Extra
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်းဆက်
ကျောင်းဆင်းပွဲပဲဖြစ်ဖြစ်၊ ကျောင်းတက်ပွဲပဲဖြစ်ဖြစ်၊ ထယ်ဝမ်က ဒီအခမ်းအနားတွေကို ပျင်းစရာတွေလို့ပဲ အမြဲတွေးပါတယ်။ စင်ပေါ်တက်လာတဲ့ဆရာက အထက်တန်းကျောင်းသားတွေအတွက် ပထမနှစ်က ဘယ်လောက်အထိ အရေးပါကြောင်း စပြီးပြောခဲ့တယ်။ သူတို့တွေ ဒီကျောင်းကို ဝင်ခွင့်ရကြတာဟာ ဘယ်လောက် အံ့ဩစရာကောင်းကြောင်းပေါ့။ သူက စကားတွေ အရှည်ကြီး ဆက်ပြောခဲ့တယ်။
နောက်ဆုံးအတန်းမှာရပ်နေတဲ့ ထယ်ဝမ်က ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်တယ်။ ကောင်းကင်ပြာပြာက မျက်စိကျိန်းချင်စရာပါပဲ။
မိုးသာရွာခဲ့မယ်ဆိုရင် အနည်းဆုံးတော့ သူတို့တွေ အထဲမှာ ထိုင်နိုင်ကြမှာပါ။
ဟိုဟိုဒီဒီ လျှောက်တွေးရင်း ထယ်ဝမ်က ဘာရယ်မဟုတ် တစ်ဖက်လှည့်ကြည့်လိုက်မိတယ်။ သုံးတန်းအကျော်မှာ ကောင်မလေးတစ်ယောက်က တုံ့ခနဲရပ်တန့်သွားခဲ့တယ်။ ပခုံးမှာ ကျောပိုးအိတ်လွယ်ထားပုံအရ အခုလေးတင် ရောက်လာတဲ့ပုံပါပဲ။ ဒီတော့ ကျောင်းတက်ပွဲ အခမ်းအနားကို နောက်ကျတဲ့ကလေးတွေလည်း ရှိတာပါလား။
ကောင်မလေးက ဖြောင့်ဖြောင့်စင်းစင်း ဆံပင်ရှည်တွေကို သေသေသပ်သပ် ပိုနီတေးလ် စည်းထားခဲ့တယ်။ သူ့ရဲ့ အညိုရောင်ဖျော့ဖျော့ ဆံပင်လေးက ထယ်ဝမ့်မျက်စိထဲ ထင်းနေခဲ့တယ်။ ပြီးတော့ ဖြူစွတ်တဲ့ သူ့ရဲ့ အသားအရေ။
သူ့အကြည့်ကို ခံစားမိတဲ့အလား ကောင်မလေးက လှည့်ကြည့်လာခဲ့တယ်။ နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားခဲ့ကြတယ်။ အဲ့ဒီ တဒင်္ဂ အခိုက်အတန့်လေးအတွင်း ထယ်ဝမ့်မှာ အတွေးတစ်ခုတည်းသာ ရှိခဲ့ပါတယ်။
လှသားပဲ။
ကြည့်နေတာကို လူမိသွားတာက နည်းနည်းအိုးတိုးအမ်းတမ်း ဖြစ်ချင်စရာဆိုပေမဲ့ ထယ်ဝမ်က ဘာမှမဖြစ်သလိုပဲ အရှေ့တည့်တည့်ကို ကြည့်လိုက်တယ်။ ကောင်မလေးကလည်း သူ့ကို နည်းနည်းကြာကြာလေး ဆက်ကြည့်နေပြီးတော့မှ အရှေ့ပြန်လှည့်သွားခဲ့တယ်။
ထယ်ဝမ့်မျက်လုံးတွေက အရှေ့က စင်မြင့်မှာရှိနေတယ်ဆိုပေမဲ့ သူ့ရဲ့အာရုံကတော့ ကောင်မလေးဆီမှာ ရှိနေဆဲပါ။ ဘာကြောင့်မှန်းမသိပေမဲ့ ကျောင်းတက်ပွဲအခမ်းအနားက အခုတော့ သိပ်ပြီးပျင်းစရာမကောင်းတော့သလို ခံစားလိုက်ရတယ်။
****
“နာဟာယွန်းကွ။ နာဟာယွန်း။”
“ဝါး၊ အရပ်ကြီးက အမြင့်ကြီးပဲ။”
ကျောင်းတက်ပွဲအခမ်းအနား ပြီးသွားတာ ရက်ပိုင်းလေးပဲ ရှိပါသေးတယ်။ ကျောင်းတက်ပွဲအခမ်းအနားတုန်းက ကောင်မလေးရဲ့နာမည်က ‘နာဟာယွန်း’ လို့ ထယ်ဝမ် သိခဲ့ရတယ်။ သူက တခြားစာသင်ခန်းမှာဖြစ်တာကြောင့် နာမည်မေးခွင့်မကြုံလိုက်ပေမဲ့ တခြားကျောင်းသားတွေ သူ့နာမည်ကို သိနေကြတယ်ဆိုတဲ့အချက်အရ သူဟာ ကောင်လေးတွေကြားမှာ နာမည်ကြီးတယ်ဆိုတဲ့သဘောပါပဲ။
ဟာယွန်းက အသားလေးဖြူပြီး မျက်နှာလှလှလေးနဲ့ သွယ်သွယ်လျလျခန္ဓာကိုယ်ရှိသူပါ။ ပြီးတော့ သူ့မှာ အရွယ်နဲ့မလိုက် လျှို့ဝှက်ဆန်းကြယ်တဲ့ အရောင်အဝါတစ်မျိုးရှိပြီး အဲ့ဒီအချက်က ကောင်လေးတွေကို ပိုလို့တောင် ရင်ခုန်ရအောင် လုပ်ပေးနေတယ်လေ။ ဒါပေမဲ့ ကျောင်းသားတွေက ဟာယွန်းကို စိတ်ရှိသလို မချဉ်းကပ်ကြပါဘူး။
“ဘယ်လိုပြောရမလဲ။ နာဟာယွန်းကြည့်ရတာ နည်းနည်းခက်မဲ့ပုံပဲ။”
နာဟာယွန်းအပေါ် စိတ်ဝင်စားမှုအမြင့်ဆုံးရှိတဲ့ ကျောင်းသားက ဒီစကားကို တိုးတိုးပြောခဲ့တယ်။ တခြားကောင်လေးတွေက သူ့စကားကိုကြားတော့ အားလုံး ခေါင်းညိတ်ခဲ့ကြတယ်။
လျှို့ဝှက်ဆန်းကြယ်သလောက် ဟာယွန်းက ချဉ်းကပ်ရလည်းခက်ပါတယ်။ တချို့ကလေးတွေကလွဲပြီး ဟာယွန်းက အားလုံးနဲ့ ခပ်တန်းတန်း နေတတ်တယ်လေ။ တစ်ယောက်ယောက်က တစ်ခုခုမေးတဲ့အခါ ပြန်ဖြေတတ်ပေမဲ့ ဘယ်တော့မှ စကားစပြောလေ့မရှိပါဘူး။
သူ့ကို စိတ်ဝင်စားကြတဲ့ ယောက်ျားလေးတစ်ဝက်လောက်က သူနဲ့ ရင်းနှီးအောင်လုပ်ဖို့ကို လက်လျှော့ကုန်ကြပါပြီ။
“နာဟာယွန်း ဘယ်လိုကောင်မျိုးနဲ့ တွဲမလဲဆိုတာ သိချင်လိုက်တာ။ တကယ်ပဲ သူ့ရဲ့ စံနှုန်းက ဘယ်လောက်အထိတောင် မြင့်တာလဲနော်။”
ထယ်ဝမ့်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဂျီချောလ်က နေ့လယ်စာအတူတူစားနေကြရင်း ရုတ်တရက် မေးခွန်းထုတ်ခဲ့တယ်။ တခြားကျောင်းသားတွေလိုပဲ ဂျီချောလ်ကလည်း ဟာယွန်းကို စိတ်ဝင်စားနေတာပါ။
“ချောတဲ့ကောင်တစ်ယောက်ယောက်နဲ့ တွဲမှာသေချာတယ်။ လှတဲ့ကောင်မလေးတွေက ကောင်လေးချောချောတွေနဲ့ပဲ တွဲကြတာလေ။”
သူတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ရှီဟိုက ဘာသိဘာသာ ပြန်ဖြေခဲ့တယ်။
“ဟုတ်တယ်နော်။ ကောင်းလိုက်တာ။ နာဟာယွန်းနဲ့ တွဲတဲ့ကောင်ကတော့ တော်တော်ကံကောင်းတဲ့ကောင်ဖြစ်မှာ။ ဂန်ထယ်ဝမ်၊ မင်းသာဆိုရင် နာဟာယွန်းနဲ့ တွဲနိုင်မယ်ထင်တယ်။ သူ့ကို စိတ်ဝင်စားလား။”
ဂျီချောလ်က ထယ်ဝမ့်ကိုကြည့်ရင်း မေးခဲ့တယ်။
“ကိုယ့်အစားသာ ကိုယ်စားစမ်းပါကွာ။”
ထယ်ဝမ်က ဘာသိဘာသာ ပြန်ဖြေလိုက်တဲ့အခါ ဂျီချောလ်က ခေါင်းခါလိုက်တယ်။
“ငါ့နှယ်၊ တော်တော်လေး ရိုမန့်တစ်မဆန်တဲ့ကောင်ပဲ။ ကောင်မလေးတွေကြားမှာ အရမ်းနာမည်ကြီးတော့ရော ဘာများအသုံးဝင်မှာလဲ။ အဲ့ဒါကို အခွင့်ကောင်းယူပြီးတော့တောင် မသုံးတတ်ဘဲနဲ့။ ငါသာ မင်းနေရာမှာဆိုရင် အခုနေ တစ်ကျောင်းလုံးမှာ အလှဆုံးမိန်းကလေးနဲ့ တွဲနေလောက်ပြီ။ မင်းရဲ့ မျက်နှာချောချောကြီးကို အဲ့ဒီလိုသုံးမယ်ဆိုရင်လည်း ငါ့ကိုသာ ပေးလိုက်ပါတော့လား။ ပြီးတော့ တစ်လက်စတည်း မင်းရဲ့အရပ်ကြီးပါ နည်းနည်းမျှပေးစမ်းပါ။ ငါကွာ၊ တကယ် နှမြောစရာကြီး။”
ဂျီချောလ်က စောဒကတက်ရင်း မချင့်မရဲ ပြောခဲ့တယ်။
“ဒါနဲ့ နာဟာယွန်းက အရပ်ကြီး တအားရှည်လွန်းမနေဘူးလား။”
ရှီဟို ပြောလိုက်တဲ့အခါ ထယ်ဝမ်နဲ့ ဂျီချောလ်တို့ရဲ့ မျက်လုံးတွေက သူ့ဆီ ကျရောက်သွားတော့တယ်။
“သိတယ်မဟုတ်လား၊ မိန်းကလေးတစ်ယောက်အတွက်ဆို တအားအရပ်ရှည်လွန်းနေတယ်လေ။ ၁၇၀ စင်တီမီတာ ကျော်တယ်ဆိုလားပဲ။ စဉ်းစားကြည့်စမ်းပါ။ သူသာ ဒေါက်ဖိနပ်စီးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ယောက်ျားလေးအများစုထက် ပိုမြင့်နေမှာပေါ့။ ဘယ်သူကများ သူ့ကို ချဉ်းကပ်မယ်ထင်လဲ။ ကြောက်နေကြမှာပေါ့။ ပြီးတော့ သူက ချစ်ဖို့ကောင်းအောင် လုပ်နေတာတောင်မဟုတ်ဘူး…စကားလည်း အများကြီးမပြောဘူးဆိုတော့ ခင်ဖို့ကောင်းမဲ့ပုံလည်းမပေါ်ဘူး။ တကယ် ငါ့အကြိုက်ပုံစံ မဟုတ်ဘူး။”
ရှီဟိုက ခေါင်းခါလိုက်တယ်။
“အဲ့ဒီလိုတွေးတဲ့သူက မင်းတစ်ယောက်တည်းရှိမှာ သေချာတယ်။”
ထယ်ဝမ်က ထပြောလိုက်တယ်။
“ဘာ။”
ရှီဟိုက ထယ်ဝမ့်ကိုကြည့်ရင်း ပြန်မေးလိုက်တယ်။
“မိန်းကလေးတစ်ယောက်ရဲ့ အရပ်အမောင်းကို ဝေဖန်ဖို့အချိန်ရှိတယ်ဆိုရင် ကိုယ့်အရပ်အမောင်းအတွက်ကိုယ် ပူပန်ဖို့ပဲ အာရုံစိုက်ပါလား။ ပြီးတော့ မင်းကလည်း နာဟာယွန်းရဲ့ အကြိုက်မဟုတ်ဘူးဆိုတာ သေချာတယ်။”
ထယ်ဝမ်က သူ့ရဲ့နို့ဘူးကို ရှီဟိုဆီ တွန်းပို့ပေးပြီးမှ ထရပ်လိုက်တယ်။
“ဟေ့ကောင်၊ ဂန်ထယ်ဝမ်။ ဘယ်လိုများ အဲ့ဒီလို ပြောနိုင်တာလဲ။ ခွေးမသား၊ တကယ်ကြီးလား။ မင်းက အရပ်ရှည်တယ်ဆိုတာနဲ့ပဲလေ။”
ရှီဟိုတစ်ယောက် အနောက်မှာ အော်ဟစ်စောဒကတက်ရင်း ကျန်ခဲ့ပေမဲ့ ထယ်ဝမ်က လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။ သူက သူ့ရဲ့ပုံစံခွက်ကို ပန်းကန်သိမ်းတဲ့ကောင်တာဆီ ပြန်ယူသွားပြီး ဘေးကိုကြည့်လိုက်တယ်။
ဟာယွန်းက ပြောင်ရှင်းနေတဲ့ ပုံစံခွက်ကို ကိုင်ထားပြီး အဲ့ဒီမှာ ရပ်နေခဲ့တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့ အရပ်အမောင်းကို မျက်စိနဲ့ စနည်းနာကြည့်လိုက်တယ်။ ဟာယွန်းရဲ့ ငယ်ထိပ်က သူ့နှာခေါင်းလောက် ရောက်လုမတတ် ရှိနေခဲ့တယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် အရပ်ရှည်တယ်ဆိုပေမဲ့ လုံးဝ ကြည့်ရမဆိုးပါဘူး။
ထယ်ဝမ် မျက်လုံးကို အောက်စိုက်ကြည့်လိုက်တော့ ဟာယွန်းက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူ့မျက်လုံးတွေက အညိုရောင်ဖျော့ဖျော့လေးတွေပါ။ အဲ့ဒီမျက်လုံးတွေက ထယ်ဝမ့်ကို စကားပြောနေခဲ့တယ်။
ပြီးပြီဆိုရင် ဖယ်ပေးလို့ရမလား။
ထယ်ဝမ်လည်း ကိုယ်တိုင်တောင် မသိလိုက်ဘဲ နောက်ဆုတ်လိုက်မိတယ်။ သူက ဟာယွန်း သူ့ပုံစံခွက်သူ ကောင်တာမှာတင်ပြီး လှည့်ထွက်သွားတာကို ကြည့်နေမိခဲ့တယ်။
****
အထက်တန်း ပထမနှစ်မှာ ဟာယွန်းက ဒီအတိုင်း ထယ်ဝမ် အဝေးကနေ ကြည့်ရတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။
မတော်တဆ ပြတင်းပေါက်ကနေ ဟာယွန်းကို ကြည့်မိပြီး အားကစားအချိန်မှာ အင်္ကျီလက်ကို ခေါက်တင်ထားရင်း ဘော်လီဘောကစားနေတဲ့ ဟာယွန်းကို တွေ့ရမယ်။ တစ်ခါတလေ လျှောက်လမ်းမှာ ဟာယွန်းဘေးကနေ ဖြတ်လျှောက်သွားမိမယ်။
သူ့မျက်လုံးတွေက အမြဲတမ်း ဟာယွန်းကို အာရုံစိုက်မိနေပေမဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ ပြောချင်ရင် ပြောလို့ရပေမဲ့ အဲ့ဒီလောက်အထိ သွားစရာမလိုဘူးလို့ တွေးခဲ့တယ်။ ဒီအတိုင်း အဝေးကနေ ကြည့်ရုံနဲ့တင် လုံလောက်ပြီလို့ ခံစားမိခဲ့တယ်။
စည်းကျော်လိုက်မိရင် ပိုပြီးလိုချင်လာမှာကို ကြောက်မိတာကြောင့်ပါ။
သူက လူတစ်ယောက်ကို လိုချင်တပ်မက်လို့ရတဲ့ အခြေအနေမျိုးမှာ မရှိပါဘူး။
ဒါပေမဲ့ ဒုတိယနှစ်မှာ ဟာယွန်းက သူ့အတန်းဖော် ဖြစ်လာခဲ့တယ်။ သူက အရပ်အရမ်းရှည်တဲ့အတွက်ကြောင့်ပါ။ အတန်းဖော်တွေ ဖြစ်လာပြီးတဲ့နောက်မှာ ဟာယွန်းအကြောင်း အများကြီး သိလာခဲ့ရတယ်။
ဟာယွန်းရဲ့ ကိုယ်နံ့လေးက မွှေးတယ်။ သူက အမြဲလိုလို ကျောင်းကို စောစောလာတတ်ပြီး သူ့ရဲ့ ဘောပင်အိတ်ထဲမှာ ဘောပင်တွေက အမြဲတမ်း သေသေသပ်သပ် စီရရီ ရှိနေတတ်ပါတယ်။
ပြီးတော့ အမြဲတမ်း ငှက်ပျောသီးနို့ဘူး သောက်တတ်တာကြောင့် ငှက်ပျောသီးနို့ကို ကြိုက်တဲ့ပုံပါပဲ။ ငှက်ပျောသီးနို့တစ်ဘူး သောက်ပြီးသွားတဲ့အခါ သူ့ဆီကနေ ချိုချိုမွှေးမွှေးအနံ့လေး အမြဲတမ်း ရတတ်လေ့ရှိတယ်။
အဲ့ဒါကို ထယ်ဝမ် သဘောကျပါတယ်။ မှတ်မိဖို့ မကြိုးစားရင်တောင်မှ နာဟာယွန်းနဲ့ပတ်သက်သမျှ ဘယ်အရာမဆို သူ့ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲရိုက်နှိပ်ထားပြီးသား ဖြစ်နေတယ်လေ။ အိပ်ရာပေါ်မှာ အိပ်ဖို့လှဲလိုက်တိုင်း မျက်နှာကြက်မှာ ဟာယွန်းရဲ့မျက်နှာလေးကို အမြဲတမ်း တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ စကားမပြောဖူးကြပေမဲ့ ဟာယွန်းဘေးမှာ ထိုင်ရုံနဲ့တင် သူ့အကြောင်း တွေးမိရပါတယ်။
ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထယ်ဝမ်က အချက်အလက်တွေ လေ့လာဖို့ မဂ္ဂဇင်းတစ်အုပ် ဖွင့်မိရာက ဟာယွန်းကို တွေ့သွားခဲ့တယ်။ အစကတော့ ဒီအတိုင်း ဟာယွန်းနဲ့တူတဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်မှာပါလေဆိုပြီး တွေးမိခဲ့တယ်။ မော်ဒယ်လ်တွေ တစ်အုပ်ကြီးရဲ့အလယ်မှာ ရပ်နေတာကြောင့် သူ့မျက်နှာက သေးသေးလေးပါ။
ဒါပေမဲ့ ဒါက နာဟာယွန်းပဲ။
အချိန်တစ်ခုအရောက်မှာ သူ သိသွားတော့တယ်။ သေချာအောင်လုပ်ဖို့ တော်တော့်ကို အနီးကပ် အာရုံစိုက်ပြီးကြည့်ခဲ့ရပေမဲ့ သံသယဖြစ်စရာမရှိပါဘူး။ အဲ့ဒါက ဟာယွန်းပါ။
ထယ်ဝမ်က ဓာတ်ပုံကို အကြာကြီး ကြည့်နေခဲ့မိတယ်။ သူမြင်နိုင်တာဆိုလို့ ဟာယွန်းနဲ့တူတဲ့ မော်ဒယ်လ်တစ်ယောက်တည်းသာ ရှိခဲ့ပါတယ်။
အမျိုးသမီး မော်ဒယ်လ်တစ်ယောက်က ဒီအတိုင်း လှရုံတင်မကဘူး တော်တော်မိုက်တာပဲလို့ တွေးမိတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။
အဲ့ဒီနောက် ထယ်ဝမ်တစ်ယောက် မဂ္ဂဇင်းတွေမှာ ဟာယွန်းရဲ့ပုံတွေကို ပိုပိုပြီး ရှာကြည့်ခဲ့တယ်။ ဟာယွန်းပါတဲ့ မဂ္ဂဇင်းတွေကို ဝယ်နေမိမှန်း သူ့ကိုယ်သူ သိလိုက်ရတယ်။ ပိုက်ဆံဖြုန်းရာကျတယ်ဆိုတဲ့ အတွေးကြောင့် သူပါတဲ့မဂ္ဂဇင်းတောင် သူဝယ်တာမဟုတ်ပါဘူး။
ဟာယွန်းအပေါ် သူ့ရဲ့ စိတ်ဝင်စားမှုက တဖြည်းဖြည်း ကြီးမားလာခဲ့တယ်။ ဒါပေမဲ့ သူက အဲ့ဒါကို ထုတ်မပြခဲ့ပါဘူး။ အဲ့ဒီလိုလုပ်ဖို့ အခြေအနေမပေးခဲ့ဘူးလေ။ ကျောင်းတစ်ဖက်၊ အဘွားဖြစ်သူရဲ့ ဆေးရုံစရိတ်တွေ ကာမိဖို့အတွက် မော်ဒယ်လ်လုပ်ရတာတစ်ဖက်နဲ့တင် ဝန်ပိနေပါပြီ။
အဘွားရဲ့ ဆေးရုံစရိတ်တွေပေးပြီး အကြွေးဆပ်ဖို့အတွက် သူ အလုပ်ကြိုးစားမှဖြစ်မှာပါ။ အစိုးရဆီကနေ ရတဲ့ပိုက်ဆံက သူတို့ရဲ့ နေထိုင်စားသောက်စားရိတ်ကိုတောင် မကာမိပါဘူး။
ဒီတော့ အာရုံတွေများနေလို့မဖြစ်ဘူး။ အာရုံစိုက်ထား။
ထယ်ဝမ် အံတင်းတင်းကြိတ်လိုက်တယ်။
ဒီအတိုင်းလေးပဲ ဆက်သွား။ အဝေးကနေ ကြည့်နေရုံနဲ့တင် လုံလောက်ပြီ။
သူ့ဘာသာ သန္နိဋ္ဌာန်ချခဲ့တာကတော့ အဲ့ဒီအတိုင်းပါပဲ။ ဒါပေမဲ့ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ အဲ့ဒါနဲ့တင် မလုံလောက်တော့ပါဘူး။
ဟာယွန်းတစ်ယောက်တည်း ကစားကွင်းမှာ ထိုင်နေတာကို တွေ့ခဲ့ရတယ်။ သူ့ကို အဲ့ဒီလိုတွေ့ရတာက တော်တော်လေး အထီးကျန်ဆန်လှပါတယ်။ သူ့ကိုယ်သူ ဟာယွန်းကို တစ်နပ်စာ ဝယ်ကျွေးခိုင်းမိတာကို ပြန်ကြားမိတော့ လန့်သွားခဲ့ရတယ်။
အဖတ်မလုပ်ဘဲ ဒီအတိုင်း ထွက်သွားလိမ့်မယ်လို့ ထင်ခဲ့မိပေမဲ့ ဟာယွန်းက နာနာခံခံပဲ သူ့နောက်လိုက်လာခဲ့တယ်။ ကောင်မလေးတစ်ယောက်ကို အစားစားဖို့ ဘယ်ခေါ်လို့ခေါ်သွားရမှန်းမသိတာကြောင့် သရေစာရောင်းတဲ့ဆိုင်ကိုသာ သွားဖြစ်ခဲ့တယ်။
နောက်ဆုံး စားဖြစ်ခဲ့တာ ဘယ်လောက်မှမကြာသေးဘူးလို့ပြောရင်း ဟာယွန်းက ခက်ရင်းကို ချခဲ့တယ်။ နောက်တစ်ခါ တခြားတစ်ခုခု ဝယ်ကျွေးရမယ်လို့တွေးရင်း ထယ်ဝမ်က ခေါင်းငုံ့ပြီး တော့ပိုကီ စားလိုက်တယ်။
အဲ့ဒီနောက် ဟာယွန်းက သူ့ကျောင်းဝတ်စုံရဲ့ နွမ်းနေတဲ့အနားစကို မြင်သွားခဲ့တယ်။ တခြားသူမြင်ရင်တော့ ဂရုမစိုက်ပေမဲ့ ရုတ်တရက် ရှက်သလိုလို ခံစားလိုက်ရတယ်။ ဟာယွန်းရဲ့မျက်နှာက တွေ့သွားပြီးပြီလို့ ပြောနေခဲ့တယ်။
“လူကြီးဖြစ်လာရင် ကောင်းကောင်းနေမှာ။”
အဲ့ဒီစကား ပြောပြီးပြီးချင်းပဲ ပြောလိုက်မိတာကို နောင်တရမိခဲ့တယ်။ ဘာမှမပြောဘဲ နေလိုက်ရမှာပါ။
“အင်း။ နင် ကောင်းကောင်းနေနိုင်လိမ့်မယ်လို့ထင်တယ်။”
သူ့ဘာသာ လွှတ်ခနဲ ပြောလိုက်မိတဲ့စကားကို နောင်တရနေချိန်မှာ ဟာယွန်းက သူ လုံးဝထင်မှတ်မထားတဲ့ စကားကို ပြောလာခဲ့တယ်။ ထယ်ဝမ်က ခဏလောက် ကြောင်သွားရာကနေ ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့တယ်။
ဟာယွန်းရဲ့ တည်ငြိမ်တဲ့မျက်လုံးတွေက အင်မတန်ကို သေချာနေတဲ့ပုံပါ။ သူက ထယ်ဝမ့်ကို အားပေးနေတာမဟုတ်ပါဘူး။ အဲ့ဒီလိုဖြစ်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ထားတာပါ။
တစ်ယောက်ယောက်က သူ့ကို ဒီလိုစကားမျိုးပြောတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ရုတ်တရက် ငိုချင်လာသလို ခံစားလိုက်ရတယ်။ သူ့နှလုံးသား ပတ်ပတ်လည်မှာ ကာရံထားတဲ့ တံတိုင်းကြီး ရုတ်တရက် ပြိုကျသွားခဲ့တယ်။
အဲ့ဒီအခိုက်အတန့်ကနေစပြီး ဟာယွန်းကို ဒီအတိုင်း သူငယ်ချင်းတစ်ယောက်အဖြစ် သဘောထားနိုင်တော့မှာမဟုတ်မှန်း သိလိုက်ရပါတော့တယ်။
****
ဒီနေ့ ထယ်ဝမ်က ပုံမှန်ထက် အများကြီးပိုစောပြီး ကျောင်းကိုလာခဲ့တယ်။ ချယ်ရီကိုင်းတွေက မှောင်မည်းမည်း အရုဏ်ဦးကောင်းကင်ဆီ ထိုးထွက်လျက်ရှိနေကြတယ်။
လေတိုက်သွားတဲ့အခါ ပွင့်ဖတ်လေးတွေ လှုပ်ရှားသွားပြီး မြေကြီးပေါ် ဝဲလွင့်ကျဆင်းသွားခဲ့တယ်။ ထယ်ဝမ်က လက်ကိုဆန့်တန်းပြီး ဖမ်းဖို့ကြိုးစားလိုက်ပေမဲ့ ပွင့်ဖတ်တွေအားလုံး သူ့ကို ရှောင်ကွင်းသွားခဲ့ကြတယ်။ သူက လက်နှစ်ဖက်စလုံးကိုစုပြီး ဆန့်တန်းလိုက်တယ်။
တောက်…တောက်…
ရုတ်တရက် ပွင့်ချပ်လေးတွေ သူ့လက်ထဲမှာ တဖြည်းဖြည်း စုပုံလာခဲ့တယ်။ သူက ပွင့်ဖတ်တွေ အများဆုံးကြွေတဲ့နေရာဆီ လက်လှမ်းလိုက်တယ်။
“တွဲရအောင်။”
မနေ့မနက်တုန်းက သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံထားခဲ့တဲ့ စကားတွေကို ထုတ်ပြောခဲ့မိတယ်။ သူ့နှုတ်ဖျားကနေ စကားတွေ ပွင့်ထွက်လာတာကို သူ့ကိုယ်သူ အံ့ဩတုန်လှုပ်သွားခဲ့တာပါ။
မျက်လုံးဖွင့်လိုက်ချိန်မှာ လက်ဖြူဖြူသေးသေးလေးတစ်ဖက်က သူ့မျက်လုံးတွေကို ကာပေးထားလျက် ရှိနေခဲ့တယ်။ ထယ်ဝမ်က ဘာဖြစ်နေတာလဲဆိုတာကို ချက်ချင်းသိလိုက်တော့တယ်။
ဟာယွန်းရဲ့လက်က သူ့မျက်လုံးကို နေမထိုးရအောင် ကာပေးထားခဲ့တာပါ။ နေရောင်ကြောင့် သူအိပ်နေတာ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့လေ။ ရုတ်တရက် ဟာယွန်းက မသိမသာလေး သူ့လက်သူ ခွာလိုက်တယ်။ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတဲ့အခါ ထယ်ဝမ်က အလန့်တကြား ဟာယွန်းရဲ့ လက်ဖဝါးလေးကို နမ်းလိုက်တယ်။
သူ ဟာယွန်းရဲ့ မျက်လုံးတွေကို ကာပေးထားခဲ့သလိုမျိုး သူ့မျက်လုံးတွေကို ပြန်ကာပေးခဲ့တဲ့ လက်ကလေး။ သူ့ကိုကြည့်နေတဲ့ ဟာယွန်းရဲ့မျက်လုံးတွေက သိပ်လှတာကြောင့် ဟာယွန်းရဲ့လက်ကို မနမ်းမိဘဲ မနေနိုင်ခဲ့ပါဘူး။ အချိန်အတန်ကြာပြီးတဲ့နောက်မှာ သူ ဖွင့်ပြောလိုက်မိတယ်။
အဲ့ဒီတစ်နေ့လုံး သူ့ကို စကားမပြောတာကြောင့် ဟာယွန်းလည်း တော်တော်အံ့အားသင့်သွားတဲ့ပုံပါပဲ။ မနေ့ညက ထယ်ဝမ် အိပ်မရခဲ့ပါဘူး။ ဟာယွန်း သူ့ကို ငြင်းနိုင်လောက်မှန်း သိပါတယ်။
သတိနဲ့နေတတ်တဲ့ စရိုက်မျိုးရှိတာကြောင့် ဟာယွန်းက သူ့ကို ငြင်းချင်ငြင်းလောက်မှာပါ။ ဟာယွန်းအကြောင်း သိနေတာကြောင့် ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ သူနဲ့ သူငယ်ချင်းတောင် ဆက်လုပ်လိမ့်မယ်မထင်ပါဘူး။ အငြင်းခံရမယ်ဆိုရင်တောင်မှ သူက ကိုယ်တတ်နိုင်သမျှ အားလုံးလုပ်ချင်မိပါတယ်။
ပြီးတော့ သူ့ကို သဘောကျတဲ့အကြောင်း ပြောချင်ခဲ့မိတယ်။
ပြီးတော့ နွေဦးတစ်လျှောက်လုံး ဟာယွန်းကို ရှောင်ကွင်းသွားကြတဲ့ ချယ်ရီပွင့်ဖတ်လေးတွေကို ဖမ်းပေးချင်မိပါတယ်။
အတွေးထဲနစ်မျောရင်း ထယ်ဝမ်က သူ့လက်ထဲမှာရှိတဲ့ ချယ်ရီပွင့်ဖတ်လေးတွေကို ငေးကြည့်နေခဲ့တယ်။ ပွင့်ဖတ်လေးတွေ လွင့်မထွက်သွားရအောင် လက်နှစ်ဖက်ကို ဘောလုံးလိုဆုပ်ထားလိုက်တယ်။
သူက ပွင့်ဖတ်လေးတွေကို အချိန်အကြာကြီး လိုက်ဖမ်းနေခဲ့တာပါ။ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်က တဖြည်းဖြည်း စပြီးလင်းလာခဲ့တယ်။ နောက်ဆုံးတော့ သူ့လက်ထဲမှာ ချယ်ရီပွင့်ဖတ်လေးတွေ အပြည့်ဖြစ်သွားပါတော့တယ်။
သူ့လက်မောင်းတွေ စတင်ပြီး နာကျင်လာချိန်မှာ သူ့ကို တစ်ယောက်ယောက်က ခပ်လှမ်းလှမ်းကနေ ကြည့်နေတာကို ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ ဟာယွန်းက သူ့ကို ပြန်ကြည့်နေတာ တွေ့လိုက်ရတယ်။
ရုတ်တရက် သူ့လက်မောင်းတွေက ထပ်မနာတော့ပါဘူး။ ဟာယွန်း လျှောက်လာပြီး သူ့အရှေ့မှာ ရပ်လိုက်တဲ့အခါ သူ့ပါးစပ်က အလိုလိုပဲ စတင်လှုပ်ရှားသွားခဲ့တယ်။
“တွေးကြည့်လိုက်တော့ မနေ့က နင့်အတွက် ဘာပန်းမှ မပြင်ဆင်ခဲ့မိဘူး။”
“…”
“ရော့၊ နင်က ဒါတွေကြိုက်တယ်မဟုတ်လား။”
“…”
“ပြီးတော့ အထင်လွဲမသွားခင် ပြောရဦးမယ်။ ငါ ဒါတွေကို မြေကြီးပေါ်ကနေ လိုက်ကောက်ထားတာမဟုတ်ဘူး။ ကြွေကျလာတုန်းမှာ တစ်ခုချင်းစီ လိုက်ဖမ်းထားတာ။”
ပွင့်ချပ်လေးတစ်လွှာ သူ့လက်ထဲကျလာတိုင်း သူ့နှလုံးက ခုန်သွားခဲ့ရတယ်။
ပျော်တယ်၊ ဝမ်းနည်းတယ်။ ကြည်နူးတယ်၊ နာကျင်တယ်။
အခုလက်ရှိမှာ သူ့ရဲ့နှလုံးက အနည်းငယ် နာကျင်နေသလိုပါပဲ။
“ပြီးတော့ မနေ့က စိတ်လှုပ်ရှားနေလို့ ဒါကို ပြောဖို့မေ့သွားတယ်။”
“…”
“နင့်ကို သဘောကျတယ်။”
သူ အဲ့ဒီစကားတွေ ပြောလိုက်ချိန်မှာ သူ့တို့ဘေးပတ်လည်ကို လေညင်းတစ်ဝှေ့ တိုက်ခတ်သွားခဲ့တယ်။ သူ့လက်ထဲမှာ ဖမ်းထားတဲ့ ပွင့်ချပ်လေးတွေက သူတို့ဘေးပတ်လည်ကို စတင်ဝဲလွင့်ပျံသန်းသွားကြတော့တယ်။ သူတို့က လိပ်ပြာလေးတွေလိုမျိုး လေထဲမှာ တဖျပ်ဖျပ်ဝဲပြီး ဟာယွန်းဆီကို ပျံသန်းသွားခဲ့ကြတယ်။ ပန်းရောင်အတိလွှမ်းနေတဲ့ ဟာယွန်းက ထယ်ဝမ့်ကို ကြည့်နေခဲ့တယ်။
နေရောင်က မျက်စိကျိန်းစရာဖြစ်ရင်တောင်မှ ထယ်ဝမ်က ပြတင်းပေါက်ဘက်ကို ခေါင်းမာစွာ မျက်နှာမူပြီး ခုံစောင်းပေါ် မှောက်အိပ်တတ်ပါတယ်။
အိပ်ပျော်သွားတဲ့အထိ နင့်ကို ခိုးခိုးကြည့်ရတာ သဘောကျလို့။ မျက်လုံးမမှိတ်ခင် နင့်ကို မြင်လိုက်ရရင် ငါ့ရဲ့မျက်ခွံတွေပေါ်မှာ နင့်ကို ခတ်နှိပ်ထားလိုက်ရသလို ခံစားရလို့။ အဲ့ဒါကို သဘောကျလို့ စူးစူးရှရှ နေရောင်ခြည်ကိုလည်း မျက်နှာမူပြီး အိပ်ပျော်နိုင်ခဲ့တာ။
“နင့်ကို သဘောကျတယ်၊ နာဟာယွန်း။”
…အဲ့ဒီလောက်အထိကို သဘောကျတာ။
“နင့်ကို သဘောကျတယ်။”
…အရမ်းသဘောကျတာမှ ဒီစကားလေးတွေကိုပဲ ပြောနိုင်တဲ့အထိ။
ပန်းရောင်လွှမ်းနေတဲ့ ဟာယွန်းက သူ့ကို မမှိတ်မသုန် ကြည့်နေခဲ့တယ်။ တဒင်္ဂလေး ကုန်လွန်သွားပေမဲ့ သူ့အတွက်တော့ နာရီနဲ့ချီ ကြာသလိုပါပဲ။
ခဏကြာတော့ ဟာယွန်းရဲ့မျက်နှာမှာ ချယ်ရီပွင့်လေးနဲ့တူတဲ့ အပြုံးလေးတစ်ပွင့် တိတ်တဆိတ် ဖူးပွင့်လာခဲ့တယ်။
“…အင်း။”
ဟာယွန်းရဲ့အသံက အင်မတန် နူးညံ့ညင်သာလှတာကြောင့် ကြားတယ်ဆိုရုံလေး ကြားလိုက်ရတယ်။ ဟာယွန်းက မသိမသာလေး ခေါင်းညိတ်ပြခဲ့တယ်။ အဲ့ဒါကိုမြင်တော့ ထယ်ဝမ်က သူ့နှုတ်ခမ်းသူ ဖိကိုက်လိုက်တယ်။
သူက ဟာယွန်းဆီ လျှောက်သွားပြီး ဟာယွန်းရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ ဟာယွန်းက သူ့ကို မရှောင်ခဲ့ပါဘူး။ အဲ့ဒီအစား သူကလည်း ထယ်ဝမ့်လက်ကို ဖွဖွလေး ပြန်ကိုင်ခဲ့တယ်။ ထယ်ဝမ်တစ်ယောက် တဒင်္ဂတော့ ဘာကိုမှ သေချာမမြင်နိုင်အောင် ဖြစ်သွားခဲ့တယ်။ သူ့ရဲ့အာရုံက သူ့လက်ကို ကိုင်ထားတဲ့ ဟာယွန်းရဲ့လက်မှာသာ အားလုံးစုပုံကျရောက်နေတာပါ။
လောကကြီးကို အနိုင်ရလိုက်သလိုပါပဲ။
“နောက်တစ်ခါကျရင် နင် ချယ်ရီပွင့်ချပ်လေးတွေ ရနိုင်အောင် ဆက်ဆက်လုပ်ပေးမယ်။”
ဟာယွန်းက ‘အင်း’ ဆိုပြီး ပြန်ဖြေခဲ့တယ်။
ဟာယွန်းနဲ့အတူ ကျောင်းထဲလျှောက်ဝင်သွားရင်း ထယ်ဝမ် စတွေးလိုက်မိတယ်။
အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ချိန်မှာ ဟာယွန်းကို လက်ထပ်ခွင့်တောင်းတဲ့အခါ ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အကောင်းဆုံးလက်စွပ်ကို ချယ်ရီပွင့်ချပ်လေးတွေကြားထဲမှာ ထည့်ပြီးပေးမယ်ဆိုပြီးတော့ပေါ့။
[The End]
****
Translated by D