Chapter 5
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၅ (အပိုင်း ၃)
“တောင်းပန်ပါတယ်။”
ထယ်ဝမ်က တောင်းပန်ရင်း ဦးညွှတ်လိုက်တယ်။ ဒါပေမဲ့ ဂျယ်ဝန်းရဲ့မျက်နှာထားက ပြေလျော့မသွားခဲ့ပါဘူး။ သူ့ရဲ့ ကြောက်စရာ စိန်းစိန်းဝါးဝါးအကြည့်က ထယ်ဝမ့်ဆီကနေ မခွာတမ်းရှိနေပြီး စီးကရက်က သူ့ပါးစပ်ထဲမှာ အနည်းငယ် နေရာပြောင်းသွားခဲ့တယ်။ ဟနေတဲ့ သူ့နှုတ်ခမ်းတွေကြားကနေ ခပ်မှိုင်းမှိုင်း ဆေးလိပ်ငွေ့တွေ စီးထွက်လာခဲ့တယ်။
“ထွက်ချင်ပါတယ်ဆိုတဲ့ ခွေးမသားက ဘာဖြစ်လို့များ ဒီအထိရောက်လာရတာလဲ။ အခု တအားတွေ အောင်မြင်သွားပြီဆိုတော့ ဒီနေရာက မင်းအောက်မှာရှိနေသလို ဖြစ်သွားပြီပေါ့လေ၊ ဟုတ်လား။ ဒီနေရာက မင်းစိတ်တိုင်းကျ လှိမ့်ချင်တိုင်းလှိမ့်နေလို့ရတဲ့ မင်းအိမ်လား။ စိတ်တိုရင် ထွက်သွားမယ်။ စိတ်ကောင်းဝင်ရင် ပြန်လာမယ်။ မင်းအတွက် ဒီနေရာက အဲ့ဒီလိုနေရာမျိုးဖြစ်နေတာလား။ ဟင်။”
“မှားသွားခဲ့ပါတယ်။ တောင်းပန်ပါတယ်။”
ထယ်ဝမ်က ဝန်ထမ်းတွေအားလုံးရဲ့အရှေ့မှာ နောက်တစ်ခါ ဦးညွှတ်ပြီး တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ ဂျယ်ဝန်းရဲ့ဒေါသက ပြေပျောက်မသွားခဲ့ပါဘူး။ ဒီသရုပ်ဆောင်ဆီကနေ၊ လူသားတစ်ယောက်ဆီကနေ သစ္စာဖောက်ခံရသလို ခံစားခဲ့ရပြီး ဒေါသကို လက်မလွှတ်နိုင်ခဲ့ဘူးလေ။
“ဒီတော့ အခု ဘာလဲ။ ဘာလုပ်ချင်တာလဲ။ ဒရာမာရိုက်ဖို့ ပြန်လာမယ်လို့ ပြောနေတာလား။ ဒီမှာ အခုလိုမျိုး စိတ်ညစ်ရအောင် လုပ်ပြီးသွားတဲ့နောက်မှာလေ။ မင်းကြောင့် ဝန်ထမ်းတွေ ဘယ်လောက် ဒုက္ခများခဲ့ကြရလဲ သိရဲ့လား။”
“တောင်းပန်ပါတယ်။”
ထယ်ဝမ် အထပ်ထပ်အခါခါ တောင်းပန်ပြီးတာတောင်မှ ဂျယ်ဝန်းရဲ့ နားဝင်မချိုစရာ စကားတွေက ရပ်တန့်မသွားခဲ့ပါဘူး။
“အားလုံးကို ဒီလိုတွေဖြစ်အောင် လုပ်ပြီးတဲ့နောက်မှာ မင်းကတော့ ချစ်ရေးချစ်ရာကိစ္စမှာ အကောင်းဆုံး ကြိုးစားနေတာပါလား။ အခုတလော ဘယ်ဘက်ပဲကြည့်ကြည့် စကန်ဒဲလ်တွေ ပွထနေအောင် လုပ်နေတာပဲ။ ဆုရလိုက်၊ ရည်းစားထားလိုက်…ဒရာမာက မင်းခေါင်းထဲ တစ်ခါလေးတောင် ဝင်လောက်မှာမဟုတ်ဘူးနော်၊ ဟုတ်လား။ စားဝတ်နေရေးအတွက် ငါ လုံလုံလောက်လောက် ရှာထားပြီးပြီပဲလေ၊ အဲ့ဒီလိုမျိုးလား။ ဟင်။”
အစကတော့ ဝန်ထမ်းတွေအားလုံးက ထယ်ဝမ့်ကို စိတ်ပျက်စွာ ကြည့်နေခဲ့ကြတယ်။ ဒါပေမဲ့ ဂျယ်ဝန်းက အဆိပ်ပြင်းတဲ့စကားတွေ ဆက်တိုက်ပြောနေတဲ့အခါ သူတို့လည်း ဘယ်လိုတွေးလို့တွေးရမှန်း မသိကြတော့တဲ့ပုံပါပဲ။ ဒီအတိုင်းဆက်သွားရင် ထယ်ဝမ် တကယ်ပဲ ဒရာမာရိုက်ကူးရေးကနေ ထွက်သွားလိုက်မှာကို ပူပန်နေခဲ့ကြတယ်။
“ရိုက်ကူးရေးလုပ်ရမဲ့အချိန်က မကြာခင် ကုန်ပါတော့မယ်။ အခုချက်ချင်း စရိုက်မှဖြစ်မှာပါ။”
လက်ထောက်ဒါရိုက်တာက ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ဂျယ်ဝန်းကို ဖြတ်ပြောခဲ့တယ်။ လက်ရှိ အရေးကြီးတဲ့ပြဿနာက ရိုက်ကူးရေး ဆက်လုပ်ဖို့အတွက် ထယ်ဝမ့်ကို အပျော့ဆွဲနဲ့ နားချကြည့်ဖို့ပါ။ ဒီအတိုင်းသာဆို ဒရာမာ ထုတ်လွှင့်နိုင်လောက်မှာမဟုတ်ပါဘူး။ လက်ထောက်ဒါရိုက်တာ အခြေအနေကို အောင်မြင်စွာ ဖြေလျှော့ပြီးတဲ့နောက်မှာ ဂျယ်ဝန်းလည်း နောက်ဆုံးတော့ ပါးစပ်ပိတ်သွားခဲ့တယ်။
ရိုက်ကူးရေး တစ်ဖန်ပြန်စတင်ခဲ့တယ်။ ထယ်ဝမ့်ကို ကြည့်နေကြတဲ့ ရိုက်ကူးရေးဝန်ထမ်းတွေရဲ့ မျက်လုံးတွေက အေးစက်နေခဲ့တယ်။ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်အတွင်း ထယ်ဝမ်ရဲ့ ဆိုးဆိုးဝါးဝါး သရုပ်ဆောင်မှုတွေကို ပြန်တွေးမိခဲ့ကြတယ်။ ဒီနေ့လည်း ဘာမှပြောင်းလဲမှာမဟုတ်တာ သေချာပါတယ်။
‘ရည်းစားရလို့ ပျော်နေမှာပဲဆိုတော့ ဒါက သူ့ရဲ့ နောက်ဆုံး သရုပ်ဆောင်ခြင်း ဖြစ်မှာလား။’
တစ်စုံတစ်ယောက်က တီးတိုးပြောခဲ့တယ်။ ထယ်ဝမ်လည်း ကျိန်းသေပေါက် ကြားလိုက်ပေမဲ့ မကြားချင်ယောင်ဆောင်နေလိုက်တယ်။
“အက်ရှင်။”
ဂျယ်ဝန်းက စိတ်မပါ့တပါ အော်လိုက်တယ်။
လွဲရဲရင် လွဲကြည့်ပေါ့။ လုပ်ကြည့်လိုက်စမ်းပါ။
သူက ခြေထောက်ချင်းချိတ်ထိုင်ပြီး ထယ်ဝမ့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။
****
“ခွေးမသား ကောင်စုတ်။”
ဂျယ်ဝန်းက သူ့အရှေ့မှာရပ်နေတဲ့ ထယ်ဝမ်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး သူ့စီးကရက်သူ ကိုက်လိုက်တယ်။ ဒီနေ့ ရိုက်ကူးရေးပြီးသွားတော့ သူက ထယ်ဝမ့်ကို ခေါ်တွေ့ခဲ့တာလေ။ ပြီးတော့ ဒါတွေက သူ ပထမဆုံး ပြောလိုက်တဲ့စကားတွေပါ။ ပုံမှန်ဆို ထယ်ဝမ့်ကို စိတ်ခုသွားစေမှာဆိုပေမဲ့ သူ့မျက်နှာထားက ကိစ္စမရှိဘူးဆိုပြီး ပြနေခဲ့တယ်။
“ငါ မင်းကို ဆဲနေတာလေ။ စိတ်မဆိုးဘူးလား။”
“ဒီအခြေအနေမှာ ကျွန်တော့်ကို ဒေါသဖြစ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်၊ ဒါရိုက်တာကြီး။”
“ဪ ဟုတ်လား။”
ဂျယ်ဝန်းရဲ့စကားကို ကြားတဲ့အခါ ထယ်ဝမ်က စိတ်ထဲမထားဘဲ ခပ်ရေးရေးသာ ပြုံးပြခဲ့တယ်။
“လာပြုံးပြမနေနဲ့ ကောင်စုတ်ရ။ မင်းကတော့ တကယ်ပဲ…ဟား။”
ဂျယ်ဝန်းက အလွန်အကျွံ ဒေါသထွက်နေတဲ့ပုံပါ။ သူက ထယ်ဝမ့်ကို အထက်အောက် စုန်ဆန်ချည် စိန်းစိန်းဝါးဝါး စိုက်ကြည့်ခဲ့တယ်။ ထယ်ဝမ်က တော်တော်လေး အရပ်ရှည်တာကြောင့် သူ့တစ်ကိုယ်လုံးကို ကြည့်နိုင်ဖို့အတွက် တော်တော်လေး ကြာခဲ့ပါတယ်။
ဒီနေ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းက ထယ်ဝမ် မလုပ်နိုင်ခဲ့တဲ့ အခန်းပါ။
ဒီဇာတ်ဝင်ခန်းမှာ ဇာတ်လိုက်မင်းသားက လမ်းခွဲပြီးသွားတဲ့နောက် ငိုရမှာလေ။
ထယ်ဝမ်သာ ထပ်ပြီးတော့ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် ဂျယ်ဝန်းက သူ့ကို အရှက်ခွဲပြီး စတူဒီယိုထဲက မောင်းထုတ်ဖို့ စီစဉ်ထားတာပါ။ ရိုက်ကူးရေးဝန်ထမ်းတွေကလည်း တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်ကြတဲ့အလား ထယ်ဝမ့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေခဲ့ကြတယ်။
ထယ်ဝမ်က အခုလေးတင် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရထားပြီး ရည်းစားတောင် ထားလိုက်သေးတာလေ။ လမ်းခွဲပြီးတဲ့နောက် ငိုရမဲ့ဇာတ်ဝင်ခန်းကို အောင်အောင်မြင်မြင်လုပ်နိုင်စရာ အကြောင်းမရှိဘူးပေါ့။
အားလုံးက သူ့ကို မအောင်မြင်ဖို့ မျှော်လင့်ထားကြပြီး လှောင်ရယ်ဖို့ အသင့်ဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ဒါရိုက်တာက ‘အက်ရှင်’ လို့ အော်လိုက်ပြီးတဲ့နောက်မှာ အနေအထားက ပြောင်းလဲသွားခဲ့တယ်။
ရိုက်ကွင်းမှာ အကြောင်သားရပ်နေရင်း ထယ်ဝမ့်မျက်လုံးတွေမှာ အာရုံစူးစိုက်မှု ပျောက်သွားခဲ့တယ်။ လေဟာပြင်ထဲ ကြည့်နေရင်း သူက သွားချင်းကြိတ်လိုက်တယ်။ ဝမ်းနည်းကြေကွဲမှုကို ထိန်းချုပ်ဖို့ကြိုးစားရင်း သူ့မျက်နှာမှာ နာကျင်မှုက ဖြတ်သန်းပေါ်လွင်လာခဲ့တယ်။
မကြာပါဘူး သူ့မျက်လုံးထဲကနေ မျက်ရည်တွေ စတင်စီးကျလာတော့တယ်။ ခဏနေတော့ သူ့နှုတ်ဖျားကနေ ငိုသံတစ်ချက် ထွက်လာခဲ့တယ်။ ဂန်ထယ်ဝမ်က အရာအားလုံး ဆုံးရှုံးလိုက်ရတဲ့လူတစ်ယောက်လို ငိုခဲ့တယ်။
ပွင့်အံထွက်လာတဲ့ နက်နက်ရှိုင်းရှိုင်း နာကျင်မှုကို အံမတုနိုင်တဲ့အလား ငိုရှိုက်နေရင်း သူ့ခန္ဓာကိုယ်က တုန်ယင်လာခဲ့တယ်။ ထယ်ဝမ့် သရုပ်ဆောင်မှုမှာ စီးမျောသွားတဲ့ ဂျယ်ဝန်းတစ်ယောက် ‘ကတ်’ လို့ အော်ဖို့ အချိန်ကိုက်တောင် လွဲသွားခဲ့ရတယ်။
တုန်ယင်နေတဲ့ ထယ်ဝမ့်ဆံပင်တွေ၊ မဲ့နေတဲ့ သူ့ရဲ့မျက်နှာ၊ တုန်ယင်နေတဲ့ သူ့လက်ချောင်းတွေအထိပါ…အပိုအလိုဆိုတာ တစ်ခုမှ မရှိသလိုပါပဲ။
နောက်ဆုံး သတိပြန်ဝင်လာတော့မှ ဂျယ်ဝန်းက “ရပြီ” ဆိုပြီး အော်ခဲ့တယ်။ အဲ့ဒီတော့မှပဲ ထယ်ဝမ်လည်း အငိုရပ်သွားတော့တယ်။
ရိုက်ကူးရေးဝန်ထမ်းတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဘာတွေဖြစ်သွားခဲ့တာလဲ။
သူတို့ရဲ့ တီးတိုးစကားတွေကို ကြားရတဲ့အခါ ဂျယ်ဝန်းက ပါးစပ်ကနေထွက်လာဖို့ တာဆူနေတဲ့ ဆဲရေးစကားတွေကို မျိုသိပ်ထိန်းချုပ်ထားလိုက်ရတယ်။ အဲ့ဒီနောက်မှာ ရိုက်ကူးရေးကို ချောချောမွေ့မွေ့ပဲ ဆက်လုပ်နိုင်ခဲ့တယ်။
ထယ်ဝမ်က အမှားတစ်ခုတောင်မလုပ်ခဲ့ဘဲ တစ်နေ့တာရိုက်ကူးရေးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဝန်ထမ်းတွေက ‘အစကတည်းက ဒီလိုမျိုးလုပ်ခဲ့ရမှာကို။ အဲ့ဒီလိုသာဆို ငါတို့တွေလည်း ဒီလိုမျိုးတွေ ကြုံတွေ့ရမှာမဟုတ်ဘူး။’ ဆိုပြီး တိုးတိုးတိုးတ်ိုး ပြောခဲ့ကြတယ်။ ပြီးတော့ ‘ဒါပေမဲ့လည်း သူက အံ့ဩစရာကောင်းနေတုန်းပဲနော်။ ဂန်ထယ်ဝမ်ဖြစ်နေတာ အလကားတော့ မဟုတ်ဘူးကိုး။’ ဆိုပြီးတော့လည်း ထပ်ပြောခဲ့ကြတယ်။
ဒီအတွက်ကြောင့်ပဲ ဂျယ်ဝန်းက ထယ်ဝမ့်ကို လက်မလျှော့နိုင်တာပေါ့။ ဒါရိုက်တာတစ်ယောက်အနေနဲ့ အတ္တကြီးတဲ့ အလိုလောဘတွေကနေ ဖြစ်လာတာပါ။ ဒီနေရာမှာ ဂန်ထယ်ဝမ်လောက် ပီပြင်အောင် ကောင်းကောင်းသရုပ်ဆောင်နိုင်မဲ့ တခြားသရုပ်ဆောင်ဆိုတာ မရှိတော့ပါဘူး။
အဲ့ဒါကြောင့် သူ တော်တော်လေး ဒေါသဖြစ်မိခဲ့ရတာပါ။ ဝန်ထမ်းတွေနဲ့ ရိုက်ကူးရေးအပေါ် ထင်သလိုလုပ်ခဲ့တဲ့အတွက် ဂန်ထယ်ဝမ်ကို ဆူဖို့စီစဉ်ထားခဲ့ပေမဲ့ အခုတော့ သူ့ကို ဆွဲထားရဖို့ ဖြစ်လာခဲ့တော့တယ်။
“တခြားသရုပ်ဆောင် မရှာပါနဲ့တော့။ အခုကစပြီး ကျွန်တော် ပိုကြိုးစားသွားပါ့မယ်။”
ထယ်ဝမ်က ပြောလည်းပြောရင်း ဂျယ်ဝန်းကို ညင်သာစွာ ပြုံးပြခဲ့တယ်။ ဂျယ်ဝန်းက စိတ်ထဲမှာ ပွက်ပွက်ဆူနေပေမဲ့ ထယ်ဝမ့်ကို စိတ်မဆိုးနိုင်ခဲ့ပါဘူး။
သူ့ကိုယ်သူ လုံလုံလောက်လောက် တောင်းပန်ပြင်ဆင်ခဲ့ပြီးပြီမှန်း သိပေမဲ့ ထယ်ဝမ်က ရိုရိုကျိုးကျိုးနဲ့ တောင်းတောင်းပန်ပန် ရှိနေဆဲပါ။ အဲ့ဒါကြောင့် ဂျယ်ဝန်းတစ်ယောက် သူ့ကို မုန်းချင်တာတောင် မမုန်းနိုင်ခဲ့ပါဘူး။
“ကျွန်တော် နောက်မကျစေရပါဘူး။ ရှိသမျှ အားထုတ်ပြီး ဆက်လုပ်သွားပါ့မယ်။ ပြီးတော့ ဝန်ထမ်းတွေကိုလည်း တစ်ဝိုင်းကျွေးပါ့မယ်။”
ထယ်ဝမ်က ထပ်ပြောခဲ့တယ်။
“ဟူး၊ ကျွေးရမှာပေါ့။ ဒါတွေအကုန်လုံးလုပ်ပြီးတော့ မင်း တကယ်ပဲ ဒရာမာရိုက်ကူးရေးကနေနားဖို့ စီစဉ်နေတာလား။”
ဂျယ်ဝန်းက နည်းနည်း ပိုတည်ငြိမ်လာတဲ့လေသံနဲ့ မေးခဲ့တယ်။ သူက ခေါင်းမော့ပြီး မှောင်မည်းနေတဲ့ ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက လေဟာပြင်ထဲကို ငေးလျက်ရှိနေခဲ့တယ်။
“ဒီအတွက် မင်း ငါ့အပေါ် ကျေးဇူးကြွေးတင်သွားပြီ။ ငါ့အတွက် နောက်ပရောဂျက်တစ်ခု လာလုပ်ပေးဖို့ခေါ်ရင် ငြင်းလို့မရဘူးနော်။ ဟုတ်ပြီလား။”
“ဟုတ်ပါပြီ။”
“အခုပဲ ပြောလိုက်တော့မယ်။ ငါ့ရဲ့ နောက်ပရောဂျက် အမျိုးအစားက မင်းကြောင့် အက်ရှင်ဖြစ်မှာ။ အထိုးခံရမယ်၊ ပေါက်ကွဲတာတွေခံရမယ်၊ လူးလှိမ့်ရမယ်၊ ပြီးတော့ ကားရှေ့လည်း ပြေးဝင်ရမှာ။ ငါက မင်းကို ခုံးကျော်တံတားပေါ်ကပါ ပြုတ်ကျခိုင်းမှာနော်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်ကို သေချာအဆင်သင့်ဖြစ်အောင် လုပ်ထား။ ဟုတ်ပြီလား။”
ဂျယ်ဝန်းရဲ့ သတိပေးချက်ကြောင့် ထယ်ဝမ်က ရယ်လိုက်တယ်။
“ဟုတ်ပါပြီ။”
“နောက်နေတာမဟုတ်ဘူးကွ။”
ဂျယ်ဝန်းရဲ့မျက်နှာထားက အလေးအနက်ဖြစ်လာခဲ့တယ်။
“နောက်နေတာမဟုတ်မှန်း သိပါတယ်။ မနက်ဖြန်ကစပြီး gym မှာ work-out လုပ်တဲ့ ပမာဏကို တိုးလိုက်မယ်။”
“ဟုတ်ပြီလေ။ အခု ဒါရိုက်တာရဲ့ ပေါက်ကရစကားတွေ ဒီလောက်ပဲ။ မနေ့ညက စကင်န်ဒဲလ်မှာပါတဲ့ မိန်းကလေးပြောပါတယ်…သူက မင်းနဲ့ လမ်းခွဲခဲ့တဲ့တစ်ယောက်လား။ သတင်းတွေထဲမှာပြောတော့ သူက မော်ဒယ်လ်ဆို။ နာမည်က နာဟာယွန်းဆိုလား။”
ဂျယ်ဝန်းက ပိုပြီးနူးညံ့တဲ့မျက်နှာထားနဲ့ ထယ်ဝမ့်ကို တစ်ချက်ကြည့်လိုက်တယ်။
“ဟုတ်ပါတယ်။”
ဟာယွန်းအကြောင်းပါလာချိန်မှာ ထယ်ဝမ့်မျက်နှာက ချက်ချင်းဆိုသလို ပြေလျော့လာခဲ့တယ်။ ဂျယ်ဝန်းက ဟာယွန်းနာမည်လေးပဲ ထည့်ပြောရသေးပေမဲ့ ထယ်ဝမ်ကတော့ ပထမဆုံးအချစ်မှာ အရူးအမူးဖြစ်နေတဲ့ ချာတိတ်လေးတစ်ယောက်လိုပါပဲ။
ဂန်ထယ်ဝမ်က အဲ့ဒီလိုမျက်နှာထားမျိုး လုပ်နိုင်တယ်ဆိုတော့…
သူက ဒီလောက်အထိ ပျော်နေတာကို ဒီနေ့ ရိုက်ကူးရေးအတွက် ရအောင်ငိုလိုက်နိုင်ပါသေးတယ်။ ဂန်ထယ်ဝမ်ကတော့ ပါရမီရှင် သရုပ်ဆောင်တစ်ယောက်ပါပဲ။ ဂျယ်ဝန်းက သက်ပြင်းချလိုက်တယ်။
“ဓာတ်ပုံတွေ့လိုက်တယ်။ လှသားပဲ။”
“ဟုတ်တယ်၊ သူက လှတယ်။”
“တော်သေးလို့ မင်းကျကျန်ခဲ့တဲ့နေရာမှာ ရှိနေတုန်းပဲကိုး။ ဘယ်သူမှ ကောက်ယူမသွားဘူးထင်ပါရဲ့။”
“တော်သေးလို့ပေါ့။”
ထယ်ဝမ်က ဂျယ်ဝန်းရဲ့ ဥပမာပေးရှင်းပြချက်ကို ပြန်တွေးမိပြီး ခေါင်းညိတ်လိုက်တယ်။
“အဲ့ဒါ တကယ် တော်သေးတာကွ။ ဒါမျိုးဆိုတာ ခဏခဏ ဖြစ်လေ့ရှိတာမဟုတ်ဘူး။ ရှေ့လျှောက်ကို သတိထားပေတော့။ နောက်တစ်ခါသာ ထပ်ပြုတ်ကျလို့ကတော့ ပွဲသိမ်းသွားမှာ။ ငါ့လိုကောင်မျိုး မဖြစ်စေနဲ့၊ ခွေးကောင်ရ။”
“ဟုတ်ကဲ့၊ သတိထားသွားမှာပါ။”
“အေးကွာ။ ပြီးတော့ မနက်ဖြန် ရိုက်ကူးရေးအချိန်မတိုင်ခင် အချိန်ပိုလေး ချန်ပေးထားဦး။ ငါ့သမီးက မင်းနဲ့ ဗီဒီယိုကောလ် ပြောချင်လို့တဲ့။ ရမလား။”
ထယ်ဝမ်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။ ယောင်ရှစ်က သူတို့ရပ်နေကြတဲ့နေရာဆီ ကားယူလာခဲ့တယ်။ ထယ်ဝမ့်ကားလေး အဝေးကို မောင်းထွက်သွားတာကြည့်ရင်း ဂျယ်ဝန်းက သူ့ရဲ့စီးကရက်ကို မြေကြီးပေါ်ပစ်ချပြီး ခြေထောက်နဲ့ ဖိခြေလိုက်တယ်။
“သူကတော့ အများကြီး အခြေအနေကောင်းလာတာပဲ။ ဆဲဖို့တောင် အခက်တွေ့ရအောင်လို့။ ငါ့နှယ်။”
နောက်ဆုံးလက်ကျန် စီးကရက်အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း ဂျယ်ဝန်းက ဗြောင်းဆန်နေတဲ့ ရိုက်ကွင်းဆီ ပြန်လာခဲ့တယ်။
“အားလုံး ဘာတွေလုပ်နေကြတာလဲ။ ဒါတွေကို ရှင်းကြတော့လေ။”
ဂျယ်ဝန်းက အားလုံး သူ့နေရာနဲ့သူ နေသားတကျပြန်ဖြစ်သွားတဲ့အလား အော်ပြောခဲ့တယ်။
****
ထယ်ဝမ်နဲ့ စကင်န်ဒဲလ် ထွက်ပြီးတဲ့နောက်မှာ ဟာယွန်းရဲ့ဖုန်းက မနားတမ်းကို တရစပ်မြည်နေခဲ့တယ်။ အားမြန်မြန်ကုန်သွားတာကြောင့် ဘတ္ထရီအပိုနဲ့ အားပြန်သွင်းခဲ့ရတယ်။
ထယ်ဝမ်နဲ့ ဒိတ်လုပ်တုန်းက ဟာယွန်း သူ့မျက်နှာသူ ဖုံးထားခဲ့ပေမဲ့ တော်တော်များများက သူ့ကို သိသွားခဲ့ကြတယ်။ တော်တော်လေးကို မြန်မြန်သိကုန်ကြတာကြောင့် သူ့ရဲ့အားထုတ်မှုတွေအားလုံး အလကားဖြစ်သွားသလိုပါပဲ။ သူ့နာမည်က အချိန်တိုအတွင်းမှာပဲ ရှာဖွေမှုစာရင်းတိုင်းရဲ့ ထိပ်ဆုံးမှာရှိနေပါတော့တယ်။
(နာဟာယွန်း)
(မော်ဒယ်လ် နာဟာယွန်း)
(ဂန်ထယ်ဝမ်၊ နာဟာယွန်း)
တစ်ရက်အတွင်းမှာပဲ သူ့နာမည်က ဂန်ထယ်ဝမ်ရဲ့နာမည်နဲ့တွဲပြီး ရှာဖွေမှုစာရင်းတွေမှာ ရှိနေခဲ့တယ်။ ဂျီယွန်းနဲ့ ယူလ်ဟီးတို့ကစပြီး ဟာယွန်းနဲ့သိတဲ့သူမှန်သမျှ သူ့ဆီ ဖုန်းဆက်လာခဲ့ကြတယ်။ ဟာယွန်းက ဂျီယွန်းနဲ့ တခြား ရင်းနှီးတဲ့သူတချို့ကို ဖုန်းပြန်ဆက်ပြီး အကျိုးအကြောင်း ရှင်းပြခဲ့တယ်။ ဂျီယွန်းက ဂုဏ်ယူတဲ့အကြောင်းပြောခဲ့ပြီး ယူလ်ဟီးကတော့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေပုံပါပဲ။
-တော်သေးတာပေါ့၊ တကယ် တော်ပါသေးရဲ့။ တကယ်တော့လေ၊ ငါက သူ့ကို နင့်လိပ်စာပြောမိလို့ မှားသွားမလားဆိုပြီး ကြောက်နေတာ။ ဒါပေမဲ့ ဂန်ထယ်ဝမ်က ဆက်တိုက် မေးနေတာနဲ့ ငါလည်း ဆက်ပြီးမငြင်းနိုင်တော့ဘူး…ပြီးတော့ နင်တို့ရဲ့အချစ်က ဘယ်လောက်လှမှန်း ငါလည်း သိနေတော့ နောက်ဆုံးမှာ အဆင်ပြေသွားစေချင်လို့…ဘာပဲဖြစ်ဖြစ်ပါ၊ အားလုံးအဆင်ပြေသွားလို့ တော်သေးတာပေါ့။
ယူလ်ဟီးက အားရပါးရ ဂုဏ်ပြုကြောင်းပြောခဲ့တယ်။ သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြီးတဲ့အခါ ဟာယွန်းက နောက်တစ်ယောက်ဆီ ထပ်ခေါ်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ အမည်မသိနံပါတ်တွေ စပြီးခေါ်ဆိုလာကြပါတော့တယ်။ ဟာယွန်းတစ်ယောက် ချလိုက်ရမဲ့ဖုန်းကိုတောင် မှားပြီးကိုင်လိုက်မိပါသေးတယ်။
-နာဟာယွန်းလားခင်ဗျ။ ကျွန်တော်က One Sound က သတင်းထောက်ပါ။ ဂန်ထယ်ဝမ်နဲ့ စကန်ဒယ်လ်ကို အတည်ပြုပါသလားခင်ဗျ။ အားလုံးက အဲ့ဒါ နာဟာယွန်းပဲလို့ ပြောနေကြပါတယ်။ အမှန်ပဲဆိုရင် ကျွန်တော်နဲ့ အင်တာဗျူးလုပ်ပေးနိုင်မလားခင်ဗျ။ နာဟာယွန်းဘက်ကို ပိုပိုသာသာလေးရှိမဲ့ သတင်းမျိုး ရေးပေးပါ့မယ်။
ဟာယွန်းတောင် ဘာမှမပြောနိုင်သေးခင်မှာ သတင်းထောက်က သူပြောချင်တာတွေ အကုန်ပြောသွားခဲ့တယ်။
“အားနာပေမဲ့ အခု နည်းနည်းအလုပ်များနေလို့ပါရှင့်။”
ပြန်ဖြေပြီးတဲ့နောက်မှာ မြန်မြန်ပဲ ဖုန်းချပစ်လိုက်တယ်။ အဲ့ဒီနောက်မှာ သတင်းစာတွေ၊ မဂ္ဂဇင်းတွေဆီကနေ အင်တာဗျူးလုပ်ဖို့ ခွင့်တောင်းတဲ့စာတွေ ရေကြီးသလို ဝင်လာခဲ့တယ်။ သူ့ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲလို့ သူတို့ကို မေးကြည့်ချင်မိပါတယ်။
ဒါပေမဲ့ ဟာယွန်းရဲ့အေဂျင်စီက ဖုန်းဆက်လာပြီး စုံစမ်းတဲ့ဖုန်းတွေ တစ်ပြုံကြီးဝင်လာတာကြောင့် ဘာအလုပ်မှမပြီးဘူးဆိုပြီးတော့ စောဒကတက်ခဲ့တယ်။
-ဖုန်းတွေက မိုးရွာသလိုကို တရစပ်ဝင်လာတာ။ အာရုံစိုက်လို့ကို မရဘူး။ လုံးဝအလုပ်တွေ ရပ်ကုန်တာ။ ငါ့ဖုန်းနံပါတ်ကို ဘယ်လိုသိသွားမှန်း မသိပေမဲ့ နင့်အကြောင်းမေးဖို့ ဖုန်းဆက်ကြတာပဲ။ ဘာတွေဖြစ်နေတာလဲ။
ဟာယွန်း အေဂျင်စီရဲ့ ဒါရိုက်တာက စိတ်တိုတိုနဲ့ သက်ပြင်းချခဲ့တယ်။ ဟာယွန်းက သူတို့တွေ သူ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားကြတာလဲလို့ မေးမလို့ပြင်ပြီးမှ မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလူတွေက အေဂျင်စီဒါရိုက်တာရဲ့ဖုန်းကိုတောင် ရနိုင်ခဲ့ကြသူတွေဆိုတော့ ဟာယွန်းရဲ့ဖုန်းနံပါတ်ကို ရှာရတာက အလွယ်လေးဖြစ်မှာပါပဲ။
-ဒါနဲ့ တကယ်ပဲ ဂန်ထယ်ဝမ်နဲ့ တွဲနေတာလား။ ဒီအတိုင်း ဟာယွန်းနဲ့ဆင်တဲ့ တစ်ယောက်ယောက် မဟုတ်ဘူးလား။ ဓာတ်ပုံတွေ့လိုက်တယ်၊ ဟာယွန်းနဲ့ တကယ်တူပေမဲ့ အဲ့ဒီအကြောင်း တစ်ခါမှမပြောဖူးတော့ မသေချာဘူးဖြစ်နေလို့။
ညည်းပြလို့ပြီးသွားတဲ့နောက်မှာ ဒါရိုက်တာက မယုံသင်္ကာလေသံနဲ့ မေးခဲ့တယ်။
“ဟုတ်ပါတယ်၊ အဲ့ဒါ ကျွန်မပါ။”
-ဝါး တကယ်လား။ သိတောင်မသိလိုက်ဘူး။ နှစ်ယောက်က ဘယ်လိုတွေ့ခဲ့ကြတာလဲ။
“ကျွန်မတို့က အထက်တန်းကျောင်း အတူတူတက်ခဲ့ကြတာပါ။”
-ဒါဆို အင်တာနက်မှာ ပြောနေတာတွေက အမှန်ပဲပေါ့။ နှစ်ယောက်က အထက်တန်းကျောင်းမှာကတည်းက အတန်းဖော်တွေဆိုတာ။ ဒီလိုဆို အဲ့ဒီကတည်းက တွဲနေခဲ့ကြတာပေါ့လေ…တကယ် မသိခဲ့ပါလား။ အခု ဘာလုပ်ကြမလဲ။ မသိဘူးလို့ပဲ ပြောလိုက်ရမလား။ ဒါမှမဟုတ် ဟာယွန်းမဟုတ်ဘူးလို့ပဲ ပြောလိုက်ရမလား။ ဘာလုပ်ရမလဲ။
ဟာယွန်းက သူ့ဖုန်းသူ ငေးကြည့်နေပြီးမှ ပြောလိုက်တယ်။
“အဲ့ဒါ ကျွန်မပဲလို့ ပြောလိုက်ပါ။”
-တကယ်ပဲ အဲ့ဒီလိုလုပ်လို့ ရရဲ့လား။
ဒါရိုက်တာက တစ်ချိန်လုံး ဒါကိုပဲ မျှော်လင့်နေခဲ့တဲ့အလား သတိထားပြီး မေးခဲ့တယ်။ ဟာယွန်းနဲ့ ဂန်ထယ်ဝမ်တို့ကြားက စကန်ဒဲလ်ကို ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ပြီဆိုရင် ဟာယွန်းရဲ့ အလုပ်အချိန်ဇယားကိုဖြည့်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ဝင်လာမှာပါ။
“ဟုတ်ကဲ့။”
အဲ့ဒါထက် ဟာယွန်းက ဒီထက်ပိုပြီး ပုန်းလျှိုးကွယ်လျှိုး မနေချင်တော့ပါဘူး။ ထယ်ဝမ်က ဦးထုပ်တောင်မဆောင်းဘဲ သူ့လက်ကို ထင်သာမြင်သာ ကိုင်ထားခဲ့တယ်မဟုတ်ပါလား။
“တခြားလူတွေအကြောင်း စိတ်ထဲထားမနေနဲ့။ ငါတို့အပေါ်မှာပဲ အာရုံစိုက်ထား။ တခြားလူတွေကို အရမ်းစိတ်ထဲထားခဲ့မိလို့ အချိန်တွေအများကြီး ဆုံးရှုံးခဲ့ရပြီးပြီမဟုတ်လား။”
သူ့မျက်လုံးတွေနဲ့ သူ့ရဲ့အပြုအမူတွေက ဟာယွန်းကို အဲ့ဒီအတိုင်း ပြောနေသလိုပါပဲ။ ထယ်ဝမ်လောက် ယုံကြည်မှုမရှိရင်တောင်မှ ဒီထက်ပိုပြီး ဖုံးဖိမနေချင်တော့ပါဘူး။
ဟာယွန်းက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း တရားဝင်ကြေညာချက်အတွက်သာ အတည်ပြုခဲ့ပြီး အင်တာဗျူးလုပ်ဖို့ တောင်းဆိုမှုမှန်သမျှကို ငြင်းခဲ့တယ်။ အဲ့ဒီနောက် ဒါရိုက်တာနဲ့ ဖုန်းချလိုက်တယ်။
ဒါရိုက်တာနဲ့ဖုန်းချပြီးလို့ ဆယ်မိနစ်တောင်မကြာခင်မှာပဲ ‘ဂန်ထယ်ဝမ်၊ နာဟာယွန်း။ အရူးအမူး ချစ်ကျွမ်းဝင်နေကြ။’ ဆိုတဲ့ ခေါင်းစီးနဲ့ သတင်းတစ်ပုဒ် ထွက်လာခဲ့တယ်။ အဲ့ဒီသတင်းကို ဖတ်လို့မပြီးသေးခင်မှာပဲ ရှောင်လွှဲလို့မရတဲ့ဖုန်းက ဝင်လာခဲ့တယ်။
သူ့အဖေဆီကဖုန်းပါ။
သူက ဟာယွန်းနဲ့တွေ့ချင်တယ်ဆိုလို့ ဟာယွန်းက သူ့ရဲ့အိမ်လိပ်စာကို ပေးလိုက်တယ်။ ကော်ဖီဆိုင်မှာ တွေ့ကြမယ်ဆိုရင် သူနဲ့ ထယ်ဝမ်အကြောင်း ပြောနေတာကို လူတွေကြားကုန်ကြမှာစိုးလို့ပါ။
ဒါကိုပဲစောင့်နေတဲ့အလား ဟာယွန်းအဖေက နာရီဝက်အတွင်း ရောက်လာခဲ့တယ်။ ဒါက တစ်နှစ်အတွင်းမှာ ဟာယွန်း ဖခင်ဖြစ်သူနဲ့ ပထမဆုံးအကြိမ်တွေ့ဖြစ်ခြင်းဖြစ်ပြီး သူ့မျက်နှာက ပြောင်းလဲမသွားခဲ့ပါဘူး။ သူက လိုအပ်ချက်ဆိုတာ တစ်စက်မှ မြင်စရာမရှိစေဘဲ အနောက်တိုင်းဝတ်စုံကို ဝတ်ထားခဲ့တယ်။
သူ့အဖေက ဟာယွန်းရဲ့တိုက်ခန်းကို ဟိုဟိုဒီဒီ စနည်းနာကြည့်ခဲ့တယ်။ အဲ့ဒီနောက် စားပွဲမှာ ဟာယွန်းနဲ့မျက်နှာချင်းဆိုင် ဝင်ထိုင်ခဲ့တယ်။ တော်တော်လေးကြာမှ ပထမဆုံးအကြိမ် တွေ့ဖြစ်ကြတာဆိုပေမဲ့ ဝမ်းသာစရာအခြေအနေမဟုတ်ဘဲ အနေခက်စရာအခြေအနေ ဖြစ်နေခဲ့တယ်။
“မတွေ့တာကြာသွားခဲ့ပါပြီ။”
ဟာယွန်းက အိုးတိုးအမ်းတမ်းအသံနဲ့ အရင်စပြောလိုက်တယ်။
“သတင်းတွေ့လိုက်တယ်။”
ဝတ်ကျေတမ်းကျေ နှုတ်ဆက်တာတွေကိုကျော်ပြီး ဟာယွန်းရဲ့အဖေက လိုရင်းကို ပြောခဲ့တယ်။ ဟာယွန်းက ပြန်မဖြေဘဲ ဆိတ်ငြိမ်တဲ့မျက်လုံးတွေနဲ့ အဖေဖြစ်သူကို ကြည့်နေခဲ့တယ်။ သတင်းတွေ့ပြီးရင် သူ့ဆီကို ဖုန်းဆက်လာမှာပဲလို့ ဟာယွန်း မျှော်လင့်ထားပြီးသားပါ။ အဲ့ဒီလိုမှမဟုတ်ရင် သူ့အဖေက အရင်စပြီး ဖုန်းဆက်မဲ့သူမဟုတ်ပါဘူး။
သူ့အဖေရဲ့မျက်ခုံးတွေ ကျုံ့သွားခဲ့တယ်။
“စကန်ဒဲလ်ပေါ့လေ။ ရှေ့လျှောက် ဘာလုပ်ဖို့များ စီစဉ်ထားလဲ။ ဒီအသက်ဒီအရွယ်နဲ့ အသိတရားလေး ပြန်ဝင်လာဖို့ မျှော်လင့်ထားမိပါတယ်…ဟူး။ သိပ်ပြီးနောက်မကျသေးဘူး။ နောက်သတင်းတစ်ပုဒ် ထပ်ထုတ်ပြန်ပြီး လမ်းခွဲလိုက်။”
“…”
“သူ့ဟာသူ ပိုက်ဆံတွေ ဘယ်လောက်ပဲရှာနိုင်ပါစေ၊ တစ်နိုင်ငံလုံးအနှံ့ သူ့မျက်နှာကို မွစာကြဲအောင် အကပ်ခံရတဲ့ကောင်ကို သမက်အဖြစ် လက်ခံကြိုဆိုဖို့ ငါ့မှာ လုံးဝစိတ်ကူးမရှိဘူး။ ခြေချော်လက်ချော်ဖြစ်သွားလို့ သူ့ရဲ့ပုံရိပ်နဲ့ ဂုဏ်သတင်းက ဟိုးအောက်ခြေအထိ ထိုးကျသွားရင် ပိုလို့တောင်ဆိုးဦးမယ်။ အနုပညာရှင်တွေအားလုံး အစပိုင်းမှာ လင်းလက်တောက်ပကြပေမဲ့ နောက်ဆုံးတော့ အဲ့ဒီလမ်းကိုသွားကြတာချည်းပဲ။ ဒီတော့ နင့်နှလုံးသားကို ပြန်ညှိပြီး အခုပဲဖြစ်ဖြစ် လက်လျှော့လိုက်တော့။”
“…”
“ဆက်ပြီးတော့ ငါ့ကို အာခံနေဦးမယ်ဆိုရင် နင့်ကို ရှေ့ဆက်ပြီး ငါ့သမီးအဖြစ် သဘောထားတော့မှာမဟုတ်ဘူးနော်။ ရုပ်ရှင်မင်းသားကို သမက်တော်ရမယ်တဲ့။ ဘယ်လောက်ပဲ ငါ့ကို မျက်နှာပျက်ရအောင်လုပ်ပါစေဦး အကန့်အသတ်ဆိုတာတော့ ရှိသေးတယ်လေ။ ပြီးခဲ့တဲ့ ၂နှစ်၊ ၃နှစ်လောက်တုန်းက ၃နှစ်ပဲစောင့်ပေးပါဆိုပြီး တောင်းပန်ခဲ့ကတည်းက သိခဲ့ရမှာ…”
“ပြီးခဲ့တဲ့ ၂နှစ်၊ ၃နှစ် ဟုတ်လား။”
ဟာယွန်းက ဖခင်ဖြစ်သူရဲ့စကားကို ဖြတ်ပြောလိုက်တယ်။ သူ့အဖေက မထီလေးစား အပြုခံရသလိုမျက်နှာထားမျိုးနဲ့ သူ့ကို ကြည့်ခဲ့တယ်။
“အဲ့ဒီကောင်က နင့်ကို မပြောပြဘူးလား။”
“အရင်တုန်းက ထယ်ဝမ်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ပြောနေတာလား။”
“ပြီးခဲ့တဲ့ ၂နှစ်၊ ၃နှစ်လောက်က တွေ့ခဲ့တာ။ ငါ့သမီးတွဲနေတာ ဘယ်လိုကောင်မျိုးလဲဆိုပြီး သိချင်လို့လေ။”
“…သူ့ကိုရော သမီးအပေါ် ဆက်ဆံသလိုမျိုး ဆက်ဆံခဲ့တာလား။”
ဟာယွန်းက မျက်လုံးတွေကို ကျုံ့လိုက်တယ်။ သူ့ဖခင်မှာ တသီးတသန့် သေချာသတ်မှတ်ထားတဲ့ စံနှုန်းတွေရှိပါတယ်။ ကိစ္စတွေ သူ့စိတ်တိုင်းကျ မဖြစ်တဲ့အခါ လူတွေရဲ့စိတ်မှာ သည်းမခံနိုင်ချင်စရာ ဒဏ်ရာတွေကို ပေးတတ်ပါတယ်။ ထယ်ဝမ်နဲ့တွဲနေတယ်လို့ ပြောခဲ့တုန်းကလည်း ဟာယွန်းကို အဲ့ဒီလိုလုပ်ခဲ့တာပါပဲ။
“အဲ့ဒီ ဘာမှသုံးစားမရတဲ့ကောင်နဲ့ တွဲရတဲ့အကြောင်းရင်းက ဘာများလဲ။ ကိစ္စမရှိဘူး။ သူ့ကိုဖြတ်လိုက်။ သူ့ထက်ပိုသာတဲ့သူနဲ့ ပေးတွေ့မှာမို့လို့ အသာလေး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထား။”
“သမီး တခြားဘယ်သူနဲ့မှ တွေ့မှာမဟုတ်ဘူး။ အဲ့ဒီလိုလုပ်ဖို့ စိတ်ကူးလည်းမရှိဘူး။”
“ဒါဆို အဲ့ဒီကောင်လေးနဲ့ ဆက်တွဲဦးမှာပဲလို့ ပြောနေတာလား။ သူ့မှာ ရုပ်ရည်လေးတစ်ခုပဲရှိတာ။ အောက်မှာ ဘာမှအထောက်အပံ့အခိုင်အမာရှိတာမဟုတ်ဘူး။ အဲ့ဒါတောင် သူနဲ့ ဆက်တွဲဦးမှာလား။ ဘုရားက ငါ့ကို သမီးမှားပေးလိုက်တယ်မှတ်နေတာ အဲ့ဒီထက် ပိုဆိုးနေတာပဲ။”
ထယ်ဝမ်က ဘယ်လိုယောက်ျားမျိုးလဲဆိုတာကို သူ့အဖေက မသိချင်ပါဘူး။ ဟင့်အင်း သူက သူ့သမီး ဘယ်လိုမိန်းမလဲဆိုတာကိုတောင် သိချင်တာမဟုတ်ဘူးလေ။
သူ့အတွက်တော့ သူ့သမီးက ဆရာဝန်တစ်ယောက် ဖြစ်လာဖို့ပဲ လိုအပ်တာပါ။ ဟာယွန်းဆိုတာ သူ့အတွက် စိတ်ကျေနပ်စရာ သမက်ကောင်းတစ်ယောက်ရဖို့အတွက် ဆရာဝန်တစ်ယောက်ဖြစ်လာဖို့လိုအပ်တဲ့ အသုံးချခံပစ္စည်းတစ်ခုပါပဲ။
သူ အဲ့ဒီစကားတွေ ပြောပြီးတဲ့နောက်မှာ ဟာယွန်းက အိမ်ကို ဘယ်တော့မှ မပြန်တော့ပါဘူး။ သူ့ဖခင်ကတော့ မကြာမကြာ အဆက်အသွယ်လုပ်တတ်ပါတယ်။ အဲ့ဒီလိုဖုန်းဆက်ပြီးရင် နောက်ဆုံးမှာ အမြဲတမ်း နာကျင်စရာစကားတွေ၊ ခနဲ့တဲ့စကားတွေနဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ ဟာယွန်းက ဖခင်ရဲ့ဖုန်းကိုတောင် မကိုင်တော့ပါဘူး။
“နင်က သိက္ခာကျအရှက်ရစရာပဲ။”
အဲ့ဒါကတော့ သူ ဟာယွန်းကို နောက်ဆုံးပြောခဲ့တဲ့စကားတွေပါပဲ။ ပြီးတော့ ဒီနေ့မှာ သူက တစ်စက်မှပြောင်းလဲသွားခြင်းမရှိဘဲ ဟာယွန်းကို လာတွေ့ခဲ့တယ်။
သက်ရောက်မှု ပျောက်သွားပါစေလို့ မျှော်လင့်ထားတဲ့ နာကျင်စရာစကားတွေက ဟာယွန်းကို တစ်ခါထပ်ပြီး နာကျင်စေခဲ့ပြန်တယ်။ သူ ဘေးမှာမရှိဘဲ ထယ်ဝမ်တစ်ယောက်တည်း ဒါကို ကျော်ဖြတ်ခဲ့ရတယ်ဆိုပြီး တွေးမိရုံနဲ့တင် ဟာယွန်းရဲ့အမြင်လွှာက မှောင်ကျသွားခဲ့တယ်။
ဟာယွန်း ဘာမှမပြောတဲ့အခါ သူ့အဖေက ဆက်ပြောခဲ့တယ်။
“အဲ့ဒီတော့ရော။ လွန်ခဲ့တဲ့သုံးနှစ်တုန်းကထက်တောင် အများကြီးပိုပြီး အသုံးမကျဖြစ်လာတာပဲ။ ဒီကောင်က ဇတော့မသေးဘူး။ သူက ၃နှစ်အတွင်း အောင်မြင်စေရပါမယ်တဲ့လေ။ နောက်ဆုံးတော့ သူ့ရဲ့အောင်မြင်မှုဆိုတာ ဒီလိုပုံစံမျိုးနဲ့လား။ ဒရာမာမှာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ပေါ့လေ။ ငွေလား။ နောက်ဆုံးတော့ သူလုပ်တာဆိုလို့ ရုပ်ရည်လေး ရောင်းစားနေတာပဲရှိတာ။ ကျွတ်စ်၊ ကျွတ်စ်။”
“…”
သူ့ရဲ့ဖခင် စုတ်သပ်လိုက်ချိန်မှာ အားနာစိတ် တစ်စက်ကလေးတောင် မရှိခဲ့ပါဘူး။ အမှန်တော့ ဖုံးဖိထားခြင်းမရှိတဲ့ ခနဲ့မှုနဲ့ မထီလေးစားပြုမှုတို့သာ အတိလွှမ်းနေခဲ့တယ်။ ဟာယွန်းက သူ့နှုတ်ခမ်းသူ ဖိကိုက်လိုက်တယ်။
ဒါကြောင့် သူ အဲ့ဒီလိုတွေ လုပ်ခဲ့တာကိုး။
လွန်ခဲ့တဲ့သုံးနှစ်က ဟာယွန်းရဲ့ဖခင် လာတွေ့သွားတာကို ထယ်ဝမ်က လုံးဝမပေါ်လွင်စေခဲ့ပါဘူး။ အဲ့ဒီအစား သူက စတင်ပြောင်းလဲလာခဲ့တယ်။ ထယ်ဝမ်က ဘယ်လိုအလုပ်အပ်မှုကိုမှ မငြင်းဘဲ စိတ်အားထက်သန်စွာ အလုပ်စလုပ်ခဲ့တယ်။ ‘ပိုကြီးတဲ့အိမ်ကို ပြောင်းရအောင်’ ဆိုတဲ့စကားတွေကိုသာ ဂါထာရွတ်သလို ထပ်ပြန်တလဲလဲ ရွတ်ခဲ့တယ်။
“မင်းကို ပိုပြီးပျော်ရအောင် လုပ်ပေးမှာ။”
တစ်ခါလေးပဲ ဟာယွန်းကို တုန်လှုပ်စွာကြည့်ပြီး တည်ငြိမ်တဲ့အသံနဲ့ ပြောခဲ့ဖူးတာပါ။
ဒီတော့ အဲ့ဒီတုန်းက စခဲ့တာကိုး။ အဲ့ဒီတုန်းကစပြီး ရှိသမျှ အစွမ်းကုန်ထုတ်ပြီးတော့…
ဟာယွန်းက အသက်ရှူကျပ်သလို ခံစားလိုက်ရပြီး သူ့နှုတ်ခမ်းသူ ဖိကိုက်လိုက်တယ်။
“သိပ်နောက်မကျသေးဘူးဆိုတော့…”
သူ့အဖေက အသံမာမာနဲ့ ဆက်ပြောခဲ့တယ်။
“အဖေ၊ သမီး ထုတ်ပြန်ချက်လည်း မထုတ်ဘူး၊ သူနဲ့လည်း လမ်းမခွဲဘူး။”
ဟာယွန်းက ညင်ညင်သာသာအသံနဲ့ ဖခင်ဖြစ်သူကို ဖြတ်ပြောလိုက်တယ်။
“ဘာ။”
သူ့အဖေက မျက်မှောင်ကြုတ်သွားခဲ့တယ်။
“သမီး ထယ်ဝမ်နဲ့ လမ်းခွဲမှာမဟုတ်ဘူး။”
“ဒီလောက်ပဲ ခေါင်းမာစမ်းပါ။ တကယ်ပဲ ဘယ်လောက်ကြာတဲ့အထိ ဒါကိုဆက်လုပ်နေဦးမှာလဲ။”
“ဒါက အဖေ့အတွက် ခေါင်းမာတာနဲ့ တူနေတာလား။”
ဟာယွန်းက ဖခင်ဖြစ်သူကို ကြေကွဲဝမ်းနည်းစွာ ကြည့်လိုက်တယ်။ ဒီလောက်နှစ်တွေကြာခဲ့ပြီးတာတောင် သူ့အဖေက သူ့ကို ခေါင်းမာတဲ့ ကလေးတစ်ယောက်အဖြစ်သာ မြင်နေဆဲပဲလေ။
“ဒါဆို ဒါက ခေါင်းမာတာမဟုတ်လို့ ဘာများလဲ။”
“သမီးတို့တွေ တွဲလာကြတာ ၁၀နှစ်ကျော်သွားခဲ့ပြီ။ အဲ့ဒီအတောအတွင်းမှာ အမျိုးစုံအောင် တွေ့ကြုံကျော်ဖြတ်ခဲ့ကြရတာ။ အခု ထယ်ဝမ်က သမီးအတွက် မိသားစုပဲ။ ဟင့်အင်း၊ အဲ့ဒါထက်တောင် ပိုသေးတယ်။ ထယ်ဝမ့်ကြောင့်ပဲ သတ္တိတွေရှိလာပြီး မော်ဒယ်လ်အလုပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးနိုင်ခဲ့တာ။ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့တာ။ သမီး တွေဝေမိတိုင်းမှာ ထယ်ဝမ်က တွန်းအားပေးခဲ့တယ်။ သူသာ အဲ့ဒီလိုမလုပ်ခဲ့ဘူးဆိုရင် သမီး အခုအချိန် ဒီနေရာမှာ ရှိနေမှာမဟုတ်ဘူး။”
“မိသားစုဝင်ဖြစ်တဲ့ ငါတစ်ယောက်လုံးရဲ့အရှေ့မှာ တကယ်ကြီး အဲ့ဒီကောင်ဘက်က လိုက်ပြောပေးနေတာလား။ ပြီးတော့ ဘာပြောလိုက်တယ်။ မိသားစုထက်ပိုတယ်ပေါ့လေ ဟုတ်လား။ ဒီတော့ တကယ်ပဲ မိသားစုဝင်အစစ်ဖြစ်တဲ့ ငါ့ကိုကျော်ပြီး အဲ့ဒီကောင်ကို ရွေးမယ်ပေါ့လေ၊ ဟုတ်လား။”
ဟာယွန်းက ပြန်မဖြေခဲ့ပါဘူး။ သူ့အဖေရဲ့မျက်နှာက ဒေါသကြောင့် နီမြန်းနေခဲ့တယ်။
“နောက်ဆုံးတော့ ငါ့ကို ဒီလိုမျိုး သစ္စာဖောက်တော့မယ်ပေါ့လေ။ နင့်ကို ကျွေးခဲ့တာတွေ၊ ပျိုးထောင်ပေးခဲ့တာတွေ…အားလုံးက နင်ကောင်းဖို့အတွက်ချည်းပဲ လုပ်ပေးခဲ့တာ။ ယောက္ခမကောင်းရဖို့။ ခင်ပွန်းကောင်းရဖို့။ ငွေရေးကြေးရေး အခြေအနေကောင်းကောင်းနဲ့ သက်သောင့်သက်သာ နေနိုင်ဖို့။ နင့်အတွက် ဒါတွေအားလုံး လုပ်ပေးမလို့ကို ဘာက ပြဿနာဖြစ်နေတာလဲ။”
“အဲ့ဒါက တကယ်ရော သမီးအတွက်ပဲဆိုတာ ဟုတ်ရဲ့လား။ ဂုဏ်ရှိတဲ့သမက်တဲ့။ အဲ့ဒီဂုဏ်ရှိတဲ့သမက်မျိုးကို လိုအပ်တဲ့သူက အဖေပဲမဟုတ်ဘူးလား။”
“နာဟာယွန်း။”
ဟာယွန်းရဲ့အဖေက ထိန်းမထားနိုင်တော့ဘဲ ဟာယွန်းရဲ့နာမည်ကို အော်ပြောခဲ့တယ်။
“အဖေ၊ သမီး ပျော်တယ်။”
ဖခင်ဖြစ်သူက ကြမ်းကြမ်းတမ်းတမ်းစကားတွေနဲ့ ထိုးနှက်နေပေမဲ့ ဟာယွန်းက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေခဲ့တယ်။
“ပျော်တယ် ဟုတ်လား။”
ဖခင်ဖြစ်သူက အဲ့ဒါဟာ သူ့အတွက် ဘာအဓိပ္ပာယ်မှမရှိတဲ့အလား ပြန်မေးခဲ့တယ်။
“တခြားဘာရည်ရွယ်ချက်မှမရှိဘဲ သမီးရဲ့ပျော်ရွှင်မှုကို လိုလားတဲ့ တစ်စုံတစ်ယောက်ရှိနေလို့ ပျော်တယ်။ ဘာတွေပဲလုပ်လုပ်၊ ဘယ်လိုပဲရှိနေပါစေ၊ သူက သမီးကို ချစ်ဖို့ကောင်းတယ်လို့ တွေးတာ။ အဲ့ဒီလူက ထယ်ဝမ်ပဲ။”
“…”
“အဲ့ဒါကြောင့် ထယ်ဝမ်နဲ့ လမ်းမခွဲနိုင်ဘူး။ အဲ့ဒီလိုလူမျိုး လောကမှာ တစ်ယောက်တည်းရှိတဲ့ဟာကို ဘယ်လိုများ သူ့ကို လက်လွှတ်နိုင်မှာလဲ။”
“…”
“အဲ့ဒါကြောင့်…ထယ်ဝမ်နဲ့ လမ်းခွဲဖို့ပြောနေတာကို ဒီလောက်နဲ့ရပ်ပါတော့။ သမီး မလုပ်နိုင်ဘူး။ အဖေက သူ့ကို သဘောမကျလို့ဆိုတဲ့ အကြောင်းရင်းနဲ့တော့ ပိုလို့တောင် မလုပ်နိုင်သေးတယ်။”
ဟာယွန်းက တည်ငြိမ်စွာပြောခဲ့တယ်။
“ဒီတော့ ဖအေတစ်ယောက်လုံးကိုကျော်ပြီး အဲ့ဒီကောင်ကို ရွေးမယ်လို့ ပြောနေတာပေါ့လေ။”
ဟာယွန်းဖခင်ရဲ့အသံက တိုးညင်းညင်းရှိလှတယ်။ ဟာယွန်းက နှုတ်ဆိတ်နေခဲ့တယ်။ အဖြေရသွားတဲ့အခါ ဖခင်ဖြစ်သူရဲ့မျက်နှာက မဲ့သွားခဲ့တယ်။
“အမိုက်မ။ ဒီအသက်ဒီအရွယ်လောက်ရောက်ရင်တော့ အမှန်တရားကို နားလည်မှာပဲလို့ ထင်ထားတာ…အဲ့ဒီကောင်က နင့်ကို လုံးဝဖျက်ဆီးပစ်လိုက်တာပဲ။ မော်ဒယ်လ်လုပ်ဖို့ ခြယ်လှယ်ခဲ့တယ်၊ ပြီးတော့ နောက်ဆုံး နင့်ဘဝအထိပါ ဖျက်ဆီးပစ်လိုက်တာ။ နှစ်ယောက်သား လက်ထပ်ဖြစ်ခဲ့ကြရင်တောင် ငါ့ကို ဖိတ်စရာမလိုဘူး။ မိသားစုမရှိဘဲ နေကြည့်လိုက်စမ်းပါ။ ငိုယိုဝပ်တွားပြီး ပြန်လာရင်တောင် လက်မခံဘူးမှတ်။”
ဟာယွန်းရဲ့အဖေက ဒေါကြီးမောကြီးပြောရင်း နေရာကနေ ဝုန်းခနဲ ထလိုက်တယ်။
“ကောင်းကောင်းသွားပါ။”
ဟာယွန်းက အရှေ့တည့်တည့်ကိုသာ ဆက်ကြည့်ရင်း ဘာမှမမှုသလို နှုတ်ဆက်လိုက်တယ်။ မယိမ်းမယိုင် ခိုင်မြဲတဲ့ အဖြေကြောင့် စိတ်နာသွားတဲ့ ဟာယွန်းရဲ့အဖေက ဟာယွန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ခဲ့တယ်။ သူက တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ဘဲ ဟာယွန်းရဲ့အိမ်ကနေ ထွက်သွားတော့တယ်။
ဒုန်း…
တံခါးက ဒုန်းခနဲ ပိတ်သွားခဲ့တယ်။ ပြင်းထန်တဲ့တိတ်ဆိတ်မှုက အခန်းထဲမှာ နေရာယူသွားခဲ့တယ်။ ငိုချင်ပေမဲ့ မျက်ရည်က ထွက်မလာခဲ့ပါဘူး။ နောက်ဆုံးတော့ ပြီးသွားခဲ့ပါပြီ။ ဟာယွန်း ထူးဆန်းသလို ခံစားလိုက်ရတယ်။
တစ်ယောက်တည်း ကျန်နေရာက ထိုင်ခုံမှာထိုင်ပြီး လေဟာပြင်ထဲ အကြောင်သား ငေးကြည့်နေမိခဲ့တယ်။ တစ်ဖက်လှည့်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်တယ်။ သစ်ကိုင်းသွယ်သွယ်လေးတွေကို တွေ့လိုက်ရတယ်။ လေတိုက်တဲ့အခါ သစ်ကိုင်းလေးတွေ လှုပ်ခါသွားကြတယ်။ ဒီတိုက်ခန်းကို ရွေးခဲ့ရတဲ့ အကြောင်းရင်းက အိမ်ခြံမြေ အကျိုးတော်ဆောင် ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့်ပါ။
“ပြတင်းပေါက် အပြင်ဘက်မှာရှိတဲ့ သစ်ပင်တွေက ချယ်ရီပင်တွေလေ။ နွေဦးရောက်ရင် ချယ်ရီပွင့်တွေ ထောင်ချီပွင့်တာ။ တော်တော်လှတယ်။”
ဒီစကားကြားတော့ ဟာယွန်းက နှစ်ခါပြန်တွေးမနေဘဲ အိမ်ငှားစာချုပ် ချုပ်လိုက်တယ်။
ပန်းတွေအကုန်ကြွေသွားပြီးတဲ့နောက်မှာ သစ်ကိုင်းတွေက ကောင်းကင်ဆီ ထိုးထွက်လျက် ရှိနေခဲ့ကြတယ်။ အဲ့ဒါက ဟာယွန်းကို သူ့နှလုံးသားအကြောင်းသူ ပြန်တွေးမိစေခဲ့တယ်။ အဲ့ဒီသစ်ကိုင်းလေးတွေတောင်မှ ပန်းပွင့်နိုင်သေးရင် သူ့နှလုံးသားဟာလည်း ပွင့်လန်းနိုင်မှာပါ။ အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ဟာယွန်း သူ့ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုပြီးမေ့ချင်မေ့နိုင်လောက်မှာပေါ့။
အဲ့ဒီအချိန်တုန်းကတော့ သူတစ်ယောက်တည်းသာ နာကျင်ခံစားနေရတဲ့သူလို့ တွေးခဲ့မိတာပါ။
ဒါပေမဲ့ နင်က ပိုပြီးတော့တောင် အကြာကြီး နာကျင်ခံစားခဲ့ရပြီး အဲ့ဒါကို ငါက မရိပ်မိခဲ့ဘူးလေ။
ချယ်ရီကိုင်းသွယ်သွယ်လေးတွေကို ငေးကြည့်ရင်း ဟာယွန်းရဲ့မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လာပါတော့တယ်။
****
Translated by D