Epilogue
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
နိဂုံး
ဟာယွန်းက မီးရောင်တောက်တောက်တွေအောက်မှာ ပို့စ်ပေးလိုက်တယ်။ မဂ္ဂဇင်းတစ်ခုမှာ jeans ကြော်ငြာအတွက် ရိုက်ကူးရေးပါ။
“ကောင်းတယ်။ ကောင်းတယ်။”
ဓာတ်ပုံဆရာရဲ့ စိတ်လှုပ်ရှားနေတဲ့အသံက ဟာယွန်းကို တိုက်တွန်းစေခိုင်းနေခဲ့တယ်။ ရိုက်ချက်တိုင်းမှာ ဟာယွန်းရဲ့ ပို့စ်တွေ ပြောင်းသွားခဲ့တယ်။
“တာဝန်ကျေပါတယ် ဟာယွန်းခင်ဗျ။ ဒီနေ့ ရိုက်ခဲ့တာတွေနဲ့ လက်စသတ်လို့ရပြီထင်တယ်။”
ဓာတ်ပုံဆရာက ရိုက်ကူးရေး ပြီးသွားပြီဖြစ်ကြောင်း အသိပေးတဲ့အခါ ဟာယွန်းက ဦးညွှတ်လိုက်တယ်။
“ပင်ပန်းသွားပါပြီ။”
ရိုက်ကူးရေးဝန်ထမ်း တစ်ယောက်ယောက်နဲ့ မျက်လုံးချင်းဆုံမိတိုင်းမှာ ဟာယွန်းက ဦးညွှတ်ပြီး နှုတ်ဆက်လေ့ရှိပါတယ်။ အဝတ်အစားလဲပြီးသွားတဲ့နောက်မှာ ဓာတ်ပုံဆရာဆီ လျှောက်သွားလိုက်တယ်။ ဓာတ်ပုံဆရာက အဲ့ဒီနေ့မှာ ရိုက်ထားသမျှ ပုံတွေအားလုံးကို ပြခဲ့တယ်။ သူအကြိုက်ဆုံး ပုံအနည်းငယ်ကို ရွေးထုတ်ပြီးတဲ့နောက်မှာ မဂ္ဂဇင်းထုတ်ဖို့အတွက် မပို့ခင် နည်းနည်းလေး ပြန်စစ်ပြီး ပြင်ဆင်မှုလုပ်ရုံပဲလိုမှာလို့ ပြောပြခဲ့တယ်။
“ဟုတ်ကဲ့ပါ၊ မှတ်ထားလိုက်ပါ့မယ်။”
“နောက်ကိုလည်း ကျွန်တော်နဲ့ အလုပ်တွဲလုပ်ပါဦးနော်၊ ဟာယွန်း။”
‘ကျွန်မအတွက် ကျေးဇူးတင်စရာပဲပေါ့။’ လို့ ဟာယွန်းက ပြန်ပြောခဲ့တယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ အရောင်အဝါရယ်၊ အပြောင်းအလဲသိုသိပ်တဲ့ မျက်နှာထားရယ်ကြောင့် ဟာယွန်းက ဓာတ်ပုံဆရာတွေကြားမှာ နာမည်ကြီးပါတယ်။ ပြီးတော့ သူက ဂန်ထယ်ဝမ်ရဲ့ချစ်သူမှန်း သိသွားကြတဲ့အခါ သူ့အပေါ် စိတ်ဝင်စားမှုက ပိုလို့တောင် တိုးလာခဲ့တယ်။
သူ့မှာ ဘာဆိုရှယ်မီဒီယာအကောင့်မှ မရှိတာကြောင့် ဟာယွန်းရဲ့ဓာတ်ပုံတွေကို အနည်းငယ်သာ ရနိုင်ခဲ့ကြပါတယ်။ သူ့ရဲ့ မဂ္ဂဇင်းဓာတ်ပုံတွေက အင်တာနက်မှာ ပြန့်သွားခဲ့တယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အရောင်အဝါနဲ့ စိတ်ကူးယဉ်ဆန်ဆန် ဓာတ်ပုံတွေကြောင့် ဟာယွန်းတစ်ယောက် လူတွေရဲ့ စိတ်ဝင်စားမှုကို စတင်ရရှိလာပါတော့တယ်။
ပထမဆုံး စပြီးတုံ့ပြန်ကြသူတွေကတော့ ဖက်ရှင်နယ်ပယ်ကပါ။ ဆည်ကျိုးသွားတဲ့အလား လူတွေက အင်တာဗျူးလုပ်ဖို့၊ ဓာတ်ပုံပေးဖို့ အလုံးအရင်းနဲ့ ဖုန်းဆက်တောင်းဆိုခဲ့ကြတယ်။
အေဂျင်စီအမျိုးမျိုးက သူ့ကို scout လုပ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ဟာယွန်းက သူတို့ရဲ့ လင်းလက်တောက်ပနေတဲ့ ကမ်းလှမ်းမှုတွေအပေါ် စိတ်မယိုင်ခဲ့ပါဘူး။ အဲ့ဒီအစား သူ့အသက်မွေးလမ်းကြောင်းအတွက် အရေးပါတဲ့ ပရောဂျက်တွေကိုသာလုပ်ဖို့ ရွေးချယ်ခဲ့တယ်။
“စစ်ကြည့်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒီလောက်နဲ့ သွားလိုက်ပါဦးမယ်။”
ဓာတ်ပုံတွေအားလုံးကို ပြန်ကြည့်ပြီးတဲ့နောက်မှာ ဟာယွန်းက ရိုက်ကွင်းမှာရှိနေတဲ့ ဝန်ထမ်းတွေကို တစ်ခါထပ်ပြီး နှုတ်ဆက်လိုက်တယ်။ သူတို့ထဲက တချို့က ဓာတ်ပုံတွဲရိုက်ခွင့်တောင်းခဲ့ကြတယ်။
သူတို့နဲ့ ဓာတ်ပုံအနည်းငယ်ရိုက်ပြီးတဲ့နောက်မှာ ဟာယွန်းက စတူဒီယိုထဲကနေ ထွက်လာခဲ့တယ်။ လေညင်းနွေးနွေးလေးက သူ့ကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တယ်။ သူက ခဏလောက် ငြိမ်ငြိမ်လေး ရပ်နေခဲ့ပြီး သန့်ရှင်းတဲ့လေကို ရှူသွင်းလိုက်တယ်။
ထူးခြားတဲ့ နွေဦးလေညင်းက သူ့ရဲ့အဆုတ်ထဲ အပြည့်ဝင်သွားခဲ့တယ်။
တကယ် နွေဦးရောက်လာခဲ့ပြီပဲ။
ဟာယွန်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ပြီး မှောင်လာတဲ့ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သိပ်မကြာခင် ချယ်ရီပွင့်တွေ ပွင့်ကြတော့မယ်တဲ့လေ။ ကျိန်းသေပေါက် တောင်ပိုင်းမှာ တချို့တလေတောင် ပွင့်နေကြပါပြီ။ လေညင်းလေးတွေ တိုက်သွားတိုင်းမှာ ပွင့်ချပ်လေးတွေ ကြွေကုန်တယ်တဲ့လေ။
အဲ့ဒီအတွေးနဲ့တင် ဟာယွန်းရဲ့နှလုံးက တလှပ်လှပ်ခုန်နေပါပြီ။ ချယ်ရီပွင့်တွေအကြောင်း တွေးလိုက်တိုင်းမှာ လူတစ်ယောက်က သူ့အတွေးထဲ အမြဲပေါ်လာတတ်ပါတယ်။
တွေ့ချင်တယ်၊ ဂန်ထယ်ဝမ်။
အဲ့ဒီအတွေးနဲ့ ဟာယွန်းက အရှေ့ကို ကြည့်လိုက်တယ်။ အဲ့ဒီမှာ ထယ်ဝမ်က ထင်ယောင်ထင်မှား ပုံရိပ်တစ်ခုအလား ရပ်နေခဲ့တယ်။ သူက ကုတ်အင်္ကျီကို ဝတ်ထားပြီး နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတဲ့အခါ ပြုံးပြခဲ့တယ်။ သူ့အပြုံးက နွေဦးရဲ့လေညင်းလိုမျိုး ကြည်လင်ပြီး ပေါ့ပါးလှပါတယ်။
ဟာယွန်းက ပင်ပန်းနေလို့ မြင်ချင်တာတွေ လျှောက်မြင်နေတာဖြစ်မယ်ဆိုပြီး တွေးလိုက်မိတယ်။ ထယ်ဝမ်က သူ့ရဲ့ နောက်ဆုံးရိုက်ကူးရေးမှာ ရှိနေတာကြောင့် လောလောဆယ် အရမ်းအလုပ်များနေမှာပါ။ သူက တစ်ညလုံး အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ဟာယွန်းက ဗီဒီယိုကောလ်ကနေပဲ သူနဲ့တွေ့ရတာလေ။ အချိန်လေးရတိုင်းမှာ သူ့ခမျာ ပင်ပန်းတဲ့အလုပ်ကို ကာမိအောင် အိပ်ရပါသေးတယ်။
အဲ့ဒါကြောင့် သူက ဟာယွန်း ဓာတ်ပုံရိုက်ကူးရေးရှိတာကို သိသွားပြီး ဒီအထိရောက်လာစရာ လုံးဝအကြောင်းမရှိပါဘူး…
ဟာယွန်းက မယုံမရဲဖြစ်နေခဲ့တယ်။
“နာဟာယွန်း။”
သူက ဟာယွန်းရဲ့နာမည်ကိုခေါ်ပြီး ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ကြောင်း သိစေခဲ့တယ်။ အဲ့ဒီတော့မှပဲ ဟာယွန်းလည်း အရှေ့ကို စလျှောက်မိခဲ့တယ်။ သူ့အရှေ့မှာ ရပ်လိုက်မိတော့မှပဲ ထယ်ဝမ် သူ့ကို လာတွေ့တယ်ဆိုတာကို နောက်ဆုံးမှာ လက်ခံသွားနိုင်တော့တယ်။
“ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။”
ဟာယွန်းက အံ့ဩနေတဲ့ပုံပါ။
“နောက်ဆုံးရိုက်ကူးရေး ပြီးသွားတာနဲ့ ဒီကို တန်းလာခဲ့တာ။”
“အကုန်ပြီးသွားပြီပေါ့လေ။”
“အင်း။”
“ဂုဏ်ပြုပါတယ်။ ပွဲသိမ်းပါတီကရော။”
“ရွှေ့လိုက်တယ်။”
“ငါ ဒီမှာရှိနေမှန်း ဘယ်လိုလုပ်သိတာလဲ။”
ထယ်ဝမ်နဲ့ နောက်ဆုံးအကြိမ် စကားပြောခဲ့တုန်းက ဓာတ်ပုံရိုက်ကွင်းမှာ ရှိမယ်လို့ပဲ ပြောခဲ့တာပါ။ နေရာအတိအကျကို လုံးဝမပြောမိခဲ့ပါဘူး။
“မင်းရဲ့မန်နေဂျာကို မေးလိုက်တာ။ ပြီးတော့ ဒီနေ့အတွက် သူတို့ကို ပြန်ခိုင်းလိုက်ပြီ။ ငါက မင်းကို ပြန်ပေးဆွဲသွားမလို့။ အဲ့ဒါကြောင့် ကားသော့လေး ပေးပါလား။”
“နင့်ကြည့်ရတာ ပင်ပန်းနေသလိုပဲ။ ငါပဲမောင်းပါ့မယ်။”
ဟာယွန်းက ထယ်ဝမ်ရဲ့ နွမ်းလျလျမျက်နှာကို ကြည့်လိုက်တယ်။
“ငါမောင်းမယ်။ တစ်နေရာကို သွားရမှာမို့လို့။”
“ဘယ်ကိုလဲ။”
“ရောက်ရင်သိမှာပေါ့။”
သူ့ရဲ့ ခေါင်းမာမှုကို မနိုင်တာကြောင့် ဟာယွန်းလည်း ခဏလောက် တွေဝေနေပြီးမှ သူ့လက်ထဲ ကားသော့ထည့်ပေးလိုက်တော့တယ်။
****
ကားထဲမှာ တစ်မှေးအိပ်ပြီးတဲ့နောက် ဟာယွန်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်တယ်။ ဘေးပတ်လည်ကိုကြည့်လိုက်တော့ အရုဏ်တောင်တက်နေပါပြီ။
မနေ့ညက ညစာအဝစားပြီးတဲ့နောက်မှာ ထယ်ဝမ်က တစ်နေရာဆီ မောင်းလာခဲ့တယ်။ ဘယ်ကိုသွားနေတာလဲလို့ မေးလိုက်တော့ သူက ‘တစ်ရေးလောက် အိပ်လိုက်’ လို့သာ ပြောခဲ့တယ်။
ကားလေးက လမ်းအတိုင်း ပြေးဆင်းသွားခဲ့တယ်။ ဟာယွန်းက နိုးနိုးကြားကြားရှိအောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့တယ်။ သူက တမင်တကာပဲ ထယ်ဝမ့်ကို ဟိုတစ်စ ဒီတစ်စ မေးခွန်းလေးတွေ စပြီးမေးခဲ့တယ်။
ထယ်ဝမ်က ရိုက်ကူးရေးကို ဘေးကင်းကင်း အပြီးသတ်နိုင်ခဲ့ကြောင်း ပြောပြခဲ့တယ်။ နောက်ထပ်နှစ်လလောက် တည်းဖြတ်ပြီးရင် ထုတ်လွှင့်တော့မှာတဲ့လေ။ နောက်ဆုံးရိုက်ကူးရေး ပြီးသွားတဲ့နောက် ပင်ပန်းနေလောက်မှာဆိုပေမဲ့ စတီယာရင်ဘီးဆီကနေ လုံးဝ လက်မခွာခဲ့ပါဘူး။
ဟာယွန်းကလည်း ပင်ပန်းနေတာကို အံတုဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ညနက်လာတာနဲ့အမျှ နွမ်းနယ်မှုကို အနိုင်မယူနိုင်တော့ပါဘူး။ ခဏလောက် မှေးဖို့ပဲ တွေးထားခဲ့ပေမဲ့ မျက်လုံးဖွင့်လိုက်တဲ့အခါ အရုဏ်တောင်တက်နေပါပြီ။
“ထယ်ဝမ်၊ ငါတို့တွေ ဘယ်အထိတောင် ရောက်လာတာလဲ။ ထယ်ဝမ်။”
ဟာယွန်းက ကားမောင်းသူနေရာဘက်ကို လှည့်ကြည့်လိုက်တယ်။ နေရာမှာ ဘယ်သူမှရှိမနေပါဘူး။ ဟာယွန်းက ခရီးသည်ခုံကနေ ထွက်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်တယ်။
ရှင်းလင်းတိတ်ဆိတ်တဲ့ ကားရပ်နားရာနေရာမှာ ပါကင်ထိုးထားတာဆိုလို့ သူတို့ကားတစ်စီးသာ ရှိခဲ့တယ်။ ဟာယွန်းက ဘေးဘီဝဲယာကို စိုးရိမ်စွာ ကြည့်လိုက်တယ်။ ခပ်လှမ်းလှမ်းကို ကြည့်လိုက်တဲ့အခါ ရှုခင်းကြောင့် အသက်ရှူမှားသွားရတော့တယ်။
“ဝါး။”
နေထွက်ချိန် နောက်ခံမှာ ဧရာမ ချယ်ရီပင်အစုကြီးကို တွေ့လိုက်ရတယ်။
ချယ်ရီတွေ အခုထိ မပွင့်သေးဘူးဆိုပြီးတော့…
ဟာယွန်းက ပြုစားခံထားရတဲ့အလား သစ်ပင်တွေရှိရာဆီ စတင်လျှောက်လှမ်းသွားလိုက်တယ်။ တောင်ကုန်းလေးအတိုင်း တက်သွားလိုက်ချိန်မှာ ချယ်ရီပင်တန်း အရှည်ကြီးကို တွေ့လိုက်ရတယ်။
ကြွေကျလာတဲ့ ပွင့်ချပ်လေးတွေကြားမှာ ထယ်ဝမ်က ရပ်နေခဲ့တယ်။ သူက လက်နှစ်ဖက်ကိုဆန့်တန်းပြီး ချယ်ရီပွင့်ချပ်လေးတွေကို လိုက်ဖမ်းနေခဲ့တယ်။
အထက်တန်း ဒုတိယနှစ်ရဲ့ အဲ့ဒီနေ့တုန်းကလိုပါပဲ။ သူ့တစ်ကိုယ်လုံး ချယ်ရီပွင့်ချပ်လေးတွေ ဖုံးလွှမ်းလျက်ရှိနေခဲ့တယ်။
“နိုးတောင်နိုးလာပြီပဲ။”
ထယ်ဝမ်က ရှက်ရဲရဲလေး ပြောခဲ့တယ်။
ဘာတွေလုပ်နေတာလဲ။
အဲ့ဒီစကားတွေက ဟာယွန်းရဲ့နှုတ်ဖျားကနေ ထွက်မလာဘဲ သူ ဟာယွန်းဆီ လျှောက်လာတာကိုသာ အကြောင်သား ကြည့်နေခဲ့မိတယ်။
အိပ်မက်မက်နေတာများလား။ ချယ်ရီပွင့်တွေနဲ့ ဂန်ထယ်ဝမ်နဲ့…
တောင်ပိုင်းမှာတော့ ချယ်ရီပွင့်လေးတွေ ကြွေနေကြပြီလို့ ကြားထားတာပါ။ ဒါပေမဲ့ ဟာယွန်းနေတဲ့နေရာမှာတော့ အကိုင်းတွေမှာ ပန်းတောင်မပွင့်သေးပါဘူး။
“ဘယ်နေရာရောက်နေတာလဲ။”
“ချယ်ရီပွင့်တွေ ပထမဆုံးပွင့်တဲ့နေရာ။”
“ဘာဖြစ်လို့ ငါတို့က…”
“အရင်တစ်ခါ ကတိပေးထားတယ်လေ။ ချယ်ရီပွင့်တွေ ပထမဆုံးပွင့်တဲ့နေရာဆီ ခေါ်သွားပေးမယ်လို့ ပြောထားတယ်မဟုတ်လား။”
“အာ…”
ထယ်ဝမ်က အဲ့ဒါကို ကြုံကြိုက်တုန်း ပြောခဲ့ဖူးပေမဲ့ ဟာယွန်း မေ့သွားခဲ့တာပါ။ သူ ဟာယွန်းရှေ့ ရပ်လိုက်တဲ့အချိန်မှာ ဟာယွန်းက သူ့ကို နားမလည်နိုင်သလို မျက်နှာထားနဲ့ ကြည့်လိုက်တယ်။
“အများကြီးတော့ မဖမ်းမိလိုက်ပေမဲ့၊ ရော့။ ယူလိုက်။”
သူ့စကားတွေနဲ့ဆန့်ကျင်စွာ သူ့လက်နှစ်ဖက်မှာ ချယ်ရီပွင့်ဖတ်လေးတွေ အပုံလိုက် အပြည့်ရှိနေခဲ့တယ်။ ဟာယွန်းက သူ့လက်ကို ကြည့်နေပြီးမှ သူ့ကို မော့ကြည့်လိုက်တယ်။ သူက လက်နှစ်ဖက်စလုံး ဟာယွန်းဆီ ကမ်းပေးထားခဲ့တယ်။
“ရော့၊ နင်က ဒါတွေကြိုက်တယ်မဟုတ်လား။”
အထက်တန်း ဒုတိယနှစ်တုန်းက ဂန်ထယ်ဝမ်ရဲ့ မျက်နှာဟာ အခုလက်ရှိ ဟာယွန်းအရှေ့မှာရပ်နေတဲ့ ဂန်ထယ်ဝမ်ရဲ့မျက်နှာနဲ့ တစ်ထပ်တည်းကျသွားခဲ့တယ်။ ဟာယွန်းက သူ့ကို မော့ကြည့်ပြီး နှုတ်ခမ်းလေးတွေကို ဖိကိုက်လိုက်တယ်။
အထက်တန်းကျောင်းသူ နာဟာယွန်းကတော့ မသိပေမဲ့ အခုလက်ရှိ ဟာယွန်းကတော့ သိပါပြီ။ ဒီလောက်များတဲ့ ချယ်ရီပွင့်ချပ်လေးတွေကိုဖမ်းဖို့အတွက် ထယ်ဝမ် ဘယ်လောက်ကြာအောင် အချိန်ယူခဲ့ရသလဲဆိုတာကို ဟာယွန်း သိပါပြီ။ အဲ့ဒါက ခက်ခဲတဲ့အလုပ်မှန်း သိသွားပါပြီ။
“ဒီတစ်ခါ တစ်ခုမှလွင့်မသွားစေဘဲ အကုန်လုံးယူနော်။”
ထယ်ဝမ့်စကားကြောင့် ဟာယွန်းက လက်နှစ်ဖက်စလုံး ကမ်းပေးလိုက်တယ်။
“နင့်ကို သဘောကျတယ်။”
အဲ့ဒီတုန်းကတော့ အထက်တန်းကျောင်းသားလေး ဂန်ထယ်ဝမ်က အဲ့ဒီစကားတွေကို ပြောခဲ့တာပါ။ အခု သူ အဲ့ဒီစကားတွေ ပြောလာဖို့ ဟာယွန်း မျှော်လင့်ခဲ့မိတယ်။
“မွေးနေ့မှာ ပျော်ရွှင်ပါစေ။”
“…”
ဒါပေမဲ့ သူက တခြားစကားကို ပြောခဲ့တယ်။
တောက်…
လေးလံတဲ့အရာတစ်ခု လက်ဖဝါးနဲ့ထိသွားတာကို ဟာယွန်း ခံစားလိုက်ရတယ်။ ပန်းရောင်ပွင့်ဖတ်လေးတွေကြားမှာ လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရတယ်။
“ပြီးတော့ လက်ထပ်ရအောင်။”
ထယ်ဝမ် ဒါကိုပြောလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားမိခဲ့ပါဘူး။
ဟာယွန်းက ခေါင်းမော့ပြီး ထယ်ဝမ့်ကို ကြည့်လိုက်တယ်။
“လက်ထပ်ရအောင်၊ ဟာယွန်း။ ဒီထက်ပိုပြီး နောက်ဆုတ်မထားနိုင်တော့ဘူး။”
သူ့စကားတောင်မဆုံးခင်မှာ သူတို့ဘေးပတ်လည်ကို လေတစ်ဝှေ့ တိုက်ခတ်သွားခဲ့တယ်။ ဟာယွန်းလက်ထဲက ချယ်ရီပွင့်ချပ်ပုံဟာလည်း လေနဲ့လွင့်ပြီး သူတို့ဘေးပတ်လည်မှာ ဝဲလွင့်ကခုန်သွားကြတယ်။ ချယ်ရီပွင့်ချပ်လေးတွေ သူတို့နှစ်ယောက်အပေါ်ကို ကျလာခဲ့တယ်။
နေရောင်ခြည်က ချယ်ရီပင်တွေရဲ့ အကိုင်းတွေကြားထဲကနေ ထိုးဖောက်ကျရောက်နေခဲ့တယ်။
သူတို့ဘေးပတ်လည်က တစ်လောကလုံး အရမ်းတောက်ပနေတာတောင်မှ အနက်ရောင်တွေချည်း ဝတ်ထားတဲ့ ဂန်ထယ်ဝမ်က ပိုလို့တောင် တောက်ပနေခဲ့ပါတယ်။ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြတဲ့အခါ သူက ပြုံးပြခဲ့တယ်။ သူ့အပြုံးက နွေဦးလေညင်းထက်တောင် ပိုနွေးနေပါသေးတယ်။
ဟာယွန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တယ်။
“…အင်း။”
ချယ်ရီပွင့်လေးတွေထက်တောင် ပိုပြီးတောက်ပတဲ့ အပြုံးလေးတစ်ပွင့် ဟာယွန်းရဲ့ မျက်နှာမှာ ဖူးပွင့်လာခဲ့တယ်။
ထုံးစံအတိုင်း သူ မငြင်းနိုင်ခဲ့ပါဘူး။
သူ့အတွက် ဒီအထိရောက်အောင်လာခဲ့တဲ့ ဂန်ထယ်ဝမ်။ အထက်တန်း ဒုတိယနှစ်တုန်းက ဖွင့်ပြောခဲ့တဲ့အတိုင်း ဖွင့်ပြောခဲ့တဲ့ ဂန်ထယ်ဝမ်။ ကြည်လင်တဲ့ ကောင်းကင်ထက်တောင် ပိုပြီးတောက်ပတဲ့အပြုံးနဲ့ ဂန်ထယ်ဝမ်။ ချယ်ရီပွင့်တွေထက်တောင် ပိုပြီးချစ်ဖို့ကောင်းတဲ့လူ…
ဟိုးအစကတည်းက နင့်ကို ဘယ်လိုငြင်းရမယ်မှန်း လုံးဝမသိခဲ့တာ ထင်ပါရဲ့။
ထယ်ဝမ့်ကိုကြည့်နေရင်း ဟာယွန်းရဲ့ မျက်လုံးလေးတွေက ပြုံးယောင်သမ်းပြီး ကွေးညွတ်သွားခဲ့တယ်။ ထယ်ဝမ်က ခေါင်းငုံ့လာခဲ့တယ်။
သူ့နှုတ်ခမ်းတွေက ဟာယွန်းရဲ့နှုတ်ခမ်းတွေကို ချယ်ရီပွင့်လေးတွေအလား အသာဖွဖွလေး ထိခဲ့ပါတော့တယ်။
****
Translated by D