်းက နာယွန်းကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်စကားပြောပြီး ရိုက်ကူးရေးအတွက် ပြင်စရာရှိတာတွေ လက်စသွားသတ်လိုက်ဦးမယ်လို့ ပြောခဲ့တယ်။
“အစ်ကို ဒီကိုလာရတာ ခက်ခဲတယ်မဟုတ်လား။ ကျွန်မအိမ်မှာတော့ မနေ့ညကတည်းက သတင်းထောက်တွေ ဝိုင်းနေတာ၊ ယုံတောင်ယုံနိုင်ရဲ့လား။ အစ်ကို့အိမ်ရော အဆင်ပြေလား။”
“အင်း။”
ထယ်ဝမ်က လုံးဝအကောင်းအတိုင်းရှိနေတဲ့ သူ့ရဲ့ အင်္ကျီလက်ကို နောက်ဆုံးတစ်ခေါက် ပြုပြင်လိုက်ရင်း ပြန်ဖြေခဲ့တယ်။ အမှန်အတိုင်းပြောရရင် သူ မမှတ်မိပါဘူး။ ကားထဲကထွက်လာတာကို မှတ်မိပေမဲ့ နောက်ထပ် သိလိုက်ရတာက စောင့်ဆိုင်းတဲ့နေရာက ဆိုဖာပေါ်မှာ ထိုင်နေတယ်ဆိုတာပါပဲ။
ပြီးတော့ အဲ့ဒီနောက်မှာ ဒီအတိုင်းချည်းပဲ နေနေခဲ့တာပါ။ မှတ်ဉာဏ်တွေ စတင်ပျောက်ဆုံးနေတဲ့ လူတစ်ယောက်လိုမျိုး ထယ်ဝမ့်မှတ်ဉာဏ်တွေက ဟိုရောက်ဒီရောက် ဖြစ်ကုန်သလိုပါပဲ။
ဒီလက္ခဏာတွေက ဟာယွန်းဆီကနေ လမ်းခွဲဖို့ အကြောင်းကြားအသိပေးခံရပြီးကတည်းက စတင်ခဲ့တာလေ။
လမ်းခွဲဖို့ အကြောင်းကြားအသိပေးခြင်း။
ထယ်ဝမ့်ခေါင်းထဲ အဲ့ဒီ ထူးဆန်းတဲ့စကားတွေ ပေါ်လာချိန်မှာ သူ့မျက်နှာပေါ်ကို အရိပ်တစ်ခု အုပ်မိုးကျရောက်လာခဲ့တယ်။ သူ့အသားအရေ ဆိုးဝါးလာတာကို သိပေမဲ့ နာယွန်းက သူ့ကို ဆက်ပြီးပြုံးပြနေခဲ့တယ်။
“တော်သေးတာပေါ့။ ဒါပေမဲ့ သတင်းထောက်တွေက ဆက်ပြီးတော့ ခေါင်းမာပြီး အစ်ကို့နောက် လိုက်ကြဦးမှာပဲ။ ရှေ့လျှောက်ကို သတိထားကြရအောင်။ ဒါပေမဲ့ ဒီအတိုင်း ဆက်တိုက် နှောင့်ယှက်ခံနေရမယ်ဆိုရင် တွဲလိုက်ကြတာကောင်းမယ်နော် အစ်ကို။ လူသိရှင်ကြား တွဲလိုက်ရင် အနှောင့်အယှက်အပေးခံရတာ လျော့သွားလောက်မဲ့ပုံပဲ။ အဲ့ဒီလိုမထင်ဘူးလားဟင်။”
နာယွန်းက ထယ်ဝမ်တစ်ယောက်တည်း ကြားရအောင် တီးတိုးပြောရင်း ရယ်လိုက်တယ်။ ဒါပေမဲ့ သူ ပြန်ရလိုက်တဲ့ တုံ့ပြန်မှုက သူ မျှော်လင့်ထားတဲ့အရာ မဟုတ်ခဲ့ပါဘူး။
ထယ်ဝမ်ရဲ့ နှုတ်ဆိတ်နေမှုက သူ့စကားကို သဘောတူတာပဲလို့တွေးပြီး နာယွန်းက ထယ်ဝမ့်ဆီ တစ်လှမ်းတိုးသွားလိုက်တယ်။ ရိုက်ကွင်းအတွက် ပြင်ဆင်နေကြတဲ့ သူတို့ဘေးပတ်လည်က ဝန်ထမ်းတွေက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ကြတယ်။ နာယွန်းက ဒါကိုသိပြီး ထယ်ဝမ့်အနား ရောက်သွားတဲ့အခါ ရပ်လိုက်တယ်။
အခုဆို သူ ထယ်ဝမ့်ကို စိတ်ဝင်စားနေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ထယ်ဝမ်က ချောတယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းရှိပြီး သွေးအေးတယ်လို့ ထင်ရလောက်တဲ့အထိ နာယွန်းနဲ့ ခပ်ခွာခွာနေတတ်တယ်လေ။ ဒါပေမဲ့ မကြာမကြာဆိုသလို နာယွန်း ရင်ခုန်ရအောင် နူးညံ့မှုကို ပြသတတ်ပါတယ်။
အစကတော့ ထယ်ဝမ်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုပြီး သိချင်မိခဲ့တာပါ။ အဲ့ဒီနောက် သူ့ကို စိတ်ဝင်စားလာခဲ့တယ်။ သူ့ကို စိတ်ဝင်စားနေတဲ့အကြောင်း တစ်ခါနှစ်ခါလောက် အရိပ်အယောင်ပြခဲ့ပေမဲ့ သူ့ဘက်က စိတ်ဝင်စားကြောင်း လုံးဝပြန်မပြတာမို့ နည်းနည်းဒုံးဝေးတယ်ထင်ပါရဲ့။ ထယ်ဝမ်က ဒီအတိုင်း ဘာမှမပြောဘဲ နှုတ်ဆိတ်ပြီးတော့သာနေခဲ့တာပါ။
ဒီနေ့လည်း ထယ်ဝမ့်ကို ဒီနည်းအတိုင်း ချဉ်းကပ်ခဲ့တာပါပဲ။ ထယ်ဝမ်က ထုံးစံအတိုင်း ရယ်ရုံသာရယ်ပြီး စကားလွှဲလိမ့်မယ်လို့ ထင်ထားခဲ့တာလေ။
ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ သူ နာယွန်းနဲ့ အသားကျလာမှာပါပဲ။ ပြီးရင် သူ့နှလုံးသားကို နာယွန်းဆီ ဖြည်းဖြည်းချင်း ဖွင့်ဟလာပါလိမ့်မယ်။ အနည်းဆုံးတော့ နာယွန်းရဲ့အတွေးက အဲ့ဒီလိုရှိခဲ့တယ်။
“ဟင့်အင်း။”
ထယ်ဝမ်က ခြောက်ကပ်ကပ်အသံနဲ့ ပြန်ဖြေခဲ့တယ်။
“ဟင်။”
“အဲ့ဒီလိုအကြောင်းရင်းကြောင့်နဲ့ တွဲလိုက်လို့ ဘယ်ဖြစ်မလဲ။”
ထယ်ဝမ့်အဖြေက ပုံမှန်နဲ့ ကွဲပြားနေခဲ့တယ်။ သူက နာယွန်းသိထားတဲ့ ဂန်ထယ်ဝမ်မှ ဟုတ်ရဲ့လားလို့ တွေးမိရတော့တယ်။ သူ့အသံကလည်း အင်မတန် အေးစက်နေခဲ့တာပါ။
နာယွန်းက သူ့ကို ကြောင်အမ်းအမ်းအကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။ ဂန်ထယ်ဝမ်ရဲ့ မျက်လုံးတွေက သူ့ရဲ့ အင်္ကျီလက်ဆီကနေ နာယွန်းဆီကို ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့တယ်။ သူ့မျက်လုံးတွေက စိတ်တိုနေတဲ့ပုံရှိပြီး နွေးထွေးမှုဆိုတာ တစ်စက်လေးတောင် ရှိမနေပါဘူး။
“မင်းကတော့ လုပ်နိုင်လားမသိပေမဲ့ ငါကတော့ မလုပ်နိုင်ဘူး။”
သူ့အသံက ရေခဲတမျှ အေးစက်နေခဲ့တယ်။ ကြားရတာ အရှက်ကွဲရလုနီးပါးဖြစ်ခဲ့တာကြောင့် နာယွန်းက သူ့ကို အိုးတိုးအမ်းတမ်း ပြုံးပြလိုက်မိတယ်။
“အဲ့ဒီလို နောက်ပြောင်စကားတွေကြောင့်ပဲ ဒီလို စကန်ဒဲလ်မျိုးတွေ ထွက်လာရတာ။ ဒီနယ်ပယ်က ဘယ်လိုလည်ပတ်သလဲဆိုတာ မင်းလည်း ကောင်းကောင်းသိမှာပါ။”
“ကောင်းကောင်းသိတာပေါ့။ ကျွန်မလည်း တော်တော်လေး သတိထားပြီး နေနေတာပဲလေ။ စကန်ဒဲလ်တွေက ယောက်ျားတွေထက် မိန်းမတွေအပေါ် ပိုပြီးရက်စက်ကြမ်းတမ်းတယ်ဆိုတာ အစ်ကိုလည်းသိရဲ့သားနဲ့။”
နာယွန်းက ထယ်ဝမ့်ကို ပြန်ဖြေရင်း မျက်နှာထားကို မြန်မြန်ပြင်လိုက်တယ်။ နည်းနည်းအချိုးခံလိုက်ရသလို ခံစားရပေမဲ့ မျက်နှာထားမှာ သူ့ရဲ့ ခံစားချက်အစစ်အမှန်တွေကို မပေါ်လွင်စေခဲ့ပါဘူး။
ထယ်ဝမ်က နာယွန်းကို အထက်စီးကနေ ငုံ့မိုးကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက ပုံမှန်ထက်ပိုပြီး အေးစက်နေခဲ့တယ်။ အင်မတန်ကို ရှိန်ချင်စရာကောင်းလှပါတယ်။
“ဟုတ်တယ်။ အဲ့ဒါကို ကောင်းကောင်းသိထားတယ်ဆိုတော့ ပိုပြီးသတိထားနေပေါ့။”
“…”
“မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးနဲ့ ညစာစားမယ်ဆိုပြီး ခေါ်ခဲ့ပေမဲ့ သူတို့အားလုံး ပေါ်မလာကြဘူး။ ပြီးတော့ သတင်းထောက်တွေက တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကိုရောက်နေကြတယ်။ နောက်ပြီး အဲ့ဒီနေ့မှာ မင်းက ချော်လဲလို့ ငါ့ကို ထူပေးဖို့အကူအညီတောင်းပြီး ငါ့လက်မောင်းကိုပါ တွဲထားလိုက်သေးတယ်မဟုတ်လား။”
“…”
ထယ်ဝမ်ရဲ့ စွပ်စွဲချက်ကြောင့် နာယွန်းရဲ့မျက်နှာက နီရဲတက်လာခဲ့တယ်။ သူ ရေလာမြောင်းပေးလုပ်နေတာတွေကို ထယ်ဝမ် မရိပ်မိဘူးအမှတ်နဲ့ အဲ့ဒီနေ့က ပြင်းထန်တဲ့ဗျူဟာကို သုံးလိုက်မိတာပါ။
ထယ်ဝမ့်ကို အရင်ဖွင့်ပြောဖို့တော့ မာနကခံနေတာမို့ ထယ်ဝမ် သူ့အကြောင်း တွေးမိရအောင် အဲ့ဒီလိုလုပ်ခဲ့တာလေ။ ဒါပေမဲ့ ထယ်ဝမ်က တစ်လျှောက်လုံး သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာ ဖြစ်နေခဲ့တယ်။ နာယွန်း ဒါကို လုံးဝထင်မှတ်မထားခဲ့ပါဘူး။
“ငါ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို မဆုံးရှုံးချင်ဘူး။”
ထယ်ဝမ့် ငြင်းပယ်မှုကြောင့် နာယွန်းတစ်ယောက် နားရွက်ဖျားတွေပါ နီရဲသွားတဲ့အထိ ရှက်သွေးဖြာသွားခဲ့တယ်။
လုပ်ဖော်ကိုင်ဖက်တဲ့။
အဲ့ဒါက သူ နာယွန်းကို မိန်းမတစ်ယောက်အဖြစ် ဘယ်တော့မှ မမြင်ခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ထယ်ဝမ်က နာယွန်းကို ဆက်ပြီးကြည့်နေစရာ အကြောင်းမရှိတော့တဲ့အလား အကြည့်လွှဲလိုက်တယ်။
“ဒါဆို အစ်ကိုက ဒီတစ်လျှောက်လုံး သိနေရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေခဲ့တာလား။”
နာယွန်းက ထယ်ဝမ်ရဲ့ ဘေးတိုက်မျက်နှာထားကိုငေးကြည့်ရင်း မေးလိုက်တယ်။
“အင်း။”
သူက နာယွန်းရဲ့ သံသယကို အတည်ပြုပေးခဲ့တယ်။
“ခဏကြာသွားရင် မင်း လက်လျှော့သွားလိမ့်မယ်ထင်လို့။”
“…”
“အဲ့ဒါက ငါ့နည်းငါ့ဟန်နဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အတွက် ထောက်ထားစဉ်းစားပေးခဲ့တာပဲ။”
“ဒါဆို ဘာဖြစ်လို့ ဒီနေ့ အဲ့ဒီလိုဆက်မလုပ်ရတာလဲ။ ဒီတစ်လျှောက်လုံး သိနေတဲ့အကြောင်း ဘာဖြစ်လို့ ကျွန်မကို အသိပေးရတာလဲ။”
“အဲ့ဒီလို ဆက်လုပ်ဖို့ လိုအပ်တယ်လို့ မထင်တော့လို့။”
“…”
“မသိချင်ယောင်ဆောင်နေရတာ စိတ်ကျဉ်းကျပ်ရလို့။”
သူ့စကားတွေက ကြမ်းတမ်းခက်ထန်နေမှန်း ထယ်ဝမ် သိပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းစဖွင့်လိုက်တာနဲ့ ရပ်လို့မရတော့ပါဘူး။ ဟာယွန်း သူနဲ့ လမ်းခွဲဖို့ပြောရတဲ့အကြောင်းရင်းက နာယွန်းနဲ့ထွက်တဲ့ စကန်ဒဲလ်ကြောင့်များ ဖြစ်မလားဆိုပြီး တွေးမိတာကြောင့်ပါ။
နာယွန်းက အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။
“အဲ့ဒါက အရမ်းလွန်တယ်မဟုတ်ဘူးလား အစ်ကိုရဲ့။”
“ငါ့အမြင်မှာတော့ ဒီလောက်အထိ မသိချင်ယောင်ဆောင်နေတာတောင် ငါ့ကို ဆက်လိုက်နေတာကမှ လွန်တယ်လို့ထင်တာပဲ။”
ထယ်ဝမ်ရဲ့ ရက်စက်တဲ့အဖြေကို ကြားရတဲ့အခါ နာယွန်းက သည်းမခံနိုင်တော့ဘဲ လှည့်ထွက်သွားခဲ့တယ်။ ကြမ်းပြင်ကို ဒေါက်ဖိနပ်နဲ့ တဒေါက်ဒေါက် နင်းလျှောက်သွားချိန်မှာ သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့ ဝန်ထမ်းတွေက စတင်ပြီး တီးတိုးပြောကြပါတော့တယ်။
ခဏနေတော့ နာယွန်းရဲ့ အဖွဲ့ထဲကတစ်ယောက်က နာယွန်းတစ်ယောက် အခြေအနေ သိပ်မကောင်းတဲ့အကြောင်း အသိပေးလာပြီး သူအနားယူဖို့ ဆယ်မိနစ်လောက် အချိန်ပေးဖို့ တောင်းဆိုခဲ့တယ်။
“သူတို့နှစ်ယောက် တကယ်ပဲ တွဲနေခဲ့ကြတာလား။”
“သူတို့ ပြတ်သွားကြတာလား။”
“အခုလေးတင် စကားများလိုက်ကြတယ်မဟုတ်ဘူးလား။”
ဝန်ထမ်းတွေက အဖွဲ့သေးသေးလေးတွေ လူစုပြီး တီးတိုးပြောခဲ့ကြတယ်။ သူတို့မျက်လုံးတွေက ရိုက်ကွင်းအလယ်မှာရပ်နေတဲ့ ထယ်ဝမ့်ဆီမှာ ကပ်ငြိနေကြတော့တယ်။
ထယ်ဝမ်က ခေါင်းငုံ့ထားပြီး ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ငြိမ်ငြိမ်လေး ရှိနေခဲ့တယ်။ သူ့မျက်လုံးတွေက ကြမ်းပြင်ပေါ်မှာသာ အသေရှိနေပြီး အဲ့ဒီကနေ အကြည့်တစ်ချက်မလွှဲခဲ့ပါဘူး။
“ဒါနဲ့ ဘာဖြစ်လို့ ဂန်ထယ်ဝမ်က အသည်းကွဲနေတဲ့သူနဲ့ တူနေရတာလဲ။”
တစ်ယောက်က တိုးတိုးလေး မေးခဲ့တယ်။
“မပြောတတ်ဘူး။ နှစ်ယောက်သား လမ်းခွဲလိုက်ကြတာများလား။”
နောက်တစ်ယောက်က ဝင်ပြောခဲ့တယ်။ ရိုက်ကူးရေးဝန်ထမ်းတွေက သူတို့အချင်းချင်းကြားမှာ တစ်ဖန်ထပ်ပြီး တီးတိုးပြောကြပါတော့တယ်။
“ဟား၊ အဲ့ဒီကောင်တော့…”
ဝန်ထမ်းတွေရဲ့တီးတိုးစကားသံတွေကို ကြားရတဲ့အခါ ဂျယ်ဝန်းက သက်ပြင်းချပြီး ဂန်ထယ်ဝမ်ကို ငေးကြည့်လိုက်တယ်။ နာယွန်း ဒေါသထွက်သွားရခြင်းရဲ့ အကြောင်းရင်းကို မကြားလိုက်ရပေမဲ့ ဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ အကြမ်းဖျင်း နားလည်နိုင်ပါတယ်။
အခုအချိန်အထိ ထယ်ဝမ်က အမြဲတမ်း နာယွန်းအတွက် စဉ်းစားပေးပြီး နာယွန်းရဲ့ ခံစားချက်တွေကို မသိချင်ယောင်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့တော့ နာယွန်းအပေါ် အေးစက်ပြခဲ့တာမို့ နာယွန်းတစ်ယောက် ကျိန်းသေပေါက် အံ့ဩသွားမှာပါပဲ။ အခုအချိန်အထိ နာယွန်းကို သည်းခံပေးခဲ့တဲ့ ထယ်ဝမ်က ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားရတာလဲဆိုတာကို ဂျယ်ဝန်း မသိခဲ့ပါဘူး။
ဂျယ်ဝန်းက တစ်ခုခုပြောဖို့အတွက် ထယ်ဝမ့်ဆီ လျှောက်သွားခဲ့ပေမဲ့ ထယ်ဝမ့်ပုံစံကို တွေ့လိုက်ရတဲ့အခါ ခြေလှမ်းတွေ ရပ်တန့်သွားတော့တယ်။
တစ်ယောက်တည်းရပ်နေတဲ့ ဂန်ထယ်ဝမ်ရဲ့ မျက်နှာထားမှာ အမူအရာကင်းမဲ့နေခဲ့တယ်။ သူက ရိုက်ကူးရေး နောက်ဆုတ်လိုက်တာကို မသိတဲ့အလား ကြမ်းပြင်ကိုသာ ဆက်တိုက်စိုက်ကြည့်နေခဲ့တယ်။ ဒီမှာရှိနေပေမဲ့ မရှိသလိုမျိုး။
သူ့ကမ္ဘာလေးထဲမှာသူ ပိတ်မိနေသလိုမျိုး။ ဘာအသံကမှ၊ ဘာအလင်းရောင်ကမှ…ဘယ်အရာကမှ အတားအဆီးကိုဖြတ်ပြီး သူ့ကမ္ဘာလေးထဲ ဝင်မလာနိုင်သလိုမျိုး။
ဒါရိုက်တာတစ်ယောက်အနေနဲ့ ဂျယ်ဝန်း ဘာပဲပြောပါစေ ထယ်ဝမ့်နားထဲ လုံးဝ ဝင်မှာမဟုတ်ပါဘူး။
****
“တကယ်ပဲ မင်းရဲ့ပြဿနာက ဘာများလဲ။”
ဒရာမာ ဒါရိုက်တာ ဂျယ်ဝန်းက သူ့ရဲ့ဦးထုပ်ကိုချွတ်ပြီး စားပွဲပေါ်ပစ်ချလိုက်တယ်။ ပုံမှန်ဆို ဖော်ဖော်ရွေရွေ၊ နောက်နောက်ပြောင်ပြောင်ရှိတဲ့ သူ့ရဲ့ပုံစံကို ဘယ်မှာမှ မတွေ့ခဲ့ရပါဘူး။
ဂျယ်ဝန်းက အင်မတန်ကို ဒေါသထွက်နေတာပါ။ သူ့ရဲ့ ကြောက်စရာ စိန်းစိန်းဝါးဝါးအကြည့်က မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ထိုင်နေတဲ့ ထယ်ဝမ့်ဆီ ကျရောက်သွားတော့တယ်။
“အရင်ကလည်း မင်းကို ပြောထားပြီးသားပဲ။ တခြားဘာကိုမဆို လွှတ်ထားပေးမယ်လို့။ နာရီဝက် နောက်ကျမလား။ အနုပညာကြေး ပိုလိုချင်လား။ ကိုယ်ရေးကိုယ်တာဘဝက ရှုပ်ထွေးနေဦးမလား။ အဲ့ဒါတွေအားလုံး အကုန်လွှတ်ထားပေးလို့ရတယ်။ အနုပညာရှင်လောကရဲ့ ညစ်ညမ်းမှုတွေကို သည်းခံနိုင်စွမ်းမရှိရင် ဘယ်လိုများ ဒီနေရာအထိ ရောက်လာနိုင်မှာလဲ။ ဒါပေမဲ့ မင်းက ဘယ်တုန်းကမှ ဒီလိုမဟုတ်ခဲ့ဖူးဘူးလေ။ တစ်ခါမှ နောက်မကျဖူးဘူး၊ အနုပညာကြေးနဲ့ပတ်သက်ပြီး ပြဿနာမရှိဖူးဘူး၊ ကိုယ်ရေးကိုယ်တာဘဝကလည်း ဘာပြဿနာမှမရှိဘူး။ အဲ့ဒါကြောင့် မင်းအပေါ် အရမ်းမေတ္တာရှိပြီးတော့ ကာကွယ်ပေးခဲ့တာပေါ့။”
“…”
“အဲ့ဒီလိုဆိုပေမဲ့လည်း ဟေ့ကောင်ရ။ ဘယ်လောက်ပဲ ကိုယ်ရေးကိုယ်တာဘဝကို ကာကွယ်ပြီး ပြောင်စင်သန့်ရှင်းနေအောင်ထားပါစေ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းမလုပ်နိုင်တဲ့ကောင်တွေကိုတော့ ငါ မုန်းတယ်ကွ။ အထူးသဖြင့် ကိုယ့်အခန်းကိုယ် ဈာန်ဝင်အောင် စိတ်မနှစ်နိုင်တဲ့ သရုပ်ဆောင်တွေ။ အဲ့ဒီလိုကောင်မျိုးတွေကို ငါ လုံးဝ ခွင့်မလွှတ်ဘူး။”
“…”
“အဲ့ဒါကို ဘယ်လိုလုပ်ပြီးတော့ သရုပ်ဆောင်တယ်လို့ခေါ်မလဲ။ ဟင်။ နေပါဦး ခုနတုန်းက မင်း သရုပ်ရောဆောင်လိုက်သေးရဲ့လား။”
ဂျယ်ဝန်းက ထယ်ဝမ့်ကို မယုံနိုင်သလိုကြည့်ပြီး အဲ့ဒီနောက် သက်ပြင်းမောချလိုက်တယ်။
ပြီးခဲ့တဲ့ တစ်နာရီတုန်းက နာယွန်းတစ်ယောက် ပြင်ဆင်တာတွေကို လက်စသတ်ပြီး ရိုက်ကွင်းဆီ ထွက်လာခဲ့တယ်။ နာယွန်းနဲ့ ထယ်ဝမ်တို့က တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြတယ်။ သူတို့က ဒီနေ့ ခမ်းနားလှပတဲ့ လမ်းခွဲခန်းကို ရိုက်ကူးကြမှာလေ။
ဒီအခန်းအတွက် မျက်ရည်တွေလိုတာပေါ့။ နာယွန်းက လက်တွေ့မှာခံစားရတဲ့အတိုင်း သရုပ်ဆောင်ခဲ့တယ်။ သရုပ်ဆောင်နေတာပါလို့ ယုံရခက်လောက်အောင် မျက်ရည်တွေကျခဲ့တယ်။
ထယ်ဝမ်သာ သူ့အပိုင်းသူ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ခဲ့ရင် တကယ့်ရိုက်ချက် ဖြစ်သွားမှာပါ။ ဒါပေမဲ့ ထယ်ဝမ်က သူပြောရမဲ့စကားတွေကို ဘာတစ်ခုမှမပြောခဲ့ပါဘူး။
သူက နာယွန်းတစ်ယောက် အင်မတန် အသက်ဝင်တဲ့ မျက်ရည်အစစ်တွေကျပြီး ငိုနေတာကို ဒီအတိုင်းသာ ကြည့်နေခဲ့တယ်။ တစ်စုံတစ်ယောက်ကို ခပ်လှမ်းလှမ်းကနေ ကြည့်နေတဲ့အလား သူ့မျက်လုံးတွေက အနည်းငယ် ရီဝေဝေဖြစ်နေခဲ့တယ်။
“ကတ်။ ဂန်ထယ်ဝမ်၊ ဘာလုပ်နေတာလဲ။”
ဂျယ်ဝန်းက ရိုက်ကူးတာကိုရပ်ပြီး ထယ်ဝမ့်ဆီ လျှောက်သွားခဲ့တယ်။ ထယ်ဝမ်က ‘တောင်းပန်ပါတယ်’ လို့သာ အတန်တန်ပြောခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ တောင်းပန်စကားတွေမှာ ဘာအဓိပ္ပာယ်မှမရှိဘဲ သူဟာလည်း အခြေအနေ ကောင်းမလာခဲ့ပါဘူး။ စကားပြောဖို့ကြိုးစားရင်း သူ့နှုတ်ခမ်းတွေ လှုပ်ရှားသွားပေမဲ့ နောက်ဆုံးမှာတော့ တင်းတင်းစေ့ပိတ်ထားမြဲ စေ့ပိတ်ထားလျက် ရှိနေခဲ့တယ်။ ပြောရမဲ့စကားက အဲ့ဒီလောက် အရှည်ကြီးလည်း မဟုတ်ပါဘူး။
ဟုတ်ပြီ။ လမ်းခွဲကြတာပေါ့။
ဝါကျနှစ်ကြောင်းစာလေးပါပဲ။ သူ အဲ့ဒီစကားတွေ ပြောလိုက်တာနဲ့ ဒီအခန်းက ပြီးသွားမှာပါ။
နောက်ဆုံးတော့ နာယွန်းတစ်ယောက် ဒေါသတွေထွက်လာပြီး ဆက်မရိုက်နိုင်တော့ဘူးလို့ ပြောခဲ့တယ်။ ငိုထားရာက နာယွန်းရဲ့ မျက်နှာဟာ မို့အစ်နေတာကြောင့် ဒီနေ့အတွက် နောက်ထပ်ရိုက်ကူးရေး ထပ်မလုပ်နိုင်ခဲ့ပါဘူး။ ဂျယ်ဝန်းမှာလည်း နာယွန်းကို ဆက်နေခိုင်းစရာ အကြောင်းမရှိခဲ့ဘူးလေ။ တခြားရွေးချယ်စရာ ဘာမှမရှိတော့တာကြောင့် ရှုတင်အဖွဲ့သားတွေက ရိုက်ကွင်းကို စတင်သိမ်းဆည်းခဲ့ကြတယ်။ ထယ်ဝမ် အိမ်ပြန်ဖို့ပြင်လိုက်ချိန်မှာပဲ ဂျယ်ဝန်းက ထယ်ဝမ့်ကိုဆွဲပြီး သူ့ရုံးခန်းထဲအတင်းခေါ်သွင်းသွားခဲ့တယ်။
“ဟူး၊ ငါ မင်းကို ဒီလောက်ဆူနေတာတောင် ဘာမှပြန်မပြောသေးဘူးလား။”
“တောင်းပန်ပါတယ်။”
ထယ်ဝမ်က ထပ်ပြီးတောင်းပန်ခဲ့ပြန်တယ်။ အဲ့ဒီစကားတွေမှာ စိတ်ရင်းတစ်စက်ကလေးမှ မပါခဲ့ပါဘူး။
“ငါက အဲ့ဒီစကားကိုကြားချင်လို့ ဒါတွေပြောနေတယ်များမှတ်နေတာလား။ ပြဿနာက ဘာလဲလို့၊ ဟင်။”
မယုံနိုင်စရာကောင်းလောက်အောင် စိတ်တိုလာတာကြောင့် ဂျယ်ဝန်းက ရေခဲသေတ္တာအသေးလေးကိုဖွင့်ပြီး ဆိုဂျူတစ်ပုလင်း ယူထုတ်လိုက်တယ်။ အဲ့ဒီနောက် မက်ခွက်ထဲကို တစ်ဝက်ပြည့်အောင် လောင်းထည့်ပြီး သောက်လိုက်တယ်။ အရက်က သူ့ဒေါသကို လုံးဝဖြေဖျောက်မပေးနိုင်တဲ့အလား ဂျယ်ဝန်းက ထယ်ဝမ့်ကို စိုက်ကြည့်လိုက်တယ်။
ဂျယ်ဝန်းမှာ အချိန်ဇယားတွေ ကျပ်နေပြီး ဒီနေ့ရိုက်ကွင်းကနေ တစ်ခန်းတောင် ရိုက်မရခဲ့တာကို ဒေါသထွက်နေခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒါတွေထက် သူက စိုးရိမ်နေခဲ့တယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဂန်ထယ်ဝမ်ကို အကြောင်းရင်း မည်မည်ရရ မသိရဘဲ ဆုံးရှုံးရမှာကို စိုးရိမ်တာပါ။
ဂျယ်ဝန်းက ဂန်ထယ်ဝမ်ကို ယုံကြည်ပြီး အခွင့်အရေး နည်းနည်းပါးပါး ပေးပေမဲ့ အနုပညာရှင်လောကဆိုတာ အဲ့ဒီလောက် သဘောထားကြီးတဲ့နေရာ မဟုတ်ပါဘူး။ လူတစ်ယောက်က အခုနေ ထိပ်ဆုံးမှာရှိနေရင်တောင်မှ အချိန်မရွေး အောက်ခြေကို ရောက်သွားနိုင်ပါတယ်။ အနုပညာလောကမှာတော့ ဒါက ပုံမှန်ပါပဲ။ ဂန်ထယ်ဝမ်က ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတယ်၊ အံ့ဩစရာကောင်းလောက်အောင် ပါရမီရှိပြီး အလားအလာကောင်းတွေလည်း အများကြီးရှိနေဆဲပါ။ ဂျယ်ဝန်းက သူ့လို သရုပ်ဆောင်ကောင်းတစ်ယောက် ပြိုလဲပျက်စီးသွားမှာကို မမြင်ချင်ပါဘူး။
“လမ်းခွဲတဲ့ဇာတ်ဝင်ခန်းတွေက ခံစားချက်တွေ အများကြီးထည့်ဖို့လိုပြီး လုပ်ရတာ အခက်တွေ့နိုင်တယ်။ ဒါပေမဲ့ မင်းလိုလူအတွက်တော့ ခက်ခဲတဲ့ဇာတ်ဝင်ခန်းမျိုး မဟုတ်ဘူးလေ။ အရင်က ဒီထက်ပိုခက်ခဲတဲ့ ဇာတ်ဝင်ခန်းတွေတောင် လုပ်ဖူးသေးတာပဲ။ အဲ့ဒါကို အခုမှ ဘာတွေပြဿနာရှိနေတာလဲ။”
ဂျယ်ဝန်းက လေသံကို နည်းနည်းလျှော့ပြီး မေးလိုက်တယ်။ သူက ထယ်ဝမ့်ဆီကနေ အဖြေကို ချော့မေးဖို့ ကြိုးစားနေတဲ့အလား နူးနူးညံ့ညံ့လေး ပြောခဲ့တယ်။
“ကျွန်တော်လည်း ဘာပြဿနာမှန်း စဉ်းစားလို့မရဘူး။”
ထယ်ဝမ့်မျက်နှာမှာ ဘာခံစားချက်မှ မရှိခဲ့ပါဘူး။ သူကိုယ်တိုင်လည်း ဘာဖြစ်လို့ဖြစ်နေမှန်း မသိတဲ့ပုံပါပဲ။
“ဘာလဲကွ။ ဘာဖြစ်တာလဲ။ မင်း တကယ်ပဲ အသည်းကွဲလာတာလား။ လမ်းခွဲလာလို့လား၊ ဟင်။”
ဂျယ်ဝန်းက ဘာမှထွေထွေထူးထူးမတွေးဘဲ ဒီအတိုင်း ပြောပစ်လိုက်ပေမဲ့ ထယ်ဝမ့်မျက်ခုံးတွေ ကျုံ့သွားတာကို တွေ့လိုက်ရတယ်။ ထယ်ဝမ် ဒီလိုမျိုးတုံ့ပြန်တာကို မြင်ဖူးတာ ဒါ ပထမဆုံးပါပဲ။ ထယ်ဝမ်က ပုံမှန်ဆို ဂျယ်ဝန်း ဘာပဲပြောပြော ဘာမှတုံ့ပြန်လေ့မရှိတာကြောင့် ဒါက သူ့အတွက် အံ့ဩစရာကြီး ဖြစ်နေခဲ့တယ်။
“…ဘာလဲ…တကယ်ပဲလား။”
“…”
“မင်း လမ်းခွဲလိုက်ပြီပေါ့လေ။”
ဂျယ်ဝန်းက မျက်မှောင်ကြုတ်လိုက်တယ်။ သူက ထယ်ဝမ်နဲ့ ဟာယွန်းတို့အကြောင်းကိုသိတဲ့ လူနည်းစုထဲ တစ်ယောက်အပါအဝင်ပါ။ ပိုပြီးအတိအကျပြောရရင် သူက ဟာယွန်းအကြောင်းတော့ ဘာမှမသိပေမဲ့ ထယ်ဝမ့်မှာ အကြာကြီးတွဲလာတဲ့ ချစ်သူတစ်ယောက်ရှိမှန်း သိထားပါတယ်။ ထယ်ဝမ် ဖုန်းပြောနေတာကို မတော်တဆကြားပြီး သိသွားခဲ့တာပါ။ ထယ်ဝမ်က အဲ့ဒါကို လျှို့ဝှက်ထားပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်လေ။
အဲ့ဒါကြောင့် တစ်ခါတလေ ဂျယ်ဝန်းက ‘မင်းရဲ့ချစ်သူနဲ့ အခုထိ အခိုင်အမာ တွဲနေတုန်းပဲလား’ လို့ မေးလေ့ရှိပါတယ်။ ပြီးတော့ သူ အဲ့ဒီလိုမေးတိုင်း ထယ်ဝမ်က နှုတ်ခမ်းတွေကို လက်ညှိုးနဲ့ပိတ်ပြီးတော့ ‘ရှူး’ ဆိုပြီး လုပ်ပြတတ်တယ်။
အနုပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ ဖြားယောင်းသွေးဆောင်မှုတွေ ပတ်လည်ဝိုင်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီလိုအခြေအနေမျိုးမှာတောင်မှ ထယ်ဝမ်က မိန်းမတစ်ယောက်တည်းကိုပဲ ချစ်နိုင်ခဲ့တယ်လေ။ ဂျယ်ဝန်းက ဒါကို ပိုလို့တောင် လေးစားစရာပဲလို့ တွေးမိပြီး သူ့ရဲ့ ထယ်ဝမ့်အပေါ် အထင်ကြီးမှုကလည်း ပိုမြင့်လာခဲ့တယ်။
“ဘာဖြစ်လို့လဲ။ မင်းက သူနဲ့ လမ်းခွဲချင်တယ်လို့ ပြောလိုက်လို့လား။”
ဂျယ်ဝန်းရဲ့ဒေါသက လုံးဝ ပျောက်ကွယ်သွားတော့တယ်။
“ဟင့်အင်း။”
“ဒါဆို သူက ပြောခဲ့တာလား။”
ဂျယ်ဝန်းက မယုံနိုင်စွာ မေးလိုက်တယ်။ ထယ်ဝမ်ရဲ့ နှုတ်ဆိတ်နေမှုက သူ့မေးခွန်းအတွက် အဖြေပါပဲ။ ထယ်ဝမ်က လက်လှမ်းလိုက်ပြီးတော့ ဂျယ်ဝန်းရဲ့ခွက်ကို ယူလိုက်တယ်။ သူက ဆိုဂျူ သုံးပုံတစ်ပုံလောက် သောက်လိုက်ပြီးမှ ခွက်ကိုပြန်ချလိုက်တယ်။ ဂျယ်ဝန်းရဲ့ခေါင်းထဲမှာ ပဟေဠိကို ဆက်လို့ရသွားတော့တယ်။
ထယ်ဝမ် နာယွန်းအပေါ် ခက်ခက်ထန်ထန် ဆက်ဆံရတဲ့ အကြောင်းရင်း။ သူ့မျက်နှာမှာ အမူအရာကင်းမဲ့နေရတဲ့ အကြောင်းရင်း။
…’ဟုတ်ပြီ။ လမ်းခွဲကြတာပေါ့။’ ဆိုတာလေးကို မပြောနိုင်ရတဲ့ အကြောင်းရင်း။
ဒါသာ အကြောင်းရင်းဆိုရင် ငါ သူ့ကို ဆက်ပြီးတော့တောင် စိတ်မတိုနိုင်တော့ဘူး။
ဂျယ်ဝန်းက ခါးသီးစွာ တွေးလိုက်တယ်။
“ငါ့နှယ်၊ ဒီတော့ မင်းကလည်း လူသားတစ်ယောက်ပဲပေါ့လေ။ အမြဲတမ်း အရှေ့ကိုပဲ တည့်တည့်ပြေးနေတာကိုကြည့်ပြီး မင်းကို လူမဟုတ်ဘူးလို့ ထင်နေတာ။”
“…”
“အဲ့ဒီအတွက်ကြောင့် ဒီမှာပဲ ဒီလိုကြီးထိုင်ပြီး ကိုယ့်ဘဝကိုယ် ဖျက်ဆီးနေမယ်ဆိုရင်လည်း ဒီအတိုင်း ပြန်သွားပြီး သူ့ကိုဆွဲထားပါ့လား။”
ဂျယ်ဝန်းက စိတ်မောတဲ့အသံနဲ့ မေးခဲ့တယ်။
“အဲ့ဒီလိုမလုပ်နိုင်ဘူး။”
ထယ်ဝမ့်အသံက တိုးညင်းညင်းအက်ရှရှ ရှိနေခဲ့တယ်။
“ဘာလို့ မရတာလဲ။ အဲ့ဒီလောက်တောင် သူ့ကို လိုချင်တယ်ဆိုရင် ဆွဲထားရမှာပေါ့။”
“အဲ့ဒီစကားမပြောခင် အဲ့ဒီဆုံးဖြတ်ချက်အတွက် သူ ဘယ်လောက်ကြာအောင် စဉ်းစားခဲ့ရမှန်း သိနေတာမို့လို့။ သူက စကားကို လွယ်လွယ်လေးပြောတတ်တဲ့ မိန်းကလေး မဟုတ်ဘူး။”
“…”
“သူ တကယ်ပဲ လမ်းခွဲချင်ခဲ့တာ။”
ထယ်ဝမ့်မျက်လုံးတွေမှာ စူးစိုက်မှု ပြန်ရလာခဲ့တယ်။ သူတို့နှစ်ယောက် ဆယ်နှစ်ကျော် တွဲခဲ့ကြတာလေ။ ဟာယွန်းကို ဒီအတိုင်း ‘ချစ်သူရည်းစား’ ဆိုတဲ့ ခေါင်းစဉ်ထက် ‘မိသားစု’ လို့ခေါ်တာကမှ ပိုပြီးတိကျမှာပါ။ အချစ်နဲ့ပတ်သက်လာရင် နှစ်ယောက်စလုံးက ချို့တဲ့ကြသူတွေ ဖြစ်ကြတာမို့ အတူတူကြီးပြင်းလာကြတဲ့တစ်လျှောက်လုံး တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က တယုတယတန်ဖိုးထားပြီး ဆက်ဆံခဲ့ကြတယ်။
ပြီးတော့ ဒါကြောင့်ကိုပဲ ဟာယွန်းက ဒီစကားမပြောခင် ဒီဆုံးဖြတ်ချက်ချဖို့အတွက် ဘယ်လောက်ကြာအောင် အတွေးလွန်ဆွဲခဲ့ရမလဲဆိုတာကို ထယ်ဝမ် ရှင်းရှင်းလင်းလင်း သိမြင်နိုင်တာပေါ့။ သုံးလို့ရတဲ့စကားတွေ ထောင်ချီရှိတဲ့အထဲက သင့်တော်မှန်ကန်တဲ့စကားကိုရွေးဖို့ ဟာယွန်းက အချိန်ယူခဲ့တယ်။ ပြီးတော့ စကားတစ်ခွန်းရွေးလိုက်တိုင်း အဲ့ဒါက ဟာယွန်းရဲ့ရင်ကို ထိုးခွဲခဲ့လောက်မှာပါ။ သူ့နှလုံးသားက သူ့ရင်ထဲမှာ ပျက်စီးနေပြီး အကြာကြီးလည်း ငိုခဲ့လောက်မှာပါ…
ထယ်ဝမ့်မျက်လုံးတွေပေါ်ကို အရိပ်မည်းကြီးတစ်ခု ကျလာခဲ့တယ်။
“အခုထိ အကြောင်းရင်းကို မသိသေးဘူး။ သူ ဘာကြောင့် လမ်းခွဲချင်ရတာလဲဆိုတာ။ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တာပဲ။ အခု သူ့ကို ဆွဲထားရင်တောင်မှ နောက်တစ်ခါကျရင်လည်း တူညီတဲ့အကြောင်းရင်းကြောင့်ပဲ လမ်းခွဲဖြစ်ကြမှာကို သိနေတယ်။ ပြီးတော့ သူက လမ်းခွဲမယ်လို့ နောက်တစ်ခါပြောလာမှာကို နားထောင်ဖို့ သတ္တိမရှိဘူး။”
စကားတွေ ထွက်လာသလောက် ထယ်ဝမ့်နှုတ်ခမ်းတွေ လှုပ်ရှားသွားခဲ့တယ်။
နှစ်ယောက်အတူတူ နေရာမျိုးစုံ လျှောက်သွားပြီး အမှတ်တရတွေ မစုဆောင်းနိုင်ခဲ့ကြပေမဲ့ သူတို့နှစ်ယောက်က လုံလုံလောက်လောက် ချစ်ခဲ့ကြတယ်လို့ ထယ်ဝမ် ထင်ထားခဲ့တာပါ။ သူက အကောင်းဆုံး လုပ်ခဲ့တာပဲလေ။ အဲ့ဒါကြောင့် အချစ်က ဘာဖြစ်လို့ အဆုံးသတ်သွားရသလဲဆိုတာကို သူ မသိခဲ့ပါဘူး။
ပြီးတော့ အခု သူ ဘယ်လိုခံစားနေရမှန်း မသိပါဘူး။ သူ တကယ်ပဲ ဟာယွန်းနဲ့ ပြတ်စဲသွားပြီလား။ အဲ့ဒါကို လက်ခံသင့်သလား၊ ဒါမှမဟုတ် ငြင်းဆန်ရမလား။
” ‘အကောင်းဆုံး လုပ်ခဲ့တယ်’ ဆိုတာက ဘာတွေလုပ်ခဲ့တာလဲ။”
ဂျယ်ဝန်းက ရေခဲသေတ္တာထဲကနေ ဆိုဂျူနောက်တစ်ပုလင်း ယူထုတ်လာခဲ့တယ်။ ရုတ်တရက်ဆန်တဲ့ သူ့မေးခွန်းကြောင့် ထယ်ဝမ်က ပါးစပ်ပိတ်နေခဲ့မိတယ်။ အဲ့ဒီအကြောင်း တစ်ချက်စဉ်းစားပြီးတဲ့နောက်မှာ သူ့နှုတ်ခမ်းတွေကို ဖွင့်ခဲ့တယ်။
“သူများတွေအပေါ် သူ သဝန်တိုစရာမလိုအောင် နေခဲ့တယ်။ ကျွန်တော့်လိုလူမျိုးကို ရွေးခဲ့တဲ့အတွက် သူ့မိသားစုက သူ့ကို အထင်သေးတာမျိုး မလိုချင်ဘူး။”
“…”
“ကျွန်တော် အကောင်းဆုံးကြိုးစားပြီး အောင်မြင်ချင်တယ်။ အနည်းဆုံးတော့ ကျွန်တော့်ကြောင့်နဲ့ သူ့ကို အခက်မတွေ့စေချင်ဘူး။”
“အဲ့ဒါတွေက သူလိုချင်တဲ့အရာတွေလား။”
ဂျယ်ဝန်းက သူ့ရဲ့ ထိုးထိုးထောင်ထောင် နှုတ်ခမ်းမွေးတွေကို လက်နဲ့သပ်လိုက်တယ်။ ထယ်ဝမ်က သူ့မေးခွန်းကို ပြန်ဖြေဖို့ပြင်လိုက်ချိန်မှာ ဂျယ်ဝန်းက အရင်ပြောလိုက်တယ်။
“မင်း အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာက သူ့အတွက် အကောင်းဆုံးအရာတွေလား။ သေချာရဲ့လား။”
ဂျယ်ဝန်းရဲ့ မျက်လုံးတွေ စူးစူးရှရှ ရှိလာခဲ့တယ်။ ထယ်ဝမ် ဘာမှပြန်မပြောတဲ့အခါ သူက ဆက်ပြောခဲ့တယ်။
“မင်းရဲ့ အကောင်းဆုံးဆိုတာက တခြားဦးတည်ချက်တစ်ခုဆီ ရောက်သွားတာလည်း ဖြစ်နိုင်တာပဲလေ။ မင်း အားသွန်ခွန်စိုက် ပုံအောပြီး သွားခဲ့တဲ့ ဦးတည်ရာက သူနဲ့ဝေးရာဆီကို ဦးဆောင်ခေါ်သွားတဲ့ ဦးတည်ရာလည်း ဖြစ်နေနိုင်တာပဲ။”
“…”
“အာ၊ ငါ တကယ် ဆေးလိပ်သောက်ချင်လာပြီ။ မင်းကြောင့် ငါ ဆေးလိပ်သောက်မိတော့မယ်၊ ကောင်စုတ်။”
ဂျယ်ဝန်းက သူ့ရဲ့ ပစ္စည်းသိမ်းတဲ့ အံထဲကနေ စီးကရက်တစ်လိပ်ယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။ ဟထားတဲ့ သူ့နှုတ်ခမ်းတွေကြားကနေ ဆေးလိပ်ငွေ့တို့ ထွက်လာခဲ့တယ်။ သူက သူ့အရှေ့မှာ တိတ်တဆိတ် ထိုင်နေတဲ့ ထယ်ဝမ့်ကို ကြည့်လိုက်တယ်။
ဒီလိုမျိုးဖြစ်ဖူးတာ ဒါ ပထမဆုံးပါပဲ။ ဂျယ်ဝန်းက သူ့ရဲ့ငယ်ငယ်ကပုံရိပ်ဟာ အခု သူ့အရှေ့မှာထိုင်နေတဲ့ ထယ်ဝမ်နဲ့ တစ်ထပ်တည်းသွားကျနေတာကို မြင်နိုင်ခဲ့တယ်။
ဂျယ်ဝန်းရဲ့နှုတ်ခမ်းတွေ အလိုလို လှုပ်ရှားသွားတော့တယ်။
“ငါငယ်ငယ်တုန်းက တစ်ခါ အအိပ်လွန်သွားခဲ့ဖူးတယ်။”
ဂျယ်ဝန်းက စီးကရက်ဖင်စီခံကို ပြာခွက်အောက်ခြေမှာ ဖိပွတ်ပြီး စီးကရက်ကို မီးငြှိမ်းလိုက်တယ်။ သူက ထယ်ဝမ့်ကို မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်တယ်။ ထယ်ဝမ်က တစ်ချက်နောက်ကျသွားပြီး ခဏကြာမှ ဂျယ်ဝန်းကို ပြန်ကြည့်ခဲ့တယ်။
“အဲ့ဒီနေ့တုန်းက ပြင်ဆင်ပြီးယူသွားရမဲ့ အရေးအကြီးဆုံးပစ္စည်းက ဝါးပုလွေလေ။ ငါလည်း အဲ့ဒီပုလွေကို တင်းတင်းကိုင်ပြီး ကျောင်းကိုပြေးတာပေါ့။ ကံကောင်းလို့ အချိန်မီ ကျောင်းရောက်သွားတယ်လေ။ အပြစ်ပေးမခံရတော့ဘူးပေါ့။ အောင်မြင်သွားပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့မိတယ်။ အပြစ်ပေးလည်းမခံရဘူး၊ လက်ထဲမှာ ပုလွေလည်းပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့ကတည်းကစပြီး တလွဲတွေ ဖြစ်တော့တာပဲ။ ကျောင်းကို အပြေးသွားတုန်းမှာ အိတ်ကပ်ထဲက ပိုက်ဆံတွေ၊ သော့တွေ အကုန်ကျပျောက်ကုန်တာလေ။ အဲ့ဒီနေ့ကျမှ မိုးကလည်းရွာလိုက်တာဆိုတာ၊ အဲ့ဒီတော့ ငါလည်း မိုးရေထဲမှာ အကြာကြီး ပစ္စည်းပျောက်ရှာရတာပေါ့ကွာ။ အအေးကလည်းမိ၊ ဗိုက်ကလည်းဆာ။ စိတ်ပျက်လက်ပျက်ဖြစ်နေရတဲ့အထဲ အမေက သော့ပျောက်ရသလားဆိုပြီး အော်ပဲအော်နေတော့တာပါဆို။ အဖျားတက်ပြီး ခိုက်ခိုက်တုန်နေတုန်း နောက်တစ်ခါ ဒီလိုမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူးဆိုပြီးတော့ အံတင်းတင်းကြိတ်ပြီး သန္နိဋ္ဌာန်ချခဲ့တာပေါ့။ ဒါပေမဲ့ အဲ့ဒီလို ထပ်ဖြစ်ပြန်တာပါပဲ။ ကြီးလာတော့လေ။”
“…”
“ရှိသမျှ အားထုတ်ပုံအောပြီး အရှေ့တည့်တည့်ကိုပြေးလို့ အောင်မြင်ခဲ့ပေမဲ့ သတိထားမိလိုက်တဲ့အချိန်မှာ မိန်းမရယ်၊ သမီးရယ်၊ သားရယ်က အိတ်ကပ်ထဲကနေ ထွက်ကျခဲ့ပြီမှန်း သိလိုက်ရတော့တာပဲ။ ဘယ်နားကျလို့ကျခဲ့မှန်းတောင်မသိလို့ သွားပြီးတော့တောင် ပြန်မကောက်နိုင်ဘူးလေ။ ပြီးတော့ ဘယ်နားကျခဲ့မှန်း သိခဲ့ရင်တောင်မှ သူတို့က အရမ်းအဖိုးတန်လွန်းလို့ သူများက ကောက်မသွားဘဲ ဘယ်နေပါ့မလဲ။ သိလိုက်တဲ့အချိန်မှာ သူများက ကောက်သွားနှင့်ပြီလေ။”
“…”
“ဘဝမှာ ရှိသမျှ ပုံအောပြီး ပြေးတယ်ဆိုတာ အဲ့ဒီလိုမျိုးပဲ။ ကိုယ်ဦးတည်ပြီး ပြေးနေတဲ့အရာကလွဲပြီး ကျန်တာအားလုံးကို ဆုံးရှုံးလိုက်ရတာမျိုး။”
“…”
“လှပတဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် ပိုလှပတဲ့အရာကို လက်လွှတ်မိသွားတာမျိုး။”
ဂျယ်ဝန်းက အတိတ်ကို ပြန်တွေးရင်း လက်မြှောက်အရှုံးပေးသလို သက်ပြင်းချလိုက်တယ်။
“ငါလုပ်ခဲ့တဲ့ အမှားမျိုး မလုပ်နဲ့။”
“…”
“အောင်မြင်မှုအတွက် ပျော်ရွှင်မှုကို လက်မလွှတ်လိုက်နဲ့။”
ဂျယ်ဝန်းရဲ့အသံက အက်ရှရှဖြစ်နေခဲ့တယ်။
****
Translated by D