Chapter 5
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၅ (အပိုင်း ၂)
အရုဏ်ဦးနေရောင်ခြည် အခန်းထဲ တိုးဝင်ကျရောက်လာချိန်မှာ ဟာယွန်း မျက်လုံးတွေဖွင့်လိုက်တယ်။ မနေ့ညတုန်းက ထယ်ဝမ် သူ့ဘေးမှာရှိနေတယ်ဆိုတဲ့အသိကြောင့် အိပ်ပျော်ဖို့ အခက်တွေ့ခဲ့ရတယ်လေ။
သူတို့နှစ်ယောက်ရဲ့ ပထမဦးဆုံးညတုန်းကလောက်ကို အိုးတိုးအမ်းတမ်း ဖြစ်ခဲ့ရတာပါ။ ထယ်ဝမ်က သူ့ဘေးမှာ လဲလျောင်းပြီး သူ့ကို ပေါ်တင်ကြီး ငေးကြည့်နေတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ ထယ်ဝမ်က လရောင်ကို ကျောပေးထားပြီး ဟာယွန်းကို ကြည့်နေခဲ့တယ်။
“ဘာဖြစ်လို့ ငါ့ကို အဲ့ဒီလိုကြီး ကြည့်နေရတာလဲ။”
ဟာယွန်းရဲ့မေးခွန်းကို ထယ်ဝမ်က ဒီအတိုင်း ‘အားလုံးက အိပ်မက်ဖြစ်နေမှာကြောက်လို့’ ဆိုပြီးတော့သာ ပြန်ဖြေခဲ့တယ်။
“အိပ်မက်မဟုတ်တာမို့လို့ အိပ်တော့။”
“အင်း၊ ဒါပေမဲ့ မင်းအရင်အိပ်။”
“…”
“ငါ အရင်အိပ်ပျော်သွားရင် မင်း ပျောက်သွားမှာကြောက်တယ်။”
သူက မျက်တောင်လေးတစ်ချက်လောက် ခတ်လိုက်ရမှာကိုတောင် နှမြောတဲ့အလား ဟာယွန်းကိုပဲ ဆက်တိုက်ငေးကြည့်နေခဲ့တယ်။ ဟာယွန်းက သူ့ကို ပြန်ကြည့်နေခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ခင်မှာ အိပ်ပျော်သွားခဲ့တယ်။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့တာပါ။
ဟာယွန်းက ထထိုင်ပြီး ကော်ဖီနံ့ဖျော့ဖျော့လေး လာရာဘက်ဆီ လှည့်ကြည့်လိုက်တယ်။ ထယ်ဝမ်က မီးဖိုထဲမှာ ရပ်နေခဲ့တယ်။
“ဘာဖြစ်လို့ အဲ့ဒီပုံစံဖြစ်နေတာလဲ။”
အနောက်တိုင်းဝတ်စုံရဲ့ ဘောင်းဘီရှည်တစ်ထည်တည်းကိုသာ ဝတ်ထားတဲ့ ထယ်ဝမ့်ကိုကြည့်ပြီး ဟာယွန်း ရယ်လိုက်တယ်။ ဟာယွန်းရဲ့အသံကို ကြားတဲ့အခါ ထယ်ဝမ်က တစ်ဖက်လှည့်လာခဲ့တယ်။
“ဒီမှာ ငါ့အဝတ်ဆိုလို့ တစ်ထည်မှမရှိဘူးလေ။ ပြီးတော့ အတွင်းခံဘောင်းဘီ တစ်ထည်တည်း ဝတ်ထားဖို့ကျတော့လည်း နည်းနည်း ချမ်းစိမ့်စိမ့်ဖြစ်နေတာမို့လို့။”
“အာ…”
အဲ့ဒီတော့မှပဲ သူ့အိမ်မှာ ထယ်ဝမ့်ပစ္စည်းတွေ ဘာတစ်ခုမှမရှိမှန်း သတိရမိသွားခဲ့တယ်။ စိတ်ပျက်သွားပြီး ဘယ်လိုများ သူ့ပစ္စည်းတွေ ဘာတစ်ခုမှမရှိရတာလဲလို့ ပြောလို့ရပေမဲ့ ထယ်ဝမ်က ဘာမှမပြောခဲ့ပါဘူး။ အဲ့ဒီအစား သူက တည်တည်ငြိမ်ငြိမ်နဲ့ နှစ်ယောက်ထိုင်စားပွဲကိုပုတ်ပြီး ကော်ဖီလာသောက်ဖို့ အချက်ပြခဲ့တယ်။
ဟာယွန်းက လျှောက်သွားပြီး သူနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်တယ်။ သူက အမေရိကာနိုနွေးနွေးတစ်ခွက်ကို ကမ်းပေးခဲ့တယ်။ ဟာယွန်းက ထယ်ဝမ်နဲ့ တစ်ညတာကုန်ဆုံးပြီးတဲ့ မနက်ခင်းတွေမှာ အမေရိကာနိုနွေးနွေးလေးတစ်ခွက် သောက်ရတာကို ကြိုက်ပါတယ်။ အဲ့ဒီလိုလုပ်တာက ဒါဟာ သူသိထားတဲ့ ဂန်ထယ်ဝမ်ပါလို့ အမြဲတမ်း သက်သေပြနေသလိုပဲလေ။
ဟာယွန်းက ကော်ဖီတစ်ငုံသောက်ပြီး မျက်လုံးလေးပင့်ကြည့်လိုက်တယ်။ ထယ်ဝမ်က မေးလေးထောက်ပြီး သူ့ကို ငေးကြည့်နေခဲ့တယ်။
“…ကိုယ့်ကော်ဖီကိုယ် မသောက်ဘူးလား။”
“သောက်မှာ။”
အဲ့ဒီလိုသာပြောပေမဲ့ သူက သူ့ခွက်သူ မထိခဲ့ပါဘူး။ အခု အနီးကပ်ကြည့်လိုက်တော့မှ သူ ရေချိုးထားမှန်း ဟာယွန်း သတိထားမိလိုက်တယ်။ ဟာယွန်းနိုးသွားမှာစိုးလို့ dryer မသုံးခဲ့ဘူးထင်ပါရဲ့၊ သူ့ဆံပင်တွေက အခုထိ စိုနေဆဲပါ။ မဂ္ဂဇင်းဓာတ်ပုံထဲကနေ ထွက်လာတဲ့အတိုင်းပါပဲ။
ငါလည်း ရေချိုးလိုက်ရမှာ။
သူ့ကိုယ်သူ ဖရိုဖရဲဖြစ်နေလိမ့်မယ်မှန်း မှန်ကြည့်စရာမလိုဘဲ ဟာယွန်း သိပါတယ်။ ရုတ်တရက် ထယ်ဝမ်က လက်လှမ်းပြီး ဟာယွန်းရဲ့ ဆံပင်လေးတွေကို နားရွက်အနောက်ဘက်ဆီ သပ်သိမ်းပေးခဲ့တယ်။
“ရေချိုးစရာမလိုတာမို့လို့ ကိုယ့်ကော်ဖီသာ ကိုယ်သောက်စမ်းပါ။”
“ဘယ်လိုလုပ်သိတာလဲ။ အခုတင် အဲ့ဒီအကြောင်း တွေးနေတာကို။”
ဟာယွန်းက သူ့ကို အလန့်တကြား ကြည့်လိုက်တယ်။
“ဒီအတိုင်း မင်း အဲ့ဒီလို တွေးနေလောက်မယ်ထင်မိလို့။”
“အံ့ဩစရာကြီး။”
ဟာယွန်းက ကော်ဖီ နောက်တစ်ငုံထပ်သောက်လိုက်တယ်။
“ပုံမှန်ဆို မင်း ဘာတွေတွေးနေမှန်း ပြောနိုင်ပါတယ်ဆို။ ငါ့ရဲ့ ရေဒါက ခဏလောက် ကြောင်သွားတယ်ဆိုပေမဲ့ပေါ့လေ။”
ထယ်ဝမ်က ပြုံးလိုက်တယ်။ လတ်ဆတ်တဲ့အပြုံးကြောင့် ဟာယွန်း ကော်ဖီကို မနည်းမျိုချလိုက်ရတယ်။ ဘာရယ်မဟုတ်ပြောလိုက်တဲ့ သူ့စကားတွေကြောင့် ဟာယွန်းရဲ့နှလုံးက တလှပ်လှပ်ခုန်သွားခဲ့တယ်။ သူတို့ရဲ့ပတ်သက်မှုမှာ ရပ်တန့်သွားခဲ့တဲ့ အချိန်တွေက ဖြည်းဖြည်းချင်း ပြန်စီးဆင်းနေပြီလို့ ပြောနေသလိုပါပဲ။
“ငါ့အိမ် ဘယ်မှာရှိမှန်း ဘယ်လိုလုပ်သိတာလဲ။”
“ယူလ်ဟီးကို ဖုန်းဆက်ပြီး မေးလိုက်တာ။”
ယူလ်ဟီးက ဟာယွန်းရဲ့ နောက်သူငယ်ချင်းတစ်ယောက်ပါ။ သူက ဟိုတလောကပဲ ဟာယွန်းရဲ့ အိမ်တက်ကိုလာသွားလို့ လိပ်စာသိထားတာလေ။
“ငါတို့ လမ်းခွဲထားမှန်း သူက သိနေတော့ မေးရတာ မလွယ်ဘူး။”
ဟာယွန်းက ခေါင်းကလေးငဲ့လိုက်တယ်။
“မလွယ်ပေမဲ့ ဆက်တိုက် တောင်းတောင်းပန်ပန်နဲ့ ပြောပြီးတော့မှပဲ နောက်ဆုံး ပြောပြပေးခဲ့တာ။”
“ဟုတ်လား။”
ဟာယွန်းက ခေါင်းညိတ်လိုက်တယ်။ အခု မနေ့ညက ယူလ်ဟီး သူ့ကို ဘာကြောင့် ဖုန်းဆက်ခဲ့တာမှန်း သိလိုက်ရပါပြီ။ ဒါပေမဲ့ ထယ်ဝမ်နဲ့ အတူရှိနေတာကြောင့် ဟာယွန်းက သူ့ဖုန်းတွေကို တစ်ခေါက်မှ မကိုင်မိလိုက်ပါဘူး။
“ဒီနေ့ နင့်ရဲ့အချိန်ဇယားက ဘယ်လိုလဲ။ ဒီမှာ ဒီအတိုင်းနေခွင့်ရော ရှိလို့လား။”
ဟာယွန်းက မေးလည်းမေးရင်း ကော်ဖီခွက်ကို ကိုင်လိုက်တယ်။
“ဘာမှလုပ်စရာမရှိလောက်ဘူးထင်တယ်။”
“မရှိလောက်ဘူးထင်တယ်တဲ့လား။”
ဟာယွန်းက မသင်္ကာစွာ ပြန်မေးလိုက်တယ်။ ထယ်ဝမ်က ဖြစ်လာမဲ့အရာတွေအတွက် အမြဲတမ်း ပြင်ဆင်ထားပြီးသား ဖြစ်နေစေဖို့ သူ့ရဲ့တစ်နေ့တာအချိန်ဇယားကို ပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်ထားတတ်သူပါ။ အဲ့ဒါကြောင့် ‘မရှိလောက်ဘူးထင်တယ်’ လို့ ပြောလာတဲ့အခါ ဟာယွန်းက တော်တော်ထူးဆန်းတယ်လို့ တွေးခဲ့မိတယ်။ ဟာယွန်း ခေါင်းကလေး ငဲ့လိုက်တဲ့အခါ ထယ်ဝမ်က လက်လှမ်းလိုက်ပြီး ဟာယွန်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေးကို အသာအယာ သုတ်ပေးခဲ့တယ်။
“လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ ငါ ဘာကိုမှ အာရုံစိုက်လို့မရတော့ဘူး။ အခုရိုက်နေတဲ့ ဒရာမာကနေတောင် အထုတ်ခံရလောက်မလားမသိဘူး။ သရုပ်မဆောင်နိုင်တဲ့ ရုပ်ရှင်မင်းသားဆိုပြီး ဘွဲ့တွေဘာတွေတောင် အပေးခံထားရလောက်တယ်။ ခဏလောက်ပဲဖြစ်ဖြစ် အနားယူရမယ်ထင်တယ်။”
“…”
“အခု ငါ့မှာလည်း အချိန်ရပြီဆိုတော့ ခရီးလေးဘာလေး ထွက်ကြမလား။”
ထယ်ဝမ်က တခြားလူတစ်ယောက်အကြောင်း ပြောနေတဲ့အလား ပြောခဲ့တယ်။ သူ့မျက်လုံးတွေက ညစ်ကျယ်ကျယ် မှေးစင်းသွားခဲ့တယ်။
“နင့်ဖုန်းရော။”
“ပျောက်သွားပြီ။ ယူလ်ဟီးကို ဆက်တုန်းကအထိ ရှိနေသေးတာ မှတ်မိပေမဲ့…ဘယ်ရောက်သွားမှန်း မပြောတတ်တော့ဘူး။”
ဟာယွန်းက သူ့ကို အတန်ကြာအောင် ကြည့်နေခဲ့ပြီး အဲ့ဒီနောက် စားပွဲပေါ်က သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီးတော့ ထယ်ဝမ့်ဆီ ကမ်းပေးလိုက်တယ်။
“ဟင့်အင်း၊ နင့်ရဲ့ မန်နေဂျာအစ်ကိုကို ဖုန်းဆက်လိုက်။ ဒီနေ့ အချိန်ဇယားက ဘာတွေလဲဆိုတာ မေးကြည့်။ အလုပ်ပြန်လာမယ်လို့ ပြောလိုက်။”
ထယ်ဝမ်က ဘာမှမပြောဘဲ ဟာယွန်းကို ငေးကြည့်ရုံသာ ကြည့်နေခဲ့တယ်။
“အောင်မြင်ချင်တယ်လို့ ပြောပေမဲ့ နင် ဒီအလုပ်ကို အမြဲသဘောကျခဲ့တာမဟုတ်လား။ အခုလိုတွေလုပ်နေတာ မဟုတ်သေးဘူးထင်တယ်နော်။ အားလုံးက ငါ့အပြစ်လို ခံစားရလို့ စိတ်မကောင်းဖြစ်ရတယ်။”
ဟာယွန်းရဲ့အသံက တိမ်ဝင်သွားခဲ့တယ်။
ထယ်ဝမ်က သရုပ်ဆောင်အလုပ်ကိုသဘောကျပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်လာရင် အကောင်းဆုံးကြိုးစားခဲ့တာကို ဟာယွန်းသိပါတယ်။ ရိုက်ကူးရေးအချိန်ဇယားမရှိရင်တောင်မှ စီနီယာသရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေကို သွားတွေ့တတ်တာလေ။
စီနီယာသရုပ်ဆောင်တွေဆီကနေ ပညာတွေယူ၊ သရုပ်ဆောင်နည်းပြတွေနဲ့တွေ့ပြီး အဲ့ဒီအရာတွေ လုပ်မနေတဲ့အချိန်ဆိုရင် ရုပ်ရှင်ဖြစ်ဖြစ်၊ တခြားဒရာမာဖြစ်ဖြစ်ကြည့်ပြီး သရုပ်ဆောင်တာကို လေ့လာလေ့ရှိပါတယ်။
သူ့ရဲ့ ကြိုးစားမှုနဲ့ လေ့ကျင့်မှုကြောင့် ဒီအထိရောက်လာခဲ့တာမှန်း ဟာယွန်း သိတယ်လေ။ သူ့အတွက်ကြောင့်နဲ့ ထယ်ဝမ်က ကိုယ်တည်ဆောက်ထားတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ဖျက်ဆီးပစ်မှာမျိုး ဟာယွန်း မမြင်ချင်ပါဘူး။ ဟာယွန်းကို ကြည့်နေရင်း ထယ်ဝမ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ခဲ့တယ်။
“အင်းပါ။ ငါလည်း မင်းကို စိတ်ပူရအောင် မလုပ်ချင်ပါဘူး။ အပြန်အလှန်အနေနဲ့ မန်နေဂျာအစ်ကိုနဲ့ သွားတွေ့ပြီးလို့ ပြန်လာရင် ဒိတ်လုပ်ရအောင်။”
“ဒိတ်လုပ်မယ်။ အိမ်မှာ ရုပ်ရှင်ကြည့်ကြမလား။”
ဟာယွန်းက ဘယ်ရုပ်ရှင် ကြည့်လို့ရလောက်မလဲဆိုပြီး စတင်ကြိုးစားရှာကြည့်လိုက်တယ်။
“ရုပ်ရှင်ရုံ သွားရအောင်။”
“ဟင်။”
ဟာယွန်း ဆတ်ခနဲ ခေါင်းထောင်လာခဲ့တယ်။
“ငါကြည့်ချင်တဲ့ရုပ်ရှင်ရှိတယ်။ စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ။”
ထယ်ဝမ်က ထူးဆန်းတဲ့မျက်နှာထားနဲ့ ပြောခဲ့တယ်။
“ရုပ်ရှင်ရုံက အန္တရာယ်များလွန်းတယ်။ လူတွေက ကျိန်းသေပေါက် နင့်ကိုသိကြမှာ၊ ပြီးတော့…”
ဟာယွန်းက စိုးရိမ်တဲ့လေသံနဲ့ ပြောခဲ့ပေမဲ့ ထယ်ဝမ်က ဖြတ်ပြောလိုက်တယ်။ ကော်ဖီခွက်ပေါ်မှာ ရှိနေခဲ့တဲ့ သူ့မျက်လုံးတွေက ဟာယွန်းကို ပင့်ကြည့်လာခဲ့တယ်။ သူ့မျက်လုံးတွေက တောက်ပနေခဲ့တယ်။
“သတိထားမိသလောက် ငါတို့တွေ ရုပ်ရှင်ရုံ မသွားဖြစ်တာ ၂နှစ်ရှိသွားပြီ။”
“…”
“ငါ ပွဲဦးစထွက်ကတည်းက မသွားဖြစ်တော့တာလေ။ ခရီးလည်းမထွက်နိုင်ခဲ့ဘူး၊ ပြီးတော့ ကော်ဖီဆိုင်လည်း သွားထိုင်ဖြစ်တယ်မထင်ဘူး။ ကားထဲမှာတွေ့ရင်တွေ့၊ မဟုတ်ရင် အိမ်မှာပဲ တွေ့ဖြစ်ကြတာ။ အဲ့ဒါကို ငါ ဘယ်လောက်အထိ နောင်တရမိလဲ သိလား။”
သူ့ကိုချစ်မိတဲ့အတွက် ဟာယွန်းက အိမ်တွင်းအောင်းခဲ့ရတာပါ။ သူ့အလုပ်သဘောအရ ဒါဟာ မျှော်လင့်ထားရမဲ့အရာပဲဆိုတာကို သိပေမဲ့ ဟာယွန်းအတွက်တော့ အဲ့ဒါက သည်းခံရမဲ့အရာ ဖြစ်လာခဲ့တယ်။
“ငါ အိမ်မှာရှိနေတုန်း ဘာမှမလုပ်ဘဲ မင်း ဖုန်းဆက်လာမှာကိုပဲ ထိုင်မျှော်နေခဲ့တာ။ တစ်မိနစ်က ဆယ်နှစ်လောက်ကြာသလို ခံစားရတယ်။”
“…”
“မင်းဆိုရင် နေ့တိုင်း အဲ့ဒီလို ခံစားခဲ့ရလောက်မှာ။”
ထယ်ဝမ့်မျက်လုံးတွေ အရောင်နက်လာခဲ့တယ်။
“အဲ့ဒီမှာ သိလိုက်ရတာပဲ။ ငါတို့တွေ ဆယ်နှစ်ကျော်တောင် တွဲခဲ့ကြပေမဲ့ ပုံမှန်ပတ်သက်မှုတစ်ခုရဲ့ သုံးနှစ်စာကိုတောင် မမီဘူးဆိုတာကိုလေ။ အခု ခိုးကြောင်ခိုးဝှက်တွဲနေတာကို ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။ ငါတို့လုပ်ချင်တာတွေ အားလုံးလုပ်ကြရအောင်။”
“ဒါပေမဲ့…”
ဟာယွန်းရဲ့မျက်နှာထားက လေးလေးနက်နက်ရှိလာခဲ့တယ်။ တစ်ယောက်တည်း လူလွတ်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်က အဲ့ဒီအတိုင်း ဆက်နေသွားမှ ကျော်ကြားမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်မှာပါ။ သူ့ရဲ့အေဂျင်စီက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိန်းသေပေါက် ပြဿနာရှိမှာဖြစ်ပြီးတော့ သူ့ရဲ့စာချုပ်တွေထဲမှာ ဘယ်လို စကန်ဒဲလ်မျိုးမှ မထွက်ရဘူးလို့ တားမြစ်ချက်ပါတဲ့ စာချုပ်လည်း ရှိနိုင်ပါတယ်။
“အခု မင်းပျော်နေတာကို မြင်ချင်တယ်။”
ထယ်ဝမ်က ပြောလာခဲ့တယ်။ သူ့စကားကြောင့် ဟာယွန်းရဲ့ခေါင်းထဲမှာ တရိပ်ရိပ်ပေါ်လာတဲ့အတွေးတို့က ပျံထွက်သွားတော့တယ်။ ဟာယွန်းက ဘာမှမပြောဘဲ သူ့ကို ကြည့်နေခဲ့တယ်။ ထယ်ဝမ်က တစ်ခါထပ်ပြောခဲ့တယ်။
“တခြားလူတွေကို အာရုံစိုက်မနေနဲ့တော့။ ငါတို့နှစ်ယောက်အပေါ်မှာပဲ အာရုံစိုက်ထား။”
“…”
“နာဟာယွန်းရဲ့ ဂန်ထယ်ဝမ်နဲ့၊ ဂန်ထယ်ဝမ်ရဲ့ နာဟာယွန်းအပေါ်မှာပဲ အာရုံစိုက်လို့။”
ထယ်ဝမ့်မျက်လုံးတွေက တည်ငြိမ်နေခဲ့တယ်။ ဒီကိစ္စကို သူ အများကြီးစဉ်းစားခဲ့တယ်ဆိုတာ ဟာယွန်း တွေ့နေရပါတယ်။ အဲ့ဒါကြောင့် ဟာယွန်းက အဲ့ဒီအတွက် မစိုးရိမ်ဖို့ ဆုံးဖြတ်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တယ်။
“အင်း။”
ဟာယွန်းရဲ့အဖြေကိုကြားတဲ့အခါ ထယ်ဝမ်က ရွှန်းရွှန်းစားစား ပြုံးပြခဲ့တယ်။ အဲ့ဒီနောက် သူက ကော်ဖီခွက်ကို ကိုင်ယူလိုက်တယ်။
ဒီအတိုင်း အေးချမ်းတဲ့ မနက်ခင်းလေးတစ်ခုပါပဲ။
****
“ငါ့မှာတော့ တစ်ရေးတောင် အိပ်မပျော်လို့ ဆယ်နှစ်စာလောက် အိုစာသွားလိုက်တာ၊ မင်းကတော့ အိုခေစိုပြေလို့ပါလား။ မင်းနဲ့ပြန်တွေ့ရင် ပြောချင်တဲ့စကားတွေ ဘယ်လောက်တောင် အများကြီးရှိသလဲဆိုတာ သိရဲ့လား။ လူပျိုဖော်ဝင်နေတာလား။ ဘာဖြစ်လို့ ထဖောက်ရတာလဲ။ မင်း အရင်က တစ်ခါမှ ဒီလိုမလုပ်ဖူးပါဘူး။ ဒီတစ်နှစ်စာအတွက် သူပုန်ဓာတ်တွေ တစ်ခါတည်း ထုတ်လွှတ်လိုက်တာလား။ နောက်နှစ်ကျရင် မင်းကို လုံးဝ တာဝန်မယူတော့ဘူး။”
ဖုန်းရပြီးတဲ့နောက်မှာ ယောင်ရှစ်က ထယ်ဝမ့်အိမ်ထဲ ဝုန်းခနဲဝင်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ သူက နားဝင်မချိုတဲ့စကားတွေ စပြောပါတော့တယ်။ ဒါပေမဲ့ အမောတကော အသက်ရှူနေရင်း ခါးထောက်လျက်သား ရှိနေဆဲဖြစ်တာကြောင့် အဲ့ဒီလိုလုပ်တာတောင် အုံဖွဲ့နေတဲ့ဒေါသတွေ မပြေလည်သေးတဲ့ပုံပါပဲ။
မနေ့ညက ထယ်ဝမ်တစ်ယောက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရယူချိန်မှာ ဘာစကားမှ မပြောခဲ့တာကြောင့် အင်တာနက်ပေါ်မှာ အုတ်အော်သောင်းတင်း ဖြစ်နေတာပါ။ သူ့အပြုအမူအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကို အမျိုးမျိုးလုပ်ကြံရေးသားရင်း သတင်းထောက်တွေကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့ကြတယ်။
လူတွေကတော့ တစ်ဝက် တစ်ဝက်စီပါပဲ။ တချို့က ဆုရချိန်မှာ ဘာမှမပြောဘဲနေတာက အင်မတန်ရိုင်းတယ်လို့ တွေးကြပေမဲ့ တချို့ကတော့ ခံစားချက်တွေ တအားလွှမ်းမိုးသွားတာကြောင့်ဖြစ်မယ်လို့တွေးပြီး အားလုံးကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ကြတယ်။
ထယ်ဝမ်က ဒီအခြေအနေကို ဖြေရှင်းခြင်းမရှိဘဲ ဒီအတိုင်း ပျောက်သွားလိုက်တာပါ။ သူ ဘယ်သွားလိုက်တာလဲဆိုတာကို ဘယ်သူမှ မသိလိုက်ပါဘူး။ ဖုန်းဆက်ကြည့်ကြပေမဲ့ သူ့ဖုန်းက VIP အခန်းထဲမှာရှိတဲ့ စားပွဲပေါ်မှာ ကျန်ခဲ့တာပါ။
တစ်ယောက်ယောက် ဖုန်းဆက်လာလို့ အလောတကြီး ထွက်သွားတာများလားဆိုပြီး တွေးမိခဲ့ပေမဲ့ သူ့ဖုန်းကို ဖွင့်ကြည့်ဖို့ ကြိုးစားတော့လည်း passcode lock ခံထားတာကြောင့် မစစ်နိုင်ခဲ့ပါဘူး။
ဂန်ထယ်ဝမ်က ညကြီးသန်းခေါင်မှာ ပျောက်သွားခဲ့ပါတယ်။ နောက်နေ့မနက်မှာ ယောင်ရှစ်ဆီကို အမည်မသိနံပါတ်တစ်ခုနဲ့ ဖုန်းဝင်လာခဲ့တယ်။ ထယ်ဝမ်က သူ အိမ်ပြန်လာတော့မှာဖြစ်ကြောင်း ပြောခဲ့ပြီး ခဏလောက်နေရင် အိမ်မှာ သူ့ကို လာတွေ့ဖို့ မှာခဲ့တယ်။
ယောင်ရှစ်က ထယ်ဝမ့်အိမ်ကို အရူးတစ်ပိုင်း ပြေးသွားခဲ့တယ်။ သူ့ရဲ့ အနောက်တိုင်းဝတ်စုံကို ချွတ်နေတုန်းတန်းလန်းဖြစ်တာကြောင့် ထယ်ဝမ်လည်း အခုလေးတင် ပြန်ရောက်လာတဲ့ပုံပါပဲ။ သူက ယောင်ရှစ်ကို အဝတ်လဲလိုက်ဦးမယ်လို့ပြောပြီး ခဏစောင့်နေခိုင်းထားခဲ့တယ်။ အဲ့ဒီနောက် သက်သောင့်သက်သာရှိတဲ့ အဝတ်တွေဝတ်ပြီးတော့ ပြန်ထွက်လာပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။
“အစ်ကို။”
“ဘာလဲ။”
ထယ်ဝမ် ခေါ်လိုက်တဲ့အခါ ယောင်ရှစ်က ဒေါသတကြီး အော်လိုက်တယ်။ ပုံမှန်ဆို တည်တည်ငြိမ်ငြိမ်ရှိတဲ့ သူ့မျက်နှာက ဒေါသလွှမ်းနေခဲ့တယ်။
“တောင်းပန်ပါတယ်။”
ထယ်ဝမ်က ပြောလည်းပြောရင်း လက်ချောင်းတွေကို ယှက်လိုက်တယ်။
“ရုတ်တရက်ကြီး ဘာဖြစ်လို့ တောင်းပန်ရတာလဲ။ လူကို လန့်အောင်လာလုပ်နေတယ်။ တကယ်ပဲ ဘာဖြစ်နေတာလဲ။ တခြားတစ်ခု လုပ်တော့မလို့လား။ ဒီအတိုင်း ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်လိုက်တော့မှာလား။ ချီးပဲကွာ၊ ငါလည်း မသိတော့ဘူး။ လုပ်ချင်တာသာလုပ်တော့။ ဒါရိုက်တာဆီ ဖုန်းဆက်ပြီး မင်းရဲ့စာချုပ်ကို ဖျက်သိမ်းတော့မယ်လို့ ပြောလိုက်မယ်။ ဒီအတိုင်း ဖျက်သိမ်းကြေးသာပေး။ ငါလည်း ဒါကြီးကို ဆက်ပြီးသည်းမခံနိုင်တော့ဘူး။”
ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် ယောင်ရှစ်တစ်ယောက် စတင်ဆဲရေးပါတော့တယ်။
“အစ်ကိုပြောသမျှ ဘာမဆိုလုပ်ပါ့မယ်။”
ယောင်ရှစ်က နေရာမှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။
“အဲ့ဒါက ဘာလဲ။ ဘာလို့ ရုတ်တရက်ကြီး အရမ်းတွေ နာနာခံခံဖြစ်သွားပြန်တာလဲ။ ဒီလုပ်ရပ်က ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာ သိရဲ့လား။”
“အဲ့ဒီတော့က ကျွန်တော် ဒီနေ့ နောက်ထပ် စကန်ဒဲလ်တစ်ခု ထပ်ထွက်ဦးမှာမို့လို့။”
“ထပ်ပြီးတော့ ဘာကိုလဲ။”
ယောင်ရှစ်က ထအော်ခဲ့တယ်။
“ဒီနေ့ ဟာယွန်းနဲ့ ကျွန်တော်နဲ့ ရုပ်ရှင်ရုံမှာ ဒိတ်လုပ်ကြမှာ။ ပြီးတော့ မကြာခင် ခရီးတစ်ခုသွားဖို့လည်း စီစဉ်နေတယ်။ ကျွန်တော်တို့နှစ်ယောက် အတူတူ လမ်းလျှောက်ထွက်ချင်တယ်ဆိုရင် လမ်းလျှောက်ထွက်မှာပဲ။ ရှေ့လျှောက် တခြားလူတွေရဲ့မျက်လုံးတွေကို ရှောင်နေတော့မှာမဟုတ်ဘူး။”
“ဘာ။”
ယောင်ရှစ်ကို ဒါကို မျှော်လင့်မထားခဲ့ပါဘူး။ သူ့ပုံစံက လိပ်ပြာလွင့်သွားသူလိုပါပဲ။
“ဒါရိုက်တာကို ကျွန်တော်ကိုယ်တိုင် ပြောလိုက်မယ်။”
ထယ်ဝမ်က ခြေချင်းချိတ်လိုက်တယ်။
“ဟေ့ကောင်၊ မင်း…”
ယောင်ရှစ်က စကားပြောနိုင်စွမ်း ပျောက်သွားတဲ့သူအလား အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့တယ်။ ထယ်ဝမ့်ပုံစံက စိတ်ပိုင်းဖြတ်ထားပြီးသားသူလိုပါပဲ။ ယောင်ရှစ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်ဆုံးမှာ စကားကို ရအောင်ပြောခဲ့တယ်။
“ဒီတော့ မင်းတို့နှစ်ယောက် ပြန်အဆင်ပြေသွားကြပြီပေါ့လေ။”
ထယ်ဝမ်က ခေါင်းညိတ်ပြခဲ့တယ်။
“ပြီးတော့ အခု လူသိရှင်ကြား တွဲကြတော့မယ်ပေါ့လေ ဟုတ်လား။ အဲ့ဒါက အဲ့ဒီလောက် လွယ်လိမ့်မယ်များမှတ်နေလား။ မင်းအတွက်ပဲ ခက်ခဲရမှာမဟုတ်ဘူး။ ဟာယွန်းအတွက်လည်း ငရဲလိုဖြစ်နေမှာ။ အားလုံးရဲ့အာရုံစိုက်မှုက ဟာယွန်းဆီ ဦးတည်သွားကြတော့မယ်။ သူ့နာမည်အစား ဂန်ထယ်ဝမ်ရဲ့ ချစ်သူဆိုပြီး လူသိကုန်မှာ။ အဲ့ဒါတွေအားလုံးကို သူ ဘယ်လိုများ တင်းခံနိုင်မှာလဲ။ ဖြစ်လာမှာမဟုတ်တာ သေချာပေမဲ့ မင်းတို့နှစ်ယောက် လမ်းခွဲကြပြီဆိုရင်ရော။ အဲ့ဒီအခါ ဘာလုပ်ကြမလဲ။ အဲ့ဒီလိုဖြစ်လာခဲ့ရင် နစ်နာမဲ့သူက မင်းဖြစ်မှာမဟုတ်ဘူး။ ဟာယွန်းပဲဖြစ်မှာ။”
“အဲ့ဒါကြောင့်ပဲ ဒီတစ်လျှောက်လုံး ဖုံးကွယ်ထားခဲ့တာပေါ့။ ပြီးတော့ အဲ့ဒါကြောင့်ပဲ…လမ်းခွဲဖြစ်ကြတော့မလို့။”
“…”
ထယ်ဝမ်ရဲ့ အမူအရာကင်းမဲ့တဲ့မျက်နှာကို တွေ့လိုက်တဲ့အခါ ယောင်ရှစ်က ပါးစပ်ပိတ်လိုက်တယ်။ သူပြောတာမှန်ပါတယ်။ ထယ်ဝမ်က မျက်လွှာချပြီး ဖြည်းဖြည်းချင်း စကားစလိုက်တယ်။
“မနေ့ညက ဆုရတော့ ကျွန်တော် လုံးဝ ဝမ်းမသာမိဘူး။ ဒီအတိုင်း စိတ်ပဲလေးနေခဲ့တာ။ ဒါကိုရဖို့အတွက် ဆုံးရှုံးခဲ့ရတဲ့အရာတွေအားလုံးကို ပြန်တွေးမိခဲ့တယ်။ ပျော်ရွှင်နိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားပြီး နေခဲ့ပေမဲ့ ပျော်ရွှင်မှုက ကျွန်တော့်ဆီကနေ ရှောင်ပြေးသွားသလိုပဲ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဆက်တိုက် ဘေးပို့ခဲ့လို့ ပျော်ရွှင်မှုဆိုတာ ဘာမှန်းကိုမသိတော့တာ။ ပြီးတော့ ဟာယွန်းကိုလည်း ဒီလို အဖြစ်ဆိုးကြီးကို ကြုံတွေ့ခံစားရအောင် လုပ်ခဲ့မိတယ်။”
“…”
“အစ်ကို၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ထရိုဖီကို အဲ့ဒီ ၂နှစ်စာနဲ့ ပြန်လဲပစ်ချင်တယ်။ အချိန်၂နှစ် နောက်ပြန်သွားခွင့်ရမယ်ဆိုရင် အကောင်းဆုံးကြိုးစားပြီး ဟာယွန်းကို ချစ်ပေးနိုင်မယ်ထင်တယ်။”
“…”
“အဲ့ဒါကြောင့် ကျွန်တော်တို့ကို လူမသိသူမသိနေဖို့ ထပ်မပြောပါနဲ့။ ဒီထက်ပိုပြီး အဲ့ဒီလိုလုပ်နိုင်မယ်မထင်လို့။”
ထယ်ဝမ်က တည်ငြိမ်တဲ့လေသံနဲ့ပြောပြီး နောက်ဆုံးမှာ ခေါင်းမော့လာခဲ့တယ်။ သူ့မျက်နှာမှာ စိတ်ပိုင်းဖြတ်ထားတဲ့အလား ခိုင်မာပြတ်သားတဲ့ မျက်နှာထားမျိုး ရှိနေခဲ့တယ်။
ယောင်ရှစ်က ပါးစပ်ဖွင့်ပြီးမှ ပြန်ပိတ်လိုက်တယ်။ အဲ့ဒီလိုမလုပ်ဖို့ ထယ်ဝမ့်ကို နားချသင့်မှန်း သိပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။
ထယ်ဝမ်က ပျော်ရွှင်ချင်ပါတယ်လို့ ပြောလာတော့ အဲ့ဒါကို ဘာပြန်ပြောလို့ပြောရမှန်း ယောင်ရှစ် မသိခဲ့ပါဘူး။ တစ်ချိန်အရောက်မှာ ထယ်ဝမ်က သူ့ရဲ့အလုပ်မှာ မပျော်နိုင်တော့တာကို တွေ့ခဲ့ရတယ်။ ဘေးကနေ ကြည့်နေရုံနဲ့တင် ယောင်ရှစ် ပူပန်ကြောင့်ကြခဲ့ရတာပါ။
ပြီးတော့ အဲ့ဒါက ကြောက်စရာကြီးပါ။
ဟာယွန်းကိုသာ ထပ်ပြီးဆုံးရှုံးရမယ်ဆိုရင် ဂန်ထယ်ဝမ် ဘာဖြစ်မလဲဆိုတာကို သူ စိတ်ကူးရုံသာ စိတ်ကူးကြည့်နိုင်ခဲ့ပါတယ်။
****
မှန်အရှေ့မှာရပ်နေရင်း ဟာယွန်းက ဟိုဘက်ဒီဘက် လှည့်ကြည့်လိုက်တယ်။ သူက ဆောင်းထားတဲ့ သားမွေးဦးထုပ်ကို ချွတ်လိုက်တယ်။ အဲ့ဒီနေရာမှာ စောစောလေးကတင်ချွတ်ခဲ့တဲ့ ဘေ့စ်ဘောဦးထုပ်ကို ပြန်ဆောင်းပြီး ဦးထုပ်လျှာကို ငိုက်နိုင်သလောက် ငိုက်ချလိုက်တယ်။
ဘေ့စ်ဘောဦးထုပ်ဆောင်းပြီး mask တပ်လိုက်တော့ သူ့မျက်နှာတစ်ခုလုံး အုပ်ကွယ်ပြီးသား ဖြစ်သွားတော့တယ်။ နောက်ဆုံးမှာ သူ့ရဲ့အဝတ်အစားကို ပြန်ကြည့်ပြီး နံရံပေါ်က နာရီကို တစ်ချက်ကြည့်လိုက်တယ်။ ချိန်းထားတဲ့အချိန်မရောက်ခင် အချိန်နည်းနည်းသာ ကျန်ပါတော့တယ်။ ဟာယွန်း တစ်ဖက်လှည့်လိုက်တော့ စားပွဲပေါ်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို တွေ့လိုက်ရတယ်။
ပြီးခဲ့တဲ့နာရီပိုင်းက ဟာယွန်း ရေမိုးချိုးပြီး ထွက်လာတော့ ထယ်ဝမ်ရှိမနေတော့တာကို တွေ့လိုက်ရတယ်။ အဲ့ဒီအစား သူ့ရဲ့ ထရိုဖီကိုသာ တွေ့ခဲ့ရတယ်။ အဲ့ဒီအောက်မှာတော့ မှတ်စုစာရွက်လေးကို ကပ်ထားခဲ့တယ်။
–မင်း ရေချိုးပြီး ထွက်လာတာကိုမြင်ရင် ထားခဲ့ပြီးထွက်သွားချင်စိတ် ရှိလောက်မှာမဟုတ်ဘူးထင်လို့။ နောက်မှ ဖုန်းဆက်လိုက်မယ်။ ပြီးတော့ ဒါက မင်းအတွက်လက်ဆောင်။–
စာတိုလေးကို ဖတ်ပြီးတဲ့နောက်မှာ ဟာယွန်းက ချက်ချင်းပဲ ထယ်ဝမ့်ဆီ စာပို့ခဲ့တယ်။
[အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုက နင့်ရဲ့ဆုလေ။ ဘာလို့ ငါ့ကို ပေးတာလဲ။ နင်နဲ့တွေ့ဖို့ ထွက်လာတဲ့အခါ ယူလာခဲ့မယ်။]
ထယ်ဝမ်ကြည့်ရတာ သူ့မန်နေဂျာဆီကနေ ဖုန်းပြန်ရသွားတဲ့ပုံပါပဲ။ ဟာယွန်းဆီကို သူ့ဆီက ဖုန်းဝင်လာခဲ့တယ်။
-ပြောပြီးပြီလေ။ မင်းကို အဲ့ဒါပေးမယ်၊ အဲ့ဒါကြောင့် မင်းကို လိုချင်တယ်လို့၊ နာဟာယွန်းရဲ့။
“…”
-မနေ့က ဆုရတော့ မင်းနာမည်ကို မပြောခဲ့တဲ့အတွက် တောင်းပန်တာလို့ သဘောထားပြီး ယူလိုက်။ ဒီတော့ ဒီနေ့ ချိန်းထားတဲ့အချိန် ရအောင်ထွက်လာဦးနော်။ စောင့်နေမယ်။
အဲ့ဒီနောက် သူက ဖုန်းချသွားခဲ့တယ်။ ဟာယွန်းက စားပွဲပေါ်မှာရှိတဲ့ ထရိုဖီကို ကြည့်နေမိခဲ့တယ်။ ထရိုဖီပေါ်မှာ သူ့ရဲ့လက်ဗွေရာ ထင်သွားမှာစိုးတာကြောင့် ကိုင်ကြည့်ဖို့ စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။
အဲ့ဒါက ထယ်ဝမ်ရဲ့ ဘဝရည်မှန်းချက်တွေထဲက တစ်ခုပါ။ သူ့အောင်မြင်မှုရဲ့ အထောက်အထားက အခု ဟာယွန်းလက်ထဲမှာ ရှိနေပါပြီ။ ဟာယွန်းက လက်လှမ်းပြီး ထရိုဖီကို သတိရှိရှိလေး ပွတ်သပ်ကြည့်လိုက်မိတယ်။
ထရိုဖီက အေးစက်စက်နဲ့ မာကျောကျော ရှိနေခဲ့တယ်။ ခံစားချက်ကောင်းလှပါတယ်။ ဟာယွန်းရဲ့နှုတ်ခမ်းတွေမှာ အပြုံးတစ်ပွင့် ပေါ်လာတော့တယ်။
အချိန်အနည်းငယ်ကြာအောင် ထရိုဖီကို အကြောင်သား ငေးကြည့်နေခဲ့ပြီးတဲ့နောက် ထွက်ခွာဖို့ အချိန်တန်လာချိန်မှာ ဟာယွန်း သူ့တိုက်ခန်းကနေ ထွက်လာခဲ့တယ်။ အပြင်ရောက်တဲ့အခါ အရှေ့မှာ ထယ်ဝမ့်ကား ရပ်ထားတာကို တွေ့လိုက်ရတယ်။
“မန်နေဂျာအစ်ကိုနဲ့ စကားပြောတာ အဆင်ပြေခဲ့ရဲ့လား။”
ဟာယွန်းက ခရီးသည်ခုံမှာ ဝင်ထိုင်ပြီး မေးလိုက်တယ်။ အဲ့ဒီကိစ္စအတွက် ပူပန်နေတာကို ရပ်မရခဲ့ပါဘူး။
“အင်း။”
“တော်ပါသေးရဲ့။”
“မနက်ဖြန် ဒရာမာ ဒါရိုက်တာနဲ့တွေ့ဖို့ သဘောတူခဲ့တယ်။”
ဒီစကားကြားရတဲ့အခါ ဟာယွန်းက စိတ်အေးသွားပုံရပြီး ခေါင်းညိတ်ခဲ့တယ်။ ထယ်ဝမ့်ကားလေးက အချက်အချာကျတဲ့ လမ်းတစ်လမ်းပေါ်မှာရှိတဲ့ ရုပ်ရှင်ရုံရဲ့ မြေအောက်ကားပါကင်ဆီ စတင်ဦးတည်သွားခဲ့တယ်။ ဟာယွန်းက ဒီထက်ပိုပြီး လူသူပါးတဲ့နေရာကို သွားလောက်မှာပဲလို့ ထင်ထားခဲ့တာကြောင့် ဒါက ထင်မှတ်မထားတဲ့အရာပါပဲ။ ထယ်ဝမ် ကားထဲကထွက်ဖို့ ပြင်လိုက်ချိန်မှာ ဟာယွန်းက သူ့ကို မြန်မြန်ဖမ်းဆွဲလိုက်တယ်။
“ဒါဆောင်းလိုက်။”
ဟာယွန်းက ထယ်ဝမ့်အတွက်ပြင်လာတဲ့ ဦးထုပ်နဲ့ mask ကို ယူထုတ်လိုက်တယ်။ ထယ်ဝမ်က ဦးထုပ်နဲ့ mask ကို ကြည့်လိုက်ပြီး အဲ့ဒီနောက် ဟာယွန်းမျက်နှာကို ကြည့်ခဲ့တယ်။
“တော်ပါပြီ။”
အဲ့ဒီနောက် ဟာယွန်း သူ့ကို မတားနိုင်ခင် ကားထဲကနေ ထွက်ခဲ့တယ်။ ဟာယွန်းလည်း ကားထဲကထွက်ပြီး သူ့နောက်ကို လိုက်ခဲ့တယ်။ သူက ဦးထုပ်ကမ်းပေးခဲ့ပေမဲ့ ထယ်ဝမ်က ဆက်တိုက်ပဲ ငြင်းခဲ့တယ်။ အဲ့ဒီအချိန်မှာ နောက်ထပ်လူနှစ်ယောက်ကလည်း သူတို့နဲ့အတူ ရုပ်ရှင်ရုံထဲ ဝင်လာခဲ့တယ်။
“အဲ့ဒါ ဂန်ထယ်ဝမ်မဟုတ်လား။”
“ဟင်၊ ဟုတ်သားပဲ။ မိုက်လိုက်တာ။”
လူတွေ ဂန်ထယ်ဝမ်ကို စပြီးသတိထားမိသွားကြတဲ့ အခိုက်အတန့်မှာ သူတို့က စတင်ပြီး တီးတိုးတီးတိုး ပြောကြတော့တယ်။ လူတွေရဲ့အကြည့်တွေ သူတို့နှစ်ယောက်အပေါ် စတင်အာရုံစိုက်လာချိန်မှာ ဟာယွန်းက အနောက်ကို တစ်လှမ်းဆုတ်လိုက်မိတယ်။
“ဘယ်သွားမလို့လဲ။”
ထယ်ဝမ်က သူ့လက်ကို ဆွဲခဲ့တယ်။ ဟာယွန်းရဲ့ လက်သေးသေးလေးက သူ့ရဲ့ လက်ကြီးကြီးအထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။ ဟာယွန်းက လန့်သွားပြီး သူ့လက်ထဲကနေ လက်ကိုပြန်ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ သူက လက်ချောင်းချင်းယှက်ပြီး မြဲမြဲလက်တွဲထားခဲ့တယ်။
“ထယ်ဝမ်။”
အဲ့ဒါကို သည်းမခံနိုင်ဘဲ ဟာယွန်းက သူ့နာမည်ကို ခေါ်လိုက်တယ်။
“ဟင်။”
ထယ်ဝမ်က အမျိုးမျိုးသော ရုပ်ရှင်ပိုစတာတွေကိုကြည့်ရင်း ပြန်ထူးခဲ့တယ်။ သူက တမင်ပဲ ဟာယွန်းနဲ့ မျက်လုံးချင်းမဆုံအောင် ရှောင်နေတာပါ။ အဲ့ဒီအချိန်အတွင်းမှာ ပိုပိုပြီးများတဲ့လူတွေက ထယ်ဝမ့်ကို မှတ်မိကုန်ကြတယ်။
သူက ဟာယွန်းရဲ့လက်ကို ကိုင်ထားတာ တွေ့လိုက်ကြတဲ့အခါ သူတို့မျက်လုံးတွေက ဟာယွန်းဆီ အလိုလိုကျရောက်လာကြတော့တယ်။ ဒီအမျိုးသမီး ဘယ်သူပါလိမ့်လို့တွေးရင်း စတင်ပြီး တီးတိုးတီးတိုး ပြောကြပါတော့တယ်။
“ဒီရုပ်ရှင် ကြည့်ကြမယ်ဆိုရင်ရော။”
ထယ်ဝမ်က မေးခဲ့တယ်။ သူက ရုပ်ရှင်ရွေးလို့မပြီးမချင်း နေရာကနေ တစ်လှမ်းမှမခွာတော့မလို လုပ်နေတာလေ။
“အင်း၊ ကောင်းမဲ့ပုံပဲ။”
ဟာယွန်းက သူ ဘယ်ရုပ်ရှင်အကြောင်း ပြောလို့ပြောနေမှန်းတောင်မသိဘဲ ခေါင်းညိတ်လိုက်တယ်။ ဒီနေရာကနေ အတတ်နိုင်ဆုံး မြန်မြန်လေး ထွက်သွားချင်နေပါပြီ။
ထယ်ဝမ်က ဟာယွန်းလက်ကို ဆက်တွဲထားပြီး လက်မှတ်အရောင်းကောင်တာဆီ လျှောက်သွားခဲ့တယ်။ လက်မှတ်ဝယ်ပြီးတဲ့နောက်မှာ နှစ်ယောက်သား ရုပ်ရှင်ပြမဲ့ရုံထဲ ဝင်ခဲ့ကြတယ်။ လူတွေကလည်း သူတို့နောက်ကနေ လိုက်လာကြပါတော့တယ်။
ချပ်…။ လူတွေ ဓာတ်ပုံရိုက်နေကြတဲ့အသံတွေကို ကြားနေရတယ်။ တော်သေးလို့ ဂန်ထယ်ဝမ်နဲ့ စကားပြောဖို့ ချဉ်းကပ်လာတဲ့သူ တစ်ယောက်မှ မရှိခဲ့ကြပါဘူး။
“ပေါက်ပေါက်တို့၊ အအေးတို့ရော။”
“အဲ့ဒါတွေ လိုမယ်မထင်ဘူး။”
ဟာယွန်းက ခေါင်းခါလိုက်တယ်။ အခုအချိန်မှာ မျိုကျနိုင်မယ်မထင်ပါဘူး။
ရုပ်ရှင်ရုံထဲ ဝင်လာပြီးတာတောင် လူတွေက သူတို့ကို ဆက်ပြီးတော့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြဆဲပါ။ ဟာယွန်းက တစ်ဖက်လှည့်ပြီး ထယ်ဝမ့်ကို ကြည့်လိုက်တယ်။
“ထယ်ဝမ်။”
ဆက်ပြီးသည်းမခံနိုင်တော့လို့ ဒီအတိုင်းပဲ ပြန်ကြရအောင်ဆိုပြီး ပြောဖို့ပြင်လိုက်ချိန်မှာ။ ဟာယွန်း မျက်လုံးပြူးသွားရတော့တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့လက်ကလေးကို ကိုင်ခဲ့တယ်။ သူက လက်ချောင်းချင်းယှက်လိုက်ပြီးမှ ခေါင်းငုံ့ပြီး ဟာယွန်းရဲ့နားထဲကို တီးတိုးပြောခဲ့တယ်။
“ငါတို့တွေ လက်တွဲထားပြီး ရုပ်ရှင်အတူတူမကြည့်ရတာ တော်တော်ကြာသွားခဲ့ပြီနော်။”
သူ့ရဲ့ထွက်သက်က ဟာယွန်းရဲ့နားရွက်ကို ရှပ်တိုက်ထိပါးသွားခဲ့တယ်။ ကျောရိုးတစ်လျှောက် စိမ့်ခနဲဖြစ်သွားတာကို ခံစားလိုက်ရတယ်။
သူ့စကားကြောင့် ဟာယွန်းလည်း အတိတ်က အဖြစ်အပျက်တစ်ခုကို ပြန်တွေးလိုက်မိတယ်။ သူတို့နှစ်ယောက် ရုပ်ရှင်ရုံမှာ ရုပ်ရှင်လာကြည့်ခဲ့တဲ့ အခိုက်အတန့်တစ်ခုပေါ့။ နှစ်ယောက်သား အတူတူငိုကြမယ်၊ အရေးကြီးတဲ့အခန်းတွေရောက်ရင် အတူတူ တောင့်တောင့်ကြီးတွေ ဖြစ်သွားကြမယ်။ အဲ့ဒီအချိန်တုန်းကတော့ အဲ့ဒီလိုအခိုက်အတန့်လေးတွေဟာ သိပ်ပြီးအလေးအနက်ရှိတဲ့ပုံမပေါ်ပေမဲ့ အခုအချိန်မှာတော့ တော်တော်လေး အသစ်အဆန်းဖြစ်နေခဲ့တယ်။
အဲ့ဒီအကြောင်း ခဏလောက် ပြန်တွေးကြည့်ပြီးတဲ့နောက်မှာ ဟာယွန်းက ပြန်ဖို့မပြောတော့ဘဲ ထယ်ဝမ့်လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ သူက အကောင်းဆုံး ကြိုးစားနေတာဖြစ်ပြီး ဟာယွန်းက သူ့အတွက် သတ္တိရှိပေးချင်မိပါတယ်။
“ရုပ်ရှင်က စိတ်ဝင်စားဖို့ကောင်းမဲ့ပုံပဲ။”
ဟာယွန်းက ပြောရင်းနဲ့ ထယ်ဝမ်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်တယ်။
“အင်း၊ ဟုတ်တယ်။”
ထယ်ဝမ့်မျက်လုံးတွေ အနည်းငယ်ပြူးသွားပြီး သူ့နှုတ်ခမ်းတွေမှာ အပြုံးတစ်ပွင့် ပေါ်လာခဲ့တယ်။
****
ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ပြီးတဲ့အခါ ဟာယွန်းနဲ့ ထယ်ဝမ်တို့က သူတို့နောက်က လိုက်လာကြတဲ့လူတွေကိုရှောင်ပြီး စားသောက်ဆိုင်တစ်ဆိုင်ဆီ ဦးတည်လာခဲ့ကြတယ်။ စားသောက်ဆိုင်ကို ရွေးခဲ့တဲ့သူကတော့ ဟာယွန်းပါပဲ။
ဟာယွန်းက ဒီဆိုင်ကို ဂျီယွန်းနဲ့အတူ အရင်က လာခဲ့ဖူးပါတယ်။ ဝိုင်းလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ ခေါက်ကန့်လန့်ကာလေးတွေ ချထားလျက်ရှိတယ်။ ထယ်ဝမ့်ကိုမြင်တော့ ဝန်ထမ်းလေးတွေ အံ့ဩတကြီး ဖြစ်သွားကြပုံရပေမဲ့ သူတို့က မြန်မြန်ပဲ တည်ငြိမ်အောင်ပြန်ထိန်းပြီး ဟာယွန်းတို့ မှာတာတွေကို အော်ဒါလာကောက်ခဲ့ကြတယ်။ အစားအသောက်တွေ ရောက်လာတော့မှ ဟာယွန်းက နောက်ဆုံးမှာ ဦးထုပ်နဲ့ mask ကို ချွတ်ခဲ့တယ်။
ဒိတ်လုပ်ဖို့ ထွက်လာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် စိတ်သက်သောင့်သက်သာဖြစ်ရခြင်းပါပဲ။ ဟာယွန်းက စားပွဲရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ထယ်ဝမ့်ကို ကြည့်လိုက်တယ်။ ပြတင်းပေါက်က တိုးဝင်လာတဲ့ နေရောင်ဟပ်နေတဲ့ သူ့ကို တွေ့မြင်ရတာက တော်တော်လေး အစိမ်းသက်သက်ဖြစ်နေသလို ခံစားလိုက်ရတယ်။ အချိန်တစ်ခုအရောက်မှာ ထယ်ဝမ်နဲ့ အိမ်မှာပဲ တွေ့ဖြစ်ခဲ့တာလေ။
အစားစားရင်း ဟာယွန်းရဲ့အကြည့်ကို သတိထားမိသွားလို့ထင်ပါရဲ့ ထယ်ဝမ်က မျက်လုံးပင့်ကြည့်ခဲ့တယ်။ အကြည့်ချင်းဆုံသွားတော့ သူက ပြုံးပြခဲ့တယ်။ ကြည်လင်ပြီး ဖြူစင်တဲ့ အပြုံးပါပဲ။ အထက်တန်းကျောင်းမှာတုန်းက ဟာယွန်းသိထားခဲ့တဲ့ ထယ်ဝမ်နဲ့ဆင်တူပြီး အဲ့ဒီအချက်က ဟာယွန်း ရင်ခုန်လာစေခဲ့တယ်။
စားသောက်ပြီးတဲ့နောက်မှာ သူတို့တွေ ကော်ဖီဆိုင်တစ်ဆိုင်ဆီ သွားခဲ့ကြတယ်။ ထယ်ဝမ်က ဆုံးဖြတ်ချက် အခိုင်အမာချပြီးသားလူတစ်ယောက်လို ပြုမူခဲ့တယ်။ တခြားလူတွေရဲ့မျက်လုံးတွေ အာရုံစိုက်တာ၊ မစိုက်တာကို ဂရုမစိုက်တဲ့ပုံပါပဲ။
တစ်ယောက်ယောက်က သူ့ကို မှတ်မိသွားရင် သူ့ပုံကို ဓာတ်ပုံရိုက်သွားကြပေမဲ့ သူက သတိမထားမိသလိုသာ နေခဲ့တယ်။ အစကတော့ ဟာယွန်းတစ်ယောက် ချီတုံချတုံ ဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးတော့ ထယ်ဝမ့်နောက်ကို လိုက်ဖြစ်ခဲ့တာပါပဲ။
သိသာပေါ်လွင်စေခြင်းတော့ မရှိပေမဲ့ နည်းနည်း ရင်ခုန်ကြည်နူးဖို့ကောင်းတာကို ဟာယွန်းလည်း ခံစားမိပါတယ်။ ဂန်ထယ်ဝမ်နဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်ရတာ၊ ကော်ဖီဆိုင်မှာ ကော်ဖီချိုချိုလေး စိတ်ကြိုက်သောက်ရတာ၊ ဘာမှထွေထွေထူးထူးမဟုတ်တာလေးတွေပြောရင်း တစ်ယောက်မျက်လုံးထဲတစ်ယောက်ကြည့်ရတာလေးတွေကပေါ့။
လက်ဖက်ရည်သောက်ပြီးသွားတဲ့အခါ နှစ်ယောက်သား ကော်ဖီဆိုင်ကနေ ထွက်လာခဲ့ကြတယ်။ ကောင်းကင်က မှောင်လာတာနဲ့အမျှ လမ်းမီးတိုင်တွေ ဖျတ်ခနဲ လင်းလာတော့တယ်။
ထယ်ဝမ်က အိမ်မပြန်ဘဲ နည်းနည်းလောက် လမ်းလေးလျှောက်ကြဖို့ ပြောခဲ့တယ်။ ဟာယွန်းက ခေါင်းညိတ်လိုက်တယ်။ သူက ဒါကိုပဲစောင့်နေတဲ့အလား ဟာယွန်းရဲ့လက်လေးကို ကိုင်ခဲ့တယ်။ ဒါက ပထမဆုံးအကြိမ် ဒိတ်လုပ်ကြခြင်းဖြစ်တဲ့အလား လက်မလွှတ်ခဲ့ပါဘူး။
လူရှုပ်ရှုပ်လမ်းနဲ့ ဝေးရာကိုလျှောက်လာပြီး လူပိုရှင်းတဲ့ ရပ်ကွက်ထဲဝင်လာချိန်မှာ လမ်းလျှောက်သွားလာနေသူဆိုတာ မမြင်ရသလောက်ပါပဲ။ ချမ်းအေးတဲ့ ရာသီဥတုကြောင့် အားလုံးက ကော်ဖီဆိုင်တွေထဲမှာသာ စုဝေးနေကြတာပါ။
အမှောင်ထဲမှာ လက်ချင်းယှက်ပြီး လမ်းလျှောက်နေတာဆိုလို့ သူတို့နှစ်ယောက်တည်းသာ ရှိခဲ့ပါတယ်။ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာကြရင်း လေအေးအေးက သူတို့ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တယ်။
ခပ်ချောင်ချောင် ဆောင်းထားတဲ့ဦးထုပ်က ဟာယွန်းရဲ့ခေါင်းကနေ လွင့်သွားခဲ့တယ်။ ထယ်ဝမ်က ဦးထုပ်ဆီလျှောက်သွားပြီး ကောက်ပေးခဲ့တယ်။
“ကျေးဇူးပဲ။”
ဟာယွန်းက ဦးထုပ်ကိုယူဖို့ လက်လှမ်းလိုက်တယ်။ ထယ်ဝမ်က ဦးထုပ်ကို ပြန်မပေးဘဲ ဟာယွန်းရဲ့ mask ကို လက်ချောင်းလေးနဲ့ ဆွဲချခဲ့တယ်။ စိုထိုင်းထိုင်းဖြစ်နေတဲ့ ဟာယွန်းရဲ့မျက်နှာကို လေအေးတစ်ချက် ဝှေ့တိုက်သွားခဲ့တယ်။
ဘာလုပ်တာလဲ။
ဟာယွန်းက မျက်လုံးတွေနဲ့ မေးလိုက်တယ်။
“မျက်နှာလေး ပြပါဦး။”
“…”
“ဒိတ်လုပ်ရတာ ကြိုက်ပေမဲ့ မင်းက မျက်နှာကိုအုပ်ထားတော့ ပိုလို့တောင် မြင်ချင်မိတယ်။”
ထယ်ဝမ်ရဲ့ အကြည့်နွေးနွေးက ဟာယွန်းအပေါ် ဖိတ်ကျလာခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး ဒီမျက်နှာကို မြင်ဖူးတွေ့ဖူးခဲ့ပေမဲ့ သူက ဟာယွန်းကို အကြာကြီး မတွေ့ခဲ့ရတဲ့သူလို လုပ်နေတာလေ။ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ပွင့် ပေါ်လာခဲ့တယ်။
“လှတယ်၊ နာဟာယွန်း။”
“…”
“အထက်တန်းကျောင်းမှာတုန်းက ငါ မြင်မြင်ချင်း ချစ်မိခဲ့တဲ့ ကောင်မလေးလို မပြောင်းမလဲရှိနေတုန်းပဲ။”
ဟာယွန်းက ထယ်ဝမ့်ကို ပြန်ကြည့်လိုက်တယ်။ သူက ပြုံးနေဆဲအတိုင်း ခေါင်းငုံ့လာခဲ့တယ်။ ဟာယွန်းရဲ့နှုတ်ခမ်းတွေကို ပွတ်သပ်တိုက်ခတ်သွားတဲ့ လေအေးနေရာမှာ အနွေးဓာတ်က အစားထိုးနေရာယူသွားတာကို ခံစားလိုက်ရတယ်။
အာ။
ဟာယွန်းရဲ့ နှုတ်ခမ်းနှစ်လွှာကြားကနေ ရေရွတ်သံ တိုးတိုးလေး မသဲမကွဲ ထွက်လာခဲ့တယ်။ လမ်းမီးတိုင်အောက်မှာ မဟုတ်ဘူးဆိုပေမဲ့ ဒီနေရာမှာ နမ်းနေတာက အန္တရာယ်များလှပါတယ်။ တစ်ယောက်ယောက်က သူတို့ကို မြင်သွားနိုင်တယ်လေ။
ဒါပေမဲ့ ဟာယွန်းက ထယ်ဝမ့်ကို မရှောင်ဖယ်ခဲ့ပါဘူး။
ဟာယွန်းရဲ့နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ ဖိမနမ်းခင်လေးမှာ သူလုပ်ခဲ့တဲ့ မျက်နှာထားကြောင့် ဟာယွန်း ဘယ်လိုမှ ရှောင်ဖယ်နိုင်ခြင်း မရှိခဲ့ပါဘူး။
****
“ရပြီလား။ အခု စိတ်ချမ်းသာပြီလား။”
စတူဒီယိုအရှေ့မှာ ကားပါကင်ထိုးပြီးတဲ့နောက် ယောင်ရှစ်က နောက်ကြည့်မှန်ကနေ ထယ်ဝမ့်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး မေးခဲ့တယ်။ ထယ်ဝမ်က ခြေထောက်ချိတ်ထားတာကိုဖြုတ်၊ ကားပေါ်ကဆင်းဖို့ပြင်ပြီးတော့မှ ရပ်လိုက်ပြီး ခေါင်းမော့လာခဲ့တယ်။
“ဘာကိုလဲ။”
သူ့နှုတ်ခမ်းထောင့်စွန်းတွေ ပင့်တက်သွားပုံအရ ဘာကိုပြောနေမှန်း ထယ်ဝမ်သိတယ်ဆိုတာ ယောင်ရှစ် ပြောနိုင်ပါတယ်။ ဒါပေမဲ့ ထယ်ဝမ်က မျက်နှာပြောင်ပြောင်နဲ့ ပြန်မေးခဲ့တယ်လေ။
“နောက်ဆုံးတော့ ဖြစ်ချင်တဲ့အတိုင်း လူသိရှင်ကြား တွဲခွင့်ရသွားတာကို စိတ်ချမ်းသာလားလို့။”
ထယ်ဝမ့် စကန်ဒဲလ်သတင်းက ဟိုးလေးတကျော် ပြန့်သွားခဲ့တယ်။ ဆိုရှယ်မီဒီယာရဲ့ ကျေးဇူးကြောင့် သတင်းတွေက အင်တာနက်မှာ ချက်ချင်း ပြန့်သွားခဲ့တာပါ။
အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ ယောင်ရှစ်ဆီကို အေဂျင်စီကနေ ဖုန်းဝင်လာခဲ့တယ်။ ‘ဂန်ထယ်ဝမ်နဲ့ အတည်ပြုနေဆဲပါ’ လို့ သတင်းထောက်တွေကိုပြောပြီးတဲ့နောက် သူတို့တွေက နှုတ်ဆိတ်နေလိုက်ကြတယ်။ အဲ့ဒီနောက် ကိုယ်စားလှယ်ကြီးရော၊ ဒါရိုက်တာပါ အားလုံး ဂန်ထယ်ဝမ်ကို ဖုန်းဆက်ခဲ့ကြပေမဲ့ ဒီတစ်လျှောက်လုံး ဒါကို ကြိုပြီးစီစဉ်ထားတဲ့အလား ထယ်ဝမ်က ဖုန်းမကိုင်ခဲ့ပါဘူး။
သူတို့က သတင်းတွေကို ဘယ်နည်းနဲ့မဆို တားဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဆယ်မိနစ်ခြားတစ်ခါ ဓာတ်ပုံအသစ်တွေ ထွက်လာခဲ့တယ်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြတာ။ နှစ်ယောက်သား လက်ကိုင်ထားကြတာ။ နှစ်ယောက်သား ကားပေါ်တက်ကြတဲ့ပုံတောင် ပါလိုက်ပါသေးတယ်။
ဆက်ပြီးငြင်းနေလို့ မရတော့တာကြောင့် သူ့အေဂျင်စီက ဂန်ထယ်ဝမ် ရည်စားထားနေတဲ့အကြောင်း အတည်ပြုကြေညာပေးရပါတော့တယ်။
တွဲနေတဲ့မိန်းကလေးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မပြောဘဲနေခဲ့ပေမဲ့ လူတွေက သူဟာ ‘နာဟာယွန်း’ ဖြစ်တယ်ဆိုတာကို အောင်မြင်စွာပဲ သိသွားကုန်ကြပါတယ်။ တစ်ရက်တောင် မကြာလိုက်ခင်မှာ သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ခဲ့ကြကြောင်း လူတွေသိကုန်ကြတယ်။ သတင်းတွေမှာ သူတို့နှစ်ယောက် တွဲနေကြတာ တော်တော်ကြာလောက်ပြီဖြစ်မယ်လို့ စတင်ခန့်မှန်းတွက်ဆခဲ့ကြတယ်။
မနက်စောစောမှာ ကိုယ်စားလှယ်ကြီးက စိတ်တိုတိုနဲ့ ခေါင်းကို ဖိဆုပ်ထားပြီး ဒါရိုက်တာကတော့ အတွေးထဲ နစ်မျောနေခဲ့တယ်။ သူတို့အတွက် ဒီအခြေအနေကို လက်ခံလိုက်ရုံအပြင် မရှိခဲ့ပါဘူး။ သူတို့က ခေါင်မိုးထပ်မှာ စီးကရက်တွေ ဆက်တိုက်သောက်ပြီး ပြန်ဆင်းမလာကြတော့ဘူးလေ။
“မင်းကြောင့် ငါတော့ အိုစာတော့မှာပဲ။ ဒီတစ်လျှောက်လုံး သိနေတာလားလို့မေးပြီး ဒါရိုက်တာက ငါ့ကို ဘယ်နှခေါက်တောင်ဆဲလိုက်လဲ သိရဲ့လား။ ဟင်။ မနေ့ညကအကြောင်း တွေးလိုက်ရုံနဲ့တင် အားပြတ်တော့မလိုပဲ။”
ယောင်ရှစ်က ခေါင်းခါလိုက်တယ်။ ဒီအဖြစ်ကို ပြန်တွေးမိရုံနဲ့တင် သွားတကြိတ်ကြိတ် ဖြစ်မိရပါတယ်။
“အဲ့ဒါကြောင့် ကျွန်တော်က အစ်ကို့ကို တကယ်ကျေးဇူးတင်တာပေါ့။”
“အိုး တကယ်ကြီးလား။ စကားနဲ့တင်ပဲပေါ့လေ။”
“ဒီည တစ်ခွက်ဝယ်တိုက်ရမလား။”
“တစ်ခွက်လောက်ဝယ်တိုက်ရုံနဲ့ အားလုံးကို ကာမိမယ်များ မှတ်နေတာလား။”
ယောင်ရှစ်က စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။
“နောက် ၅နှစ်နေရင် အစ်ကို့အေဂျင်စီကို လာမယ်ဗျာ။”
“ဘာကို ‘နောက် ၅နှစ်’…ဘာရယ်။”
ယောင်ရှစ်က အကြောင်သား မေးခဲ့တယ်။
“အစ်ကို့ရည်မှန်းချက်က ၅နှစ်အတွင်းမှာ အေဂျင်စီထောင်ဖို့မဟုတ်လား။ အစ်ကို့အတွက် အဆင်ပြေမယ်ဆိုရင် ကျွန်တော်က ပထမဆုံး စာချုပ်ချုပ်တဲ့ သရုပ်ဆောင်လုပ်မယ်ဗျာ။ ကျိန်းသေပေါက် အဲ့ဒီအချိန်ကျရင်လည်း အစ်ကို့ကို ဒုက္ခပေးချင်ပေးလောက်ဦးမှာပေါ့လေ။”
“…ဟေ့ကောင်။”
ယောင်ရှစ်က ချာခနဲလှည့်လာပြီး ထယ်ဝမ့်ကို အံ့ဩမယုံနိုင်စွာ ကြည့်ခဲ့တယ်။ အဲ့ဒီအကြောင်း မူးနေတုန်းက တစ်ခါပြောခဲ့ဖူးတာကို ထယ်ဝမ်က မှတ်မှတ်ရရ ရှိနေတဲ့ပုံပါပဲ။
“အဲ့ဒီအချိန်လောက်ဆိုရင် ကျွန်တော်က အိမ်ထောင်သည် ရုပ်ရှင်မင်းသားဖြစ်နေလောက်မှာဆိုတော့ အခုလောက် နာမည်ကြီးတော့မှာ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ အဲ့ဒါကလည်း အစ်ကို့အတွက် အဆင်ပြေတယ်ဆိုရင် စာချုပ်ချုပ်ကြရအောင်။”
ဂန်ထယ်ဝမ် လက်ထပ်သွားမယ်ဆိုရင်တောင် ဘယ်လိုဖြစ်လောက်မလဲ။ သူက သရုပ်ဆောင်တဲ့နေရာမှာ သူ့ရဲ့ အံ့ဩစရာပါရမီကို ပြသခဲ့ပြီးပြီဖြစ်ပြီးတော့ လူကြိုက်များပြီး အမြတ်ကြီးရတဲ့ရုပ်ရှင်နဲ့ အာမခံပေးခဲ့ပြီးပါပြီ။ ဒီလိုရုပ်ရှင်မင်းသားမျိုးသာ သူ့ရဲ့အေဂျင်စီကို ဝင်လာမယ်ဆိုရင် မျက်နှာသစ်လေးတွေ စုဆောင်းတဲ့နေရာမှာ တော်တော်လေးကို ပိုပြီးလွယ်ကူချောမွေ့သွားမှာပါ။
“ဟေ့ကောင်၊ ကိုယ်စားလှယ်ကြီးနဲ့ ဒါရိုက်တာသိသွားရင်…”
“ကိုယ်စားလှယ်ကြီးနဲ့ ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပေမဲ့ ကျွန်တော် ကျေးဇူးအတင်ရဆုံးလူက အစ်ကိုပဲ။”
“…”
“ကျွန်တော်နဲ့ ဟာယွန်းရဲ့အကြောင်းကို မသိချင်ယောင်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ထယ်ဝမ်က အသံခပ်တိုးတိုးနဲ့ပြောရင်း ယောင်ရှစ်ကို ကြည့်လိုက်တယ်။ တည်ငြိမ်တဲ့ သူ့မျက်လုံးတွေမှာ စိတ်ရင်းအပြည့်ရှိနေခဲ့တယ်။ သူက လက်သီးဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေခဲ့တယ်။
“အဲ့ဒီနေ့ကသာ ကျွန်တော်တို့ လမ်းခွဲဖြစ်ခဲ့ကြမယ်ဆိုရင် ကျွန်တော် အခု ဒီနေရာမှာ ရှိနေမှာမဟုတ်ဘူး။ အစ်ကို လုပ်ခဲ့တဲ့အရာအတွက် တကယ် ကျေးဇူးတင်တာပါ။”
ဟာယွန်းသာမရှိရင် ထယ်ဝမ်ဆိုတာ ဘတ္ထရီမရှိတဲ့ စက်တစ်လုံးနဲ့ ဘာမှမခြားပါဘူး။
“…ဟမ်း၊ အဟမ်း။ ရုတ်တရက်ကြီး ဘာဖြစ်လို့ အဲ့ဒီလိုစကားတွေ ပြောရတာလဲ။ ငါ့ကို စိတ်ဆိုးရခက်အောင် လုပ်နေတာပဲ…ငညစ်ကောင်။”
ယောင်ရှစ်က အိုးတိုးအမ်းတမ်း ချောင်းဟန့်လိုက်တယ်။ ဒါကိုမြင်တော့ ထယ်ဝမ်က လန်းလန်းဆန်းဆန်း ပြုံးပြခဲ့တယ်။
“အဲ့ဒီကိစ္စကို စဉ်းစားကြည့်လိုက်ပါဦး။”
“စဉ်းစားရအောင် ဘာကိုစဉ်းစားရမှာလဲကွ။ အခုလောလောဆယ် တစ်ခွက်သာ ဝယ်တိုက်စမ်းပါ။ ပြီးတော့ အခုတင် ပြောလိုက်တဲ့စကားကို အသံသွင်းခံဖို့သာပြင်ထား။ အခု မင်း ငါ့ကို ပြောလိုက်တာက နှုတ်ကတိစာချုပ်နော်၊ ဟုတ်ပြီလား။”
ထယ်ဝမ်က ခေါင်းညိတ်ရင်း ရယ်ချလိုက်တယ်။ တကယ် သွားမှဖြစ်တော့မယ်လို့ပြောရင်း ထယ်ဝမ်က ကားထဲကထွက်လိုက်တယ်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ယောင်ရှစ်က အရှေ့ပြန်လှည့်လိုက်တယ်။
“တကယ့်လူလည်ပဲ။ သူက ဒီလိုဆိုမှတော့ ငါလည်း ကြိုးစားရုံအပြင် မရှိဘူးပေါ့လေ။”
ယောင်ရှစ်က တက်ဘ်လက်ထ်ကိုဖွင့်၊ ထယ်ဝမ်ရဲ့ တစ်နေ့တာအချိန်ဇယားကို နောက်တစ်ခါပြန်စစ်ရင်း အော်ရယ်ပစ်လိုက်တော့တယ်။
****
Translated by D