Chapter 3
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၃ (အပိုင်း ၂)
ထယ်ဝမ်က အိပ်ပျော်သွားတဲ့ ဂျယ်ဝန်းရဲ့ကိုယ်ပေါ်မှာ စောင်ခြုံပေးလိုက်တယ်။ အဲ့ဒီနောက် သူက ဂျယ်ဝန်းကို ကြည့်လိုက်တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျယ်ဝန်း ကွာရှင်းလိုက်တယ်ဆိုပြီး ထယ်ဝမ် ကြားမိခဲ့ပါတယ်။ ဂျယ်ဝန်းက အဲ့ဒါကို စိတ်ထဲမထားသလိုလို နေခဲ့ပေမဲ့ အတန်ကြာအောင် အလုပ်မတွင်ဖြစ်ခဲ့တာပါ။ ဒီနေ့တော့ သူ ကွာရှင်းရတဲ့ ဇာတ်လမ်းတစ်ခုလုံးအကြောင်း ထယ်ဝမ် ကြားသိလိုက်ရတယ်။
ကွာရှင်းဖို့ အရင်စပြောလာသူက သူ့အမျိုးသမီးတဲ့လေ။ ဂျယ်ဝန်းက ဇနီးဖြစ်သူကို စိတ်ပြောင်းအောင်လုပ်ဖို့ အသည်းအသန် ကြိုးစားခဲ့ပေမဲ့ သူ့အမျိုးသမီးက စိတ်မပြောင်းဘဲ မယိမ်းမယိုင်ရှိခဲ့တာဆိုပြီး ထယ်ဝမ့်ကို ပြောပြခဲ့တယ်။
ဇနီးဖြစ်သူက သူ့ဆီကနေ မယားစရိတ်တောင်မလိုပါဘူးလို့ပြောရင်း ကွာရှင်းပေးဖို့ တောင်းဆိုလာတဲ့အခါ သူ့ဇနီးသူ ထပ်ပြီးဆွဲထားလို့မရတော့မှန်း ဂျယ်ဝန်း သဘောပေါက်လိုက်ရတယ်။ အခု ဇနီးဖြစ်သူအတွက် သူလုပ်ပေးနိုင်တာက ကွာရှင်းပေးလိုက်ရုံအပြင် မရှိဘူးဆိုတာကို နားလည်လိုက်ရတော့တယ်။ ပြီးတော့ သူ့ကလေးတွေက ဒီလိုပဲဖြစ်လာမယ်ဆိုပြီး မျှော်လင့်ထားတဲ့အလား သူ့ဇနီးနောက်ကိုပဲ လိုက်သွားခဲ့ကြတယ်။
“သားသမီး ပျိုးထောင်ရတာ အလကားပါကွာ။ ငါကမှ အရင်စပြီး မဆက်သွယ်ရင် ဒီအဖေ အသက်ရှိသေးရဲ့လားဆိုတာတောင် အရေးစိုက်ကြတာမဟုတ်ဘူး။ နေမကောင်းဘူးလို့ ပြောမိပါတယ်၊ အိမ်နားမှာရှိတဲ့ ဆေးရုံကို သွားလိုက်လေတဲ့။ ပြီးတော့ ငါ ဒရာမာအသစ် ရိုက်နေတယ်လို့ပြောပြတော့ ရိုက်ကွင်းက သရုပ်ဆောင်တွေရဲ့ အော်တိုလက်မှတ် ပို့ပေးလိုက်ဆိုပြီးတော့ပဲ ပြောကြတာ…ဟား။ ပြီးတော့ အော်တိုလက်မှတ်ကို ကိုယ်တိုင်ယူချင်ကြတာလည်း မဟုတ်ဘူး။ အမှာပို့နဲ့ ပို့ပေးလိုက်ပါတဲ့။ အလုပ်မအားကြလို့တဲ့လေ…အလုပ်က ဘယ်လောက်များနိုင်မှာမို့လို့လဲ…။ ငါက သူတို့မျက်နှာလေးတွေ တွေ့ချင်မိရုံလေးကို။”
အဲ့ဒီစကားတွေပြောရင်း ဂျယ်ဝန်းရဲ့မျက်လုံးတွေက စိုစွတ်လာခဲ့တယ်။ လုံးဝ မူးသွားချိန်မှာ သူက ဖုန်းကိုထုတ်ပြီး ဆိုရှယ်မီဒီယာ ပေ့ဂ်ျတွေပေါ်က သူ့ကလေးတွေရဲ့ ပုံတွေကို စတင်ကြည့်ရှုခဲ့တယ်။
“သူတို့နဲ့ အတူတူနေတုန်းက ငါ့ကိုယ်ငါ အလုပ်များနေမှန်း မသိခဲ့ဘူး။ သူတို့လေးတွေ ကြီးပြင်းလာတာကို မြင်ရတာ၊ ငါ့မိန်းမ အိုမင်းသွားတာကို မြင်ရတာက တကယ့်ကောင်းချီးတစ်ခုမှန်း မသိခဲ့ဘူး…”
ပြောရင်း သူ့မျက်လုံးကနေ မျက်ရည်တွေကျလာခဲ့တယ်။ ဂျယ်ဝန်းငိုတာကို မြင်ဖူးတာ ထယ်ဝမ်အတွက် ဒါ ပထမဆုံးပါပဲ။ သူက ဂျယ်ဝန်းရဲ့ ခွက်အလွတ်ထဲကို ဆိုဂျူတွေ အသာလေး ငှဲ့ပေးလိုက်တယ်။
“ကိစ္စမရှိပါဘူးလေဆိုတဲ့ အခိုက်အတန့်တွေက အဖိုးအတန်ဆုံးအခိုက်အတန့်တွေ ဖြစ်ခဲ့တာ…”
ဂျယ်ဝန်းက အဲ့ဒီစကားတွေကို ထပ်ပြန်တလဲလဲ ဆက်ပြောခဲ့တယ်။ အဲ့ဒီနောက် သူက စားပွဲပေါက်မှောက်လှဲပြီး အိပ်ပျော်သွားတော့တယ်။
ထယ်ဝမ်က အိပ်ပျော်နေတဲ့ ဂျယ်ဝန်းကို ငေးကြည့်နေခဲ့ပြီးမှ ရုံးခန်းအဆောက်အအုံကနေ အသာလေး ထွက်လာခဲ့တယ်။ အဆောက်အအုံအရှေ့က ခုံတန်းလျားမှာ ထိုင်ချပြီး မှတ်မှတ်ရရ ယူလာမိတဲ့ စီးကရက်တစ်လိပ်ကို ယူထုတ်လိုက်တယ်။ သူက စီးကရက်ကို ပါးစပ်ထဲထည့်ပြီး အသာလေး ကိုက်ထားလိုက်တယ်။ တဒင်္ဂမေ့သွားခဲ့တဲ့ အသံက ခေါင်းထဲစီးဝင်လာခဲ့တယ်။
“စစ်တပ်ထဲမှာ ဘာဖြစ်လို့ အဲ့ဒီလိုအတတ်မျိုး သင်လာရတာလဲ။ ငါ စီးကရက်အနံ့တွေ မကြိုက်ပါဘူး။ ပြီးတော့ နင့်ကျန်းမာရေးအတွက်လည်း မကောင်းဘူးလို့။ ဆေးလိပ်မဖြတ်ဘူးဆိုရင် ငါ နင့်နှုတ်ခမ်းကို မွှေးမွှေးတောင် မပေးတော့ဘဲနေပစ်မှာ။ ပြီးတော့ လုံးဝပဲ ဘာအနမ်းမှ မရဘူးမှတ်။”
ဟာယွန်း သူ့ကို ဒီစကားပြောခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ သူတို့နှစ်ယောက်စလုံး နှစ်ဆယ်ကျော်ခါစလေးတွေပဲ ရှိသေးပြီး ဟာယွန်းရဲ့မျက်နှာမှာ ဘာဒေါသမှ ပေါ်မနေပေမဲ့ စိုးရိမ်မှုတို့နဲ့ ပြည့်နေတယ်ဆိုတာကို သူ မှတ်မိပါသေးတယ်။ မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာလေးက တအားချစ်ဖို့ကောင်းတာမို့ နည်းနည်းလောက် ထပ်စလိုက်ရမလားဆိုပြီး ထယ်ဝမ် စဉ်းစားခဲ့သေးပေမဲ့ နောက်ဆုံးတော့ အဲ့ဒီလိုမလုပ်ဖို့ပဲ တွေးခဲ့မိတယ်။
အဲ့ဒီနေ့နောက်ပိုင်းမှာ ဇာတ်ကောင်အတွက်ဖြစ်ဖြစ်၊ ဇာတ်ဝင်ခန်းအတွက်ဖြစ်ဖြစ် ဆေးလိပ်သောက်ဖို့ လိုအပ်တဲ့အချိန်ကလွဲလို့ သူ့နှုတ်ခမ်းသူ စီးကရက်မထိစေခဲ့ပါဘူး။ ဟာယွန်း သူ့ကို အနမ်းမပေးတော့ရင် အများကြီး ပိုပြီးခက်ခဲရမှာမို့ ဆေးလိပ်ဖြတ်ရတာဟာ ထယ်ဝမ့်အတွက် အင်မတန်ကို လွယ်ကူခဲ့ပါတယ်။
အဲ့ဒီနေ့ကို ပြန်အမှတ်ရမိတော့ ထယ်ဝမ့်နှုတ်ခမ်းတွေမှာ အပြုံးတစ်ပွင့်ပေါ်လာပြီး အဲ့ဒီနောက် ဆေးလိပ်ငွေ့လို ပြန်ပျောက်ကွယ်သွားခဲ့တယ်။
တောက်ပပြီး လှပတဲ့ အဲ့ဒီအချစ်က ဘယ်များရောက်သွားတာပါလိမ့်။
သူ့ပါးစပ်ထဲမှာ ခါးသက်သက်ဖြစ်နေခဲ့တယ်။ အခု သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီဆိုတော့ ဘေးမှာ သူ့ကို ဆေးလိပ်မသောက်ဖို့ ပြောမဲ့သူ ဘယ်သူမှမရှိတော့ဘူးလေ။ ဒါပေမဲ့ ထယ်ဝမ်က စီးကရက်ကို မီးမညှိနိုင်ခဲ့ပါဘူး။ မီးခြစ်ကို တစ်ခါထပ်ခြစ်လိုက်ပြီး စီးကရက်အဖျားမှာတေ့ဖို့ ကြိုးစားလိုက်ပေမဲ့ အဲ့ဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ မီးခြစ်ကိုင်ထားတဲ့ သူ့ရဲ့လက်က ပေါင်ပေါ်ကို ကျသွားခဲ့တယ်။
ဆေးလိပ်သောက်လိုက်ရင် တကယ်ပြီးဆုံးသွားပြီဆိုတဲ့ သဘောသင်္ကေတဖြစ်သွားတော့မလို ခံစားနေရတယ်။
ချောမွတ်ပြောင်ဝင်းတဲ့ သူ့မျက်နှာမှာ အရိပ်မည်းတစ်ခု ကျရောက်လာတော့တယ်။ သူ့အထက်ကနေ ဆောင်းလေ တိုက်ခတ်လာခဲ့တယ်။ အေးပေမဲ့ ထယ်ဝမ် တစ်ချက်မရွေ့နိုင်ခဲ့ပါဘူး။ ဆေးလိပ်သောက်တာ၊ အိမ်ပြန်တာ…ဘာတစ်ခုမှ ထပ်ပြီးတော့ လွယ်လွယ်ကူကူ မရှိတော့ဘူးလေ။
“အေးတယ်။ မြန်မြန်သွားရအောင်။”
ဆောင်းလေကြားမှာ တစ်စုံတစ်ယောက်ရဲ့အသံ ပျံ့လွင့်လာတာကို ကြားလိုက်ရတယ်။ ပုံမှန်ဆို သူစိမ်းတွေ သူ့ကို သတိထားမိသွားမှာစိုးပြီး မြန်မြန်လျှောက်ထွက်သွားမိလောက်မှာပါ။ ဒါပေမဲ့ ထယ်ဝမ်က ကျောက်ရုပ်ကြီးလို မလှုပ်မယှက်သာ ထိုင်နေခဲ့တယ်။ အခုနေ တစ်ယောက်ယောက် သူ့ကို မှတ်မိသွားရင်တောင် ကိစ္စမရှိတော့သလိုပါပဲ။
“ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း အချိန်ယူပြီး သွားရအောင်ပါ။ ချမ်းချမ်းစီးစီးမှာ အစ်ကိုနဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်ရတာ သဘောကျလို့။”
“ဒါပေမဲ့လည်း…”
သူတို့စကားပြောနေတာကို နားထောင်ဖို့ စိတ်ကူးမရှိပေမဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေတာမို့ သူတို့စကားတွေကို အတိုင်းသား ကြားနေရတော့တယ်။ အမျိုးသားက မြန်မြန်သွားဖို့ လောနေပေမဲ့ အမျိုးသမီးက သူနဲ့အတူ အချိန်ပိုကုန်ဆုံးချင်တာကြောင့် ဆွဲထားခဲ့တယ်။
“ကျွန်မနဲ့ အတူရှိရတာ သဘောမကျဘူးလား၊ အစ်ကို။”
အမျိုးသမီးက မေးရင်း ဂျီကျခဲ့တယ်။
“အဲ့ဒီလိုမဟုတ်ပါဘူး။ ဒီအတိုင်း မင်း အအေးမိသွားမှာစိုးလို့။ မြန်မြန် ပိုက်ဆံအများကြီးရှာပြီး ကားဝယ်နိုင်အောင်လုပ်မှပဲ။ အဲ့ဒီလိုမှ အခုလိုမျိုး ချမ်းချမ်းစီးစီးထဲမှာ တွေ့စရာမလိုမှာ။”
အမျိုးသားက အားနာသလိုအသံနဲ့ ပြောခဲ့တယ်။
“ဟင့်အင်း၊ ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ အခုကတည်းက ကားမောင်းတာ အကျင့်ပါနေရင် မကောင်းဘူး။ ဖြည်းဖြည်းချင်း လမ်းအတူတူလျှောက်ရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ကြာကြာတွေ့လို့ရတယ်မဟုတ်လား။ စိတ်မကောင်းဖြစ်စရာ ဘာရှိလို့လဲ အစ်ကိုရဲ့။ မဟုတ်ဘူးလား။”
အမျိုးသမီးက ရယ်သံစွက်နေတဲ့အသံနဲ့ ပြောခဲ့ပေမဲ့ အမျိုးသားက ဒီအတိုင်း အားနာစွာ ခပ်တိုးတိုး ရယ်ခဲ့တယ်။ သူတို့အတွဲက ကြင်ကြင်နာနာလေးတွေ တီးတိုးပြောရင်း လျှောက်ထွက်သွားခဲ့ကြတယ်။
သူ ဟာယွန်းအတွက် တစ်ခုခုမလုပ်ပေးနိုင်လို့ စိတ်မကောင်းဖြစ်မိတိုင်းမှာ ဟာယွန်းကလည်း အလားတူစကားမျိုးတွေ ပြောခဲ့ဖူးပါတယ်။
“စိတ်မကောင်းဖြစ်စရာ ဘာရှိလဲ။ ဒီလိုပဲ ဖြစ်ရမှာပေါ့။”
“ကိစ္စမရှိပါဘူး။ ဒီအတိုင်း နှစ်ယောက်အတူတူ လုပ်လို့ရတာပဲ။”
“ဒါပေမဲ့ ငါ မချမ်းပါဘူး။ ရှေ့လျှောက် လေညင်းအေးအေးလေး ခံစားမိတိုင်း ဒီအခိုက်အတန့်လေးကို ပြန်အမှတ်ရမိလောက်မှာပေါ့။ ‘မှတ်မိသေးလား၊ ငါတို့ နှစ်ဆယ့်သုံးနှစ်အရွယ်တုန်းက ဘတ်စ်ကားစီးစရာ ပိုက်ဆံမရှိလို့ လမ်းလျှောက်ခဲ့ရတာကို။’ အဲ့ဒီလိုမျိုးလေ။”
နာဟာယွန်းက သူ့ကို အဲ့ဒီလိုမျိုး အကြိမ်ပေါင်းရာချီ ပြောခဲ့ဖူးပါတယ်။
အားလုံးအဆင်ပြေသလိုမျိုး သူ့ကို အမြဲတမ်း ပြုံးပြပါလိမ့်မယ်။
ခုံတန်းလျားကို မှီထားရင်း ထယ်ဝမ်က စီးကရက်ကို ကိုက်ထားခဲ့တယ်။ တော်တော်ကြမ်းကြမ်း ကိုက်လိုက်မိတာမို့ စီးကရက်က ပေါက်သွားခဲ့တယ်။ စီးကရက်ရဲ့အနံ့က သူ့ခံတွင်းထဲ ပြည့်သွားတော့တယ်။ သူ့မျက်လုံးတွေထဲမှာ အမှောင်ထုတစ်ခု ကျရောက်လာခဲ့တယ်။
ဟာယွန်းက အမြဲတမ်း အဆင်ပြေပါတယ်လို့ ပြောခဲ့ပေမဲ့ သူက အမြဲတမ်း ကြောင့်ကြနေခဲ့တာပါ။ အဆင်ပြေတယ်လို့ ပြောတာကိုရော၊ ကြားရတာကိုပါ သူ သဘောမကျပါဘူး။
တချို့က သူတို့ရဲ့ ခါးသီး နွမ်းပါးတဲ့ အတိတ်ကို အရောင်တင်ပေးတဲ့ အလင်းရောင်အဖြစ် သဘောထားကြပေမဲ့ သူ့အတွက်တော့ အဲ့ဒါက ရှက်စရာအမှတ်အသားပါ။
အဲ့ဒါရဲ့ တစ်ပိုင်းတစ်စလေးကိုတောင်မှ ဟာယွန်းကို ကြုံတွေ့ခံစားခွင့် မပြုချင်ပါဘူး။ သူချစ်ရတဲ့သူကို အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘယ်လိုအခက်အခဲကိုမှ သည်းခံပြီး မနေစေချင်ပါဘူး။
ဒါပေမဲ့ သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအလုပ်မှာလည်း သူ့အကန့်အသတ်နဲ့သူ ရှိနေပြီး သူ ဒီအခက်အခဲတွေကို တွေ့ကြုံရင်ဆိုင်ရချိန်မှာ ဟာယွန်းက သူ့ကို အသာလေး ကြည့်နေခဲ့ရတယ်။ ဟင့်အင်း၊ ဟာယွန်းက သူ့ကို အဲ့ဒီအခက်အခဲတွေကနေ ဆွဲထုတ်နိုင်ဖို့အတွက် ဦးဆောင်လမ်းပြခဲ့တာပါ။
သူ့အဘွားရဲ့ဈာပနမှာ ဟာယွန်းက မိသားစုဝင်တစ်ယောက်လိုပဲ သူ့နဲ့အတူ သုံးရက်တိုင်တိုင် အတူရှိနေပေးခဲ့တယ်။ ဈာပနခန်းမက ဟာလာဟင်းလင်းဖြစ်နေပြီး သူ့ရဲ့ ကျန်ရှိနေတဲ့ မိသားစုဝင်တွေ တစ်ယောက်မှ မလာခဲ့ကြပေမဲ့ ဟာယွန်းက သူ့အပါးကနေ လုံးဝမခွာခဲ့ပါဘူး။
ပြီးတော့ နာရေးကူငွေပိုက်ဆံအပြည့်နဲ့ နာမည်မပါတဲ့ စာအိတ်တစ်ခုကို ပေးခဲ့တဲ့သူက ဟာယွန်းပါပဲ။ သူက ဒေါသတွေထွက်ပြီး ဒါမျိုးမလုပ်ဖို့ ပြောခဲ့ပေမဲ့ ဟာယွန်းက သူပေးတာမဟုတ်ပါဘူးဆိုပြီး အဆုံးထိ ငြင်းခဲ့တယ်။
“ငါ မဟုတ်ဘူးလို့။”
“ဒါဆို ဘယ်သူများလဲ။ လာသွားကြတဲ့လူတွေကို ကြည့်လိုက်ရင် အသိသာကြီးလေ။ မင်းမဟုတ်လို့ ဘယ်သူများဖြစ်ရဦးမှာလဲ။”
“နင့်အသိ တစ်ယောက်ယောက်ဖြစ်မှာပေါ့။ တကယ် ငါ မဟုတ်ပါဘူးဆို။”
ဟာယွန်းက ဆက်ပြီးတော့ ခေါင်းခါငြင်းဆန်ခဲ့တယ်။ အဲ့ဒါက ဟာယွန်းမှန်း ထယ်ဝမ် သိပေမဲ့ စာအိတ်ကိုတော့ ပြန်မပေးနိုင်ခဲ့ပါဘူး။
နာရေးစရိတ်ကို ကာမိအောင် သူ့မှာ ဘာပိုက်ဆံမှမရှိခဲ့ဘူးလေ။ စာအိတ်ထဲမှာပါတဲ့ပိုက်ဆံက သူလိုအပ်သလောက် ကွက်တိပမာဏပါပဲ။ နှစ်ပေါင်းများစွာကြာမှ အဲ့ဒါက ဟာယွန်း သူ့လစာထဲကနေ စုထားတဲ့ ပိုက်ဆံတချို့တစ်ဝက်ဖြစ်နေမှန်း သိခဲ့ရတယ်။
တိုက်တိုက်ဆိုင်ဆိုင် အံဆွဲထဲက ဟာယွန်းရဲ့ ဘဏ်စာအုပ်ကို တွေ့လိုက်ရတာပါ။ အဲ့ဒီအချိန်မှာ သိလိုက်ရတာပါပဲ။ သူ့အဘွားဈာပန နောက်ဆုံးနေ့မှာ စာအိတ်ထဲက ငွေပမာဏအတိုင်း တူညီတဲ့ပမာဏကို ထုတ်ထားတဲ့မှတ်တမ်း ရှိနေခဲ့တယ်။
ဈာပနပြီးသွားတဲ့နောက်မှာ နာမည်မပါတဲ့စာအိတ်ကို သူ လွှင့်မပစ်ရက်ခဲ့ပါဘူး။ အဲ့ဒီအစား သူ့စားပွဲအံဆွဲရဲ့ အတွင်းကျကျနေရာမှာ ထည့်ထားခဲ့တယ်။ အံဆွဲကိုပိတ်ရင်း သန္နိဋ္ဌာန်ချလိုက်တယ်။
သူ့မိဘတွေလိုလူမျိုး လုံးဝဖြစ်မလာစေရဘူးဆိုပြီးတော့။ လူတစ်ယောက်ကို ချစ်မိရင် အဲ့ဒီလူကို ဘယ်တော့မှ ဒုက္ခမရောက်စေရဘူးဆိုပြီးတော့။ ဘဝကို စိတ်ကြိုက်ပျော်ရွှင်ခံစားစေမယ်ဆိုပြီးတော့။ ဟာယွန်းကို ဆင်းရဲချို့တဲ့မှုကြောင့် နာကျင်ပင်ပန်းရတဲ့ဘဝမျိုး ဘယ်တော့မှ မကြုံတွေ့ မခံစားစေရဘူးဆိုပြီးတော့။
သူက အလုပ်မှာ ရှိသမျှအကုန် ပုံအောပြီးအားထုတ်ခဲ့တယ်။ အားထုတ်မှုတွေအားလုံးအတွက် ဆုပြန်ရတဲ့အလား ပိုက်ဆံတွေ စတင်လှိမ့်ဝင်လာတော့တယ်။ ပထမဆုံး သူလုပ်ခဲ့တဲ့အရာကတော့ ပိုကြီးတဲ့ ရုံးခန်းတိုက်ခန်းလေးတစ်ခုအတွက် အိမ်ငှားခ စပေါ်တင်လိုက်တာပါပဲ။
အဲ့ဒါလေးက သူနဲ့ ဟာယွန်းတို့ သက်သောင့်သက်သာနေနိုင်မဲ့ အိမ်ကလေးဖြစ်မှာပဲလို့ မျှော်လင့်ခဲ့တယ်။ ဟာယွန်းက အိမ်အပိုင်ဝယ်လိုက်နိုင်တဲ့အလား ပျော်ရွှင်မြူးတူးနေခဲ့တယ်။ အရင်နေခဲ့တဲ့နေရာထက် နည်းနည်းပဲပိုကြီးတယ်ဆိုပေမဲ့ ဟာယွန်းက အရမ်းပျော်နေခဲ့တာလေ…။
ဟာယွန်းအတွက် သူက တကယ်စိတ်ပျက်စရာကောင်ပါလားလို့ ခံစားမိပေမဲ့ ဟာယွန်းအတွက် တစ်ခုခုလုပ်ပေးနိုင်ခဲ့တာကိုပဲ ဝမ်းသာမိခဲ့တယ်။ ဒီတော့ အဲ့ဒီနောက်ပိုင်းရက်အတန်ကြာအောင် အပြုံးလေးနဲ့ အိပ်စက်နိုင်ခဲ့တယ်။
ဒါက လုံလောက်ပါတယ်။ သူတို့နှစ်ယောက် အခုလိုမျိုး အချိန်ယူပြီး အရာအားလုံးရှိလာအောင် လုပ်လို့ရတာပဲ။ ဘဝကို ဖြည်းဖြည်းမှန်မှန် နေသွားလို့ရတာပဲ။
လောလောဆယ် ရုံးခန်းတိုက်ခန်း ခပ်ကြီးကြီးလောက်ပဲ ငှားနိုင်သေးပေမဲ့ သူတို့နှစ်ယောက် လက်ထပ်ဖို့အဆင်သင့်ဖြစ်ရင် တကယ့်တိုက်ခန်းတစ်ခုဝယ်ဖို့ စီစဉ်ထားခဲ့တာပါ။ တိုက်ခန်းမှာ master bedroom တစ်ခန်း၊ ကလေးတွေအတွက် အခန်းတစ်ခန်းပါရှိဖို့ မျှော်လင့်ခဲ့တယ်။ သူတို့တွေ အကြွေးတင်ပြီး မနေရဖို့ မျှော်လင့်ခဲ့တယ်။
ပြီးတော့ အဲ့ဒီအချိန်ရောက်လာရင် ဟာယွန်းလက်ကိုတွဲပြီး အတူတူ ခရီးတွေထွက်ချင်ခဲ့တယ်။ စားချင်တာတစ်ခုခုရှိရင် ပူပန်စရာမလိုဘဲ ဒီအတိုင်း စားသောက်ဆိုင်ကို တန်းသွားနိုင်စေချင်ခဲ့တယ်။ ဟာယွန်းနဲ့ ကောင်းမွန်ပြီး သာမန်ဆန်တဲ့ဘဝတစ်ခုကို မျှဝေချင်မိခဲ့တယ်။
ပြီးတော့ သူ နာမည်စရလာပြီး ဇာတ်ပို့အဖြစ် ပွဲဦးထွက်တဲ့အချိန်ဝန်းကျင်လောက်မှာ…
“မောင်ရင်က ဂန်ထယ်ဝမ်လား။”
လူတစ်ယောက်က သူ့ကို ရိုက်ကွင်းမှာ လာတွေ့ခဲ့တယ်။ ဒီလူ ဘယ်လိုဝင်လာမှန်း မသိပေမဲ့ ရိုက်ကူးရေးဝန်ထမ်းတွေက သူ့ကို ခေါ်ထုတ်သွားခြင်း မရှိခဲ့ပါဘူး။ ထယ်ဝမ်က တစ်ဖက်လှည့်လိုက်တယ်။ ဒါရိုက်တာက သူ့ကို မျက်ရိပ်မျက်ကဲ ပြခဲ့တယ်။
“ဟုတ်ကဲ့၊ ဟုတ်ပါတယ်ခင်ဗျ။”
သူ့ကြည့်ရတာ ဒီနယ်ပယ်ထဲက ဟုတ်ပုံမရပါဘူး။ အလုပ်နဲ့ပတ်သက်တဲ့ကိစ္စဆိုရင် သူ့ဆီ ဖုန်းဆက်လာမှာလေ။ ရိုက်ကွင်းကို တိုက်ရိုက်လာခဲ့တာက ထူးဆန်းနေခဲ့တယ်။ အဲ့ဒီနောက် အဲ့ဒီလူက ပြောခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရပ်ရင်း လူနှစ်ယောက်က သတိနဲ့နေနေခဲ့ကြတယ်။ အဲ့ဒီနောက် အဲ့ဒီလူက ပြောခဲ့တယ်။
“ငါက ဟာယွန်းရဲ့အဖေပဲ။ အချိန်ရတယ်ဆိုရင် မောင်ရင်နဲ့ စကားပြောချင်တယ်…”
ဒီနေ့အတွက် ရိုက်ကူးရေးက အခုတင် ပြီးသွားတာကြောင့် ပင်ပန်းနေပြီဆိုပေမဲ့ ထယ်ဝမ်က အဲ့ဒါကို မပေါ်လွင်စေဘဲ ဟာယွန်းအဖေနောက်ကို လိုက်သွားခဲ့တယ်။
ဟာယွန်းအဖေနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်တဲ့အခါ နှစ်ယောက်ကြားက တူညီမှုတွေကို မမြင်ဘဲမနေခဲ့ပါဘူး။ ဖြူဖျော့တဲ့အသားအရေ၊ မြင့်မားတဲ့အရပ်၊ မတ်မတ်ဆန့်ဆန့် ကိုယ်နေဟန်ထား၊ ပြီးတော့ အထူးသဖြင့် ကျက်သရေရှိတင့်တယ်တဲ့ မျက်လုံးတွေ။
ဟာယွန်းရဲ့အဖေက ထယ်ဝမ့်ကို သူ့ရဲ့ လုပ်ငန်းကတ် ကမ်းပေးခဲ့တယ်။ သူက နာမည်ကြီး ဆေးရုံကြီးတစ်ခုရဲ့ ဥက္ကဋ္ဌပါ။ ဟာယွန်းက ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာသူမှန်း သိပေမဲ့ ဒီလောက်အတိုင်းအတာအထိမှန်းတော့ မသိခဲ့ပါဘူး။
“တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ။ ကျွန်တော့်နာမည် ဂန်ထယ်ဝမ်လို့ ခေါ်ပါတယ်။”
“သိတယ်။ မောင်ရင်က ဟာယွန်းနဲ့တွဲနေတဲ့သူဆိုလို့ လာတွေ့တာ။ ကျိန်းသေပေါက် ဟာယွန်းကတော့ ဒီအကြောင်း ဘာမှမသိဘူးပေါ့။ ငါ့သဘောနဲ့ငါ လာခဲ့တာမို့လို့ မောင်ရင့်ကိုလည်း ဟာယွန်းကို အသိမပေးစေချင်ဘူး။”
“ဟုတ်ကဲ့၊ နားလည်ပါတယ်ခင်ဗျ။”
“ငါက ဟာယွန်းကို စောစောစီးစီး အိမ်ထောင်ပြုစေချင်လို့ အိမ်ထောင်ဖက်တွေ့ဖို့ အမျိုးမျိုးစီစဉ်ပေးတာကို သူက အကုန်ငြင်းခဲ့တယ်လေ။ ဘာကြောင့်လဲ သိချင်လို့ စုံစမ်းကြည့်လိုက်တော့ မောင်ရင့်ကိုတွေ့တာပဲ။”
ဟာယွန်းရဲ့အဖေက ဟာယွန်းအကြောင်းကို စုံစမ်းစစ်ဆေးရေးလုပ်ခဲ့မှန်း ထယ်ဝမ် သိလိုက်ရတယ်။ ပြီးတော့ ရလဒ်တင်ပြချက်မှာ သူပါနေခဲ့တယ်ဆိုတာကိုရောပေါ့။
“ငါ မောင်ရင့်အချိန်တွေကို အများကြီးမယူပါဘူး။ လိုရင်းကိုပဲပြောမယ်။ အရမ်းတဲ့တိုးဆန်သွားသလို ဖြစ်နေမယ်ဆိုရင် အားတော့နာပေမဲ့ ငါ့သမီးကို ကောင်းမွန်ပြည့်စုံတဲ့ မိသားစုနဲ့ပဲ လက်ထပ်စေချင်တယ်။”
ဒီတော့ သူနဲ့ လမ်းခွဲပေးပေါ့။
ဟာယွန်းအဖေ ဘာပြောချင်နေသလဲဆိုတာကို ထယ်ဝမ်သိပါတယ်။ ထယ်ဝမ့်နှလုံးက ဒိတ်ခနဲဖြစ်သွားခဲ့တယ်။ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားဆိုပေမဲ့ ထင်ထားတာထက်ကို အများကြီးပိုပြီး နာကျင်ရတာပဲ။ ထယ်ဝမ်က တုန်ယင်နေတဲ့အကြည့်ကို တည်ငြိမ်အောင်လုပ်ပြီး ဟာယွန်းအဖေရဲ့ မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လိုက်တယ်။
“လောလောဆယ် ပိုက်ဆံအများကြီးမရှာနိုင်သေးပေမဲ့ ဖြည်းဖြည်းမှန်မှန်လေး ကိုယ့်လမ်းကိုယ်ဖောက်နေပါပြီ။ နည်းနည်းလောက်ပဲ ထပ်စောင့်ပေးမယ်ဆိုရင်…”
“အသက်ပဲ ၂၇နှစ်ရှိနေပြီ အခုထိ အိမ်ငှားနေရတုန်း။ မောင်ရင်က မိဘမဲ့တစ်ယောက်၊ မိသားစုမရှိတဲ့ တစ်ကောင်ကြွက်ဆိုတာ သိထားတယ်။ တစ်လအိမ်ငှားခက တော်တော်မြင့်ပြီး စရန်ငွေက တော်တော်လေးနည်းတာကို တွေ့ရတယ်။ တက္ကသိုလ်တက်ပြီးတော့ ကျောင်းထွက်လိုက်ရတယ်လို့လည်း ကြားတယ်။ ပြီးတော့ သရုပ်ဆောင်အလုပ်ရဲ့ တည်ငြိမ်မှုဆိုတာ ခန့်မှန်းမရဘူးဆို…ငါပြောတာ မှားသလား။”
ဟာယွန်းအဖေက အေးစက်တဲ့အသံနဲ့ မေးခဲ့တယ်။ တစ်စုံတစ်ယောက်ရဲ့သူ့အပေါ် ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်သုံးသပ်ချက်ကို ကြားပြီးတဲ့နောက်မှာ ထယ်ဝမ်တစ်ယောက် အဖြစ်မရှိတဲ့သူလို ခံစားလိုက်ရတယ်။ အခုအချိိန်အထိ အကောင်းဆုံးလုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရလဒ်က ‘မိဘမဲ့၊ ကျောင်းထွက်၊ အလုပ်အကိုင် တည်တည်ငြိမ်ငြိမ်မရှိတဲ့သူ’ ပဲတဲ့လေ။
“ငါပြောတာ မှားသလား။”
ဟာယွန်းရဲ့အဖေက တစ်ခါထပ်မေးခဲ့တယ်။
“…မှန်ပါတယ်။”
ပေါက်ကွဲထွက်တော့မဲ့ ခံစားချက်တွေကို ချုပ်တည်းမျိုသိပ်ထားရတာကြောင့် ထယ်ဝမ့်လည်ချောင်းက နာကျင်နေခဲ့တယ်။ ရုတ်တရက် ဟာယွန်းအဖေရဲ့ မျက်လုံးတွေက အေးစက်လာခဲ့တယ်။ သူက တည်ငြိမ်အောင် ကြိုးစားခဲ့ပေမဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ထယ်ဝမ့်ဆီ မလိုမုန်းထားမှုတွေ လျှံထွက်လာတာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
“ငါ ဟာယွန်းနဲ့ မိတ်ဆက်ပေးဖို့လုပ်ထားတဲ့လူမှာ အိမ်နဲ့ကား ရှိတယ်။ ကြွယ်ဝမှု အတန်အသင့်ရှိတဲ့မိသားစုကနေ လာတဲ့သူပဲ။ အကယ်၍သာ ဟာယွန်းက ဒီလူနဲ့လက်ထပ်မယ်ဆိုရင် ငွေရေးကြေးရေးပိုင်းအရ ဒုက္ခရောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ မောင်ရင်က သူ့အတွက် ဘာလုပ်ပေးနိုင်လို့လဲ။”
“သူ့အတွက် ဘာမှလိုလေးသေးမရှိအောင် လုပ်ပေးနိုင်ပါတယ်။”
“ဒါကတော့ ငါလည်း သူ့အတွက် လုပ်ပေးနိုင်တာပဲလေ။ ငါ့သမီးအတွက် ငါလိုချင်တာက အဲ့ဒါမဟုတ်ဘူး။ သူ့ကို ချမ်းသာကြွယ်ဝတဲ့ဘဝနဲ့ နေစေချင်တာ။”
ထယ်ဝမ် ပါးစပ်ပိတ်နေခဲ့တယ်။
သူ့တစ်ဘဝလုံး အကောင်းဆုံးကြိုးစားခဲ့ပြီး ဟာယွန်းကိုလည်း တခြားဘယ်သူမဆိုထက်ပိုပြီး ချစ်ခဲ့တာပါ။ ဟာယွန်းသာ သေရမဲ့အခြေအနေမှာရှိမယ်ဆိုရင် ဟာယွန်းအစား သေပေးလိုက်မှာပါ။ ဒါပေမဲ့ ဒါတွေက အခု သူ့အရှေ့မှာ ထိုင်နေတဲ့လူအတွက် ဘာမှအရေးမပါဘူးတဲ့လေ။
ဟာယွန်းအဖေအတွက် ချစ်တဲ့နှလုံးသားက အရေးမကြီးပါဘူးတဲ့။ သူက ဟာယွန်း သက်သောင့်သက်သာရှိတဲ့ဘဝနဲ့ နေနိုင်ရေးကို ပိုပြီးအလေးထားတာပါ။
ထယ်ဝမ် လက်သီးဆုပ်ထားလိုက်တယ်။
“ဟာယွန်းက ချမ်းသာတဲ့အိမ်က လာတယ်ဆိုတာကိုသိပြီး တွဲခဲ့တာလား။”
ဒီလူရဲ့ မလိုမုန်းတီးမှုကြောင့် အသက်ရှူကျပ်လာသလို ခံစားလိုက်ရတယ်။
“…မဟုတ်ပါဘူး။ အဲ့ဒီလို လုံးဝမဟုတ်ပါဘူး။”
“အင်းလေ၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီလိုပဲဖြေမယ်ဆိုတာ သေချာနေတာပဲကို။”
“…”
“နှစ်ယောက်စလုံး အရမ်းငယ်သေးကြတော့ အချစ်က လုံလောက်ပြီလို့ ခံစားရမှာပေါ့။ လူငယ်အများစုက ဒီအတိုင်း ခံစားကြရတာချည်းပါပဲ။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့ နားလည်လာကြလိမ့်မယ်။ အချစ်ကြောင့် ကိုယ့်မှာရှိသမျှအားလုံး ဆုံးရှုံးရတာထက် ကိုယ့်မှာ အရာအားလုံးရှိနေတဲ့ အခြေအနေကို ချစ်လိုက်ရတာက အများကြီး ပိုလွယ်ကူပြီး ပိုသက်သောင့်သက်သာရှိတယ်ဆိုတာကို။”
“…”
“ငါက ငါတို့ဟာယွန်းကို အဲ့ဒီလို သက်သောင့်သက်သာအချစ်မျိုး ရစေချင်တာ။ အချစ်ကြောင့် ရှင်သန်ဖို့ အားထုတ်ကြိုးစားပြီးမှ တစ်သက်လုံး ရုန်းကန်ရလိမ့်မယ်ဆိုတာကိုပဲ သိလိုက်ရမှာမျိုး မဖြစ်စေချင်ဘူး။”
“…”
“ငါ့ဘက်က လုံလုံလောက်လောက် ပြောပြီးပြီထင်တယ်။ ငါ့စကားတွေက ဆိုးဝါးရက်စက်တယ်လို့ ကျိန်းသေပေါက် ခံစားရမှာပဲ၊ ဒီတော့ ငါ့ကို လွတ်လွတ်လပ်လပ် ဆဲလို့၊ မုန်းလို့ရတယ်။ ငါ့သမီးသာ သက်သောင့်သက်သာဘဝနဲ့ နေနိုင်မယ်ဆိုရင် မောင်ရင် ကျိန်ဆဲတာကိုလည်း ဝမ်းမြောက်ဝမ်းသာ ခံမှာပဲ။ ဒီတော့ နားလည်မှုမလွဲပါနဲ့။ နောက်တစ်ခါ တွေ့ဖြစ်ရင် ပိုကောင်းတဲ့ အကြောင်းရင်းအတွက် တွေ့ကြတာပဲဖြစ်ဖို့ မျှော်လင့်တယ်။”
ဟာယွန်းရဲ့အဖေက ထရပ်လိုက်တယ်။
“…ကျွန်တော် ပိုပြီးအောင်မြင်အောင် လုပ်မှာပါ။”
ထယ်ဝမ်က ပြောလိုက်တယ်။ ပြောသာပြောလိုက်ပေမဲ့ သူ့ကိုယ်သူ ဘာပြောလို့ပြောမိမှန်း တကယ်မသိခဲ့ပါဘူး။
“ဥက္ကဋ္ဌကြီးတို့ အသိုင်းအဝိုင်းကလူတွေ ကျွန်တော့်နာမည်ကို သိတဲ့အထိ အောင်မြင်လာစေရပါမယ်။”
“…”
“ဥက္ကဋ္ဌကြီးပြောတဲ့ အဲ့ဒီတခြားလူထက် ပိုင်ဆိုင်မှုတွေ ပိုရှိအောင် လုပ်ပါ့မယ်။ ဟာယွန်း သက်သောင့်သက်သာနဲ့ ချစ်နိုင်အောင်…အဲ့ဒီလိုလုပ်ပါ့မယ်။ အဲ့ဒါကြောင့် အခွင့်အရေးတစ်ခုတော့ပေးပါ။ ငါးနှစ် ဟင့်အင်း သုံးနှစ်ပဲပေးပါ။”
“ဂန်ထယ်ဝမ်။”
“တောင်းပန်ပါတယ်ဗျာ။”
“ဟူး၊ ငါက ကိုယ်မသိတဲ့လူတစ်ယောက်အပေါ် သုံးနှစ်ကြီးတောင် ရင်းနှီးမြှုပ်နှံရလောက်အောင် မရူးမိုက်သေးဘူးကွ။ ကြည့်ရတာ ငါပြောတဲ့စကားကို နားမလည်တဲ့ပုံပဲဆိုတော့ မောင်ရင် လုပ်ချင်တာသာလုပ်ပါ။ ငါလည်း ငါလုပ်ချင်တာလုပ်မယ်။”
ဟာယွန်းရဲ့အဖေက သူ့ဘေးကနေ အေးစက်စွာ ဖြတ်လျှောက်သွားခဲ့တယ်။ နွေးနွေးထွေးထွေး နွေဦးနေ့တစ်နေ့ဆိုပေမဲ့ အဲ့ဒီလူရဲ့ လှုပ်ရှားမှုကြောင့်ဖြစ်လာတဲ့ လေညင်းက အင်မတန်ကို အေးစက်နေခဲ့တယ်။ ထယ်ဝမ်က စားပွဲပေါ်မှာရှိတဲ့ အေးစက်စက် လက်ဖက်ရည်ခွက်ဆီကနေ အကြည့်မခွာခဲ့ပါဘူး။
နောက်ဆုံးမှာ အားလုံးအဆင်ပြေသွားပြီလို့ ထင်ထားခဲ့ပေမဲ့ အတိတ်က ခြူးတစ်ပြားမရှိတဲ့ ဂန်ထယ်ဝမ်အဖြစ်ကို ပြန်ရောက်သွားခဲ့တယ်။
…ဘာမှမပေးနိုင်အောင် စုတ်ပဲ့နုံချာပြီး ဒုက္ခရောက်နေတဲ့ ဂန်ထယ်ဝမ်။ ချစ်မိတဲ့အတွက် အားနာမိရတဲ့ ဂန်ထယ်ဝမ်။
သူ့မိဘတွေနဲ့ အဘွားဖြစ်သူတို့ရဲ့ အကြွေးတွေကြောင့် လူစိမ်းတစ်သိုက် သူ့ကို အင်္ကျီကော်လံစကနေ ဖမ်းဆွဲခဲ့တဲ့နေ့ကလိုမျိုး စိတ်ပျက်စရာကောင်လို ခံစားလိုက်ရတယ်။
ဟာယွန်းရဲ့အဖေနဲ့ တွေ့ပြီးတဲ့နောက်မှာ ထယ်ဝမ်က အလုပ်ထဲကို ပိုပြီးတစ်စိုက်မတ်မတ် နှစ်ဝင်ခဲ့တယ်။ မိသားစု ညစာစားပွဲကနေ ပြန်လာပြီးတဲ့နောက် ဟာယွန်းရဲ့ နွမ်းနွမ်းလျလျမျက်နှာကို တွေ့ရတိုင်းမှာ ထယ်ဝမ့်နှလုံးသားက နင့်ခနဲဖြစ်သွားရတယ်။
တစ်ချိန်အရောက်မှာတော့ ဟာယွန်းက သူ့မိသားစုနဲ့ အဆက်အသွယ်တွေ အကုန်ဖြတ်ပစ်လိုက်တယ်။ စကားများခဲ့ကြတာလားဆိုပြီး မေးကြည့်ခဲ့ပေမဲ့ ဟာယွန်းက ငြင်းခဲ့တယ်။ ဒါပေမဲ့ ကြည့်ရတာ သူ့အိမ်က အဆက်အသွယ်ဖြတ်လိုက်တဲ့ပုံပါပဲ။
သူ့ကြောင့် ဟာယွန်းက မိသားစုကို ဆုံးရှုံးခဲ့ရတယ်။ အပြစ်ရှိစိတ်က သူ့နှလုံးကို မွန်းကျပ်စေခဲ့တယ်။ အတ္တကြီးနေမိမှန်း သိပေမဲ့ သူဘယ်လိုခံစားနေရမှန်း ဟာယွန်းကို မသိစေခဲ့ပါဘူး။ သွေးကြောင်စွာပဲ မျက်နှာလွှဲခဲ့မိတယ်။
ဒီအတွက်ကြောင့်ပဲ ပိုကောင်းတဲ့ ဇာတ်ကောင်နေရာတွေကို စတင်ရှာဖွေခဲ့မိပါတော့တယ်။ တစ်ခါတည်းပါရမဲ့နေရာဖြစ်ရင်တောင်မှ ဇာတ်ရုပ်မှာ အားလုံးပုံအောထည့်ထားခဲ့တယ်။ သူ့ရဲ့နာမည်ကျော်မှု မြင့်လာတာနဲ့အမျှ ဝင်ငွေကလည်း တိုးလာခဲ့တယ်။
ဟာယွန်းအတွက် သူလုပ်ပေးနိုင်တဲ့အရာတွေကလည်း စပြီးတိုးလာတော့တယ်။ တိုက်ခန်းကောင်းကောင်းတစ်ခန်းတောင် ဝယ်နိုင်ခဲ့တယ်။ သူက အပေါ်အလွှာမှာနေပြီး သူ့အောက်ထပ်မှာ ဟာယွန်းငှားနေနိုင်အောင် ကူညီပေးခဲ့တယ်။ အဲ့ဒီအခန်းကို ဟာယွန်းအတွက် ဝယ်ပေးချင်ပေမဲ့ ဟာယွန်းက သူ့ရဲ့ကမ်းလှမ်းချက်ကို ခေါင်းမာမာငြင်းခဲ့တယ်။
ဒီကနေ နည်းနည်းလေးထပ်ပြီး ကြိုးစားလိုက်မယ်ဆိုရင် ဟာယွန်းကို အရာအားလုံး ပေးနိုင်တော့မှာပါ။ တော်တော့်ကို နီးနေပါပြီ။ ဒါပေမဲ့ အဲ့ဒီအစား ဟာယွန်းက လမ်းခွဲဖို့ပြောခဲ့တယ်လေ။
ဘာကြောင့်များလဲ…
ထယ်ဝမ် အဲ့ဒီစကားတွေကို ရေရွတ်လိုက်တယ်။
ဘာကြောင့်လဲ။ ဘာဖြစ်လို့ ငါတို့ရဲ့အချစ်က အဆုံးသတ်သွားရတာလဲ။ ငါ တကယ်ပဲ အကောင်းဆုံး ကြိုးစားခဲ့တာလေ။ သူ့ရဲ့လမ်းမှာ ဘာအခက်အခဲတွေပဲ ရှိလာပါစေ ဘယ်တော့မှလက်မလျှော့ဘဲ နာဟာယွန်းကို ဆက်ချစ်ခဲ့တာပါ။ ဒီတော့ ဘာကြောင့်များ ဟာယွန်းက သူ့ကို ထားသွားရတာလဲ။
အကြောင်းရင်းက ဘာများလဲ။
ဘယ်နှကြိမ်ဘယ်နှခါပဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါစေ ဒီမေးခွန်းအတွက် အဖြေလုံးဝရှာမတွေ့ခဲ့ပါဘူး။
ထယ်ဝမ်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်တယ်။ အေးစိမ့်စိမ့်လေကြောင့် သူ့မျက်လုံးတွေ အေးလာပြီး စတင်ကျိိန်းစပ်လာတော့တယ်။ သူက ကြီးမားတဲ့လက်နဲ့ မျက်လုံးတွေကို အုပ်လိုက်တယ်။
ဟာယွန်း သူ့ကို လမ်းခွဲစကားပြောတုန်းက သူတို့ရဲ့ နှုတ်ဆက်ခွဲခွာမှု ဖြစ်ခဲ့ပြီးပြီလို့ ထင်ထားခဲ့တာပါ။
…ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်က ဘာမဟုတ်တဲ့ အစလေးပဲ ရှိပါသေးတယ်။
****
Translated by D